ဒေါက်တာလွင်မာလှိုင် လက်ထောက်ညွှန်ကြားရေးမှူး အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် အင်တာဗျူး

Photo- Supplied

”အာဟာရပြည့်အောင် စားသုံးတတ်တဲ့အမူအကျင့် ပြောင်းလဲရာမှာလည်း စိန်ခေါ်မှုတွေရှိပါတယ်”

မြန်မာနိုင်ငံဟာ ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရချို့တဲ့မှု၊ ငါးနှစ်အောက်ကလေးငယ်တွေ ကာလတာရှည်အာဟာရချို့တဲ့မှု၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း မြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလို ငါးနှစ်အောက်ကလေးတွေ အာဟာရချို့တဲ့မှုတွေ များနေမယ်ဆိုရင် နိုင်ငံတွင်းမှာ ကျန်းမာကြံ့ခိုင်ပြီး စွမ်းအားပြည့် အလုပ်လုပ်နိုင်တဲ့သူတွေ လျော့နည်းလာနိုင် တာကြောင့် အကျိုးဆက်အနေနဲ့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအား ကျဆင်းလာမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဘာတွေ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်တဲ့အခါ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်အား မော်ကွန်းက အီးမေးလ်မှတစ်ဆင့် မေးမြန်းချက်များကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

မော်ကွန်း။ ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေ အာဟာရဖွံ့ဖြိုးအောင် ဘာတွေ ဆောင်ရွက်နေတာ ရှိပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ ကျွန်မတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိရာမှာ နံပါတ်(၁) ပရိုတင်းအင်အားချို့တဲ့ရောဂါ (Protein Energy Malnutrition)ကာကွယ်ရေးလုပ်ငန်း (၂) သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ (Iron Deficiency Anemia) ကာကွယ်ရေးလုပ်ငန်း (၃) သူငယ်နာဘယ်ရီဘယ်ရီရောဂါ (Infantile Beri-beri) ကာကွယ်ရေးလုပ်ငန်း (၄) ဗီတာမင်အေချို့တဲ့ရောဂါ (Vitamin A Deficiency) ပပျောက်ရေးလုပ်ငန်းနဲ့ (၅) အိုင်အိုဒင်း ချို့တဲ့မှုရောဂါများ (Iodine Deficiency Disorders) ပပျောက်ရေးလုပ်ငန်း ဆိုပြီးတော့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း ငါးခုကို အဓိကထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်နေရာမှာ သွေးအားနည်းရောဂါကို ကာကွယ်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို အခြေခံ ကျန်းမာရေးဝန်ထမ်းတွေဆီမှာ ကိုယ်ဝန်စောင့်ရှောက်မှု စတင်ခံယူချိန်ကစပြီး သံဓာတ်နဲ့ ဖောလစ်အက်ဆစ် ပါတဲ့အဏုအာဟာရဆေးပြားတွေကိုတစ်နေ့တစ်ပြားနှုန်းနဲ့ဖြန့်ဝေတိုက်ကျွေးပေးနေပါတယ်။ ကိုယ်ဝန်သုံးလပြည့်ပြီးနောက်ပိုင်းမှာ သန်ချဆေး (Mebendazole ၅ဝဝ မီလီဂရမ်)တစ်ကြိမ် တိုက်ကျွေးပေးပါတယ်။ ကိုယ်ဝန်ကိုးလပြည့်ရင်တော့ ဗီတာမင်ဘီဝမ်းဆေးပြား (တစ်နေ့ကို ၁ဝ မီလီဂရမ်) ကို တစ်နေ့ကို တစ်ပြားနှုန်းနဲ့ မီးဖွားပြီး သုံးလအထိ ဆက်လက် တိုက်ကျွေးပေးပါတယ်။ နို့တိုက်မိခင်တွေကို မီးဖွားပြီး တစ်လအတွင်းမှာ အင်အားပြည့်ဗီတာမင်အေဆေးလုံး (ယူနစ် နှစ်သိန်းအား) ကို တစ်ကြိမ် တိုက်ကျွေးပေးပါတယ်။

ကလေးငယ်တွေမှာတော့ အသက်ခြောက်လကနေ တစ်နှစ်အောက်ကာလမှာ အင်အားပြည့်ဗီတာမင်အေဆေးလုံး (ယူနစ်တစ်သိန်းအား) တစ်ကြိမ်တိုက်ပြီး အသက် တစ်နှစ်ပြည့်တဲ့ အချိန်ကနေ ငါးနှစ်ပြည့်တဲ့အထိ အင်အားပြည့် ဗီတာမင်အေဆေးလုံး (ယူနစ်နှစ်သိန်းအား)ကို ခြောက်လကို တစ်ကြိမ် ဖြန့်ဝေတိုက်ကျွေးပေးနေပါတယ်။ ဒါ့အပြင် အသက်နှစ်နှစ်ကနေ ၁ဝ နှစ်အောက်ကလေးတွေကို သန်ချဆေး (Albendazole ၄ဝဝ မီလီဂရမ်)ကို ခြောက်လတစ်ကြိမ် ဖြန့်ဝေတိုက်ကျွေး ပေးနေပါတယ်။ အရင်ကတော့ စီမံချက်ဝင်မြို့နယ်တွေမှာ အသက်ခြောက်လကနေ သုံးနှစ်အရွယ်ကလေးတွေကို Micronutrient Sprinkle လို့ခေါ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါတဲ့ အဏုအာဟာရမှုန့်တွေကို ကလေးကို ကျွေးမယ့် အစာထဲမှာ ဖြူးကျွေးခိုင်းပြီး ဖြန့်ဝေပေးနေပါတယ်။ လာမယ့် ၂ဝ၁၈ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ခြောက်လက နှစ်နှစ်အရွယ်ကလေးအားလုံးကို ဒီအဏုအာဟာရမှုန့်တွေကို ဖြည့်စွက်တိုက်ကျွေးသွားနိုင်ဖို့ ကျွန်မတို့ဌာနအနေနဲ့ လျာထားဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေကို အစားမရှောင်ဖို့၊ သာမန်အမျိုးသမီးတွေထက် အစားပိုစားဖို့၊ နေ့စဉ် အစာအုပ်စု စုံအောင်စားဖို့၊ ကိုယ်ဝန်စောင့်ရှောက်မှုကို စောနိုင်သမျှ စောစောခံယူဖို့နဲ့ ပုံမှန်ယူဖို့၊ ကလေးမွေးလာရင်လည်း မွေးစကနေ ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုပဲ စနစ်တကျ တိုက်ကျွေးဖို့၊ ကလေးအသက် ခြောက်လပြည့်တာနဲ့ မိခင်နို့နဲ့အတူ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာတွေကို စနစ်တကျကျွေးဖို့စတဲ့ အာဟာရပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

မော်ကွန်း။ ။ မြန်မာနိုင်ငံရဲ့ အာဟာရချို့တဲ့တဲ့ ကလေးအရေအတွက်နဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် အရေအတွက် သိပါရစေ။ ဘယ်ဒေသတွေမှာ အများဆုံးတွေ့ရပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ မြန်မာနိုင်ငံမှာရှိတဲ့ ငါးနှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဓိကကြုံတွေ့နေရတဲ့ အာဟာရပြဿနာတွေကတော့ သွေးအားနည်းခြင်းနဲ့ ကာလတာရှည် အာဟာရချို့တဲ့ခြင်းကြောင့် ပုညှက်ခြင်းတို့ပဲဖြစ်ပါတယ်။ ၂ဝ၁၅-၁၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ လူနေမှုဘဝနဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ မြန်မာနိုင်ငံမှာရှိတဲ့ ငါးနှစ်အောက်ကလေးတွေရဲ့ ၂၉ ဒသမ ၂ ရာခိုင်နှုန်း (၁ဝ ယောက်မှာ သုံးယောက်ခန့်) ဟာ ကာလတာရှည် အာဟာရချို့တဲ့ခြင်းကြောင့် ပုညှက်နေပြီး ၇ ရာခိုင်နှုန်းဟာ လတ်တလော အာဟာရချို့တဲ့ခြင်းကြောင့် ပိန်လှီနေတာကို တွေ့ရပါတယ်။ ပြီးတော့ ငါးနှစ်အောက်ကလေး ငါးယောက်မှာ သုံးယောက်ခန့် (၅၈ ရာခိုင်နှုန်း) နဲ့ မျိုးဆက်ပွားအရွယ် အမျိုးသမီးတွေရဲ့ ထက်ဝက်ခန့် (၄၇ရာခိုင်နှုန်း) ဟာ သွေးအားနည်းရောဂါကို ခံစားနေကြရတာ တွေ့ရပါတယ်။ အဲဒီစစ်တမ်းအရ ငါးနှစ်အောက် ကလေးပုညှက်မှု အများဆုံးတွေ့ရတာကတော့ ချင်းပြည်နယ်မှာပါ (၄၁ ရာခိုင်နှုန်းပါ)။ ချင်းပြည်နယ်ပြီးတော့ ကယားပြည်နယ်မှာ ၃၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းပါ။

မော်ကွန်း။ ။ မြန်မာနိုင်ငံအာဟာရချို့တဲ့တဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေမှာ ဘယ်လိုအာဟာရဓာတ်တွေ ချို့တဲ့နေတာကို တွေ့ပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ ဘယ်လိုအာဟာရဓာတ်တွေ ချို့တဲ့နေတာလဲဆိုတာကတော့ နိုင်ငံတစ်ဝန်း စစ်တမ်းကောက်ယူပြီး သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ပြောမှပဲ တိကျခိုင်လုံတဲ့အဖြေဖြစ်မှာပါ။ အခြားနိုင်ငံတွေမှာလည်း ပြည်သူလူထုတွင်း၊ အထူးသဖြင့် အာဟာရဆိုင်ရာ ထိခိုက်နိုင်ခြေ အမြင့်ဆုံး အုပ်စုတွေဖြစ်တဲ့ ငါးနှစ်အောက် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘယ်လို အာဟာရဓာတ်တွေ ချို့တဲ့နေသလဲသိနိုင်ဖို့ Micronutrient Survey လို့ ခေါ်တဲ့ အဏုအာဟာရစစ်တမ်းတွေ ကောက်ယူလေ့ရှိကြပါတယ်။ အဲဒီစစ်တမ်းတွေက လေ့လာတွေ့ရှိချက်တွေပေါ် မူတည်ပြီး အာဟာရဆိုင်ရာ စီမံချက်တွေကို ရေးဆွဲအကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ငါးနှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်အများဆုံး အာဟာရပြဿနာဖြစ်တဲ့ သွေးအားနည်းခြင်းကိုဖြစ်စေတဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေတယ်လို့ပဲ အကြမ်းဖျင်း ယူဆရပါမယ်။ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ (Vitamin B12)နဲ့ ဗီတာမင်အေ ဓာတ်တွေချို့တဲ့ရင် သွေးအားနည်းခြင်း ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းရင် သန်ကောင်တွေရှိနေရင်လည်း သွေးအားနည်းနိုင်ပါတယ်။ တကယ်တော့ သွေးအားနည်းခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးပါ။ ဥပမာငှက်ဖျား လူနာတွေမှာ ငှက်ဖျားရောဂါပိုးကြောင့် သွေးနီဥလေးတွေ ပျက်စီးရင်လည်း သွေးအားနည်းနိုင်သလို လူအချို့မှာ မွေးရာပါ ဟေမိုဂလိုဘင် ပုံသဏ္ဌာန်ကွဲ (Abnormal Hemoglobin)ရှိရင်လည်း သွေးအားနည်းနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဏုအာဟာရ စစ်တမ်းကောက်တာမျိုး အရင်က မလုပ်နိုင်ခဲ့သေးပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုစစ်တမ်းမျိုးကောက်ရင် သွေးတွေဖောက်၊ ဓာတ်ခွဲခန်းမှာ သွေးတွေ၊ ဆီးတွေ၊ ဝမ်းတွေစစ်ရတာမို့ ကုန်ကျစရိတ် အရမ်းများလို့ပါ။ ကျွန်မတို့ အာဟာရဌာနခွဲအနေနဲ့ ဒီ၂ဝ၁၇ ခုနှစ်အတွင်းမှာ Myanmar Micronutrient and Food Consumption Survey လို့ ခေါ်တဲ့ မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေးစစ်တမ်းကို မကြာခင်ကောက်ယူနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီစစ်တမ်းပြီးရင်တော့ ဘယ်အသက်အုပ်စုတွေမှာ ဘာအာဟာရဓာတ်တွေ ချို့တဲ့နေလဲဆိုတာ တိတိကျကျ လက်တွေ့သိလာနိုင်ပါမယ်။ အဲဒီ စစ်တမ်းက တွေ့ရှိချက်တွေပေါ် မူတည်ပြီး ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မော်ကွန်း။ ။ ဘာကြောင့် မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့မှုတွေ မြင့်မားနေရတာလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ အာဟာရချို့တဲ့ရခြင်းရဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အာဟာရချို့တဲ့ရခြင်းရဲ့ လတ်တလောအကြောင်းရင်းနှစ်ခုကတော့ အစာအာဟာရ လုံလောက်စွာ မစားသုံးရခြင်းနဲ့ ကူးစက်ရောဂါထူပြောခြင်းတို့ ဖြစ်ပါတယ်။ အဲဒီလတ်တလော အကြောင်းရင်းတွေကို ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းတွေကတော့ အိမ်ထောင်စု အဆင့်အစားအစာ မဖူလုံခြင်း၊ မိခင်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်မှု အားနည်းခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ လက်လှမ်းမမီခြင်းတို့ ဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး အခြေအနေတွေနဲ့ လူနေမှုအဆင့်အတန်းတွေကတော့ အာဟာရ ချို့တဲ့ရခြင်းရဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်၊ မြို့ပြလူဦးရေအချိုးနဲ့ လူနေမှု အဆင့်အတန်းတွေllအရတော့ အဲဒီအကြောင်းရင်းတွေက မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့ရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

မော်ကွန်း။ ။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေမှာ အာဟာရချို့တဲ့မှုတွေ ဖြစ်ရင် နောက်ဆက်တွဲအနေနဲ့ သူတို့အတွက် ဘယ်လိုထိခိုက်မှုတွေရှိပါသလဲ။ ငါးနှစ်အောက်ကလေးတွေ ပုညှက်နေရင် နောက်ဆက်တွဲက ဘာဖြစ်နိုင်ပါသလဲ။ နိုင်ငံအတွက်ဆိုရင်ကော့ ဘယ်လို ထိခိုက်နစ်နာမှုတွေ ရှိပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရချို့တဲ့ရင် သားပျက်/သားလျှောခြင်း၊ မီးဖွားရာမှာ ခက်ခဲခြင်း၊ မွေးပြီး သွေးသွန်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်တဲ့အပြင် အသက်အ္တရာယ်နဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် မွေးလာတဲ့ ကလေးမှာလည်း လမစေ့/ပေါင်မပြည့်ခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ဆွံ့အနားမကြားခြင်း၊ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း စတဲ့ ဆိုးကျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ နို့တိုက်မိခင်တွေ အာဟာရချို့တဲ့ရင် အဲဒီမိခင်ရဲ့ နို့ကိုစို့နေရတဲ့ ကလေးမှာ အာဟာရချို့တဲ့မှုတွေနဲ့ ကြုံရနိုင်ပါတယ်။ ကလေးတွေ အာဟာရချို့တဲ့ရင်တော့ ခန္ဓာကိုယ် စံချိန်မီ မကြီးထွားနိုင်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ သွေးအားနည်းခြင်း၊ ရောဂါခုခံနိုင်စွမ်းကျပြီး မကြာခဏ ဖျားနာခြင်းတို့ကနေ အသက်အ္တနရာယ်ကြုံတွေ့ခြင်းအထိ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ကလေးတစ်ယောက် ပုညှက်နေတယ်ဆိုတာ အဲဒီကလေးဟာ ကာလတာရှည်စွာ အာဟာရချို့တဲ့လို့ပါ။ ဒါ့ကြောင့် ပုညှက်တဲ့ ကလေးတစ်ယောက်ဟာ ကာလတာရှည်အာဟာရချို့တဲ့ခဲ့တဲ့ အတွက်ကြောင့် သာမန်ကလေးတစ်ယောက်နဲ့ယှဉ်ရင် ဉာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ သွေးအားနည်းခြင်းတို့ ပိုဖြစ်နိုင်သလို လူကြီးဘဝမှာ အဝလွန်ခြင်းနဲ့ ဆီးချိုလိုမျိုး မကူးစက်တတ်တဲ့ရောဂါတွေ ခံစားရဖို့ အလားအလာ ပိုများပါတယ်။ နိုင်ငံတွင်းမှာ အာဟာရချို့တဲ့သူတွေ များနေပြီဆိုရင် ကျန်းမာကြံ့ခိုင်ပြီး စွမ်းအားပြည့် အလုပ်လုပ်နိုင်တဲ့သူတွေ နည်းလာတဲ့အတွက်ကြောင့် နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အာဟာရချို့တဲ့မှုတွေများနေသေးတဲ့ မြန်မာနိုင်ငံမှာ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အလေးထား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

မော်ကွန်း။ ။ Unicef ကနေ မေလထဲက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နေ့စဉ် ငါးနှစ်အောက်ကလေး ၁၅ဝ ဝန်းကျင် သေဆုံးနေတယ်ဆိုပြီး ပါရှိပါတယ်။ ဒီသေဆုံးမှုနှုန်းဟာ မြင့်မားတယ်လို့ ပြောလို့ရလား။ ဘာကြောင့် သေဆုံးမှုနှုန်းတွေ မြင့်နေရတာလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ ငါးနှစ်အောက် ကလေးသေဆုံးမှုကို ပြောမယ်ဆိုရင် အရှင်မွေးကလေး တစ်ထောင်ရှိတဲ့အထဲက ငါးနှစ်အောက်ကလေး ဘယ်နှယောက်သေနေလဲဆိုတဲ့ နှုန်းနဲ့ ပြောလေ့ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် အချက်လက်တွေအရတော့ မြန်မာနိုင်ငံမှာ အရှင်မွေးကလေး တစ်ထောင်မှာ ငါးနှစ်အောက်ကလေးအယောက် ၅ဝ ခန့် သေနေတာ တွေ့ရပါတယ်။ ခရစ်နှစ် ၂ဝ၃ဝ ခုနှစ်အတွက် မျှော်မှန်းတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals သို့မဟုတ် SDG)အရတော့ အရှင်မွေးကလေးတစ်ထောင်မှာ ငါးနှစ်အောက်ကလေး ၂၅ ယောက်သာ သေဆုံးဖို့ မျှော်မှန်းတာကို တွေ့ရပါတယ်။ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အဓိက ရည်မှန်းချက်နှစ်ရပ်က လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေးပါ။ ဒါကြောင့် နိုင်ငံတွင်းမှာရှိတဲ့ ကလေးတွေ၊ အမေတွေ၊ မိသားစုတွေ အာဟာရပြည့်ဝပြီး ကျန်းမာဖို့၊ အသက်ရှည်စေဖို့က ကျွန်မတို့ ဦးစားပေးဆောင်ရွက်ရမယ့်တာဝန်ပါ။

၂ဝ၁၄ ခုနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လေ့လာချက်အရ ငါးနှစ်အောက်ကလေး သေဆုံးမှုတွေကို အများဆုံး ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ မွေးစကလေး ကိုယ်အလေးချိန်မပြည့်ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ဝမ်းပျက်/ဝမ်းလျှောခြင်းတို့အပြင် သူငယ်နာဘယ်ရီဘယ်ရီ ရောဂါတွေလည်း ပါတာကို တွေ့ရပါတယ်။

မော်ကွန်း။ ။ မြန်မာနိုင်ငံဟာ ဖွံ့ ဖြိုးဆဲနိုင်ငံဖြစ်သလို ဆင်းရဲမွဲတေမှုအောက်မှာနေထိုင်နေကြတဲ့ မိသားစုတွေလည်း အများကြီးရှိပါတယ်။ သူတို့တွေဟာ တစ်နေ့စားဖို့ တစ်နေ့ ရုန်းကန်နေကြရတယ်။ စားနပ်ရိက္ခာ မဖူလုံမှုမရှိတာတွေက ဒီအာဟာရချို့တဲ့မှု တွေ များနေတဲ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိနေပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ ဆင်းရဲမွဲတေမှုဆိုတဲ့ လူမှုစီးပွားရေး အခြေအနေဟာ အာဟာရချို့တဲ့ရခြင်းရဲ့ အခြေခံ အကြောင်းရင်းတစ်ရပ်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ မိသားစုတစ်စုဟာ ဆင်းရဲမယ်ဆိုရင် စားနပ်ရိက္ခာမဖူလုံနိုင်ဘူး။ ဆင်းရဲတဲ့အတွက် အဲဒီမိသားစုက ကလေးတွေဟာလည်း ပညာကောင်းကောင်း သင်နိုင်မှာမဟုတ်ဘူး။ ဒါဆိုအသိပညာ ဗဟုသုတ နည်းပါးမယ်။ ပညာရည်နိမ့်ကျတယ်ဆိုရင် လုပ်တဲ့အလုပ်အကိုင်ကလည်း ဝင်ငွေကောင်းတဲ့အလုပ် ဘယ်ရနိုင်တော့မလဲ။ ဒါကြောင့် ဆင်းရဲရင်၊ ပညာရည်နိမ့်ကျရင်၊ ဝင်ငွေနိမ့်ကျရင် အစာအာဟာရကို လုံလုံလောက်လောက် မစားနိုင်တော့ဘူး။ ဒါဆို ဒီမိသားစုဝင်တွေဟာ အာဟာရချို့တဲ့လာမှာပေါ့။ ဒီလိုနဲ့ ဆင်းရဲခြင်းနဲ့ အာဟာရချို့တဲ့ခြင်းရဲ့ သံသရာကနေ မလွတ်မြောက်နိုင်တော့တာပါပဲ။ ဒါကြောင့် ပြည်သူလူထုရဲ့ အာဟာရအခြေအနေ တိုးတက်လာဖို့ဆိုတာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။

မော်ကွန်း။ ။ အာဟာရချို့တဲ့မှုတွေဖြစ်နေတဲ့ ပြဿနာကို ကျန်းမာရေးကဏ္ဍတစ်ခုတည်းကနေ ဖြေရှင်းလို့ လုံလောက်ပါသလား။ မရဘူးဆိုရင် ဘာကြောင့်မရတာလဲဆိုတာကို သိပါရစေ။

ဒေါက်တာလွင်မာလှိုင်။ ။ ကျန်းမာရေးကဏ္ဍတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရုံနဲ့ အာဟာရချို့တဲ့မှုပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး။ ပညာရေး၊ စိုက်ပျိုး/မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူနေမှုဘဝလုံခြုံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ကျွန်မရဲ့ကိုယ်တွေ့အတွေ့အကြုံတစ်ခုကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။ ၂ဝ၁၆၊ သြဂုတ် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ရဲ့ ကျေးရွာတချို့မှာ ဝက်သက်ရောဂါကြောင့် ကလေးငယ်တွေ သေဆုံးကြတုန်းက ကာကွယ်ဆေးထိုး အဖွဲ့နဲ့အတူ အဲဒီရွာတွေကို ကျွန်မရောက်ခဲ့တယ်။ လဟယ်မြို့ ပေါ်ကနေ ထန်ခေါ်လမ္မဆိုတဲ့ ရွာကိုရောက်ဖို့ ဆိုင်ကယ်နဲ့ ရှစ်နာရီကျော် သွားရပါတယ်။

လူတစ်ယောက်ကို ဆိုင်ကယ်ကယ်ရီခ (ကျပ်) နှစ်သိန်းကျော်ပေးရတယ်။ ရွာရောက်တော့ အစာအုပ်စုစုံအောင်စားဖို့ ပညာပေးမယ်ဆိုတော့ ဒေသမှာ လက်လှမ်းမီရနိုင်တဲ့ အသီးအရွက်၊ အသားငါး အတော်ရှားပါးတာကို တွေ့ရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လက်ဆေးဖို့ ပညာပေးမယ်ဆိုတော့လည်း နောက်ထပ်သွားတဲ့ ရွာတစ်ရွာမှာက ရေရဖို့ ခက်ခဲကြောင်း၊ ရွာနားမှာ စမ်းချောင်းတစ်ခုတည်း ရှိပြီးတော့ ရွာကနေ အဲဒီစမ်းချောင်းကိုရောက်ဖို့ မိနစ် ၄ဝလောက် လမ်းလျှောက်ရတဲ့အတွက် ရေချိုးဖို့တောင် အခက်အခဲရှိကြောင်း သိခဲ့ရပါတယ်။ အဲဒီလိုဒေသမျိုးမှာ ကျွန်မတို့ရဲ့ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်နိုင်ပါ့မလား၊ မသေချာပါဘူး။ ဒေသမဖွံ့ဖြိုးဘူး။ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ ဒေသမှာ အာဟာရပြည့်တဲ့အစားအစာတွေ လက်လှမ်းမီမရနိုင်ရင်၊ စားနပ်ရိက္ခာမဖူ လုံရင်၊ စိုက်ပျိုးမှုကဏ္ဍ မဖွံ့ဖြိုးရင်၊ ဒေသမဖွံ့ဖြိုးမတိုးတက်ရင်၊ လမ်းပန်းဆက်သွယ်ရေးမကောင်းရင် ကျွန်မတို့ကျန်းမာရေး စောင့်ရှောက်မှုတွေ ဘယ်လောက်ပဲ ကောင်းအောင်ပေးနေပါစေ၊ အဲဒီဒေသရဲ့ အာဟာရအခြေအနေဟာ မတိုးတက်နိုင်ပါဘူး။

မော်ကွန်း။ ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အာဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းတဲ့အခါ တခြားသော ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါသလား။

ဒေါက်တာလွင်မာလှိုင်။ ။ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဒီအာဟာရချို့တဲ့မှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှီးနွှယ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ယခင်ဆောင်ရွက်နေတဲ့လုပ်ငန်းတစ်ခုကတော့ ကျောင်းသားလူငယ်တွေ အာဟာရဖွံ့ဖြိုးဖို့ စီမံချက်ဝင်မြို့နယ်တွေမှာ အခြေခံပညာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး အခြေခံပညာကျောင်းတွေမှာ နွားနို့တိုက်ကျွေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မကြာခင် ကောက်ယူတော့မယ့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန (စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန)၊ပြည်ထဲရေးဝန်ကြီးဌာန (လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန) တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ နောက်ဆက်တွဲ လုပ်ငန်းတစ်ရပ်အနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းတို့နဲ့ ပူးပေါင်းပြီး အခြေခံပညာမူလတန်းကျောင်းတွေမှာ ပဲနို့အာဟာရ တိုက်ကျွေးနိုင်ဖို့လည်း ဆောင်ရွက်လျက် ရှိပါတယ်။

မော်ကွန်း။ ။ ဒီအာဟာရချို့တဲ့မှု ဖြစ်နေတာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ တွေ့ရပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအနေနဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကျွန်မတို့ အရင်းအမြစ်တွေ(Resources) ဒီထက်ပိုပြီး လိုအပ်နေပါတယ်။ နိုင်ငံတွင်းမှာ အာဟာရဘာသာရပ်ဆိုင်ရာ အခြေခံနဲ့ အဆင့်မြင့်ဘွဲ့လွန်ပညာတွေ သင်ယူတတ်မြောက်ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလည်း အများကြီး မွေးထုတ်ဖို့ လိုနေပါသေးတယ်။ အာဟာရချို့တဲ့မှုပြဿနာတွေကိုဖြေရှင်းဖို့ ပြည်သူလူထုမှာ အာဟာရပြည့်အောင် စားသုံးတတ်တဲ့ အမူအကျင့် ပြောင်းလဲရာမှာလည်း စိန်ခေါ်မှုတွေရှိပါတယ်။ ဥပမာ – ကလေးငယ်တွေကို ပဲကျွေးရင် လေပွမယ်၊ အသည်းကျွေးရင် သန်ထမယ်။ ကိုယ်ဝန်ဆောင်တွေ ငှက်ပျောသီးစားရင် ကလေးထွားလို့ မီးဖွားရခက်မယ် စတဲ့ ယုံကြည်ချက်အလွဲတွေကို မဖျောက်ပေးနိုင်သရွေ့ သူတို့ရဲ့ အမူအကျင့်တွေ ပြောင်းလဲမလာပါဘူး။ တစ်ဖက်မှာလည်း ကျွန်မတို့က လူထုကို အာဟာရပြည့်အောင် ဘယ်လိုစားသောက်ရမယ်လို့ ပညာပေးနေပေမယ့် သူတို့မှာ ဝယ်စားစရာ ပိုက်ဆံမရှိရင် သူတို့ဝယ်မစားနိုင်ပါဘူး။ အဲဒီလို အာဟာရချို့တဲ့ရခြင်းရဲ့ နောက်ခံ အကြောင်းရင်းတွေကို မဖြေရှင်းနိုင်သရွေ့တော့ ကျွန်မတို့လုပ်ငန်းတွေက အခက်အခဲတွေ ရှိနေဦးမှာပါပဲ။ ဒါကြောင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။

မော်ကွန်း။ ။ အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။

ဒေါက်တာလွင်မာလှိုင်။ ။ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် Man, Money, Materials ဆိုတဲ့ လူအား၊ ငွေအား၊ ထောက်ပံ့ပစ္စည်းရင်းမြစ်တွေ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ မူဝါဒချမှတ်သူ နိုင်ငံခေါင်းဆောင်တွေရဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေအပေါ် အသိအမှတ်ပြု၊ အရေးပေးခြင်းကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ လက်ရှိအနေအထားအရတော့ အာဟာရဖွံ့ဖြိုးမှုဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတယ်ဆိုတာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်ပိုင်းက အသိအမှတ်ပြု တွန်းအားပေးနေတဲ့ အနေအထားဆိုတော့ ဒါကောင်းတဲ့လက္ခဏာတစ်ခုလို့ ကျွန်မအနေနဲ့ မြင်မိပါတယ်။

မော်ကွန်း။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးစေချင်ပါတယ်။

ဒေါက်တာလွင်မာလှိုင်။ ။ Scaling Up Nutrition (SUN Movement) လို့ခေါ်တဲ့ကမ္ဘာ့အာဟာရမြှင့်တင်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ နည်းနည်းပြောပြချင်ပါတယ်။ မြန်မာနိုင်ငံဟာ ၂ဝ၁၃၊ မေက စပြီးတော့ SUN Movement အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်လာခဲ့ပါတယ်။ SUN Movement ဆိုတာကတော့ လူတိုင်း လုံလောက်တဲ့အစားအစာနဲ့ သင့်တင့်မျှတတဲ့ အာဟာရ အခြေအနေတစ်ရပ်ကို ရရမယ်ဆိုတဲ့ မူဝါဒကို အခြေခံပြီး၊ အာဟာရပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေနဲ့ သွယ်ဝိုက်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍပေါင်းစုံက ပုဂ္ဂိုလ်များ (ဥပမာ- စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသဖြင့်) ကို စုစည်း ပါဝင်လာစေခြင်းပဲဖြစ်ပါတယ်။ ဒါမှလည်း အာဟာရ ချို့တဲ့ခြင်းကို ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။     ။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ အင်တာဗျူး ဖြစ်ပါသည်။

ခင်မောင်မြင့် မေးသည်။

 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."