Home သတင်းဆောင်းပါး ငလျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန် အပိုင်း(၁)

ငလျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန် အပိုင်း(၁)

194
1
Advertise Here

Photo: Kyaw Zayya

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။ သန်းထိုက် နှင့် မောင်သင်တုန်း ပံ့ပိုးသည်။

Advertise Here

ရန်ကုန် ဒီဇင်ဘာ ၂၀၁၅

ပြီးခဲ့တဲ့မိုးတွင်းတုန်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေက ဦးကျော်အောင်လွင်တို့ ဒေသခံတွေရဲ့ ရင်ဘတ်ထဲကို ကြောက် စိတ်တွေ ရိုက်ထည့်ပစ်ခဲ့တယ်။

”မိုးတွေရွာလာပြီဆိုတိုင်း ကျွန်တော်တို့မြို့သားတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ အထုပ်အပိုးတွေပြင်၊ တောင်ကုန်း တွေပေါ် ရွှေ့ကြပြောင်းကြနဲ့၊ မိုးတွင်းတစ်လျှောက်လုံး စိုးရိမ် ကြောင့်ကြပူပန်စွာနဲ့ ရှင်သန်ရပ်တည်ခဲ့ကြရတာ”လို့ မကွေး တိုင်းဒေသကြီး၊ စေတုတ္တရာမြို့ခံ အသက် ၄၈ နှစ်အရွယ် ဦးအောင် ကျော်လွင်က ပြောပြတယ်။

စေတုတ္တရာမြို့ဟာ မုန်းချောင်းအနီးမှာတည်ရှိပြီး မုန်း ချောင်းတမံနဲ့ ကြီးအုံကြီးဝတမံကြားမှာ အညှပ်ခံထားရတာ ဖြစ် ပါတယ်။ သာမန်အချိန်မှာ ပေ ၂ဝဝ လောက်ပဲကျယ်တဲ့ချောင်းဟာ ပြီးခဲ့တဲ့မိုးတွင်းမှာ မြစ်ကြီးတစ်စင်းလိုဖြစ်သွားပြီး ရေကြီးရေလျှံ လာလိုက်တာ စေတုတ္တရာမြို့တစ်ဝက်လောက်ဟာ ရေအောက် ရောက်သွားခဲ့ပါတယ်။

နောက်နှစ်တွေမှာလည်း သူတို့ဒေသဟာ ရေဘေးတွေ ဆက်တိုက်ကြုံရမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ”အခု ကျွန်တော်တို့ ခေါင်းပေါ်က (မုန်းချောင်း)တမံကြီးပြိုကျခဲ့ရင် ကျွန်တော်တို့တွေအားလုံး အသက်ရှင်စရာလမ်းကြောင်းမရှိ တော့ဘူး”လို့ ဦးအောင်ကျော်လွင်က ဆိုပါတယ်။ ”အောက်က (ကြီးအုံကြီးဝ)တမံကြီးကလည်း ဒီအတိုင်းပိတ်ထားရင် ကျွန် တော်တို့တွေ ဘယ်မှလည်းထွက်ပေါက်မရှိဘူးပေါ့။ တော်တော် လေးကို စိုးရိမ်ထိတ်လန့်နေရတယ်”

စေတုတ္တရာမြို့နယ်၊ မြေနီကုန်းရွာဟောင်းက အသက် ၅ဝ အရွယ် လယ်သမား ဦးမြင့်လှိုင်ကလည်း မုန်းချောင်းတမံသာ ကျိုးခဲ့မယ်ဆိုရင် ဘာဖြစ်မလဲဆိုတော့ သူရဲ့စိုးရိမ်စိတ်ကို အခုလို ပြောပြပါတယ်။

”ဒီအတိုင်းတောင်ရေကြီးနေတာ။ မုန်းချောင်းတမံသာ ကျိုးလို့ကတော့ သေပြီပေါ့၊ ရွာတိုင်းပဲ။  ပွင့်ဖြူတို့၊ ငဖဲတို့ အဲဒီမြို့ တွေအထိရောက်သွားမှာ”

ပြီးခဲ့တဲ့ မိုးတွင်းကာလမှာ မိုးအကြီးအကျယ်ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုတွေကို မျက်မြင်ကြုံတွေ့ ခဲ့ရသူတွေဟာ နောက်နှစ်တွေမှာလည်း ယခုနှစ်လိုပဲ မိုးကြီးခဲ့မယ်ဆိုရင် မိုးရေ တွေကို လွယ်ပိုးထားရတဲ့ ဆည်တမံတွေဟာ တောင့်ခံနိုင်ပါတော့ မလားလို့ စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း အမြောက်အမြားတည်ဆောက်ထား တဲ့ ရေလှောင်တမံတွေ၊ ရေလွှဲဆည်တွေရဲ့ ကြံ့ခိုင်မှုကို ယခုအခါ မှာ ပြန်လည်သုံးသပ်သင့်ပြီလို့ ပညာရှင်တွေကလည်း သတိပေး ပြောဆိုလာကြပါတယ်။ အကြောင်းကတော့ ယခုနောက်ပိုင်း ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပွားနှုန်းများပြားလာတဲ့အတွက်ကြောင့်ရယ်၊ နောက်ပြီး ငလျင်အန္တရာယ်ကလည်း အချိန်မရွေး ကျရောက်နိုင်တဲ့ အခြေအနေတွေကြောင့်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams – MNCOLD) အဖွဲ့ဝင် ဦးခင်မောင်ချစ်က ”ပညာရှင်တွက်လို့ လိုက်လုပ်ရင် လုပ်၊ မလုပ်ရင် မင်းတို့(အစိုးရ)တာဝန်ပဲလို့ ပြော ပြီးပြီ”လို့ နိုဝင်ဘာပထမပတ်အတွင်းက မော်ကွန်းကို ပြောပြ     ပါတယ်။

MNCOLD ဟာ မြန်မာနိုင်ငံက ဆည်တွေရဲ့ လုံခြုံစိတ်ချ ရမှုနဲ့ ခိုင်ခံ့တည်ငြိမ်မှုတွေကို စစ်ဆေးခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ ၂ဝ၁၅၊ ဇူလိုင်ထဲမှာ ပြည်ထောင်စုလွှတ်တော်က မြန်မာ နိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥပဒေကို ပြဋ္ဌာန်း ပေးခဲ့ပါတယ်။

ဦးခင်မောင်ချစ်ဟာဆည်မြောင်းဦးစီးဌာနမှာညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။  လက်ရှိမှာ တော့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသလို မြန်မာနိုင်ငံမြေငလျင်ကော်မတီမှာ လည်း ကော်မတီဝင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ တမံတွေအနက် အလုံးပေါင်း ၁၈ဝ လောက်ကို  တမံဒီဇိုင်းထုတ်ပေးခဲ့တဲ့သူလို့ ဆိုပါတယ်။

ဦးခင်မောင်ချစ်လိုပဲ မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့တဲ့ ငလျင်၊ ဘူမိဗေဒနဲ့ ဆည်တည်ဆောက်ရေးပညာရှင် အယောက် ၂ဝ ဝန်းကျင်တို့ကလည်း ရာသီဥတုဖောက်ပြန်မှုတွေအပေါ် စိုးရိမ်နေကြတာကို တွေ့ရပါတယ်။

မှန်းဆမရတဲ့ ရာသီဥတုအခြေအနေ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပိုင်းမှာအားနည်းတဲ့ မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့ရာသီဥတုဖောက်ပြန်မှုတွေကို ဆက် တိုက်ဆိုသလို ကြုံတွေ့နေရပါတယ်။

လတ်တလောဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့မိုးတွင်းမှာ ဆိုးဆိုး ရွားရွားကြုံခဲ့ရတဲ့ ရေကြီးရေလျှံမှုပါ။ ဇူလိုင်လကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက်ကြောင့် တနင်္သာရီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ဟာ ရေလွှမ်းမိုးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အဲဒီရေကြီးမှုမှာ လူ ၁၃ဝ နီးပါးသေဆုံးပြီး လူဦးရေ ၁၇ သိန်းနီးပါး ရေဘေးသင့်ခဲ့ရတဲ့အပြင် ကျပ် ၁၆၅ ဘီလီယံကျော် ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ အစိုးရတရားဝင်စာရင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ် တို့နဲ့ ကီလိုမီတာ ၂,၄ဝဝ ဝန်းကျင်ထိစပ်နေတဲ့ ကမ်းရိုးတန်းရှိတာ ကြောင့် မုန်တိုင်းဒဏ်ကို နှစ်စဉ်နီးပါး ကြုံတွေ့နေရပါတယ်။

၂ဝဝဝ ပြည့်နှစ်နှောင်းပိုင်းကစပြီး ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်တို့ဘက်က မုန်တိုင်းတွေ နှစ်စဉ်နီးပါးဝင်လာ နေတယ်လို့ အာရှသဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန (Asian Disaster Preparedness Center – ADPC) က လွန်ခဲ့တဲ့ငါးနှစ်က ထုတ်ပြန်ခဲ့တဲ့ ‘မြန်မာနိုင်ငံ၏ သဘာဝဘေး များအကြောင်း’အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မေလလယ်ကနေ အောက်တိုဘာလအထိကြာမြင့်တဲ့ မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြစ်ချောင်းနဲ့ နီးတဲ့ဒေသတွေဟာ ရေကြီးရေလျှံမှုတွေကို နှစ်စဉ် လိုလိုကြုံတွေ့နေရပါတယ်။

တစ်ချိန်တည်းမှာ နိုင်ငံနဲ့အဝန်းအမြောက်အမြားတည် ဆောက်ထားတဲ့ ရေလှောင်တမံနဲ့ ရေလွှဲဆည်တွေကလည်း ၄င်း တို့ပတ်ပတ်လည်မှာ နေထိုင်သူတွေကို ခြိမ်းခြောက်နေကြပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ရေလွှဲဆည်၊ ရေလှောင်တမံနဲ့ ရေ လှောင်ကန်အရေအတွက်ဟာ ၄၇ဝ ဝန်းကျင်ရှိနေပါတယ်။ ဒီ ကိန်းဂဏန်းဟာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကရတဲ့ စာရင်းတွေနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂ဝ၁၃၊ ဇူလိုင်မှာထုတ်ပြန်ထားတဲ့ Hydropower Generation Enterprise အစီရင်ခံစာမှာပါရှိတဲ့ ဆည်အရေအတွက်ကို စုပေါင်းထားတာဖြစ်ပါတယ်။

ဆည်တွေကိုတည်ဆောက်တဲ့ ရည်ရွယ်ချက်တွေကတော့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေပေးဖို့၊ မြို့ ရွာတွေကို ရေပေးဝေဖို့၊ ရေလွှမ်းမိုးမှုတွေကို ဟန့်တားပေးဖို့၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ တူးမြောင်းတွေကို ရေဖြည့်ပေး နိုင်ဖို့အတွက်ဆိုပြီး တည်ဆောက်ကြတာပါ။

မြန်မာနိုင်ငံမှာ ဆည်တွေကို များများစားစား အရှိန်အဟုန် နဲ့ တည်ဆောက်ခဲ့တာက ၁၉၈၈ နောက်ပိုင်း တပ်မတော် အစိုးရအုပ်ချုပ်တဲ့ကာလတွေမှာဖြစ်ပါတယ်။ အဲဒီခေတ်အခါက ဆိုရင် တစ်လကို ဆည်တစ်လုံးနှုန်း ဖွင့်လှစ်နိုင်အောင်အထိ ဆောက် ခိုင်းခဲ့တယ်လို့ ပညာရှင်အသိုင်းအဝိုင်းက ပြောပါတယ်။  ၁၉၈၈ နောက်ပိုင်းကနေ ယနေ့အထိ ဆည်တာတမံစီမံကိန်းပေါင်း ၂၄၁ ခုကို တည်ဆောက်ခဲ့တယ်လို့ ဆည်မြောင်းဦးစီးဌာန (အောက်မြန်မာ ပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဇော်က ပြောပါတယ်။

ဆည်တွေကို တည်ဆောက်တဲ့အခါမှာ အခြေခံအားဖြင့် ဆည်မဆောက်ခင် ဆည်ဆောက်မယ့်နေရာရဲ့ အနည်းဆုံးနှစ် ၂ဝ စာ မိုးလေဝသနဲ့ ဇလဗေဒအချက်အလက်တွေ၊ အောက်ခံ ကျောက်သားတွေရဲ့ ဘူမိဗေဒစမ်းသပ်မှုတွေနဲ့ တမံတည်ဆောက် တဲ့အခါမှာ အသုံးပြုမယ့် မြေသား၊ ကျောက်တွေရဲ့ ဂုဏ်သတ္တိ တွေကို စစ်ဆေးရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒအချက်အလက်တွေဟာ သိပ်ကို အရေးကြီးပြီး အဲဒီအချက်အလက်တွေရမှ ရေလှောင်တမံရဲ့ အမြင့်ဘယ်လောက်ထားမလဲဆိုတာနဲ့ ရေပိုလွှဲ ဘယ်လောက် အကျယ်နဲ့ တည်ဆောက်မလဲဆိုတာ တွက်ချက်နိုင်မှာဖြစ်တယ် လို့ ပညာရှင်တွေက ဆိုပါတယ်။

မိုးလေဝသနဲ့ဇလဗေဒအချက်အလက်တွက်ချက်မှုအား နည်းခဲ့ရင် ရေပိုလွှဲဒီဇိုင်းနဲ့ တမံအရွယ်အစားမှားယွင်းတတ်တယ် လို့ဆိုပါတယ်။ အဲဒီလိုဖြစ်ပြီဆိုရင်တော့ ရုတ်တရက် မိုးသည်းထန် စွာရွာတဲ့အခါမှာ ရေပိုလွှဲတွေကနေ ရေကိုလိုသလောက်ပြန် မထုတ်နိုင်တာ၊ တမံပေါင်ပေါ်ကနေ ရေကျော်ကျတာ၊ တမံကျိုး တာတွေဖြစ်တတ်တယ်လို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ တပ်မတော်အစိုးရအုပ်ချုပ်တဲ့ကာလမှာတော့ တချို့ဆည်တွေဟာ အမြန်အကောင်အထည်ဖော်ရတော့ အနှစ်၂ဝ စာ တိုင်းတာထားတဲ့  မိုးလေဝသနဲ့ ဇလဗေဒ အချက် အလက်တွေကို ရယူနိုင်ခြင်းမရှိဘဲ သီအိုရီအပေါ် အခြေခံတွက် ချက်ထားတဲ့ Generated Data

တွေ တွက်ထုတ်ပြီးမှ တည် ဆောက်ပေးခဲ့ရတာတွေ ရှိတယ်လို့ ဆည်မြောင်းဦးစီးဌာနရဲ့ အောက်မြန်မာပြည်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဇော်ကပြောပါတယ်။

”အရင်အစိုးရလက်ထက်က စီမံကိန်းအမြန်အကောင် အထည်ဖော်ချင်တယ်ဆိုတော့ စီမံကိန်းတချို့ကို သုံး၊ လေးနှစ် အတွင်း တိုင်းတာရရှိတဲ့ ဇလဗေဒအချက်အလက်တွေနဲ့အတူ Generated Data

တွေ အသုံးချပြီး ဆောင်ရွက်လိုက်ရတာတွေ ရှိတယ်”လို့ သူက ပြောပါတယ်။

ကံအားလျော်စွာပဲ ဒီနှစ်မိုးကြီးမှုမှာ ဘယ်ဆည်မှ မကျိုး ပေါက်ခဲ့ပါဘူး။အကယ်၍ ရေလှောင်တမံတွေတည်ဆောက်တဲ့ အချိန်တုန်းက အားနည်းမှုရှိခဲ့မယ်ဆိုရင် ကျိုးနိုင်လောက်တယ် လို့ ဦးခင်မောင်ချစ်ကဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်က မုန်းချောင်း တမံဆိုရင် ”တွက်ထားတာထက် နှစ်ဆလောက်ရေကြီးလာတာ တောင် ခံနိုင်ရည်ရှိတဲ့အတွက် ရင်သပ်ရှုမောဖြစ်ခဲ့ရတယ်”လို့ အဲဒီတမံကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ ဦးခင်မောင်ချစ်က ဆိုတယ်။

”အခုဖြစ်သွားတဲ့မိုးရေချိန်မျိုး၊ မိုးမျိုးကို မတွက်ဘူးလား လို့မေးရင် မတွက်ခဲ့ဖူးပါဘူး”လို့ တမံတွေရဲ့ ပုံစံတွေကို တွက် ထုတ်ခဲ့တဲ့ ဦးခင်မောင်ချစ်ကပြောပါတယ်။

ဒီလိုကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို သူတို့အနေနဲ့ မကြုံခဲ့ ဖူးတာကြောင့် ထည့်သွင်းမစဉ်းစားခဲ့ပါဘူးလို့ ပြောပါတယ်။

ယခုနှစ်မိုးတွင်းရေကြီးခဲ့တာဟာ ခါတိုင်းနှစ်တွေထက် မိုး များသလို ရခိုင်ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ် အော်မှာ ကိုမန် (Komen) မုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတုတွေဆိုးလာနေပြီး ရှေ့လျှောက် လည်း ဒါမျိုးတွေ ကြုံတွေ့နိုင်တာကြောင့် ဆည်တွေရဲ့ ရေလှောင် မှုတွေ၊ ရေလျှံကျမှုတွေကို ပြန်လည်စိစစ်သုံးသပ်ကြဖို့ MNCOLD က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို အကြံ ပြုလိုက်တာဖြစ်တယ်လို့  ဦးခင်မောင်ချစ်က ပြောပါတယ်။

Photo: Mg Thin Tone                                ကင်းတပ် ရေလွှဲတမံကို တွေ့ရစဉ်

မြေအောက်က အန္တရာယ်

ရာသီဥတုပြီးရင် ပညာရှင်တွေ စိုးရိမ်တာက ဘယ်အချိန် ထလှုပ်မယ်ဆိုတာကို အတိအကျခန့်မှန်းလို့မရတဲ့ မြေအောက်က အန္တရာယ်ပါ။

MNCOLD ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာရေလှောင် တမံကြီးပေါင်း တစ်ရာ့ကိုးဆယ်ဝန်းကျင်ရှိပြီး ဒီဆည်တွေအထဲ က  အများစုဟာ ငလျင်ပြတ်ရွေ့ကြောတွေအနီး၊ သို့မဟုတ် ငလျင်ဇုန်တွေထဲမှာ ရှိနေတာကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းရဲ့ သုတေသနပြုစုထားတဲ့ မြေပုံတွေမှာ တွေ့ရတယ်။ (MNCOLD က အမြင့်ပေ ၅ဝအထက် ရှိတဲ့ ရေလှောင်တမံတွေကို တမံကြီး အဖြစ် သတ်မှတ်ပါတယ်။)

အဲဒီဆည်တွေဟာ ပြတ်ရွေ့ကြောတွေအပေါ်မှာ တည့် တည့် ဆောက်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆည် တည်ဆောက်ထားတဲ့နေရာက ငလျင်ကြောနဲ့ နီးကပ်နေတာ၊ ငလျင်ဇုန်ထဲမှာရှိနေတာကြောင့် ပညာရှင်တွေက စိုးရိမ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခုထဲကတစ်ခု ဖြစ်တဲ့ အယ်လ်ပိုဒ်ငလျင်ကြော (Alpide Belt) ပေါ်မှာ အလျား လိုက်တည်ရှိနေတာဖြစ်ပါတယ်။ အယ်လ်ပိုဒ်ဟာ ဥရောပတိုက် မှာရှိတဲ့ မြေထဲပင်လယ်မှာ အစပြုပြီး တူရကီ၊ အီရန်၊ အာဖဂန် နစ္စတန်၊ ဟိမဝန္တာတောင်တန်း၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံကို မြောက်ပိုင်းမှတောင်ပိုင်းကို အလျားလိုက်ဖြတ်သွားပါတယ်။ ဒီ ငလျင်ကြောကြီးဟာ အင်ဒိုနီးရှားနိုင်ငံ ဂျားဗားနဲ့ ဆူမာတြား ကျွန်းဆွယ်အထိ ရှည်လျားပါတယ်။

ဒီလိုကမ္ဘာ့ငလျင်ကြောကြီးပေါ်မှာ တည်ရှိနေတဲ့ မြန်မာ နိုင်ငံဟာ  တစ်ဖက်မှာလည်း  ကမ္ဘာပေါ်မှာ လှုပ်ခဲ့သမျှ ငလျင်အား လုံးရဲ့ ၉ဝ ရာခိုင်နှုန်းဖြစ်ပွားရာ၊ လှုပ်ခဲ့သမျှ အင်အားပြင်းငလျင် အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာပတ်ပတ် လည်နိုင်ငံတွေထဲမှာလည်း  ပါဝင်နေပါသေးတယ်။

မြန်မာနိုင်ငံမှာ လူသိများတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောဟာအယ်လ်ပိုဒ်ငလျင်ကြောရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။စစ်ကိုင်းပြတ်ရွေ့ကြောကိုအပိုင်းအားဖြင့် ငလျင်ပညာရှင်တွေက ငါးပိုင်းခွဲထားပါတယ်။ မြောက်ဘက်ကနေ တောင်ဘက်ကို ပိုင်း ခြားမယ်ဆိုရင်  ပူတာအို-မြစ်ကြီးနားပိုင်း၊ တကောင်း-မ္တနလေး ပိုင်း၊ သာစည်-ပျဉ်းမနားပိုင်း၊ တောင်ငူ-ပဲခူးပိုင်းနဲ့  ပဲခူး-မုတ္တမပိုင်း ဆိုပြီး ပိုင်းခြားသတ်မှတ်ပါတယ်။

မြန်မာနိုင်ငံမြေပုံပေါ်မှာကြည့်လိုက်ရင် တောင်ဘက်ပိုင်း မှာရှိတဲ့ တနင်္သာရီကလွဲရင် မြန်မာနိုင်ငံဒေသအနှံ့ဟာ ငလျင်ဇုန် ချည်းပဲလို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ဆိုပါတယ်။

စစ်ကိုင်းပြတ်ရွေ့ရဲ့ အရှေ့ဘက်မှာ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ နန်းမပြတ်ရွေ့တို့လိုလှုပ်ရှားနေ တဲ့ ပြတ်ရွေ့တွေရှိပါတယ်။ အနောက်ဘက်ခြမ်းမှာတော့ အနောက် ပဲခူးရိုးမပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့နဲ့ ဂွေးချို ပြတ်ရွေ့တွေရှိပါတယ်။ အားလုံးက လှုပ်ရှားနေတဲ့ ပြတ်ရွေ့ရှင် တွေလို့ ငလျင်ပညာရှင်တွေက ပြောပါတယ်။

၂ဝ၁၁၊ မတ်မှာ လှုပ်ခဲ့တဲ့ တာလေငလျင်ဟာ နန်းမပြတ် ရွေ့ကနေလှုပ်ခဲ့တာဖြစ်ပြီး ၂ဝ၁၂ မှာ လှုပ်ခဲ့တဲ့ သပိတ်ကျင်း ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အစိတ်အပိုင်းငယ်တစ်ခုကနေ လှုပ်ခဲ့တာလို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

ငလျင်ရဲ့သဘောက နှစ်တစ်ရာမှာ တစ်ကြိမ်ပြန်လာလေ့ရှိ တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်တဲ့ တောင်ငူအထက်ပိုင်းနဲ့ မန္တလေးအောက်ပိုင်းအကြား စစ်ကိုင်း ပြတ်ရွေ့ကြောအစိတ်အပိုင်းဟာ  ငလျင်မလှုပ်တာ နှစ်ပေါင်းရာချီ ကြာမြင့်နေလို့ ပညာရှင်တွေက စိုးရိမ်နေကြတယ်။

နောက်ပြီး စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာဗဟိုပြုပြီးအင် အားပြင်းငလျင်မလှုပ်ဘဲ ငြိမ်နေတာဟာလည်း ၁၉၅၆ စစ်ကိုင်းငလျင်လှုပ်ပြီးကတည်းကဖြစ်ပါတယ်။ ဒီလိုငြိမ်နေတာကို ငလျင် ပညာရှင်တွေ သဘောမတွေ့ပါဘူး။ အင်အားကြီးတဲ့ ငလျင်တစ်ခု ပြန်လည်လှုပ်ခတ်တော့မယ်လို့ သူတို့က သုံးသပ်ပါတယ်။

”စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာ တည်ဆောက်ထားတဲ့ ဆည်တွေကတော့ ပိုပြီး သတိထားသင့်တယ်”လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဦးစိုးသူရထွန်းက သတိပေးပါတယ်။

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နဲ့ မ္တနလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ကြားက ကျောက်ကြမ်းပြတ်ရွေ့ကို ဗဟိုပြုလှုပ်ခဲ့တဲ့ ရပ်စောက်ငလျင်ဆိုရင်လည်း ၁၉၁၂ က နောက်ဆုံးအကြိမ်လှုပ် ခဲ့တဲ့အတွက်ကြောင့် ပြန်လှုပ်နိုင်ခြေရှိတယ်လို့ ဦးစိုးသူရထွန်းက ဆိုပါတယ်။

ဒီငလျင်လှုပ်ခဲ့တုန်းက အင်အား ရစ်ချက်တာစကေး ရှစ် အဆင့်လောက်နဲ့ လှုပ်ခဲ့တာလို့ သူကပြောပါတယ်။ အဲဒီပြတ်ရွေ့ ကြော ဧရိယာထဲမှာဆိုရင်ရေထုထည် ပမာဏဧကပေသိန်းနဲ့ချီပြီး သိုလှောင်ထားတဲ့ ဇော်ဂျီဆည်နဲ့ ရဲရွာဆည်တို့ရှိပါတယ်။ဒီဆည်တွေကို အခုအချိန်မှာ ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်တိုင်းတာ စစ်ဆေးမှုတွေလုပ်သင့်တယ်လို့ ဦးစိုးသူရထွန်းက အကြံပြုပါတယ်။

”ရဲရွာကတော့ ဒီဘက်ခေတ်ရောက်မှ ဆောက်တာဆို တော့ ငလျင်ခံနိုင်အားကို သေချာပေါက် တွက်ချက်ထားမှာပဲ။ ဒါပေမဲ့ ဇော်ဂျီကျတော့ သူတည်ဆောက်စဉ်က ငလျင်ခံနိုင်ရည် အားကို မတွက်လောက်သေးဘူး။ ဘာကြောင့်လဲဆိုရင် ဒီဆည် တည်ဆောက်တဲ့ကာလမှာတို့နိုင်ငံမှာ ငလျင်အကြောင်း သိပ် မသိကြသေးဘူး”လို့ သူက ပြောပါတယ်။

ဇော်ဂျီဆည်ကို ၁၉၉၄ မှာစတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ မှာပြီးစီးခဲ့တယ်လို့ MNCOLD  စာရင်းမှာဖော်ပြထားပါတယ်။

ဦးစိုးသူရထွန်း စိုးရိမ်တဲ့ဆည်တွေကတော့ တောင်ဘက် ပိုင်းက စပြောရရင် ပထမဆုံးက ပဲခူးတိုင်းဒေသကြီး၊ ကျောက် တံခါးမြို့နယ်က ရဲနွယ်ဆည်၊ နောက်သူ့အထက် ဖြူးမြို့နယ်ထဲမှာ ရှိတဲ့ ဖြူးချောင်းဆည်နဲ့ ကွန်ချောင်းဆည်၊ ပြီးတော့ အုတ်တွင်း မြို့နယ်ထဲက ခပေါင်းဆည်နဲ့ ရေတာရှည်မြို့နယ်ထဲက ဆွာ ချောင်းဆည်တို့ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဆည်တွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးက ရေလှောင်အားကြီးတဲ့ ဆည်တွေ ဖြစ်နေလို့ လို့ဆိုပါတယ်။

အဲဒါကြောင့် လွန်ခဲ့တဲ့ အနှစ်၂ဝလောက်က တည်ဆောက် ထားတဲ့ ရေလှောင်တမံတွေကို အခုအချိန်မှာ ဦးစားပေးစစ်ဆေး သင့်တယ်လို့ သူကအကြံပြုတာဖြစ်ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ နောက်ဆုံးလှုပ်ခဲ့တဲ့ ၁၉၅၆ စစ်ကိုင်းငလျင်လှုပ်ခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံဟာ အထပ်မြင့် အဆောက်အအုံတွေလည်း မရှိသေးသလို ရေထုထည်အများ အပြားကို သိုလှောင်တဲ့ ရေလှောင်တမံကြီးတွေလည်း ပေါပေါ များများ မရှိသေးပါဘူး။

ယနေ့အချိန်မှာတော့ အထပ်မြင့်တိုက်တွေပေါများလာပြီး လူဦးရေလည်း သိပ်သည်းလာသလို ရေပမာဏ အမြောက်အမြား ကို သိုလှောင်ထားတဲ့ တမံပေါင်းအများအပြားလည်းရှိနေပါပြီ။

ဒါကြောင့်လည်း တမံတွေကြံ့ခိုင်မှုရှိဖို့အရေးကို ပညာရှင် တွေက ထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။     အပိုင်း( ၂ )သို့

 

Advertise Here

1 COMMENT

  1. တစ်နှစ်ပြီးတစ်နှစ် ဆိုးဝါးလာမဲ့ပုံ
    ပလတ်စတစ်နဲ့အမှိုက်မျိုးစုံပရမ်းပတာပစ်
    သစ်ပင်ဝါးပင်အပြောင်ခုတ်
    သဲကျောက်စရစ်.ကျောက်တုံး မြေလှန်တူးဖော်
    ဖြစ်ပြီပေါ့ ဆရာတို့ရေ

LEAVE A REPLY

Please enter your comment!
Please enter your name here