Illustration : MAUNG NOE
‘ပြောင်းလဲချိန်တန်ပြီ’ တဲ့
ပြောင်းလဲလိုတဲ့ စပယ်ယာကလေးဟာ
အပြောင်းအလဲလုပ်မယ့် ခွပ်ဒေါင်းကို မဲပေးခဲ့
အခုတော့ ခွပ်ဒေါင်းပါတီကြီးလည်း အနိုင်ရခဲ့
ဒါပေမဲ့ အဲဒီစပယ်ယာကလေးဟာ
အရင်ကအတိုင်းပဲ သူ့အချိုးကို မပြောင်းလဲသေးဘဲ
ဘတ်စ်ကားပေါ်က ခရီးသည်တွေကို
ရိုင်းစိုင်းစွာ ဟိန်းဟောက်ပြောဆိုနေဆဲ။
‘ပြောင်းလဲချိန်တန်ပြီ’ တဲ့
ပြောင်းလဲလိုတဲ့ ငါးစိမ်းသည်မကလေးဟာ
အပြောင်းအလဲလုပ်မယ့် ခွပ်ဒေါင်းကို မဲပေးခဲ့
အခုတော့ ခွပ်ဒေါင်းပါတီကြီးလည်း အနိုင်ရခဲ့
ဒါပေမဲ့ အဲဒီငါးစိမ်းသည်မကလေးဟာ
အရင်ကအတိုင်းပဲ သူ့အကျင့်ကို မပြောင်းလဲသေးဘဲ
သူ့ဆီက ငါးကို လာဝယ်တဲ့ ဈေးဝယ်သူတွေအပေါ်
ထုံးစံအတိုင်း အလေးခိုးကာ ရောင်းချနေဆဲ။
ပြောင်းလဲလိုတဲ့ အရာရှိကြီးဟာ
အပြောင်းအလဲလုပ်မယ့် ခွပ်ဒေါင်းကို မဲပေးခဲ့
အခုတော့ ခွပ်ဒေါင်းပါတီကြီးလည်း အနိုင်ရခဲ့
ဒါပေမဲ့ အဲဒီအရာရှိကြီးဟာ
အရင်ကအတိုင်းပဲ သူ့ဉာဉ်ဆိုးကို မပြောင်းလဲသေးဘဲ
ရရှိထားတဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချခွင်ဖန်လို့
လာဘ်လာဘများကို စားနေဝါးနေဆဲ။
‘ပြောင်းလဲချိန်တန်ပြီ’ တဲ့
ပြောင်းလဲလိုတဲ့ တရားသူကြီးမင်းဟာ
အပြောင်းအလဲလုပ်မယ့် ခွပ်ဒေါင်းကို မဲပေးခဲ့
အခုတော့ ခွပ်ဒေါင်းပါတီကြီးလည်း အနိုင်ရခဲ့
ဒါပေမဲ့ အဲဒီတရားသူကြီးမင်းဟာ
အရင်ကအတိုင်းပဲ သူ့ပုံစံကို မပြောင်းလဲသေးဘဲ
ဥပဒေကို အလေးမထား အထက်က ညွှန်ကြားတဲ့အတိုင်း
အပြစ်မဲ့သူကို အပြစ်ပေးထောင်ချလို့ နေဆဲ။
‘ပြောင်းလဲချိန်တန်ပြီ’ တဲ့
ပြောင်းလဲလိုတဲ့ ကုန်သည်ပွဲစားကြီးဟာ
အပြောင်းအလဲလုပ်မယ့် ခွပ်ဒေါင်းကို မဲပေးခဲ့
အခုတော့ ခွပ်ဒေါင်းပါတီကြီးလည်း အနိုင်ရခဲ့
ဒါပေမဲ့ အဲဒီကုန်သည်ပွဲစားကြီးဟာ
အရင်ကအတိုင်းပဲ သူ့စိတ်ဓာတ်ကို မပြောင်းလဲသေးဘဲ
ထုတ်လုပ်သူနဲ့ စားသုံးသူရဲ့ ကြားမှာ
ဈေးနှုန်းတွေ မြင့်မြင့်မားမားနဲ့ အမြတ်ကြီးစားနေဆဲ။
ကဲ…ပြောင်းလဲချိန် တကယ်တန်ပြီး
တစ်တိုင်းတစ်ပြည်လုံးကလည်း ပြင်းပြင်းပြပြ
အပြောင်းအလဲကို တစ်ခဲနက်လိုချင်နေကြသမို့
အပြောင်းအလဲဖြစ်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့
ဒီလိုအချိန် ဒီလိုအခါမှာ
ခင်ဗျားတို့ရဲ့ အမူအကျင့်ဟောင်းတွေကို
ဘာဖြစ်လို့ မပြောင်းလဲနိုင်ကြသေးတာလဲ။
ခင်ဗျားတို့ အသည်းအသန် တောင်းဆိုနေကြတဲ့
အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆိုတာ
ခွပ်ဒေါင်းပါတီကြီး အနိုင်ရရုံနဲ့ မပြီး
အစိုးရအဖွဲ့ ပြောင်းလဲသွားရုံနဲ့ မပြီး
အရေးအကြီးဆုံး အလိုအပ်ဆုံးက
ခင်ဗျားတို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို
အမြန်ဆုံးပြောင်းလဲနိုင်ပါမှ ရောက်မယ့်ခရီးဖြစ်တယ်။ ။
၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ ကဗျာဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။