တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (Profile) အပိုင်း(၂)

တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (Profile) အပိုင်း(၂)

Photo: Kyaw Zay Yar Tun

၂၀၁၅၊မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်သည်။

ကျော်ဇေယျာထွန်း ရေးသည်။(kzyh@mawkun.com)

(ပြီးခဲ့သည် ဧပြီလထုတ်တွင် ဆရာတော်ဦးဝီရသူ၏ ငယ်ဘဝ အကြာင်း၊ သာသနာ့ဘောင်ထဲ ရောက်ရှိလာပုံ၊ ကျောက်ဆည်မှ မန္တလေးမြို့သို့ ပြောင်းရွှေ့လာပြီးသည့်နောက် အမျိုးသားရေး စာပေများကို လေ့လာခွင့်ရခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ် နိုးကြားကာ လျှို့ဝှက်စွာတရားဟောကြားခဲ့ပုံ၊ သကျသီဟ ဓမ္မာ စရိယစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပုံများကို ဖော်ပြခဲ့ပြီးဖြစ်သည်။

          ယခုလတွင် ‘ဝီရသူ’ဆိုသည့်နာမည်ရရှိလာပုံ၊ ပထမဆုံး အကြိမ် ပလ္လင်အထက်တွင် တရားစတင်ဟောကြားခဲ့ပုံ၊ ကျောက် ဆည် အဓိကရုဏ်းဖြစ်စဉ်၊ ယင်းအဓိကရုဏ်းနှင့် ပတ်သက်၍ ဦးဝီရသူနှင့် သူ၏ ဆရာသမားတို့ အဖမ်းခံရပုံတို့ကို ထပ်မံဖော်ပြ လိုက်ပါသည်။)

                                                          အခန်း(၁)

          ဆရာတော်ဦးဝီရသူ၏ မူရင်းကလောင်နာမည်မှာ ‘ဝီရ သူရ’  ဖြစ်သည်။ ‘ဝီရ’၏ အဓိပ္ပာယ်က လုံ့လ ဝီရိယရှိသူ၊ ရဲရင့် တည်ကြည်သူဟု အဓိပ္ပာယ်ရလေသည်။ ‘သူရ’၏ အဓိပ္ပာယ်မှာ လည်း ရဲရင့်သူဟူ၏။  ‘ဝီရသူရ’ဟု နှစ်ခုပေါင်းလိုက်သောအခါ  ရဲရင့်သူတို့ထက် ရဲရင့်သူဟု ဆိုသည်။ သို့သော် ခေါ်ရပြောရလွယ် စေရန် ရကောက်ကို ဖြုတ်ကာ ‘ဝီရသူ’ဟု ပြောင်းလဲထားခြင်းသည်။

          ဦးပဉ္ဇင်းသည် ဗုဒ္ဓဟူးသားဖြစ်သည့်အတွက် ဗုဒ္ဓဟူးနှင့် လိုက်ဖက်မည့် နေ့နံများကို စာဖတ်ရင်းဖြစ်စေ၊ သွားရင်းလာရင်း ဖြစ်စေ အမြဲလိုလို လေ့လာသည်။ ထိုစဉ် မဟာဝီရမြတ်ဗုဒ္ဓနှင့် နမောတေဗုဒ္ဓဝီရတုဆိုသည့် ဂါထာတော်အား ရှာတွေ့ခဲ့သည်။ ယင်းမှတစ်ဆင့် ဝီရသူရဆိုသည့် နာမည်ကို ရှာဖွေရရှိခဲ့ခြင်းဖြစ်သည်။

          သူသည် ထိုနာမည်ကို ကျောက်ဆည်မှ မန္တလေးသို့ ပြောင်း ရွှေ့ခဲ့စဉ်ကပင် သုံးစွဲနေပြီဖြစ်သည်။ သူ အသုံးပြုသည့် ဗလာစာအုပ်များတွင် သူ၏ ဘွဲ့နာမည်ကိုမရေးဘဲ ‘ကလောင် ဝီရသူ (မစိုးရိမ်)’ဟုသာ ရေးသည်။ သို့သော် မည်သည့် စာတစ်ပုဒ်၊ ဆောင်း ပါတစ်ပုဒ်မှ ပုံနှိပ်ဖော်ပြခံရခြင်း မရှိသေး။ သူ၏အပြုအမူတွေကို တွေ့သော အခြားသောရွယ်တူ ကိုယ်တော်များက စာရေးဆရာ ရောဂါဖြစ်နေပြီဟု စကြနောက်ကြသည်။ တချို့က သရော်ကြ၏။ အရူးလို့ ဆိုကြသူများလည်း ရှိလေ၏။

          သို့သော် ‘ဝီရသူ’ ဆိုသည့် နာမည် ထင်ရှားလာဖို့အတွက် အကြောင်းက ဖန်လာလေသည်။ ဦးပဉ္ဇင်း ဦးဝီရသူ၏ မူလရဟန်း ဘွဲ့နာမည်က ဘဒ္ဒ္တဝိစိတ္တာဖြစ်သည်။ သကျသီဟဓမ္မာစရိယ အောင်မြင်ခဲ့သဖြင့် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသဖြစ်လာခဲ့သည်။ ထိုစာ မေးပွဲအောင်သည့်နှစ် (၁၉၉၉ ခုနှစ်)မှာပင် ဦးပဉ္ဇင်း သည် ဘာ သာရေးစာအုပ်တစ်အုပ် ရေးသားခဲ့လေသည်။ စာအုပ်၏ အမည်က ‘တရားထိုင်ခြင်း၊ ငိုရယ်ခြင်း အကြောင်း’ ဟူ၏။

          စာအုပ်၏ အဓိက အကြောင်းရင်းမှာ တန့်ကြည့်တောင် ဆရာတော်ကြီး၏ အမှားလေးချက်ကို ရေးသားထားခြင်းဖြစ် သည်။ တန့်ကြည့်တောင်ဆရာတော်ကြီးက တရားထိုင်ပါက ငိုလျှင်၊ ရယ်လျှင် တရားရသည်ဆိုကာ လွတ်လွတ်လပ်လပ် ငိုခိုင်း၊ ရယ်ခိုင်းသည်ဟု ဦးဝီရသူက ဆိုသည်။ စိတ်ရှိလက်ရှိ ရယ်ခွင့်ပေးသည်၊ ကခွင့်ပေးသည်ဟုဆိုသည်။

          ”ဝိပဿနာနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဘုရားရဲ့ တရား တော်က ငိုတဲ့သူ အငိုတိတ်တယ်။ ရယ်တဲ့သူ အရယ်ရပ်တယ်။ သူ က ငိုခိုင်းတယ်။ ရယ်ခိုင်းတယ်။ ငိုတာ၊ ရယ်တာ၊ တရားထူးလို့ ဟောတယ်ဆိုတော့ ဦးဇင်းက နာမည်နဲ့တကွထည့်ရေးတာ”ဟု ဆရာတော် ဦးဝီရသူက စာအုပ်ရေးဖြစ်ရခြင်းအကြောင်းကို ရှင်း ပြသည်။

          သို့သော် စာအုပ်ထုတ်ဝေခွင့်ကို သာသနာရေးဌာနက ခွင့်မပြုခဲ့။ ထို့ကြောင့် ဦးပဉ္ဇင်း ဦးဝီရသူကိုယ်တိုင် သာသနာရေးဌာန သို့သွားကာ ဆရာတော်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးပဉ္ဇင်း၏ ဆွေးနွေးပြောဆိုချက်များကို ဆရာတော်ကြီးများက ပြန်လည်မချေပနိုင်။ သို့တိုင် စာအုပ်ထုတ်ဝေခွင့်ကိုတော့  ခွင့်မပြုခဲ့။

          နောက်ဆုံးတွင် ဦးပဉ္ဇင်းသည် ခုနစ်နှစ်ကြာ လေ့လာရေး သားခဲ့ရသည့် ယင်းစာအုပ်ကို ထုတ်ဝေရန် ဆုံးဖြတ်လိုက်တော့ သည်။ ရန်ကုန်မြို့၊ ဝင်္ကပါလမ်းရှိ စာပေစိစစ်ရေးသို့ သွားကာ အဆိုပါရုံးမှ အရာရှိများနှင့်တွေ့ဆုံခဲ့သည်။ အရာရှိများက ယင်းစာအုပ်ကို ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေမည်ဆိုပါက ထောင်ခုနစ်နှစ်အထိ ကျခံရမည်ဟု ပြန်ပြောလိုက်သည်။ ”ကျုပ်ကလည်း ထောင်ကျခံနိုင်တယ်”လို့ပြောပြီး စာအုပ်ကို ခွင့်ပြုချက်မရဘဲ ထုတ်ရန်စီစဉ်ခဲ့သည်ဟု ဦးဝီရသူက ဆိုသည်။

          စာအုပ်ထုတ်ရန် စီစဉ်ခဲ့စဉ်က စာအုပ်ကို လေးလေးနက်နက် ခန့်ခန့်ညားညားဖြစ်ရန်အတွက် ဘဒ္ဒ္တဝိစိတ္တာဘိဝံသဆို သည့် ဘွဲ့အမည်တပ်ခဲ့သည်။ သို့သော် ယင်းအမည်သည် ရေးသည့် အကြောင်းအရာနှင့် ဓာတ်မတည့်သောကြောင့်လား မပြောတတ်။ အလုပ်မဖြစ်ခဲ့။ ထို့ကြောင့် စာအုပ်နာမည်နှင့် ကလောင်အမည်ကိုပါ ပြောင်းလိုက်၏။

          ”စာအုပ်ထုတ်တော့ ကလောင်အမည်ကို ‘ဝီရသူ’ လို့ ပြောင်းလိုက်တယ်။ စာအုပ်အမည်ကိုလည်း ‘ထေရဝါဒတိုက်ပွဲ’လို့ တပ်လိုက်တယ်။ အဲဒါကို အုပ်ရေ နှစ်ထောင်ရိုက်လိုက်တာ လေးရက်အတွင်း ပြတ်သွားတယ်”ဟု ဆရာတော်က မိန့်သည်။

          ယင်းစာအုပ်များကို စာအုပ်ဆိုင်ပေါ်တွင် တင်ကာ ရောင်း ခဲ့ခြင်းမဟုတ်။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် ချရောင်း ခဲ့ခြင်းဖြစ်သည်။ စာအုပ်နှစ်ထောင် လေးရက်အတွင်း ကုန်သွား သောအခါ နောက်ထပ် အုပ်ရေတစ်သောင်းထပ်မံရိုက်နှိပ်ခဲ့ သည်။ တစ်ညနေတည်း အုပ်ရေ ၅,ဝဝဝ ပြတ်သွားသည်ဟုဆိုသည်။

          ထိုစဉ်က စာအုပ်ရောင်းချခဲ့ရပုံကို ဦးဝီရသူက- ”ရုပ်ရှင် လက်မှတ်တိုးသလိုပဲ”ဟု ရယ်မောလျက် မိန့်တော်မူသည်။

          ဆရာတော်ဦးဝီရသူက သူရွေးချယ်ထားသော ကလောင် အမည်နှင့် စာအုပ်ထုတ်လိုက်သည့်အခါ အရောင်းစွံကာ နာမည်ပေါက်ခဲ့သည့် အကြောင်းကို ဆက်၍ ”အဲဒီမှာ ဝီရသူဆိုတဲ့ ကလောင်အမည်ဖြစ်သွားတာ။ အဲဒီစာအုပ်ကို တစ်သာသနာလုံး မှာ ရှိတဲ့ သံဃာတော်တွေက လေးစားကြတာ။ ဝီရသူဆိုရင် သူတို့ က ထေရဝါဒတိုက်ပွဲနဲ့ တွဲမြင်ကြတယ်”ဟု မိန့်သည်။

                                                          အခန်း(၂)

          မန္တလေးနှင့် အမရပူရရှိ သုသာန်များတွင် အမျိုးသားရေး တရားများအား မျက်နှာဖုံးစွပ်ကာ ဟောပြောခဲ့သော ဦးဝီရသူ သည် ကျောင်းထိုင်ဆရာတော်ကြီး၏ တားမြစ်မှုကြောင့် အမျိုး သားရေးတရားများ ဆက်လက်ဟောကြားခြင်းမပြုတော့ဘဲ သကျသီဟစာမေးပွဲကို ဖြေဆိုရန်ကြိုးစားခဲ့သည်။ ယင်းစာမေးပွဲ ကို ဖြေဆိုအောင်မြင်ခဲ့သည့်နောက် ၂ဝဝ၁၊ မေလမှာတော့ သူ၏ အမျိုးသားရေးတရားများကို ပြန်လည်ဟောကြားခဲ့သည်။ သူ၏ ဟောကြားမှုများသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့ရှိ က္ဘာ့ကုန်သွယ်ရေးစင်တာ လေယာဉ်ပျံနှင့် ဝင်အတိုက်ခံ ခဲ့ရသည့် ၉/၁၁ ဖြစ်စဉ်ထက် စောသည်ဟု ဦးပဉ္ဇင်းက ဆိုသည်။ ပလ္လင်အထက်တွင် ဟောကြားခဲ့သော ပထမဆုံးတရားပွဲက ကြံ ခင်းမြို့တွင်ဖြစ်သည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ဆရာတော်ဦးဝီရသူသည် နှစ်စဉ်နွေရာသီတွင် လာရောက်ကာ စာဝါချပေးတတ်သည်။ ယင်းကျောင်းတွင် ဓမ္မာစရိယကိုယ်တော်အပါး သုံးလေးဆယ်ခန့် အမြဲရှိတတ်သည်။ တစ်ရက်လျှင် သုံးလေးကြိမ်မျှ စာဝါချပေးရသည်။ ထိုသို့ စာဝါချ ပေးရာတွင် အမျိုးသားရေးတရားများကို အမြဲတမ်းထည့်သွင်း ပြောကြားလေ့ရှိသည်။ ယင်းသင်တန်းသို့ ကျေးရွာသူ၊ ရွာသား များ လာရောက်နားထောင်ကြသည်။

          ယင်းနောက်မှာတော့ ယဉ်ကျေးမှုသင်တန်းဆိုသည့် အမည်ဖြင့် သင်တန်းတစ်ခု ခေါ်လိုက်သည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ကျေးရွာသူ၊ ကျေးရွာသားတို့ တက်ရောက်ခဲ့ကြသည်။ ထိုသင်တန်းတွင် ဦးပဉ္ဇင်းသည် မြန်မာ နိုင်ငံမြေပုံကို ဆွဲလိုက်သည်။ ပြီးတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဘင်္ဂါလီများဝင်ရောက်လာပုံ၊ မောင်တောမြို့မှတစ်ဆင့် ဘူးသီးတောင်၊ ရသေ့တောင်မြို့များသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြပြီး မြန်မာပြည်ထဲသို့ ရောက်လာ ကာ သူတို့နိုင်ငံအဖြစ် ထူတောင်ကြပုံတွေကို ဦးပဉ္ဇင်းမြေပုံနှင့် တကွ ရှင်းပြခဲ့သည်ဟုဆိုသည်။

          ”ဆရာ၊ ဆရာမတွေအားလုံး မျက်စိပွင့်သွားပြီး တရား ပွဲတောင်းဆိုတော့ ဦးပဉ္ဇင်းလည်း ဟောလိုက်တာပေါ့”ဟု ဦးဝီရ သူက မိန့်သည်။

          ဤသို့ဖြင့် ဦးဝီရသူသည် အမျိုးသားရေးတရားများကို ပြန် လည်ဟောကြားဖို့အတွက် ထပ်မံ၍ အကြောင်းဖန်လာလေတော့သည်။

          ပထမဆုံးဟောသည့် တရားပွဲက ၁၃၆၃ ခု၊ ကဆုန်လဆန်း ၈ ရက်၊ ဥပုဒ်နေ့ဖြစ်သည်။ ယင်းတရားပွဲပြီးသည့်နောက် ကဆုန် လပြည့်နေ့တွင်လည်း ထပ်မံဟောကြားပေးရန် ကြံခင်းတစ်နယ် လုံးမှ ဆင်းပြီး တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ဆရာတော်သည် နောက်တစ်ပွဲ ထပ်မံဟောကြားခဲ့ရသည်။

          ဟောကြားခဲ့သည့် အကြောင်းအရာများက ပထမတရားပွဲ တွင် မွတ်ဆလင်ဘာသာဝင်တို့၏ ငွေအသပြာကိုယူခြင်း၊ အမျိုး သမီးများကို ယူခြင်း၊ မြေယာတွေကို ယူခြင်းနှင့် သာသနာသိမ်း ပိုက်ခြင်း စသည်တို့ကို ဥပမာ သာဓကများဖြင့် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ဒုတိယတရားပွဲတွင်တော့ ယင်းသို့ တဖြည်းဖြည်းသိမ်း ပိုက်ခံရမှုများကို မည်သို့ကာကွယ်ရမည်ဆိုသည့် ခုခံကာကွယ် သည့် နည်းလမ်းများကို ဟောကြားခဲ့ခြင်း ဖြစ်သည်။

          ထိုသို့ နှစ်ရက်ဆက်တိုက်ဟောကြားပြီးသည့်နောက်မှာ တော့ တရားပွဲသတင်းသည် ကြံခင်းတစ်မြို့နယ်လုံး ပျံနှံ့သွား သည်။ ဒေသခံအစိုးရဌာနဆိုင်ရာများက ဦးပဉ္ဇင်းကို ဖမ်းဆီးမည် ဆိုသည့် သတင်းများထွက်လာသည်။ သံဃာတော်များကလည်း ဆူပူအောင်လုပ်သည်ဟုဆိုကာ ဦးပဉ္ဇင်းဦးဝီရသူကို ဝိုင်းကျင် မည်ဟု ဆိုကြသည်။ ထို့ကြောင့် သူသည် တရားပွဲဆက်မဟော တော့ဘဲ စာဝါပို့ချသည့် သင်တန်းပြီးဆုံးသည်နှင့် မ္တနလေးသို့ ပြန်ကြွခဲ့ရသည်။

          ”အခက်အခဲတော့ ရှိတယ်။ စိုးရိမ်တာမျိုးတော့ မဖြစ်ဘူး။ ထောက်လှမ်းရေးတွေက ဟိုဟာလာမေး၊ ဒီဟာလာမေးနဲ့တော့ ဒေါသတော့ ဖြစ်တာပေါ့” ဟု ပထမဆုံးဟောကြားခဲ့ရသည့် တရားပွဲအတွေ့အကြုံကို ဦးပဉ္ဇင်းက ရှင်းပြသည်။

          ကြံခင်းမြို့တွင် နှစ်ရက်တာ ဟောကြားခဲ့သည့် တရားပွဲ နှစ်ပွဲကိုပေါင်းကာ ‘ထလော့ မြန်မာ၊ ရွှေမြန်မာ’ဆိုသည့် တိပ်ခွေ သုံးခွေ ထွက်လာသည်။ ထိုတိပ်ခွေသုံးခွေကို သင်တန်းတက် ရောက်လာသည့် သံဃာများက သင်တန်းပြီးဆုံးသည့်အခါတွင် အသီးသီးကူးယူကာ အနယ်နယ်အရပ်ရပ်သို့ ပြန်သွားခဲ့ကြသည်။ ဤနည်းဖြင့် ဦးဝီရသူ၏ တရားခွေသည် တစ်နိုင်ငံလုံးသို့ပျံ့နှံ့သွားသည်။

          ဆရာတော်ဦးဝီရသူ မ္တလေးသို့မရောက်ခင်မှာပင် ‘ထ လော့ မြန်မာ၊ ရွှေမြန်မာ’ ဆိုသည့် တိပ်ခွေသုံးခွေသည် မန္တလေး သို့ ကြိုတင်ရောက်နှင့်နေပြီဖြစ်သည်။”အဲဒီကနေ မထင်မှတ်ဘဲနဲ့ ဓမ္မကထိက ဖြစ်သွားတာ ပေါ့” ဟု သူက ရှင်းပြသည်။

အခန်း(၃)

          ထို့နောက်မှာတော့ ဆရာတော်ဦးဝီရသူကို ဟိုကပင့် ဒီ ကပင့်ဖြင့် အကျဉ်းမကျခင် သုံးနှစ်လုံးလုံး (၂ဝဝ၁၊ ၂ဝဝ၂၊ ၂ဝဝ၃) နယ်တကာလှည့်ကာ တရားဟောခဲ့ရလေသည်။ ရန်ကုန်တွင် ဟောကြားခဲ့သည့် တရားများအနက် ‘လက်ဖဝါးပေါ်က ကံ ကြမ္မာ’၊ ‘မိခင်ရွာက သာသနာ’တို့မှာ တရားနာသူတို့အကြိုက် တွေ့ခဲ့သည့် တရားများဖြစ်သည်ဟု ဦးပဉ္ဇင်းက ဆိုသည်။

          ထိုကဲ့သို့ အမျိုးသားရေးတရားများဟောကြားနေမှုကို ဦးပဉ္ဇင်း၏ ဆရာသမားဖြစ်သူ ဆရာတော်ကြီးကလည်း မတား မြစ်တော့ပါ။ အစိုးရနှင့် အတိုက်အခံမလုပ်ဖို့လောက်သာ တား မြစ်ထိန်းကျောင်းပေးသည်။ ဆရာတော် ဦးဝီရသူ ကိုယ်တိုင်သည် လည်း မစိုးရိမ်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။

          တရားပွဲများ လိုက်လံဟောကြားရာမှာ အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်။ အစိုးရက ပွဲမိန့်ချမပေးတာမျိုးလုပ်တတ် သည်။ တစ်ခါတစ်ရံတွင် ည ၈ နာရီစမည့်တရားပွဲကို ည ၇နာရီ အချိန်အထိ ပွဲမိန့်ကို မချပေး။ ထိုအခါ မဖြစ်မနေဟောရတာမျိုး လည်း လုပ်ရသည်။ မ.ယ.က၊ ခ.ယ.က လူကြီးတွေကိုယ်တိုင် တရားပွဲသို့ လာရောက်တားမြစ်တာမျိုးလည်း ကြုံဖူးသည်။ ဖမ်း မည်၊ ဆီးမည်ဟုလည်း မကြာခဏ ခြိမ်းခြောက်ခံရဖူးသည်။

          ယင်းတရားပွဲတို့အနက် ဦးပဉ္ဇင်းမှတ်မှတ်ရရဖြစ်ခဲ့သော လယ်ဝေးမြို့နယ်က တရားပွဲအတွေ့အကြုံကို ဦးပဉ္ဇင်းက ယခုလို ပြောပြသည်။

          ”မ.ယ.က၊ ခ.ယ.က လူကြီးတွေကိုယ်တိုင်က မဟောဖို့ တားတယ်။ အဲဒီတော့ ဦးဇင်းက ဟောမှာပဲ၊ ဟောတဲ့အခါ အပြစ် အနာအဆာတွေ့ရင် ချက်ချင်းဖမ်း။ ပလ္လင်ပေါ်က ဆင်းတာနဲ့ သေးတောင်မပေါက်ပါဘူး။ ဒကာကြီးတို့ကားပေါ်ကို တန်းတက်ခဲ့ မယ်လို့ ပြန်ပြောလိုက်တယ်”ဟု ဆိုသည်။

          အလားတူ မန္တလေးမြို့၊ ထောက်လှမ်းရေး ၁၆မှ တပ်မှူး တစ်ဦးကလည်း ဦးပဉ္ဇင်းကို ခေါင်းရိုက်ခွဲမည်ဟုပင် ခြိမ်းခြောက်ခဲ့ သည်ဟု ဆိုသည်။

          အစိုးရဌာနဆိုင်ရာများ မကြိုက်ကြသည့်အကြောင်းမှာ အစ္စလာမ်ဘာသာဝင်နှင့်ပေါင်းပြီး အဂတိလိုက်စားကြသည့် အကြောင်းတို့ကို ဦးပဉ္ဇင်းက ဟောကြားခြင်းကြောင့်ဖြစ်သည်။ ထိုစဉ်က အစိုးရကို ဝေဖန်ထောက်ပြသည့် ဘုန်းကြီးသိပ်မရှိဟု ဦးပဉ္ဇင်းက ဆိုသည်။

          ”ဥပမာ-လူဝစ်သောက် (Without) ၊ ဘုန်းကြီးဝစ်သောက်၊ ကားဝစ်သောက်၊ အစိုးရဝစ်သောက်။ အဲဒါတွေထည့်ဟောတယ်။ သူတို့ အစိုးရကို ဝစ်သောက်အစိုးရလို့ ပြောရမလားဆိုပြီး အငြိုး ထားတယ်”ဟု ဦးပဉ္ဇင်းက အစိုးရကိုဟောကြားခဲ့သည့် ဝေဖန်မှု တစ်ခုအား ထောက်ပြသည်။

          ဆရာတော်ဦးဝီရသူက အမျိုးသားရေးတရားများကို ဦးစွာ လိုက်လံဟောကြားခဲ့ပြီးသည့် နောက်ပိုင်းမှာတော့ ဖြူးဆရာ တော်ကြီးအပါအဝင် ဆရာတော်တချို့သည်လည်း လိုင်းပြောင်း ကာ အမျိုးသားရေးတရားများကို လိုက်လံဟောကြားလာခဲ့ သည်ဟု သူကဆိုသည်။

          ”သူ(ဖြူးဆရာတော်)ဟောတာက ဦးဇင်းထက် ကျယ်ပြန့် တယ်။ သူက နိုင်ငံကျော်၊ နာမည်ကျော် ဓမ္မကထိကဆိုတော့ ပွဲ စိပ်လာတယ်။ ဦးဇင်းက စာချဘုန်းကြီးဆိုတော့ ပွဲမစိပ်ဘူး”ဟု ဆိုသည်။

အခန်း(၄)

          ဆရာတော်ဦးဝီရသူသည် မ္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၁၃၆၅ ခုနှစ်(၂ဝဝ၃) တော်သလင်းလပြည့် နေ့က တရားပွဲတစ်ခု ကျင်းပခဲ့သည်။ ထိုတရားပွဲကျင်းပပြီး တစ် လကြာသည့်နောက် ကျောက်ဆည်မြို့၌ မွတ်ဆလင်နှင့် မြန်မာ လူမျိုးများကြား အဓိကရုဏ်း ဖြစ်ပွားခဲ့လေတော့သည်။

          ”ဖြစ်တာက တိုက်ဆိုင်မှုပါပဲ။ အဓိကကတော့ ကိုယ်တော် လေးတွေ ဗဟုသုတ အတွေ့အကြုံမရှိလို့ပဲ”ဟု ကျောက်ဆည် အရေးအခင်းနှင့် ပတ်သက်၍ ဦးဝီရသူက မိန့်ဆိုသည်။

          သူအဖမ်းခံခဲ့ရသည့် ကျောက်ဆည်အရေးအခင်းနှင့် ပတ် သက်၍ မည်သို့၊ မည်ပုံဖြစ်ခဲ့သည်ကို ဆရာတော်ဦးဝီရသူက ယခု လို ဆက်လက်ရှင်းပြသည်။

          ထိုအဓိကရုဏ်းဖြစ်သည့်နေ့ ညနေစောင်းအချိန်တွင် ကျောက်ဆည်မြို့၊ ကျောက်သင်္ဘောတောင်အောက်ဘက်ရှိ ဘုရားနီဟုခေါ်သည့် အုတ်ဂူနီအတွင်းသို့ မွတ်ဆလင်သုံးဦး လွယ် အိတ်၊ ကြိုးများနှင့် ဝင်သွားကြသည်။ ထိုအုတ်ဂူနီထဲတွင် ဘုရား ရုပ်ပွားတော်များ ရှိလေသည်။ ယင်းကာလသည် ဆရာတော် ဦးဝီရသူက အမျိုးသားရေးတရားများဟောကြားထားသည့် အရှိန်ကြောင့် လူအများစုသည် မွတ်ဆလင်များအပေါ် သတိ ထားကာ စောင့်ကြည့်နေသည့်အချိန်လည်း ဖြစ်သည်။

          ထို့ကြောင့် အုတ်ဂူနီဘုရားအတွင်းသို့ မွတ်ဆလင်သုံးဦး ဝင်သွားသည်ကို တောင်ခြေရှိ ရပ်ကွက်လူများက သတိထားမိ လိုက်ပြီး မသင်္ကာကြသဖြင့် ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြသည်။ တစ်ဦးက လွတ်မြောက်သွားပြီး ကျန်နှစ်ဦးကို ဖမ်းဆီးနိုင်လိုက်သည်။

          ”လုပ်ထုံးလုပ်နည်း မသိတော့ ဘုန်းကြီးတစ်ပါးက ရဲစခန်း ပို့လိုက်ဆိုပြီး ခိုင်းလိုက်တယ်။ ပို့တဲ့နေရာမှာ ရိုးရိုးတန်းတန်း မပို့ ဘဲ လမ်းမှာ ရိုက်စစ်သွားတယ်။ (လမ်း)တစ်လျှောက်လုံး လူအုပ် ကြီးက လိုက်လိုက်လာတာ။ လူအုပ်က အင်မတန်ကြီးသွားတာ”ဟု ဦးဝီရသူက ကျောက်ဆည်အရေးအခင်း စတင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြသည်။

          လူအုပ်ကြီးရဲစခန်းရှေ့ရောက်သည့်အခါတွင် ရဲစခန်းရှေ့ရှိ ဗလီမှ မွတ်ဆလင်များနှင့် ထိပ်တိုက်တွေ့လေတော့သည်။ ထို အခါ တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်အော်ဟစ်ကြရင်း လူအုပ်ကြီး၏ မြားဦးသည် ဗလီဘက်သို့ ရောက်သွားတော့သည်။ ရဲစခန်းမှ ရဲဝန်ထမ်းများလည်း မထိန်းနိုင်၊ မသိမ်းနိုင်ကာ ဗလီမှာ မီးရှို့ခံလိုက်ရသည်ဟု ဆရာတော်က မိန့်သည်။

          ထိုသို့ ဗလီမီးရှို့ခံလိုက်ရသည့်အခါတွင် ခရိုင်ဥက္ကဋ္ဌ၊ မယက ဥက္ကဋ္ဌနှင့် စခန်းမှူးတို့သည် ဆရာတော်ဦးဝီရသူ၏ ဆရာအရင်း၊ ငယ်ဆရာတော်ကြီးရှိရာ ကျောင်းသို့ရောက်ရှိလာခဲ့သည်။ ထိုစဉ် ကျောင်းတွင် ဆရာတော်ကြီးက သံဃာတော်များ၏ ရှေ့ဆုံး၌ ဘုရားဝတ်တက်ကာ နေသည်။ ဆရာတော်ကြီးက ဘုရားဝတ် တက်ပြီး သံဃာတော်များဘက်သို့ လှည့်ကာ စကားပြောရန် လုပ်စဉ် စောင့်ဆိုင်းကာနေသော စခန်းမှူးက…

          ”ဆရာတော်ဘုရားကယ်ပါဦး”

          ”ဘယ်လိုဖြစ်တာတုံး”

          ”ဗလီမီးရှို့နေပါပြီ ကယ်ပါဦးဘုရား၊ ကူပါဦးဘုရား”

          ဆရာတော်ကြီးက အကျိုးအကြောင်း အစအဆုံးမေးကြည့် ပြီးသည့်နောက် ကျောင်းရှိ သံဃာတော်များကို သြဝါဒပေးသည်။ အကြီးငါးပါးကို သူနှင့်အတူလိုက်ရန်ခေါ်လိုက်ပြီး ကျန်သံဃာ တော်များကို အပြင်လုံးဝမထွက်ကြရန် မှာကြားလိုက်သည်။

          ”(ကျောင်း)တံခါးပိတ်ထား အပြင်မထွက်နဲ့။ ထွက်ရင် ထွက်တဲ့သူ ကျောင်းက နှင်ထုတ်ခံရမယ်”ဟု ဆရာတော်ကြီး မှာ ကြားခဲ့သည်ဟု ဦးဝီရသူက ပြန်လည်ရှင်းပြသည်။

          အခင်းဖြစ်ပွားသည့်နေရာသို့ ဆရာတော်ကြီး ရောက်သွား သည့်အခါတွင် လက်ကိုင်ဟွန်းတိုလေးထုတ်ကာ တော်ကြဖို့ အတွက် မေတ္တာရပ်ခံစကားဆိုသည်။ သို့သော် မရ။ ထိုအခါ သေ နတ်ပစ်ကာ ခြောက်လှန့်ဖို့အတွက် အကြံပြုသည်။ သို့သော် သေ နတ်ပစ်ခွင့် မရှိသလို မိုးပေါ်ထောင် ဖောက်ခွင့်လည်း မရှိ။ မီးများ က ဗလီမှတစ်ဆင့် တခြားသောနေရာများသို့ ကူးစက်တော့မည်။

          ”မီးသတ်ကားကို လှမ်းခေါ်တယ်။ မီးသတ်ကားကလည်း ကူတယ်။ ဒါပေမဲ့ မီးသတ်ကားမှာ ဆီမရှိဘူး”ဟု ထိုစဉ်က တွေ့ ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ဦးဝီရသူက ပြန်ပြောပြသည်။

          ထို့ကြောင့် ဆရာတော်ကြီးက သူ၏ ဘုန်းကြီးကျောင်းတွင် ရှိသော ဓာတ်ဆီကို သွားယူခိုင်းသည်။ မီးသတ်ကားကို ဆီဖြည့် ပြီးသည့်နောက် ဦးပဉ္ဇင်းနှစ်ပါး၊ သုံးပါးခန့်က မီးသတ်ကားပေါ် တက်ကာ လိုက်လံမီးငြိမ်းသတ်ပေးသည်။ ဤသို့ဖြင့် ဗလီတစ်လုံး မီးလောင်ခံရပြီးနောက် နောက်ထပ်ဗလီတစ်လုံးမှာ ထပ်မံ လောင်ကျွမ်းခံခဲ့ရသည်။ တောရွာများဘက်မှ လူများလည်း အခင်းဖြစ်ပွားသည့်နေရာသို့ ထပ်မံတက်ရောက်လာခဲ့ရာ လူ အုပ်ကြီးမှာ ပို၍ကြီးလာခဲ့သည်။”ကြီးကြီးမားမားဖြစ်သွားတော့ မွတ်ဆလင်တွေ သေတဲ့ အဆင့်အထိ ဖြစ်ကုန်တယ်”ဟု ဆရာတော်က မိန့်သည်။

          သူက ဆက်၍ ”သေတာကလည်း သူတို့က အယူသည်း လို့ပါ။ ကိုယ်သတ်လို့ သေတာ မဟုတ်ဘူး။ လူတွေက သူတို့ကို ဆင်းခိုင်းတယ်။ သူတို့က လူအုပ်ကြီးကို မယုံဘူး။ အလ္လာရှင်ရဲ့ အမိန့်ပဲ ခံယူမယ်။ မင်းတို့သတ်လို့တော့ အသေမခံဘူး။ ဒီလိုနဲ့ အိမ်မှာနေတော့ မီးခိုးမွှန်ပြီး သေတာ”ဟု ဆိုသည်။

          ကျောက်ဆည်အရေးအခင်းဖြစ်ပွားစဉ်က ဆရာတော်ဦးဝီ ရသူသည် မန္တလေးမြို့တွင် ရှိနေခဲ့သည်။ သတင်းကြားသဖြင့် ကျောက်ဆည်ကို ဆင်းလာခဲ့သော်လည်း လမ်းတွင် လုံခြုံရေး တပ်ဖွဲ့များက ကျောက်ဆည်မြို့သို့ မည်သည့်သံဃာကိုမျှ အဝင် မခံတော့။ ထို့ကြောင့် လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရသည်။

          အဓိကရုဏ်းကြီး ပြီးသွားသည့်အခါမှာတော့ တရားခံရှာ ကြလေသည်။ အဓိက သံသယဖြစ်စရာ တရားခံနှစ်ဦးရှိသည်။ တစ်ဦးက ဦးဝီရသူ၏ ပရိယတ္တိ ငယ်ဆရာဖြစ်သည့် မင်းကုန်း ဆရာတော်ဦးဇဋိတဖြစ်သည်။ မူလတန်း၊ အငယ်တန်း၊ အလယ် တန်းနှင့် အကြီးတန်းစသဖြင့် ခြောက်နှစ်ကြာ အတူနေခဲ့ရသူ ဖြစ်၏။

          နောက်တစ်ဦးက မြဘုရင် နို့ဆီလုပ်ငန်းပိုင်ရှင် ဦးဝင်း မောင်ဖြစ်သည်။ ထိုနှစ်ဦးအနက် အဖြစ်နိုင်ဆုံးမှာ မင်းကုန်းဆရာ တော်ဟု ယူဆကြသည်။ ထို့ကြောင့် အဓိကရုဏ်းက အောက်တို ဘာလ ၁၈ရက်တွင် ဖြစ်ပွားခဲ့ပြီး ၂၂ ရက်မှာတော့ မင်းကုန်း ဆရာတော်ကြီး အပါအဝင် သူ၏ တပည့် လေး၊ ငါးပါး အဖမ်းခံ လိုက်ရသည်။

          ”ဝီရသူနဲ့ မင်းကုန်းဆရာတော်က ဆရာတပည့်။ ဆရာ တော်ကြီးခိုင်းလို့ ဝီရသူလုပ်တာဖြစ်မယ်လို့ သူတို့က လိုရာဆွဲ တွေးပြီး သုံးသပ်လိုက်တာ။ ဆရာတော်ကြီးက ဘာမှ မသိရှာ ဘူး” ဟု ဦးဝီရသူက ဆိုသည်။

          သူ၏ ဆရာသမားအဖမ်းခံရသည်ဆိုသော သတင်းကြား သည့်အခါ ဦးဝီရသူသည် ဆရာဖြစ်သူကို လိုက်ရှာသည်။ သူ့စိတ် ထဲတွင် အပြစ်မရှိသော၊ အဓိကရုဏ်းနှင့် ဘာမှမပတ်သက်သည့် သူ၏ဆရာသမားကို လူကြီးလူကောင်းတွေလို ဧည့်ရိပ်သာတွင် ထားမည်ဟုတွေးနေမိခဲ့သည်။ ထို့ကြောင့် မန္တလေးနန်းတွင်းထဲ တွင်လည်း လိုက်ရှာခဲ့သည်။ ကျောက်ဆည်မြို့သို့လည်း ရောက်ခဲ့ သည်။ သို့သော် မတွေ့ခဲ့ရ။

          အောက်တိုဘာလ ၂၅ရက်မှာတော့  ဦးပဉ္ဇင်းဦးဝီရသူ မစိုး ရိမ်ကျောင်းတိုက်၌ရှိနေစဉ် တယ်လီဖုန်းဝင်လာသည်။ ကောင်မ လေးနှင့်ပတ်သက်သည့် အမှုကိစ္စဆွေးနွေးရန်အတွက် ထောက် လှမ်းရေး- ၁ ရုံးသို့လာရန် ဖုန်းဆက်ခေါ်ခြင်းဖြစ်သည်။ ထိုစဉ်က မွတ်ဆလင်အိမ်တစ်အိမ်တွင် ကြိုးဆွဲချသေဆုံးသွားသည့် မိန်း ကလေးတစ်ယောက်၏အမှုကို ဆရာဝန်နှင့်ရဲ ပူးပေါင်းကာ အမှု ဖျောက်လိုက်သည့်ကိစ္စကို ဆရာတော်က ထောက်လှမ်းရေးနှင့် ပေါင်းကာ စုံစမ်းနေခြင်းဖြစ်သည်။ ထောက်လှမ်းရေးနှင့် တွေ့ လျှင်လည်း သူ၏ဆရာသမားအကြောင်းကို စုံစမ်းမည်ဟု တွေး လိုက်သည်။

          ”ခေါ်တဲ့အချိန်က ဆွမ်းစားချိန်။ ဆွမ်းစားဦးမယ်ဆိုတာ မရဘူး။ သူတို့ကပ်မယ်ပြောတယ်။ အဲဒါကို မရိမ်မိလိုက်ဘူး”ဟု သူကဆိုသည်။

          ထောက်လှမ်းရေး- ၁ သို့ရောက်သည့်အခါမှာတော့ ဆွမ်း ကပ်သည်။ ဆွမ်းစားနေချိန်တွင် ထောက်လှမ်းရေးများက ဖုန်း တဂွမ်ဂွမ်ဖြင့် အလုပ်ရှုပ်ကာနေသည်။ သူ့အနားတွင် တပ်ကြပ် ကြီးတစ်ဦးသာရှိ၏။ ဆွမ်းစားပြီးသည့်နောက် ထောက်လှမ်းရေး တစ်ဦးက ”အရှင်ဘုရား၊ ဆရာတော်ကြီးနဲ့တွေ့ဖို့ ကြွလို့ရပါပြီ ဘုရား”ဟု လျှောက်သည်။ ရုံးသို့လာရောက်ရန်ခေါ်စဉ်က အမှု ကိစ္စဟု ဆိုခဲ့ပြီး ယခုလျှောက်ထားသည့်အခါတွင် ဆရာတော်ကြီး နှင့် တွေ့ဖို့ဟုဆိုသည့်အခါ  ဦးပဉ္ဇင်း၏ စိတ်ထဲတွင် ‘ထင့်ခနဲ’ ဖြစ် သွားသည်။

          သို့သော် ထိုသံသယစိတ်လေးက ခဏအတွင်း ဖျတ်ခနဲ ပြန်ပျောက်သွားသည်။  ဦးပဉ္ဇင်းသည် အဖြူရောင်ဗင်ကားလေး အပေါ်သို့ တက်လိုက်ရသည်။ ကားနောက်ခန်းတွင် ထိုင်လိုက်ရ ခြင်းဖြစ်၏။ ဘေးတစ်ဖက်စီတွင် ထောက်လှမ်းရေးက ညှပ်ကာ ထားသည်။ ထိုအခါမှ  ဦးပဉ္ဇင်းက  ”ငါ့ဖမ်းတာ ဖြစ်လောက်တယ် ကွလို့တွေးမိတယ်”ဟု ထိုအချိန်က ခံစားရပုံကို ပြန်ပြောင်းပြော ပြသည်။

          ထို့ထက်ပိုပြီး ကျိန်းသေတာက  ဦးပဉ္ဇင်းကို ခေါ်ဆောင်သွား သည့်ကားသည် တစ်စီးတည်းမဟုတ်။ အရှေ့နှင့် အနောက်တွင် အတန်းလိုက်။ ထို့အပြင် ကားတန်းကြီးကို ဗီဒီယိုကလည်း လိုက် ရိုက်နေသေး၏။ အဖမ်းခံရမည်ဆိုပါကလည်း ဂုဏ်သိက္ခာရှိရှိ အဖမ်းခံမည်ဆိုသော အတွေးဖြင့်  ဦးပဉ္ဇင်းသည် သင်္ကန်းကို သပ် သပ်ရပ်ရပ်ကောက်ရုံလိုက်သည်။ ဆရာသမားနှင့်တွေ့ပါကလည်း သင်္ကန်းလေးရုံထားသဖြင့် ဆရာသမားသဘောကျမည်ဖြစ်၏။ သူအဖမ်းခံရခြင်းနှင့်ပတ်သက်၍ ဦးဝီရသူက ယခုလိုသုံး သပ်သည်။

          ”ဆရာသမားကို လိုက်ရှာနေတော့ သူတို့(ထောက်လှမ်း ရေး) က ခြေရာခံမိသွားတာပေါ့။ အဲဒါနဲ့ ဦးဇင်းကို ထားလို့မဖြစ် တော့ဘူးဆိုပြီးတော့ ဖမ်းတာပေါ့”

          ဦးပဉ္ဇင်းစီးလာသည့် ကားသည် မန္တလေးနန်းထဲသို့ ရောက် တော့ ‘စစ်အကျဉ်းထောင်’ဆိုသည့် ဆိုင်းဘုတ်ရှေ့တွင် ရပ်လိုက် သည်။ ဆိုင်းဘုတ်အောက်တွင် စစ်သားနှစ်ယောက် မျက်နှာချင်း ဆိုင်ကာ သေနတ်တစ်လက်စီ ကိုင်ထားကြသည်။ ထောက်လှမ်း ရေးများ ရောက်လာသည့်အခါတွင် သေနတ်များကို ချလိုက်သည်။ အကျဉ်းထောင်၏ အထဲမှလည်း ဗီဒီယိုကင်မရာဖြင့် ရိုက်ကာ မှတ်တမ်းတင် နေသည်။

          ”အဲဒီတော့မှ ငါ့ဖမ်းတာပဲလို့ ဆုံးဖြတ်ချက်ချတော့တယ်”ဟု  ဦးပဉ္ဇင်းကဆိုသည်။

အခန်း(၅)

          စစ်အကျဉ်းထောင်ထဲသို့ရောက်သည့်အခါတွင်  ဦးပဉ္ဇင်း အား သူ၏ ဆရာသမားနှင့် တွေ့ခွင့်ပေးသည်။ ဆရာတော်က သူ့ အား ဖြစ်ပျက်သမျှ အကြောင်းစုံကို ရှင်းပြ၏။ အောက်တိုဘာလ ၂၂ရက်နေ့ ဆရာတော်ကြီးကို ဖမ်းစဉ်က အစည်းအဝေးဟုဆိုကာ ခေါ်သွားခြင်းဖြစ်သည်။ ထောက်လှမ်းရေးရုံးသို့ ရောက်သွားသောအခါ သင်္ကန်းဝတ်ရုံကို တန်း ချွတ်သည်။ အဝတ်အစားလဲပြီးသည့်အခါ လက်နှစ်ဖက်ကို နောက်ပြန်လက်ထိပ်ခတ်လိုက်သည်။ မျက်နှာကို အဝတ်စည်းလိုက်၏။ ပြီးတော့ လူနာမည်ကိုခေါ်ကာ စားပွဲခုံကိုထုပြီး ခြိမ်းခြောက်လေ၏။ ဆရာတော်ကြီးကို စစ်ဆေးမေးမြန်းရာတွင် ခြေထောက်နှင့် ကန်သည်။ လက်သီးနှင့် ထိုးကြ၏။

          ဆရာတော်ကြီးတွေ့ကြုံခဲ့ရသည်များကို  ဦးပဉ္ဇင်းက ယခု လို ပြန်လည်မိန့်ကြားသည်။

          ”ဆရာတော်ကြီးက ‘ငါ့ရေလည်းမတိုက်ဘူး၊ ထမင်းလည်း မကျွေးဘူး။ ဒီလိုပဲပစ်ထားကြတယ်။ ငါလည်း ဘာမှမသိဘူး။ ငါ လုပ်တယ်။ မလုပ်ဘူးဆိုတာ ဘုရားပဲသိတယ်။  ဘုရားကိုပဲ တိုင်တည်တယ်’ ဆရာတော်ကြီးကို ကြည့်ပြီးသနားသွားတယ်”

          ထို့ကြောင့်  ဦးပဉ္ဇင်းသည် သူအမြဲဆောင်ထားတတ်သည့် ရေဆူဆေးပြားကိုထုတ်ပြီး ဖန်ခွက်ထဲထည့်ကာ ဖျော်ပေးရန် ပြင်လိုက်စဉ် ဆရာတော်ကြီးက ”ငါ့တိုက်ပါ။ ငါ့တိုက်ပါ”ဟု ဆို ပြီး သုံးခွက်ဆင့်ကာ သောက်ပစ်လိုက်သည်ဟု ဦးဝီရသူက ဆိုသည်။

          ဆရာတော်ကြီးသည် ရိုက်နှက်၊ ထိုးကြိတ်မှုတွေကို မခံနိုင် သည့်အဆုံး ”မင်းတို့ဖြစ်စေချင်တာရေးခဲ့။ ငါလက်မှတ်ထိုးပေး မယ်”ဟုဆိုကာ စစ်ဆေးမှုမှတ်တမ်းကို ဘာမျှ မကြည့်တော့ဘဲ လက်မှတ်ထိုးပေးလိုက်တော့သည်ဟုဆိုလေသည်။

          ”ရုံးထွက်တော့ ဆရာတော်ကြီးကိုလာခေါ်တဲ့ သုံးယောက် (အဓိကရုဏ်းဖြစ်ပွားစဉ်က ဆရာတော်ကြီးအား လာပင့်သော ခရိုင်ဥက္ကဋ္ဌ၊ မယကဥက္ကဋ္ဌနှင့် စခန်းမှူး)က မခေါ်ဘူးဖြစ်သွား တယ်။ ဟွန်းတပ်ပြီး လူစုခွဲဖို့ပြောတာကို ဗလီကိုဖျက်ခိုင်းတာ ဖြစ်သွားတယ်။ ဓာတ်ဆီယူတာကိုလည်း ဗလီမီးရှို့ဖို့ ထုတ်ပေး တာဆိုပြီး ဖြစ်သွားတယ်” ဟု ဆရာတော်ကြီးအား ရုံးတင်စစ် ဆေးသည့်အခါ တွေ့ကြုံရသည်တို့ကို ဦးဝီရသူက ရှင်းပြသည်။

          ဤသို့ဖြင့် မင်းကုန်းဆရာတော် ဦးဇဋိတသည် လူသေမှု၊ မီးရှို့မှုများဖြင့် နှစ်ကျွန်းနှင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံခဲ့ရ  လေသည်။

          ”ဆရာတော်ကြီးက ရိုးရိုးအေးအေးကြီးပါ။ အခု ကျောက်ဆည်မှာ ရှိသေးတယ်။ စာသင်တိုက်မှာ မနေတော့ဘူး။ တောရ ဆောက်တည်နေတယ်”ဟု  ဦးပဉ္ဇင်းဆိုသည်။

                                                          အခန်း(၆)

          ဦးဝီရသူသည် စစ်အကျဉ်းထောင်အတွင်းရှိ အခန်းတစ်ခု ၏ ဆက်တီခုံပေါ်တွင် ထိုင်နေသည်။ ခဏကြာတော့ အခန်း အတွင်းသို့ ထောက်လှမ်းရေးများ ဝင်လာသည်။ ထောက်လှမ်း ရေးတစ်ဦးက ”အရှင်ဘုရားကို မေးဖို့၊ မြန်းဖို့ခေါ်လာတာပါ။ ဆရာတော် ဦးဇဋိတနဲ့ ပတ်သက်ပြီး မေးစရာရှိတယ်”

           ဦးပဉ္ဇင်းက ”ပွင့်ပွင့်လင်းလင်းမေးပါ။ ကြိုက်တာမေးပါ။ သူ့အရှေ့လည်း မေးရတယ်။ ကွယ်ရာလည်း မေးလို့ရတယ်”

          အဲဒီအခါမှာ ထောက်လှမ်းရေးက ”ဒါပေမဲ့ ဒီလိုတော့ မေးလို့ မရဘူး။ တပည့်တော်တို့က ဗုဒ္ဓဘာသာဆိုတော့ သင်္ကန်းပါ နေလို့ မမေးရဲဘူး။ အရှင်ဘုရား၊ သင်္ကန်းချွတ်ပေးပါ”

          ထိုကြောင့်  ဦးပဉ္ဇင်းက လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက် သည်။ ထောက်လှမ်းရေးများက  ဦးပဉ္ဇင်း ၏ သင်္ကန်းများကို ဆွဲ ချွတ်လိုက်ကြသည်။ အတွင်းခံသင်္ကန်းက ကျန်နေသည်။ သူတို့က  ဦးပဉ္ဇင်းအား အင်္ကျီပေးသည်။ ”ထောင်ပုံစံဆိုရင် ဝတ်မယ်။ အရပ်ဝတ်အရပ်စားဆိုရင် မဝတ်နိုင်ဘူး”ဟု  ဦးပဉ္ဇင်းက ငြင်းသည်။ ”ထောင်ပုံစံကတော့ ဒီမှာမရှိဘူး။ ဒါပဲဝတ်ရမယ်”

          ထို့ကြောင့်  ဦးပဉ္ဇင်းသည် ကမ်းပေးသည့် အင်္ကျီကိုယူကာ ဝတ်လိုက်သည်။ အတွင်းခံသင်္ကန်းအပေါ်မှ အင်္ကျီလက်ရှည်ကို ထပ်ဝတ်လိုက်သည်။ ပုဆိုးကိုလည်း သင်းပိုင်ဝတ်သကဲ့သို့ ဝတ် လိုက်သည်။ အတွင်းခံသင်္ကန်းကိုပါ ချွတ်ပေးရန် ထပ်တောင်း သဖြင့်  ဦးပဉ္ဇင်းက ထပ်မံချွတ်ပေးလိုက်ရသည်။

          သင်္ကန်းအားလုံး ချွတ်ပေးလိုက်ပြီးသည့်နောက်မှာတော့ သူတို့က အပေါ်က ထိုင်ပြီး  ဦးပဉ္ဇင်းကို အောက်သို့ ပြောင်းထိုင် ခိုင်းသည်။

          ”သင်္ကန်းချွတ်လိုက်တာနဲ့ ဘဝက ပြောင်းပြန်ပဲလေ။ သိက္ခာချတာမဟုတ်တဲ့အတွက် ရွတ်ဖတ်စရာ မလိုဘူး။ သင်္ကန်း ချွတ်တဲ့ ဘုန်းကြီးမှာတော့ အပြစ်မရှိဘူးပေါ့။ သင်္ကန်းဆွဲ ချွတ်တဲ့ လူတွေကတော့ အပြစ်ကြီးတာပေါ့။ ဘုရားအရေခွာပစ်တာလေ။ သာသနာဖျက်အဆင့်မျိုးရောက်သွားတယ်”ဟု သူကဆိုသည်။

           ဦးပဉ္ဇင်းကို ငါးရက်တိုင်တိုင် လူတစ်ယောက်ပြီး တစ် ယောက်ပြောင်းကာ ဘေးကျပ်၊ နံကျပ်သဘောမျိုးဖြင့် စစ်ဆေး ကြသည်။  ဦးပဉ္ဇင်း၏ ရှေ့စကား၊ နောက်စကား ညီ၊ မညီ ကြည့် သည်။ ပြီးလျှင် စစ်ဆေးသူပြောင်းတိုင်း ပုစု္ဆာတစ်ပုဒ်ကို ပြန်ပြန် မေးသည်ဟု  ဦးပဉ္ဇင်းကဆို သည်။

          ”ဦးဇင်းမှာ သူတို့ သံသယရှိတာ ဘာမှမတွေ့ဘူး။ ကျောက်ဆည်အဓိကရုဏ်းက ဦးဇင်းနဲ့ ပတ်သက်မှုမရှိဘူးဆိုတာ သူတို့ ကိုယ်တိုင် ယုံကြည်တယ်။ ပြန်လွှတ်ဖို့ပဲ။ မနက်ဖြန် ပြန်လွှတ်မယ်။ ကတိပေးပြီးသွားပြီ”ဟု ဦးဝီရသူက သူ့အား စစ်ဆေးမေးမြန်းမှု များပြုလုပ်ပြီး အပြစ်မရှိကြောင်း တွေ့ရသဖြင့် ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည့် အစီအစဉ်ကို ပြောပြသည်။

          သို့သော် မထင်မှတ်ထားသည့် ဖြစ်ရပ်တို့က အကြောင်းဖန် လာလေသည်။ ထိုနေ့ညက ‘ဝီရသူ လွတ်မြောက်ရေး ဒို့အရေး’ဟုဆိုကာ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များက ဦးဝီရသူ လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုကြတော့သည်။ အစိုးရက သေနတ်ဖြင့် ပစ်ခတ်ရသည်အထိဖြစ်သွားခဲ့သည်။ သံဃာတချို့ ဒဏ်ရာရခဲ့သည်။ ထိုဆန္ဒပြမှုတွင် သံဃာတော် ၁၇ ပါး ထောင်ထဲသို့ရောက်သွားခဲ့သည်ဟု  ဦးပဉ္ဇင်းကဆိုသည်။

          ”သူတို့ကို ထောင်ထဲပို့ရမယ်ဆိုတော့ ဦးဇင်းကို ပြန်လွှတ် လို့မရတော့ဘူး။ သူတို့က လာလျှောက်တယ်။ ဦးဇင်းလည်း ထောင်ထဲသွားရတော့မယ်။ ပြန်လွှတ်လို့မရတော့ဘူး”ဟု ထောင် ထဲသို့ ရောက်ခဲ့ရသည့်အဖြစ်ကို ဦးဝီရသူက ရှင်းပြသည်။

          မစိုးရိမ်ကျောင်းတိုက်မှ သံဃာများ ရုတ်တရက်လမ်းပေါ် ထွက်ဆန္ဒပြခဲ့ကြသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဆရာ တော်ဦးဝီရသူက ယခုလို သုံးသပ်သည်။

          ”ဦးဇင်းကို ပြန်လွှတ်ချင်တဲ့ အဖွဲ့နဲ့ မလွှတ်ချင်တဲ့အဖွဲ့ နှစ်ဖွဲ့ ရှိတယ်။ မလွှတ်ချင်တဲ့အဖွဲ့က ဦးဇင်းတရားပွဲဆို လုံခြုံရေးယူရ တယ်၊ အလုပ်ရှုပ်တယ်။ ဦးဇင်းကို ထောင်ထဲထည့်ထားချင်တယ်။ ပြန်လွှတ်ချင်တဲ့အဖွဲ့ကတော့ ဘာမှမကျူးလွန်လို့”သို့ဖြင့်၍  ဦးပဉ္ဇင်းကို မလွှတ်ချင်သည့် အဖွဲ့က သံဃာထဲ ဝင်ကာ ဆူပူအုံကြွအောင် မြှောက်ပေးသည်။

          စစ်ကြောရေးတွင်  ဦးပဉ္ဇင်းသည် မည်သို့အနှိပ်စက်ခံနေရ သည်၊ မည်သို့ရက်စက်နေကြသည် စသဖြင့် သံဃာတော်တွေ မခံမရပ်ဖြစ် အောင်လုပ်ပြီး ဆန္ဒပြပွဲဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ် သည်ဟု ဦးဝီရသူက ယူဆသည်။”တကယ်က စစ်ကြောရေးမှာ ငါးရက်ကာလ အကောင်း ဆုံး ကျွေးတယ်။ မနက်စာ၊ နေ့လယ်စာ အကောင်းစားပဲ။ ညစာ တောင် စားဦးမလားမေးသေးတယ်။ ရိုက်နှက်တာလည်း မရှိ ဘူး” ဟု သူကဆိုသည်။

          ဤသို့ဖြင့် ဦးဝီရသူသည် စစ်ကြောရေးတွင် အပြစ်မရှိ သဖြင့် ပြန်လွှတ်ပေးရန်စီစဉ်ပြီးမှ ရုတ်တရက် သံဃာတော်များ ဆန္ဒပြလိုက်ခြင်းကြောင့် စစ်အကျဉ်းထောင်မှတစ်ဆင့် မန္တလေး မြို့၊ အိုးဘိုအကျဉ်းထောင်သို့ အပို့ခံလိုက်ရလေသည်။

          ”စစ်အကျဉ်းထောင်ကနေ အိုးဘိုထောင်ကို ပို့တော့မယ်။ အမှုရင်ဆိုင်ရတော့မယ်ဆိုတော့ ဘယ်လိုဖြစ်မယ်မှန်း မသိတော့ ရေအဝသောက်သွားရတယ်။ ဦးဇင်းမှာ ပိုက်ဆံတွေလည်းပါသွားတယ်။ ချမ်းချမ်းသာသာနေလို့ရတယ်”

          ထို့နောက်  ဦးပဉ္ဇင်း ဦးဝီရသူကို အဖြူရောင်ဗင်ကားလေး ဖြင့် မန္တလေးအိုးဖိုအကျဉ်းထောင်သို့ ခေါ်ဆောင်သွားလေသည်။

 (အိုးဘိုထောင်ထဲတွင် ဦးဝီရသူ ဘယ်လိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ သလဲဆိုတာကို ရှေ့လတွင် ဆက်လက်ဖော်ပြပါမည်။)

အပိုင်း(၁)

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."