Home သတင်းဆောင်းပါး ပုဂံမှာ အဖြေရှာခြင်း အပိုင်း(၁)

ပုဂံမှာ အဖြေရှာခြင်း အပိုင်း(၁)

242
0
Advertise Here

မတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

သန်းထိုက် ရေးသည်။

ပုဂံ

Advertise Here

အချိန်ကား လင်းကြက်ပင်မတွန်သေး။ ကောင်းကင်တစ် ခွင်လုံးက နက်မှောင်နေသေးသည်။ မည်းမှောင်နေသောကောင်း ကင်နောက်ခံတွင် ရွှေချထားသည့် ဘုရားများကို မီးရောင်တထိန် ထိန်နှင့်တွေ့ရသည်မှာ အနက်ရောင်ကတ္တီပါပေါ်တွင် ရွှေတုံးလေး များ ချထားသည့်နှယ်။

            အနော်ရထာမင်းတည်ထားခဲ့သော ရွှေဆံတော်ဘုရား အထက်ပစ္စယံအရှေ့ဘက်တွင်တော့ လူများက အပြည့် အမောက်။ တီးတိုးစကားပြောသံများ၊ ဆုတောင်းသံလိုလို ရေ ရွတ်သံများ၊ ကင်မရာနေရာပြင်ဆင်မှုများ၊ နောက်ထပ်ရောက် လာ၍ နေရာယူကြသူများဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ထို အချိန်တွင် ပတ္တမြားသွေးများ ပန်းထွက်လာသလား ထင်မှတ်မှား ရလောက်အောင် နီစွေးစွေးရောင်စဉ်တန်းများ တုရင်တောင်ထိပ် တွင် တွေ့လိုက်ရသည်။

            နက်မှောင်နေသောမြေပြင်၊ ပုစွန်ဆီရောင်၊ မဲနယ်ရောင် တို့ဖြင့် လိမ်းကျံထားသည့် တိမ်စိုင်၊ တိမ်မျှင်တို့ကို နောက်ခံထား၍ စေတီပုထိုးများသည် ဖယောင်းတိုင်မီးကြောင့် နံရံပေါ်တွင် ထင် သော အရိပ်များကဲ့သို့ ထွက်ပေါ်လာကြသည်။

            ချမ်းမြမြအရုဏ်ဦးကို မလွတ်တမ်းဈာန်ဝင်စားနေသည့်လူ အုပ်ကြီးဆီမှ ‘အံ့သြဖို့ကောင်းလိုက်တာ’၊ ‘သိပ်ကိုကြီးကျယ်တာ ပဲ’၊ ‘သိပ်ကိုလှတာပဲ’ဟု အင်္ဂလိပ်ဘာသာစကားနှင့် ရေရွတ်နေ ကြသံများ ပေါ်ထွက်လာသည်။

            နေမင်းသည် တစ်နေ့တာအတွက် ပုဂံမြေကို ဦးခိုက်လေပြီ။ သူ၏ ရောင်ခြည်လက်တံများက သဲပေါ်တွင် လက်ချောင်းများ ဖြင့်ဆွဲခြစ်ထားသလို အရေးအကြောင်းများပေါ်နေသည့်ထွန်ရေး ပြင်ထားသော ယာကွက်များ၊ မြူမှုန်များအုံ့ဆိုင်းနေသော ကန္တာရပင်များနှင့် ထောင်ပေါင်းများစွာသော ကျောင်းကန်ပုထိုး များအကြား အဆီးအတားမရှိ ထိုးဖောက်ထွန်းလင်းနေသည်။

            ကမ္ဘာပေါ်တွင် ထင်ရှားသောခရီးသွားလမ်းညွှန်မီဒီယာ ကုမ္ပဏီဖြစ်သည့် Lonely Planet က ပုဂံဒေသကို ၂ဝ၁၅ ခုနှစ် အတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံးဒေသအဖြစ် ဖော်ပြထားသည်။ ဆွတ်ပျံ့ဖွယ် နေထွက်ချိန်နှင့် အိမ်မက်ဆန် ဆန် အလှတရားများဖြင့် ပြည့်နှက်နေသည့် ယင်းရှေးဟောင်းမြို့ တော်တွင် မိမိချစ်နေရသူထံမှ ဘဝလက်တွဲဖော်အဖြစ် အဖြေ တောင်းရန် အကောင်းဆုံးနေရာအဖြစ် တင်စားထားသည်။

            ရွှေဆံတော်ဘုရားပေါ်ကနေ၍ ပုဂံမြို့၏ ယင်းမြင်ကွင်းကို ကျွန်တော်ကြည့်ရှုရင်း တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ ပုဂံနှင့် ခေတ်ပြိုင်နီးပါးဖြစ်သည့် ကမ္ဘောဒီးယားမှ အန်ကောဝပ်ဘုရား ကျောင်းနှင့် ပုဂံထက် ရာစုနှစ်ပေါင်းများစွာနောက်ကျသည့် ထိုင်းနိုင်ငံမှ အယုဒ္ဓယမြို့ဟောင်းစသည်တို့သည် ယူနက်စကို (UNESCO)ဟု အတိုကောက်ခေါ်သော ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization-UNESCO)၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်(World Heritage) အဖြစ် သတ်မှတ်ခြင်းခံရပါလျက် ပုဂံသည် မည်သည့်အတွက်ကြောင့် အဆိုပါစာရင်းမဝင်ရသနည်း။

            ယခုရောက်နေသော ရွှေဆံတော်ဘုရားပေါ်တွင် နံနက် ဆည်းဆာကို ရှုစားရင်း ထိုအဖြေကိုရှာရမည်ဟု ကျွန်တော်ဆုံး ဖြတ်လိုက်သည်။ ထိုမေးခွန်းအတွက် လက်လှမ်းမီသည့် စာရွက် စာတမ်း၊ သတင်း၊ ဆောင်းပါးတို့ကို သတင်းစာ၊ ဂျာနယ်များတွင် သာမက အွန်လိုင်းစာမျက်နှာများတွင်ပါ ကျွန်တော်ရှာဖွေခဲ့သော် လည်း စိတ်ကျေနပ်လောက်စေသည့် အထောက်အထား မတွေ့ ခဲ့ရ။ နောက်ဆုံးတွင်တော့ ကျွန်တော်ထုတ်သော မေးခွန်း အတွက် ကျွန်တော်ကိုယ်တိုင်ပင် ပြန်ဖြေရဖို့ဖြစ်လာသည်။

            ယူနက်စကိုသို့ သွားရောက်မေးမြန်းသည့်အခါမှာတော့ အဆိုပါစာရင်းသို့ထည့်သွင်းရန် လိုအပ်သည့် အချက်များထဲမှ တစ်ချက်မှာ အစစ်အမှန်ဖြစ်မှု (Authenticity) ဖြစ်ရမည်ဟုဆိုသည်။

            ယူနက်စကို၏ အမျိုးသားစီမံကိန်းအရာရှိ  ဒေါ်ဥမ္မာမျိုးက ”ပုဂံမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တော်တော် များများ ဘုရားတွေဟာ Authenticity ကအပြည့်မရှိတော့ဘူး”ဟု ပြောသည်။

            စေတီပုထိုးများသည် ပုဂံခေတ်တွင်တည်ခဲ့သည်မှာ အမှန် ပင်ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ဤသို့အပြည့်အဝ စစ်မှန်မှုမရှိတော့သနည်း။

စေတနာအမှားများ

            မြန်မာလူမျိုးတို့သည် အလှူအတန်းပြုရာနေရာတွင် အလွန်ရက်ရောသူများဖြစ်ကြသည်။ အထူးသဖြင့် ကျောင်းကန် ဘုရားများ တည်ဆောက်ပြုပြင်ပါက များစွာကုသိုလ်ရသည်ဟု ယုံကြည်ကြသည်။ တချို့ကလည်း ဗေဒင်ယတြာနှင့် အဓိဌာန်များ အရ ဘုရားပုထိုးများကို ရွှေချတတ်ကြသည်။

            တူးဖော်နေဆဲ ပုဂံနန်းတော်ရာ၏ တောင်ဘက်တွင်ရှိသော အလောင်းစည်သူမင်း တည်ခဲ့သည့် ရွှေဂူကြီးဘုရားအတွင်းရှိ ဆင်းတုမှာ ရွှေရောင်တဝင်းဝင်းနှင့် ဖြစ်နေသည်။ ကျန်စစ်သား မင်း တည်ထားခဲ့သော အာနန္ဒာဘုရားအတွင်းကို ကြည့်မည်ဆို လျှင်လည်း ရွှေချထားသည်များကို တွေ့ရပေလိမ့်မည်။

            အာနန္ဒာဘုရားသည် ‘အနုမှာ အာနန္ဒာ’ ဟုဆိုရလောက် အောင် ကြက်ခြေခတ်ပုံပန္နက်ပေါ်တွင် အချိုးကျအောင် တည် ထားပြီး အနီးအဝေးသဘောများ၊ အလင်းရောင်ကျရောက်ပုံ များဖြင့် စနစ်တကျတည်ဆောက်ထားမှုများကြောင့် နာမည်ကြီး သည့် ဘုရားဖြစ်သည်။ ထို့ကြောင့် ပြင်တွင်း၊ ပြည်ပ ဧည့်သည်များ အမြဲစည်ကားနေသည့် ဘုရားတစ်ဆူဖြစ်သည်။

            ဘုရားလိုဏ်အတွင်းတွင်တော့ ရွှေရောင်တဝင်းဝင်းနှင့် ရပ်တော်မူရုပ်ပွားတော်ကြီးက ခရီးသည်များကို အပေါ် စီးက မိုးကြည့်နေသည်။ ယင်းရပ်တော်မူရုပ်ပွားတော်၏ ခြေရင်း တွင်တော့ ဆင်းတုတော်အသေးနှစ်ဆူရှိ၍ ယင်းတို့ကို ရွှေချရန် အနီးအနားတွင် ရွှေဆိုင်းများ ရောင်းချနေသည်ကို တွေ့ရသည်။ အဆိုပါဆင်းတုတော်အသေးနှစ်ဆူသည် ကြိမ်ဖန်များစွာ ရွှေချ ထားမှုကြောင့် နဂိုလက်ရာပျောက်ကာ အထွတ်အထွတ်များပင် ဖြစ်နေသည်။

            ဘုရားအတွင်းရှိ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ရုပ်ကြွတို့မှာ လည်း ရွှေချခံထားရသည်။ နံရံများတွင်လည်း ထုံးများသုတ်ထား သောကြောင့် နံရံဆေးပန်းချီများ ပျောက်ကွယ်ခဲ့ရသည်။ နံရံများ ထုံးအသုတ်ခံထားရသည့် ဇာတ်ကြောင်းက ယခုလိုဖြစ်သည်။

            အာနန္ဒာဘုရားအတွင်းသို့ ဒုတိယကမ္ဘာစစ်အတွင်းက စစ် ဘေးဒုက္ခသည်များ ဝင်ရောက်ခိုလှုံခဲ့ကြပြီး ချက်ပြုတ်စား သောက်မှုများ ပြုလုပ်ခဲ့ကြသောကြောင့် နံရံဆေးပန်းချီများ ပျောက်သွားရခြင်းဖြစ်သည်ဟု ပန်းချီဆရာတစ်ဦးဖြစ်သည့် အပြင် ရှေးဟောင်းသုတေသလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ပုဂံဒေသခံ ဦးခင်မောင်အေးက ပြောပြသည်။

            ”(စစ်ကြီးပြီးသွားတဲ့အခါ) တစ်ခါတည်း ထုံးတွေသုတ် လိုက်တာ အာနန္ဒာကြီး ဖွေးသွားတာပဲ”ဟု ဦးခင်မောင်အေးက ရှင်းပြသည်။

            ထုံးသုတ်လိုက်သဖြင့် အဆိုပါထုံး၏ ဓာတ်ပြုမူကြောင့် နံရံ ဆေးပန်းချီများ ပျက်စီးခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဦးခင် မောင်အေးက ထောက်ပြသည်။ ဦးခင်မောင်အေးသည် နံရံဆေး ပန်းချီများ ချေးချွတ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူး သူတစ်ဦးလည်းဖြစ်သည်။

            သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းပင်လျှင် အာနန္ဒာ ဘုရား၌ နံရံဆေးရေးမရှိဟု ယူဆခဲ့ပြီး နောက်ပိုင်းမှသာ ရှေး ဟောင်းသုတေသနဦးစီးဌာနမှ ဦးဘတင့်ပြန်လည်တူးဖော်သဖြင့် သာ ဘုရားအတွင်း နံရံဆေးပန်းချီများရှိကြောင်း သိခဲ့ရသည်ဟု အသစ်မြင် မြန်မာ့သမိုင်းစာအုပ်နိဂုံးတွင် ရေးသားထားသည်။

            ဧရာဝတီမြစ်ကမ်းဘေး ကုန်းမြင့်ထက်တွင် အနော်ရထာ မင်းတည်ခဲ့သော လောကနန္ဒာဘုရားဆိုလျှင်လည်း ရွှေရောင် တဝင်းဝင်းဖြစ်နေသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အမှူးထား ၍ ရန်ကုန်မြို့တော်ဝန် ဦးကိုလေးဇနီးမောင်နှံနှင့် ဝန်ထမ်းမိသားစု များက ရွှေသင်္ကန်းကပ်လှူထားခြင်းဖြစ်သည်ဟု မော်ကွန်းတင် ကျောက်စာ ရေးထိုးထားလေသည်။

            ပုဂံရှိ စေတီပုထိုးများကို ပြင်ဆင်ခြင်း၊ ထီးတင်ခြင်းစသည့် ကိစ္စရပ်များကို ခေတ်အဆက်ဆက်က ပြုလုပ်ခဲ့ကြသည်။ အထူး သဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တွင် အများဆုံးပြုလုပ်ခဲ့ကြသည်။

            ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးကတော့ ပုဂံခေတ်တွင် ဘုရား အများစုသည် ရွှေချထားခြင်းမရှိဟု အောက်ပါ အချက်များကို မူတည်ပြီး အနုမာနပြု မှန်းဆသည်။

            ”ဘာနဲ့ အလှအပကို ဦးစားပေးလဲဆိုတော့ အင်္ဂတေပန်း တွေနဲ့။ ရွှေချလိုက်ရင် အင်္ဂတေပန်းတွေက မပေါ်တော့ဘူး။ ရွှေချ လိုက်ရင် အဲဒါတွေက ပိန်းပိန်းကြီးဖြစ်သွားပြီးတော့ မမြင်ရတော့ ဘူး” ဟုဆိုသည်။

            ရှေးဟောင်းအမွေအနှစ်များ၏တန်ဖိုးသည် ရွှေချလိုက် လျှင် ပျက်သွားမည်ဖြစ်သဖြင့် ယင်းသို့မဖြစ်စေရန် ပညာပေးရ မည်ဟု ၄င်းက ယခုလို ဆက်ပြောသည်။

            ”ပုဂံခေတ်ကလည်း ရွှေမချခဲ့ဘူးလေ။ အဲဒီတော့ ရွှေမချ ဘဲ ဒီအတိုင်းပဲထားတာသည် ပိုမကောင်းဘူးလား”

            ဒေါ်ဥမ္မာမျိုးပြောသကဲ့သို့ ပုဂံခေတ် စေတီပုထိုးအများစု သည် ရွှေချထားခြင်းမရှိသော်လည်း အချို့သောစေတီပုထိုးများ တွင်တော့ အထွတ် (ကျောက်ထီးဟုလည်း ခေါ်ကြသည်)ကို ရွှေ ချသည့် အထောက်အထားများလည်းရှိနေသည်။

            စောမင်းလတ်ကျောက်စာတွင် ‘ရွှေအတိသောအထွတ် ကိုတင်၏’ဟုရေးထိုးထားပြီး မင်းနန်သူကျောက်စာတွင်တော့      ‘အထွတ်ကို ရွှေချ ရွှေထီးဆောက် ရွှေရည်ရေးသောဘုရား’ဟု ရေးထိုးထားကြောင်း မင်းဘူးအောင်ကြိုင် ကလောင်ဖြင့် ရေး သားသော ဦးအောင်ကြိုင်၏ ပုဂံခေတ် ဗိသုကာလက်ရာများ စာအုပ်တွင် ဖော်ပြထားလေသည်။

Photo : Than Htike      ဓမ္မရံကြီးအတွင်းမှ လင်းနို့ချေးများ ပေကျံလျက်ရှိသည့် ဘူမိဖဿ       ရုပ်ပွားတော်

အသစ်ဖြင့် အစားထိုးခြင်း

            ရွှေချခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှုမပြုတတ်သော ကြောင့် ရှေးဟောင်းလက်ရာများပျက်ကြရသကဲ့သို့ ပြိုကျပျက် စီးသွားသော ပုထိုးများကို အသစ်ပြန်လည်တည်ဆောက်ခြင်း၊ တစ်နည်းအားဖြင့် အသစ်ဖြင့် အစားထိုးခြင်းကြောင့်လည်း ရှေး မူလက်ရာများ ပျောက်ကွယ်သွားကြ သည်။

            ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သွားသော အင်အားပြင်းထန် သည့်ငလျင်ကြောင့် ဘုရားပုထိုးအများအပြား ပြိုကျပျက်စီးပြီး နောက်ပိုင်း အသစ်ပြန်တည်သော ဘုရားများစွာရှိပါသည်။ ပျူ စောထီးသည် ဘူးရိုင်းပင်များကို ဖျက်ဆီးနိုင်ခဲ့သည့် အထိမ်း အမှတ်ဖြင့် တည်ထားသည်ဟုဆိုသော ပုဂံခေတ်ဦးပိုင်းကာလလက်ရာဖြစ်သည့်  ဧရာဝတီမြစ်ကမ်းနဖူးပေါ်မှ ဗူးဘုရားဆိုလျှင် လည်း ၁၉၇၅ ငလျင်တွင် မြစ်တွင်းသို့ အဆူလိုက် ပြိုကျသွားခဲ့သည်။

            ပြိုကျပြီး သုံးနှစ်အကြာ အသစ်ပြန်တည်လိုက်ချိန်တွင် တော့ စေတီသည် နေရောင်ခြည်ကျနေသော ဧရာဝတီမြစ်ရေနှင့် အပြိုင် ရွှေရောင်တလက်လက်တောက်ပနေတော့သည်။

            ငလျင်ကြောင့် ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ရာ၌ အက်ကြောင်းများကို ပြန်လည်ဖာထေးခဲ့ရပြီး ထိုသို့ဖာထေးမှု များ ပပျောက်စေရန် ထုံးသုတ်ခြင်းမျိုးလည်း ပြုလုပ်ခဲ့ရသည်ဟု ယင်းသို့ပြင်ဆင်ဖာထေးရာတွင် နေ့စားအလုပ်သမားအဖြစ် ပါ ဝင်လုပ်ဆောင်ခဲ့သည့် အသက် ၆၃ နှစ်အရွယ် မြင်းကပါရွာသား ဦးသန်းဆွေက ရှင်းပြသည်။

            ညောင်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် သည့် ဦးအောင်ကြိုင်က ”နားလည်မှုလွဲသွားလို့ အရင်တုန်းက ထုံးသုတ်တာတို့၊ ရွှေချတာတို့ ဒါမျိုးတွေလုပ်တယ်”ဟု ရှင်းပြသည်။

             ပုဂံဒေသကို ယူနက်စကိုက ငြင်းပယ်ခဲ့သည့် အချက် တစ်ချက်မှာ ‘ဘုရားများချွန်နေတာတွေ(ထီးတင်ခြင်း)ကို’အကြောင်းပြသည်ဟု ဦးအောင်ကြိုင်က ဆိုသည်။ ဦးအောင် ကြိုင်သည် ရှေးဟောင်းသုတေသနဌာန၊ ဒုတိယညွှန်ကြားရေး    မှူးချုပ်အငြိမ်းစားတစ်ဦးလည်းဖြစ်သည်။

            ဘုရားတစ်ဆူတွင် ထိပ်မှ အထွတ်ပြုတ်ကျသွားပါက ပြုတ် ကျသွားသည့်အတိုင်းပင် ထားရမည်ဖြစ်ပြီး ရေမဝင်အောင် ထပ် မပြိုအောင်သာ ထိန်းသိမ်းရမည်ဟု ဘုရားများ ပြန်လည်ထိန်း သိမ်းရာတွင် ပါဝင်ခဲ့သော ဦးခင်မောင်အေးက ဆိုသည်။

            ”ကြည့်လိုက်ရင် ဘုရားငုတ်တိုလေးက ငုတ်တိုလေးပဲဖြစ် ရမယ်။ ထိပ်မှာအချွန်သွားမပေါက်နဲ့”ဟု ရှေးဟောင်းပညာတွင် မွမ်းမံပြင်ဆင်ခွင့်မရှိကြောင်းကို သူက ထောက်ပြသည်။

            ပုဂံခေတ်တွင် စေတီပုထိုးများကို ထီးတင်ခြင်းမရှိဘဲ အုတ် ဖြင့်သာ အရစ်အရစ်များ ပြုလုပ်ထားသော အထွတ်ဖြင့် ဘုရား များကို အဆုံးသတ်ကြောင်း ဦးအောင်ကြိုင်က ဆိုသည်။ ”ထီး သက်သက်ပေါ်တာ အင်းဝခေတ်ကျမှ”ဟု သူက ဆိုသည်။

            ခေတ်အဆက်ဆက်က ပြင်ဆင်ခဲ့သည့်ဘုရားများကို မွမ်း မံပြင်ဆင်သင့်သော်လည်း ပုဂံခေတ်လက်ရာ စေတီပုထိုးများကို တော့ နဂိုအတိုင်းပင် ထားရမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ထောက်ပြသည်။

            ”ဓမ္မရံကြီးကိုတော့ သွားပြီး အချွန်မပေါက်နဲ့ပေါ့။ အခု စူဠာမဏိပေါ့။ ထီးလိုမင်းလိုပေါ့။ အချွန်တွေပေါက်ပစ်တာ ဘယ် လောက်ဆိုးလဲ”ဟု ဝေဖန်ထောက်ပြသည်။ ”ဘုရားပြင်တယ်ဆို တာ နတ်လူသာဓုခေါ်တာ။ လုပ်ပါ စွယ်တော်လို ဘုရားမျိုးတွေ။ မြို့တိုင်းမှာ တစ်ဆူစီတည်ပေါ့။ ဒီရှေးဟောင်းအဆောက်အအုံ ကိုတော့ လာမထိနဲ့ပေါ့”

            ရွှေဂူကြီးတွင်ဈေးရောင်းချနေသော ကိုတင်လင်းအောင် ကလည်း စူဠာမဏိကိုကြည့်ပြီး ယခုလိုဝေဖန်သည်။ ”စူဠာမဏိ ဆို တကယ့်ကို Antique (ရှေးဟောင်းအမွေအနှစ်)လေ။ အခုဆို ပြန်ပြင်လိုက်တော့ အဟောင်းက တစ်ဖက်၊ အသစ်ကတစ်ဖက် ဆက်သွားတဲ့အတွက်ကြောင့် ကြည့်လို့မကောင်းဘူးပေါ့။ ဒီ အသစ်က အဟောင်းရဲ့အရသာကို အကုန်လုံးထိခိုက်သွားတာပေါ့”

တန်ဖိုးဘာကြောင့် လျော့

            ရှေးဟောင်းနယ်မြေဇုံအတွင်း ‘ဒေသနှင့် လိုက်လျောညီ ထွေမှုမရှိသည့် အဆောက်အအုံများဆောက်လုပ်ခြင်းသည် လည်း ယင်းဒေသ၏ ရှေးဟောင်းတန်ဖိုးကို လျော့ကျစေသည်ဟု ပညာရှင်များက ဆိုကြသည်။

            နိုင်ငံခြားသားများကို ပုဂံအကြောင်း ဟောပြောပို့ချပေးနေ သော ဦးခင်မောင်အေးကတော့ အဆောက်အအုံအသစ်များ ရှေးဟောင်းနယ်မြေအတွင်း ဆောက်ခြင်းနှင့်ပတ်သက်၍ ဤသို့ ပြောသည်။

            ”ပြတိုက်ကြီးဆောက်တယ်။ Very Ugly Architecture (အရမ်းအကျည်းတန်တဲ့ ဗိသုကာလက်ရာ) လို့ ကျွန်တော်တို့ ဧည့်သည်တွေ မေးရင် အဲဒီအတိုင်းဖြေလိုက်တယ်”

            ရှေးဟောင်းနယ်မြေတွင် ဆေးနီသုတ် ခေါင်စောက်ကြီး အသုံးပြု၍ ပြတိုက်ဆောက်လိုက်သဖြင့် အနီးတွင်ရှိသော ဂေါတော့ပလ္လင်ဘုရား၏ မြင်ကွင်းကိုပျက်စီးသွားစေကြောင်း ၄င်းက ဆက်၍ပြောသည်။

            ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဧရိယာသည် ၁၇,၉၇ဝ ဧက ကျယ်ဝန်းပြီး သမိုင်းဝင်စေတီပုထိုးကြီးများရှိသည့်နေရာကို ရှေး ဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် (Archaeological Zone – AZ)နှင့် အခြားနေရာများကို ရှေး ဟောင်းနေရာတည်ရှိရာဇုန် (Monument Zone – MZ)၊ ကာ ကွယ်ထိန်းသိမ်းထားသော ဇုန် (Protected Zone – PZ) ဟူ၍ ဖွဲ့စည်းထားသည်။

Photo: Than Htike     အာနန္ဒာ ဘုရားအတွင်းမှ ရုပ်ပွားတော်တစ်ဆူကို ရွှေဆိုင်းကပ်နေသူတစ်ဦး

            ”ဒီဇုန်(သုံးဇုန်) ထဲမှာတောင် ဘာမှမလုပ်ပါနဲ့ဆိုတာကို မြို့ရိုးတံတိုင်းအတွင်းထဲမှာကို ပြတိုက်ကြီးဆောက်ပစ်လိုက် တယ်”ဟု ဦးခင်မောင်အေးက အပြစ်တင်သည်။

            ”ဒီနယ်မြေထဲဝင်လိုက်တာနဲ့ အဲဒါပြတိုက်ကြီးဖြစ်နေပြီ။ ပုံအစစ်ကြည့်ချင်ရင် ဘုရားထဲသွားကြည့်လေ။ အစစ်မြင်ရဲ့သား နဲ့ ဘာလို့အတုသွားကြည့်မလဲ”

            ဦးအောင်ကြိုင်ကတော့ ပုဂံဒေသတွင် နှစ်လမ်းသွားလမ်း ကြီး ဖောက်လုပ်ထားခြင်းနှင့် ဂေါက်ကွင်းတည်ဆောက်ထားမှု တို့ကြောင့်လည်း ယူနက်စကိုက ပယ်ချခဲ့သည်ဟုဆိုသည်။

            ထို့ပြင်ပုဂံရှေးဟောင်းအမွေအနှစ်ဇုန်ထဲတွင် ဆောက် လက်စ ဟိုတယ်လုပ်ငန်းများလည်းရှိနေသည်။ ယင်းဟိုတယ်များ ကို ယခုအချိန်တွင် စီမံခန့်ခွဲမှုအစီအစဉ်ဆွဲနေသောကြောင့် ရပ် ဆိုင်းထားသည်ဟု ၄င်းက ပြောသည်။

ဖျက်ဆီးမှုများ

            ပုဂံရှိရှေးဟောင်းအမွေအနှစ်များသည် ခေတ်အဆက် ဆက် ဖျက်ဆီးခံရခြင်းများရှိသလို ခိုးယူခံရခြင်းများလည်း ရှိခဲ့ သည်။ ၁၃ ရာစုအတွင်း တရုတ်စစ်သည်(နန်ကျောင်)များ ဝင် ရောက်လာမှုကို ခုခံရန် နရသီဟပတေ့မင်းသည် ဘုရား၊ ပုထိုး၊ စေတီ ၃,ဝဝဝ ကျော်ကို ဖြိုဖျက်၍ မြို့ရိုးကို ခိုင်ခံ့အောင် ပြုလုပ်ခဲ့ သည်ဟု ဒေါက်တာခင်မောင်ညွန့်၏ စာတမ်းများကို ကိုးကားပြီး မြို့ရိုးတူးဖော်ရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်အေးလှက ‘ပုဂံမြို့ဟောင်းသမိုင်း’စာတမ်းတွင် ရေး သားထားသည်။

            (မြန်မာ့သင်္ကြန်ကိုစတင်ခဲ့သူလည်းဖြစ်၊ မင်္ဂလာစေတီကိုတည်ခဲ့သူလည်းဖြစ်သည့် နရသီဟပတေ့မင်းသည် ၄င်း၏သား တော်ဖြစ်သည့် ပြည်စားသီဟသူက အဆိပ်ကျွေးသတ်၍ ဇာတ် သိမ်းခဲ့ရသည်။)

            မြကန်အနီးတွင် ကျန်စစ်သားတည်ဆောက်သည်ဟု ဒေါက်တာ သန်းထွန်းက ယူဆသည့် ကျောက်ပိဋကတ်တိုက် လည်း ပျက်စီးသွားလေသည်။ ၁၉၇ဝ ခုနှစ်က ထုတ်ဝေခဲ့သည့် သမိုင်းပညာရှင် ဒေါက်တာလုစ့် (Gordon H.Luce) ၏ OLD BURMA-EARLY PAGAN စာအုပ် အတွဲ-၃ တွင် အမြင့်ပေ ၂ဝ နီးပါးရှိ သော ယင်းအဆောက်အအုံ၏ ပုံကို ဖော်ပြထားသည်။

            ယခုအချိန်တွင်တော့ ခြောက်ပေအမြင့်ခန့်ရှိသည့် အဆောက် အအုံအကြွင်းအကျန်သာရှိတော့ကြောင်း ဦးအောင်ကြိုင်က ပြောသည်။

            ယင်းသို့ဖြစ်ရခြင်းမှာ ၁၉၉၅ ဝန်းကျင်က မြကန်ကို ဆည် အဖြစ် တည်ဆောက်ခဲ့စဉ်က ရေလျှံပေါက်လုပ်ရန် အဆိုပါ အဆောက်အအုံရှိ ကျောက်များကို ဖြိုဖျက်ကာသုံးစွဲလိုက်ခြင်း နှင့် အနီးအနားရှိ ရွာများကလည်း ရေတွင်းပြုလုပ်ရာတွင် ယူငင် သုံးစွဲခြင်းတို့ကြောင့်ဖြစ်ကြောင်း ၄င်းက ထောက်ပြသည်။

            ရှေးဟောင်းအမွေအနှစ်များသည် ပုဂံပျက်စီး၍ အမှောင် ခေတ်သို့အရောက်တွင်လည်း အဖျက်အဆီးခံခဲ့ရကြောင်း ဦးခင်မောင်အေးက ဆိုသည်။ (ဦးခင်မောင်အေး၏ ဖခင်သည် အင်္ဂလိပ်အစိုးရလက်ထက်တွင် သုတေသနရုံး ထိန်းသိမ်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။)

            ”ဟောဒီနယ်မြေမှာ ရုပ်ပွားတော်တိုင်းဖျက်ဆီးခံရတယ်။ ဘယ်သူက ဖျက်လဲဆိုတော့ Buddhist (ဗုဒ္ဓဘာသာဝင်)တွေပဲ ဆော်တာပဲ။ ၁၃ ရာစုမှာ ပုဂံပျက်သွားတယ်။ ၁၄၊ ၁၅၊ ၁၆  အဲဒီ (ရာစု)နှစ်တွေက အမှောင်ကာလ။ အဲဒီမှာ ဘုရားတွေ အဖောက် ခံရတယ်။ ပျက်သွားတယ်”

            အင်္ဂလိပ်အစိုးရလက်ထက်တွင်လည်း ထင်ရှားသော ရှေး ဟောင်း အမွေအနှစ်ခိုးယူမူတစ်ခုရှိခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် ဘီအိုစီ ကုမ္ပဏီမှ ဂျာမန် လူမျိုးတစ်ဦးဖြစ်သည့် ဒေါက်တာထိုမန် (Dr.Thomanm) ဦးဆောင်လျက် ဘုရားများကို ခိုးယူခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

            ”ဟို(ချောက်မြို့) ကနေ (သူက)စနေ၊ တနင်္ဂနွေဆိုရင် ကြိုက်တာ လာဖြုတ်တယ်”ဟု ဦးခင်မောင်အေးက ပြောသည်။

            ထိုလူသည် နံရံဆေးပန်းချီလက်ရာကောင်းမွန်လှသော ဂူပြောက်ကြီး(ဝက်ကြီးအင်း) ဘုရားအတွင်းရှိ နံရံဆေးပန်းချီ များကိုလည်း လွှနှင့် ထိုးကာ အချပ်လိုက်ခိုးယူခဲ့လေသည်။  လွှ ကြောင်းရာများကြားတွင်တွေ့ရသည့် တစ်ပိုင်းတစ်စဖြစ်နေ သော ငါးရာ့ငါးဆယ်ဇာတ်နိပါတ်သရုပ်ဖော် နံရံဆေးပန်းချီများ သည် မကြာသေးခင်ကမှ ရေးဆွဲထားသောကြောင့် မင်မခြောက် သေးသည့်အလား သက်ဝင်ကြွရွနေသည်။

            ၁၉၆၅ တစ်ဝိုက်တွင်တော့ ဘုရားခိုးဂိုဏ်းများဖွဲ့၍ ခိုးယူခဲ့ ကြောင်းနှင့် ၄င်းတို့ကို အိမ်နီးချင်းနိုင်ငံများက တစ်ဆင့် ခိုင်းစေ ခြင်းဖြစ်သည်ဟု ဦးခင်မောင်အေးက ပြောသည်။

            ”ဒါပေမယ့် သူတို့ခိုးတဲ့ကာလကို ပြန်ကြည့်တော့ ပစ္စည်း ကောင်းတော့ မရရှာပါဘူး။ အကြွင်းအကျန်ပဲ။ ဘာလို့လဲဆိုတော့ ဟိုဘက်ခေတ်က အကုန်နှံ(အကုန်ခိုး) သွားပြီးသားလေ”ဟု ဦးခင်မောင်အေးက ပြောပြသေးသည်။

            ယနေ့ခေတ်အချိန်တွင်တော့ ယင်းသို့ခိုးယူဖျက်ဆီးခြင်း များ မရှိတော့သော်လည်း မရည်ရွယ်ဘဲနှင့် ဖျက်ဆီးမှုများလည်း ဖြစ်ပေါ်နေသေးသည်။ ယင်းတို့မှာ ဘုရားနံရံများရှိ ဆေးပန်းချီ များပေါ်တွင် ဘုရားဖူးလာရောက်ကြသူ တချို့က Correction Pen ဘောလ်ပင်များဖြင့် အမှတ်တရစာများ ရေးသားကြ ခြင်းပင်ဖြစ်သည်။ ဘုရားသို့ လာရောက်သည့် နိုင်ငံခြားသားဧည့် သည်များအနေဖြင့် ထိုသို့စာရေးထားခြင်းများကို မနှစ်မြို့ကြဘဲ ဝေဖန်ပြောကြားလေ့ရှိကြောင်း ရွှေဂူကြီးတွင် ဈေးရောင်းသော ကိုတင်လင်းအောင်က ပြောသည်။

            ”ဘာမှလည်းမဟုတ်ဘူး။ ကိုယ့်အတွက်လည်း ဘာမှ ဖြစ် မလာဘူး”ဟု ၄င်းက ပြောသည်။

            နံရံပေါ်တွင်မရေးခြစ်ကြရန် အစောင့်များကလည်း ပြော ဆိုလျက်ရှိပြီး စာရေး၍လည်း သတိပေးထားသောကြောင့် ယခု နောက်ပိုင်းတွင် ရေးသားမှုသိပ်မရှိတော့ဟု ဦးအောင်ကြိုင်က ပြောသည်။       အပိုင်း( ၂ )သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here