အလယ်ပိုင်းဒေသလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

အလယ်ပိုင်းဒေသလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

Photo: Minn Lwin                             ဝက်မစွတ်ကျေးရွာ စေတီပုထိုးများအနီးမှ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားသည့် အမှတ်အသားဆိုင်းဘုတ်တစ်ခု

၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

မင်းလွင်နှင့် သက်ဦးမွန် ရေးသည်။

မြန်မာ-တရုတ် ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းဖော်ထုတ် ရေးသားနိုင်ဖို့  ကျွန်တော်တို့သတင်းထောက်နှစ်ယောက်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့နယ်ခုနစ်မြို့နယ်ကို သွားရောက်ဖို့ သတင်းခန်းအစည်းအဝေးကနေ တာဝန်ပေးလိုက်ပါတယ်။

ရန်ကုန်ကနေ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ကို နိုဝင်ဘာလ ၁၄ ရက်မှာ ကျွန်တော်တို့စထွက်ခဲ့ကြပြီး ခရီးစဉ်စဆုံး ၁၁ ရက်ကြာသွားခဲ့ကြတာပါ။ ခရီးစဉ်အတွင်းမှာ အမ်း၊ ငဖဲ၊ ရေနံ ချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း၊ စဉ့်ကိုင်နဲ့ မန္တလေးမြို့နယ်ထဲက ကျေးရွာပေါင်း ၁၉ ရွာကို သွားခဲ့ပါတယ်။ ဒေသခံတွေ၊ ပိုက်လိုင်းစောင့်ကြည့်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့    အုပ်ချုပ်ရေးပိုင်းမှပုဂ္ဂိုလ်အချို့ကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတွေထဲက လယ်ယာမြေအရေး၊ သောက်သုံးရေ အခက်အခဲနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့ အပါအဝင် ရှေးဟောင်းအမွေအနှစ်အချို့ ထိခိုက်ပျက်စီးရတဲ့ အခြေအနေတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

အရှိုချင်းများရှိရာ ဒေသ

 

ရန်ကုန်ကနေ နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီမှာစပြီး ထွက်လာတဲ့ အဝေးပြေးဘတ်စ်ကားဟာ နောက်တစ်နေ့နံနက် ၆ နာရီခန့်မှာ ငဖဲမြို့နယ်ထဲက ပဒါန်းကျေးရွာကို ရောက်ပါတယ်။  အရှိုချင်းအများစုနေထိုင်တဲ့ တောင်ပေါ်ကျေးရွာတွေဆီလိုက်ပို့ပေးမယ့် ငဖဲဒေသခံလည်းဖြစ် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Ayeyarwady West Development Organization – AWDO)ကို တည်ထောင်သူတစ်ဦးလည်းဖြစ်သူ ဦးရွှေလေးကို နာရီဝက်လောက် ထိုင်စောင့်ကြရင်း နံနက်စာစားထားလိုက်ကြပါတယ်။

ဦးရွှေလေးရောက်လာတော့ ကျွန်တော်တို့ လမ်းကြောင်း စရွေးပါတယ်။ ရွေးတယ်သာ ပြောရတာပါ၊ နယ်ခံဦးရွှေလေးရဲ့ အစီအမံနဲ့ပဲ တောင်ပေါ်ရွာတွေထဲက အစွန်ဆုံးကျတဲ့ ရခိုင်ပြည်နယ်အမ်းမြို့နယ်အစပ်က ကျေးရွာတွေဆီ အရင်သွားကြဖို့ တိုင်ပင်ကြပြီးတဲ့နောက် နံနက်ခုနစ်နာရီဝန်းကျင်မှာ ကျွန်တော်တို့ ခရီးဆက်ခဲ့ကြပါတယ်။

နေ့လယ် တစ်နာရီဝန်းကျင်ခန့်မှာတော့ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ရဲ့ နယ်ခြားမှတ်တိုင်ကိုကျော်ပြီး အမ်းမြို့နယ်အဆုံးက ဆားပေါက်တောင်ကျေးရွာလေးဆီ ရောက်သွားပါတယ်။ (ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်ပြည်နယ်ထဲက ဒေသတွေကို သွားရောက်သတင်းထောက်လှမ်းဖို့တော့ ကျွန်တော်တို့မော်ကွန်းမဂ္ဂဇင်းက သတင်းထောက် ကိုခင်မောင်မြင့်နဲ့ ကိုသင်တုန်းတို့က တာဝန်ကျပါတယ်။ သူတို့က ဆားပေါက်တောင်ကျေးရွာနဲ့ တစ်ရွာသာခြားတဲ့ ဆင်ခုံတိုင်ကျေးရွာအထိ သူတို့က ခရီးထွက်ခဲ့ကြပါတယ်။)

အဲဒီရွာလေးက မင်းဘူး-အမ်း တောင်ကြားလမ်းပေါ်မှာ ရှိနေပြီး အမ်းမြို့နယ်အပိုင်ပါ။ ငဖဲမြို့ကနေ မိုင်ခုနစ်ဆယ်ခန့် ဝေးပါတယ်။ မင်းဘူး-အမ်းလမ်းရဲ့ ဘေးဝဲယာမှာ အရှိုချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာအုပ်စုဆယ်ခုရှိတဲ့အထဲမှာ အုပ်စုဆယ်ခုစလုံးကို ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းက ဖြတ်သွားပါတယ်။

တောင်ကြားလမ်းဆိုတဲ့အတိုင်း အကွေ့အကောက်၊ အတက်အဆင်း ထူပြောပါတယ်။ ဒေသခံတွေဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေသုံးထောင်ကျော်မြင့်တဲ့တောင်ကြောတစ်လျှောက် အမြင့်ပိုင်းမှာ နေကြပြီး သူတို့ရဲ့ဘဝတွေကတော့ တိုးတက်မြင့်မားခြင်းမရှိပါဘူး။ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရရှိလာတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ  ဘဝခရီးကို ဆက်လျှောက်နေကြရတယ်လို့ သူတို့က ဖွင့်ဟကြပါတယ်။

ကျွန်တော်တို့ ပထမဆုံးရောက်သွားတဲ့ ဆားပေါက်တောင်ရွာက ဦးကုလားဆိုရင် ပိုက်လိုင်းကြောင့် နေအိမ်ခြံဝိုင်း ဖျက်ပေးလိုက်ရပြီး တောင်ကြောကားလမ်းဘေးမှာ အိမ်ကို ရွှေ့ဆောက်ထားရပါတယ်။ ဦးကုလားလိုပဲ အိမ်ဝိုင်းဖျက်ပေးလိုက်ရတဲ့သူ အဲဒီရွာမှာ ကိုးဦးရှိတယ်လို့ သူက ပြောပါတယ်။

ကားလမ်းဘေးမှာ ခနော်နီခနော်နဲ့ ဆောက်ထားတဲ့ သူ့အိမ်လေးဟာ ပိုက်လိုင်းစီမံကိန်းပြီးတော့ ကျန်ခဲ့တဲ့ သွပ်အပိုင်း အစအချို့ကို အမိုးရောအကာပါလုပ်ထားတဲ့ ၁ဝ ပေပတ်လည် သာသာရှိတဲ့ အိမ်လေးပါပဲ။

အိမ်ဝိုင်းဖျက်ပေးလိုက်ရတဲ့အပြင် သူလုပ်ကိုင်စားသောက်နေတဲ့ ယာမြေတစ်ဧကကိုပါ ပိုက်လိုင်းစီမံကိန်းက ဝါးမျိုသွားခဲ့ပါတယ်။ လျော်ကြေးငွေက နတ္ထိ၊ လုပ်ကိုင်စားစရာလည်းမရှိတော့ အဝေးရောက်နေတဲ့သားသမီးတွေရဲ့ ထောက်ပံ့မှုနဲ့ပဲ အသက်ဆက်နေရတဲ့အကြောင်း ”မတတ်နိုင်ဘူးလေ၊ ဒီလိုပဲ နေရတာပဲ”လို့ အသက် ၇ဝ ကျော်ပြီဖြစ်တဲ့ ဦးကုလားက ညည်းတွားပါတယ်။

ဦးကုလားရဲ့စိုက်ခင်းတွေက နေအိမ်ခြံဝိုင်းနဲ့ တစ်ဆက်တည်း ရှိခဲ့တာပါ။ သူ့စိုက်ခင်းထဲမှာ ကော်ဖီအပင်တစ်ရာကျော် ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ မြေစာရင်းတာဝန်ရှိသူက လျော်ကြေးငွေရရှိဖို့ မြေကွက်အကျယ်အဝန်းတွေကို ပေကြိုးနဲ့တိုင်းခိုင်းလို့ ဦးကုလားကိုယ်တိုင် တိုင်းခဲ့ရပေမယ့် စိုက်ပျိုးပင်တွေဟာ အတုတွေဖြစ်တယ်ဆိုပြီး အကြောင်းပြကာ လျော်ကြေးမပေးခဲ့တဲ့ အကြောင်း သူက ဆက်ပြောပါတယ်။ (အပင်တုလို့ဆိုရာမှာ ပိုက်လိုင်းစီမံကိန်းမတိုင်ခင်က စိုက်ပျိုးခဲ့တာမဟုတ်ဘဲ လျော် ကြေးပေးမယ်ဆိုမှ အခြားနေရာက သီးနှံပင်တွေကို ရွှေ့စိုက်ထား တဲ့ အပင်တွေလို့ ဆိုလိုချင်တာပါ။)

သူ့ကော်ဖီပင်တွေက နှစ်နှစ်ကျော် သက်တမ်းရှိပြီလို့ ဆိုပါတယ်။  လျော်ကြေးမရတဲ့အပေါ်  စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့တဲ့အတွက်  ”ကျွန်တော် တောင်းလည်း မတောင်းတော့ဘူး”လို့ ဦးကုလားဆီက လေသံခပ်လေးလေးကို ကြားရတယ်။

ဆားပေါက်တောင်ရွာမှာ အိမ်ခြေတစ်ရာကျော်ရှိတဲ့အနက် ပိုက်လိုင်းစီမံကိန်းအတွင်း နေအိမ် ၁၄ လုံးပါသွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ သူတို့လက်ရှိ ရင်ဆိုင်နေရတာက စိုက်ပျိုးမြေတွေမရှိတော့လို့ မိသားစုစားဝတ်နေရေး ကျပ်တည်းလာတာနဲ့ အလုပ်အကိုင်ရှားပါးတာကြောင့် ဘဝရပ်တည် ရေးခက်ခဲလာနေတယ်လို့ ကျွန်တော်တို့ တွေ့မေးခဲ့တဲ့ ရွာသားတွေက ဆိုပါတယ်။

ဆားပေါက်တောင်ရွာမှာ သိလိုသမျှတွေကိုမေးမြန်းပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ပြီး မနက်ပိုင်းက ကျော်ဖြတ်လာခဲ့တဲ့ ကျေးရွာတွေဆီ ဦးတည်ခရီးနှင်ခဲ့ကြပြန်ပါတယ်။ ဆားပေါက်တောင်ကနေ နောက်ထပ်ဝင်ရမယ့် မထုံးရွာကို ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက် မောင်းလိုက်ရတယ်။ မထုံးက ငဖဲမြို့နယ်အပိုင်ထဲမှာ တည်ရှိတာပါ။

ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီးဦးရွှေလေးကပဲ ဒေသခံတွေနဲ့ မိတ်ဆက်ပေးပြီးတော့ သူတို့ရဲ့ မြန်မာစကားသံခပ်ဝဲဝဲကို ကျွန်တော်တို့နားမလည်တဲ့အခါ အဓိပ္ပာယ်ကို နားလည်အောင် သူကပဲ ရှင်းပြပေးရပြန်ပါတယ်။

မထုံးကျေးရွာတောင်သူတွေရဲ့ အဓိကအသက်မွေးဝမ်း ကျောင်းအလုပ်က တောင်ယာတွေမှာ နှစ်ရှည်သီးနှံပင်တွေ စိုက်ပျိုးကြတာပါ။ ကော်ဖီ၊ တညင်း၊ ကဗ္ဗလာ၊ သံပရာ စတဲ့ သီးနှံတွေ ပေါ့။ ၂ဝ၁ဝ မှာ စတင်လိုက်တဲ့ ပိုက်လိုင်းစီမံကိန်းက သူတို့ရဲ့ ဘဝတွေကို နင်းချေသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စီမံကိန်းစချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ ဦးလွှီအန်ရဲ့ အဆိုအရ တစ်ရွာလုံးမှာ အိမ်ထောင်စုပေါင်း ၈ဝ လောက် ရှိတဲ့အထဲက အိမ်ထောင်စု ၇ဝ လောက်ရဲ့ မြေယာတွေ ပိုက်လိုင်း စီမံကိန်းထဲပါသွားတယ်လို့ ဆိုပါတယ်။ အများစုက သူတို့ရဲ့ မြေယာတွေပေါ် စိုက်ပျိုးထားတဲ့ သီးနှံပင်တွေကိုပါ စွန့်လွှတ်လိုက် ကြရတဲ့အကြောင်း ဦးလွှီအန်က ပြောပါတယ်။

”လျော်ကြေးပေးမယ်၊ ပေးမယ်ဆိုပြီး သူတို့(ဌာနဆိုင်ရာနဲ့ ပိုက်လိုင်းကုမ္ပဏီ) က လာလာညှိတယ်။ ပြီးတော့လည်း ပေး သလောက်ပဲ ယူလိုက်ရတာပဲ”လို့ သူက ဆိုပါတယ်။

ဌာနဆိုင်ရာတာဝန်ရှိသူတွေက စီမံကိန်းလုပ်ဆောင်ဖို့ မြေတိုင်းတာမှုတွေလာလုပ်ကြတော့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ သူ့ရဲ့ အိမ်မှာပဲ တည်းခိုသွားခဲ့ကြပေမယ့် သူကတော့ ဘာမှကြိုမသိခဲ့ရတဲ့အပြင် သူပိုင်တဲ့ မြေသုံးဧကကျော်ပါ ပိုက်လိုင်းစီမံကိန်းထဲပါသွားတယ်လို့ ဦးလွှီအန်က ပြောပါတယ်။

”တည်းသွားတဲ့သူတွေကို တွေ့ရင်တော့ တစ်ခုခုကို ပြောလိုက်မယ်ဆိုပြီး စိတ်ကူးတာ၊ စီမံကိန်းစတော့ သူတို့ ပြန်ပါမလာကြတော့ဘူးလေ” လို့ ရယ်ကျဲကျဲနဲ့ ပြန်ပြောပြတယ်။

ဒေသခံတွေအနေနဲ့ ဦးလွှီအန်လို မြေယာဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့အပြင် သောက်သုံးရေအခက်အခဲကိုလည်း နေ့စဉ် ကြုံတွေ့နေရပါသေးတယ်။ တောင်ပေါ်ကျေးရွာတွေဖြစ်လို့ သောက်ရေသုံးရေအတွက် စိမ့်စမ်းတွေကိုပဲ အားကိုးပြုကြရပါတယ်။ တောင်ဆင်ခြေလျှောနဲ့ တောင်စောင်းအောက်ဘက်မှာရှိတဲ့ စိမ့်စမ်းတွင်းတွေကနေ နှစ်လက်မပလတ်စတစ်ပိုက်လုံးတွေနဲ့ အိမ်တွေဆီကို သွယ်ယူပြီး သုံးစွဲကြရတာပါ။ အနီးဆုံးတွင်းတွေက ရွာတွေနဲ့ တစ်ဖာလုံလောက်အကွာမှာ ရှိနေတာ တွေ့ရပါတယ်။

ပိုက်လိုင်းစီမံကိန်းရဲ့ အကျိုးဆက်ကြောင့် စိမ့်ထွက်မြေ အောက် ရေကြောတွေ လမ်းကြောင်းပြောင်းသွားတာ၊ စွန့်ပစ် မြေစာတွေ ဖို့သွားလို့ စိမ့်တွင်းတွေ ပျက်စီးပြီး လုံးဝသုံးမရတဲ့ အထိဖြစ်တာတွေလည်း ရှိတဲ့အကြောင်း ပိုက်လိုင်းစောင့်ကြည့် ရေးလှုပ်ရှားမှု ဆောင်ရွက်နေတဲ့ ဧရာဝတီမြစ်အနောက်ဘက် ကမ်းဖွံ့ဖြိုးရေးအဖွဲ့(AWDO) ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးရွှေလေးက ပြောပါတယ်။

ဦးရွှေလေးပြောတဲ့ စိမ့်တွင်းတွေ ပျက်စီးသွားတယ်ဆိုတဲ့ လင်းဒဲရွာကို ကျွန်တော်တို့ ဆက်ထွက်လာခဲ့ကြပါတယ်။ မထုံးနဲ့ သုံးမိုင်သာဝေးတဲ့ အဲဒီရွာကိုရောက်တော့ ညခုနစ်နာရီရှိနေပါပြီ။ နောက်တစ်နေ့မနက်မှာ လင်းဒဲရွာတစ်ဝိုက် ဒေသခံတွေနဲ့ တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

လင်းဒဲရွာမှာ အိမ်ခြေ ၁ဝ၇ လုံးရှိပြီး လူဦးရေ ၆ဝဝ ကျော်ရှိတယ်လို့ လင်းဒဲကျေးရွာစာရေး ဦးသိန်းလှိုင်က ပြော တယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပိုက်လိုင်းကုမ္ပဏီတွေကို စိမ့်တွင်းတွေ ပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ဘာမှမလုပ်ပေးဘူးလို့ သူက ဆိုပါတယ်။

ရေသွယ်ယူမှုအတွက် ယခင်က ကိုက် ၂ဝဝ လောက်အကွာ အဝေးကို ကျပ်တစ်သောင်းနီးပါးသာ ကုန်ကျပေမယ့် အခု ကိုက် ၅ဝဝ အကွာလောက်ဖြစ်သွားတာကြောင့် ကျပ်နှစ်သောင်းခန့် ပိုကုန်ကျနေတယ်လို့ ဦးသိန်းလှိုင်က ရှင်းပြပါတယ်။

”အရင်ကရှိခဲ့တဲ့ စိမ့်တွင်းဆယ်တွင်းက အခု တစ်ဝက် နီးပါးလောက် သုံးလို့မရတော့ဘူး”လို့ သူက ဆက်ပြောပါတယ်။

လင်းဒဲရွာမှာ မေးမြန်းပြီးတော့ မနက် ၁၁ နာရီမှာ ငဖဲမြို့ ပေါ်ကိုပြန်ဖို့ ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ဂုတ်ကြီး၊ မြေလတ်၊ ဂုတ်ဝ၊ ပျဉ်းဝနဲ့ ဇင်ပြွန်းကျေးရွာတွေကိုဝင် ရောက်လေ့လာခဲ့ပါတယ်။ မြေလတ်ရွာရဲ့ အစုအဖွဲ့ပိုင် သစ်တောထဲကနေ ပိုက်လိုင်းက ဖြတ်သန်းသွားပြီး ကျန်တဲ့ရွာတွေမှာတော့ လယ်ယာမြေပြဿနာ အနည်းငယ်ရှိတာ ကြားသိခဲ့ရပါတယ်။

မြေလတ်ရွာနဲ့ ဇင်ပြွန်းရွာတွေရဲ့ အနီးအနားမှာတော့ ပိုက် လိုင်းရဲ့ အဖွင့်အပိတ်ဘားတွေရှိတဲ့  Bar Stationနှစ်ခုကို တွေ့ရတယ်။ တစ်ဧကခွဲ၊ နှစ်ဧကလောက်ကျယ်တဲ့မြေကွက်ပေါ်မှာ လူတစ်ရပ်လောက်အမြင့်ရှိတဲ့ အုတ်တံတိုင်းခတ်ထားပြီး ဝင်းထဲမှာ သွပ်မိုးသွပ်ကာ အဆောက်အအုံတစ်လုံးရှိပါတယ်။

ဒီစတေရှင်တွေမှာတော့ ဒေသခံတွေကိုပဲ လုံခြုံရေး အစောင့်ဝန်ထမ်းတွေအဖြစ် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည် ဆောက်ရေးကုမ္ပဏီက အလုပ်ခန့်ထားပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငဖဲမရောက်ခင် ပဒါန်းလမ်းဆုံရောက်တော့ ညခုနစ်နာရီခွဲ လောက်ရှိနေပြီမို့  ပဒါန်းကတည်းခိုခန်းတစ်ခုမှာပဲ ညအိပ်လိုက် ကြပါတယ်။

ညမအိပ်ခင် ဦးရွှေလေးကို သိလိုတာတွေ ထပ်မံမေးမြန်းခဲ့ကြပါတယ်။ ငဖဲမြို့နယ်ထဲက ပိုက်လိုင်းဖြတ်သွားတဲ့ ကျေးရွာ ပေါင်း ၁၈ ရွာမှာ လယ်ယာမြေဧကပေါင်း ၃၃ဝ ကျော် ပျက်စီး ကျန်ခဲ့တယ်လို့ AWDO အဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

လျော်ကြေးငွေပေးတဲ့အပိုင်းမှာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဌာနဆိုင်ရာနဲ့ နီးစပ်သူများသာ လျော်ကြေးငွေကို ကာလပေါက် ဈေးအတိုင်း အပြည့်အဝမရခြင်း၊ ယခင်က မိသားစုတွေ စည်း စည်းလုံးလုံး ရှိခဲ့ကြပေမယ့် လျော်ကြေးငွေကိစ္စတွေကြောင့်  မိသားစု စိတ်ဝမ်းကွဲရတာတွေ ဖြစ်လာတယ်လို့ ဦးရွှေလေးက ဆိုပါတယ်။

”ဒေသခံတချို့မှာဆိုရင် မြေယာလည်း ဆုံး၊ လျော်ကြေးလည်း မရနဲ့ နှစ်ခါနစ်နာနေရတယ်”လို့ သူက ပြောပါတယ်။

နောက်တစ်ရက်မှာတော့ လျော်ကြေးငွေတွေ ကိစ္စ၊ သောက်သုံးရေပြဿနာအပါအဝင် နစ်နာမှုတွေကို ဖြေရှင်း ဆောင်ရွက်တာနဲ့ပတ်သက်လို့ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနမှူးရုံးကို ကျွန်တော်တို့ နှစ်ကြိမ်တိုင်တိုင် သွား ရောက်ခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက ”သွားစရာရှိလို့”ဟု သာပြောပြီး အပြင်ထွက်သွားတာကြောင့် တွေ့ ခွင့်မရခဲ့ပါဘူး။

အခြားမြို့နယ်တွေကို သွားရောက်ဖို့ ရှိတဲ့အပြင် ခရီးစဉ်က လည်း အချိန်အကန့်အသတ်ရှိတာကြောင့် ငဖဲမြို့ကနေ အဲဒီ နေ့(နိုဝင်ဘာ ၁၇ ရက်)ညကားနဲ့ပဲ ရေနံချောင်းမြို့ကို ခရီးဆက် ခဲ့ကြပါတယ်။

ရေနံချောင်း

 

နိုဝင်ဘာ ၁၈ ရက်မနက်မှာတော့ ရေနံချောင်းမြို့ကို ရောက်ပြီး ရေနံချောင်းမြို့ခံလည်းဖြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေသအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စိမ်းလန်းသော အနာဂတ်(Green Future – GF)အဖွဲ့မှ ဦးဆောင်သူ တစ်ဦး လည်းဖြစ်တဲ့ ဦးကျော်ငြိမ်းနဲ့ အဆက်အသွယ်ရပါတယ်။

ရေနံချောင်းတစ်မြို့နယ်ထဲက ကျေးရွာပေါင်း ၂ဝ ကို မြန်မာ-တရုတ် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းက ဖြတ်သန်းသွားတာ ပါ။ ဒီရွာတွေထဲက  ဘဲဆိပ်၊ ငါးလ္တာနဲ့ ဝက်မစွတ်ကျေးရွာတွေ ကို သွားဖို့ ကျွန်တော်တို့ ရွေးချယ်လိုက်ကြတယ်။ အကြောင်းက တော့ ဘဲဆိပ်ရွာနဲ့ ငါးလန္တာရွာတွေမှာ လယ်ယာမြေပြဿနာ တွေရှိနေပြီး ဝက်မစွတ်ရွာမှာတော့ ရှေးဟောင်းအမွေအနှစ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ရှိနေလို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ပထမဆုံးဝင်ဖြစ်တဲ့ ဘဲဆိပ်ရွာက ရေနံချောင်းမြို့နဲ့ ခြောက်မိုင်ကျော်ဝေးပါတယ်။ ဘဲဆိပ်ရွာက လယ် ယာမြေပြဿနာ အဆိုးရွားဆုံးကြုံတွေ့ရတဲ့ ကျေးရွာတွေထဲက တစ်ခုလို့ ဦးကျော်ငြိမ်းက ပြောပါတယ်။ သူက သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လုပ်ရှားမှုတွေကို GF အနေနဲ့ ဆောင်ရွက်နေတာ ရှိသလို မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီရဲ့ ရေနံချောင်းမြို့နယ်တာဝန်ခံတစ်ဦးပါ။

လယ်ယာမြေဆုံးရှုံးမှု၊ သီးနှံပျက်စီးမှုနဲ့ လျော်ကြေးငွေမရရှိတာတွေကြောင့် စိတ်ထိခိုက်ပြီး အသက်သေဆုံးသွားသူအချို့ ရှိနေတယ်လို့  ဘဲဆိပ်ရွာခံတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့လေး ငါးလလောက်ကဆုံးသွားတဲ့ ဦးသာအေးဟာ ဒီလိုအသက်သေဆုံးရသူတွေထဲက တစ်ယောက်ပါပဲ။

၂ဝ၁ဝ နှစ်ကုန်ခါနီးမှာ ပိုက်လိုင်းစီမံကိန်းအတွက် ဘဲဆိပ်ရွာအနီးမှာ မြေယာတိုင်းတာမှုတွေ လာရောက်လုပ်ဆောင်ကြ ပါတယ်။ ဦးသာအေးတစ်ယောက် သူ့လယ်ယာမြေတွေကို မြေတူးစက်ကြီးနဲ့တူးဆွနေတာကိုမြင်ရပြီး အိမ်ပြန်ရောက်လာကတည်းက အစားကောင်းကောင်းမစားတော့ဘူးလို့ ဦးသာအေးနဲ့ အတူနေ သမီးကြီးဖြစ်သူ ဒေါ်ဝင်းကလည်း ပြောပါတယ်။ သူ့ယာထဲကို အခေါက်ခေါက်သွားကြည့်၊ အစာကောင်းကောင်း မစား၊ လေသင်တုန်းဖြတ်၊ အိပ်ရာထဲမှာ နာတာရှည်ဗုန်းဗုန်းလဲ၊ သူ့မြေတွေအကြောင်း တဖွဖွပြောရင်း နောက်ဆုံးတော့ အသက် ပါဆုံးပါးသွားတယ်လို့ ဆိုပါတယ်။

ဦးသာအေးရဲ့ ယာမြေလေးဧကကျော်ကို ပိုက်လိုင်းစီမံကိန်းက ဝါးမျိုသွားပေမယ့် လျော်ကြေးငွေတစ်ပြားတစ်ချပ်မှ ပြန်မရဘူးလို့ သူ့သမီးတွေက ပြောပါတယ်။ သူ့ယာမြေတွေဟာ သူအိမ်ထောင်ဦးကတည်းကစလို့ သေဆုံးချိန် အသက် ၈ဝ ကျော်အထိ ဓားမဦးချလုပ်ကိုင်လာခဲ့တဲ့ မြေတွေဖြစ်ပေမယ့် သစ်တောဌာနက တာဝန်ရှိသူတွေက သစ်တောဧရိယာထဲပါနေလို့ လျော်ကြေးမရနိုင်ဘူးလို့ သူတို့ကို အသိပေးလာတယ်လို့ ဒေါ်ဝင်းက ဆက်ပြောပြတယ်။

ဦးသာအေးလိုပဲ ဘဲဆိပ်ရွာသူ ဒေါ်မြရင်ဟာလည်း မြေယာဆုံးရှုံးရလို့ စိတ်ထိခိုက်ပြီး ကျန်းမာရေးချို့တဲ့လာရာက အသက်သေဆုံးခဲ့ရပြန်တယ်လို့ ရွာခံတွေက ဆိုကြပါတယ်။ ဒေါ်မြရင်ရဲ့ သားအငယ်ဆုံး ကိုဝင်းဗိုလ်ဟာလည်း မြေယာဆုံးတဲ့ အပြင် မိခင်ကိုပါ ဆုံးရှုံးလိုက်ရတော့ စိတ်ထွက်ပေါက်ရှာကာ တစ်ခွက်၊ နှစ်ခွက်စမ်းသောက်ရင်းက ခုတော့ အရက်သမားလုံးလုံး ဖြစ်နေပြီလို့ ဘဲဆိပ်ရွာရဲ့ ရပ်မိရပ်ဖ ဦးမြကြိုင်က ဆိုပါတယ်။

ကျွန်တော်တို့ ကိုဝင်းဗိုလ်ကို တွေ့လိုက်ရတော့ ယမကာနံ့ တထောင်းထောင်း၊ ဆံပင်က စုတ်ဖွားဖွား၊ အသားက ညိုမောင်းမောင်း၊ ဖောင်းအစ်အစ် သူ့မျက်နှာဟာ အဆီတွေ တရစ်ရစ်နဲ့ ပြောင်တင်းတင်းဖြစ်နေတယ်။

သူ့အမေဒေါ်မြရင်ပိုင်တဲ့ မြေတစ်ဧကကျော်နဲ့ ဆီးပင်ခုနစ်ပင် ပိုက်လိုင်းစီမံကိန်းထဲပါသွားတယ်လို့ ဆိုပါတယ်။ အခြား မြေယာဆုံးရှုံးသူတွေ လျော်ကြေးရတယ်သတင်းကြားလို့ ကိုဝင်း ဗိုလ် ရေနံချောင်းထွေ/အုပ်ရုံးမှာ သွားထုတ်တော့ ဆီးပင်နှစ်ပင် အတွက် တစ်ပင်ကို ငွေကျပ်တစ်သိန်းနှုန်းနဲ့ ငွေနှစ်သိန်းသာ ရခဲ့တယ်လို့ သူက ဆိုတယ်။ ဆီးတစ်ပင်ကို တစ်နှစ်ဝင်ငွေ ငါးသောင်းဝန်းကျင်ခန့် ရကြတယ်လို့ ဒေသခံတွေက ဆိုကြတာကြောင့် ဆီးပင်ခုနစ်ပင်ရဲ့ တစ်နှစ်ဝင်ငွေဟာ ကျပ်သုံးသိန်းခွဲ ဖြစ်ပါတယ်။

”ဆီးပင်ငါးပင်နဲ့ သီးနှံဖိုး၊ မြေဖိုးတစ်ကျပ်မှ မပေးဘူး”လို့ ကိုဝင်းဗိုလ်က ပြောတယ်။

အမေရှိခဲ့တုန်းက မိသားစုစားဝတ်နေရေးအတွက် အလုပ်ကိုရေရေရာရာမလုပ်ခဲ့မိတဲ့ ကိုဝင်းဗိုလ်တစ်ယောက် ”ခုတော့ ဒုက္ခတွေ့နေရပြီ”လို့ သူက ရှိုက်သံသဲ့သဲ့နဲ့ ခပ်အုပ်အုပ်ပြောတယ်။

ပါးပြင်ပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို ဝဲဘက်လက်ဖမိုးနဲ့ ပင့်သုတ်နေတဲ့ ကိုဝင်းဗိုလ်ဟာ အသက် ၃၅ နှစ်ရှိပါပြီ။ ကိုဝင်းဗိုလ်က ယခုလိုလည်း ညည်းတွားပါသေးတယ်။

”ကျွန်တော်အသက်ရှင်နေရတာကို မပျော်တော့ဘူးဗျာ”

ပိုက်လိုင်းက စလိုက်တဲ့ အကျိုးဆက်ဟာ ဒေါ်မြရင်ရဲ့သား ကိုဝင်းဗိုလ်လို၊ ဦးသာအေးရဲ့ သမီးတွေနဲ့ ကျန်ရစ်သူ မိသားစု တွေလို မိသားစုဘဝတွေ သေကွဲကွဲကြရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့ဘဲဆိပ်ရွာနဲ့ လေးမိုင်လောက်သာဝေးတဲ့ ငါးလန္တာရွာမှာတော့ မိသားစုဘဝတကွဲတပြားနဲ့ သေကွဲမကွဲ ရှင်ကွဲကွဲနေရတဲ့ ဦးသန်းမြင့်တို့လို လူတွေလည်း ရှိနေပါသေးတယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးသန်းမြင့်မှာ သားသမီး ခြောက်ယောက်အပါအဝင် မိသားစုဝင်အားလုံးရှစ်ယောက်ရှိပါတယ်။ သူနေတဲ့ ငါးလန္တာရွာဟာ ဧရာဝတီမြစ်ရေတွေ ဝိုင်းပတ်စီးဆင်းနေတဲ့ကျွန်းရွာလေးပါ။ အများစုက မိသားစုစားဝတ်နေရေး အတွက် မြေနုကျွန်းတွေမှာ ပဲမျိုးစုံနဲ့ နှမ်း စတဲ့သီးနှံတွေကို စိုက်ပျိုးကြပါတယ်။

ယခင်တုန်းက ဦးသန်းမြင့်မှာ မြေဧက ၂ဝ ကျော်ရှိခဲ့ပေမယ့် ပိုက်လိုင်းစီမံကိန်း  ဝင်ရောက်ပြီးတဲ့နောက်မှာတော့ လုပ်ကိုင် စားစရာ မြေခုနစ်ဧကခန့်ပဲကျန်တော့တယ်လို့ သူက ပြောပါတယ်။ ပျက်စီးသွားတဲ့ မြေယာတွေအတွက် သုံးကြိမ်ခွဲပြီးတော့ ကျပ်သိန်းတစ်ရာကျော် ရလိုက်တယ်လို့ ဦးသန်းမြင့်က ဆိုတယ်။

မြေရှိနေသရွေ့ ခေတ်အဆက်ဆက်စိုက်ပျိုးစားသောက်ဝင်ငွေ ရှာနိုင်ပေမယ့် ငွေဆိုတာကတော့ သုံးလိုက်ရင် ကုန်သွားမှာ ဖြစ်တာကြောင့် ရေရှည်မှာ ဘဝအတွက် အထောက်အပံ့ဖြစ်စေမှာ မဟုတ်ဘူလို့ သူက ယူဆပြီး သူ့သားတစ်ယောက်ကို လျော်ကြေး ငွေတချို့နဲ့ မလေးရှားကို အလုပ်လုပ်ဖို့ ပို့လိုက်ပါတယ်။ ကျန်ငွေအချို့ကိုတော့ သမီးအငယ်ကို တက္ကသိုလ်ကျောင်းဆက်ထားပြီး အိမ်လေးတစ်လုံးပြန်ဆောက်ခဲ့ပါတယ်။ ကျန်တဲ့မြေယာကရတဲ့ ဝင်ငွေဟာ မိသားစုစားဝတ်နေရေး မလောက်ငတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မှာရှိတဲ့ ဆွေမျိုးနီးစပ်ဘုန်းကြီး ကျောင်းမှာ သူ့ဇနီးက သွားရောက်နေထိုင်နေပါတယ်။

မိသားစုစားဝတ်နေရေး ခက်ခဲလာတာ၊ အကြွေးတွေ တင် လာနေတာကို ”အကြွေးပတ်ပတ်လည်၊ နွားတပြုတ်ပြုတ်”လို့ ပြန်ပြောပြနေတဲ့ ဦးသန်းမြင့်က ဧရာဝတီမြစ်ကမ်းပါးပေါ်က ပိုက်လိုင်းကိုငုံပြီး တည်ဆောက်ထားတဲ့ ကွန်ကရစ်ရေကာတာပေါ်မှာ တင်ပျဉ်ခွေလေးထိုင်လို့။

ရှေးဟောင်းအမွေနှစ်တွေကြားက ခေတ်သစ်ပိုက်လိုင်း

ဦးသန်းမြင့်တစ်ယောက် တင်ပျဉ်ခွေထိုင်ကာ သူ့မိသားစု အကြောင်း ကျွန်တော်တို့ကို ပြောပြနေတဲ့ ဧရာဝတီမြစ်ကမ်းပေါ် ကနေပြီး အခြားတဖက်ကမ်းကို လှမ်းကြည့်လိုက်မယ်ဆိုရင်တော့  အရောင်အသွေးစုံ စေတီတော်တွေနဲ့ ဝက်မစွတ်ကျေးရွာကို လှမ်းမြင်ကြရပါတယ်။

ဦးသန်းမြင့်ထိုင်နေတဲ့ ရေကာတာအောက်ကနေ ဓာတ်ငွေ့ပိုက်လိုင်းကြီးဟာ ဧရာဝတီမြစ်ထဲကို ငုပ်လျှိုးပြီး နောက်တစ်ဖက် ကမ်းဖြစ်တဲ့ ဝက်မစွတ်ကျေးရွာဘက်ကို တက်သွားတဲ့ ကွန်ကရစ် ရေကာတာကိုလှမ်းမြင်နေရပါတယ်။ ဝက်မစွတ်ကမ်းဘက် ပိုက် လိုင်းဖြတ်သန်းသွားရာ တစ်လျှောက်မှာရှိတဲ့ သစ်ပင်တွေဟာ ရှင်းလင်းနေတာကို တွေ့ရတယ်။

ငါးလန္တာရွာကနေ ဝက်မစွတ်ဘက်ကို ကျွန်တော်တို့ စက်လှေနဲ့ကူးဖြတ်ခဲ့ကြပါတယ်။ ဝက်မစွတ်ဘက်ရောက်တဲ့အချိန်မှာ ညခုနစ်နာရီနီးပါးဖြစ်နေတာကြောင့် ရေနံချောင်းမြို့ပေါ်ကိုပဲ တန်းသွားလိုက်ကြပြီး နောက်နေ့မနက်မှပဲ ပြန်လာခဲ့လိုက်        ကြတယ်။

ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေ၊ ထုံးသင်္ကန်းဖွေးဖွေးနဲ့ စေတီတော်တို့အပြင် ရှေးလက်ရာတို့ ရောပြွမ်းနေတဲ့ တစ် စိတ်တစ်ပိုင်းပြိုပျက်ရာ စေတီတွေနဲ့အဲဒီရွာလေးမှာ ရှေးစဉ်လာ သမိုင်းကြောင်းလည်း ရှိခဲ့တယ်လို့ ဝက်မစွတ်ရွာက ယွန်း ကျောင်းဆရာတော် ဘဒ္ဒ န္တဓမ္မာစိဏ္ဏက မိန့်ပါတယ်။

ဆရာတော် ရွှေကိုင်းသား ရေးသားတော်မူခဲ့တဲ့ စေတီပျံ မြတ်စွာဘုရားရဲ့ အတ္ထုပ္ပတ္တိစာတမ်းနဲ့ နှိုးဆော်စာပါ စာမျက်နှာ ၁ မှာလည်း ‘သာသနာတော်သက္ကရာဇ် ၂၃၈၇ ခု၊မြန်မာသက္ကရာဇ် ၁၂ဝ၅ ခုနှစ်တွင် ဝက်မစွတ်မြို့၊ အိမ်ခြေ ၃ဝ,ဝဝဝ ကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၄ဝ ကျော်ရှိ၍ စည်ကားစဉ်’လို့ စေတီတော် သမိုင်းအားရေးဖွဲ့ခဲ့ရာမှာ ဝတ်မစွတ်မြို့ဟောင်းအကြောင်း ထည့်သွင်းသုံးနှုန်းထားတာကို တွေ့ရပါတယ်။

ဝက်မစွတ်ရွာက ရေနံချောင်းမြို့နဲ့ ရှစ်မိုင်ခန့်ဝေးပါတယ်။ ရွာရဲ့အရပ်လေးမျက်နှာမှာ စေတီပုထိုးပေါင်း လေးဆယ်ခန့်ရှိ တယ်လို့ ယွန်းကျောင်းဆရာတော်က မိန့်ပါတယ်။ ၂ဝ၁၁ လောက်မှာစပြီး အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာ-တရုတ် ပိုက်လိုင်းက စေတီပုထိုးတွေ အနီးကနေ ဖြတ်သန်းသွားလို့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာကို ဆရာတော်က စိုးရိမ် နေပါတယ်။

ဝက်မစွတ်မြို့ဟောင်းနဲ့ပတ်သက်တဲ့ တူးဖော်တွေ့ရှိသမျှ ပစ္စည်းအားလုံးကိုလည်း ဆရာတော်ကပဲ သူသီတင်းသုံးတဲ့ ကျောင်းဝင်းအတွင်းမှာ သိမ်းဆည်းထားတာပါ။ ထိန်းသိမ်းတဲ့ အထဲမှာ မင်းသားတစ်ပါးရဲ့ စလွယ်လို့ယူဆရတဲ့ အဝတ်တန်ဆာ၊ ချိတ်လုံချည်အရောင်နှစ်မျိုး စတာတွေကိုတော့ အာဏာရှင် ဟောင်းဦးနေဝင်းရဲ့ ပါတီကောင်စီလက်ထက်မှာ ရှေးဟောင်း ဌာနက အလှူခံလို့ စွန့်လိုက်ရကြောင်း သူက မိန့်ပါတယ်။ လက်ရှိ မှာတော့ ပေပုရပိုက်တွေနဲ့ မြေအိုးဟောင်းတွေကို ကျောင်းဝင်း ထဲက ပြတိုက်မှာ တွေ့ရပါတယ်။

ဒါပေမဲ့ ပိုက်လိုင်းစီမံကိန်းစလုပ်တော့ ဒီလိုရှေးဟောင်း နယ်မြေထဲ ဖြတ်သွားမှာကို မေးလျှောက်ခြင်း တစ်ခုမှမရှိခဲ့ဘူးလို့ ဆရာတော်ကဆိုရင်း အခုလိုမှတ်ချက်ပေးပါတယ်။

”အမှန်တော့ ဒီကိစ္စတွေက အုပ်ချုပ်ရေးပိုင်းမှာ ထိန်းသိမ်းဖို့တာဝန်အများကြီးရှိတယ်။ ရှေးသမိုင်းအစဉ်အလာလည်း ရှိခဲ့ တဲ့နယ်မြေမှာ လက်လွတ်စပယ် မလုပ်သင့်ဘူး”

အဆိုပါ ရှေးဟောင်းနယ်မြေနဲ့ ပတ်သက်လို့ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)မှ ညွှန်ကြားရေးမှူး ဦးဝေဦးကတော့  မော်ကွန်းကို ခုလိုပြောပါတယ်။

”(စေတီတွေ)ဘေးနားက ဖြတ်သွားတာမှန်တယ်။ ဘုရား သေးသေးကလေးတွေပါတယ်။ ဘုရားမြေဆိုပြီး အုတ်တံတိုင်း တွေ မရှိဘူး။ ပရဝဏ်နဲ့လည်း မဟုတ်ဘူး။ တချို့က အုတ်ပုံလိုဟာမျိုး တွေ့တယ်။ စေတီသေးသေးလေးတွေပါ။ ရှေဟောင်းမြေ ဆိုတာ ဟုတ်ပါလိမ့်မယ်။ သတ်သတ်မှတ်မှတ်မလုပ်ထားဘူး”လို့ ဆိုပါတယ်။

”ဖြေရှင်းပေးဖို့ရှိသလား” ဆိုတဲ့ မော်ကွန်းရဲ့မေးခွန်းကိုတော့ ဒီနေရာတွေကို ရှေးဟောင်းနယ်မြေဆိုပြီး ယဉ်ကျေးမှုဝန် ကြီးဌာနက MOGE ထံကို ဘာမှ မကန့်ကွက်ခဲ့ဘူးလို့ ဦးဝေဦးက ယခုလိုပြောပါတယ်။

”ကန့်ကွက်ချက်မရှိဘူး။ ကန့်ကွက်ချက်မရှိတဲ့အပြင်ကို အရင် ကျွန်တော်တို့ ဒီဥစ္စာတွေ ဖြတ်ချင်တယ်လို့ တောင်းတဲ့အခါ ဘယ်နေရာတွေကတော့ ယဉ်ကျေးမှုနယ်မြေရှိတယ်ဆိုတာ ပြောတာရှိတယ်။ ကျွန်တော်တို့က အဲဒီနေရာတွေကို ကြည့်ပြီး လုပ်တာ။ ခု ခင်ဗျားပြောတဲ့ဟာတွေက ပါးစပ်ရာဇဝင်ပဲ၊ သတ်မှတ်ထားတာမရှိဘူး”

ဒါပေမဲ့ တကယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဖြစ် သတ်မှတ်လို့ တောင်းဆိုလာရင်တော့ ”ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ပေးရမယ့် တာဝန်ရှိတယ်”လို့ သူက ဆိုတယ်။

ပိုက်လိုင်းဖြတ်တဲ့နေရာနဲ့ စေတီပုထိုးများတည်နေရာက ပေ ၅ဝ သာသာပဲ ဝေးတာတွေ့ရပါတယ်။ စေတီတွေအနီးက ပိုက်လိုင်းအမှတ်အသားဖြစ်တဲ့ ခြောက်ပေသာသာအမြင့်ရှိတဲ့ ဆိုင်းဘုတ်ပေါ်မှာတော့ ‘ပိုက်လိုင်းအဆင်ပြေ ချောမွေ့စေရန်၊ တရားဥပဒေအရ ကာကွယ်ခြင်း’၊ ‘ပိုက်လိုင်းဖျက်ဆီးခြင်းအား တရားဥပဒေအရ ပြစ်ဒဏ်ပေးခြင်း’ဆိုတဲ့ စာတန်းတွေ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီစာသားတွေရဲ့ အဓိပ္ပာယ်ကို ဘယ်လို နားလည်ပါသလဲလို့ ရွာခံ ဦးချိုလေးကို မေးတော့ ”ပိုက်လိုင်း ပျက်စီးအောင် မလုပ်ရဘူး။ လုပ်ရင် အရေးယူမယ်၊ အဲဒီလို ထင်တာပဲ” လို့ သူက ပြန်ဖြေပါတယ်။

ပိုက်လိုင်းသာ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ဆိုတဲ့အသိကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ကွယ်သွားကြမှာကိုတော့ မလိုလားကြဘူးလို့ ကျွန်တော်တို့တွေ့မေးခဲ့တဲ့ ဒေသခံတွေက ပြောကြပါတယ်။

ထိန်းသိမ်းဖို့တာဝန်ရှိတဲ့ ရှေးဟောင်းသုတေသနဦးစီးဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကတော့ မြို့ဟောင်းနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

”ဝက်မစွတ်တို့၊ ဝက်ထီးကန်တို့ အဲဒီနားကလို ဟာမျိုး လေးတွေပေါ့။ အဲဒါတွေက မြို့သေးသေးလေးတွေ၊ သမိုင်းကြီး မရှိဘူး”

မြို့ဟောင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို သုတေသနလုပ်ထားတာလည်းမရှိသလို ရှေးဟောင်းနယ်မြေအဖြစ် သတ်မှတ်တာမျိုး ထူးထူးခြားခြားမရှိဘူးလို့ သူကဆက်ပြောပါတယ်။

”မြို့ဟောင်းကတော့ သိပ်နာမည်အကြီးကြီးတော့ မဟုတ်ပါဘူး။ ဝက်မစွတ်မြို့စားတို့၊ ဘာတို့တော့ ဟိုတုန်းက ရှိတယ်။ မြို့စား ဒုတိယနဝဒေးဆိုတာ ကုန်းဘောင်ခေတ်မှာ စာဆို။ သူက တော့ ထင်ရှားတယ်”လို့ သူက ဆိုတယ်။

သို့သော်လည်း ၂ဝ၁၅၊ ဇူလိုင်က ပြဋ္ဌာန်းလိုက်တဲ့ ရှေး ဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂ (က) မှာတော့ ”ရှေးဟောင်းဝတ္ထုပစ္စည်းဆိုသည်မှာ မြေပေါ်တွင် ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက် တွင်ဖြစ်စေ နှစ်ပေါင်း ၁ဝဝ နှင့်အထက်ရှိသည့် ကျောက်ဖြစ်ရုပ် ကြွင်းများ အပါအဝင် လူသားတို့ ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္ထု ပစ္စည်းများကို ဆိုလိုသည်”လို့ ပါရှိတာ တွေ့ရပါတယ်။

ရေနံချောင်းမြို့နယ်က ဝတ်မစွတ်မြို့ဟောင်းရဲ့ သမိုင်းကိုတော့ ဒေသခံတွေရဲ့ ယုံကြည်မှုနဲ့ ရှေးဟောင်းဌာနက နားလည် သိရှိထားမှုတွေက မတူညီပေမယ့် မြို့ဟောင်းတဖြစ်လဲ ဝက် မစွတ်ရွာလေးမှာတော့ ပုဂံခေတ်လက်ရာနဲ့ ဆင်တူတဲ့ စေတီ ပုထိုးတွေ၊ မြို့အုတ်ရိုးဟောင်းတွေကတော့ ယခုထိ ရှိနေသေးတယ်လို့  မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီရဲ့ ရေနံချောင်းမြို့နယ် တာဝန်ခံ ဦးကျော်ငြိမ်းက ဆိုပါတယ်။

ကျွန်တော်တို့ ရေနံချောင်းမြို့နယ်ထဲက ဝက်မစွတ် အပါ အဝင် အခြားရွာတွေက ဒေသခံတွေနဲ့ တွေ့ပြီးသွားတော့ ဆိုင် ကယ်ကယ်ရီနှစ်စီးငှားပြီး ကျောက်ပန်းတောင်းမြို့ကို ညတွင်း ချင်း ခရီးဆက်ခဲ့ကြပါတယ်။

ကျောက်ပန်းတောင်း၊ သောက်သုံးရေ ခက်ခဲနေ

နောက်တစ်ရက်မနက်မှာ ကျောက်ပန်းတောင်းမြို့နယ်ထဲက တငါ့ကန်ရွာနဲ့ ညောင်ကန်ထောင့်ကျေးရွာတွေမှာလည်း ပိုက် လိုင်းစီမံကိန်းကြောင့် သောက်သုံးရေကန်တွေရဲ့ ရေဝင်ပေါက် တွေပျက်စီးသွားတာကြောင့် သောက်သုံးရေ အခက်အခဲနဲ့ ကြုံ တွေ့နေရပါတယ်။ ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် မြေတူး ဖော်မှုတွေကြောင့် တောင်ပေါ်ကနေ စီးဆင်းလာတဲ့ တောင်ကျ ရေလမ်းကြောင်းတွေ ပိတ်ဆို့သွားတာပါ။

ရေကန်တွေပျက်စီးသွားပေမယ့် ”တာဝန်ရှိတဲ့သူတွေက လျော်ကြေးလည်း မပေး၊ ပြန်လည်း ပြင်မပေးခဲ့ဘူး”လို့ တငါ့ ကန်ရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှက ဆိုပါတယ်။

တငါ့ကန်ရွာမှာရှိတဲ့ သောက်သုံးရေကန်ကြီးကိုတော့ အနီးအနားက ကျေးရွာလေးငါးရွာလောက်ကလည်း ရေလာ သယ်တာမျိုးတွေရှိတော့ ကန်တစ်ကန်တည်းကိုပဲ လူဦးရေငါး ထောင်နီးပါးက အားထားနေရတဲ့အကြောင်း ဦးစိုးလှက ရှင်းပြ ပါတယ်။

ဦးစိုးလှတို့တငါ့ကန်ရွာဟာ အိမ်ခြေပေါင်း ၁၈ဝ ကျော်နဲ့ လူဦးရေတစ်ထောင်ခန့်ရှိတဲ့ရွာပါ။ သောက်သုံးရေအတွက် ကန် တူးပြီး မိုးရာသီမှာ ရေခံထားရပါတယ်။ မိုးကုန်လို့ နွေရာသီ ရောက်တဲ့အခါ ကန်ရေပဲ သုံးစရာရှိတယ်လို့ သူက ဆိုပါတယ်။

၂ဝ၁၁ ပိုက်လိုင်းစီမံကိန်းဝင်လာပြီး နောက်ပိုင်းမှာတော့ ပူပြင်းတဲ့ရာသီရောက်တိုင်း ကန်ထဲကို ရေအနည်းငယ်သာ စီးဝင် တော့တာကြောင့် သောက်သုံးရေခက်ခဲလာတယ်လို့ ကျွန်တော်တို့တွေ့မေးခဲ့တဲ့ တငါ့ကန်ရွာသားတွေက ပြောကြပါတယ်။

တငါ့ကန်ရွာရေကန်ရဲ့ အနေအထားက စတုဂံပုံရှိပြီး ထန်း ပင်တွေပတ်လည်ဝိုင်းလို့ ဘောလုံးကွင်းတစ်ဝက်စာခန့် ကျယ်ပါ တယ်။ ကန်ထဲကရေတွေက ဝါကြန့်ကြန့်နဲ့နနွင်းရောင်ပေါက်နေတာ တွေ့ရတယ်။

ကန်ကို လှည့်ပတ်ကြည့်ရှုဓာတ်ပုံမှတ်တမ်းယူပြီးတဲ့ နောက်မှာတော့ တငါ့ကန်ရွာကနေ သုံးမိုင်သာသာဝေးတဲ့ ညောင်ကန်ဒေါင့်ရွာကို ဆက်သွားကြပါတယ်။

ညောင်ကန်ဒေါင့်ရွာဟာလည်း တငါ့ကန်ရွာလိုပါပဲ။ သောက်သုံးရေကန်ပျက်စီးသွားလို့ သောက်သုံးရေအခက်အခဲနဲ့ ကြုံနေရတာပါ။ ညောင်ကန်ဒေါင့်ကျေးရွာအုပ်စုထဲမှာ ကန်နီ၊ ကန်ဖြူနဲ့ ကန်သာယာဆိုပြီး သောက်သုံးရေကန် သုံးကန်ရှိတယ် လို့ ရွာခံဦးအောင်မြင့်စိန်က ပြောပါတယ်။

ညောင်ကန်ဒေါင့်တစ်ရွာထဲမှာပဲ အိမ်ခြေ ၃၅ဝ ကျော်ရှိပြီး အနီးအနားပတ်ဝန်းကျင်ရွာလေးရွာနဲ့ဆိုရင် ကန်သုံးကန်ကို အမှီ ပြုနေရတဲ့အိမ်ခြေပေါင်း ထောင်ဂဏန်းသာသာရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်မင်းနိုင်က ဆိုပါတယ်။ ပိုက်လိုင်းစီမံကိန်း စတင်တဲ့ ၂ဝ၁၁ တုန်းက ကန်နီကန်ဟာ ရေအတွက် လုံးဝ သုံးလို့ မရဘူးလို့ သူက ဆက်ပြောပါတယ်။

”ဒီကရွာတွေက အစကတည်းက ရေရှားပါးတာလေ။ ပိုက်လိုင်းကြောင့် မြေတွေ ဖို့သွားတော့ ပိုဆိုးတာပေါ့”လို့ ဦးဇင်မင်းနိုင်က ပြောပါတယ်။

ကျွန်တော်တို့ ညောင်ကန်ဒေါင့်ရွာကိုဝင်ပြီးသွားတော့ ကျောက်ပန်းတောင်းမြို့ကနေ လေးမိုင်သာသာဝေးတဲ့ သံဖိုရွာ ကို နောက်နေ့မနက်မှာ ဆက်ပြီးသွားကြပါတယ်။

သံဖိုကျေးရွာဟာ ပုပ္ပားတောင်ခြေနားမှာ ရှိပါတယ်။ သံဖို ရွာဟာ အနော်ရထာမင်းလက်ထက် က  ဓားလှံလက်နက်တွေကို ပန်းပဲဖိုတွေဖိုပြီး သွန်းလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ယုံကြည် နေကြတာပါ။

မြန်မာစာအဓိကနဲ့ ဘွဲ့ရထားတဲ့ သံဖိုကျေးရွာအုပ်ချုပ် ရေးမှူး ဦးမောင်မောင်စိုးက ရှေးဟောင်းယဉ်ကျေးမှုတွေကို လည်း စိတ်ဝင်စားတယ်လို့ သူက ဆိုပါတယ်။

ငယ်ရွယ်စဉ်အချိန်တုန်းက ပုပ္ပါးတောင်ခြေကနေ ညောင် ဦးမြို့နယ်ထဲက ရွာတွေအထိ သုံးမိုင်ကျော်အကွာအဝေးအတွင်း အတန်းလိုက်ရှိနေကြတဲ့ အဲဒီပန်းပဲဖိုတွေကို စိတ်ဝင်တစား လျှောက်ကြည့်ခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

”ဖိုတွေက တစ်မျိုးတည်းမဟုတ်ဘူး။ မွမ်းမံဖို၊ ဖိုပက်လက်၊ နောက် နံရံကပ်ဖိုဆိုပြီး သုံးမျိုးတွေ့ရပါတယ်”လို့ သူက ရှင်းပြ တယ်။ ဖိုကျင်းတွေရဲ့ဘေးမှာ သံသတ္တုဓာတ်ပါတဲ့ကျောက်တွေကို ဖိုထဲထည့်၊ အရည်ကျိုပြီး ပြန်လည်စွန့်ပစ်ထားတဲ့ ကျောက်မြေ စာပုံတွေလည်း ရှိတယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့ လိုက်ကြည့်ဖြစ်တော့ ရွာရဲ့အနောက် ဘက်ခြမ်း သစ်တောအစပ်နားရောက်တော့ ပိုက်လိုင်းဖြတ်လို့ ပျက်စီးကျန်ခဲ့တဲ့ ကျောက်မြေစာပုံနှစ်ခုကို တွေ့ရပါတယ်။

မြေစာပုံရဲ့ဘေးမှာတော့ လေးပေပတ်လည်လောက် အကျယ်နဲ့ တစ်တောင်ကျော်နက်တဲ့ မြေကျင်းဖြစ်ပြီး မြေသား တွေက ကြေးနီရောင်ဖြစ်နေတာတွေ့ရတယ်။ ဒေသခံတွေပြောတဲ့ ပက်လက်ဖိုဟောင်းတစ်လုံးပါပဲ။

”ဖိုတွေနဲ့ပတ်သက်ပြီး ရှေးဟောင်းဌာနက လာကြည့်သွား တယ်။ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်လား၊ မမှတ်လား ဆိုတာကိုတော့ အသေအချာမသိရသေးဘူး”လို့ ဦးမောင်မောင် စိုးက ပြောတယ်။

ပိုက်လိုင်းတွေဟာ ပုပ္ပားတောင်ခြေနဲ့ ကိုက်နှစ်ရာလောက် ပဲ ကွာတာပါ။ တောင်ခြေမှာရှိတဲ့ သံဖိုရွာအနီးက ရွှေစည်တိုင်ရွာ နားကနေ ပုပ္ပားတောင်ရိုးအတိုင်း ဝဲလောင်နယ်ထဲကို ပိုက်လိုင်း က ဆင်းသွားတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။ သူ ပြောတဲ့အတိုင်း မြေစာပုံရှိရာကနေ လှမ်းကြည့်တော့ ပုပ္ပား တောင်ကို လှမ်းမြင်နေရတယ်။

သံဖိုရွာကနေ ကျောက်ပန်းတောင်းမြို့ပေါ်ကိုပြန်လာပြီး ဆိုင်ကယ်နဲ့ပဲ ချောက်မြို့နယ်ထဲကို ခရီးဆက်ခဲ့ကြပြန်ပါတယ်။ သံဖိုကနေ နာရီဝက်လောက်သွားပြီးတဲ့အခါမှာ ချောက်မြို့အပိုင် ကန်နီကြီးကျေးရွာကို ရောက်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းဟာ ရွာသောက်သုံးရေကန်ကို အလယ်တည့်တည့်ကနေဖြတ်သွားတာကြောင့် ရေကန်အသစ် ပြန်တူး ထားတာတွေ့ရတယ်။

ကန်နီကြီးရွာမှာ အိမ်ခြေ ၂၄၄ လုံးကျော်ရှိပြီး လူဦးရေ ၁,ဝ၅ဝ ခန့်ရှိပါတယ်။ မိသားစုဝင် ငါးဦးရှိတဲ့ အိမ်ထောင်စုတစ်ခု မှာ တစ်နေ့ကို ရေတစ်စည်ခန့်ကုန်တယ်လို့ ပိုက်လိုင်းစီမံကိန်း စတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့တဲ့ ဦးမင်း ဟန်က ပြောပါတယ်။ ခုတော့ သူက ပိုက်လိုင်းလုံခြုံရေးဝန်ထမ်းပါ။

ကန်အသစ်ပြန်တူးဖို့ ပိုက်လိုင်းတည်ဆောက်ရေးကုမ္ပဏီ က လျော်ကြေးအဖြစ်ပေးတဲ့ ငွေကျပ်သိန်းတစ်ရာနဲ့ ကန်အသစ် ပြန်တူးထားပေမယ့် ဆောင်းရာသီအစပဲ ရှိသေးချိန်မှာ ကန်ထဲ မှာ ရေမရှိတဲ့အပြင် ကန်အောက်ခြေမြေပြင်ဟာ ပက်ကြားအက် တွေ ဖြစ်နေတာ တွေ့ ခဲ့ရပါတယ်။

ရွာထဲမှာ စက်ရေတွင်းတစ်တွင်းရှိပေမယ့် တစ်ရွာလုံး အတွက် မလုံလောက်တာကြောင့် အနည်းဆုံးမိုင်ဝက်လောက် ဝေးတဲ့ အနီးနားရွာတွေကနေ သောက်သုံးရေသွားခပ်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ယခင်က ကန်နီကြီးရွာမှာရှိတဲ့ သောက်သုံးရေကန်ဟာ မိုးဦးကျတဲ့အထိ ရေတွေ မခန်းဘဲ ရှိနေခဲ့တာပါ။

”ခုတော့ ရေမပြောနဲ့၊ ကန်ကြီးပါ မရှိတော့ဘူး”လို့ ကန်နီ ကြီးရွာသား ဦးထွန်းကြိုင်က ညည်းတွားပါတယ်။

တချို့အိမ်တွေမှာတော့ အုတ်ရေကန်တွေ၊ ရာဝင်အိုးကြီး တွေနဲ့ မိုးရေကို ခံယူထားကြတာ တွေ့ရပါတယ်။ ကန်နီကြီးရွာဟာ ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျွန်တော်တို့ နောက်ဆုံးသွား ခဲ့တဲ့ရွာလည်း ဖြစ်ပါတယ်။

Photo: Thet Oo Mon           ကန်နီကြီးရွာရှိ အသစ်ပြန်လည်တူးဖော်ထားသော သောက်သုံးရေကန်အား တွေ့ရစဉ်

စိုက်ပျိုးရေး အခက်အခဲ

ကန်နီကြီးရွာကအပြန်မှာတော့ ညကားနဲ့ပဲ မန   ္တလေးကို ခရီးဆက်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ မန္တလေးကနေ စဉ့်ကိုင် ကို ဆိုင်ကယ်နဲ့ ဆက်ထွက်ခဲ့ကြတယ်။

စဉ့်ကိုင်မြို့နယ်ထဲမှာတော့ လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု အတွက် လျော်ကြေးငွေ အရနည်းခြင်း၊ လယ်ယာကုန်ထုတ် လမ်းတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေ ပျက်စီးခြင်း စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။ ထိခိုက်ပျက်စီးမှုတွေ တွေ့ကြုံရတဲ့ ရွာတွေထဲက မုန်ပင်ရွာနဲ့ စိုက်ပျိုးရေးကျေးရွာတွေကို ကျွန်တော်တို့ သွားခဲ့ကြပါတယ်။

မန္တလေးမြို့ပေါ်ကနေ စဉ့်ကိုင်ကို ၁၁ မိုင်ရှိပြီး စဉ့်ကိုင်မြို့ပေါ် ကနေ မုန်ပင်ရွာအထိ ငါးမိုင်နီးပါးရှိပါတယ်။ မြေသားနဲ့ ကျောက်ခင်းလမ်းတွေ ဖြစ်တာကြောင့် ဆိုင်ကယ်နဲ့ တစ်နာရီကျော်လောက် သွားလိုက်ရပါတယ်။

ပိုက်လိုင်းစီမံကိန်းကို ရောက်လာကြတဲ့ စက်ယ္တရားအမျိုး မျိုးကြောင့် ကျေးရွာပိုင်လမ်းတွေဟာ သွားလာလို့ မရတဲ့အထိ ပျက်စီးကျန်ခဲ့တဲ့အကြောင်း မုန်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းဝေက ဆက်ပြောပါတယ်။

”စီးပွားရေးလုပ်ငန်းတွေအတွက် ရောင်းဝယ်ဖောက်ကား တဲ့ ဆက်သွယ်ရေးလမ်းကြောင်း ခက်ခဲတဲ့အပြင် သွားရေးလာ ရေးပါ အခက်အခဲဖြစ်ကုန်တယ်”လို့ သူက ဆိုပါတယ်။

လမ်းတွေပျက်စီးတဲ့အပေါ် ဌာနဆိုင်ရာနဲ့ ပိုက်လိုင်းတည်ဆောက်ရေးကုမ္ပဏီတွေက ဘာတစ်ခုမှ ပြန်လည်ပြုပြင်ပေးတာ မရှိဘဲ ဒေသခံတွေကပဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်နေရတယ်လို့ ဦးထွန်းဝေက ဆိုပါတယ်။ လမ်းပြင်ဆင်ဖို့ လုပ်အားခ မပါဘဲ မြေသယ်ယာဉ်စက်သုံးဆီဖိုးအတွက်တင် တစ်နှစ်ကို ကျပ် ဆယ်သိန်းလောက် သုံးရတယ်လို့ သူက တွက်ချက်ပြတယ်။

မုန်ပင်ကျေးရွာမှာ အိမ်ခြေ ၈ဝဝ ကျော်နဲ့ လူဦးရေလေး ထောင်ခန့်ရှိပါတယ်။ အခြားသော မြို့တွေ၊ ရွာတွေနဲ့ ဆက်သွယ် သွားလာရတဲ့ လမ်းပိုင်းတွေ ပျက်စီးရုံသာမက လယ်ယာကုန် ထုတ်လမ်းတွေပါ ပျက်စီးရတာကြောင့် တောင်သူဦးကြီးတွေ အနေနဲ့ စိုက်ပျိုးရိတ်သိမ်းချိန်တွေမှာ လမ်းအသုံးပြုရမှု ခက်ခဲနေတယ်လို့လည်း မုန်ပင်ရွာက တောင်သူကြီး ဦးငြိမ်းက ပြော ပါတယ်။

”တစ်နှစ်တစ်နှစ် အဲဒီကုန်ထုတ်လမ်း ပြန်ပြင်ရတာနဲ့ သီး နှံစိုက်ရတာ အမြတ်တောင် မကျန်ချင်တော့ဘူး”လို့ သူက ညည်းတွားပါတယ်။

၂ဝ၁၁ စီမံကိန်းအစမှာ ဦးငြိမ်းတစ်ယောက် သူပိုင်လယ် ၁ဝ ဧကနီးပါးလုံး စပါးမစိုက်လိုက်ရပါဘူး။ ပိုက်လိုင်းဧရိယာ ထဲပါတာက တစ်ဧကကျော်သာဖြစ်ပေမယ့် တစ်ဆက်တစ်စပ် တည်းရှိနေတဲ့ ကျန်လယ်တွေကို စိုက်ပျိုးရေသွယ်လို့ မရတဲ့ အတွက်ပါ။ ပိုက်လိုင်းထဲပါတဲ့ လယ်တစ်ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်း ၇ဝ ကျော်ရလိုက်ပေမယ့် ကျန်လယ်မြေတွေအတွက်တော့ တစ်ပြားမှ မရဘူးလို့ သူက ဆိုပါတယ်။

မုန်ပင်တစ်ရွာလုံးဆိုရင်တော့ ဦးငြိမ်းကဲ့သို့ လယ်ယာကုန် ထုတ်လမ်းတွေပျက်စီးလို့ စိုက်ပျိုးရိတ်သိမ်းမှု အခက်အခဲကြုံရသူ ၂၁ ဦးရှိတယ်လို့ အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

ဦးငြိမ်းတို့လိုပါပဲ၊ မုန်ပင်ရွာနဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ စိုက်ပျိုး ရေးကျေးရွာက တောင်သူဦးကြီးတွေဟာလည်း ပိုက်လိုင်းကြောင့် ရလိုက်တဲ့ အခက်အခဲတွေကို ခါးစည်းခံနေကြရတာပါ။ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်လေးဧကကျော်ဆုံးရှုံးသွားတဲ့ စိုက်ပျိုးရေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က သူရင်ဆိုင်နေရတဲ့ အခက်အခဲကို ခုလို ဖွင့်ဟပါတယ်။

”ပိုက်လိုင်းဖြတ်တဲ့အထဲ ပါသွားတာထက် ဘေးပတ်ပတ် လည်က မြေတွေ စိုက်ပျိုးလို့  မရတော့တာက ပိုပြီးနစ်နာတယ်”

ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေသွယ်ယူရတဲ့ အခက်အခဲတွေကတော့ စိုက်ပျိုးရေးရွာနဲ့ မုန်ပင်ရွာတို့ဟာ ထူးမခြားနားပါပဲ။ ကိုယ့်အားကိုယ်ကိုးပုံစံနဲ့ပဲ ဖြစ်သလို ရုန်းကန်နေကြရတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

စိုက်ပျိုးရေးရွာနဲ့ ကပ်လျက်ကတော့ ပြင်ဦးလွင်မြို့နယ် အပိုင်ဖြစ်သွားပါပြီ။ ပြင်ဦးလွင်ကနေ ရှမ်းပြည်နယ် မြောက်ပိုင်း အထိကို ကျွန်တော်တို့ မော်ကွန်းမဂ္ဂဇင်းက သတင်းထောက်ချုပ် ကျော်မျိုးထွန်းနဲ့ သတင်းထောက်လင်းမြတ်တို့က တာဝန်ယူ ထားတာပါ။ နောက်အပိုင်းမှာ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။    ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."