Home သတင်းဆောင်းပါး ဒါဖတ်ပြီးမှ အရက်သောက်ပါ အပိုင်း(၁)

ဒါဖတ်ပြီးမှ အရက်သောက်ပါ အပိုင်း(၁)

190
0
Advertise Here

မတ်လ -၂၀၁၄ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၂)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ကောင်းမြတ်မိုး နှင့် စောသစ်ထူး ရေးသည်။

ပဉ္စတက်ပြီးစ ကိုသီဟ၊ သူ့အမေနဲ့ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားတွေ လှည့်ပတ်ဖူးနေပေမယ့်  စိတ်က ဂနာမငြိမ်ဖြစ်နေ တယ်။ နောက်တစ်နေ့မနက်ဆွမ်းခံထွက်တော့ သပိတ်ကိုင်ထား တဲ့ လက်က အကြောတွေကပ်နေပြီ။ ညနေဘက်ရောက်တော့ ကျောင်းထဲက ဘုန်းကြီးတွေက သူ့ကိုဝိုင်းသတ်ကြမယ်ဆိုတဲ့ အသံတွေ ကြားလာရပြီ။ လွတ်ရာလွတ်ကြောင်း ထွက်ပြေးဖို့ ချောင်းထဲကို ဒိုင်ဗင်ထိုးချလိုက်တယ်။ ဘေးနားရှိနေတဲ့သူတွေက လှေနဲ့လိုက်ဆယ်ရတယ်။

Advertise Here

ကုန်းပေါ်ပြန်ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ခွင့် တောင်းပြီး လူဝတ်လဲလိုက်တယ်။ ချက်ချင်းပဲ အရက်ဆိုင်ကို တန်းပြေးပြီး အရက်တစ်ခွက် အမြန်မော့လိုက်တယ်။ အရက်ကလည်ချောင်းထဲပူထူဝင်သွားပြီး သိပ်မကြာခင်မှာပဲ နားထဲမှာ အသံတွေပိုကျယ်လာပြီ။ ယောက်ဖတွေ၊ အစ်မတွေတင်မက တော့ဘူး၊ ရပ်ကွက်ထဲက လူငယ်တွေကလည်း သူ့ကိုဝိုင်းလိုက်နေ ကြပြီ။ သူကြောက်ကြောက်နဲ့ ခြေဦးတည်ရာ ထွက်ပြေးတယ်။ ကိုယ်နဲ့မသိတဲ့ သူစိမ်းအိမ်ရှေ့တွေမှာ မမြင်အောင်ပုန်းတယ်။

ဟော…တွေ့ပြီ၊ ရှေ့မှာ အရက်ဆိုင်။

”ထပ်သောက်ပြီး အိပ်လိုက်တော့မှ အဲဒီစိတ်တွေပျောက် သွားတယ်”လို့ ကိုသီဟ(၃၄ နှစ်) က သူကြုံတွေ့ခဲ့ရတဲ့ အရက် ကြောင့် စိတ်ကစဥ့်ကလျားဖြစ်ခဲ့ရပုံတွေကိုပြန်ပြောပြတယ်။

ကိုသီဟက အရက်သောက်တာ လျှော့လိုက်ပြီဆိုရင် ”ကျွန်တော့်ကို မကောင်းပြောနေသလိုလို၊ လုပ်ကြံတော့မလိုလို အသံတွေကြားရတယ်။ မျက်လုံးကလည်း မြင်ချင်တာတွေ မြင် နေရတယ်”လို့ သူက ဆက်ပြောတယ်။ နောက်ပိုင်းမှာတော့ အဲဒီလို ဖြစ်လာပြီဆိုရင် ဒဂုံမြို့သစ်အရှေ့ပိုင်းက စိတ်ကျန်းမာရေးဆေး ရုံမှာရှိတဲ့ အရက်ဖြတ်ဌာနကို ပို့ခိုင်းဖို့ သူ့အမေကို တောင်းဆိုပါ တော့တယ်။

အရက်ဖြတ်ဌာနကို ခဏခဏလာရလွန်းလို့ ”ဒီ(အရက် ဖြတ်ဌာန) ကိုရောက်တဲ့ အရေအတွက်က မှတ်တောင် မမှတ်မိ တော့ဘူး”လို့ သူကပြောတယ်။ အကြိမ်ရေ ၄ဝ ကျော်လောက် ရှိမယ်လို့တော့ သူက မှန်းဆပြောဆိုတယ်။

ကိုသီဟ ၁ဝ နှစ်သားလောက်မှာ သူ့အိမ်က စားသောက် ဆိုင်ဖွင့်တာကြောင့် သောက်စားသူတွေကိုမြင်ပြီး ဆယ့်သုံးလေး နှစ်အရွယ်ကစပြီး အရက်ကို မြည်းစမ်းကြည့်ခဲ့သူပါ။

ယခုနောက်ပိုင်းမှာ အသက် ၁၈ နှစ်အောက်အရွယ်တွေ အရက်သောက်သုံးမှုမြင့်တက်လာပြီး ရွာသာကြီး စိတ်ကျန်းမာ ရေးဆေးရုံ၊ အရက်ဖြတ်ဌာနကို အရက်ဖြတ်ဖို့ ရောက်လာသူ အရေအတွက်ကလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာ တယ်လို့ ပါမောက္ခ/ဌာနမှူး၊ စိတ်ကျန်းမာပညာဌာန၊ ဆေး တက္ကသိုလ်(၁)နှင့် စိတ်ကျန်းမာရေးဆေးရုံကြီး မှ ဒေါက်တာဝင်း အောင်မြင့်က ပြောပါတယ်။ ဒီနှစ်မှာလည်း အရက်ဖြတ်သူ ပိုမို များပြားလာမယ်လို့ သူက ခန့်မှန်းတယ်။

၂ဝ၁၂ ခုနှစ်မှာ အရက်ဖြတ်လူနာ နှစ်ထောင်ကျော်၊ ၂ဝ၁၃ မှာ သုံးထောင်ကျော်ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

၂ဝ၁၁ ခုနှစ်အတွင်း ရန်ကုန်မြို့အနီးတစ်ဝိုက်မှာ Strategy First Institute အဖွဲ့က စစ်တမ်းကောက်ယူခဲ့ရာမှာ အသက် ၁၄ နှစ်မှ ၁၇ နှစ်အတွင်း ကျောင်းသားတွေဟာ ဘီယာနဲ့ ဝီစကီတွေ ကို စတင်သောက်သုံးနေကြပြီး ကျောင်းသူများက ဘီယာနဲ့ ဆို ဂျူးအရက်တွေ သောက်သုံးနေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

စီးကရက်သောက်သုံးမှု၊ အရက်သောက်သုံးမှုနဲ့ လက်မထပ်ခင် လိင်ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်းရှိ ဆေးကျောင်းသား၊ ကျောင်းသူ ၄ဝဝ နဲ့ ရွေးချယ်ထားတဲ့ မြို့နယ်အချို့က သာမန် အရပ်သား ၄၁ဝ ကို ၂ဝ၁ဝ ခုနှစ်အတွင်းက အမေရိကန် အမျိုး သားဆေးပညာစာကြည့်တိုက်က စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ရာမှာ ဆေးကျောင်းသား ၃၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ သာမန်အရပ်သား ၃၂ ဒသမ ၁ ရာခိုင်နှုန်းဟာ အရက်သောက်သုံးသူတွေဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။ သောက်သုံးသူတွေရဲ့ တစ်ဝက်ခန့်ဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။

အရက်စွဲတယ်ဆိုတာ

အလုပ်အကိုင်အဆင်မပြေတာ၊ အလုပ်ပင်ပန်းတာ၊ အရက်ကို စမ်းသောက်ကြည့်ရင်းကနေ အရက်စွဲတဲ့အဆင့်အထိ ရောက်သွားတာ စသဖြင့် အကြောင်းတွေကြောင့် အရက်စွဲသွား တယ်လို့ အရက်ဖြတ်ဌာနကိုရောက်နေတဲ့ အရက်စွဲသူတွေက ပြောကြပါတယ်။

၁၉၉၆ ခုနှစ်မှာ ကိုသီဟ အိမ်ပေါ်က ဆင်းသွားပြီးတဲ့နောက် အရက်ကို ပိုသောက်ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က အိမ်ထောင်ကွဲသွားပြီး ၁ဝ လကျော်လောက် အရက်ဆက်တိုက် သောက်ရာကနေ အရက်စွဲလာခဲ့ပါတယ်။

သူ့မိန်းမက အရက်ဖြတ်ဆေးတွေ ထမင်းနဲ့ရောပြီးခိုးခိုး တိုက်လေ့ရှိတာကြောင့် ဆေးအခန့်မသင့်ဖြစ်ပြီး ဆေးခန်း ခဏ ခဏ သွားခဲ့ရတယ်။ နောက်ပိုင်းမှာ အိမ်က ကျွေးတဲ့ထမင်းမစား ရဲတော့လောက်တဲ့အထိ ဖြစ်လာပြီး မိန်းမနဲ့ ကွဲခဲ့တယ်လို့ ကိုသီဟက သူ့ဘဝကို ပြန်ပြောင်းပြောပြတယ်။ ဆေးမင်ကြောင် တွေ ထိုးထားတဲ လက်နှစ်ဖက်ကို မြှောက်ကာပင့်ကာ လက်ဟန် ခြေဟန်နဲ့ပြောနေတဲ့ သူ့အသံက အနည်းငယ်ခက်ထန်နေတယ်။

အဲဒီနောက်ပိုင်းမှာ တစ်ရက်ကို အရက်ဖြူ ၁ဝ ပုလင်း ကျော်အထိ သောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ညကတည်းက ပါဆယ်ဆွဲထားပြီး မနက်သုံးနာရီကျော်လောက်ဆိုရင် ထ သောက်ဖြစ်လာတယ်။ သူ့ကိုထိန်းလို့ရအောင် သန်လျင်ဘက်က ဘကြီးအိမ်မှာ သွားထားတဲ့အခါ သုံးရက်မြောက်နေ့မှာ အားအင် ချည့်နဲ့ တုန်တုန်ယင်ယင်ဖြစ်လာတာကြောင့် သူ့အမေကိုယ်တိုင် အရက်ဝယ် ပေးရပါတော့တယ်။

တစ်ယောက်တည်းသောက်နေပေမယ့် စိတ်ထဲမှာ သူငယ် ချင်းတွေနဲ့ အတူသောက်နေတယ်လို့ပဲထင်မှတ်ပြီး ဆပ်ပြာတုံးကို ဝက်သားတုံး၊ အထပ်သားပြားကို ငါးခြောက်ပြားထင်ပြီး ကိုက် နေခဲ့တယ်လို့ သူကပြန်ပြောပြတယ်။

”နောက်ပိတ်ဆုံးကန်တော့ပါသေးရဲ့၊ ဝါးချွန်တွေကို ကိုယ့် ဖင်ထဲ ပြန်ထိုးထည့်တာတို့၊ ဗိုက်ကို ဓားတွေနဲ့ ခွဲတာတွေတို့၊  အမေအဆွဲမြန်တာတွေကြောင့် ကျွန်တော် မသေခဲ့တာပါ”

ကိုသီဟက ပြောရင်းနဲ့ အသံတိုးတိမ်သွားတယ်။ ပြီးမှ အားယူပြီး ဆက်ပြောတယ်။

”စိတ်ညစ်တာတွေ အားလုံးကို ဒီအပေါ်မှာ ပုံချလိုက်  သလိုပေါ့”

လူတစ်ယောက်ဟာ မနက်ခင်းမှာပါ အရက်သောက်လာပြီ ဆိုရင် အရက်စွဲပြီလို့ မှတ်ယူနိုင်ပြီး မသောက်ရရင် တုန်တုန် ယင်ယင်ဖြစ်တတ်တဲ့ လက္ခဏာတွေပါ ပြလာတတ်တယ်လို့ ဒေါက်တာဝင်းအောင်မြင့်က အရက်စွဲသူရဲ့ လက္ခဏာကို ရှင်း ပြတယ်။

သူကိုယ်တိုင်က သောက်ချင်တာမဟုတ်ပေမယ့်လည်း သောက်မှရမယ့် အခြေအနေမျိုးဖြစ်လာပြီး ”အရက်နဲ့ မျက်နှာ သစ်တယ်ဆိုတဲ့ အခြေအနေပေါ့”လို့ သူက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ၃ဝ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁ ဒသမ ၄ ရာခိုင်နှုန်းဟာ အရက်သောက်သုံးကြပြီး ပျမ်းမျှခြင်း လူ  ၁ဝဝ မှာ ၁၃ ယောက် အရက်သောက်နေကြတယ်လို့ ဒေါက်တာဝင်းအောင်မြင့်က ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်း ကို ကိုးကားပြောဆိုပါတယ်။ အခုနောက်ပိုင်းမှာ သောက်သုံးသူပိုများလာလိမ့်မယ်လို့ ခန့်မှန်းတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ မှာ သောက်သုံးသူတွေရဲ့ ၈၃ ရာခိုင်နှုန်းဟာ ဘီယာသောက်သုံး ကြပြီး ဝိုင်သောက်သုံးသူ ၉ ရာခိုင်နှုန်းနဲ့ အရက်ပြင်းသောက်သုံး သူ ၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

အရက်ထဲမှာ ဘာတွေ ပါ

အရက်ချက်လုပ်ခြင်းနဲ့ပတ်သက်ပြီး ဓာတုအင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦးကို မော်ကွန်းက တွေ့ဆုံခဲ့ပါတယ်။ သူဟာ ၁၉၈၉ က စလို့ မြန်မာနိုင်ငံ အတွင်း အရက်ချက်စက်ရုံတွေတည်ထောင်ရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းကိုက်ညီဖို့ အကြံပေး ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အစိုးရခေတ်မှာ အရက်ချက်လုပ်ငန်းဟာ နိုင်ငံပိုင်အဖြစ်သာ တည်ရှိခဲ့ပြီး ၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်း၊ နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အစိုးရတက်လာမှသာ အရက်ချက်လုပ် ငန်းကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။

မဆလခေတ်မှာ မန္တလေး၊ ဇေယျဝတီနဲ့ ဘီးလင်းအရက် ချက်စက်ရုံတွေကို စက်မှု(၁) ဝန်ကြီးဌာနက ကိုင်တွယ် ချက်လုပ် ခဲ့ပြီး စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းက ရောင်းချ ပါတယ်။ ယစ်မျိုးဥပဒေတွေ စံချိန်စံညွှန်းတွေနဲ့ ထုတ်လုပ်ရောင်း ချတာကြောင့် အများပြည်သူအန္တရာယ်ကင်းပေမယ့် လုံလောက် အောင် မထုတ်လုပ်နိုင်တာကြောင့် အရက်မှောင်ခိုဈေးကွက်နဲ့ တောအရက်ချက်လုပ်ငန်းတွေ တွင်ကျယ်ခဲ့တယ်လို့ ဦးစိန် သောင်းဦးက ရှင်းပြတယ်။

တောအရက်လုပ်ငန်းတွေဟာ တစ်ပိုင်တစ်နိုင်လုပ်ငန်း တွေဖြစ်ပြီး တရားဝင်မဟုတ်တဲ့အပြင် စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်တာမဟုတ်တဲ့အတွက် အရက်မှာပါဝင်တဲ့ လူကို အ္တရာယ်ဖြစ်စေနိုင်တဲ့ ရောနှောပစ္စည်းတွေကို သန့်စင်အောင် မလုပ်နိုင်တာကြောင့် အရက်သောက်ပြီး လူတွေ အ္တရာယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။

အရက်ချက်လုပ်ဖို့အတွက် ကြံ၊ ကြံသကာ၊ တင်လဲရည်၊ မုယောစပါး၊ ဆန်ကွဲ၊ ပြောင်းနဲ့ ပီလောပီနံတို့ကို ကုန်ကြမ်းအဖြစ် သုံးပါတယ်။ မြန်မာနိုင်ငံမှာတော့ ရာသီသီးနှံလည်း ဖြစ်၊ သီးနှံပေါ် ချိန်မှာ ဈေးလည်း သင့်တင့်တဲ့အတွက် တင်လဲရည်၊ ဆန်ကွဲနဲ့ ပြောင်းကို အသုံးများပါတယ်။

ကုန်ကြမ်းတွေကို ကစော်ဖောက်ပြီး တဆေး(Yeast) ကျွေးခြင်းဖြင့် အယ်လ်ကိုဟောကိုရအောင် လုပ်ရပါတယ်။ အရက်မှာ ရောနှောပါဝင်နေတဲ့ လူကိုအ္တရာယ်ဖြစ်စေနိုင်တဲ့ အရောအနှောပစ္စည်းတွေကို အဆင့်ဆင့်ပေါင်းခံ ချက်လုပ်ပြီး သန့်စင်ရပါတယ်။ အဆင့်မီတဲ့ အရက်သန့်ရဖို့ အနည်းဆုံး ပေါင်း ခံတဲ့ကော်လံလေးခုနဲ့ အဆင့်ဆင့်သန့်စင်ပြီး လူကို အ္တနရာယ်ဖြစ် စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ဖယ်ထုတ်ရပါတယ်။

နောက်ဆုံးထွက်လာတဲ့ အရက်ဟာ အယ်လ်ကိုဟော ပါဝင်မှု ၉၅ ဒသမ ၅ ရာခိုင်နှုန်းရှိရမှာဖြစ်ပြီးံHeadsလို့ခေါ်တဲ့ မက်သနော Menthanol၊ အက်စီတုံး Acetone နဲ့ အက်စီတယ်ဒီဟိုက် Acetaldehyde ဆိုတဲ့ လူကို အန္တရာယ်ပေး နိုင်ပြီး အရက်အရည်အသွေးကို ထိခိုက်စေတဲ့ ပစ္စည်းတွေ ပါဝင်မှု လျှော့ပစ်ဖို့လိုပါတယ်။ နိုင်ငံတကာစံနှုန်းအရ အပုံတစ်သန်းမှာ မက်သနော အပုံ ၁ဝဝ (100 PPM) ပါဝင်ခွင့်ပြုပါတယ်။

ရလာတဲ့ အရက်သန့်ကိုမှ အယ်လ်ကိုဟောပြင်းအား ၃၂ ရာခိုင်နှုန်းအထိရောက်အောင် သန့်စင်တဲ့ရေနဲ့ရောပြီး ၇၂ နာရီ ကြာအောင်ထားမှသာလျှင် အရက်မော်လီကျူးတွေက ရေထဲမှာ မျှတစွာပျော်ဝင်သွားပြီး သောက်သုံးဖို့သင့်တဲ့ အရက်ကို ရရှိမှာ ဖြစ်တယ်လို့ ဦးစိန်သောင်းဦးက ရှင်းပြတယ်။

လူအသောက်များတဲ့အရက်တွေဟာ အရက်ဆီကိုဝယ်ပြီး ရေရောစပ်ရောင်းချတဲ့၊ အရပ်အခေါ် ဖျော်စပ် ဒါမှမဟုတ်BE လို့ခေါ်တဲ့ အရက်တွေဖြစ်တာကြောင့် လိုအပ်တဲ့အချိန်တစ်ခု (၇၂ နာရီ) ထားမှသာ ကောင်းမွန်တဲ့အရက်ကို ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

” ဘယ်လောက်ကြီးပဲ အရည်အသွေးပြည်မီတဲ့အရက်ကိုထုတ်ထုတ် ရောင်းချတဲ့နေရာမှာလည်း လူကိုဘေးအန္တရာယ် မဖြစ်နိုင်အောင် ဖျော်စပ်ရောင်းချရမှာ”လို့ ဦးစိန်သောင်းဦးက သတိပေးပါတယ်။

၁၉၆၁ မှာ တည်ထောင်ခဲ့တဲ့ စစ်တပ်ရဲ့စီးပွားရေးကော်ပို Burma Economic Development Corporation (BEDC) က ထုတ်တဲ့ အရက်ဖြူကို BEDC အရက်လို့ခေါ်ရာကနေ BE ရယ်လို့ ယနေ့အထိ အမည်တွင်နေ တာဖြစ်ပါတယ်။

အရက်ချက်တဲ့နေရာမှာ ဓာတ်မြေသြဇာတွေထည့်တာနဲ့ ပတ်သက်ပြီး ကစော်ဖောက်တဲ့အခါ အချိုရည်ကနေ အယ်လ်ကို ဟော ထွက်ဖို့ တဆေး(့Yeast) က စားရပါတယ်။ တဆေးဆိုတာ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ¤င်းက အချိုရည်ကိုစားနိုင်ဖို့ နိုက်ထရိုဂျင် ပါတဲ့ အာဟာရကို ကျွေးရပါတယ်။ အဲဒီအခါ အမိုနီယမ်ဆာလ ဖိတ်နဲ့ အမိုနီယမ်ကာဗွန်နိတ်ဆိုတာတွေဟာ နိုင်ငံခြားကနေသွင်း ရပြီး ဈေးလည်းကြီးတာကြောင့် ပြည်တွင်းမှာ အလွယ်တကူရနိုင် တဲ့ နိုက်ထရိုဂျင်ပါဝင်တဲ့ယူရီးယားကျွေးရခြင်းဖြစ်ကြောင်း ဦးစိန် သောင်းဦးက ရှင်းပြတယ်။

”ယူရီးယားဟာ စိမ်ရည်ကို ပွက်ပွက်ဆူအောင် ကျိုချက် လိုက်ရင် ဓာတ်ပြိုကွဲအငွေ့ပျံသွားပြီး ထွက်လာတဲ့အရက်မှာ မရှိ တော့ပါဘူး”လို့ ပြောပါတယ်။

တစ်ပိုင်တစ်နိုင် အရက်ချက်တဲ့သူတွေဟာ အဆင့်ဆင့် ပေါင်းခံသန့်စင်တဲ့လုပ်ငန်း (Distillation)  မလုပ်နိုင်တာကြောင့် ထွက်လာတဲ့အရက်ဟာ အယ်လ်ကိုဟောစံချိန်မမီတဲ့အတွက် ရေရောလျှင် အရောင်ကလည်း အနည်းငယ် နောက်ကျိနေတတ် ပါတယ်။ အဓိကကတော့ အရက်မှာ ဖြူဆယ်ဆီဟုခေါ်သော ဓာတုပစ္စည်း ကျန်ရှိနေလို့ ဖြစ်ပါတယ်။ အရက်အရောင်ကြည် လင်ဖို့အတွက် အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ ဓာတုဗေဒ ပစ္စည်းတွေကို အရက်ထဲ ရောနှောကြတဲ့အခါ အလွန်အကျွံရော နှောမိပြီး လူကိုသေစေတဲ့အထိဖြစ်လာကြတယ်လို့ ဦးစိန်သောင်း ဦးက ရှင်းပြပါတယ်။

အချို့အရက်ချက်တဲ့သူတွေဟာ အရောင်ကြည်လင်ဖို့ အတွက် အင်ဒရင်းပိုးသတ်ဆေးကို နှီးဖျားနဲ့စွပ်၊ နှီးဖျားကို ခါပြီး ထည့်တယ်လို့ ကြားဖူးပေမယ့် ကိုယ်တိုင်တော့မမြင်ဖူးဘူးလို့  ၄င်းက ဆိုပါတယ်။

ပျော်ရွှင်ခြင်းလား၊ မရဏမင်းလား

ကိုသီဟလိုပဲ အရက်ဖြတ်ဌာနမှာ အရက်လာဖြတ်နေတဲ့ ဦးတူးတူး(၅၂ နှစ်) ကတော့ ၁၉၈၈ အရေးအခင်းပြီးကာစ၊ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ရင်း အလုပ်ပင်ပန်းတာ ကြောင့် ညနေဘက်မှာ ဘီယာပုံမှန်သောက်ဖြစ်တာက စပြီး အရက်စွဲလာခဲ့တယ်လို့ဆိုပါတယ်။ စစချင်းမှာတော့ မသောက်ရ မနေနိုင်အဆင့် မဟုတ်သေးဘဲ အလုပ်ပင်ပန်းတာကြောင့် သောက်ဖြစ်ခဲ့ပြီး ဘီယာသောက်လို့ ကုန်ကျတဲ့စရိတ်ကို ကာမိ အောင် အရက်ပြင်းသောက်ဖြစ်လာခဲ့တယ်။

၁၉၉ဝ မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ရေနံကုမ္ပဏီတစ်ခု မှာ အလုပ်ဝင်လုပ်တယ်။ ခြောက်လကျော်ကြာတော့ မလေးရှား နိုင်ငံကို နောက်တစ်ခေါက် ထပ်သွားခဲ့တယ်။ အဲဒီမှာ နှစ်နှစ် ကျော် အလုပ်လုပ်ပြီးပြန်လာချိန်မှာတော့ နေ့ညမရှောင် အရက် ကို သောက်တတ်လာတယ်လို့ ဦးတူးတူးက သူ့အတိတ်ကို ပြန် လည်တူးဆွတယ်။

”အဲဒီမှာ BE တွေသောက်ရင်း သောက်ရင်းနဲ့ မျက်နှာက ဖောသွပ်လာတယ်။ အမေက ဆေးရုံတက်ခိုင်းတယ်”လို့ အရက် ဖြတ်ဌာနက သစ်သားခွေးခြေခုံလေးတစ်ခုပေါ်မှာ ထိုင်ရင်းနဲ့ ပြောတယ်။

အဲဒီတုန်းက အရက်ဖြတ်ဌာနဟာ တံတားလေးဆေးရုံလို့ လူသိများတဲ့ ရန်ကုန်မြို့ ၈ မိုင်နားကနေ ဒဂုံမြို့သစ်အရှေ့ပိုင်းကို ပြောင်းရွှေ့ခါစပဲရှိပါသေးတယ်။ ဦးတူးတူးလည်း ဆေးရုံတက်၊ အရက်ဖြတ်တာ အကြိမ်အစိတ်လောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဦးတူးတူးဟာ ၁၉၉၅ မှာ စင်ကာပူကို အလုပ်လုပ်ဖို့ ပြန် ထွက်သွားတဲ့အခါ တစ်နေကုန် ရေထဲမှာ သင်္ဘောသံချေးခွာတဲ့ အလုပ်ကို လုပ်ပြီး အရက်ကိုလည်း နေ့ရောညပါ သောက်နေခဲ့ တာကြောင့် ဒူးအောက်ပိုင်းတစ်ခုလုံး ထုံကျဉ်ပြီး လက်ရှိအချိန် အထိ ခြေထောက်တစ်ဖက်ဆာနေပါတယ်။

”စင်ကာပူကပြန်လာတော့ တုတ်ကောက်လေးနဲ့၊သောက်ရင် နှစ်ပက်၊ ရေတောင်မရောတော့ဘူး”လို့ သူ့အဖြစ်အပျက်ကို ပြန်ပြောပြရင်း ခြေတစ်ဖက်ထော့နဲ့နဲ့ဖြစ်နေတာကို လမ်းလျှောက်ပြတယ်။

အိမ်ပေါ်ကဆင်းတာနဲ့ အခြားဘက်တွေကို သွားလို့ရပေ မယ့် အိမ်မျက်စောင်းထိုးနားက အရက်ဆိုင်ကိုပဲ ခြေထောက်တွေ က အလိုလိုရောက်သွာတယ်လို့ ဦးတူးတူးက ပြောတယ်။

”အစက အပျော်သဘောသောက်ပြီး နောက် အလုပ်ဒဏ် ကြောင့် သောက်တယ်။ စွဲသွားတဲ့အထိပေါ့ဗျာ”

လူ့ခန္ဓာကိုယ်မှာ ခံနိုင်ရည်ရှိတဲ့ ပမာဏထက် ပိုမိုများပြား စွာ သောက်သုံးခြင်းကြောင့် အရက်စွဲခြင်းနဲ့အတူ ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် သင့်တင့်တဲ့ပမာဏကိုသာ သောက်သုံးဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းကြပါတယ်။

ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတဲ့ အရက် ၅ ရာခိုင်နှုန်းကို ခံတွင်းနဲ့ အစာမျိုပြွန်တို့က စုပ်ယူပြီး ၂ဝ ရာခိုင်နှုန်းကို အစာအိမ် က စုပ်ယူပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို အူသိမ်က စုပ်ယူပြီး တာနဲ့ အယ်လ်ကိုဟောဟာ သွေးကြောထဲ ရောက်ရှိသွားပြီး ခန္ဓာ ကိုယ်အနှံ့အပြားကိုရောက်ရှိကာ ဦးနှောက်ထဲရောက်တဲ့အခါ သက်ရောက်မှုကို ခံစားသိလာရပါတယ်။

လူ့ခန္ဓာကိုယ်ဟာ အယ်လ်ကိုဟောစုပ်ယူပြီးတဲ့နောက်မှာ ပြန်လည်စွန့်ထုတ်ခြင်းကို အဆုတ်ကစွန့်ထုတ်သလို ချွေးကနေ လည်းကောင်း၊ ဆီးသွားခြင်းနဲ့လည်းကောင်း စွန့်ထုတ်ပါတယ်။ ဒါပေမဲ့ ဒီလိုနည်းတွေနဲ့ ၁ဝ ရာခိုင်နှုန်းခန့်သာ စွန့်ထုတ်နိုင်လို့ ကျန်တဲ့ ၉ဝ ရာခိုင်နှုန်းကို အသည်းက ဓာတ်ဖြိုခွဲရပါတယ်။    အပိုင်း( ၂ )သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here