Home သတင်းဆောင်းပါး သန္ဓေသားတစ်ဦး၏ အနာဂတ် ဘယ်သူဆုံးဖြတ်မလဲ အပိုင်း(၁)

သန္ဓေသားတစ်ဦး၏ အနာဂတ် ဘယ်သူဆုံးဖြတ်မလဲ အပိုင်း(၁)

189
0
Advertise Here

၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန်၊ကောင်းမြတ်မိုး၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။

အချိန်က ည ၂ နာရီကျော်၊ ၃ နာရီဝန်းကျင်။ ဆေးရုံပေါ်ရောက်နေသော အိဖြူဂသည် သူ့ခုတင်နံဘေးမှ အရာဝတ္ထုတစ်ခုကို စောင်းငဲ့ကြည့်လိုက်မိသည်။သူနာပြုဆရာမတွေက သူ့ကို သွေးနုသားနုဖြစ်နေသဖြင့်မကြည့်ရန် တားကြသည်။ သို့ပေမဲ့ ကြည့်ဖြစ်အောင် ကြည့်လိုက်မိသည်။ ကြည့်မိပြန်တော့ ရင်တစ်ခုလုံး ကြေကွဲရသည်။အကြောင်းမှာ သူကြည့်နေမိသည့်အရာကား မကြာသေးခင် ကမှသူ့ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ထားသည့် အသက်ဝိညာဉ်ကင်းမဲ့နေသော ငါးလသားအရွယ် သန္ဓေသားလေး။

Advertise Here

ကလေးလေးက ကိုယ်လက်အင်္ဂါ အစုံအလင်ဖြစ်နေပြီ။ဆံပင်လေးတွေပင် မြင်နေရသည်။ ချစ်စရာပင် ကောင်းသေးတော့။ သို့သော် ထိုကလေးသည် ယခုတော့ တစ်ကိုယ်လုံး ပြာနှမ်းနေပြီဖြစ်သည်။ အိဖြူ နောင်တအကြီးအကျယ်ရ သွားသည်။မွေးလိုက်ရလျှင် အကောင်းသားဟု နှမြောတသဖြစ်မိကာပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ကျလာသည်။

”ကလေးမျက်နှာကို မြင်လိုက်တဲ့အချိန်မှာ တော်တော်ကိုဆို့သွားတယ်။ တော်တော်မှားသွားပါလားလို့ ယူကျုံးမရဖြစ်မိတယ်”လွန်ခဲ့သော သုံးနှစ်ကဖြစ်ပျက်ခဲ့သည့် ထိုအကြောင်းကိုပြောပြနေသော အိဖြူ၏အသံသည် ရှတ၊ ကွဲအက်၊ တိုးတိမ်လှသည်။ ဝမ်းနည်းခြင်းအရိပ်က သူ့မျက်နှာမှာ အထင်းသား။ခေတ္တမျှတိတ်ဆိတ်သွားပြီး အခုလိုဆက်ပြောသည်။”အဲဒီအချိန်မှာ ညီမတို့ကလည်း တော်တော်ငယ်သေးတယ်။ ညီမချစ်သူကလည်း အလုပ်က အခုမှ စသွားမှာ (ပြည်ပကိုအလုပ်သွားလုပ်မှာ)ဆိုတော့ အရမ်းခက်ခဲတဲ့အချိန်ဆိုတော့ယူလို့မဖြစ်သေးဘူး။ ရှေ့ရေးကို အများကြီးကြိုတွေးပါတယ်။ ဒါကြောင့် မယူဖို့ဆုံးဖြတ်လိုက်တာ”

ကိုယ့်ချစ်သူနှင့် လက်မထပ်နိုင်သေးသည့်အနေအထားတွင် ရရှိလာသော ကိုယ်ဝန်ကို ဖျက်ချခဲ့ကြသူများထဲတွင် ၂၁နှစ်အရွယ် အိဖြူသည် တစ်ယောက်အပါအဝင်ဖြစ်သည်။ အိဖြူတို့လို ကိုယ်ဝန်ဖျက်ချသူများတွင် အကြောင်းပြချက်မျိုးစုံ ရှိကြသည်။

ယင်းတို့အထဲမှ အတွေ့ရအများဆုံး အကြောင်းပြချက်တွေကတော့ လက်ထပ်ရန်အဆင်သင့်မဖြစ်သေးခြင်း၊ လက်မထပ်ခင် ကလေးမွေးလာမည်ဆိုပါက ပတ်ဝန်းကျင်၏ ဝေဖန်ထိုးနှက်မှုများကို မခံနိုင်ခြင်း၊ ချစ်သူရည်းစားနှင့် ကွဲသွားပြီးခါမှကိုယ်ဝန်ရ ရှိသည်ကို သိလိုက်ခြင်း၊ ကာယကံရှင်အမျိုးသားကတာဝန်ယူရန် ငြင်းဆန်ခြင်းနှင့် လက်ထပ်ထားသည့်တိုင် စီးပွားရေး အဆင်မပြေသေးခြင်းတို့ဖြစ်ပါသည်။

လူ့အခွင့်အရေးလား၊ လူသတ်မှုလား

နိုဝင်ဘာလအတွင်း မော်ကွန်းမဂ္ဂဇင်းက ရန်ကုန်မြို့တွင်လူငယ်အယောက် ၁ဝဝ ကျော်ကို စစ်တမ်းကောက်ခဲ့ရာမှာဖြေဆိုသူ တစ်ဝက်နီးပါးလောက်က သူတို့ပတ်ဝန်းကျင်တွင်အကြောင်းအမျိုးမျိုးဖြင့် ကိုယ်ဝန်ဖျက်ချသူများကို တွေ့ မြင်ကြားသိနေရသည် ဟုဆိုပါသည်။ထိုသို့ကိုယ်ဝန်ဖျက်ချခြင်းနှင့်ပတ်သက်ပြီး လူငယ်များအကြား လက်ခံသူများရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိနေပါသည်။ စစ်တမ်းဖြေဆိုသူများအနက် လူငယ် ၅၅ ရာခိုင်နှုန်းကကိုယ်ဝန်ဖျက်ချခြင်းကို လက်မခံကြပါ။ လက်ခံကြသည့် ၄၅ရာခိုင်နှုန်းထဲတွင် ၇ ရာခိုင်နှုန်းကသာ ခြွင်းချက်မရှိ လက်ခံပြီးကျန် ၃၈ ရာခိုင်နှုန်းကတော့ အခြေအနေပေါ် မူတည်ပြီး လက်သင့်ခံသည်ဟုဆိုသည်။

ကိုယ်ဝန်ဖျက်ချခြင်းကို စီးပွားရေး၊ လူမှုရေးအခြေအနေများကြောင့် လက်ခံသူများရှိသကဲ့သို့ ကျန်းမာရေး၊ ဘာသာရေးရှုထောင့်မှကြည့်ပြီး ကန့်ကွက်ကြသည်များလည်းရှိပါသည်။၅၈ ရာခိုင်နှုန်းသော ဖြေဆိုသူများက ကိုယ်ဝန်ဖျက်ချခြင်းကို လူသတ်မှုကျူးလွန်ရာရောက်သည်ဟု ယူဆချိန်မှာ ၃၈ ရာခိုင်နှုန်းက လတ်တလောပြဿ      နာကို ဖြေရှင်းမှုအဖြစ် မြင်ကြသည်။သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်းကို သက်ဆိုင်ရာမိန်းကလေးရှင်၏ အခွင့်အရေးအဖြစ် ၅၄ ရာခိုင်နှုန်းသော စစ်တမ်းဖြေဆိုသူများက လက်ခံကြပါသည်။တစ်ဖက်တွင် လူ့ဘဝသို့ရောက်ရှိလာမည့် ကလေး၏လူ့အခွင့်အရေးကို ချိုးဖောက်ရာကျသည်ဟု ၈၇ ရာခိုင်နှုန်းကထင်မြင်ကြပါသည်။ စစ်တမ်းဖြေဆိုသူတစ်ဦးကတော့ ”လူဖြစ်ပြီးသား ပုဂ္ဂိုလ်၏ အခွင့်အရေးက (လူမဖြစ်သေးသူထက်) ပိုအရေးကြီးပါသည်”ဟု ဆိုသည်။

ကိုယ်ဝန်ဖျက်ချပေးသူများကို ရှုမြင်သည့်ပုံစံမှာလည်းအမျိုးမျိုးအကွဲကွဲပင်ရှိနေပါသည်။ ၃၈ ရာခိုင်နှုန်းသော စစ်တမ်းဖြေဆိုသူများက ကိုယ်ဝန်ဖျက်ချပေးသူကို သက်ဆိုင်ရာမိန်းကလေး၏ အခက်အခဲကို ကူညီဖြေရှင်းပေးသူဟု မြင်သော်လည်း၅၆ ရာခိုင်နှုန်းကတော့ လူသတ်မှုကျူးလွန်သူဟု ယူဆသည်။

ကိုယ်ဝန်ရရှိအောင်နေထိုင်ခဲ့ပြီး ဖျက်ချရန်တိုက်တွန်းပြောဆိုသူကိုမူ ၆၁ ရာခိုင်နှုန်းက တာဝန်မယူရဲသူဟု ဝေဖန်သည်ကို တွေ့ရ သည်။အချို့လူငယ်များကတော့ မလိုချင်သည့်ကိုယ်ဝန်ကို ဖျက်ချရသည်ကိုပင် လုပ်ရိုးလုပ်စဉ်အဖြစ် သဘောထားကြကြောင်းသူကိုယ်တိုင်ကလည်း သူ့ချစ်သူကို ကိုယ်ဝန် နှစ်ကြိမ်ဖျက်ချခိုင်းခဲ့ဖူးသည့် အသက် ၂ဝ အရွယ် ကိုခင်မောင်ကဆိုသည်။”ဒီလိုကလေးဖျက်တယ်ဆိုတာ ဒီခေတ်ကြီးမှာ အဆန်းတော့ မဟုတ်တော့သလိုဖြစ်နေပြီ။ ကြားဖူးတယ်။

‘ဒီကောင်ကဘယ်နှယောက်သတ်ပြီးပြီ။ ငါလူသတ်ရတော့မယ်’ ဒီလိုတွေကလူငယ်အသိုင်းအဝိုင်းထဲမှာ တော်တော်လေးကိုပြောနေကြတာ”ဟု သူကဆိုသည်။စင်စစ်တွင် ကိုယ်ဝန်ဖျက်ချသူများမှာ စီးပွားရေးပြည့်စုံခြင်း၊ မပြည့်စုံခြင်းနှင့်မဆိုင်ဘဲ အလွှာပေါင်းစုံမှ ဖျက်ချနေခြင်းဖြစ်သည်ဟု အငြိမ်းစားဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာတင်ညိုညိုလတ်က ဆိုပါသည်။ အဓိကအားဖြင့် ရရှိလာသောကိုယ်ဝန်အပေါ် လိုချင်မှု၊ မလိုချင်မှုနှင့်သာ ဆိုင်သည်ဟု သူကဆိုသည်။

”ကိုယ်ဝန်ဖျက်ချတဲ့သူကိုကြည့်မယ်ဆိုရင် အလွှာပေါင်းစုံတော့ဖျက်ကြတယ်။ ဆရာဝန်တွေရော ဖျက်တာ တွေခဲ့ဖူးတယ်။ပညာတတ်တဲ့သူတွေရော၊ မတတ်တဲ့သူတွေရော၊ ငွေကြေးပြည့်စုံတဲ့သူတွေရော၊ မပြည့်စုံတဲ့သူတွေရော အစုံပေါ့”ဟု ဒေါက်တာတင်ညိုညိုလတ်က ရှင်းပြပါသည်။

”အဲဒီတော့ ဘယ်ပေါ်မှာမူတည်လဲဆိုတော့ ကိုယ်ဝန်ကိုမလိုချင်တဲ့အပေါ်မှာပဲ မူတည်တယ်။ ပြည့်စုံတာတွေ၊ မပြည့်စုံတာတွေနဲ့တော့မဆိုင်ဘူး။ မလိုချင်ရင်ဖျက်တာပဲ”မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ကိုယ်ဝန်ဖျက်ချခြင်းကိုနှာခေါင်းရှုံ့ကြသကဲ့သို့ လက်ရှိတည်ဆဲဥပဒေအရလည်း ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ တားမြစ်ထားပါသည်။ ပြစ်မှုဆိုင်ရာဥပဒေ ရာဇသတ်ကြီးပုဒ်မ ၃၁၂ တွင် မည်သူမဆို မိခင်၏ကျန်းမာရေးအရ (ကိုယ်ဝန်ဖျက်မချလျှင် အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေတွင်) သက်ဆိုင်ရာဆေးပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖျက်ချခွင့်ပြုထားသော်လည်း ရရှိလာသောကိုယ်ဝန်ကို အခြားကိစ္စကြောင့် မလိုချင်၍ ဖျက်ချမည်ဆိုပါက ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ကျနိုင်သည်ဟု ဆိုထားသည်။

ထောင်ဒဏ်သုံးနှစ်ဆိုသည်မှာလည်း သန္ဓေသား မလှုပ်ရှားသေးသော လနုချိန်တွင် ဖျက်ချမှုအတွက် ချမှတ်ထားသော

ပြစ်ဒဏ်ဖြစ်ပြီး သန္ဓေသားအသက်ဝင်လှုပ်ရှားသော လရင့်ချိန်တွင် ဖျက်ချပါက ထောင်ဒဏ်ခုနစ်နှစ်အထိ ထောင်ဒဏ်သတ်မှတ်ထားကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ရှင်းပြသည်။တရားမဝင်ဖျက်ချနေသော ဆေးခန်းနှင့် အရပ်လက်သည်များကိုလည်း ဥပဒေအရတားမြစ်ထားကြောင်း ဦးခင်ဇော်ကရှင်းပြပါသည်။

”တရားမဝင်ဖျက်ချနေတဲ့ဆေးခန်းတွေ၊ အရပ်လက်သည်တွေ ဒါတွေကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတယ်။ပုဒ်မ ၃ဝ၄-က မှာ အရမ်း(သို့မဟုတ်)ပေါ့လျော့စွာပြုလုပ်လို့လူ့အသက်ကိုသေစေရင် ထောင်ဒဏ် ခုနစ်နှစ်ပြဋ္ဌာန်းထားတယ်။အဲဒီလိုလုပ်လို့သေမယ်ဆိုတာကို သိရက်နဲ့ လုပ်ရင် ထောင်ဒဏ်ဆယ်နှစ်အထိ သတ်မှတ်ထားတယ်”ဟု သူက ဆိုသည်။ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရတားမြစ်ရသည်မှာအမျိုးသမီးများ၏ အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဦးခင်ဇော်က ဆိုသည်။မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရတားမြစ်ထားသော်လည်းကိုယ်ဝန်ဖျက်ပေးသူများနှင့် နားလည်မှု ယူကာ တရားမဝင်ကိုယ်ဝန်ဖျက်ချနေသူများ ရှိပါသည်။တရားမဝင်ဖျက်ချရသည့်အတွက် လူအသိမခံချင်သောကြောင့် အရပ်လက်သည်များကို အားကိုးကာ တိုးတိုးတိတ်တိတ်ဖျက်ချကြသည်များလည်းရှိပါသည်။

ထိုအခြေအနေတွင် ကျန်းမာရေးအရ ဘေးကင်းလုံခြုံမှု အားနည်းသောကြောင့် ဖျက်ချလိုက်သော သန္ဓေသားနောက်သို့မိခင်၏အသက်ပါ လိုက်ပါသွားရသည်များလည်း ရှိပါသည်။အချို့သော ကိုယ်ဝန်ဖျက်ချသူများက ကြားဖူးနားဝ၊ ဟိုလူညွှန်း၊ ဒီလူညွှန်းသော တွေ့ရာဆေးဝါးများကို သောက်ပြီး ဖျက်ချနေကြသည်များလည်းရှိသည်။ အရပ်လက်သည်နှင့် ဖြစ်သလိုဖျက်ချရာမှ မနိုင်တော့သောကြောင့် ဆေးရုံသို့ အရေးပေါ် ပြေးလာကြရသည်များလည်း ရှိပါသည်။ ကံအားလျော်စွာ အချိန်မီရောက်ကျသူများရှိသကဲ့သို့ အခါနှောင်းကြရသူများလည်း ရှိပါသည်။

အိဖြူဆိုလျှင် ဆေးရုံကို အချိန်မီရောက်သွားသောကြောင့်သာ သေဘေးမှ ပွတ်ကာသီကာ လွတ်လာခဲ့ခြင်းဖြစ်သည်။ငါးလရှိနေပြီဖြစ်သည့် ကိုယ်ဝန်ကို ဖျက်ချဖို့ သူ့ချစ်သူပေးသော အင်္ဂလိပ်ဆေးတစ်လုံးကို အိဖြူသောက်သည်။ ထိုဆေးသည် လနုချိန်တွင် သောက်ရမည့်ဆေးဖြစ်သောကြောင့် ချက်ချင်း အာနိသင်မပြ။ သို့နှင့် ထိုနေ့မှာပင် ယင်းဆေးကို မြန်မာဆေးတစ်မျိုးနှင့် တွဲသောက်လိုက်သည်။

”နောက်နေ့လည်းကျရော မခံစားနိုင်တော့ဘူး။ တော်တော်အောင့်တယ်။ ညဘက်ကြီး တော်တော်ကို အောင့်တာ၊အောင့်တာ။ သေတောင် သေသွားမလား ထင်ရတယ်”ဟု ထိုစဉ်က အခံရခက်ခဲ့ပုံကို အိဖြူက ပြောပြသည်။”သူ့(ချစ်သူ)ဆီဖုန်းဆက်တယ်။ အဲဒါနဲ့ သူ့သူငယ်ချင်းတွေက ဆေးရုံကို တင်တယ်။ အဲဒီထက်နည်းနည်းသာ နောက်ကျသွားရင် ညီမပါသေနိုင်တယ်လို့ ဆရာဝန်ကပြောတယ်”

      အပိုင်း(၂)သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here