Home သုံးသပ်ချက် အစိုးရသစ်ကို စောင့်ကြို နေမယ့် စိန်ခေါ်မှုများ

အစိုးရသစ်ကို စောင့်ကြို နေမယ့် စိန်ခေါ်မှုများ

21
0

 

(အောက်ဖော်ပြပါဆောင်းပါးမှာ October 10 ရက်နေ့တွင် ဈေးကွက်ထဲရောက်ရှိမည့် မော်ကွန်းမဂ္ဂဇင်း October လထုတ်မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)

သန်းထိုက် ရေးသည်။

 

သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းကာလမှာ မပြီး ပြတ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဆင်းရဲမွဲတေမှုပြဿ      နာ၊ ရခိုင်အရေး၊ သဘာဝဘေးအ္တနရာယ်ကျရောက်ခဲ့တဲ့ ဒေသတွေ ပြန်လည်ထူ ထောင်ရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ များစွာသော စိန်ခေါ်မှု တွေက နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး အသစ် တက်လာမယ့် အစိုးအဖွဲ့ကို စောင့်ကြိုနေကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး

          ၂ဝ၁၅ ရွေးကောက်ပွဲအလွန်တက်လာမယ့် အစိုးရသစ် အနေနဲ့ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမှာကတော့ ပြည်တွင်းငြိမ်း ချမ်းရေးကိစ္စပါ။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ ရာစုနှစ်တစ်ဝက် ကျော်လာတဲ့အထိ အဆုံး မသတ်နိုင်သေးပါဘူး။

          လက်ရှိသမ္မတဦးသိန်းစိန်အစိုးရကတော့ ငြိမ်းချမ်းရေးရဖို့ ပထမအဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (Nationwide Ceasefire Agreement-NCA) ကို အောက်တိုဘာလ ပထမပတ်ထဲမှာ လက်မှတ်ရေးထိုးဖို့ ကြိုးစား နေပါတယ်။ NCA ကို လက်မှတ်ရေးထိုးတာက ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ပထမဆုံးလိုအပ်ချက်တစ်ခုသာ ဖြစ်ပါသေး တယ်။ ဒီစာချုပ်ချုပ်နိုင်ပြီးမှ အခြားအဆင့်တွေ ဆက်လုပ်သွားရ မှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင် ဦးစောမြင့်မောင်က ယခုလို ပြောပြတယ်။

          ”NCA ကြီး ခိုင်မာအောင် Joint Committee တို့၊ စောင့်ကြည့်တဲ့ အဖွဲ့တို့၊ အပစ်အခတ်ကို ဆက်ပြီးမဖြစ်အောင် ထိန်းတဲ့ အဖွဲ့တွေနဲ့ ဆက်ပြီးတော့ ထိန်းဦးမှာ။ ထိန်းနေရင်းနဲ့ ဒီ နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားရမှာ”

          ဒီကိစ္စတွေဟာ လက်ရှိအစိုးရက NCA ထိုးနိုင်ခဲ့မယ်ဆိုရင် တောင် နောက်အစိုးရ ဆက်လုပ်ရမယ့် ကိစ္စတွေပါလို့ သူက ထောက်ပြတယ်။

          ဒီစာချုပ်ကိုတိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ ရှိတာမှာ ခြောက်ဖွဲ့မပါဘဲ ၁၅ ဖွဲ့ပဲ လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြပါတယ်။ KIA (Kachin Independence Army) ကလည်း ထိုးဖို့ မသေ ချာသေးဘူး ဖြစ်နေပါတယ်။

          နိုင်ငံရေးလေ့လာသူလည်းဖြစ်၊ နိုင်ငံရေးဆောင်းပါးတွေ လည်း ရေးနေတဲ့ ဦးသန်းစိုးနိုင်ကတော့ အခုအစိုးရပြောတဲ့ NCA ဆိုတာ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးမဟုတ်ဘဲ တစ်ပိုင်း တစ်စနဲ့ အကန့်အသတ်ရှိတဲ့ အပစ်ရပ်သဘောတူညီချက် (Partial and Limited Ceasefire Agreement) ပဲ ဖြစ်နေလို့ ဒီစာချုပ်ကို လက်မှတ်ထိုးနိုင်ရင်တောင် နောက်အစိုးရအသစ် အတွက်က စိန်ခေါ်မှုတွေ အများကြီးရှိနေမှာဖြစ်ပြီး ”ဆိုလိုတာ က လက်မှတ်တော့ ထိုးလိုက်တယ်။ အပစ်အခတ်ရပ်စဲရေးက အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောချင်တာ”လို့ သုံးသပ်ပြပါတယ်။

          နောက်တစ်ခုက အပစ်ရပ်စာချုပ် ချုပ်ပြီး နိုင်ငံရေးဆွေး နွေးပွဲတွေ လုပ်တဲ့နေရာမှာလည်း ဒါက’အနာဂတ် နိုင်ငံတော်ဖွဲ့ စည်းပုံ’ကိုသွားတာဖြစ်လို့ နောက်လာမယ့်အစိုးရအနေနဲ့ ဂရု တစိုက်လုပ်ဖို့ လိုတယ်လို့ ဦးစောမြင့်မောင်ကလည်း ပြောပါတယ်။

မကြာမီထွက် ရှိလာမည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး

          ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကလည်း နောက်တက်လာမယ့် အစိုးရအတွက် မလွဲမသွေ ဖြတ်ကျော်ရ မယ့် မိုင်တိုင်တစ်ခုပါ။

          လက်ရှိအချိန်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကို အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် အတိုက် အခံဖြစ်တဲ့ NLD ပါတီရော တိုင်းရင်းသားတွေပါ မကျန် တောင်း ဆိုနေတဲ့ ကိစ္စပါ။

          ၄၃၆ လိုပုဒ်မမျိုးကို ပြင်ချင်တာက တူညီကြပေမယ့် တချို့ ပုဒ်မတွေကျတော့လည်း သဘောထားအမျိုးမျိုး ကွဲပြားနေကြ ပါတယ်။

          တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်စနစ် ထူထောင်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်က ပြင်လိုတာဖြစ်တယ်လို့ ဦးစောမြင့် မောင်က ပြောပါတယ်။

          နောက်တစ်ချက်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပဲ ”ရှေ့ နောက်မညီဘဲ သူ့ဟာနဲ့ သူ ပြန်ရစ်နေတာတွေ”လည်း ပါနေ တော့ ဒါတွေလည်း ပြင်ဖို့ လိုတယ်လို့ သူက ပြောတယ်။

          ပုဒ်မ ၄၃၆ အရ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမဲပေးမှ ပြင်လို့ရတာပါ။ လွှတ်တော်မှာက ရွေး ကောက်ပွဲကနေ တက်လာတဲ့ အမတ်က ၇၅ ရာခိုင်နှုန်းနဲ့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့ အမတ် ၂၅ ရာခိုင် နှုန်းရှိပါတယ်။

          ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုရင် မဖြစ်မနေ တပ်မတော်ရဲ့သဘောတူညီချက်လိုပါတယ်။ ဒီနေရာမှာ တချို့က ရွေးကောက်ခံ အမတ် အားလုံးနဲ့ တပ်မတော်သားကိုယ်စားလှယ်တစ်ယောက် သဘော တူရင် ရပြီလို့ ပြောဆိုနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုတွေး တာက မှားတယ်ဆိုပြီး ဦးစောမြင့်မောင်က နောက်ထပ်ပြင်ဖို့ ကြိုးစားမယ့်လူတွေအတွက် သတိပေးစကားတစ်ခု ပြောတယ်။

          ”တပ်မတော်သားတစ်ယောက်ကို အဲဒီလို ယူလို့ ရကို မရ ဘူး။ တပ်မတော်ရဲ့ မဲသည် ၂၅ ရာခိုင်နှုန်း အပြည့်၊ သို့မဟုတ် သုည”

          တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ကိုလည်း ဦးမတည်၊ ဒီမိုကရေ စီနည်းလမ်းလည်းမကျတဲ့ အချက်တွေများနေလို့ အသစ်တစ်ခုနဲ့ အစားထိုးရင် ထိုး၊ မထိုးရင်လည်း လုံးဝ ဥဿုံ ပြင်လိုက်ဖို့ လိုတယ် လို့ ယခုလို ထောက်ပြတယ်။

          ”နိုင်ငံတော်အာဏာကို စစ်တပ်က ထိန်းချုပ်နိုင်အောင် ရေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံကို မပြင်နိုင်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့မရှိဘူး”

          ဦးစောမြင့်မောင်ကတော့ တပ်ကို အပြစ်တင်နေတာတွေ က အကြောင်းအရာ မှန်ကောင်းမှန်နိုင်ပေမယ့် အလုပ်ဖြစ်မှာ မဟုတ်လို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုး စားရလိမ့်မယ်လို့ အစိုးရသစ်အတွက် ဖြစ်လာမယ့် စိန်ခေါ်မှုနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ပြောပြတယ်။

          ”သူ့(တပ်)ကို Convince ဖြစ် (လက်ခံယုံကြည်)အောင် ပြောရမှာ”

          ဦးသန်းစိုးနိုင်ကလည်း ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်ပူးပေါင်း ပါဝင်လာအောင် လုပ်ဖို့ နည်းလမ်းကို အခုလို ပြောပြတယ်။

          ”ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးဆိုတဲ့အမြင်နဲ့ ရပ်တည်နေတဲ့ တပ်မတော်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ် အခြေခံပေါ်ကနေပြီးတော့ သူတို့ကို စည်းရုံးဆွဲဆောင် ဖို့ လိုတာပေါ့”

          ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကိစ္စကို လွှတ်တော်တွင်း ကနေ ပြင်ဖို့လုပ်သလိုပဲ လွှတ်တော်ပြင်ပကလည်း ထပ်ပြီး လုပ်ဖို့ လိုတယ်လို့ ဦးသန်းစိုးနိုင်က ပြောပြတယ်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်တွေ ကောက်တာ ငါးသန်း လောက်ရထားတာရှိတယ်။ နောက်လည်း ဒီထက်ပိုကျယ်ပြန့်တဲ့ လူထုအားနဲ့ပါ ပေါင်းစပ်ပြီး လုပ်ဖို့ လိုပါလိမ့်မယ်လို့လည်း ဦးသန်း စိုးနိုင်က ပြောပါသေးတယ်။

          ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စိန်ခေါ် မှုကို ပုဒ်မ ၄၃၆ လို ပုဒ်မမျိုး ပြင်လို့မရလည်း ပြည်သူ့ဘဝတွေ အမှန်တကယ် ပြောင်းလဲနိုင်မယ့် တခြားပုဒ်မတွေကိုလည်း ပြင် ဆင်ဖို့ ကြိုးစားသင့်တယ်လို့ ပြောပါတယ်။

          ”၄၃၆ မပြောင်းနိုင်တာနဲ့ဘဲ ကျန်တဲ့ ပုဒ်မတွေကို မဆွေး နွေးတာမျိုး မဖြစ်သင့်ဘူးပေါ့”

 

တရားဥပဒေစိုးမိုးရေး

          ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပဲ တစ်နွယ်ငင် တစ် စင်ပါဖြစ်တဲ့ကိစ္စကတော့ တရားဥပဒေစိုးမိုးရေးပါ။

          ဦးကိုနီကတော့ လက်ရှိကာလမှာ တရားဥပဒေစိုးမိုးမှုဟာ လုံးဝ ပျက်ပြားနေလို့ နောင်တက်လာမယ့် အစိုးရအတွက် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

          လက်ရှိ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေပေါ်မှာ ခိုးဆိုး တိုက်ခိုက်မှုတွေ၊ ရဲကိုတောင် ပြန်သတ်တဲ့ အမှုတွေအပြင် ကား တွေ လမ်းပြောင်းပြန်မောင်းဖို့ ဝန်မလေးတာတွေ၊ လူသွားဖို့ လုပ်ထားတဲ့ ပလက်ဖောင်းတွေပေါ်  ဈေးရောင်းတာတွေဟာ အဓိကက တရားဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်နေတာတွေပါဆိုပြီး ဦးကိုနီက အခုလို ထောက်ပြတယ်။

          ”အဲဒါ ဘာဖြစ်လဲဆိုတော့ ပြည်သူလူထုဟာ အေးအေး ချမ်းချမ်း သာသာယာယာ နေလို့မရတော့တဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက် နောက်တက်လာမယ့် အစိုးရ အလေးထား ဖြေ ရှင်းရမယ့် စိန်ခေါ်မှုတစ်ခုပဲ”

          ဦးကိုနီကတော့ တရားစီရင်ရေးစနစ်ကို လုံးဝပြောင်းပစ်ရ မယ်လို့ ပြောတယ်။ ဖွဲ့စည်းပုံတွေကို ပြောင်းပြီး လိုအပ်တဲ့ ဥပဒေ တွေကိုလည်း ထပ်မံပြဋ္ဌာန်းပေးဖို့ လိုမယ်လို့ ဆိုတယ်။

          ဒီလိုလုပ်မှပဲ တရားစီရင်ရေးက အုပ်ချုပ်ရေးအောက်က ထွက်နိုင်မှာဖြစ်တယ်လို့ သူက ပြောတယ်။

          ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရားသူကြီး ချုပ်အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားသူ ကြီးတွေကို အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတက အဆိုပြုရပါတယ်။ လွှတ်တော်က ဒီလူတွေကို စိစစ်ရတယ်ဆိုပေ မယ့် သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ မပြည့်စုံကြောင်း ပြနိုင်မှသာ လွှတ်တော်က ငြင်းလို့ရတာကြောင့် သမ္မတကပဲ ခန့်လိုက် သလိုဖြစ်နေပါတယ်။

          ”တရားသူကြီးတွေဟာ နေရင်းထိုင်ရင်းနဲ့အုပ်ချုပ်ရေး ဌာနရဲ့ လက်အောက်ခံအဖွဲ့အစည်းလို ဖြစ်နေတယ်” လို့ ဦးကိုနီ က ထောက်ပြပါတယ်။

          ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှပဲ တရားစီရင် ရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အောက်က ကင်းလွတ်လိမ့် မယ်လို့ သူက ဆိုရခြင်း ဖြစ်ပါတယ်။

          တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်ကလည်း တရားစီ ရင်ရေးကိစ္စတွေမှာ ဥပဒေတွေက သိပ်ပြီး ဆိုးဝါးနေတာမဟုတ်ဘဲ တရားသူကြီးတွေရဲ့ ချို့ယွင်းချက်တွေနဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ စွက် ဖက်မှုတွေကြောင့်လို့ ပြောတယ်။

          ”(စီရင်ချက်ကို) မဝတ(မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့) ဥက္ကဋ္ဌ ဗိုလ်မှူးတွေဆီကို ယူသွားပြီးတော့ ဒီလို ဆုံးဖြတ်ရမလား၊ ဟိုလိုဆုံးဖြတ်ရမလား၊ အဖြေတောင်းရတာ တွေ ကျွန်တော်တို့ကိုယ်တိုင် တွေ့ ခဲ့ရတာပေါ့”

          ဒါတွေကတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က သူ့ရဲ့ အတွေ့အကြုံတွေပါ။

Photo: Kyaw Myo Htun    တိုက်ပွဲကာလအတွင်း ထိခိုက်ပျက်စီးခဲ့သည့် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံ

          အခုအစိုးရလက်ထက်မှာတော့ အဲဒီလိုအမိန့်မပေးဘဲနဲ့ တောင် တရားသူကြီးတွေက အုပ်ချုပ်ရေးပိုင်းရဲ့ အကျိုးစီးပွား ပါနေရင် သူတို့ဆုံးဖြတ်တာကို ကြိုက်ပါ့မလားဆိုတာမျိုးတွေးပြီး တော့ ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ အဆင့်မျိုးဖြစ်နေတယ် ဆိုပြီး ဦးသန်းမောင်က ပြောတယ်။

          ”ဒီကိစ္စဟာ တရားရေးမဏ္ဍိုင် တစ်ခုတည်းရဲ့ အကျိုး မဟုတ်ဘဲနဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ပါ ဆိုင် တယ်လို့ ဦးသန်းမောင်က ပြောတယ်။

          ဦးစောမြင့်မောင်ကလည်း တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကြားမှာ အပြန်အလှန်ထိန်းညှိမှု(Check and Balance) ရှိဖို့ လိုပေမယ့် တကယ်တမ်း သမ္မတနဲ့ တရားသူကြီးတွေကြား မှာတော့ မရှိဘူးလို့ ဆိုပါတယ်။

          အခြေခံဥပဒေအရ သမ္မတက တရားသူကြီးတွေကို တိုက် ရိုက်ခန့်သလို ဖြစ်နေတာကို ပြင်ဖို့ မလွယ်တာကြောင့် တရားသူ ကြီးတွေကပဲ သမ္မတခိုင်းတာမလုပ်ဘဲ ဥပဒေနဲ့အညီ တရားစီရင် နိုင်ဖို့၊ ဘက်မလိုက်ဖို့၊ တည်ကြည်ဖြောင့်မတ်ဖို့၊  ကြိုးစားကြဖို့ လိုမယ်လို့ သူက ပြောတယ်။

          နောက် တရားသူကြီးတွေအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒါကတော့ တရားရေးမဏ္ဍိုင်အောက်မှာ ထပ်မံဖွဲ့စည်းရမယ့် တရားရေးရာအုပ်ချုပ်ရေးဌာနဆိုတာပါပဲ။ အခုတော့ ဒီဌာန မရှိတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော် ချုပ်က တရားသူကြီးတွေကပဲ ရာထူးတိုးတာ၊ ရာထူးခန့်တာ စတဲ့ တရားရေးဌာန အုပ်ချုပ်ရေးတွေပါ လိုက်လုပ်နေရတာကြောင့် တရားစီရင်ရေးကို အာရုံစိုက်ဖို့ ခဲယဉ်းနေတယ်လို့ ဦးစောမြင့် မောင်က ပြောပါတယ်။

          ”စနစ်ကိုပြောင်းရမှာ။ လူကိုသွားကြည့်လို့မရဘူး။ လူတွေ ဆိုတာ စနစ်ထဲမှာ ထည့်ထားတဲ့ အစိတ်အပိုင်း”

          (တရားရေးမဏ္ဍိုင်အောက်မှာရှိတဲ့ အခြေခံအဆောက် အအုံတွေ ပျက်စီးယိုယွင်းနေတာ၊ ရုံးသုံးပစ္စည်းတွေက ဟောင်း နွမ်းပြီး လုံလောက်မှုမရှိတာ၊ တရားရေးရာဝန်ထမ်းတွေ မလုံ လောက်တာ၊ လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောနေတာ၊ အုပ် ချုပ်ရေးပိုင်းက တရားစီရင်ရေးဘက်ကို ဝင်ရောက်စွက်ဖက်တာ တွေကို ၂ဝ၁၄၊ နိုဝင်ဘာထုတ် အမှတ် ၁၈ မော်ကွန်းမဂ္ဂဇင်းတွင် ‘မြန်မာ့တရားစီရင်ရေးကို ဘယ်လိုကယ်ထုတ်မလဲ’ ဆိုတဲ့ မျက် နှာဖုံးဆောင်းပါးအဖြစ် ရေးသားဖော်ပြပြီးဖြစ်ပါတယ်။)

ဗျူရိုကရေစီယန္တရား

          စနစ်ကိုပြောင်းဖို့ အစိုးရသစ်အနေနဲ့ လျော့တိလျော့ရဲဖြစ် နေတဲ့ လက်ရှိ ဗျူရိုကရေစီယ္တနရား (အုပ်ချုပ်ရေးအဆင့်ဆင့်) ကို စနစ်တကျ ပြန်ဖွဲ့ဖို့ လိုမယ်လို့ ဦးစောမြင့်မောင်က ပြောတယ်။

          အခုလက်ရှိစနစ်က စုပေါင်းဆွေးနွေး၊ စုပေါင်းတိုင်ပင်၊ စုပေါင်းဆုံးဖြတ်တဲ့စနစ်မျိုးနဲ့ လုပ်နေတာပါ။ ဒီစနစ်ဟာ ၁၉၇၂ ခုနှစ်ကတည်းကသုံးလာတဲ့ ဆိုရှယ်လစ်စီးပွားရေးကို အထောက် အကူပြုဖို့ တည်ဆောက်ထားတဲ့ စနစ်ဖြစ်တယ်လို့ ဆိုတယ်။

          ဒီစနစ်မှာ အစည်းအဝေးလုပ်ကြပြီး စုပေါင်းဆုံးဖြတ်ကြပေ မယ့် နောက်ပိုင်းတော့ အစည်းအဝေးလုပ်တယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အထက်လူကြီးတစ်ယောက်က ခိုင်းတဲ့ အတိုင်းပဲ လုပ်ကြတော့တာပါ။

          ”ခိုင်းမှလုပ်တတ်တဲ့ သဘောရောက်သွားတယ်။ ခိုင်းမှ လုပ်တတ်တဲ့အခါကျတော့ ခိုင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ ဆိုတာမှာ သွားပြီး မူတည်တယ်”လို့ ဦးစောမြင့်မောင်က ဆိုပါတယ်။

          တပ်မတော်အစိုးရအုပ်ချုပ်တဲ့တစ်လျှောက်လုံး တပ်ဘက် မှ အငြိမ်းစားယူတဲ့သူတွေကို အရပ်ဘက်ကို ပို့လိုက်ပြီး ဝန်ကြီး ဌာနပေါင်းစုံရဲ့ အုပ်ချုပ်ရေးရာထူးနေရာတွေမှာ ဝင်ယူကြပါတယ်။

          ဒီပုဂ္ဂိုလ်တွေဟာ သူတို့ သင်တန်းတွေ တက်ခဲ့ပြီး အုပ်ချုပ် နိုင်မယ်လို့ထင်ပေမယ့် တကယ်တမ်းတော့ မြို့ပြအုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ မကျွမ်းကျင်တဲ့လူတွေ ဖြစ်တယ်ဆိုတာကို ဦးစော မြင့်မောင်က အခိုင်အမာ ပြောပါတယ်။

          ”ဘယ်လိုပြောနိုင်လဲဆိုတော့ တိုင်းပြည်ကြီး ပျက်စီးသွား တာနဲ့ ကြည့်ပြီး ပြောတယ်လို့ ပြောရမယ်။ ရလဒ်က ဒါပဲလေ။ အထူးသက်သေပြနေစရာမှ မလိုတာ” လို့ သူက ထောက်ပြတယ်။

          လက်ရှိအချိန်မှာ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်တွေ နိမ့်ကျနေလို့ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့ အခါ အတားအဆီးတွေ Myanmar Development Resource Institute(MDRI) မှ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ စီးပွားရေးပညာရှင် ဦးဇော်ဦးက ပြောပါတယ်။

          လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ယခင်တပ် မတော်အစိုးရလက်ထက်ကအတိုင်း ဌာနဆိုင်ရာတွေမှာ မိုးကျ ရွှေကိုယ် ခန့်တာတွေ ဆက်ရှိနေပါတယ်။

          ဒီလူတွေ ပြန်ထွက်သွားအောင်ဆိုပြီး ဖဲကြိုး အနက်၊ အဝါ၊ အပြာ၊ အနီ၊ အစိမ်း၊ ဆိုတဲ့ ဖဲကြိုးလှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို စတင်ခဲ့တာကတော့ ကျန်းမာရေးဝန်ကြီးဌာနက စတင်ခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ တရားရေးမဏ္ဍိုင်၊ လျှပ် စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန် ကြီးဌာနတို့မှ ဝန်ထမ်းတွေက ဖဲကြိုးလှုပ်ရှားမှုကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

          တရားလွှတ်တော်ရှေ့နေဦးသန်းမောင်ကတော့ တပ်မ တော်အစိုးရလက်ထက် တစ်လျှောက်လုံး ဒီလိုကိစ္စမျိုးတွေပဲ လုပ်ခဲ့ပြီးတော့ အရပ်သားအစိုးရဆိုပြီး အုပ်ချုပ်တဲ့ ဦးသိန်းစိန် လက်ထက်မှာလည်း ”ဒီအချိုးမျိုးပဲ ပြန်လုပ်တာပဲ”ဆိုပြီး ထောက်ပြ ဝေဖန်ပါတယ်။

Photo: Thet Oo Mon     မူဆယ်မြို့ပေါ်မှ စစ်ဘေးရှောင်စခန်း

 

          ဒီလိုမျိုး ရာထူးတွေခန့်လိုက်တာဟာ တပ်ဘက်က လူထု ကို မယုံကြည်ကြောင်း ပြသရာရောက်လို့ လူထုဘက်ကလည်း တပ်ကို မယုံကြည်တဲ့အဖြေမျိုးပဲ ပြန်ထွက်မယ်လို့ သူက ပြောတယ်။

          ”တပ်နဲ့ အရပ်နဲ့ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည် လေးစားမှုကို လုံးဝပျက်ပြားစေတယ်။ တည့်တည့်ပြောမယ်ဆိုရင် တပ်ဘက်ကလည်း ဆုံးရှုံးတယ်။ အရပ်ဘက်ကလည်း ဆုံးရှုံး တယ်”လို့ ဦးသန်းမောင်က သုံးသပ်တယ်။

          ဒီလိုဖြစ်နေလို့ စွမ်းဆောင်ရည်ကျနေတဲ့ ဝန်ကြီးဌာတွေရဲ့ ပြဿ      နာကို ဖြေရှင်းနိုင်အောင် ဦးသိန်းစိန်အစိုးရက အမြဲတမ်း အတွင်းဝန်တွေ ခန့်လိုက်တာဖြစ်တယ်လို့ ဦးဇော်ဦးက ပြောပါတယ်။

          အခုအစိုးရလက်ထက်လုပ်ထားတာက ရေရှည်စီမံကိန်း ကြီးတွေ ဖြစ်လို့ ဝန်ကြီးဌာနတွေကို ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးမယ့် လူတွေ ခန့်လိုက်တာပါ။

          ဝန်ကြီးအသစ်ပြောင်းတိုင်း အရင်ဝန်ကြီး ချမှတ်ခဲ့တဲ့ ရေ ရှည်လုပ်ဆောင်ရမယ့် အရာတွေ ပျောက်သွားတာကြောင့် အဲဒီ လို မဖြစ်ရအောင် အတွင်းဝန်တွေ ခန့်လိုက်တယ်ဆိုပေမယ့် ဝန်ကြီးဌာနအသီးသီး စွမ်းဆောင်ရည်မြင့်လာဖို့ ဆိုတာကလည်း နောက်အစိုးရအတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေဦးမှာပါလို့ ဦးဇော်ဦးက ထောက်ပြတယ်။

          ဒါကြောင့် အစိုးရသစ်အတွက် အရေးတကြီးလုပ်ရမယ့် နောက်လုပ်ငန်းတစ်ခုက အင်စတီကျူးရှင်း (အဖွဲ့အစည်း၊ လုပ် ထုံးလုပ်နည်း)တွေ တည်ဆောက်ဖို့ပါ။

          ဒီလိုအဖွဲ့အစည်းတွေကို အမိန့်နဲ့ သွားတာမဟုတ်ဘဲ ပညာ ရှင်တွေနဲ့ ဖွဲ့စည်းဖို့ လိုပါလိမ့်မယ်လို့ ဦးဇော်ဦးက ထောက်ပြတယ်။ မြန်မာ့စီးပွားရေး တိုးတက်နှုန်း မြန်ဖို့ကတော့ အင်စတီကျူးရှင်း တွေ ဘယ်လောက်ကောင်းလဲဆိုတဲ့အပေါ်  မူတည်လိမ့်မယ်ဆိုပြီး သူက ပြောတယ်။

          အင်စတီကျူးရှင်းတွေအားကောင်းမယ်ဆိုရင် အစိုးရအဖွဲ့ မတည်ငြိမ်ရင်တောင် တိုင်းပြည်စီးပွားရေးလုပ်ငန်းတွေ တည် တည်ငြိမ်ငြိမ် လည်ပတ်နေနိုင်တယ်လို့ ဦးဇော်ဦးက ထိုင်းနိုင်ငံကို နမူနာပေးပြီး ပြောတယ်။

          ”မားကက်အင်စတီကျူးရှင်းတွေရှိတော့ အဲဒီဟာတွေကရှေ့ကိုသွားနေတဲ့အခါကျတော့ စစ်တပ်က အာဏာသိမ်းလည်း ပြည်သူကို မထိခိုက်ဘူး”

( ဖော်ပြပါဆောင်းပါး အပြည့်အစုံကို  October 10 ရက်နေ့တွင် ဈေးကွက်ထဲရောက်ရှိမည့် မော်ကွန်းမဂ္ဂဇင်း တွင် ဖတ်ရှုပါရန် အသိပေးအပ်ပါသည်။ )

LEAVE A REPLY

Please enter your comment!
Please enter your name here