၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။
သတင်းထောက်အဖြစ် ရပ်တည်ခြင်းကြောင့် ကြီးပွားချမ်းသာစရာ အကြောင်း မရှိသော်လည်း အလွန်တရာ မျက်နှာပွင့်လှ၏။
သတင်းထောက်ဟူသည် ဘယ်နေရာရောက်ရောက် ဒီလူက ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်၊ ဟိုလူကလက်ဆွဲပြီး စကားပြော၊ သတင်းပေး ပြီး သတင်းရေးခိုင်းသည့် ဖြစ်ရပ်များနှင့် ကျင့်သားရနေသည့် သတ္တဝါဟု ဆိုရမည်။ သူတို့၏ အခက်အခဲ အထွေထွေကို စာနယ်ဇင်းတွင် ပါဝင်လာရေး အတွက် သတင်းထောက်တို့ကို အားကိုးကြခြင်းပေတည်း။
သတင်းထောက်ရန်လိုကျွဲကတော့ ထိုသို့ အားကိုးရှာသူတို့ ကို ကျေးဇူးတင်၏။ သူတို့ထံမှရသော အချက်အလက်၊ ရင်ဖွင့် ပြောစကားများကို သတင်းလုပ်ရေးသားခြင်းဖြင့် စာမူခရသည် မဟုတ်လော။ ထို့ကြောင့် ကျေးဇူးတင်၏။
ပြောလာသမျှခေါင်းတညိတ်ညိတ် နားထောင်၏။ အသံ သွင်း၏။ ရံဖန်ရံခါ ကြုံရသည်က အသံဖမ်းစက် ဓာတ်ခဲအားကုန် ခြင်း၊ အသံဖိုင်ပျောက်ခြင်းဟူသော အားနည်းချက်ဖြစ်သည်။
သတင်းရေးရမှာ ပျင်းရိခြင်းဟူသော အာဂန္တုရောဂါက ရန်လိုကျွဲထံ ရောက်လာတတ်သည်မှာလည်း အားနည်းချက်ကြီး ဖြစ်သည်။ ထိုသို့သတင်းရေးသားမှု ပျက်ကွက်လျှင် ”ငါပြောတဲ့ ဟာတွေ မရေးသေးဘူးလား၊ သတင်းထဲ ဘယ်တော့ပါမှာလဲ”ဟူသော မေးခွန်းတို့နှင့် ကြုံရ၏။ ဖုန်းဆက်ပြီး မေးလာ၏။ ထို အမေးအတွက် အဖြေက အသင့်ရှိပါသည်။ ”ကျုပ်ကတော့ ရေးလိုက်တာ လေး၊ ငါးမျက်နှာတောင် ရှိသဗျ။ အယ်ဒီတာတွေက ညစ်ပြီး မသုံးဘဲထားတာ”ဟူသော အဖြေဖြစ်၏။
နိဒါန်းပျိုး လေပေါခြင်းကို ဤနေရာတွင် အဆုံးသတ်ပြီး လိုရင်းရေးပါတော့မည်။ ခုတလော ရန်လိုကျွဲကို ရင်ဖွင့်လာ သမျှမှာ ဒုက္ခသီရိတပ်မတော်ကြီး၏ အနိုင်ကျင့်မှုများအကြောင်း သာ ဖြစ်နေသည်က တိုက်ဆိုင်လွန်းလှသည်ဟု ဆိုရမည်။ ရင်ဖွင့် ချက်များထဲမှ တချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် စာရှုသူ မိတ်ဆွေတို့။
ရဲအရာရှိ ရင်ဖွင့်ချက်
”ငါ့မှာတော့ အသက်သာ ကြီးလာတယ်၊ အရာရှိငယ်ဘဝ က မတက်တော့ဘူး။ ဘယ်တက်ပါ့မလဲကွာ၊ စစ်တပ်ကနေ ပြောင်းလာသူတွေပဲ အရာရှိကြီးနေရာ ရကုန်တာ။ သူတို့တွေ ကြောင့် ငါတို့ တက်လမ်းပိတ်ကုန်ပြီလေ။ အသွင်ပြောင်း မိုးကျ ရွှေကိုယ်တွေက လေသံတော့ မလျှော့ဘူး၊ တပ်မတော်ဟာ အဖေဖြစ်တယ်၊ ရဲတပ်ဖွဲ့က သားဖြစ်တယ်တဲ့၊ သူတို့ကို နာခံရမယ် တဲ့။ ဒုက္ခသီရိမှာ ရဲတပ်ဖွဲ့က အရင်ပေါ်တာ။ ခေါ် မယ့်ခေါ် ငါတို့ကို အဘခေါ်ရမှာ။ သူတို့က နောက်မှ ဖွဲ့တာ။ ဒါတွေ မင်းတို့သိပါတယ်။ မိုးကျရွှေကိုယ်တွေပို့ပြီး ငါတို့ကို အနိုင်ကျင့်နေတာတွေ ရပ်ဖို့ သတင်းထဲ ထည့်ရေးပေးပါကွာ။ ငါတို့ကို ဘာကြောင့် အနိုင် ကျင့်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ တကယ်ပဲ၊ တကယ်ပဲ”
ရဲအရာရှိက အမည်ဖော်လိုခြင်း မရှိချေ။ ရဲအရာရှိများ အနိုင်ကျင့်ခံနေရခြင်းထက် ကောင်းသောသတင်း ဘယ်မှာရှိမည် နည်း၊ ရေးပေးပါမည်ဟု ကတိပြုလိုက်သည်။
အမတ်မင်း၏ ရင်ဖွင့်ချက်
”ကျုပ်က လွှတ်တော်ထဲရောက်တော့ လန့်သွားသဗျ၊ အသစ်စက်စက်အမတ်လေးဆိုတော့ဗျာ။ ဟာ…လွှတ်တော်က လည်း ဆောက်ထားလိုက်တာ အကြီးကြီးဗျ။လန့်ရတဲ့အကြောင်း ပြောပါ့မယ် သတင်းထောက်ရယ်၊ ခဏနေပါဦး။ လွှတ်တော်က ကြီးလွန်းလို့ လန့်တာ ဟုတ်ပါဘူး၊ လွှတ်တော်ထဲ ဝင်ထိုင်တာ ကျုပ်တို့ချည်းပဲ ဘယ်ဟုတ်မလဲ၊ စစ်အရာရှိတွေဗျာ၊ နည်းမှတ်လို့၊ အယောက် ၁ဝဝ ကျော်သဗျ။ ကျုပ်ဖြင့် သူတို့အုပ်စုတွေ့ပြီး ရုတ်တရက်ကြောက်လိုက်တာ။ သြော်…ကျုပ်တို့က တောသား၊ အနက်ရောင်နယ်မြေက လာတာဆိုတော့ လောက်စာလုံးဒဏ် ခံရဖူးတဲ့ ငှက်လိုပေါ့၊ စစ်သားမြင်ရင် ကြောက်ရတာပေါ့ဗျာ ခင်ဗျားကလည်း။ အဲ…သူတို့အင်အားက လွှတ်တော်ထဲ ၃၅ ရာခိုင် နှုန်း ရှိသတဲ့။ ကျုပ်ဖြင့် လွှတ်တော်ထဲရောက်ဖို့ ကြိုးပမ်းရ၊ မဲဆွယ် ရတာ သေမတတ်။ ကျုပ်တို့တစ်နယ်လုံး ကျုပ်ကို မဲထည့်လို့ ဒီလို ရောက်လာတာ၊ သူတို့ကတော့ ဘယ်ရွေးကောက်ပွဲမှ ဝင်စရာ မလိုဘဲ မိုးပေါ်က ကျလာသလို အော်တိုမစ်တစ် ရောက်လာသဗျ၊ ဒါဟာ ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်တာပဲဗျ။ ဒါ ဖြစ်သင့်သလား။ စဉ်းစားကြည့်ပါဦး။ ဘာကြောင့်များ ကျုပ်တို့ အနိုင်ကျင့်ခံနေ ရသလဲဗျာ”
အမတ်မင်းက သူ၏ ရင်ဖွင့်ချက်ကို စာနယ်ဇင်းတွင် ပါစေ လို၏။ သို့သော်လည်း သူ့အသံကို ဖော့ပြီး ဖော်ပြရန် တောင်းဆို၏။
နွားတစ်ကောင်၏ ရင်ဖွင့်ချက်
”ဘွတ်အဲ၊ ငါတို့အနိုင်ကျင့်ခံရတာတွေကို သတင်းထဲ ထည့်ရေးစမ်းကွာ။ ဘာကြောင့်ငါတို့ အနိုင်ကျင့်ခံနေရသလဲ ဆို တာလည်း သိချင်တယ်။ လောလောဆယ်တော့ ငါတို့တွေ မဝ ရေစာ စားနေရတယ်။ ဟေ့ကောင်…ရယ်မနေနဲ့၊ စားကျက်ကွင်း တွေက အများကြီးမှ အများကြီး၊ တမျှော်တခေါ်ရှိတယ်လို့ မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ငါတို့ဘက်မှာတော့ အဲဒီမြေ နေရာတွေအကုန်လုံး တပ်ပိုင်မြေဖြစ်ကုန်ပြီ ဟေ့ကောင်ရေ။ တပ်ပိုင်မြေဆိုတော့ အဲဒီကမြက်တွေ ငါတို့ ဝင်စားလို့ မရတော့ ဘူး။ ဟင့်အင်း…ငါတို့ကိုတော့ တရားရုံးမတင်ရဲပါဘူး။ တင်လိုက် ရင် မျက်နှာဖုံးသတင်းဖြစ်သွားမှာပေါ့ကွ။ အဲဒီတပ်ပိုင်မြေ အလို အလျောက် ဖြစ်သွားတဲ့ စားကျက်ကွင်းထဲ ဝင်စားမိရင် ငါတို့ကို အမဲသားအဖြစ် ဘဝပြောင်းပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ရွာ နားက မြက် ရွာနွား မစားရတာ ရာဇဝင်ရိုင်းသကွာ။ ရေးစမ်း ကွာ။ စားကျက်ကွင်းတွေကို ခပ်တည်တည်အပိုင်စီးတာဟာ အနိုင်ကျင့်တာပဲလို့။ ဘွတ်အဲ”
သူကတော့ သူပြောသမျှ အကုန်ရေးနိုင်သည်ဟု ဆိုလာ သည်။ သူတို့နှင့် ရန်လိုကျွဲ မျိုးရိုးနီးစပ်သူချင်း အထာထားသည့် အနေဖြင့် သူတို့အခက်အခဲအကြောင်း မပျက်မကွက် ရေးသား သတင်းပို့ရန် တိုက်တွန်းသွား၏။
လုပ်ငန်းရှင်ကြီး၏ ရင်ဖွင့်ချက်
”တပ်မတော်ကြီးကလည်း ဒေါ်ပိုင်နာမည်နဲ့ စီးပွားရေး လုပ်တယ်ကွာ။ ဒေါ်ပိုင်ဆိုတဲ့ နာမည်အတိုင်း လုပ်ငန်းကြီးတွေ သူပဲ ပိုင်တယ်ကွာ။ ဒါဟာ စီးပွားရေးလုပ်သူအချင်းချင်း တစ်လုံး ပိုရှူတာ၊ အဲ…တမင်သက်သက် အနိုင်ကျင့်တာပဲကွ။ ဒေါ်ပိုင်က ဧရာမလုပ်ငန်းစုကြီးဖြစ်ပေမယ့် အင်တာနက်ဝက်ဘ်ဆိုက်စာ မျက်နှာတောင် မရှိဘူး။ ဘယ်ရှိမလဲ၊ စီးပွားရေးလောကမှာ သူတို့ အနိုင်ကျင့်တာတွေကို ဘယ်ချပြရဲမလဲငါ့တူရယ်။ အခွန် မဆောင်တဲ့နှစ်တွေကို တွက်လိုက်ရင် အနှစ်သုံးဆယ် ရှိတယ်။ အခွန်မဆောင်ဘူးဆိုတာကလည်း နိုင်ငံနဲ့ ပြည်သူကို အနိုင်ကျင့် တာပဲမဟုတ်လား။ ဘာကြောင့် ဒီလောက်တောင် အနိုင်ကျင့်နေ ရသလဲ စဉ်းစားလို့ မရပါဘူးကွာ”
ဒုက္ခသီရိနေပြည်တော်ကြီးမှ နာမည်ကျော် လုပ်ငန်းရှင် ကြီးက သူပြောသမျှသတင်းထဲ ထည့်မရေးရန်၊ ရေးပါကလည်း သူ့အမည် မထည့်ရန် မေတ္တာရပ်ခံ၏။ထို့ကြောင့် သူပြောသမျှထဲမှ တစ်မိနစ်စာမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်၏။
ဘာကြောင့် အနိုင်ကျင့်နေသလဲ
ထိုသို့သော နားပူနားဆာလုပ်မှုများကြောင့် ကျွန်ုပ်လည်း တပ်မတော်က အနိုင်ကျင့်ခြင်းအကြောင်း သတင်းလုပ်ရေးရန် ထပ်မံ လိုအပ်သောအချက်အလက်တချို့ စုဆောင်းနေချိန်မှာပင် ဒုက္ခသီရိလွှတ်တော်သို့ ရာထူးဝန်ရုံးအရာရှိ သွားရောက် အစီရင် ခံချက် ထွက်ပေါ်လာသည်။ ငါးနှစ်အတွင်း ဝန်ကြီးဌာန ၅၅ ခု၏ ရာထူးငယ်၊ ရာထူးလတ်၊ ရာထူးကြီးများကို အပိုင်စီးရန် စစ်တပ် အရာရှိတို့ ရောက်လာသည့် အရေအတွက်မှာ ၅,၅၅၅ ဦး ဖြစ် သည်ဟု အစီရင်ခံချက်က ဆိုသည်။ လိုအပ်သလို ထပ်မံ ပြောင်း ရွှေ့လာဦးမည်ဟုလည်း ဆိုလာလေ၏။ ဤသို့သော ကိန်းဂဏန်း များမှာ ကျွန်ုပ်တို့၏သတင်းကို ပိုမိုရုပ်လုံးကြွစေသဖြင့် အလွန် တရာ အသုံးဝင်သည်။ ကျွန်ုပ်ထံ လာရောက် ရင်ဖွင့်ချက်များကို ပြန်လည်လေ့လာပါက ဒုက္ခသီရိတွင် သက်ရှိသက်မဲ့ဟူသမျှ တပ်မတော်၏ အနိုင်ကျင့်ခြင်းကို မရှုမလှ ခံနေရကြောင်း စာရှုသူ မိတ်ဆွေတို့ သဘောပေါက်မိပေမည်။ တပ်မတော်က ဒုက္ခသီရိ နိုင်ငံနှင့် လူထုကို အဘယ်ကြောင့် နှစ်ပေါင်းများစွာ အနိုင်ကျင့် နေသနည်း။
အင်တာနက်ခေတ် ဖြစ်သောကြောင့် သိလိုသည့်အရာကို အင်တာနက်တွင် ရှာရန် ရန်လိုကျွဲဆုံးဖြတ်လိုက်သည်။ ကွန်ပျူ တာအင်တာနက်တွင် ‘တပ်မတော်၊ အနိုင်ကျင့်ခြင်း’ဟူသော စကားလုံးများ ရိုက်နှိပ်ပြီး ရှာဖွေရာ ရုပ်သံဖိုင်တစ်ခု ထွက်လာ သည်။ ပြသချိန် တစ်မိနစ်ခန့် ကြာသော ထိုရုပ်သံဖိုင်က ရန်လိုကျွဲ ၏ မေးခွန်းကို အဖြေပေးလေ၏။
ရုပ်သံဖိုင်မှာ ဒုက္ခသီရိ ဗိုလ်သင်တန်းကျောင်းတစ်ခုတွင် ရိုက်နှက်ကန်ကျောက် နှိပ်စက်နေပုံကို မှတ်တမ်းတင်ထား ခြင်းပင်။
ကျောင်းသက်ရင့် သင်တန်းသားတို့၏ လက်သီး၊ လက်ဝါး၊ စစ်ဖိနပ်တို့က သင်တန်းသားသစ်တို့၏ မျက်နှာ၊ ရင်ဘတ်၊ ဝမ်း ဗိုက်၊ ကျောကုန်းတို့ပေါ် အဆက်မပြတ်ကျသည့် မြင်ကွင်းပင် တည်း။ သင်တန်းသားသစ်တို့က သတိဆွဲပြီး တောင့်ခံရသည်။
တပ်မတော်က ဒုက္ခသီရိနိုင်ငံအနှံ့ သက်ရှိသက်မဲ့ ဟူသမျှ တို့အပေါ် ဗိုလ်ကျအနိုင်ကျင့်ခြင်းမှာ ဤကျောင်းတော်ကြီးက စနစ်တကျ လေ့ကျင့်ပုံသွင်းပေးလိုက်ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပေတော့သည်။ ဒုက္ခသီရိ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် အဘယ်ကြောင့် အနိုင်ကျင့်ခံနေရသနည်းဟူသော အဖြေ ကို ရန်လိုကျွဲထံ ရင်ဖွင့်လာသူတို့သိအောင် ပြောပြရပေဦးမည်။ ။