ပြန်လာခဲ့ပါ မေတ္တာတေးသံ

ပြန်လာခဲ့ပါ မေတ္တာတေးသံ

၂၀၁၆-မတ်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ အက်ဆေး ဆောင်းပါးဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

ရေကြည်ရာမြက်နုရာအရပ်၊ သင့်တော် လျောက်ပတ်တယ်လို့ ယူဆရတဲ့အရပ် မှာ အခြေချနေထိုင်ရင်း ကိုယ့်ဇာတိမြို့ သံတွဲကို မပြန်ဖြစ်သည့် နှစ်တွေ မကြာ ခဏ ရှိခဲ့ဖူးသည်။ ငယ်တုန်းရွယ်တုန်းမှာ တော့ အတွေ့အကြုံအသစ်တွေ ရှာဖွေ ရင်း၊ အသိပညာအသစ်တွေ ဆည်းပူးရင်း ဇာတိမြို့ကို မေ့ဖျောက်ထားခဲ့ရဖူးသည်။

သို့သော် အသက်အရွယ်ကလေး ရလာသည်နှင့်အမျှ ဇာတိမြို့သည် လွမ်းစရာဖြစ်လာ၏။ မကြာခဏ ပြန်ချင်မိလာ၏။ ငယ်စဉ်ကလေးဘဝက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်ဒေသတည်းသား ငယ်သူငယ်ချင်းများ၏ မျက်နှာတို့ကို မြင် ယောင်လာမိသည်။ ဒေသထွက်အစားအစာလေးများကို လွမ်း သည်။ မွေးရပ်မြေကို ခြေချချင်သည်။ မွေးရပ်မြေ၏ လေကို ရှူရှိုက်ချင်သည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါခဲ့သည့် နှစ် များစွာရှိခဲ့လေသည်။

ကျွန်မတို့မြို့တွင် ကမ္ဘာပေါ်၌ အထင်ရှားဆုံး ဘာသာကြီး လေးခုဖြစ်သည့် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ တို့ကို အသီးသီး ကိုးကွယ်ကြသည့် ဘာသာဝင်များ နေထိုင်ကြ သည်။ မိမိတို့ ယုံကြည်သက်ဝင်မှုအလိုက် လွတ်လပ်စွာ ကိုးကွယ် ကာ ပြဿ  နာတစ်စုံတစ်ရာမရှိဘဲ နှစ်ကာလများစွာ အတူတကွ နေထိုင်ခဲ့ကြသည်။ အတူတကွ ရောင်းဝယ် ဖောက်ကားကြသည်။

ဘာသာရေး ပွဲတော်များရှိလျှင် အပြန်အလှန်သွားရောက် လည်ပတ်ကြသည်။ ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော်များ တွင် အလှူမုန့်ပဲသရေစာများကို ဘာသာမတူသူ မိတ်ဆွေများထံ ဝေကြငှကြသည်။ အစ္စလာမ်ဘာသာဝင်များ၏ အိဒ်နေ့ပွဲတော် တွင် ဗုဒ္ဓဘာသာဝင် မိတ်ဆွေများက စမိုင်ဆိုသည့် မုန့်ကို တခုံ တမင် သွားစားကြသည်။ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ္စမတ် ပွဲတော် ပျော်ပွဲရွှင်ပွဲများကိုလည်း သွားရောက်လည်ပတ်ကြသည်။

ငယ်စဉ်က ကျွန်မတို့ သူငယ်ချင်းတစ်စုသည် စာနီတောင် ဟုခေါ်သည့် ခရစ်ယာန်ဘုရားကျောင်းတောင်ကုန်းပေါ်တွင် ကျင်းပသော ဂျူဗလီပွဲတော်၌ ရခိုင်ရိုးရာ အကယိမ်းအဖွဲ့တွင် ဝင်ကကာ ပါဝင်ဆင်နွှဲခဲ့ဖူးသည်။

ကိုးကွယ်ယုံကြည်ရာ ဘာသာတရားမတူသည့် ကလေး ငယ်များသည် စာသင်ကျောင်းများတွင် အတူတကွ ပညာသင် ကြားကြသည်။ အတူတကွ ဆော့ကစားခဲ့ကြသည်။ တစ်မြေ တည်းတွင်နေ၍ တစ်ရေတည်းသောက်ကာ အတူတကွ ကြီးပြင်း ခဲ့ကြသည်။

ကျွန်မတို့ငယ်စဉ်ကာလတစ်လျှောက်တွင် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ စာသင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများ၏ ထက်ဝက်ခန့်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ဆရာ၊ ဆရာမများ ဖြစ်ခဲ့ကြသည်။ ဝလုံးကလေးများ ဝိုင်းဝိုင်း ရေးရန် သင်ပေးခဲ့သည့် အစ္စလာမ်ဘာသာဝင် ဆရာမကြီးများကို ကျွန်မ ယနေ့တိုင် မမေ့နိုင်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်မုန်းလ ကထိန် ပွဲတော်တွင် စာသင်ကျောင်းများ၌ ပဒေသာပင်များသီးကြရ သည်။ ကျောင်းကထိန်အတွက် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ များသို့ အလှူခံထွက်ကြလျှင် အစ္စလာမ်ဘာသာကိုးကွယ်သည့် ယောက်ျားလေးသူငယ်ချင်းများက စက်ဘီးနင်း၍ လိုက်ပို့ပေး ကြသည်။ တစ်အိမ်ဝင် တစ်အိမ်ထွက်ကာ ဝိုင်းဝန်း၍ အလှူခံပေး ကြသည်။

မိမိတို့အတန်းမှ ပဒေသာပင်အလှဆုံးဖြစ်စေရန် ကျောင်း သား၊ ကျောင်းသူများ တက်ညီလက်ညီနှင့် ပဒေသာပင်ကို အလှဆင်ကြသည်။ ကျွန်မတို့ငယ်စဉ်က ထိုသို့ အားကြိုးမာန် တက် ပဒေသာပင် အလှဆင်နေသူများထဲတွင် အစ္စလာမ်ဘာ သာကိုးကွယ်သည့် သူငယ်ချင်းများလည်း ပါဝင်သည်။ ပိုက်ဆံ ကျပ်တန် အသစ်များကို ပဒေသာပင်တွင် ချိတ်ဆွဲရန် ငှက်ရုပ် ကလေးများ၊ ရှပ်အင်္ကျီပုံစံလေးများ၊ ကြယ်ပွင့်လေးများ စသဖြင့် ပုံစံမျိုးစုံဖြင့် ခေါက်ကြသည်။ တစ်ခါတစ်ရံတွင် မွတ်စလင် သူ ငယ်ချင်းများ၏ စိတ်ကူးနှင့် လက်ရာတို့မှာ ကောင်းလွန်းသဖြင့် ကျွန်မတို့က အတုယူကြသည်။ ကျွန်မတို့နည်းတူ သူတို့လည်း ပျော်ရွှင်ကြသည်။

ကျွန်မနှင့် ငယ်စဉ်ကတည်းက တတွဲတွဲခင်မင်ခဲ့ပြီး ယနေ့ တိုင် တိုက်ဆိုက်မှုရှိတိုင်း လွမ်းဆွတ်သတိရသည့် ငယ်သူငယ် ချင်းများတွင် ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများသာမက အစ္စလာမ် ဘာသာဝင် ငယ်သူငယ်ချင်းများလည်း ပါသည်။ ခရစ်ယာန် ဘာသာဝင် ငယ်သူငယ်ချင်းများလည်းပါသည်။ ကျွန်မ၏ မိဘ များသည် မည့်သည့်အခါကမျှ ‘ဘာသာခြားများနှင့် သူငယ်ချင်း မလုပ်ရ၊ မခင်မင်ရ’ ဟု ပြောဆိုခဲ့ခြင်း မရှိ။

ထိုသူငယ်ချင်းများသည် မည်သည့်အခါကမျှ ကျွန်မအား အနိုင်ကျင့်ခြင်း၊ အကောက်ကြံခြင်း၊ ချောက်ချခြင်း မကြုံဖူးခဲ့။ ကျွန်မကသာ သူတို့အပေါ် ဗိုလ်ကျခဲ့ဖူးသည်။ အနိုင်ယူခဲ့ဖူးသည်။ ကျွန်မနွဲ့ဆိုးဆိုးတိုင်း ရယ်ကျဲကျဲဖြင့် အလျှော့ပေးတတ်သည့် ဘာသာခြားသူငယ်ချင်းများကို ကျွန်မ ကောင်းစွာမှတ်မိနေဆဲ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော်၊ မူလတန်းကျောင်းသူ အရွယ်က ကျွန်မတို့မြို့တွင် ‘မေတ္တာတေးသံ’ဟု အမည်ရသည့် အပျော်တမ်းတီးဝိုင်းငယ်လေးတစ်ခု ရှိခဲ့ဖူးသည်။ အပျော်တမ်း ဟု ဆိုသော်လည်း မြို့ငယ်လေးတစ်ခုဖြစ်သည့် ကျွန်မတို့ဒေသ တွင် နာမည်ကြီးသည်။ လူကြိုက်များသည်။ ပွဲလမ်းအခမ်းအနား တစ်ခုရှိလျှင် မေတ္တာတေးသံအဖွဲ့ကို ငှားကြသည်။ အဖွဲ့ကပင် တီး ခတ်ရသည်။ ဆိုကြရသည်။ ကကြရသည်။ သြင်္ကန်၊ သီတင်းကျွတ် ကဲ့သို့ ဘာသာရေးပွဲတော် အခမ်းအနားများတွင်လည်း ပြဇာတ်များ ကကြသည်။ နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ်များ လာ လျှင်လည်း မေတ္တာတေးသံက တာဝန်ယူ ဖျော်ဖြေရသည်။

ထိုတီးဝိုင်းတွင် ပါဝင်သူများသည် တစ်ဦးနှင့် တစ်ဦး မောင် နှမ ရင်းချာများကဲ့သို့ ချစ်ချစ်ခင်ခင်ရှိပြီး ကူညီရိုင်းပင်းကြသည်။ စုစုစည်းစည်းရှိပြီး အမြဲတစေ တက်ကြွနေတတ်သည့် အဖွဲ့ဝင် များအနက် ကျွန်မ၏အဒေါ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ကျွန်မငယ်စဉ်က အဒေါ်၏ ထိန်းကျောင်းပြုစုခြင်းကို ခံခဲ့ရသူ ဖြစ်ရာ သူသွားသမျှ နေရာတိုင်းကို ကျွန်မအား ခေါ်ဆောင်သွား လေ့ရှိသည်။ မေတ္တာတေးသံအဖွဲ့၏ အက၊ အဆို၊ အတီးလေ့ကျင့် သည့် နေရာများသို့ လိုက်ရသည်။ များသောအားဖြင့် ကျွန်မ မှတ်မိသလောက် ထိုစဉ်က မ.ယ.က ရုံးဟုခေါ်သည့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဇာတ်တိုက်ရသည်။

တစ်ခါက မေတ္တာတေးသံ အဖွဲ့ဝင်တစ်ဦး၏ နေအိမ်သို့ သွားကာ တီးကြဆိုကြသည့် ညတစ်ညကို ကျွန်မကောင်းစွာ မှတ်မိနေသည်။ ကင်ဆာရောဂါကြောင့် မကြာခင် ရက်ပိုင်း အတွင်း ဘဝကူးတော့မည့် သူ၏ နောက်ဆုံးအချိန်တွင် မေတ္တာ တေးသံ ဝိုင်းတော်သားများ၏ အတီးအဆိုဖြင့် နှုတ်ဆက်စေချင် သည်ဟုဆိုကာ သူက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေသည့် မိတ်ဆွေကြီးကို နှုတ်ဆက်နေသော တီးမှုတ်သံများ၊ သီချင်းသံများနှင့် မျက်ရည်စ များကို ကျွန်မ မည်သို့ မေ့၍ ရပါမည်နည်း။

ထိုအရာသည် မေတ္တာတေးသံအဖွဲ့ကို ကျွန်မ စွဲစွဲထင်ထင် မှတ်မိနေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မေတ္တာတေးသံ အဖွဲ့တွင် ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ခဲ့သလို အစ္စလာမ် ဘာသာဝင်များလည်း ပါဝင်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး ရင်းနှီး ချစ်ခင်ကာ ငြိမ်းချမ်းလှပသော၊ အတုယူဖွယ်ကောင်းသော လူ့အသိုက်အဝန်းလေးတစ်ခု ဖြစ်ခဲ့သည်။ မေတ္တာတေးသံ ထုံမွှမ်း သော လူ့အသိုက်အဝန်းကလေးဟု ကျွန်မက တင်စားချင်သည်။ သူတို့အသက်တွေကြီးသွားသော် သူတို့၏ သားသမီးမျိုးဆက်များ ဖြစ်သည့် ကျွန်မတို့သည် ငယ်သူငယ်ချင်းများ ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် ၁၅နှစ်ခန့်က ကျွန်မ ဇာတိမြေမှ ထွက်လာ သည့်အချိန်တွင် မေတ္တာတေးသံအဖွဲ့၏ လှုပ်ရှားမှုများကတဖြည်း ဖြည်း တိမ်မြုပ်ပျောက်ကွယ်နေပေပြီ။ တစ်ချိန်က တက်တက်ကြွ ကြွနှင့် ပွဲတိုင်းကျော်ခဲ့သည့် အဖွဲ့ဝင်များသည်လည်း အသက်တွေ ကြီးကာ မိသားစုတာဝန်များနှင့် မအားလပ်နိုင်ကြတော့။ ကျွန်မ တို့ မျိုးဆက်သည်လည်း အပျော်တမ်းတီးဝိုင်းတစ်ခုဖြစ်သည့် မေတ္တာတေးသံကို အမွေဆက်ခံသော မျိုးဆက် ဖြစ်မလာခဲ့။ ရေ ကြည်ရာမြက်နုရာကို ဝေးလွင့်ထွက်ခွာသွားရမည့် မျိုးဆက်ဖြစ် လာခဲ့သည်။

တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ခဲ့သည့် အခြားသော အတိတ်ကာလ သာဓကများစွာရှိခဲ့သည်။ ကျွန်မ တို့မြို့၏ အချို့ ရပ်ကွက်နှင့် ကျေးရွာများသည် မိုးရာသီတွင် ရေကြီးရေလျှံ၍ နွေရာသီတွင် ရေအလွန်ရှားပါးသည့် ရပ်ကွက် များဖြစ်သည်။ ကျွန်မတို့ငယ်စဉ်က သောက်သုံးရေရရှိရန်အတွက် ရေစည်တွန်းလှည်းကြီးများတွန်းကာ ယခု တောင်ဘက်ကား ဂိတ်ရှိ ရေတွင်းများ၌လည်းကောင်း၊ ဗလီတောင်ဟု လွယ်လွယ် ခေါ်သည့် ဗလီကြီးခြံဝင်းထဲ၌လည်းကောင်းရေသွားခပ်ရသည်။ ဗလီမှ တာဝန်ရှိသူများကလည်း လူမျိုးမရွေး၊ ဘာသာမရွေး ရေခပ်ခွင့်ပြုခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မတို့ရပ်ကွက်၌ အုတ်ရေကန်ငယ် တစ်ခု တည်ဆောက်ခဲ့သည်။ ထိုရေကန်အတွက် အလှူငွေများ မတည်လှူဒါန်းသူများအနက် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ အစရှိသည့် အိမ်ဆောက်ပစ္စည်းများ ရောင်းချသည့် အစ္စလာမ် ဘာသာဝင် မာမူကြီးမိသားစု၏အလှူလည်း ပါဝင်ခဲ့သည်။

အလားတူ မိုးတွင်းကာလ ရေကြီးရေလျှံသည့် ကျေးရွာ များတွင် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများ ပါဝင်လေ့ရှိရာ ဗုဒ္ဓဘာသာဝင်များက ထမင်းထုပ်များ ဝိုင်း၍ ပို့ကြသည်။ အရေးကြီးလျှင် သွေးစည်းကာ အပြန် အလှန်ကူညီရိုင်းပင်းခဲ့သည့် အလေ့အထကောင်းလေးများ ဖြစ် လေသည်။

ကျွန်မမွေးဖွားကြီးပြင်းရာမြို့သည် ခေတ်အဆက်ဆက် အေးချမ်းတည်ငြိမ်ခဲ့သည့်မြို့ဟု ဘိုးဘွားများက ပြောစမှတ် ပြုခဲ့ကြသည်။ လွတ်လပ်ရေး ကာလနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်များ၊ နယ်မြေမအေးချမ်းမှုများသည် ကျွန်မတို့မြို့နှင့် ဝေးလွန်းလှသည်။ တစ်မိုးလုံးဖျောက်ဆိပ်ဖြစ်ခဲ့သည့် ကွန်မြူ နစ်များ ကြီးစိုးသည့်ခေတ်တွင်လည်း ကျွန်မတို့မြို့ ၌ ကြီးကြီး မားမား ဆိုးရွားသည့် အခြေအနေများ မရှိခဲ့ဟု ဆိုသည်။

သို့သော် လွတ်လပ်ရေး ရပြီးကတည်းက မငြိမ်သက်ခဲ့သည့် မြန်မာ့နိုင်ငံရေး ပြဿ      နာသည် ပုံစံအမျိုးမျိုးဖြင့် ယနေ့တိုင် ရှုပ် ထွေးနေဆဲဖြစ်ရာ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း အပေါ် ယံအမြင်တွင် ဘာသာရေး၊ လူမျိုးရေးပြဿ      နာဟု အထင် ရောက်စေသည့် နိုင်ငံရေးအရ ဖြေရှင်းရမည့် ပြဿ      နာတစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

ထိုပြဿ      နာသည် အေးချမ်းတည်ငြိမ်သည့်ဂုဏ်ကို ခေတ် အဆက်ဆက်ထိန်းနိုင်ခဲ့သည့် ကျွန်မတို့ မြို့သို့ ကူးစက်ခဲ့သည်။ ကျွန်မ မွေးဖွားကြီးပြင်းခဲ့သည့် မြို့ကလေးသည် ညမထွက်ရ အမိန့်အောက်၌ နှစ်နှင့်ချီ၍ ဖြတ်သန်းခဲ့ရသည်။ ရန်ကုန်မြို့တွင် အခြေချနေထိုင်ခဲ့သည့် ကျွန်မသည် ထိုပြဿ      နာများကို ကိုယ် တွေ့မကြုံခဲ့ရ။ သို့သော် မိဘဆွေမျိုးများ အားလုံးအတွက် စိုးရိမ် ပူပင်ရသည့် စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံကိုတော့ ထိုကာလ တစ်လျှောက်လုံး ခံစားတွေ့ကြုံခဲ့ရသည်။

နေဝင်မီးငြိမ်း အမိန့်ထုတ်ပြန်ထားဆဲ နှစ်တစ်နှစ်က ကျွန်မမိဘများထံသို့ အလည်ပြန်ခဲ့သည်။ ထိုစဉ်က မြင်ကွင်းများ ကို ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။

မြို့တစ်မြို့၏ လူအစည်ကားဆုံးနေရာဖြစ်သည့် မြို့မဈေး တစ်ဝိုက်တွင် ဈေးသည်ဈေးဝယ်တို့သည် ဟိုမှသည်သို့ ခပ် သုတ်သုတ် သွားလာလျက် ရှိသည်။ ဆိုင်ရှင်တို့သည် ခင်းကျင်း ထားသော ရောင်းကုန်များကို သိမ်းဆည်းရန် ဟန်ပြင်နေကြ လေ၏။ ညနေ ၆ နာရီ မထိုးမီ အချိန်ကတည်းကပင် မြို့ရှိ လမ်းမ များပေါ်တွင် လူသွားလူလာ ကျဲပါးလာလေပြီ။

ပုံမှန်အားဖြင့်ဆိုလျှင် လူငယ်လူရွယ်တို့သည် သည်လို နေဝင်ဖျိုးဖျောက်အချိန်တွင် ညနေခင်း၏ အရသာကို ခံစားရန် ဖြစ်စေ၊ စက်ဘီးကလေးစီးကာ လေညင်းခံရန်ဖြစ်စေ၊ လက် ဖက်ရည်ဆိုင်ထိုင်ကာ ရောက်တတ်ရာရာ ငြင်းကြခုံကြရန် ဖြစ် စေ မြို့လယ်ကောင် လမ်းမီးတိုင်များအောက်တွင် လမ်းသလား လျက် ရှိတတ်ကြသည်။

အစည်ကားဆုံးအချိန်ဖြစ်သည့် ညဦးပိုင်းတွင် လက်ဖက် ရည်ဆိုင်များ ပိတ်ထားခြင်းက ပုံမှန်မဟုတ်သော အခြေအနေကို ဖော်ပြလျက် ရှိသည်။ တိတ်ဆိတ်သော လူနေရပ်ကွက်များက သက်သေပြလျက်ရှိသည်။ ပုံမှန်အားဖြင့် လပြည့်လကွယ် ညဦး ပိုင်းများတွင် မြို့လယ်ကောင်ရှိ သာသနာ့ဗိမာန်မှ ဓမ္မစြင်္ကာရွတ် ဆိုပူဇော်လေ့ရှိသော်လည်း ထိုစဉ်က လပြည့်ညသည် တိတ်တိတ် ဆိတ်ဆိတ် ရှိနေပေ၏။

ညနေ ငါးနာရီကျော်လျှင် လမ်းထိပ်တိုင်းတွင် နံပါတ်တုတ် တစ်ချောင်း၊ သေနတ်တစ်လက် ကိုင်ထားသည့် လုံထိန်းရဲ တစ် ယောက်စီ နေရာယူထားသည်။ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် ကာလဖြစ်ရာ မြန်မာအမျိုးသမီးဘောလုံးအသင်းကို လက်ခုပ် လက်ဝါးတီး၍ အားရပါးရ အားပေးနေသော ကလေးများကို အမေက ”ဟဲ့… ခပ်တိုးတိုး ကြည့်ကြစမ်း။ နင်တို့အသံတွေကြောင့် လမ်းထိပ်က ပတ္တရောင်တွေ လာမေးနေဦးမယ်”ဟု ဟန့်သံ ခပ် အုပ်အုပ်ကို ကြားရသည်။

လူတို့သည် အရေးပေါ်ကိစ္စကြောင့် တစ်ရပ်ကွက်မှ တစ် ရပ်ကွက် ကူးချည်းသန်းချည် လုပ်မည်ဆိုလျှင် လမ်းထိပ်မှ လုံ ထိန်းရဲများကို အကြောင်းကြား၍ သွားနိုင်သည်။ အကြောင်း ပြချက်ကောင်းဖို့ လိုသည်။ သို့သော်လည်း နားလည်မှုသာ ဖြစ် သည်။ ကျန်းမာရေးကိစ္စကြောင့် ဆေးရုံသို့ သွားရမည်ဆိုလျှင် ရပ်ကွက်လူကြီးထောက်ခံစာ ပါရန်လိုအပ်သည်။

ထိုမြို့တွင် မွေးကာ ထိုမြို့ ၌ပင် ကြီးပြင်းခဲ့သည့် ကျွန်မသည် ယခင်က အေးချမ်းတည်ငြိမ်လှသည့် ဇာတိမြို့ တွင် ပထမဆုံး ကြုံတွေ့ရသော ပုဒ်မ ၁၄၄ ကြောင့် ထူးဆန်းသည်။ အနေကျဉ်း ကျပ်ကာ မနေတတ်သလို ဖြစ်သည်။ ပြန်မဆုံတာ ကြာပြီဖြစ်သည့် ငယ်သူငယ်ချင်းများနှင့် ညနေခင်း လက်ဖက်ရည်ဆိုင် စကားဝိုင်း လုပ်ခွင့်မရသဖြင့် စိတ်ထဲတွင် မကျေမချမ်း ဖြစ်မိသည်။ တစ် ဖက်ရပ်ကွက်ရှိ ဆွေမျိုးသားချင်းများထံ ပုံမှန်လို လွတ်လွတ် လပ်လပ် သွားလာလည်ပတ်၍ မရသည်ကို ဘဝင်မကျ။

ဘဝင်မကျစရာကောင်းသည့် အခြားအရာတစ်ခုမှာ ”ဒီအချိန်မှာ မွတ်စလင်သူငယ်ချင်းတွေနဲ့ ရောရောထွေးထွေး မပေါင်းနဲ့နော်”ဆိုသည့် ရပ်နီးဆွေမျိုးတချို့၏ သတိပေးစကား လုံးများပင်ဖြစ်သည်။ ဇာတိမြေတွင် ရက်ရှည်နေထိုင်ခဲ့သော် လည်း ထိုစဉ်က ငယ်သူငယ်ချင်းအများစုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍သာ နှုတ်ဆက်ခဲ့ရသည်။ လူချင်းမဆုံဖြစ်ခဲ့ကြ။ ငယ်စဉ်က ဝလုံးဝိုင်းဝိုင်း အရေးသင်ပေးခဲ့သည့် ဆရာမကြီး များထံ သွားရောက်နှုတ်ဆက်ကန်တော့မည့့် အစီအစဉ်ကို ဖျက် သိမ်းခဲ့ရသည်။

ထိုကာလအတွင်း အိမ်တိုင်းတွင် အ္တနရာယ်ကို ခုခံ ကာကွယ်မည့် လက်နက်များ ဆောင်ထားကြသည်။ ညဘက် ခွေးဟောင်သံကြားလျှင်ပင် ခေါင်းထောင်ထကြည့်နေရသည့် အနေအထားဖြစ်သည်။ စိုးရိမ်ကြောင့်ကြစိတ်ဟူသည် လူမျိုး၊ ဘာသာ မခွဲခြား။ နေရာအနှံ့မှ ပုံစံအမျိုးမျိုးနှင့် ရောက်လာ တတ်သည့် ကောလာဟလများက သောကမီးကို လေပင့်ပေးနေ သလို ရှိလေ၏။

ကျွန်မတို့မြို့ကလေးတွင် ယခင်တုန်းက ရှိခဲ့ဖူးသည့် အေး ချမ်းမှုနှင့် မေတ္တာတေးသံ ထုံလွှမ်းခဲ့သည့် နေ့ရက်များကို ပြန် တမ်းတမိသည်။ ထိုအရာများသည် ကာလတိုတစ်ခုအတွင်း ပျက် သုဉ်းသွားခဲ့လေသည်။

ထိုစဉ်ကတည်းက အလည်မပြန်ဖြစ်ခဲ့သည့် ဇာတိမြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာရုံးပိတ်ရက်အတွင်း တစ်ခေါက် ပြန်ဖြစ်ခဲ့ သည်။ ယခင်အကြိမ်များထက် ပို၍ကြာကြာနေခဲ့သည်။

ဒီတစ်ကြိမ်သည် ဟိုးယခင်နှစ်ပြန်ခဲ့တုန်းကလို မဟုတ် တော့။ ကျွန်မတို့မြို့ကလေး၏ အေးချမ်းမှုကို ပြန်၍ မြင်ခဲ့ရသည်။ နေဝင်မီးငြိမ်းအမိန့်လည်း ပြန်လည်ရုပ်သိမ်းထားသည်မှာ ကြာ လှပြီဖြစ်ရာ အချိန်မရွေး လွတ်လပ်စွာ သွားလာနိုင်ကြပြီ။ ယခင် က ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့သည့် ပွဲလမ်းသဘင်များ ကိုလည်း လွတ်လပ်စွာကျင်းပနေကြပြီး လူငယ်တို့သည် ပျော်ရွှင် စွာ သွားလာလည်ပတ်လျက်ရှိကြသည်။

အရာရာသည် ပုံမှန်အတိုင်းနီးပါး ဖြစ်လျက်ရှိသည်။ သို့ သော် ဘာသာမတူသည့် မိတ်ဆွေများကြားတွင် မမြင်နိုင်သည့် စည်းက ခြားလိုက်ပြီဖြစ်သည်။

ယခင်က မိသားစုများသဖွယ် ရင်းနှီးပေါင်းသင်းခဲ့ကြသည့် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်မိတ်ဆွေများသည် ယခုမူကား ပြုံးပြ နှုတ်ဆက်ရုံ ဆက်ဆံရေးအသွင် ပြောင်းလဲသွားကြသည်။ အချို့ ဆိုလျှင် ယခင်ကကဲ့သို့ ဆက်ဆံရေးမျိုးအတိုင်း ဆက်လက်နေ ထိုင်သွားရန် ဆန္ဒရှိကြသော်လည်း ဘေးပတ်ဝန်းကျင်ဖိအားများ ကြောင့် လက်တွေ့တွင် မဖြစ်နိုင်သေးသည်လည်း ရှိသည်ကို မြင် တွေ့ရ၏။

”ခေါ်ပြော နှုတ်ဆက်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ ရှိနေတဲ့ သံသယစိတ်က ကြီးသွားပြီလေ။ သူကလည်း ကိုယ့်ကို သံသယရှိတယ်။ ကိုယ်ကလည်း သူ့ကို မယုံ။ ရေရှည်မှာ ဒီလိုဖြစ်နေမယ်ဆိုရင် ဖွံ့ဖြိုးရေးကို အများကြီး ထိခိုက်နိုင်တယ်။ လုပ်ငန်းကိုင်ငန်းတွေလည်း ထိခိုက်တယ်”ဆိုသည့် မိတ်ဆွေ တစ်ဦး၏ စကားက ကျွန်မအတွက် အတွေးပွားစရာ ဖြစ်ခဲ့သည်။

အစဉ်အဆက် အေးချမ်းတည်ငြိမ်ခဲ့သည့် ကျွန်မတို့မြို့ သည် နေဝင်မီးငြိမ်း အမိန့်ထုတ်ပြန်ထားဆဲ ကာလများက မငြိမ်း ချမ်းခြင်း၏ အတွေ့အကြုံကို ခံစားခဲ့ဖူးပြီ။ ယခု ပြန်လည်အေးချမ်း တည်ငြိမ်လာသည်ကို အခွင့်ကောင်းယူကာ ပိုမိုဖွံ့ဖြိုးတိုးတက် မည့် အခြေအနေဆီသို့ ခြေတစ်လှမ်းထပ်၍ လှမ်းရဦးမည် ဖြစ်သည်။

နိုင်ငံရေးအရ ဖြေရှင်းရမည့် ပြဿ      နာကို နိုင်ငံရေးအရ ဖြေရှင်းပေးရန် ထောက်ပြတောင်းဆိုရုံမှတစ်ပါး အခြားမရှိပေ။ အလားတူ တရားစီရင်ရေးကို လူထုက ယုံကြည်ရန် တာဝန်ရှိ သူများ ကြိုးစားအားထုတ်သင့်သည်။ လူတန်းစား မခွဲခြားဘဲ ဥပဒေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်ခြင်း မရှိပါက လူတိုင်းသည် ဥပဒေမဲ့ ပြုမူမိကြမည်ဖြစ်ကြောင်း ဖြစ်ပျက်ခဲ့သည့် နမူနာများ က သက်သေခံလျက်ရှိသည်။

ပဋိပက္ခများ၊ ဒေသတွင်း မတည်ငြိမ်မှုများမှ ဝေးရာသို့ အားသွန်၍ ပြေးရဦးမည်။ ယခုလည်း တရွေ့ရွေ့ လမ်းလျှောက် လာခဲ့သည်မှာ ခရီးအတော်ပင်ပေါက်နေပြီဟု ကျွန်မ ယုံကြည်မိသည်။

ယခင်နှစ် အိမ်ပြန်ခရီးက စိတ်ကျဉ်းကျပ်မှုများ၊ စိုးရိမ်ပူပန် မှုများနှင့် ကြုံခဲ့ရသည်။ ယခုနှစ် အိမ်အပြန်ခရီးက ထိုသို့ မဟုတ် တော့ပေ။ သို့သော် အုပ်ချုပ်ရေး အာဏာပိုင်တို့၏ တာဝန်မကျေ ပွန်မှုများ၊ လူထုအပေါ် မညှာတာမှုများကို မြင်တွေ့နေရဆဲဖြစ် သည်။ အချို့အချို့သော လူထုအသိုင်းအဝိုင်းသည်လည်း ဒေါသ ဖြင့် တုံ့ပြန်ရန် အသင့်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

ကျွန်မတို့ငယ်စဉ်က အမြဲတစေ အေးချမ်းခဲ့သည့် အစဉ် အလာကို ကျွန်မတို့ မြို့ကလေးမှ ဒေသခံစစ်စစ်များက ဝိုင်းဝန်း ထိန်းသိမ်းဖို့လိုသည်။ ဘေးစကားများ၊ သွေးထိုးမှုများကို အထူး သတိပြုရဦးမည်။ ခါးသီးဖွယ်နာကြည်းချက်များကို အဖန် တလဲလဲ အစဖော်ကာ နောက်မျိုးဆက်များကို အမုန်းတရားဖြင့် ချန်ထားခဲ့လျှင် ကျွန်မတို့ တရားခံဖြစ်မည်။

လူတိုင်းမျှော်လင့်နေမည့် ထိုအခြေအနေကို အသစ်ပြန် လည်တည်ဆောက်ရန် ဘာသာပေါင်းစုံ အတူတကွ ဝိုင်းဝန်း အဖြေရှာကာ လက်ကိုမြဲမြဲတွဲထားမှသာလျှင် ပို၍ ကြံ့ကြံ့ခံနိုင် မည် ဖြစ်ပေသည်။

ထိုလက်တွဲထားသည့် အဝန်းအဝိုင်းအတွင်းတွင် ငြိမ်းချမ်း စွာ ပညာသင်ကြားနေသည့် မိမိတို့ မျိုးဆက်သစ်များ၊ အတူယှဉ် တွဲ ဆော့ကစားနေသည့် ကလေးငယ်များနှင့် ပဋိပက္ခကင်းသော လူ့အသိုင်းအဝိုင်းငယ်လေးတစ်ခု တည်ရှိနေသည်ဟု မှတ်ယူစေ လိုပါသည်။ သို့မှသာ သံသယများသည် ကျွန်မတို့၏ နောင်လာ နောက်သား မျိုးဆက်များကို အကြိမ်ကြိမ် ထိုးနှက်မည့် ဓားသွား များ မဖြစ်စေလို၊ အကြိမ်ကြိမ် လောင်မြိုက်မည့် မီးတောက်မီးလျှံ များ မဖြစ်စေလိုဆိုသည့် ဆုံးဖြတ်ချက်မျိုး ခိုင်မာလာပေမည်။

သို့ဆိုလျှင် ကျွန်မတို့မြို့ကလေးတွင် မေတ္တာတေးသံ လွှမ်း ခြုံလာနိုင်မည့် တစ်နေ့ကို တရွေ့ရွေ့နှင့် ပြန်လည်ရောက်လာ နိုင်မည်ဟု ယုံကြည်မျှော်လင့်မိလေသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."