Home သတင်းဆောင်းပါး အရေးပါဆဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ

အရေးပါဆဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ

169
0
Advertise Here

Photo: Zayar Hlaing

၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

 ခင်မောင်မြင့် နှင့် သီတာဝင်း ရေးသည်။

Advertise Here

လွန်ခဲ့သော လေးနှစ်ခန့်အထိ ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်ရှိ ခလောက်ခမယ်ရွာမှ ကျောင်းနေအရွယ်ကလေးအများစုအဖို့ ပညာရေးဟူသည်မှာ လက်လှမ်းမီစရာအရာ မဟုတ်ခဲ့ပါ။ထိုရွာမှ တစ်နာရီလောက်လမ်းလျှောက်ရသည့် ရွာတစ်ရွာမှာတော့ မူလတန်းကျောင်းတစ်ကျောင်းရှိပါသည်။ သို့သော်မိုးတွင်းကာလ သွားရေး၊ လာရေးအဆင်မပြေသည်က တစ်ကြောင်း၊ ကျောင်းစရိတ်မတတ်နိုင်သည်က တစ်ကြောင်းတို့ကြောင့် မိဘများအနေနှင့် သူတို့၏ကလေးများကို မူလတန်းထားဖို့ကိုပင် အဆင်မပြေခဲ့ကြပါ။ ငါးတန်းလောက်အထိကျောင်းတက်ခွင့်ရသော ကလေးအနည်းငယ်မှအပ အများစုမှာမူလတန်းပြီးသည်ဟူ၍ပင် မရှိခဲ့ပါ။

၂ဝဝ၉ ခုနှစ်မှာတော့ အိမ်ခြေ ၄ဝ ကျော်ရှိသော ထိုရွာကလေးနှင့် အနီးအနား လယ်ကွင်းများမှ ဆင်းရဲသော လယ်သမားမိသားစုများ၏ သားသမီးများအတွက် ပညာအလင်းတံခါးပွင့်သွားခဲ့ပါသည်။ အကြောင်းမှာ ကော့မှူးမြို့မှ တစ်နာရီဝန်းကျင် စက်လှေဖြင့် သွားရသော အဆိုပါရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သီတင်း လာသုံးသော ဦးဇင်းတစ်ပါးက ထိုဒေသ၏ပညာရေးအခြေအနေကို သိသွားပြီး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ဖွင့်ပေးခဲ့သောကြောင့်ဖြစ်ပါသည်။

”ဒီကျောင်းလေးဖြစ်လာတော့ ဝမ်းသာလွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး”ဟု ခလောက်ခမယ်ရွာမှ စက်လှေသမား ကိုမောင်ဇော်က ပြောပြသည်။”ကျွန်တော့်သားသမီးတွေက ကျွန်တော်တို့တုန်းကလိုမြက်တောတွေ၊ လယ်ကွင်းတွေကို ဖြတ်ပြီး ကျောင်းတက်စရာမလိုတော့ဘူးပေါ့ဗျာ”ကျောင်းဖွင့်ခါစမှ ယမန်နှစ်လောက်အထိ အဖြစ်သဘောဆောက်ထားသည့် ခနော်နီခနော်နဲ့ ကျောင်းခန်းလေးထဲတွင်ကျောင်းသားလေးများ စာသင်ကြားခဲ့ကြရသည်။ ယနေ့အခါအလှူရှင်အချို့၏ ထည့်ဝင်မှုဖြင့် မိုးလုံလေလုံ သွပ်မိုး၊ အုတ်နံရံကာ စာသင်ကျောင်းလေးထဲတွင် ကိုမောင်ဇော်၏ ကလေးနှစ်ဦးအပါအဝင် ကျောင်းသား ၆ဝ ကျော် အေးအေးလူလူ စာသင်ကြားနိုင်ကြပြီဖြစ်သည်။

အစိုးရအနေနှင့် မူလတန်းပညာရေးကို အခမဲ့၊ မသင်မနေရစနစ်သို့ ပြောင်းလဲခဲ့သော်လည်း အစိုးရကျောင်းများတွင်ကျောင်းသုံးပစ္စည်းမှအစ ငွေကုန်ကျမှုများ ရှိနေသေးသောကြောင့် ဆင်းရဲသော မိသားစုများအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည်သာ အားကိုးအားထားပြုစရာပညာရိပ်မြုံ ဖြစ်နေဆဲပင် ဖြစ်ပါသည်။ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် မရှိဆင်းရဲသားမိသားစုနှင့် မိဘများ၏ တာဝန်ဝတ္တရားများကို ကူညီဖြေရှင်းပေးနေသည့် ဂေဟာတစ်ခုလိုဖြစ်သကဲ့သို့ ကလေးများ၏ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးနှင့် ဘဝလုံခြုံမှုကိုပါပေးနေသည့် ပရဟိတဂေဟာတစ်ခုလည်း ဖြစ်သည်ဟု ကလေးသူငယ်များအရေး အဓိကထားလုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children မှ ကျောင်းပြင်ပ ပညာရေးအစီအစဉ် အကြံပေး ဦးသိန်းအောင်က ပြောပြပါသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ စာရေးနေသောကိုရင်တစ်ပါး

”ဘ-က (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း)ကျောင်းတွေမှာ အသက်အရွယ် သတ်မှတ်ထားတာ မရှိဘူး၊ မွေးစာရင်းမပါရင်လည်း တက်လို့ရတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ဘ-ကကျောင်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေဆီကို အရောက်သွားနေတဲ့ကျောင်းတွေပါ”ဟု ၄င်းက ဆိုသည်။

လှိုင်သာယာ၊ အမှတ် (၂၂) ရပ်ကွက်ရှိ စန္ဒာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာဇော်မင်းဦးက အစိုးရကျောင်းများမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ကူးပြောင်းလာသော ကျောင်းသား အမြောက်အမြားရှိလာသည်ဟုသူ၏ အတွေ့အကြုံကို အခြေခံပြီး ပြောပြပါသည်။”အစိုးရကျောင်းတွေမှာ အခမဲ့၊ မမဲ့ဆိုတာကို အထက်ကလူကြီးတွေ သေချာဆင်းကြည့်ဖို့လိုတယ်။ ပိုက်ဆံမတတ်နိုင်လို့အစိုးရကျောင်းကနေ ဘ-က ကျောင်းကို ရောက်လာတဲ့ကလေးတွေ အများကြီးပဲ”ဟု ၄င်းက ဆိုပါသည်။

သူငယ်တန်းမှ ပဉမတန်းအထိ ကျောင်းသား၊ ကျောင်းသူသုံးရာကျော်ကို ပညာသင်ကြားပေးနေသည့် အဆိုပါကျောင်းမှကျောင်းအုပ်ဆရာတော် ဘဒ္ဒ န္တစန္ဒာဝရက ၄င်းတို့၏ကျောင်းရှိကျောင်းသား ၉၅ ရာခိုင်နှုန်းလောက်မှာ မရှိဆင်းရဲမိသားစုမှကလေးများဖြစ်သည်ဟု မိန့်ပါသည်။အချို့ဒေသများတွင်တော့ မိဘများက ငွေကြေးအထိုက်အလျောက်တတ်နိုင်သည့်တိုင် ၄င်းတို့ဒေသတွင် အစိုးရစာသင်ကျောင်း မရှိသောကြောင့်ဘုန်းတြော်ကီး သင်ပညာရေးကျောင်းများကိုသာ အားကိုးနေကြရခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။

BURNET INSTITUTE မှစီမံကိန်းမန်နေဂျာဦးအောင်ကိုကို ပြောပြသည်က သူ့အတွေ့အကြုံအရ အချို့ဒေသများတွင် အစိုးရကျောင်းရှိသော်လည်း ကျူရှင်နှင့် တွဲမထားနိုင်သဖြင့် မိဘများက ၄င်းတို့၏ ကလေးများကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုပဲ ပို့ကြရသည်ဟု ဆိုပါသည်။”ကျွန်တော့်ကိုယ်တွေ့ပေါ့ဗျာ။ တချို့ဒေသတွေမှာ အစိုးရကျောင်းမရှိဘူး၊ အစိုးရကျောင်းရှိပြန်တော့လည်း အဲဒီကျောင်းက ကလေးတွေ အများစုက ကျူရှင်တက်ကြတယ်။ ကျူရှင်မထားနိုင်တဲ့သူတွေ၊ မရှိဆင်းရဲသားတွေအတွက်တော့ ဘ-က ကျောင်းက ကောက်ရိုးတစ်မျှင်ပေါ့ဗျာ” ဟု ၄င်းက ဆိုသည်။

အချို့မိဘများကျတော့လည်း ၄င်းတို့၏ ကလေးများ ယဉ်ကျေးလိမ္မာလာအောင်ဟူသော မျှော်လင့်ချက်နှင့် ငွေကြေးတတ်နိုင်သည့်တိုင် အစိုးရကျောင်းများတွင် မထားဘဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် လာရောက်အပ်နှံကြသည်ဟုဦးအောင်ကိုကိုက ဆက်လက်ပြောပြသည်။ရွှေပြည်သာမြို့နယ်ရှိ တေဇာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသော ငါးတန်းကျောင်းသူ သမီးဖြစ်သူကို လာကြိုသည့် ကုန်သည်ဦးသန်းဝင်းကသူ၏သမီးကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ပို့ရသည့်အကြောင်းကို ယခုလိုပြောပြသည်။

”ကျွန်တော့်သားသမီးတွေကို အစိုးရကျောင်းမှာလည်းထားနိုင်တယ်ဗျ၊ ဒီ(ဘ-က)မှာက အကုန်ကျသက်သာတယ်ဆိုတာ မှန်တယ်၊ ဒါပေမဲ့ ဘ-ကကျောင်းမှာက ဘုန်းကြီးကလည်းအုပ်ထိန်းမှုကောင်းတယ်။ ကလေးတွေ ယဉ်ကျေးလိမ္မာလာအောင်လည်း ယဉ်ကျေးမှုပညာကို သင်ပေးတဲ့အတွက် ဒီကျောင်းမှာ ကျွန်တော့်သားသမီးတွေကို ထားတာပါ”ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် နေ့လယ်စာ ကျွေးလေ့ရှိသလို အချို့ ရပ်ဝေးမှလာသော ကလေးငယ်များကိုလည်းကျောင်းတွင် ညအိပ်ထားကာ စားရေး၊ သောက်ရေးနှင့် နေရာထိုင်ခင်းများကိုပါ တာဝန်ယူ ဆောင်ရွက်ပေးတတ်ကြပါသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဟုဆိုသော်လည်းတချို့ကျောင်းများတွင် ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များသာမက ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင် ကလေးငယ်များလည်း လာရောက်ပညာသင်ကြားကြသည်ကို တွေ့ရသည်။ခေတ်စနစ်၏ တောင်းဆိုမှုကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အရေအတွက်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာလျက်ရှိသည်ဟု ဘုန်းတော်ကြီးသင်ပညာရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။

သာသနာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရမြန်မာနိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအရေအတွက်သည် ၁,၅၅၂ ကျောင်းရှိပြီးကျောင်းသားအရေအတွက် နှစ်သိန်းကျော် ပညာသင်ကြားလျက်ရှိသည်ဟု ဆိုပါသည်။အထက်ပါစာရင်းမှာ လက်လှမ်းမီရာပြုစုထားသည့်စာရင်းသာဖြစ်ပြီး ဝေးလံခေါင်းပါးသည့် ဒေသများမှ စာရင်းမရသေးသည့် ကျောင်းများလည်း ရှိနိုင်သေးသည်ဟု သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဌာနခွဲမှ ဒုတိယဦးစီးမှူး ဦးလှိုင်ရီက ပြောသည်။

သမိုင်းထဲက ဘ-ကကျောင်း

မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုလျှင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခန်းကဏ္ဍမှာ များစွာအရေးပါခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။၁၁ ရာစေု လာကက် တည်းက မြန်မာနိုင်ငံမှာတည်ရှိလာခဲ့သော  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်မရောက်မီအထိ မင်းညီမင်းသားမှသည် သူဆင်းရဲများအထိ ‘အသုံးလုံး’ (အရေး၊ အဖတ်၊အတွက်) နှင့် ဗုဒ္ဓစာပေကျမ်းဂန်များ လေ့လာသင်ယူရာ တစ်ခုတည်းသော ပညာရေးအဖွဲ့အစည်း ဖြစ်ခဲ့ပါသည်။

ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီးနောက်တွင်တော့ ခရစ်ယာန်သာသနာပြုကျောင်းတွေက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ နေရာကို တစ်စတစ်စ ဝင်ယူလာကြသည်။သို့နှင့်တိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာကွယ်ပျောက်သွားခြင်းမရှိခဲ့ပါ။ မြို့ကြီးပြကြီးများတွင် ခရစ်ယာန်သာသနာပြုကျောင်းများက ပညာသင်ကြားရေးကဏ္ဍ၌ဦးဆောင်နေစဉ်မှာ ကျေးလက်တောရွာများတွင်တော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကပဲ စာတတ်မြောက်ရေးတွင် ဦးဆောင်နေခဲ့ကြသည်။သမိုင်းတစ်လျှောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ အခန်းကဏ္ဍ မည်မျှပင် အရေးပါလှသော်လည်း၁၉၆၂ ခုနှစ်အရောက်တွင်တော့ ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ်အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ဖျက်သိမ်းပစ်ခဲ့ပါသည်။ထိုသို့ဖျက်သိမ်းလိုက်သော်လည်း ဘုန်းတော်ကြီးသင်ပညာရေးစနစ်မှာ လုံးလုံးကြီး ကွယ်ပျောက်သွားခြင်းမရှိဘဲ သူ့နည်းသူ့ဟန်နှင့် ရှင်သန်နေခဲ့သည်။ သည်လိုနှင့် ဆယ်စုနှစ် သုံးခုကျော်အကြာ ၁၉၉၃ ခုနှစ်တွင်တော့ အစိုးရက ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပြန်လည်အသိအမှတ်ပြုလာသည်။ အားပေးအားမြှောက် ပြုလာသည်။

‘မြန်မာ့ပညာရေးအစ၊ ဘုန်းကြီးကျောင်းက’ဟု အဆိုအမိန့်ရှိခဲ့သည့်အတိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများက မွေးထုတ်ပေးလိုက်သည့် အရေး၊ အဖတ်၊ အတွက်မှ စပြီးအဆင့်မြင့်ပညာရေးအထိ အောင်မြင်သွားကြသည့်သူတွေ များစွာရှိလိမ့်မည်ဟှုလေန အ့န ဃ့ငိုမနည မှ ဦးသိန်းအောင်ကမှန်းဆသည်။”နှစ်စဉ်တိုးပွားလာနေတဲ့ ကလေးဦးရေကို ကြည့်မယ်ဆိုရင် ဘ-က ကျောင်းတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်းမသွားဘဲပိုပြီးအရေးကြီးလာနိုင်ပါတယ်”ဟု ၄င်းက သုံးသပ်သည်။

လွန်ခဲ့သော နှစ် ၂ဝ အတွင်း (၁၉၉၃ မှ ၂ဝ၁၃ အထိ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ လည်ပတ်ခွင့် မရခဲ့လျှင်ဖြစ်လာနိုင်စရာရှိသည့် အခင်းအကျင်းကို အထက်ပါပုဂ္ဂိုလ်ကယခုလိုပြောပြသည်။”ဖြတ်သန်းခဲ့တဲ့ နှစ် ၂ဝ လုံးလုံး ဘ-က ကျောင်းတွေရဲ့စာသင်ခန်းတွေသာ ပိတ်ပြီး ကလေးတွေရဲ့ စာအံသံသာ တိတ်ဆိတ်နေခဲ့မယ်ဆိုရင် နှစ် ၂ဝ အတွင်း လူဖြစ်ခဲ့ကြတဲ့ ကလေးအချို့ဟာ ယနေ့ စာမတတ်ကြတဲ့ လူလတ်ပိုင်းတွေဖြစ်နေကြမှာပါ”ဟု ၄င်းက ဆိုသည်။၎င်းက ယခုလိုလည်း ဆိုပါသည်။”ဘ-က ကျောင်းတွေရဲ့ အကျိုးပြုမှုကြောင့် စာတတ်ခဲ့ကြတဲ့ လူဦးရေဟာ မြန်မာနိုင်ငံမှာ ယခုအထိ ရှင်သန်လှုပ်ရှားနေဆဲပါ”

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘ-က ကျောင်းတစ်ကျောင်းမှစာသင်သားများ

လိုအပ်ချက်များ ဖြည့်ပေးပါ

အစိုးရကျောင်းများအနေနှင့် အစိုးရထံမှ အသုံးစရိတ်ဖြင့်လည်ပတ်ကြသော်လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ပုဂ္ဂလိကအလှူရှင်များ၏ ထည့်ဝင်မှုဖြင့်သာ လုံးလုံးလျားလျား ရပ်တည်ခဲ့ကြရသည်။ပြီးခဲ့သည့်နှစ်ကအထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ဆရာ၊ ဆရာမများအတွက် လစာရှာဖွေသည်မှအစ ကျောင်းအသုံးအဆောင်ပစ္စည်းများ ဝယ်ယူသည်အထိ ငွေရေးကြေးရေးပိုင်းတွင် အခက်အခဲများစွာ တွေ့ခဲ့ကြသည်။

ခလောက်ခမယ်ဘုန်းကြီးကျောင်းမှ ဦးဇင်းဦးကဝိန္ဒဆိုလျှင် သူ့ကျောင်းလေး ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ရေးအတွက် အကြွေးများနှင့် တစ်ချိန်လုံး နပန်းလုံးနေခဲ့ရသည်။လယ်သမားအချို့ လှူထားသော လယ်ကွက်ပေါ်တွင်သူရင်းငှားတစ်ယောက်ငှားကာ စပါးစိုက်ခိုင်းပြီး ယင်းမှ ရသောငွေကြေးဖြင့် ကျောင်းရန်ပုံငွေကို ဖြည့်ဆည်းနေရသည်ဟု လယ်ကွင်းမှ ကျောင်းသို့ ပြန်ရောက်လာသည့် ဆရာတော်ဦးကဝိန္ဒကမိန့် ပါသည်။

”ဦးဇင်း အရင်နှစ်တွေက ငါးတန်း၊ ခြောက်တန်းကိုလက်ခံပြီး သင်တယ်။ ဒီနှစ်မှာ ဖြုတ်လိုက်တယ်။ (အရင်နှစ်က)ညအိပ်ကျောင်းသား ၃ဝ ကျော်လက်ခံခဲ့ပေမယ့် ဒီနှစ် ၁၁ယောက်ပဲလက်ခံတော့တယ်”ဟု ဦးကဝိန္ဒက မိန့်ပါသည်။အစိုးရအနေနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ထောက်ပံ့သည့်အနေဖြင့် ယခုနှစ်မှ စတင်ကာ ဆရာ၊ဆရာမများအတွက် လစာထောက်ပံ့ပေးနေပြီဖြစ်သည်ဟု သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးလှိုင်ရီက ဆိုသည်။ တခြားလိုအပ်ချက်များဖြစ်သည့် ဗလာစာအုပ်၊စာရေးခုံ အပါအဝင် ပစ္စည်းအချို့ကိုလည်း ပေးအပ်ခဲ့သည်ဟုဦးလှိုင်ရီက ဆိုသည်။

သို့သော်လည်း ထောက်ပံ့လစာ မပေးရသေးသည့်ကျောင်းတစ်ရာကျော်ကျန်သေးသည်ဟု ဦးလှိုင်ရီက ခန့်မှန်းသည်။ ကျောင်းအရေအတွက်မှာ နောက်ထပ်တိုးလာနိုင်သည့်အတွက် အစိုးရမှ ချပေးသည့် ဘတ်ဂျက်ပေါ်မူတည်ပြီး ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လာမည့်နှစ်တွေမှာ ဆက်လက်ထောက်ပံ့ပေးနိုင်ရေးအတွက် ဘဏ္ဍာအခွန် ငွေလုံးငွေရင်းဌာနကို တင်သွင်းထားတာရှိသည်ဟု ၄င်းက ဆက်လက်ဆိုသည်။ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် နိုင်ငံအတွင်း ပညာရေး၊ လူမှုရေးများကိုသာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အစိုးရ၏ အခွန်ဘဏ္ဍာကို တစ်ဖက်တစ်လမ်းမှ သက်သာအောင် ဆောင်ရွက်နေသည်ဆိုလျှင်လည်း မမှားဟု တေဇာရာမ ဘ-က ကျောင်းမှ ကျောင်းအုပ်ဆရာတော် ဘဒ္ဒ န္တဂမ္ဘီရဗုဒ္ဓိမှ မိန့်ကြားသည်။

”ဦးဇင်းတို့ ဘ-ကကျောင်းတွေက ဒီကလေးတွေရဲ့ ကုန်ကျစရိတ်တွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့ လုပ်လာတာ။ အဲ့ဒါကိုအစိုးရရဲ့ဘဏ္ဍာကို တစ်ဖက်တစ်လမ်းက ထိန်းပေးရာရောက်တာပဲ။ အရင်က အစိုးရကဘာမှ မထောက်ပံ့ခဲ့ဘူး။ အခု ထောက်ပံ့လာတယ်ဆိုတော့ ဝမ်းသာရမှာပေါ့၊ နောက်ထပ်လည်း ဆက်ပြီးထောက်ပံ့စေချင်ပါတယ်”ဟု ဆရာတော်ကဆက်လက်မိန့် သည်။အစိုးရအပါအဝင် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့မှုများ ပြုလာကြသော်လည်းအဖက်ဖက်မှာ လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု ဘုန်းတော်ကြီးသင်ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါ သည်။အခြားရုပ်ဝတ္ထုပစ္စည်း လိုအပ်မှုများကို အစိုးရအနေနှင့်ထောက်ပံ့သင့်သလို တစ်ချိန်တည်းတွင် ဘုန်းတော်ကြီးပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားလာအောင် လုပ်ဆောင်ပေးရန်လည်း လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြကြပါသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ဆရာမအများစုသည် ဆရာဖြစ်သင်တန်းများကို တက်ရောက်ထားကြခြင်းမရှိသည့်အတွက် စေတနာကိုသာ အဓိကထားသင်ပေးနေကြသဖြင့် ၄င်းတို့တစ်တွေကို အရည်အသွေးမြင့် သင်တန်းများပေးရန် လိုအပ်သည်ဟု ပညာရေးတက္ကသိုလ်၊ ပညာရေး၊ စိတ်ပညာဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က အကြံပြုသည်။”ပထမအနေနဲ့တော့ ဆရာတွေကို အရည်အသွေးမြှင့်ဖို့လိုတယ်။ ပြီးတော့ ဘ-က ကျောင်းတွေမှာ အဓိကအခရာကဘုန်းကြီးပဲ။ တချို့ဘုန်းကြီးတွေက အခုခေတ် အမြင်မျိုးရှိတယ်။

  တချို့ကျတော့လည်း ရှေးရိုးအယူအဆတွေ ရှိသေးတယ်။ ဥပမာဘုန်းကြီးက ကလေးတွေကိုပြောလို့မရရင်ကြုံတဲ့ဟာနဲ့ ရိုက်တာမျိုးပေါ့။ အဲ့ဒါတွေ တော်တော်များများ တွေ့ရတယ်။ အဲဒါတွေကိုပါ ပြင်ဖို့လိုအပ်တယ်” ဟု ဒေါက်တာသိန်းလွင်က ထောက်ပြသည်။ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းမရှိသည့်နေရာများတွင် ပိုက်ဆံတတ်နိုင်သည့် မိဘများ၏ သားသမီးများသာ အစိုးရကျောင်း (သို့) တခြား ဘုန်းတော်ကြီးသင်အလယ်တန်းများသို့ တက်ရောက်ကာ ဆက်လက်ပညာသင်ကြားခွင့်ရကြသော်လည်း ဆင်းရဲနွမ်းပါးသည့်ကလေးများမှာမူမူလတန်းပညာနှင့်သာ ကျေနပ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းခွင် ဝင်သွားကြရသည်ဟု BURNET INSTITUTE မှဦးအောင်ကိုကိုက ရှင်းပြသည်။

အစိုးရကျောင်းများသည်လည်း အနာဂတ်မျိုးဆက်တွေပညာတတ်မြောက်ရန်အတွက် လုပ်နေကြသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည်လည်း အနာဂတ်မျိုးဆက်တွေ စာတတ်မြောက်ပြီး ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုး စာတတ်မြောက်ဖို့ လုပ်နေကြသောကြောင့် အားလုံးဝိုင်းပြီး စောင့်ရှောက်ရန်လိုအပ်သည်ဟု စန္ဒာရာမကျောင်းတိုက်မှ ကျောင်းအုပ်ဆရာတော် ဘဒ္ဒ န္တစန္ဒာဝရက မိန့်သည်။

”အစိုးရကျောင်းက ကျောင်းဆရာ၊ ဆရာမတွေလည်းဘုန်းတော်ကြီးကျောင်းတွေကို လာပြီး လေ့လာဖို့ လိုတယ်။ဘ-ကကျောင်းမှ ကျောင်းဆရာ၊ ဆရာမတွေကလည်း အစိုးရကျောင်းကို လေ့လာဖို့ လိုတယ်။ ဒါမှ ပညာရေးဟာ ကောင်းသွားမယ်”ဟု ဆရာတော်က ဆက်လက်မိန့်သည်။ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာ အောင်အောင်မြင်မြင်နှင့် လည်ပတ်နိုင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံဆင်းရဲမွဲတေမှုလျှော့ချရေးတွင် အားတစ်ခုဖြစ်လာနိုင်သည်ဟုဦးအောင်ကိုကိုက ယခုလိုပြောပြ သည်။”ဘ-က ကျောင်းသာ အောင်မြင်ခဲ့မယ်ဆိုရင် နိုင်ငံတော်က ပြောပြောနေတဲ့ ဆင်းရဲမွေးတေမှုပပျောက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေသလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ထိန်းသိမ်းရာမှာလည်း အထောက်အကူပြုနေတဲ့ လုပ်ငန်းကြီး တစ်ခုလို့ ကျွန်တော်ပြောချင်တယ်” ။         ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here