မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၁)

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

‘ငှက်ကလေးများတို့ရယ်xxxမနက်ခင်းမိုးလင်းတိုင်းကွယ် xxx

သီချင်းလေးများ ညည်းလို့ ပြတင်းပေါက်ဖွင့်တော့

လောကကြီးတွေ့ရတယ်xxx’

          ဒီသီချင်းလေးက လွန်ခဲ့တဲ့နှစ် ၂ဝ ကျော်လောက်က နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ အိမ်မှာရော ပြတင်းပေါက်ဖွင့်လိုက်တဲ့အခါငှက်ကလေးတွေကို တွေ့ မြင်မိပါရဲ့လား။ ဘယ်လိုငှက်ကလေးတွေကိုတွေ့မြင်ရပါသလဲ။လူနေထူထပ်တဲ့ ရန်ကုန်လို မြို့ပြမှာရော ဘယ်လိုငှက်တွေ ကြီးစိုးရှင်သန်နေပါသလဲ။

          ရန်ကုန်လိုမြို့ပြမှာတော့ ကျီးကန်း၊ ခိုနဲ့ စာကလေးတွေကို တော့ အခြားသောငှက်တွေထက် ပိုမြင်တွေ့ရတယ်လို့ ငှက်လေ့ လာစောင့်ကြည့်သူတွေနဲ့ သတ္တဗေဒပညာရှင်တွေက ဆိုပါတယ်။ ဆက်ရက်၊ စင်ရော်၊ ပျံလွှား၊ ဗျိုင်း စတဲ့ငှက်တွေကိုလည်း ရန်ကုန် မြို့မှာ ရံဖန်ရံခါတွေ့ရပေမယ့် ကျီးကန်း၊ ခိုနဲ့ စာကလေးတွေက တော့ ရန်ကုန်မြို့လယ်ကောင်မှာတင် အလွယ်တကူ တွေ့မြင်နိုင်  ပါတယ်။

          ကျေးငှက်တွေက လူတွေကို တစ်ဖက်တစ်လမ်းက အထောက် အကူဖြစ်စေပေမယ့်လည်း ငှက်တွေနဲ့ နီးနီးကပ်ကပ် အတူအရော တဝင်နေထိုင်ခြင်းကတော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ် ဆိုရင် သတိထားရမယ့်အနေအထားဖြစ်တယ်လို့ ဆေးပညာ ရှင်တွေနဲ့ ငှက်လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

          သတ္တဗေဒအနေနဲ့ ကြည့်သည်ဖြစ်စေ၊ လူသားတစ်ယောက် အနေနဲ့ ကြည့်သည်ဖြစ်စေ ပတ်ဝန်းကျင်မှာ ကျေးငှက်တွေကို မြင်တွေ့တဲ့အခါ  စိတ်ချမ်းသာမှုကိုပေးသလို ကျေးငှက်တွေရဲ့ အသံတွေကလည်း စိတ်ကို ကြည်နူးစေတယ်လို့ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအေးသန့်ဇင်က ဆိုပါတယ်။

          ”သူတို့(ငှက်ကလေးတွေ) အော်တာကို သီချင်းဆိုတာလို့ ထင်တယ်။ သူတို့အသံလေးတွေက ချစ်စရာလေးတွေ”လို့ သူရဲ့ ခံစားချက်ကို ပြောပြပါတယ်။

          သူကတော့ ၂ဝဝဝ ခုနှစ်ကနေ ၂ဝဝ၅အတွင်း ရန်ကုန် ဧရိယာကို ရှစ်ပိုင်းခွဲသတ်မှတ်ကာ ငှက်တွေကို သုတေသန လုပ်ခဲ့ ပါတယ်။ ရန်ကုန်မှာရှိတဲ့ ရေကန်ကြီးတွေနဲ့ ပန်းခြံတွေကို အဓိကထား သုတေသနပြုခဲ့တာပါ။ အဲဒီတုန်းက ငှက်မျိုးစိတ် ၁၆၆ မျိုးအပြင် တခြား မျိုးရိုး မခွဲနိုင်သေးတဲ့ ငှက်မျိုးစိတ်တွေကို လည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

          Avibase – The Word Bird Database ရဲ့ ၂ဝ၁၄ ခုနှစ် စာရင်းတွေမှာတော့ ရန်ကုန်မြို့မှာ ငှက်မျိုးစိတ်ပေါင်း ၄၄၆ မျိုး တွေ့ရှိရပြီး ၁၅မျိုးကတော့ မျိုးတုံးပျောက်ကွယ်ခါနီးဖြစ်နေကာလေးမျိုးကတော့ ရှားပါးစာရင်းဝင်နေပြီလို့ ဆိုပါတယ်။

          သည်လိုငှက်မျိုးစိတ်တွေအများအပြားရှိပေမယ့် အဲဒီ အထဲကမှ ခို၊ ကျီးကန်းနဲ့ စာကလေးတွေဟာ ကမ္ဘာပေါ်က မြို့ ကြီးတွေမှာ အတွေ့ရအများဆုံးနဲ့ လူနဲ့ ထိတွေ့ မှုအများဆုံး ငှက် တွေလည်းဖြစ်ပါတယ်။

          ကျီးကန်းတွေကိုတော့ လူတွေက နေစရာ၊ စားစရာတွေ အထွေအထူးမလုပ်ပေးပေမယ့် အပုပ်အသိုးစားတဲ့ ငှက်တွေဖြစ် တာကြောင့် မြို့ပြဝန်းကျင်မှာ အများအပြားတွေ့ရခြင်းဖြစ်တယ် လို့ ငှက်စောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

          အခုလို ကျီးကန်းတွေ ရှိနေခြင်းဟာ စွန့်ပစ်ထားတဲ့ အညစ် အကြေးနဲ့ အမှိုက်တွေကိုရှင်းလင်းပြီးသားဖြစ်သလို ရန်ကုန်မြို့ မှာ အမှိုက်နဲ့ အညစ်အကြေးတွေ ပေါများနေတဲ့ သင်္ကေတလည်း ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

          ကျီးကန်းဟာ အညစ်အကြေး၊ အပုပ်အသိုးအပါအဝင် ကြက်ပေါက်စ၊ ငှက်ပေါက်စ စတဲ့ သတ္တဝါတွေကိုပါ စားတဲ့ အစုံ စား သတ္တဝါမျိုးဖြစ်ပါတယ်။ စာကလေးတွေကတော့ အစေ့၊ အနှံ နဲ့ ပိုးကောင်လေးတွေကိုစားသောက်ကြတာကြောင့် လူ့ပတ်ဝန်း ကျင်ကို အထောက်အကူဖြစ်စေတယ်လို့ ဒေါက်တာအေးသန့်ဇင် က ရှင်းပြပါတယ်။

          မြို့ပေါ်မှာ ကျီးကန်းတွေ၊ စာကလေးတွေ ရှိနေတာနဲ့ ပတ် သက်လို့ ဒေါက်တာအေးသန့်ဇင်က ယခုလို မှတ်ချက်ပေးပါတယ်။

          ”ပိုးကောင်စားတဲ့ ငှက်လေးတွေက လူကို အန္တရာယ်ပေး နိုင်တဲ့ ပိုးကောင်တွေကိုလည်း စားကြတာပဲ။ အပုပ်အသိုးဆို လည်း စားကြတာပဲ။ သူတို့က တစ်နည်းအားဖြင့် ဖယ်ရှားပေး တယ်။ မရှိလို့ကို မရဘူး”လို့ သူက ဆိုပါတယ်။

          ငှက်တွေအရေးပါပုံနဲ့ ပတ်သက်လို့ သူက ယခုလို ဆက် ပြောပါသေးတယ်။

          ”ငှက်တွေက သက်ရှိလောကမှာ အမြဲပါဝင်ပတ်သက်နေ တဲ့ အစာကွင်းဆက် (Food Chain)၊ အစာကွန်ရက် (Food Web) အတွက်လည်း အရေးပါတာကို အားလုံးသိသင့်ပါတယ်”

          အစေ့အဆန်တွေကို စားကြတဲ့ငှက်တွေရဲ့ မစင်တွေက တစ်ဆင့်လည်း အပင်သစ်တွေ ပေါက်ရောက်စေသလို အပင်၊ အပွင့်တွေရဲ့ ဝတ်မှုန်တွေကိုလည်း သူတို့ရဲ့ အတောင်ပံ၊ အမွေး တွေက တစ်ဆင့်သယ်ယူပြီး ဝတ်မှုန်ကူးစေတယ်လို့ သူက ရှင်း ပြပါတယ်။

Photo: Lynn Myat       ရန်ကုန်မြို့ တိုက်ခန်းများရှိ ခေါင်မိုးများတွင် ကျီးကန်းများ လာရောက်နားခိုလေ့ရှိကြသည်

          ”ငှက်တွေကတော့ မြို့ပြဖြစ်ဖြစ်၊ တောဖြစ်ဖြစ် လူတွေ ကြားထဲမှာရှိရမယ်”လို့ဒေါက်တာအေးသန့်ဇင်က သူ့အမြင်ကို ပြောပါတယ်။

          ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးမှာ ရန်ကုန်မြို့က သစ် ပင်ကြီးတွေ လဲပြိုကုန်သလို ရန်ကုန်မြို့တော်တစ်ခွင် လမ်းတွေ ချဲ့တာကြောင့်လည်း သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းတာကိုခံလိုက်ရပါတယ်။ အရင်က မြို့ပြမှာရှိနေတဲ့ ရေကန်နေရာတွေကို မြေဖို့ပြီး အဆောက်အအုံတွေ ဆောက်လုပ်လိုက်တာကြောင့် လည်း ငှက်တွေရဲ့ စားကျက်ဝန်းကျင် ပျောက်ကွယ်သွားတာ ကြောင့် တချို့ငှက်တွေကို မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

          ”အရင်တုန်းကဆိုလို့ရှိရင် လူတွေ မတွေ့ဖူးတဲ့ ငှက် ကလေးတွေ အများကြီးတွေ့ ဖူးတယ်။ အခု အဲဒီငှက်တွေ မတွေ့ တော့ဘူး။ အခု ဒီနေရာမှာ ထပ်မတွေ့တော့ဘူး။ တခြားကို ပြောင်းသွားကြပြီ။ ပတ်ဝန်းကျင်က ပြောင်းပြောင်းသွားတာ ကိုး”လို့ ဒေါက်တာအေးသန့်ဇင်က ပြောပါတယ်။

          မြို့ပြပန်းဥယျာဉ်တွေမှာ ပိုးသတ်ဆေးတွေ သုံးစွဲမှု၊ မို ဘိုင်းလ်ဖုန်းတာဝါတိုင်တွေရဲ့ မိုက်ကရိုဝေ့ဖ်တွေကြောင့်ရယ်၊ လူနေတိုက်တာ ထူထပ်လာတဲ့အခါ သူတို့အသိုက်လုပ်ဖို့ အပင် တွေ အလွယ်တကူမရတော့တာရယ်ကြောင့် စာကလေးတွေ နည်းပါး လာရတာလို့ အိန္ဒိယက ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမား မိုဟာမက်ဒီလဝါ (Mohammed Dilawar) က ဆို ပါတယ်။

          အိန္ဒိယမှာ စာကလေးအရေအတွက် တဖြည်းဖြည်းလျော့ ကျလာတာကိုသတိပြုမိပြီး စာကလေးနေဖို့ အိမ်လေးတွေကို အကျိုးအမြတ်အတွက်မဟုတ်ဘဲ ဆောက်လုပ်ရောင်းချခဲ့သူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား မိုဟာမက်ဒီလဝါ ကိုအစပြုပြီး World Sparrow Day ဆိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။

          မတ် ၂ဝ ရက်ကို ကမ္ဘာ့စာကလေးများနေ့အဖြစ် သတ်မှတ် ပြီး ၂ဝ၁ဝ မှစတင်ကာ ကမ္ဘာ့နေရာအသီးသီးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကျင်းပကြပါတယ်။

          သူ့ကို စင်ကာပူအခြေစိုက် Eco Walk The Talk သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က စာကလေးနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ စာကလေးတွေကို ဘာကြောင့် ထိန်း သိမ်းသင့်သလဲဆိုတာနဲ့ပတ်သက်လို့ သူက ယခုလိုပြောခဲ့ပါတယ်။

          ”စာကလေးတွေ ပျောက်ဆုံးသွားခြင်းဟာ ကျွန်တော်တို့ရဲ့ မြို့ပြဝန်းကျင်မှာ တစ်ခုခုအကြီးအကျယ်မှားယွင်းနေပြီလို့ သတိ ပေးတာပါပဲ။ သူတို့(စာကလေး)တွေဟာ မြို့ပြဇီဝမျိုးစုံတို့ရဲ့ သံ တမန်ပဲဖြစ်ပါတယ်။ သူတို့က ထီးလိုပါပဲ။ သူတို့ကိုကာကွယ်တာ ဟာ တခြား သစ်ပင်မျိုးစိတ်တွေနဲ့ သက်ရှိမျိုးစိတ်တွေကို ကာ ကွယ်ပေးရာရောက်ပါတယ်”

          ဥရောပနိုင်ငံအများစုမှာတော့ ၁၉၉၄ ကစပြီး စာကလေး အရေအတွက်ကျဆင်းလာနေပေမယ့် စင်ကာပူမှာတော့ စာ ကလေးအရေအတွက် တိုးတက်လာနေတယ်လို့ စင်ကာပူအခြေ စိုက် Nature Society Singapore အဖွဲ့ရဲ့ စစ်တမ်းတွေက ဆိုပါ တယ်။ စင်ကာပူမှာ ၁၉၈၆ ခုနှစ်က စတင်ပြီး နှစ်စဉ် ငှက်အရေ အတွက် စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ပါတယ်။

ငှက်တွေ ဘယ်မှာ ဘယ်လိုနေ

          သစ်ပင်ကြီးတွေ နည်းပါးလာတာကြောင့် ရန်ကုန်မြို့ ပေါ် မှာကျက်စားခဲ့တဲ့ ငှက်မျိုးစိတ်အချို့ တခြားနေရာကို ပြောင်း ရွှေ့သွားကြသလို တချို့ငှက်တွေကလည်း နေစရာ သစ်ပင်တွေ မရှိတော့တာကြောင့် လူနေအိမ်တွေမှာ တိုးချဲ့နေရာယူလာပြီး လူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိလာတဲ့ အနေထားမျိုး ရောက်သွား တယ်လို့ ငှက်လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။   မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ ဒုဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်ကတော့ လူနေ အဆောက်အအုံ အမိုးအကာအောက်တွေမှာ လူတွေက အန္တရာယ် မပေးရင်တော့ ငှက်တွေလာနေကြတယ်လို့ သူက ဆို ပါတယ်။

          ”သူ(ငှက်တွေ)က အမိုးရှိမယ်။ သူတစ်ကိုယ်စာလည်း ဝင် လို့ရရင်သူနေမှာပဲလေ။ အန္တရာယ်ကင်းရင် သူနေမှာပဲလေ” လို့ ဒေါက်တာသိန်းအောင်က ဆိုပါတယ်။

          ငှက်နဲ့ လူတွေ ပိုနီးကပ်လာတဲ့အတွက် ကျန်းမာရေးရှု ထောင့်က ကြည့်ရင်တော့ စိုးရိမ်စရာတွေ ဖြစ်တယ်လို့ ဆေးပညာ ရှင်တွေက သတိပေးကြပါတယ်။

          ရန်ကုန်တိရ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်ဆေးကုဌာနမှ ဆေး မှူးချုပ် ဒေါက်တာထွန်းမြင့်က ”အ္တနရာယ်များတာပေါ့။ ရန်ကုန် မြို့ကြီးကလည်း လူဦးရေ အရမ်းထူထပ်တာလေ။ မြို့ထဲသွား ကြည့်လိုက်၊ ခိုတွေရော၊ ဘာတွေရော အများကြီးပဲ” လို့ ပြော ပါတယ်။

          သူက ဆက်ပြီး ”တကယ့် တကယ် တိရစ္ဆာန်ကနေ လူကို ကူးမယ့် အဆင့်ဆိုရင် ထိန်းချုပ်လို့တောင် ရမှာမဟုတ်ဘူး”လို့ သူက သတိပေးပါတယ်။

Photo: Khin Maung Myint    ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ တိုက်အိမ်ဆင်ဝင်တစ်ခုအောက်မှ လူတွေပြုလုပ်ထားတဲ့ စာကလေးအိမ်များ

          ကမ္ဘာပေါ်မှာ ကူးစက်ပျံ့နှံ့တတ်တဲ့ ရောဂါ ၇ဝ ရာခိုင် နှုန်းကျော်ရဲ့  မူလပိုင်ရှင်တွေဟာ တိရစ္ဆာန်တွေဖြစ်တယ်လို့ ကူး စက်ရောဂါတွေကို အဓိကကုသပေးနေတဲ့ မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနုနုကြည်က မော် ကွန်းမဂ္ဂဇင်းကို ပြောပါတယ်။

          တစ်နည်းအားဖြင့်ပြောရမယ်ဆိုပါက တိရစ္ဆာန်ကူးစက် ရောဂါ (Zoonosis Diseases) ဟာ တိရ္ဆာန်တွေက တစ်ဆင့် လူတွေဆီကို ကူးစက်လာတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

          ယခုအခါ နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ မားစ် (MERS) ရောဂါနဲ့ အနောက်အာဖေရိကနိုင်ငံတချို့မှာ ဖြစ်ပွားခဲ့တဲ့ အီဘို လာ ရောဂါတွေဟာလည်း တိရ္ဆာန်တွေကနေတစ်ဆင့် လူတွေ ဆီကို ကူးစက်ခဲ့သလို တခြားသော တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်တတ်တဲ့ရောဂါ အမြောက်အမြားရှိတယ်လို့ ဒေါက်တာ နုနုကြည်က ရှင်းပြပါတယ်။

          ”ငှက်ကလည်း တိရစ္ဆာန်ပဲ။ မြို့မှာနေတဲ့ ငှက်ဖြစ်စေ၊ တောမှာနေတဲ့ ငှက်ဖြစ်စေ သတိထားစောင့်ကြည့်သင့်တယ်”လို့ သူက ဆိုပါတယ်။

          ငှက်တွေဟာ တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ပျံသန်းသွားလာနိုင်တာကြောင့် နယ်နိမိတ်သတ်မှတ်လို့ မရနိုင် ပါဘူး။ ကိုယ့်ဒေသက ငှက်တွေလည်း တခြားဒေသတွေကို အလွယ်တကူပျံသန်းသွားလာနိုင်သလို တခြားဒေသက ငှက် တွေလည်း ကိုယ့်ဒေသကို ဝင်ရောက်လာနိုင်ပါတယ်။

          တခြားဒေသက ရောဂါဖြစ်ပွားနေတဲ့ ငှက်တွေက ရာသီ ဥတုအပြောင်းအလဲဒဏ်ကို ခိုလှုံဖို့ ပြောင်းရွှေ့လာတဲ့အခါ သူတို့ နဲ့ ထိတွေ့တဲ့ အခြားငှက်တွေကိုပါ ရောဂါပိုးတွေ ထပ်မံကူးစက် သွားတတ်ပါတယ်။ အဲဒီလိုနည်းနဲ့လည်း မြို့ပြမှာနေတဲ့ ငှက်တွေ ဆီကို ကူးစက်ရောဂါပိုးတွေရောက်လာနိုင်တယ်လို့ ပညာရှင်တွေ က ပြောပါတယ်။

          ”ရောဂါဖြစ်တဲ့ နိုင်ငံကနေ ပျံလာတဲ့ ငှက်နဲ့ မြို့ပြက ငှက်နဲ့ ထိတွေ့မယ်။ မြို့ပြမှာနေတဲ့ အကောင်တွေမှာလည်း(ရောဂါပိုး)ရှိမယ်။  မြို့ပြငှက်နဲ့ အိမ်မွေးငှက်နဲ့ ထိတွေ့မယ်ဆိုလို့ရှိရင် ဒါ တွေက လူတွေကိုကူးနိုင်တယ်”လို့ ဒေါက်တာနုနုကြည်က ရှင်းပြ ပါတယ်။

          ၂ဝဝ၃ ဝန်းကျင်က ကြက်ငှက်တုပ်ကွေးရောဂါ ကမ္ဘာ ပေါ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ၂ဝဝ၆ မှာ မြန်မာနိုင်ငံကို ကူးစက် ရောက်ရှိလာခဲ့ပါတယ်။

          ရန်ကုန်မြို့မှာတော့ မရမ်းကုန်းမြို့နယ်က ကြက်ခြံတစ် ခြံမှာ စတင်တွေ့ရှိခဲ့ပါတယ်။

          ”ကူးစက်ရောဂါ စတင်ပုံ၊ ကူးစက်ပုံ၊ ပျံ့နှံ့ပုံ စတဲ့ Epidemiology ရောဂါဖြစ်စဉ်တွေက အမြဲပြောင်းလဲမှုရှိနေတဲ့အတွက် အမြဲစောင့်ကြည့်ဖို့လိုတယ်”လို့ ဒေါက်တာနုနုကြည်က သတိ ပေးပါတယ်။      အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."