Home ဓာတ်ပုံရသ AA၀င်တိုက်ခဲ့သည့် ကင်းစခန်းများသို့သွားရောက်လေ့လာခြင်း

AA၀င်တိုက်ခဲ့သည့် ကင်းစခန်းများသို့သွားရောက်လေ့လာခြင်း

495
0
Photo-Kaung Htet San
Advertise Here

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Postcard ဖြစ်ပါသည်။

ကောင်းထက်စံ ရေးသည်။

 

Advertise Here

၂၀၁၉ ဇန်န၀ါရီ ၄ ရက်၊ နံနက် စောစော ဖေ့စ်ဘွတ်ခ်မှနေ၍ သတင်းတစ်ပုဒ် တက်လာသည်။ ရက္ခိုင့်တပ်မတော် (AA) က ဘူး သီးတောင်မြို့နယ်ရှိ နယ်ခြား စောင့် ရဲကင်းများကို ၀င်ရောက် တိုက်ခိုက်သည့် သတင်းဖြစ်သည်။

အစိုးရမီဒီယာစာမျက်နှာဖြစ်သည့် MOI Webportal Myanmar ကလည်း “ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်း ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ ၀င် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ” ဟု နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ကြေညာခဲ့သည်။

ရက္ခိုင့်တပ်မတော် (AA) ဘက်မှလည်း သူတို့၏ လက်ချက်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ ကြေညာခဲ့သည်။ ထို့ နောက် သတင်းမီဒီယာအများစုတွင် ထိုသတင်းများ ဆက်လက် ၍ တက်လာခဲ့သည်။ တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲကင်းများထဲမှ ဂုပ်္ပီ နှင့် ခထီးလှစခန်းတို့သည် ခုခံနိုင်ခဲ့ပြီး ကျောင်းတောင်နှင့် ငမြင်းဘော်စခန်းတို့ ကျဆုံးခဲ့ရသည်။

 

၂၀၁၉ ဇန်န၀ါရီ  ၅

စနေနေ့အလုပ်ပိတ်ရက်ဖြစ်ပြီး မော်ကွန်းမဂ်္ဂဇင်း၏ ရုပ်သံ သတင်းထောက်ဖြစ်သူ ကျွန်တော် အိမ်၌ ရှိနေစဉ် သတင်း သမား မိတ်ဆွေတစ်ဦးက ဖုန်းဆက်၍ အသိပေးလာသည်။ တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က သတင်းသမားများထံ လိုက်လံဆက်သွယ်နေသည့် သတင်း ဖြစ်သည်။ အကြောင်းရင်း အသေးစိတ်မသိရသေးသော်လည်း ရခိုင်ကိစ်္စဖြစ်ရန် ရာခိုင်နှုန်းများနေသည်ကို ခန့်မှန်းမိကြသည်။

ထို့နောက် အဆိုပါ တပ်မတော်အရာရှိထံ ဖုန်းဆက်ရာ နေ့ လယ် ၁ နာရီလေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ချက်ချင်းထွက် မည်ဖြစ်ပြီး တိုက်ခိုက်မှုများဖြစ်ပွားရာ နေရာများသို့ လိုက်လံပို့ ဆောင်ပေးမည့် အစီအစဉ်ဖြစ်ကြောင်း သူကပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်သစ်များနှင့် တပ် မတော်ကာကွယ်ရေးဦးစီချုပ်တို့ မကြာသေးခင်အချိန်က တွေ့ဆုံ ခဲ့ရာတွင် တပ်မတော်သတင်းများနှင့်ပတ်သက်၍ သတင်းသမား များသတင်းရယူရန် ခက်ခဲမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး နောက် တပ်မတော်ဘက်မှ ချက်ချင်းဆိုသလို သတင်းမီဒီယာများ ဆက်သွယ်ရန် တပ်အရာရှိများစာရင်းကို ထုတ်ပြန်ပေးခဲ့သည်။

ထိုအခြေအနေများနောက်တွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သည် သတင်းသမားများနှင့် ဆက်သွယ်ရန်ဖြစ်လာခဲ့သည်။ ရခိုင်ကိစ်္စနှင့်ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ရာတွင် စကားပြော သည့်ပုံစံမှာ လေးစားမှုရှိသည့်အသွင်ကိုဆောင်ပြီး မာထန်သည့် အထက်စီးပုံစံမျိုး မတွေ့ရပေ။

ဘူးသီးတောင်ဒေသသို့ လိုက်ပါနိုင်ရန် သတင်းသမား ၁၇ ဦးခန့်ကိုသာ တပ်မတော်ဘက်မှ ခွင့်ပြုထားပြီး လူပြည့်နေပြီ ဖြစ် ကြောင်း သူကပြောဆိုခဲ့သည်။ သို့သော်လည်း အဆင်ပြေအောင် စီစဉ်ပေးမည်ဟုဆိုသည်။ ထို့နောက် နေ့လယ် ၁၂ နာရီခန့်တွင် ပြန်လည်ဆက်သွယ်လာပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ချက်ချင်းအမီသွားရန် ပြောသည်။

တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းတစ်ခုဖြစ်သည့် ဂုပ္ပီကင်းစခန်း
Photo-Kaung Htet San
တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းတစ်ခုဖြစ်သည့် ဂုပ္ပီကင်းစခန်း

လိုက်ပါကြမည့် မီဒီယာများနှင့် အခြားသူများ

ကျွန်တော်လည်း မင်္ဂလာဒုံလေတပ်စခန်းသို့ ရောက်ရှိခဲ့ပြီး တပ်မတော်အထူးလေယာဉ်ဖြင့် စစ်တွေမြို့ကို သွားရောက်ရ မည်ဟု အကြမ်းဖျင်းသာ သိရှိခဲ့သည်။ လေယာဉ်ထွက်ချိန်သည် ၁ နာရီခွဲဟု သိထားရသော်လည်း ချက်ချင်းဆိုသလို စီစဉ်မှု ကြောင့် အမီမလာရောက် နိုင်သော သတင်းသမားများကို စောင့် ရသည်။ လေယာဉ်ပေါ်သို့ ၁ နာရီခွဲ ၂ နာရီနီးပါးခန့်တွင် တက် ရောက်ခဲ့ပြီး တပ်မတော်အထူးလေယာဉ်ဖြင့် စစ်တွေသို့ ထွက်ခွာ ခဲ့သည်။ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းများလည်းပါရှိကာ စစ်တွေလေဆိပ်သို့ တစ်နာရီကျော်ကြာ စီးနင်းခဲ့ရသည်။

စံတော်ချိန်၊ မြန်မာတိုင်းမ်၊ အစိုးရသတင်းစာများ၊ MNTV ၊ဒီမိုကရေစီတူဒေး၊ 7DAY ၊ Eleven ၊ Asia Heart News ၊Sky Net  ၊ ဧရာဝတီ၊ မြ၀တီ၊ Mizzima TV ၊ မြန်မာ့ အသံ စသည့် ဌာနများမှ သတင်းထောက်များ၊ ၀န်ထမ်းများ လိုက်ပါလာကြသည်။

ထို့အပြင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှု ဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးသိန်းထွန်းဦးတို့ လည်း ပါဝင်ခဲ့သည်။ ဒေါက်တာနိုင်ဆွေဦးသည် တပ်မတော်ဆေး တက်္ကသိုလ်ဆင်းဖြစ်ပြီး အဆိုပါအဖွဲ့သည် သေနင်္ဂလက်နက်နှင့်  နိုင်ငံတကာစစ်မှုရေးရာမဂ်္ဂဇင်းကိုလည်း လစဉ်ထုတ်ဝေနေသည်။

ဘူးသီးတောင်ခရီးစဉ်မှ ပြန်လာပြီးနောက် ဇန်န၀ါရီ ၁၂ ရက်တွင် ““AA သောင်းကျန်းသူအဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံရသော ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းများအား လေ့လာခြင်းခရီးစဉ် သုံးသပ်ချက်” ဟူသည့် အပိုဒ်ရေ ၃၀ ပါရှိသော သုံးသပ်ချက်ကို သေနင်္ဂမဟာ ဗျူဟာလေ့လာရေးအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ၀က်ဘ်ဆိုက် တို့တွင် ဖော်ပြခဲ့သည်။

စစ်တွေလေဆိပ်သို့ရောက်ရှိချိန်တွင် လေဆိပ်အတွင်း တပ်မတော်ရဟတ်ယာဉ်တစ်စီးရပ်ထားသည်ကို တွေ့ရသည်။ သတင်းသမား အများစုပါဝင်သော အဖွဲ့ကို လေဆိပ် VIP ခန်းသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် နာရီဝက်ခန့်အကြာတွင် ချက်ချင်း ဘူးသီးတောင်သို့ ခရီးဆက်ရမည်ဖြစ်သည်ဆိုသောကြောင့် ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင်သို့ ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ ကျော်ခန့်တွင် ဘူးသီးတောင်မြို့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ ရောက်ရှိခဲ့သည်။

အဆိုပါရဟတ်ယာဉ်ပေါ်သို့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးညီညီမင်းလည်း စစ်တွေမြို့မှ လိုက်ပါလာခဲ့သည်။

လက်နက်ကြီးပေါက်ကွဲရာမှ ထိမှန်သူ ကထီးလှရဲကင်းမှ ရဲဒုကြပ်တပ် ကျော်ဝင်း
Photo-Kaung Htet San
လက်နက်ကြီးပေါက်ကွဲရာမှ ထိမှန်သူ ကထီးလှရဲကင်းမှ ရဲဒုကြပ်တပ် ကျော်ဝင်း

တိုက်ခိုက်ရေးရဟတ်ယာဉ်များအားမှတ်တမ်းမတင်ရန်သတိပေး

ရဟတ်ယာဉ်ကွင်းမှနေ၍ အနားယူမည့်နေရာသို့ ပို့ဆောင် ရာလမ်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်အချို့ကို တွေ့ရပြီး သတင်းသမားအချို့က ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

တပ်အတွင်းရှိ ဧည့်ဂေဟာသို့အရောက်တွင် အဆိုပါတပ်မှ အရာရှိများက တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များဖြစ်သဖြင့် သတင်းတွင် ဖော်ပြခြင်းမပြုရန် ပြောကြသည်။ ထို့နောက် တပ်မ တော်သားများအပါအ၀င် ရန်ကုန်မြို့မှလိုက်ပါခဲ့သည့် တပ်မ တော်သတင်းဌာနဖြစ်သည့် မြ၀တီမှ ဗိုလ်မှူးဆိုသူက မိတ်ဆက် သောကြောင့် ယခုအစီအစဉ်ကို သူကိုယ်တိုင်ဦးဆောင်ခြင်းဖြစ်သည်ကို သိရှိရသည်။

ခရီးရောက်မဆိုက် ၎င်းင်းဗိုလ်မှူးက ““ဒီနေ့လာတဲ့ သတင်း သမားတွေကို ကျွန်တော်တို့ ဩန်မှူးက မှာလိုက်ပါတယ်။ ဒီ ကိစ်္စဟာ တပ်မတော်နဲ့ အစိုးရကို နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်ဆိုတာလေးကို ပါအောင်ထည့်ရေးပေးစေလိုပါတယ်””ဟု ဆိုသည်။  

ထို့နောက် အဆိုပါစကားအား မည်သည့်ပုဂ္ဂိုလ်က ပြော သည်ကို သတင်းထောက်တချို့က ဆက်လက်မေးမြန်းပြီး တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးဩန် ကြားရေးမှူးက ပြောကြားခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ထို့နောက် ဘူးသီးတောင်တွင် သတင်းသမားများ နေထိုင် ရန် အဆိုပါတပ်အတွင်းမှာပင် စီစဉ်ပေးခဲ့ပြီး ဩန်ကြားချက် တစ်ခုကြောင့် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် မောင်တောဆေးရုံ သို့ သွားရောက်ပြီး မနေ့က တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို သတင်းယူပေးရန်ဟုဆိုကာ တပ်မတော်ယာဉ် များဖြင့် မောင်တောမြို့သို့ ထွက်ခွာခဲ့ရသည်။ လုံခြုံရေးအဖြစ် ပါလာသည့် တပ်မတော်သားအနည်းငယ်သာ တွေ့ရှိရပြီး လမ်းခု လတ်တွင် ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိ ယာဉ်တန်းနှင့်တွေ့ဆုံကာ လုံခြုံရေးအဖြစ် တပ်မတော်သားများကို ထပ်မံထည့်ပေးလိုက်သည်။

ညအမှောင်ထဲတွင် မိမိတို့ကားများမှအပ အခြားမည်သူ့ကို မျှ မတွေ့ရဘဲ အအေးဓာတ်သည်လည်း ပိုလာသည်။ ယမန်နေ့က ပစ်ခတ်မှုများဖြစ်ထားသည့်နေရာများဖြစ်မည်လောဟူသည့် စိတ်သည်လည်း ရှိနေပြီး အပြင်ဘက်မှ မည်းမှောင်နေသော တောတောင်များဆီသို့ အလွတ်မပေးဘဲ ကြည့်မိနေသည်။ တစ်ခါတစ်ရံတွင် ကင်းတဲများဆီမှ ဓာတ်မီးရောင်လှမ်းပြပြီး အချက်ပေးသည်ကိုလည်း တွေ့ရှိရသည်။ လမ်းပေါ်ရှိ ရဲကင်းများ ကိုလည်း ဖြတ်သန်းရပြီး ကျန်သည့်အချိန်တွင် ထိုလမ်းမပေါ်တွင် မိမိတို့ကားများသာ ရှိသည်။

ဒဏ်ရာရရှိသည့် ခထီးလှ ရဲကင်းစခန်းမှ ဒုတပ်ကြပ် ကျော်ကျော်စန်း
Photo-Kaung Htet San
ဒဏ်ရာရရှိသည့် ခထီးလှ ရဲကင်းစခန်းမှ ဒုတပ်ကြပ် ကျော်ကျော်စန်း

ခန့်မှန်းချက်အရ ဘူးသီးတောင်မှ မောင်တောသို့ သွား ရောက်သည့် ကြာချိန်သည် တစ်နာရီကျော်ကြာမြင့်ကာ လမ်း တစ်လျှောက် အကွေ့အကောက်များဖြင့် မှောင်မည်းနေသည်။ မောင်တောဆေးရုံသို့ရောက်သည့်အခါ အသင့်စောင့်ဆိုင်းနေ သည့် ရဲများ၊ ဆေးရုံတာဝန်ရှိသူများက ကြိုဆိုပြီး လူနာများဆီသို့ ခေါ်ဆောင်သွားသည်။

မောင်တောဆေးရုံအုပ် ဒေါက်တာကျော်မောင်မောင်သိန်း ၏ ပြောကြားချက်အရ မောင်တောခရိုင်ဆေးရုံသည် ခုတင် ၅၀ ဆံ့ ဆေးရုံ ဖြစ်သည်။ လျှပ်စစ်မီးများ ထွန်းထားသော်လည်း ဆေးရုံအတွင်းသည် မှိန်ပျပျ အနေအထားသာရှိသည်။

ထို့နောက် ဒဏ်ရာရရှိသူ ရဲဒုတပ်ကြပ်ကျော်ဝင်းနှင့်တွေ့ဆုံပြီး အခြေအနေများကို ၎င်းင်းကပြောပြသည်။

““ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်အစောကြီးမှာ ကျွန်တော်တို့ ခထီးလှရဲကင်းစခန်းကို သောင်းကျန်းသူက ၀င်တိုက်ပါတယ်။ ပစ်ခတ်တဲ့အချိန်မှာတော့ ကျွန်တော်တို့က ကာကွယ်ပြီးတော့ ခုခံပြီး ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ AA သောင်းကျန်းသူတွေက ကျွန်တော်တို့ကို လက်နက်ကြီးတွေနဲ့ထုပါတယ်။ ထုတဲ့အချိန်မှာ ကျွန်တော် ဒီဘက် (ပက်လက်လှန် အနေအထားဖြင့် ညာဘက် ပခုံးသို့ ပြ) ကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ ကျွန်တော်တို့ လည်း ပြန်ပြီးတော့ ကာကွယ်ပစ်ခတ်နေပါတယ်။ ဘယ်လိုမှ မရပါဘူး။ သူတို့က အင်အားတွေက များပါတယ်။ ၇၀၊ ၈၀ လောက်ရှိပါတယ်။ သူတို့ကပြောပါတယ် အဖမ်းခံပါတဲ့၊ အဖမ်း မခံဘူးဆိုရင် အကုန်သတ်ပစ်မယ်လို့ လာပြီးပြောပါတယ်””

ခထီးလှရဲကင်းစခန်းတိုက်ခိုက်မှုသည် နံနက် ၆ နာရီခန့်မှ ၉ နာရီခွဲခန့်အထိကြာမြင့်ခဲ့ပြီး တပ်သားနှစ်ဦး ကျဆုံးသွား ကြောင်းနှင့် ရဲဒုတပ်ကြပ်ကျော်ဝင်းအပါအ၀င် နှစ်ဦး ဒဏ်ရာ ရရှိ ကြောင်း၊ AA ဘက်မှ ကျဆုံးမှု မတွေ့ရှိရကြောင်း သူက ပြောသည်။

နောက်ထပ် ရခိုင်တိုင်းရင်းသားရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြော ကြားချက်အရ တပ်မတော်စစ်ကြောင်းသည် နံနက် ၉ နာရီခွဲ ၀န်းကျင်အချိန် ရောက်ရှိလာခဲ့ပြီး လေယာဉ်များသည်လည်း အဆိုပါအချိန်ဝန်းကျင်တွင် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

ခထီးလှ ရဲကင်းစခန်း
Photo-Kaung Htet San
ခထီးလှ ရဲကင်းစခန်း

ခထီးလှရဲကင်းမှ ရင်ဘတ်ကျည်ဆန် ဒဏ်ရာနှင့် ခြေ ထောက် ကျည်ဆန်ဒဏ်ရာရရှိသူ ရခိုင်တိုင်းရင်းသား ရဲတပ်သား ညီညီထွန်းကပြောပြသည်မှာ သတင်းကြိုတင်ရထားမှုများရှိ သောကြောင့် ပိုမိုဂရုစိုက်ခဲ့ကြောင်းနှင့် နံနက် ၆ နာရီခန့်တွင် ခွေးဟောင်သဖြင့် ထွက်ကြည့်ရာမှ AA တပ်ဖွဲ့ဝင်များကို တွေ့ ရှိပြီး ပစ်ခတ်မှု စတင်ဖြစ်ရသည်ဟုဆိုသည်။

ထိုအချိန်မှ စတင်၍ ပစ်ခတ်ရာ ကိုးနာရီအချိန်ခန့်တွင် ရဲ ကင်းမှ တပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးသွားခဲ့သလို ဒဏ်ရာရှိ သူများလည်း ရှိနေသည်။ ထို့နောက် AA ဘက်မှ လက်နက်ချရန် လှမ်းအော်ပြောဆိုခဲ့သည်ဟု ၎င်းင်းက ဆိုသည်။

““ကျွန်တော်တို့ဆီက လက်နက်မချပါဘူး ရှိတဲ့အင်အား လေးနဲ့ပဲ ခုခံရတာပါ။ ဒီလို ကိုယ့်တိုင်းရင်းသားလူမျိုးအချင်းချင်း အငြိုးတရားတွေနဲ့ ဖြစ်တာမကောင်းပါဘူးလေ။ ဒီလိုမျိုးတွေကို မဖြစ်စေဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အကောင်း ဆုံး ဖြစ်အောင် စဉ်းစားပေးစေချင်ပါတယ်””ဟုအဆိုပါ ရဲတပ် သားက ခုတင်ကို မှီထားရင်း ဖြေကြားနေသည်။

ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးဦးညီညီမင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းတို့ ခထီးလှသို့ ထွက်ခွာမည့် ရဟတ်ယာဉ်သို့ သွားရောက်စဉ်
Photo-Kaung Htet San
ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးဦးညီညီမင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းတို့ ခထီးလှသို့ ထွက်ခွာမည့် ရဟတ်ယာဉ်သို့ သွားရောက်စဉ်

ရဲကင်းတွေရဲ့  အင်အား

သူကဆက်၍ ရဲကင်းစခန်းများတွင် လူအင်အား၊ လက် နက်အင်အား တိုးပေးပါက ပိုမိုကောင်းမည်ဟု ထင်ကြောင်း၊ ယခုပစ်ခတ်မှုဖြစ်စဉ်တွင် အသုံးပြုခဲ့ရသည့် လက်နက်များတွင် အသုံးပြုရန် မကောင်းတော့သည့် လက်နက်များလည်း ပါဝင် ကြောင်း ပြောသည်။

““ကျွန်တော်တို့ ခုပစ်ခဲ့တာ မကောင်းတဲ့လက်နက်တွေ လည်း ပါပါတယ်။ လူကလည်း ၁၃ ယောက်ပဲ ရှိတယ်””ဟု ဆိုသည်။

မော်ကွန်းသတင်းဌာနအနေဖြင့် ရခိုင်ပြည်နယ် အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးအား ရဲကင်း စခန်းများရှိ လူ၊ လက်နက်အင်အားများသည် ဒေသလုံခြုံရေး အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိ မေးမြန်းခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း ဖြေဆိုခဲ့ပြီး သီးသန့်အချိန်တွင် ရဲကင်းစခန်းများရှိ လူ အင်အားမည်မျှထားရှိသည်ကို ထပ်မံမေးမြန်းခဲ့ရာ ““မမေးပါနဲ့ ညီလေးရာ၊ ဒါတွေကိုလည်း ထည့်မရေးပါနဲ့””ဟုဖြေကြားခဲ့သည်။

ဒဏ်ရာရရှိသူ ဂုပ်္ပီရဲကင်းမှ ရဲဒုတပ်ကြပ်နေလင်းထိုက်က လည်း သူ၏စခန်းတွင် အင်အား ၁၉ ဦးရှိကြောင်း ပြောပြထားသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အစိုးရဘက်မှ ရဲတပ်ဖွဲ့ဝင် များ၊ အရပ်သားများနှင့် လ.၀.က၀န်ထမ်းများစုစုပေါင်း ၁၈ ဦးအား တိုက်ခိုက်မှုဖြစ်သည့်နေ့တွင်ပင်  ဖမ်းဆီးထားခဲ့ရာမှချက်ချင်း ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း AA ဘက်မှ ထုတ်ပြန်ခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးညီညီမင်းကလည်း အဆိုပါ ပြန်လည်လွှတ်ပေးလိုက်သူများ ပြန်လည်ရောက်ရှိလာ ပြီဖြစ်ကြောင်း ပြောသည်။  

မောင်တောခရိုင်ဆေးရုံတွင် ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် သတင်းမီဒီယာများအား တွေ့ဆုံစေခဲ့ပြီးနောက် ည ကိုးနာရီဝန်းကျင်တွင် ဘူးသီးတောင်မြို့ရှိ တည်းခိုရာနေရာသို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင်လည်း အလာလမ်းအတိုင်း မည်းမှောင်နေသောလမ်းကပင် ပြန်ခဲ့ကြပြီး လမ်းတစ်လျှောက် သည်လည်း ခြောက်ကပ်တိတ်ဆိတ်ကာ စိုးရိမ်စရာပင်။

အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုး
Photo-Kaung Htet San အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုး

၂၀၁၉ ဇန်န၀ါရီ ၆

နံနက် ၇ နာရီတွင် တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းများသို့ ရဟတ်ယာဉ်ဖြင့် သွားရမည်ဟုဆိုသဖြင့် သတင်းသမားများ စောင့်ဆိုင်းနေကြသည်။ အဆိုပါနေ့တွင် AA ၏ သတင်းပြန်ကြား ရေးစာမျက်နှာမှ ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်မှု များ ရှိနေကြောင်းနှင့် မိမိတို့ရှိရာဒေသများသို့ ပျံသန်းလာပါက လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဘူးသီးတောင်မြို့၏ ဆောင်းရာသီ နံနက်ခင်းသည် မြူများ ဆိုင်းနေသည်။ နံနက်စာစားပြီးအချိန်တွင် ရဲမှူးချုပ်မြင့်တိုးက သတင်းမီဒီယာများအား ရှင်းလင်းပြောကြားစရာများရှိသည် ဆိုသဖြင့် အင်တာဗျူးအစီအစဉ်ကို အဆိုပါတပ်အတွင်း ဧည့် ခန်းမတွင်ပြုလုပ်ကြသည်။ အဆိုပါအချိန်တွင် မြန်မာနိုင်ငံရဲတပ် ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းပါ ရှိနေခဲ့ပြီး ရဲမှူးချုပ်မြင့်တိုး၏ ခပ်လှမ်းလှမ်းမှ အင်တာဗျူးဖြေသည့်စကားများကို ၀င်ထောက် ပေးခဲ့သည်။

ရဲမှူးချုပ်မြင့်တိုးက ၎င်းင်းတို့ တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် နှစ်များက ARSA အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ARSA ကိုသာ အဓိကထား စောင့်ကြည့်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း AA တပ်ဖွဲ့ရှိသော်လည်း ARSA ကိုသာ ဦးတည် ထားသည်ဟုဆိုသည်။

““အဓိက ဦးတည်ထားတာ ARSA ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေကို မနှောင့်ယှက်နိုင်အောင် ပို ပြီး အဓိက တာဝန်ထားခဲ့မိတာဖြစ်ပါတယ်””ရဲမှူးချုပ်မြင့်တိုးကပြောသည်။

ရဲမှူးချုပ်မြင့်တိုးနှင့် တွေ့ဆုံမေးမြန်းပြီးသည်နောက် သတင်းသမားများ မိမိတို့သတင်းဌာနအသီးသီးသို့ သတင်းပို့ရန် ပြင်ဆင်ကြသည်။ ထိုအချိန်တွင် သတင်းထောက်တစ်ဦးက ဒုရဲချုပ် ၏ ရာထူး၊ အမည် အပြည့်အစုံကို အတည်ပြုရန် မေးမြန်းရာတွင် ရေးသားထားသော သတင်းအား ပြသခဲ့ပြီး အဆိုပါ အရာရှိများ က သတင်းအား အစအဆုံး ဖတ်ရှုပြီး ““ဒါ ကောင်းတယ်။ ဒါ မကောင်းဘူး””ဆိုကာ ပြင်ရန်၊ ဖြုတ်ရန် ပြောတော့သည်။

ခထီးလှကျေးရွာမှ မီးလောင်သွားသည့်နေအိမ်များ
Photo-Kaung Htet San
ခထီးလှကျေးရွာမှ မီးလောင်သွားသည့်နေအိမ်များ

တိုက်ခိုက်ခံရသော နေရာများဆီသို့

နံနက် ၇ နာရီခန့် ထွက်ခွာမည်ဟု မူလက ပြောဆိုထား သော်လည်း ရာသီဥတုနှင့် လုံခြုံရေးအနေအထားကြောင့်ဟုဆို ကာ နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး၏ အင်တာဗျူးဖြေကြား ခြင်း အစီအစဉ်ဖြင့် နံနက်ပိုင်းကို ဖြတ်ကျော်ကာ နေ့လယ်ပိုင်း တွင် ရဟတ်ယာဉ်ဖြင့် ခထီးလှကျေးရွာသို့ ထွက်ခွာကြသည်။ ရဲကင်းစခန်းတစ်ခုလျှင် သတင်းယူခွင့် အချိန် ၁၅ မိနစ် ရမည် ဖြစ်ပြီး မြန်မြန်သတင်းယူရန် ပြောကြားထားသည်။

ခထီးလှကျေးရွာသို့ရောက်သော် သတင်းသမား အများစု မှာ မီးလောင်သွားသည့် အိမ်များကို လိုက်လံမေးမြန်းကာ ရှာဖွေ တွေ့ရှိခဲ့သည်။ လက်နက်ကိုင်ထားသော ရဲတပ်ဖွဲ့၊ တပ်မတော် သားများနှင့် ကင်မရာများ ကိုင်ထားသော သတင်းသမားများကို  ကျေးရွာသူ၊ ကျေးရွာသားများက အကဲခတ်ကာ ကြည့်နေ ကြသည်။

အဆိုပါ ခထီးလှကျေးရွာတွင် တိုက်ခိုက်မှုဖြစ်ပွားသည့် နေ့က မီးလောင်ခဲ့ရသည့် အိမ်ခုနစ်လုံးရှိပြီး အဆိုပါအိမ်များ အတွင်း AA တပ်ဖွဲ့ဝင်များ ပုန်းအောင်းနေခြင်းကြောင့် တပ်မ တော်လေယာဉ်က ပစ်ခတ်သည်ဟု ရွာသားများက ပြောပြကြသည်။

““ဒီမှာက ကျွန်တော်တို့ တိုက်ပွဲဖြစ်တာကို စခန်းမှာ ဖြစ် တယ်လို့ ကြားတာနဲ့ စာသင်ကျောင်းကိုပြေးသွားပြီ။ မီးလောင် လို့ပြီးမှ ကျွန်တော်တို့ ပြန်ရောက်တယ်””ဟု အိမ်မီးလောင်ခဲ့ရသူ ဦးအောင်လှအောင်က ပြောသည်။

အဆိုပါနေ့က မေးမြန်းရာတွင် ထို့ကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ အတွက် မည်သည့်အဖွဲ့များကမျှ လာရောက်ကူညီပေးထားခြင်း မရှိဘဲ မိမိတို့ အိမ်နီးနားချင်းများထံတွင် ခိုလှုံနေရသည်ဟု ဆိုသည်။

““ရွာကခေါ်ပြီး ကျွေးထားတယ်။ နည်းနည်းပါးပါးပေါ့။ ဆန်နို့ဆီ တစ်ဘူးနိုင် နှစ်ဘူးနိုင်။ ကျွန်တော်တို့မှာက အိမ်က ပစ်္စည်းတွေ အကုန်ပါသွားတယ်။ စပါးပါတယ်။ ရွှေငွေတွေ ပါ တယ်။ အ၀တ်အထည်တွေ တစ်ခုမှ မရလိုက်ဘူး””ဟု ဦးအောင် လှအောင်က ဆိုသည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသော ဦးအောင်လှအောင်နောက်တွင် မီးလောင်ထားသော စပါးများ ထဲမှ ကောင်းသေးသည့်စပါးများကို မီးကျွမ်းထားသည့် သံ သေတ်္တာထဲသို့ ပြန်လည် ထည့်ထားသည်။ ထိုစပါးများတွင် မြေ ကြီးများနှင့် မီးအနည်းငယ်ကျွမ်းထားသော စပါးများပါ ရောနေ သည်။ ဘေးတွင်လည်း မီးကျွမ်းထားသော အိမ်မိုးသွပ်များကို စုပုံ ထားသည်။ ဆုံးရှုံးမှု သိန်းခုနစ်ဆယ်ခန့်ရှိသည်ဟု ဦးအောင်လှ အောင်က ပြောသည်။

ရဲကင်းသို့ လာရောက်တိုက်ခိုက်ခဲ့သည့် AA အဖွဲ့က ရွာ သားများအပေါ် တစ်စုံတစ်ရာထိခိုက်အောင် ပြုလုပ်ခြင်းများ မရှိကြောင်း ရွာသားအချို့က ပြောသည်။

မီးလောင်ခဲ့ရသည့် နောက်ထပ်အိမ်ပိုင်ရှင်တစ်ယောက်က““အခုလိုမျိုး အမြဲတမ်း ဆူပူသောင်းကျန်းနေရင် ကျွန်တော်တို့မှာ လုပ်ကိုင်စားသောက်စရာလည်း တောကို၊ တောင်ကို မသွားရဘူး ဆိုရင်၊ ကျွန်တော်တို့မှာ တောကို တောင်ကို သွားပြီးမှ စားရတဲ့ အချိန်၊ အခုက တောကိုလည်း မသွားရဘူးဆိုတော့ ကျွန်တော် တို့မှာ အများကြီး အခက်အခဲဖြစ်သွားပြီ။ နောက်ထပ် ဒီလိုမဖြစ် ပါစေနဲ့လို့ တောင်းဆိုချင်ပါတယ်ဗျာ””ဟု ပြောသည်။

ခထီးလှရွာတွင် ဆိုလာလျှပ်စစ်မီးတိုင်များကို တွေ့ရပြီး ဖုန်းလိုင်းများ မမိပေ။ ရခိုင်၊ သက်၊ ခမီ၊ ဒိုင်းနက် လူမျိုးများ နေ ထိုင်ကြကြောင်း ရွာသားအချို့က ပြောသည်။ သတင်းထောက် များ မေးသည်ကို ပြန်လည်ဖြေကြားသော်လည်း ရေမြေ၊ ဒေသ၊ စကားမတူညီမှုကြောင့် အချို့အဖြေများကို နားမလည်သည် များလည်းရှိသည်။

သတင်းသမားများ မေး၍မပြီးခင်အချိန်မှာပင် ဒုရဲချုပ်နှင့် အဖွဲ့က ရဲကင်းမှပြန်ထွက်ပြီး ရဟတ်ယာဉ်ပေါ်သို့ တက်သွားကြ သည်။ ကျန်ရှိသည့် သတင်းသမားများက ရဟတ်ယာဉ်ပေါ်သို့  ပြန်မလာသေးဘဲ ရဲကင်းသို့ သွားရောက်ကာ ဓာတ်ပုံ၊ ရုပ်သံ မှတ်တမ်းများ ယူကြသည်။ ရဟတ်ယာဉ်စက်နှိုးပြီး ထွက်ရန် အသင့်ဖြစ်သော်လည်း သတင်းသမား သုံးဦးခန့် ကျန်နေသေး သည်။ ထို သုံးဦးပြန်တက်လာချိန်တွင် နောက်တစ်နေရာအတွက် ၁၅ မိနစ်သာ ရမည်ဖြစ်ပြီး ထပ်မစောင့်နိုင်ကြောင်း ပြောခဲ့သည်။

ထို့နောက် ဂုပ်္ပီရဲကင်းစခန်းကို ဆက်လက်ထွက်ခွာခဲ့ကြသည်။

ခထီးလှရဲကင်းနှင့် ဂုပ်္ပီရဲကင်းစခန်းတို့၏ အနေအထားမှာ ကွာခြားမှု သိပ်မရှိလှပေ။ ခထီးလှရဲကင်းသည် ပေ ၂၀ ခန့်မြင့် သော ကမူပေါ်တွင် တည်ရှိပြီး ၀ါးချွန်တပ်စည်းရိုးများဖြင့် ကာရံ ထားသည်။ ဂုပ်္ပီရဲကင်းသည်လည်း ကွင်းပြင်ထဲတွင်တည်ရှိပြီး အပေါ်တွင် အဆောက်အအုံ သုံးလုံးခန့်နှင့် ကင်းစင်တို့အား ထင် ရှားစွာမြင်တွေ့ရသည်။ ၀ါးချွန်တပ်စည်းရိုးများဖြင့် ပတ်ပတ်လည် ကာရံထားသည်။ အဆိုပါရဲကင်းများတွင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုအချို့လည်း နေထိုင်လျက်ရှိသည်။

တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းလေးခုအနက် ခထီးလှ နှင့်ဂုပ်္ပီစခန်းတို့ကိုသာ လိုက်လံပို့ဆောင်နိုင်ပြီး ကျန်ရှိသည့် ကျောင်းတောင်နှင့် ငမြင်းဘော်စခန်းတို့အား လုံခြုံရေးအခြေ အနေအရ အာမမခံနိုင်ခြင်းနှင့် ရဟတ်ယာဉ်ဆင်းသက်ရန် အဆင်မပြေခြင်းတို့ကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ပေ။ အဆိုပါအခြေအနေများကို ရဲတပ်ဖွဲ့မှ ကြိုတင်ရှင်းပြခဲ့ပြီး သတင်း သမားများကလည်း အ်္တရာယ်ကင်းသည့်နေရာများကိုသာ လိုက်လံပို့ဆောင်ရန် သဘောတူညီခဲ့ကြသည်။

ခထီးလှသို့ရောက်ရှိသည့် သတင်းသမားများနှင့် တာဝန်ရှိသူများအဖွဲ့
Photo-Kaung Htet San
ခထီးလှသို့ရောက်ရှိသည့် သတင်းသမားများနှင့် တာဝန်ရှိသူများအဖွဲ့

ဘူးသီးတောင်မှ ပြန်ပြီ

ဂုပ်္ပီရဲကင်းမှ ပြန်လည်ထွက်ခွာမည့်အချိန်တွင် ရဟတ် ယာဉ် စက်ချို့ယွင်းသဖြင့် နာရီဝက်ခန့် စောင့်ဆိုင်းခဲ့ရပြီး နေ့ လယ် နှစ်နာရီခန့်တွင် စစ်တွေလေဆိပ်သို့ ပြန်လည် ထွက်ခွာလာ ခဲ့ကြသည်။

စစ်တွေလေဆိပ်သို့ ရောက်ရှိချိန်တွင် သတင်းသမားအား VIP ခန်းမတွင် အနားယူစေသည်။ ထို့နောက် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးနှင့် တပ်မတော်သားအချို့ တွေ့ရှိရပြီး မိမိတို့ ခရီးစဉ်ကို ဦးဆောင်သူများနှင့် စကားပြောကြသည်။ သတင်း သမားများအသီးသီးသည် မိမိတို့ သတင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြပြီးနောက် ထမင်းစားရန် ထွက်ခွာသွားကြသည်။ ထို့နောက် ရန်ကုန်မှ လာရောက်ခေါ်ဆောင်မည့် လေယာဉ်ကို စောင့်နေချိန်တွင် အထက်ပါ အရာရှိပြန်လည်ရောက်ရှိလာပြီး မကြာမီတွင် တပ်မတော်သားများ တင်ဆောင်လာသော တပ်မ တော်လေယာဉ်တစ်စီး ဆိုက်ရောက်လာမည်ဖြစ်ပြီး အဆိုပါ မြင်ကွင်းများအား ဓာတ်ပုံ၊ ရုပ်သံများ ရိုက်ကူးခြင်းမပြုရန် လာ ရောက် ပြောကြားသည်။

မကြာမီတွင် စစ်ကားများ ၀င်ရောက်လာသည်။ လေယာဉ် ဆင်းသက်လာချိန်တွင် အဆိုပါကားများပေါ်သို့ တပ်မတော်သား များအား တင်ဆောင်ပြီး ထွက်ခွာသွားကြသည်။ သတင်းသမား များသည်လည်း အဆိုပါလေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်လိုက် ပါလာကြရသည်။

 

နှစ်ရက်တာ တပ်မတော်ခရီးစဉ်

နှစ်ရက်တာ ကြာမြင့်ခဲ့သည့် တပ်မတော်ခရီးစဉ်သည် ရန်ကုန်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဖြစ်သည်။ အစီ အစဉ်များအား သိရရှိချိန်တွင် ပြင်ဆင်ချိန် သုံးနာရီခန့်သာရှိခဲ့ပြီး သတင်းသမားများအနေဖြင့် တပ်မတော်ခေါ်သည့် ခရီးစဉ်ဟူ သော အသိဖြင့် လိုက်ပါခဲ့ကြရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ သွားရောက်ရာတွင် လည်း ဖြစ်ပွားရာဒေသများမှ ပြည်သူလူထု၏ နစ်နာမှုများကို လည်း မြင်တွေ့ခဲ့ရသလို ထိုနစ်နာမှုများကို ကုစားပေးခြင်း မရှိ သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ဒဏ်ရာရ၊ ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်မိသားစုများအား ၎င်းင်းတို့၏ အကြီးအကဲအသီးသီးက ကူညီထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ခဲ့ပြီး မီးလောင်သွားသော အိမ်ပိုင်ရှင်များသည် ရပ် ရွာကူညီစောင့်ရှောက်မှုဖြင့်သာ အိမ်နီးနားချင်းတို့၏အိမ်များ တွင် သွားရောက်နေထိုင်ကြရသည်။

မိမိအနေဖြင့် မမေ့သော မျက်လုံးများလည်း ရှိသည်။ ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသော ရဲများ၊ စစ်သားများနှင့် ကင် မရာများကိုင်ဆောင်လာသော မိမိတို့အား စိုးရိမ်မှုများ၊ မေးခွန်း များဖြင့် ကြည့်ရှုနေကြသော ရွာသားများပင်ဖြစ်သည်။

ရခိုင်ပြည်သည် ဝေဟင်ထက်မှ ကြည့်ပါက သာယာ၍ ကြည့်ကောင်းသည်။ တောတောင်များ၊ မြစ်ချောင်းများနှင့် ပင်လယ်၊ စိုက်ခင်းပျိုးခင်းများနှင့်တိုင်းရင်းသားတို့၏ ဌာနေသည် သေနတ်သံများကြောင့် စိုးရိမ်ကြောက်ရွံ့မှုများ၊ အသက်အိုးအိမ် စည်းစိမ်တို့အား မည်သူတို့က ကာကွယ်ပေးမည်နည်းဟူသော မေးခွန်းများဖြင့် ကျန်ရှိခဲ့လေတော့သည်။

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here