Home စာအုပ်အညွှန်း နိုင်ငံ့ဗေဒ၊ လူမှုဗေဒနှင့် ဘူမိဗေဒ

နိုင်ငံ့ဗေဒ၊ လူမှုဗေဒနှင့် ဘူမိဗေဒ

179
0
Advertise Here

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၆)  စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်း ဖြစ်ပါသည်။

သင့်နော် ရေးသည်။

(၁)

Advertise Here

ဘူမိဗေဒပညာနဲ့ Ph.D ရထားတဲ့ ပုဂ္ဂိုလ်တစ် ယောက်က စင်ကာပူမှာ အနေများတယ်။ ဘူမိဗေ ဒလုပ်ငန်းတစ်ခု ထူထောင်ထားတယ်။ အသက်မွေးဝမ်းကျောင်းအလုပ်က ဘူမိဗေဒပညာရပ်နဲ့ ပါပဲ။ သို့ပေမဲ့ အဲဒီပုဂ္ဂိုလ်က စာနဲ့ ပေနဲ့ အထုံအလေ့ ခိုင်ခိုင်မာမာ ရှိလေတော့ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်က ရွှေမြန်မာ ဆိုတဲ့ နာမည်နဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်အောင် ဖန်တီးပြီး ပြည်ပက မြန်မာတွေကို အဓိကထား ဖြန့်ချိရောင်းချပါ တယ်။  (အခုတော့ ရွှေမြန်မာကို ခေတ္တခဏရပ်နား ထားတယ် ထင်ပါရဲ့။)

          ပြီးခဲ့တဲ့ ၂ဝ၁၃ မှာ မြန်မာနိုင်ငံ စက်မှုလက်မှုကုန်သည် ကြီးများနှင့် လုပ်ငန်းရှင်များအသင်း (UMFCCI) ရဲ့ ပညာရပ် ဆိုင်ရာ ဟောပြောပွဲတစ်ခုမှာ သူက ‘သဘာဝသိပ္ပံ၊ လူမှုဘဝနှင့် လက်တွေ့အသုံးချခြင်း အနုပညာ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်ဟော ပြောပါတယ်။ ဒီအကြောင်းအရာကိုပဲ စင်ကာပူမှာ ရောက်နေတဲ့ မြန်မာဘူမိဗေဒပညာရှင် များအသင်း (MGSS) က ဘူမိဗေဒ သမားတွေကို ဒုတိယအကြိမ် ပြန်ဟောဖြစ်ပါတယ်။  ကြားနာခဲ့ ရတဲ့ စာရေးဆရာ မောင်ကျော်သာ(ပဲခူး)က ပိုပြီး ကျယ်ကျယ်ပြန့် ပြန့်နဲ့ မြန်မာစာဖတ်ပရိသတ်တွေ၊ မြန်မာလူငယ်တွေအတွက် အတွေးအခေါ်သစ်တွေ ရစေချင်လို့ စာအုပ်အဖြစ် ရေးဖို့ တိုက် တွန်းတဲ့အတွက် မူလခေါင်းစဉ်နဲ့ပဲ ၂ဝ၁၃ နှစ်ကုန်မှာ စာအုပ် ဖြစ်လာပါတယ်။ ကာယကံရှင်က ဒေါက်တာခင်မောင်လတ်ပါ။ ရွှေမြန်မာမဂ္ဂဇင်းကို သံယောဇဉ် ကြီးမားတာကြောင့် သူ့နာမည် နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ (ရွှေမြန်မာ)လို့ ထည့်ထားပါတယ်။

          ”…သဘာဝဖြစ်စဉ်တွေနဲ့ သဘာဝသိပ္ပံအယူအဆတချို့ကို သေသေချာချာကြည့်တော့ လူ့ဘဝအတွက် သိပ်ကို အဖိုးတန်တဲ့ အတွေးအခေါ်တွေ၊ နမူနာယူစရာတွေနဲ့ လက်တွေ့အသုံးချလို့ ရတာတွေကို သွားတွေ့တယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်း ကျင်မှာ နေ့တိုင်း      ထိတွေ့ကြုံဆုံနေရတဲ့ အဖြစ်အပျက်တွေချည်း ပါပဲ။ သတိမထားမိကြလို့၊ သိပ္ပံအယူအဆတွေနဲ့ မရင်းနှီးကြလို့ သာပါ။ လက်တွေ့အသုံးချတတ်ရင် နေ့တိုင်းကြုံနေရတဲ့ လူမှုဘဝ အတွက်၊ လူ့အသိုင်းအဝိုင်းအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိ မယ်လို့ ယူဆပြီး အရေးကြီးဆုံးလို့ ထင်ရတဲ့       အကြောင်းအရာ၊ အယူအဆ ၁ဝ ခုကို ရွေးလို့ တိုးတက်ဖို့ တာစူနေတဲ့ လူငယ်တွေနဲ့ ဖွံ့ဖြိုးဖို့လမ်းစပေါ်ရောက်နေတဲ့ တိုင်းပြည်အတွက် ထုတ်နုတ် ဟောပြောရေးသားရရင် တတပ်တအားဖြစ်လေမလားလို့ ခံယူ တာကြောင့် စာတစ်အုပ်ဖြစ်အောင် ကြိုးပမ်းလိုက်ပါတယ်”တဲ့။

(၂)

          စာအုပ်ခေါင်းစဉ်က ရှင်းလွန်းလို့၊ လွယ်လွန်းလို့ အမှုမဲ့ အမှတ်မဲ့ ခပ်ပေါ့ပေါ့ပဲ သဘောထားမိပေမယ့် ဖတ်မိတဲ့အခါ သူ့ စာက ဆွဲဆောင်မှုရှိတယ်။ သူပေးချင်တဲ့အချက်အလက်တွေကို သူက အတိအကျပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ သူမြင်တဲ့ အမြင်က ဘူမိဗေဒပညာရပ်ကို အခြေခံတဲ့ အမြင်ဖြစ်တယ်။ ဘူမိဗေဒဘာ သာရပ်ဟာ သဘာဝသိပ္ပံ (Nautral Science) ပညာရပ်ဖြစ် တယ်။ သူ့အဆက်အစပ်က ရုတ်တရက်ဆိုရင် ထူးဆန်းနေတယ် ထင်ရပေမယ့် လူတကာ မြင်သိတွေ့ကြုံပြီးသား အနေအထားက နေ ခွဲထွက်လာတဲ့ ဒီဇိုင်းဖြစ်နေပြန်တယ်။

          လူမှုဘဝမှာ ဖြစ်ပျက်နေတာတွေကို သဘာဝသိပ္ပံထဲက အဖြစ်အပျက်တွေ၊ အယူအဆတွေနဲ့ ဆက်စပ်တွေးခေါ်ပြီး အကျိုးဖြစ်ထွန်းအောင် ခင်းကျင်းပြသထားတဲ့အတွက် ဒေါက် တာခင်မောင်လတ်က ဒါကို Geological Philosophy ဒါမှ မဟုတ် Philosophical Geology လို့ ကင်ပွန်းတပ်ရမလိုလို ဖြစ်နေတယ်လို့ဆိုတယ်။ ဒီလိုချဉ်းကပ်မှုမျိုးကို တစ်ခါမှ မတွေ့ရ ဖူးဘူးလေ။ ဒါကြောင့် သူက အခန်းတိုင်းမှာ ဘူမိဗေဒ အခြေခံ အချက်အလက်တွေကို အရင်ဆုံးမိတ်ဆက်ပေးပြီးမှ ဖွင့်တယ်။

          သူစီစဉ်ထားတဲ့ အခန်း ၁ဝ ခန်းစလုံးဟာ ဘူမိဗေဒအခြေခံ အချက်အလက်တွေနဲ့ပဲ တည်ဆောက်ထားတာ ဖြစ်တယ်။ ပထမ ဆုံး ‘သဘာဝနဲ့ သင့်တင့်မျှတစွာ နေထိုင်ခြင်း’မှာ ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းပုံ၊ ဖြစ်တည်လာပုံ၊ တည်ဆောက်ထားပုံနဲ့ မျှခြေတစ်ရပ် အဖြစ် သဘာဝက ပြုပြင်ပုံတွေကို အခြေခံပြီး ဘဝမှာ ကျန်းမာ ရေးအတွက် ကြံ့ကြံ့ခံနိုင်မယ့်ကိစ္စကို သူက တင်ပြတယ်။ ဆက် စပ်မှုဟာ ဝေးသယောင်ယောင်ရှိပေမယ့် လက်တွေ့ဆန်တာတွေ့ ရလို့ ကျေနပ်ရတာပေါ့။ သဘာဝနဲ့ သင့်တင့်မျှတစွာ နေတတ်ရင် ခန္ဓာကိုယ်ဟာ မျှခြေတစ်ခုမှာ ရှိနေနိုင်တာကို သူက ဘူမိဗေဒ ဘာသာရပ်ထဲက ကျောက်တွေရဲ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြထားတာ ဟာ မြင်ပုံရှုပုံအသစ်နဲ့ အသုံးချပုံ အသစ်ဖြစ်တယ်ဆိုတာ တွေ့ရတယ်။

          ‘လေလိုကျင့်ရအောင်’ဆိုတဲ့ အခန်း ၂ မှာတော့ ကမ္ဘာမြေ ကြီးကို အချိန်ရှိသရွေ့ ပြုပြင်မှုတွေ ပြုနေကြတဲ့ မိုးရွာတာ၊ လေ တိုက်တာ၊ ရေစီးတာ၊ ဒီရေတက်တာ၊ လှိုင်းပုတ်တာ၊ မြေအောက် ထဲမှာ ရေတွေ ခိုအောင်းနေတာ အစရှိတဲ့ ကိစ္စအဝဝတွေထဲက လေရဲ့ အလုပ်ကို မီးမောင်းထိုးပြထားပါတယ်။ အခုဖော်ပြထားတဲ့ ကိစ္စအဝဝဟာ သဘာဝရဲ့ ကိုယ်စားလှယ်တွေပဲလို့ ဒေါက်တာက သတ်မှတ်တယ်။ အဲဒီလုပ်ငန်းတွေက တိုက်စားတယ်(Erosion)။  သယ်ယူပို့ဆောင်တယ် (Transportation)။ ပြီးတော့ ပြန်လည် ပို့ချတယ် (Deposition)။ ဒီသုံးခုကို ရေတို့၊ လေတို့၊ လှိုင်းတို့က အခါမလပ် လုပ်ဆောင်တာပေါ့။

          လူတွေကို လေလို ကျင့်ရအောင်လို့ စာရေးသူက တိုက် တွန်းထားရာမှာ လေက တိုက်စားပွန်းတီးလို့ ရနိုင်သမျှကို တိုက် စားပွန်းတီးပစ်မယ်၊ သယ်သွားလို့ ရနိုင်သမျှကို အင်အားရှိ သလောက် အကုန်သယ်မယ်။ မသယ်နိုင်တော့ဘူးဆိုရင် ချထား ခဲ့မယ်။ ဒီသုံးချက်ကို စာရေးသူက ထောက်ပြတယ်။ လူ့သဘာဝနဲ့ ညှိပြတယ်။ လူတွေက လေလောက် မရိုးစင်းဘူးလို့ ဆိုလိုတယ်။

          ‘လေဟာ အမှန်ကို အမှန်၊ အရှိကို အရှိအတိုင်း ဆောင် တတ်တယ်။ စံပယ်ရုံကို ဖြတ်တိုက်လာရင် စံပယ်ရနံ့ကို ယူဆောင် လာမယ်။ နှင်းဆီရုံကို ဖြတ်တိုက်လာရင် နှင်းဆီရနံ့ သယ်လာ မယ်။ အပုပ်နံ့ကို ဖြတ်တိုက်လာရင် အပုပ်နံ့ဆောင်လာမယ်။ လူ တွေကရော ဒီလို ဆောင်တတ်ပါသလား။ ဘယ်ဆောင်လိမ့်မတုံး။ လိုရင် လိုသလို၊ မလိုရင် မလိုသလို အမျိုးမျိုးဆောင်တတ်ကြတာ ကလား’ဆိုပြီး လေလို ကျင့်စေချင်တာပါ။

          အလားတူပဲ အခန်း ၃ ရဲ့  ‘မှတ်ကျောက်အတင်ခံနိုင်ကြပါ ရဲ့လား’မှာ တွင်းထွက်တွေရဲ့  ရုပ်လက္ခဏာတစ်ခုဖြစ်တဲ့ Streak Colour ကို စံထားပြီး လူတွေရဲ့ ပင်ကိုစရိုက်ဟာ သမိုင်းအတင်ခံ နိုင်ဖို့ လိုတယ်ဆိုတာကို ခိုင်းနှိုင်းထားပါတယ်။

          အခန်း ၄ မှာ ‘ဂုဏ်ရည်လက္ခဏာသည် ဖြစ်စဉ်မှ လာ သလော’ကို တွေ့ရတယ်။ သဘာဝသိပ္ပံပညာရပ်တွေကို ချဉ်းကပ် ရာမှာ ဖြစ်စဉ်တစ်ခုခု Process ကနေ Product ရလဒ်တစ်ခုခု ပေါ်ထွက်လာပြီး အဲဒီမှာ Properties ဂုဏ်ရည်တစ်ရပ် ထွန်း ကားလာတယ်ဆိုတဲ့ P သုံးလုံးရဲ့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သုံး ဦးသုံးဖလှယ် သက်ရောက်နေတဲ့ကိစ္စကို အခြေခံထားတယ်။ ဒါ ကို လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည်နဲ့ ထင်ဟပ်ကြည့်လိုက်ရင် ‘ပစ္စည်းတစ်ခု အရည်အသွေး အကောင်းအညံ့၊ လူတစ်ယောက်ရဲ့ ထူးချွန်မှု၊ ညံ့ဖျင်းမှု၊ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်း     အနိမ့်အမြင့်၊ တိုင်းပြည်တစ်ပြည်ရဲ့ ခေတ်မီဖွံ့ဖြိုးမှုနဲ့ အောက်ကျနောက်ကျ ဖြစ်နေမှုတွေဟာ ဘယ် Process ဖြစ်စဉ်ကြောင့်လဲဆိုတာ ခန့် မှန်းတတ်ဖို့’ လိုတိုရှင်း တင်ပြထားတာ ကွင်းကွင်းကွက်ကွက်တွေ့ ရတယ်။ ကိုယ့်ဂုဏ်ရည်လက္ခဏာကြောင့် ကိုယ့်ကိုယ်ကိုယ် မထိ ခိုက်သင့်ဘူးဆိုတာ သဘောပေါက်ရတယ်လေ။

          အခန်း ၅ ရဲ့ ခေါင်းစဉ်ကို ‘အဖိုးတန်ဆုံးအရာသည် အရိုး ရှင်းဆုံး သဘာဝရှိ၏’လို့ ပေးထားပြီး သက်မဲ့လောကထဲက တန် ဖိုးအကြီးဆုံး စိန်ရဲ့ ဓာတုဖွဲ့စည်းပုံဟာ ကာဗွန်တစ်မျိုးတည်းမို့ အရိုးရှင်းဆုံးဖြစ်နေတာကို ထောက်ပြတယ်။ သူ့ရဲ့ ဓာတုဖွဲ့စည်းပုံ ကလည်း  C တစ်ခုတည်းပဲလေ။ ဒီအချက်ကို မှီးပြီး လူ့အဖိုးတန်  တွေရဲ့ ဘဝဟာ ရိုးရှင်းနေလေ့ရှိတဲ့အကြောင်းကို တွေ့ကြရ တာပေါ့။

          နောက်တစ်ခန်းမှာ တွေ့ရတဲ့ ‘အရာရာတိုင်းတွင် စနစ် ကိုယ်စီ ရှိကြသည်’မှာတော့ သက်မဲ့လောကရဲ့  တွင်းထွက်တိုင်း မှာ စနစ်ကိုယ်စီရှိကြတဲ့ သဘာဝကို စံထားပြီး သက်ရှိလောကက လူတွေအနေနဲ့ လိုအပ်တဲ့ စနစ်တွေကို ကိုယ့်ဘာသာတည် ဆောက်နိုင်မှ တိုးတက်မှုကို ရနိုင်မယ်ဆိုတဲ့ အချက်ကို ဖော်ပြ ထားတယ်။

          တိုးတက်ဖို့ လမ်းစရှာနေတဲ့ ဗမာပြည်အတွက် အုပ်ချုပ် ရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ တရားဥပဒေ၊ ပညာရေး၊ ကျန်း မာရေး၊ မြေယာအသုံးချရေးနဲ့ နယ်ပယ်အသီးသီးက လုပ်ငန်းခွင် စနစ်တို့ကို စနစ်တကျဖြစ်အောင် အားထုတ်ရမယ့် အချက်တွေ ကို ဥပမာ၊ ဥပမေယျတွေနဲ့ အသေအချာရှင်းပြထားတယ်။ ကိုယ် တွေ့ဖြစ်ရပ်တွေနဲ့ ဝေဝေဆာဆာပေါ့။ ‘တန်ဖိုးမဲ့တဲ့ တွင်းထွက် အသေးအမွှားလေးတွေကို ဖွဲ့စည်းရာမှာတောင်မှ စနစ်ဆိုတာ အသေအချာရှိသေးတာ။ နိုင်ငံကြီးတစ်ခု တည်ဆောက်တဲ့ ကိစ္စ မှာ အဲဒီထက်ပိုပြီး တိကျတဲ့ အရေးပါတဲ့ စနစ်မျိုးတွေ လိုမှာ သေ ချာတယ်’တဲ့။

          အခန်း ၇ ရဲ့ ခေါင်းစဉ်မှာ ‘ဆန့်ကျင်ဘက် ဂုဏ်အရည် အသွေးတို့သည် တိုင်းတာမှုစကေးပေါ်တွင် တည်၏’ကို တွေ့ရပါ တယ်။ ဒီမှာလည်း ဆန့်ကျင်ဘက်ကိစ္စတွေရဲ့ အရည်အသွေးဟာ အတိုင်းအတာ Scale ပေါ်မှာ တည်တယ်ဆိုတဲ့ အချက်ကို အခြေ ခံပြီး လူမှုဘဝမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအပေါ် အချိန်နဲ့ ခွန်အားကို ချိန်ဆစီမံဆုံးဖြတ်ဖို့ တင်ပြထားတာပါ။ အချိန်အခါ နဲ့ အခြေအနေကို ကြည့်ပြီး ချဉ်းကပ်တတ်ဖို့ လိုအပ်တဲ့သဘောပါ။ တစ်လက်မရှည်တဲ့ သံမဏိချောင်းကို အချိန်တိုတိုအတွင်းမှာ ကွေးညွှတ်စေချင်ရင် အင်အားအပြည့်သုံးဖို့ လိုအပ်ပေမယ့် ပေ ၅ဝ ရှည်တဲ့ သံမဏိချောင်းကို ကွေးညွှတ်စေချင်ရင်တော့ အင် အားအများကြီး စိုက်စရာမလိုဘူးလေ။

(၃)

          ဆန့်ကျင်ဘက်တွေဟာ အတူတကွ ရှိနေကြတယ်။ အဲဒီ သဘာဝအခြင်းအရာကို ပြုပြင်လို့မရ၊ ဖန်တီးလို့မရ၊ ငြင်းပယ်လို့ မရ။ အမည်းမရှိရင် အဖြူက မပေါ်လွင်။ အမှောင်ကြောင့် အလင်း က အဖိုးတန်။ အနိမ့်ရှိလို့ အမြင့်က ထင်ရှား။ ဆန့်ကျင်ဘက်ကို ရန်သူလို့ မမြင်ဖို့၊ အားနည်းတဲ့ ဆန့်ကျင်ဘက်အပေါ် မေတ္တာစိတ် ထားပြီး အကူအညီပေးရင် ချမ်းမြေ့မှုရနိုင်ရဲ့။ ဆန့်ကျင်ဘက်နှစ် ခုကို ပေါင်းစည်းနိုင်ရင် အင်အားအသစ်ကို ရနိုင်တယ်။ အဲဒီ အမြင်ကို ‘ကမ္ဘာကြီးသည် မူလစတင်ကတည်းက ဆန့်ကျင်ဘက် တို့နှင့် ဖွဲ့စည်း၏’ဆိုတဲ့ အခန်း ၈ မှာ ဒေါက်တာခင်မောင်လတ်က တင်ပြထားပါတယ်။ ကိုယ့်မှာ အရည်အချင်းရှိနေဖို့သာ လိုပါ တယ်တဲ့။

          ‘လူ့ဘဝသည် ကမ္ဘာကြီး၏ သက်တမ်းနှင့် ယှဉ်လိုက်လျှင် တိုလွန်းလှ၏’နဲ့ ‘မတည်မြဲသော မြေကမ္ဘာ’တို့ကို အခန်း ၉ နဲ့ ၁ဝ အဖြစ် တွေ့ရပြီ။ ဒီအချက်နှစ်ခုစလုံးဟာ နီးလွန်းလို့ မမြင်၊ ကြီး လွန်းလို့ မထင်။ လူ့သဘာဝအရ အတ္တဖုံး၊ အဝိဇ္ဇာ ဖုံးနေလေတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေကြတဲ့ ကိစ္စ။ လူ့သက်တမ်းက နှစ်တစ်ရာ ဆိုရင် ပြီးပြီ။ ကမ္ဘာမြေက အခုအသက်အရွယ်မှာ နှစ်သန်းပေါင်း (သန်းပေါင်း)လေးထောင့်ငါးရာ (၄၅ဝဝ) ရှိခဲ့ပြီ။ ‘ကမ္ဘာမြေ ဖျား နာနေတယ်’ဆိုရုံပဲ ရှိသေးတယ်။ လူ့ဘဝမှာနေရတာဟာ လျှပ်စီး လက်သလောက်သာဖြစ်တယ်။ လောဘ၊ မောဟ၊ ဒေါသတွေ ကြောင့် ဒါကို မဆင်ခြင်မိတာ။ ဒီလောက်တိုတဲ့ ဘဝလေးထဲမှာ အချင်းချင်း သတ်ကြ၊ ဖြတ်ကြ၊ စိတ်ဝမ်းကွဲကြ၊ အသေအကျေ ချေမှုန်းကြ၊ အနိုင်အထက် ပြုကျင့်ကြ၊ တရားလက်လွတ် ရက် စက်ကြ၊ အဓမ္မကျင့်ကြံကြ၊ ကျွန်ပြုရိုင်းစိုင်းကြ။ အဲဒါတွေနဲ့ပဲ လူ့ ဘဝတိုတိုလေးရဲ့ အချိန်တွေကို ဖြုန်းတီးပစ်ကြနဲ့ အေးချမ်းမှုကို မရနိုင်ဘဲ…။

          ဘူမိဗေဒဆရာက ကမ္ဘာမြေကြီးရဲ့ မမြဲတဲ့ သဘာဝကို ကောင်းကောင်းသိထားလေတော့ ကမ္ဘာဟာ တည်စက စလို့ ခုထိ လုံးဝမငြိမ်သက်နိုင်တဲ့ သဘာဝကို ရောင်စုံရုပ်ပုံကားချပ်တွေ နဲ့ တန်ဆာဆင်ပြပြီး သက်သေအခိုင်အမာထူတယ်။ ဟုတ်ကဲ့၊ ငလျင်လှုပ်လိုက်၊ မီးတောင်တွေ ပွင့်လိုက်၊ ပြတ်ရွေ့တွေ ပေါ်လိုက် နဲ့ ကမ္ဘာမြေဟာ တစ်ချက်ကလေးမှ မငြိမ်ခဲ့ဘူး။ လှုပ်ရှားဆဲ၊ ရွေ့ လျားဆဲ။

                 ‘ပေါလောပေါ်နေတဲ့ အချပ်ကြီး’တွေ တိုးတိုက်နေဆဲ။  သမုဒ္ဒရာအောက်ခင်းကြမ်းပြင်က ဖြန့်ထွက်ဆဲ။ လုံးဝမတည်မြဲတဲ့ မဟာပထဝီ ကမ္ဘာမြေကြီးပေါ့။ သိပ်အဝေးကြီး တွေးကြည့်နေ စရာ မလိုပါဘူး။ ကမ္ဘာမြေဟာ သူ့ဘာသာသူ ၂၄ နာရီ တစ်ပတ် ပတ်အောင်    လည်နေရုံမက နေကိုပါ ၃၆၅ ရက်မှာ တစ်ပတ်ပြည့် အောင် ပတ်နေခဲ့တာ ကြာကြာလေလှပေါ့။ အဲဒီလောက်ကို အငြိမ်မနေတဲ့ မြေကမ္ဘာ။

          အဲဒီသဘာဝဖြစ်စဉ်ထဲကနေ Nowhere is stable, Nobody is stable နဲ့ Nothing is stable ဆိုတာတွေဟာ ဗုဒ္ဓ ရဲ့ အနိစ္စတရားနဲ့လည်း အတိအကျပါပဲ။ ဒီသဘောတရားနဲ့ သဘာဝကို ဆင်ခြင်ပွားများ သတိထားနိုင်ကြမယ်ဆိုရင်တော့ မတည်မြဲတဲ့ ကမ္ဘာပေါ်မှာ နေရင်းနဲ့ အခိုက်အတန့် စိတ်ချမ်းမြေ့တဲ့ ပျော်ရွှင်မှုတွေ ခံစားကြရအောင် ဒေါက်တာခင်မောင်လတ်က အဖော်ညှိထားလေရဲ့။

          အတွေးအခေါ်မပါတဲ့ သိပ္ပံပညာဟျွာသဘသအ နဲ့ တူတယ်။ သိပ္ပံပညာမပါတဲ့ အတွေးအခေါ်ကျတော့ အစွန်းတစ်ဖက်ကို ရောက်ပြီး လွဲချော်နိုင်တယ်။ ဒီနှစ်ခုကို အဆင်ပြေအောင် ဆက် စပ်နိုင်မှ အရာရောက်မယ်။

          ဒီစာအုပ်ဟာ အဟန့်သေးပြီး ခေါင်းစဉ်က ဆွဲဆောင်အား နည်းတဲ့ လက္ခဏာရှိပေမယ့် ဒီလိုအကြောင်းအရာမျိုးကို ဘယ် သူမှ မရေးဖူးသေးတဲ့အတွက် မြည်းစမ်းကြည့်ရင် ခံတွင်းတွေ့ ကောင်းတွေ့မယ့် စာတစ်အုပ်ဖြစ်လေရဲ့လို့သာ။    ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here