ခန္ဓာကိုယ်ထဲက အမြစ်တွယ်လူသတ်သမား ‘ကင်ဆာ’အပိုင်း(၂)

ခန္ဓာကိုယ်ထဲက အမြစ်တွယ်လူသတ်သမား ‘ကင်ဆာ’အပိုင်း(၂)

၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၁)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

နှင်းကို၊သက်ဦးမွန်၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။

ပညာပေးပါ ထိန်းချုပ်ပါ

အစိုးရအနေဖြင့် ကင်ဆာအကြောင်း အသိပညာပေးမှုများကို အစဉ်တစိုက်လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ခိုင်လုံသည့် အထောက်အထားမရှိဘဲ လိမ်လည်ကြော်ငြာနေသည့် ကင်ဆာဆေးဝါးများကိုလည်း ထိန်းချုပ်ပေးဖို့ လိုအပ်နေသည်ဟု ပါမောက္ခဒေါက်တာမြသိန်းဟန်က ထောက်ပြပါသည်။

လတ်တလောကာလတွင်တော့ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာသည်များအတွက် အသက်ရှင်သန်နိုင်ရန် အခက်အခဲများစွာရှိနေဆဲဟု ကင်ဆာဆရာဝန်များက ယူဆသည်။ကင်ဆာသည် စောစောသိပြီး စောစောစီးစီးကုသနိုင်လျှင်ပျောက်ကင်းနိုင်သည့်တိုင် မြန်မာနိုင်ငံတွင် စနစ်တကျကုသနိုင်မည့် နေရာမှာ နည်းပါးသကဲ့သို့ ငွေကြေးတတ်နိုင်သည့် လူနာများအတွက်ပင် စိတ်ကျေနပ်လောက်ဖွယ်ရာ ကုသနိုင်ခြေမရှိဟု၎င်းက ဆိုပါသည်။

သို့ဖြစ်ရာ ငွေကြေးတတ်နိုင်သူများသည် ပြည်ပနိုင်ငံများသ့ိုသွားရောက်ကုသခြင်း ဖြင့်သာ၎င်းတို့၏အသက်ကိုတတ်စွမ်းသမျှ ဆွဲဆန့်နေကြရသည်။ ငွေကြေးမတတ်နိုင်သူများအဖို့မှာကား အနောက်တိုင်းဆေးများထက် ကုန်ကျစရိတ်များစွာ သက်သာသော မိရိုးဖလာတိုင်းရင်းဆေးများကိုသာ အများစုမှီခြိုကရသည်။

မြို့ပေါ်တက်ကာ ကုသမှုမခံယူနိုင်သောကြောင့် အပ်ပုန်းများ၏လက်သို့ မိမိ၏ အနာရောဂါကို ဝကွက်အပ်မိသဖြင့်အသက်ပေးသွားရသူများမှာလည်း ကျေးလက်များတွင် မနည်းမနောပင်ရှိနေပါသည်။တိုင်းပြည်၏ လူနာအရေအတွက်နှင့် ဆေးဝါးကုသပေးနိုင်မှု မလုံလောက်သောအခြေအနေတွင် ကင်ဆာဝေဒနာရှင်များကိုအကူအညီပေးရန ် ဖွဲ့တည်လာသည့် အဖွဲ့အစည်းများကား ကင ်ဆာဝေဒနာရှင်များ (အထူးသဖြင့် ငွေကြေးမတတ်နိုင်သူများ)အတွက်တော့ ကြီးစွာသောအထောက်အပံ့တစ်ခုဖြစ်ပါသည်။

မြီးညောင်းရိုးကင်ဆာဖြစ်နေသည့် အသက် ၆၈ နှစ်အရွယ်အမိုးအတွက်တော့ မြောက်ဒဂုံရှိ မြေငါးဧကပေါ်မှာ ဆောက်လုပ်ထားသည့် ဦးလှထွန်းမေတ္တာရိပ်မွန်သည် အင်မတန် ကျေးဇူးကြီးမားသည့် ရိပ်မြုံတစ်ခုဖြစ်ပါသည်။သည်ရိပ်မွန်ကို ရောက်နေသည်မှာ ၁၁ နှစ်ပင်ရှိသွားပြီဟုအမိုးက ပြောပြသည်။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှ ရောက်ရှိလာသည့် အမိုးကတော့ သူ့ဘဝကို ဘုရားသခင်ထံ အပ်ထားသည်ဟုဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူစဉ်က ဆရာဝန်က သူ့ကိုဆေးသွင်းရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ သို့သော် လက်ထဲတွင် ငွေမရှိသည့်အတွက် ဆေးမသွင်းနိုင်ကြောင်း ပြောပြသည့်အခါ သို့ကလိုဆိုလျှင် အလွန်ဆုံး တစ်နှစ်၊ ခြောက်လလောက်သာ နေရလိမ့်မည်ဟု ဆရာဝန်က ခန့်မှန်းပြောဆိုခဲ့သည်ဟု အမိုးက ပြန်ပြောင်းပြောပြခဲ့သည်။

သည်ရိပ်မွန်ကို ရောက်လာပြီဆိုသည်နှင့် အနီးအနားကကင်ဆာဝေဒနာရှင်များကိုကြည့်ပြီး လောကကြီးမှာ သူတစ်ဦးတည်း ကင်ဆာဖြစ်တာမဟုတ်ဘဲ အခြားသူများလည်း ဖြစ်ကြသည်ကိုမြင်ပြီး ဖြေဆည်လာနိုင်သည်ဟု အမိုးက ဆိုသည်။ အမိုး၏ ဘေးနားမှ အချို့ဝေဒနာရှင်များမှာ ရိပ်မွန်ရောက်သည်နှင့်ရက်ပိုင်းအတွင်း ဆုံးသွားကြသည်များရှိသလို လအနည်းငယ်အတွင်း ဆုံးသွားကြသည်များလည်း ရှိပါသည်။

သို့သော် အမိုးက ကြောက်ရွံ့မှုမရှိဟုဆိုသည်။ ”အားလုံးတစ်ရက်မဟုတ် တစ်ရက်သေရမယ့်လူတွေပဲလေ”ဟု အမိုးကတရားကျနေသည်။”ဘယ်သူပဲဖြစ်ဖြစ် သေခြင်းတရားကို ကျော်လို့မရဘူး”အခြားသော ကင်ဆာဝေဒနာရှင်များကဲ့သို့ပင် မသေချာသော မနက်ဖြန်များကို မဝံ့မရဲဖြတ်သန်းနေရသည့် အမိုးထံပါးမှာဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်မှာ မကျိန်းသေသည့်တိုင် ပါးလျလှသောမျှော်လင့်ချက်လေးတစ်ခုတော့ ရှိနေပါသည်။”ဆုတော့ဆုတောင်းတယ်”ဟု အစချီပြီး အမိုးက သူ၏မျှော်လင့်ချက်ကို ယခုလို မရဲတရဲ ဖွင့်ဟသည်။ ”ဒီအနာပျောက်ခဲ့လို့ရှိရင် ကိုယ့်ရွာကိုတစ်ခေါက်လောက် ပြန်မယ်လို့”

 (၁) ဆေးရွက်ကြီး မသုံးပါနဲ့

ဘယ်လိုဆေးရွက်ကြီးမျိုးကိုပဲ သုံးတယ်ဆိုပါစေ၊ သင့်ကိုကင်ဆာဖြစ်မယ့် လမ်းကြောင်းကိုရောက်အောင် ပို့ကြတာချည်းပါပဲ။ ဆေးလိပ်သောက်တာဟာ ကင်ဆာအမျိုးအစားများစွာနဲ့ဆက်စပ်နေပါတယ်။ အဲဒီထဲမှာအဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတွေဟာဆေးလိပ်သောက်တာနဲ့ ဆက်စပ်နေပါတယ်။ဆေးရွက်ကြီးငုံတာဟာလည်း ခံတွင်းကင်ဆာ၊ ပန်ကရိယကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။ သင်ဟာ ဆေးလိပ်မသောက်ဘူးဆိုရင်တောင် ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရတယ်ဆိုရင်အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိနေပါတယ်။ဆေးရွက်ကြီးအသုံးပြုတာကိုရပ်လိုက်မယ်၊ ဒါမှမဟုတ်ရပ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဒါဟာ သင့်ကျန်းမာရေးအတွက်အရေးကြီးဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်တွေထဲက တစ်ခုကို ချမှတ်လိုက်နိုင်တာပဲဖြစ်ပါတယ်။ ကင်ဆာရောဂါ ကြိုတင် ကာကွယ်ရေးမှာ အဲဒီဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ

အစားအသောက် ဝယ်ယူစားသောက်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် ရွေးချယ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချဖို့အတွက်တော့ အထောက်အကူပြုမှာပါ။ အောက်ဖော်ပြပါ လမ်းညွှန်ချက်တွေဟာ အသုံးတည့်မှာပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။အဆီပါတဲ့အသားတွေကိုလျှော့စားပါ။အရက်သောက်တတ်ရင် အသင့်အတင့်ပဲ သောက်ပါ။အကြောင်းကတော့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ။ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အသည်းကင်ဆာတို့ဟာအရက်သောက်တဲ့ပမာဏနဲ့ သောက်တဲ့ ကာလပေါ်မူတည်ပြီးဖြစ်နိုင်ခြေမြင့်မားလာနိုင်လို့ပါပဲ။

(၃) ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပြီး ကိုယ်လက်လှုပ်ရှားပါ

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြင်းဖြင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ကျောက်ကပ်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ကိုယ်လက်လှုပ်ရှားခြင်းဟာလည်း ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချတဲ့နေရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။ တစ်နေ့ကို အနည်းဆုံးမိနစ် ၃ဝ လောက် ကိုယ်လက်လှုပ်ရှားပေးပါ။အဲဒီထက်လုပ်နိုင်ရင် ပိုကောင်းပါတယ်။

(၄) နေရောင်ခြည်ကနေ မိမိကိုယ်ကိုယ် ကာကွယ်ပါ

အရေပြားကင်ဆာဟာ ဖြစ်လေ့ဖြစ်ထအရှိဆုံး ကင်ဆာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားကင်ဆာဆိုတာကြိုတင်ကာကွယ်လို့ရပါတယ်။နေ့လယ်နေ့ခင်း နေရောင်ခြည်မကျရောက်အောင် ရှောင်ပါ။နေပူချိန်မြင့်မားတတ်တဲ့ မနက် ၁ဝ နာရီနဲ့ နေ့လယ် ၄ နာရီကြားမှာ နေပူထဲကို မသွားပါနဲ့။

အရိပ်ထဲမှာနေပါ။ အပြင်ထွက်မှ ဖြစ်မယ်ဆိုရင်လည်း ဖြစ်နိုင်သမျှ အရိပ်ရတဲ့နေရာတွေမှာ နေပါ။ နေကာမျက်မှန်တပ်မယ်၊ဦးထုပ်အဝိုင်းခပ်ကြီးကြီးကို ဆောင်းထားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။အသားကို နေမထိအောင် ဖုံးအုပ်ကာကွယ်ပါ။ ကိုယ့်အရေပြားကို နေဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် အဝတ်အစားတွေကိုရွေးပြီးဝတ်ပါ။နေပူခံလိမ်းဆေးကို မချွေတာပါနဲ့။ အပြင်ထွက်ရင် နေပူခံလိမ်းဆေး (သို့) ခရင်မ်ကို ဖောဖောသီသီလိမ်းပါ။ ခဏခဏလည်း လိမ်းပေးပါ။အသားညိုအောင် နေရောင်ခံတာတွေ၊ ခရမ်းလွန်ရောင်ခြည်မီးအိမ် အသုံးပြုတာတွေကို ရှောင်ကြဉ်ပါ။ အဲဒါတွေဟာ သဘာဝနေရောင်ခြည်လိုပဲ လူကို ထိခိုက်စေပါတယ်။

(၅) ကာကွယ်ဆေးထိုးပါ

ကင်ဆာကာကွယ်ရေးမှာ ဘာပါသလဲဆိုတော့ ဗိုင်းရပ်စ်ပိုးတွေ မကူးစက်အောင် ကာကွယ်ရေးလည်း ပါဝင်ပါတယ်။ ဒီအတွက် ကာကွယ်ဆေးတွေ ထိုးဖို့လိုပါလိမ့်မယ်။အသည်းရောင်အသားဝါ ဘီပိုးဘီပိုးဟာ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားဖို့ လိုပါမယ်။လိင်လမ်းကြောင်းကြွက်နို့ဒါဟာ လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီကနေ သားအိမ်ခေါင်းကင်ဆာနဲ့အတူ လိင်အင်္ဂါနဲ့ပတ်သက်တဲ့ ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ဒီရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဆေးထိုးလို့ ရပါတယ်။

(၆) အန္တရာယ်ဖြစ်နိုင်တဲ့ အမူအကျင့်တွေကို ရှောင်ကြဉ်ပါ

ဘေးကင်းစွာ လိင်ဆက်ဆံပါကိုယ်နဲ့ လိင်ဆက်ဆံဖော်အရေအတွက်ကို ကန့်သတ်ပါ။လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်များလေ လိင်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ရနိုင်လေပါပဲ။HIV/AIDS ရှိတဲ့သူတွေမှာ စအိုကင်ဆာ၊ အသည်းကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ လိင်လမ်းကြောင်းကြွက်နို့ရှိတဲ့ရောဂါဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ပင်းကင်ဆာ၊ မိန်းမနိမိတ်ဝကင်ဆာနဲ့ မိန်းမအင်္ဂါ ဇာတ်ကင်ဆာတွေကိုလည်း ဖြစ်နိုင်ခြေ ပိုမြင့်မားစေပါတယ်။ဆေးထိုးအပ် မျှမသုံးပါနဲ့မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းတဲ့သူတွေအနေနဲ့ဆေးထိုး အပ်မျှမသုံးမိဖို့ သတိထားရပါမယ်။ ဘာလို့လဲဆိုတောHIV ၊ ဘီပိုးနဲ့ စီပိုးတွေကို ကူးစက်နိုင်ခြေရှိလို့ပါပဲ။

(၇) ပုံမှန်ဆေးစစ်ပါ

ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချတဲ့နေရာမှာ ကိုယ့်ကိုကူးစက်ရောဂါတစ်ခုခုဖြစ်စေနိုင်တဲ့ အလေ့အထ အမူအကျင့်တွေကို ဆင်ခြင်ရှောင်ရှားဖို့လည်း လိုပါတယ်။ ဥပမာ…ပုံမှန်ဆေးစစ်ခြင်းဖြင့် ကင်ဆာဖြစ်နေရင် စောစီးစွာသိရမှာဖြစ်ပြီး အချိန်မီကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကင်ဆာရောဂါရှိ၊ မရှိ ပုံမှန်ဆန်းစစ်မှုခံယူပါ။ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ အခွင့်အလမ်းဟာ သင့်လက်ထဲမှာရှိနေပါတယ်။ ဒီကနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ပါ။

အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."