“လူထုလက်ခံလာအောင် ပြည်သူနားလည်အောင် ပြောဖို့လိုပါလိမ့်မယ်”

 မြစ်ဆုံဆည်တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးခင်မောင်ချစ်နှင့်တွေ့ဆုံခြင်း

မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ဖို့ လိုအပ်ပါသလား။ လူထုက ကန့်ကွက်နေတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို ဘာကြောင့် တည်ဆောက်ဖို့ လိုပါအပ်သလဲ။ မြစ်ဆုံဆည်တည် ဆောက်မယ်ဆိုရင် လူထုအတွက် ဘာတွေအကျိုးရှိပါသလဲ။ တန်ဖရဲကျေးရွာအနီးကို ဘာကြောင့်မြစ်ဆုံဆည်တည် ဆောက်ဖို့ ရွေးချယ်ရပါသလဲဆိုတဲ့အချက်တွေကို သိရှိဖို့အတွက် မူလဧရာဝတီဘက်စုံသုံး မြစ်ဆုံဆည်ကို ဒီဇိုင်းရေးဆွဲခဲ့တဲ့ ဆည်မြောင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း) Engr.professer ဦးခင်မောင်ချစ်နဲ့ တွေ့ဆုံမေးမြန်မှုအချို့ကို ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

မော်ကွန်း။       ။မြစ်ဆုံဆည်ရဲ့ ဒီဇိုင်းကို အန်ကယ်တို့အနေ ဘယ်အချိန်ကစပြီး ဆွဲခဲ့တာလဲဆိုတာပြောပြပေးပါ။

ဦးခင်မောင်ချစ်။                ။ ၁၉၇၄ ခုနှစ်မှာ ဆည်မြောင်းဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအုန်းမြင့်ဟာ ဧရာဝတီရေကြီးမှု အစီရင်ခံစာကို တင်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ဧရာဝတီမြစ်ဆုံတမံကို တန်ဖရဲရွာနားမှာ ဆောက် သင့်တယ်လို့ အချက်အလတ်အချို့နဲ့ တင်ပြခဲ့ပါတယ်။ အသေးစိတ်တွက်ချက်မှု မပါခဲ့ဘူး။ ဒါပေမဲ့ အန်ကယ်ဆယ်မြောင်းဌာနမှာ ညွှန်ကြားရေးမှူး(ဒီဇိုင်း)ဖြစ်တဲ့အချိန်မှာ ဦးဇော်ဝင်းရှိန်နဲ့အန်ကယ်အတူ ၂၀၀၂ ခုနှစ်မှာ ဧရာဝတီမြစ်ဆုံနဲ့ ဘက်စုံစီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။

မော်ကွန်း။       ။ ဘာကြောင့်မြစ်ဆုံတည်ရှိတဲ့နေရာကို ဆည်တည်ဆောက်ဖို့  ရေးဆွဲခဲ့တာလဲ။ တစ်ခြားနေရာမှာ တည်ဆောက်လို့မရဘူးလား။

ဦးခင်မောင်ချစ်။                ။ ဧရာဝတီမြစ်ဆုံရဲ့ တန်ဖရဲရွာနေရာက ရေဝင်ဧရိယာဟာ ၁၆၀,၀၀၀ စတုရန်းမိုင်ရှိပါတယ်။ အဲဒီ ၁၆၀,၀၀၀ စတုရန်းမိုင်ရဲ့ ရေစီးရေလာဟာ တစ်နှစ်ကို ဧကပေ သန်းတစ်ရာခန့်ရှိပါတယ်။  ဧရာဝတီမြစ်ကြီးရဲ့ တစ်နှစ်တာ ရေစီးရေလာဟာ ဧကပေသန်းလေးရာရှိတဲ့အတွက် ဧရာဝတီမြစ်ဆုံနေရာဟာ ဧရာဝတီမြစ်ကြီးရဲ့ လေးပုံ တစ်ပုံခန့်ရှိတဲ့ တန်ဖရဲရွာနေရာက ရေလှောင်အားကောင်းတဲ့အတွက် မြစ်ဆုံဆည်ကို စဉ်းစားခြင်းဖြစ်ပါတယ်။

တစ်ခြားရေလှောင်အားကောင်းတဲ့နေရာက ဗန်းမော်မြို့အောက်နားမှာရှိသော်လည်း ဗန်းမော်မြို့ကြီးပါဝင်သွားမှာဖြစ်တဲ့ အတွက် ထည့်သွင်းစဉ်စားခြင်း မပြုတာဖြစ်ပါတယ်။ ဒါကြောင့် ဆည်မြောင်းဌာနကလည်း ဒေါက်တာအုန်းမြင့်ရဲ့ အစီရင်ခံ စာကို အခြေခံပြီးသော်လည်းကောင်း၊ နောက်ထပ်တိုင်းတာ တွက်ချက်မှုအရလည်းကောင်း တန်ဖရဲရွာအနီးမြစ်ဆုံ စီမံကိန်းကိုရေးဆွဲ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

မော်ကွန်း။       ။ မြစ်ဆုံဆည်တည်ဆောက်မှုကို လူထုကလည်းလက်မခံဘူး။ ဆရာတို့ အင်ဂျင်နီယာဘက်ကတော့ မဖြစ်မနေဆောက်ရမယ်ဆိုတော့ ဘယ်လိုမြင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ လူထုအနေနဲ့ကတော့ လောလောဆယ် တရုတ်ကတည်ဆောက်တဲ့ဆည်ဟာ လျှပ်စစ်မီးရရုံ လေးအတွက် တည်ဆောက်တယ်ဆိုတာကို နားလည်လို့ပဲလား၊ တိုင်းပြည်အတွက် ရေကြီးရေလျှံမှုကို အကျိုးမပြုတာကို သိလို့ကန့်ကွက်တာလားတော့မသိပါဘူး။ အန်ကယ်အနေနဲ့ကတော့ ဒီနှစ်ချက်ကို အကျိုးမပြုတာနဲ့ပဲ ကန့်ကွက်ပါတယ်။

တရုတ်က ဆောက်မယ့်ဆည်ဟာ လျှပ်စစ်မီးပဲ ထွက်ရှိပြီးတော့ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီရဲ့ ရေဘေးကာကွယ်ရေးမပါတဲ့အတွက် ကန့်ကွက်ပါတယ်။ နောက်ပြီးတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ရေကြောင်းကြပ်နေတဲ့ ဧရာဝတီမြစ်ကြီး ပြန်လည်ရေစီးကောင်းလာဖို့ ရည်ရွယ်ချက်မပါဘူး။ ဒါကြောင့် ကန့်ကွက်ပါတယ်။ အန်ကယ်တို့ ဆည်မြောင်းဌာနကဆွဲတဲ့ ဧရာဝတီဘက်စုံစီမံကိန်း မြစ်ဆုံကိုပဲ ဆက်ပြီး အဆိုပြုပါတယ်။

မော်ကွန်း။       ။ အစိုးရအသစ်အနေနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဘာကြောင့်တည်ဆောက်ဖို့ လိုအပ်တာလဲဆိုတာကို ပြောပြပေးပါ။

ဦးခင်မောင်ချစ်။                ။ ဧရာဝတီမြစ်ဆုံဘာကြောင့်တည်ဆောက်ရသလဲဆိုရင် တစ်အချက် ဧရာဝတီမြစ်ဝကျွန်းပေါ် ရေဘေးကာကွယ်ရေးအတွက် တည်ဆောက်ဖို့လိုတာပါ။ ၁၉၇၄ ဧရာဝတီ ရေကြီးမှုဖြစ်စဉ်မှာ ဟင်္သာတရေမှတ် ၄၇ လက်မနဲ့ တာတမံများပျက်စီးပြီး ဝက်ဝက်ကွဲရေကြီးဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ မြစ်ဆုံဆည်ရေလှောင်လိုက်ရင် ဟင်္သာတ ရေမှတ်လေးပေလျော့သွားမှာဖြစ်တယ်။ နှစ်အချက်ကတော့ ဖေဖော်ဝါရီ မတ်လမှာ နွေမှာရေလွှတ်တာကြောင့် နွေရာသီမှာ ဧရာဝတီမြစ်ရေက  ရေတိမ်ခြင်းကို လေးပေကနေ ခြောက်ပေအထိ မြင့်တက်လာမှာဆိုတော့ ရေကြောင်းသွားလာမှု အထူးအဆင်ပြေစေမယ်။

သုံးအချက်ကတော့ နွေ၊ မိုး၊ ဆောင်း လျှပ်စစ်မီးထုတ်ပြီး လျှပ်စစ်တွေနဲ့ပဲ ဧရာဝတီမြစ်ရဲ့ ဘယ်နဲ့ညာဘက်မှာရှိတဲ့ စိုက်ပျိုး မြေ ဧကနှစ်သန်းခန့်ကို လျှပ်စစ်ရေတင်စနစ်နဲ့ စိုက်ပျိုးနိုင်မယ်။ လေးအချက်ကတော့ နွေရေတိုးလာလို့ ပင်လယ် ဆားငန်ရေ (Sea Water Intrusion) တိုးလာခြင်းကိုသက်သာသွားမယ်။ မြစ်ရေကျတော့ ပင်လယ်ရေက တိုးတိုးဝင်လာ တယ်။ အဲဒါကိုသက်သာသွားစေမယ်။ ငါးအချက်အနေနဲ့ နွေ၊ မိုး၊ ဆောင်း လျှပ်စစ်မဂ္ဂဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မယ်။

မော်ကွန်း။       ။ အခုဆိုရင် ရာသီဥတုပြောင်းလဲမှုကြောင့် မျိုးစုံဖြစ်နေတယ်။  မြစ်ဆုံက ရာသီဥတုဆိုးရွာမှုကို ဘယ်လိုမျိုး အကျိုးသက်ရောက်နိုင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ ရာသီဥတုပြောင်းလဲမှုက ကမ္ဘာအနှံ့မှာဖြစ်နေတယ်။ ရာသီဥတုပြောင်းလဲမှုက မိုးများမယ့် ဘက်နဲ့ ရေကြီးမယ့်ဘက်ကို အားသန်နေပါတယ်။ ဥပမာပြောရရင် ၁၉၇၄ ဧရာဝတီ ဝက်ဝက်ကွဲရေကြီးမှုထက် ပိုကြီးတာ တွေလာလိုက်ရင် ဟင်္သာတရေမှတ် ၅၀ လက်မဖြစ်လာလိုက်ရင် တာတမံတွေဘယ်လောက်ပျက်စီးပြီး စိုက်ပျိုးမြေတွေ၊ လူနေအိမ်တွေဘယ်လောက်ပျက်စီးသွားမလဲဆိုတာ ခန့်မှန်းတွက်ချက်လို့ရပါတယ်။

ဒီအခြေအနေကိုတားဖို့ဆိုတာ မိုးတွင်းမှာ ဒလဟော စီးလာမယ့်ရေကို တစ်နေရာမှာ အထိုက်အလျောက် ဖမ်းသိမ်းနိုင်မှ သာလျှင် ရေကြီးမှုဟာ သက်သာမယ်လို့ အင်ဂျင်နီယာပညာအနေနဲ့လည်း တွက်လို့ရပါတယ်။ ဒါကြောင့်မို့ အန်ကယ်တို့ ဧရာဝတီမြစ်ရဲ့ ကြီးလာမယ့်ရေကို ဇူလှိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ ဖမ်းသိမ်းဖို့ ဧရာဝတီမြစ်ဆုံနဲ့ ထမံသီ (ချင်းတွင်း မြစ်အထက်) နှစ်နေရာကို စဉ်းစားတာဖြစ်ပါတယ်။

ဟင်္သာတရေမှတ် ၅၀ လက်မလောက်ဖြစ်လာမယ့် ရေကြီးမှုကို ဆည်နှစ်ဆည်ပေါင်းပြီး ဧကပေသန်း ၃၀ လောက် သိမ်းလိုက်ရင် ဟင်္သာတရေမှတ်ဟာ ၄၄ အထက်ကို မကျော်နိုင်တော့ပါဘူး။ ရေအမှတ် ၄၄ ကိုမကျော်တော့ဘူးဆိုရင် ရေကြီးမှုကို ကာကွယ်နိုင်ပါပြီ။ ရာသီဥတုပြောင်းလဲမှုကို မျှော်လင့်မယ်ဆိုရင် မြစ်ဆုံဆည်နဲ့ ထမံသီဆည်တို့ဟာ မဖြစ်မနေ ဆောက်ရမှာဖြစ်ပါတယ်။

ဒီဆည်ကြီးနှစ်ခုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဟာရေကြီးမှု ကာကွယ်ရေးတင်မကပါဘူး။ နွေမှာသိုလှောင်ထားတဲ့ရေ တွေကို ပြန်လွှတ်တဲ့အခါ လျှစ်စစ်မီးရမယ်၊ ရေလွှတ်တော့ ဧရာဝတီမြစ် သင်္ဘောတွေ သွားမရတဲ့ ဖေဖော်ဝါရီ၊ မတ်လတွေ မှာ ရေကြောင်းပြန်လည်မြင့်လာပြီးတော့ သွားလာနိုင်မှာဖြစ်တယ်။ ဧရာဝတီမြစ်ဘေးနဲ့ ချစ်တွင်းမြစ်ဘေးမှာ ဧကသန်းနဲ့ချီ ပြီး စိုက်ပျိုးမြေတိုးလာမယ်။ ဒါကြောင့်မို့ ဒီမြစ်ဆုံဆည်ကြီးဟာ တစ်နေ့မှာတော့ တိုင်းပြည်အတွက် လိုအပ်ချက်ဖြစ်လာ မယ်ဆိုတာကို လူထုကိုရှင်းပြဖို့ အန်ကယ်တို့ အင်ဂျင်နီယာတွေက ကြိုးစားမှာဖြစ်ပါတယ်။

မော်ကွန်း။       ။ အန်ကယ်ကတော့ မဖြစ်မနေ တည်ဆောက်ရမယ်လို့ပြောတယ်။ ဒီမြစ်ဆုံဆည်တည် ဆောက် မယ့်နေရာက ငလျင်ကြောကြီးရှိနေတယ်။ အဲဒါအန္တရာယ်မများလွန်ဘူးလား။

ဦးခင်မောင်ချစ်။                ။ မှန်ပါတယ်။ မြစ်ဆုံဆည်ကြီးဟာ ငလျင်ကြောနဲ့နီးစပ်တဲ့နေရာမှာ ရှိပါတယ်။ အဲဒီငလျင်ကို ခံနိုင်တဲ့ဆည်ကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီလိုကြီးကျယ်တဲ့ ဆည်ကြီးတည်ဆောက်ရတဲ့နေရာမှာ စူးစမ်းလေ့ လာမှုတွေ အမြောက်အများလုပ်ရမှာပါ။ အဲဒီတော့ မြန်မာအင်ဂျင်နီယာ၊ တရုတ်အင်ဂျင်နီယာလောက်နဲ့ မနိုင်တဲ့အခါမှာ ကမ္ဘာ့တာတမံများ၊ တာတမံကြီးများကော်မရှင်ကို အကူအညီတောင်းပြီးတော့ လေ့လာသုံးသပ်မယ်။ ဆည်ကြီးတွေတည် ဆောက်တဲ့ အတွေ့အကြုံရှိတဲ့နိုင်ငံကို အကူအညီတောင်းပြီးတော့ လေ့လာသုံးသပ်မယ်။ စူးစမ်းလေ့လာမယ်ဆိုရင် ငလျင်ဒဏ်ကိုခံနိုင်တဲ့ဆည်ကြီးလည်း ဆောက်နိုင်မှာဖြစ်တယ်။ ဒီအတွက် ပညာရပ်တွေလည်း ရှိပြီး သားဖြစ်ပါတယ်။  ဘယ်လောက်လှုပ်တဲ့ငလျင်ဖြစ်ဖြစ်ခံနိုင်တဲ့ ပညာရှိပြီးသားဖြစ်ပါတယ်။

မော်ကွန်း။       ။မတော်တဆ ကျိုးခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဦးခင်မောင်ချစ်။    အသက်သွေးကြောဖြစ်တဲ့အတွက် မြစ်ဆုံတို့၊ ထမံသီတို့ဟာ မကျိုးအောင်ကို အင်အားစိုက်ထုတ် ဆောက်ရမယ်။ သုံးစွဲမယ့်ပစ္စည်း အကောင်းစားတွေသုံးပြီး ခိုင်ခန့်အောင် တည်ဆောက်မှာ ဖြစ်တယ်။ ငလျင်လှုပ်ရင် တမံပြိုနိုင်တဲ့အခြေအနေကို လေ့လာသုံးသပ်ပြီးတော့ တမံအလျားတွေ Slope(ဆင်ခြေလျှော) တွေခိုင်ခန့်အောင် တွက်ချက်မှာဖြစ်တယ်။ ပိုမိုခိုင်ခန့်အောင်လည်း တွက်ချက်မှာဖြစ်တယ်။

ပိုခိုင်ခန့်အောင်ဆောက်တယ်ဆိုတဲ့နေရာမှာ ကုန်ကျစရိတ် အနည်းငယ်တိုးမှာ ဖြစ်တယ်။ အခုတရုတ်က တည်ဆောက် တယ်ဆိုတဲ့ ပေသုံးရာကျော်အမြင့်လောက်ပဲ ဆောက်တယ်ဆိုတာ လျှပ်စစ်မီးထွက်ဖို့လောက်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ကျန်တဲ့အကျိုးတွေကို ကြည့်ထားပုံမရပါဘူး။ ဒါကြောင့်အန်ကယ်တို့က တရုတ်ဒီဇိုင်းနဲ့သာ မီးထွက်ရုံကလေးဆောက်မယ် ဆိုရင်တော့ ဧရာဝတီမြစ်ဆုံစီမံကိန်းဟာ ဆုံးရှုံးမှုကြီးတစ်ခုလို့ပဲမြင်ပါတယ်။

မော်ကွန်း။       ။အန်ကယ်ကပြောသလို တရုတ်ကတည်ဆောက်မယ့် မြစ်ဆုံဆည်က သေးငယ်တယ်ဆိုရင် အန်ကယ်တို့ ရေးဆွဲထားတဲ့ ဒီဇိုင်းကဘယ်လောက်ကြီးပါသလဲ။

ဦးခင်မောင်ချစ်။                ။ တမံရဲ့အမြင့်ပေ အနည်းဆုံး ပေနှစ်ရာကျော်လောက်ကွာနိုင်ပါတယ်။ အများဆုံး အမြင့်ပေ ၂၅၀ ကွာနိုင်ပါတယ်။ အန်ကယ်တို့ ဒီဇိုင်းနဲ့ဆိုရင် တရုတ်ဆောက်တဲ့ဟာထက် အမြင့်၁ ဒသမ ၆ဆလောက်မြင့်သွားမှာဖြစ်တယ်။ အမြင့်ပေအများဆုံး ၁ ဒသမ ၈ ဆလောက်ကွာနိုင်ပါတယ်။ ဘာလို့မြင့်သွားသလဲဆိုရင် တရုတ်က ရေလှောင်အားကို နည်းနည်းကလေးပဲယူထားပါတယ်။ ဧရာဝတီမြစ်ဆုံနေရာဟာ တစ်နှစ်ကို ရေကုဗပေ သန်းတစ်ရာလာတယ်ဆိုတာဟာ မိုးတွင်းမှာပဲ သန်းရှစ်ဆယ်လာပါတယ်။

သန်းရှစ်ဆယ်ရေကြီးကို အောက်ရောက်မသွားအောင်ရေများများလှောင်ထားမှသာလျှင် မြစ်ဝကျွန်းပေါ် ရေကြီးမှုကို ကာ ကွယ်နိုင်မှာပါ။ မြန်မာနိုင်ငံက မြစ်ဝကျွန်းပေါ်ရေကြီးမှုကို ဟင်္သာတရေမှတ်နဲ့တိုင်းတာပါတယ်။ ၁၉၄၇ ဧရာဝတီရေကြီးမှု ဟာ ဟင်္သာတရေမှတ် ၄၇ ဖြစ်ပါတယ်။ အခုနေများ ဟင်္သာတရေမှတ် ၅၀ များလာခဲ့ရင် ဘယ်လောက် များဖြစ်မလဲလို့ စိုးရိမ်မိပါတယ်။ တာတမံတွေကြီး လိုက်မြှင့်နေလို့မရပါဘူး။

ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ တာတမံမိုင်ပေါင်း ၁,၈၀၀ လောက်ရှိတဲ့ကိစ္စမှာ တော်တော်များများက မြေနုကျွန်းပေါ်မှာ ဖြစ်တဲ့ အတွက် တာတမံများဟာ မြင့်လေမခံလေ ဖြစ်ပါတယ်။ ရေတားတမံသာဖြစ်ပါတယ်။ ရေလှာင်တမံတွေမဟုတ်ပါဘူး။

တစ်ဖက်ရပ်ရေတားတမံများဟာ မြေနုကျွန်းပေါ်ဖြစ်တဲ့အတွက်ရယ်၊ မြေတိုက်စားတဲ့ဘက်တွေမှာ ရှိတဲ့အတွက်ကြောင့် စိတ်ချမှုမရှိပါဘူး။ ဒါကြောင့်ဧရာဝတီမြစ်ရေ နိမ့်ကျသွားဖို့ စဉ်းစားတဲ့အခါမှာ တစ်နေရာမှာ သိုလှောင်ပေးမယ့် နည်းစနစ် ကိုပဲ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါကြောင့် ဒီနည်းနဲ့ပဲ အဆိုပြုရခြင်းဖြစ်ပါတယ်။

မော်ကွန်း။       ။ အစိုးရသစ်လက်ထက်မှာပဲ တည်ဆောက်ရမယ်လို့ မြင်ပါသလား။

ဦးခင်မောင်ချစ်။                ။ အစိုးရသစ်လက်ထက်မှာ တရုတ်ဆောက်မယ့်ဆည်ဟာ နိမ့်နေတယ်။မီးထွက်ရုံကလေးဆောက်တာဖြစ်တဲ့အတွက် အမြင့်မှာပေ ၃၀၀ကျော်လောက်ပဲဆိုတော့ (ခန့်မှန်းတည်ဆောက်ကုန်ကျ) စရိတ်သုံးဘီလီယံဒေါ်လာလောက်ကုန်ကျမယ်လို့မြင်ပါတယ်။ ဒီဧရာဝတီမြစ်ဝကျွန်းပေါ် ရေကြီးမှုကာကွယ်ဖို့ ရေကြောင်းအကျိုးရှိဖို့၊ နောက်ဆည်ရေသောက် တည်ဆောက်ဖို့ဆိုရင် မြစ်ဆုံစီမံကိန်းကြီးဟာ ရှစ်ဘီလီယံဒေါ်လာ လောက်ကုန်ပါလိမ့်မယ်။ လက်ရှိဒီမိုကရက်တစ် အစိုးရဖြစ်လာရင် ကမ္ဘာ့ဘဏ်တွေ၊ နိုင်ငံတကာတွေက ကူညီမှာဖြစ် တဲ့အတွက် တရုတ်အားကိုးနဲ့တင် ဆောက်ဖို့မဟုတ်ပါဘူး။ မိမိတို့တိုင်းပြည်က မည်ကဲ့သို့ရင်းနှီးမလဲ။ ရှစ်ဘီလီယံဒေါ်လာ ရင်းနှီးဖို့ဆိုတာ ဆယ်နှစ်လောက်စုရမယ့်ဟာကို ကမ္ဘာ့ဘဏ်တို့က ဒီတိုင်းပြည်ကြီးကို ယုံကြည်ရင် ချေးမယ်လို့ ယုံကြည် ပါတယ်။ ဒါကြောင့် ဒီအစိုးရသစ်လက်ထက်မှာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အကျိုးရှိမယ့် ဆည်တစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

မော်ကွန်း။       ။ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကလည်း မတည်သင့်ဘူးဆိုပြီးကန့်ကွက်နေတယ်။ ပြောဆိုနေတယ်။ အန်ကယ်ကတော့ မဖြစ်မနေတည်ဆောက်ရမယ်။ အဲဒီတော့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကို ဘာပြောချင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ ဆည်တစ်ခုတည်ဆောက်တဲ့အခါမှာ မီးထွက်ဖို့၊ ရေသိုလှောင်ဖို့၊ ရေဘေးကာကွယ်ရေး အတွက်တင် စဉ်စားတာမဟုက်ပါဘူး။ EIA (Environmental Impact Assessment – သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း)၊ SIA (Social Impact Assessment – လူမှုဘဝထိခိုက်မှုစစ်တမ်း) လေ့လာပြီးမှ၊ ပြည်သူလူထုလက်ခံပြီးမှ တည်ဆောက်ရမှာဖြစ်ပါတယ်။ ကမ္ဘာကျော်မြစ်ကြီးတွေပေါ်မှာ တည်ဆောက်တဲ့အခါ ကမ္ဘာ့အကူ အညီနဲ့ ကမ္ဘာ့တာတမံကြီးများက ကမ္ဘာ့ကျွမ်းကျင်ပညာရှင်ကြီးတွေပါဝင်တဲ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးမှ EIA/ SIA ဖော်ထုတ်ရမှာဖြစ်ပါတယ်။

အဲဒီမှာ လူ့အကျိုးပြုလုပ်ငန်းတွေ၊ အကျိးမပြုလုပ်ငန်းတွေပေါ်လာမှာပါ။ အဲဒါမှ အကျိုးပြုလုပ်ငန်းများတယ်ဆိုရင် တည် ဆောက်ရမှာဖြစ်ပါတယ်။ ခုနဟာကတော့ ရေဘေးကာကွယ်ရေးတို့၊ ဧရာဝတီရေကြောင်းကြပ်တာတို့ ကိုလိုအပ် ချက်ဖြစ်ပါတယ်။ အခုလို တရုတ်အဖွဲ့ ဝင်လာပြီးတစ်နှစ်လောက် နည်းနည်းပါးပါးစူးစမ်းပြီးမှ သူရဲ့မီးထွက်ဖို့ ဆောက်မယ် ဆိုရင်တော့ မသင့်တော်ပါဘူး။ အန်ကယ်ဒီဇိုင်းဆိုရင် လျှပ်စစ်မီး မဂ္ဂါဝပ် ၆,၀၀၀ လောက်ထွက်မယ်။ မြန်မာပြည်မှာ သုံးမကုန်ဘူးဆိုရင် ပိုတာကို အိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်ကို ရောင်းစားလို့ရပါတယ်။ တိုင်းပြည်အတွက် ဝင်ငွေလည်းရရှိနိုင်ပါတယ်။

မော်ကွန်း။       ။ အန်ကယ်ပြောသလိုဆိုရင် ပိုက်ဆံတွေကလည်း အများကြီးကုန်မယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းက တကယ်ကုန်ကျငွေနဲ့ ရရှိမယ့်အကျိုးကျေးဇူး တကယ်ဖြစ်မယ်လို့ထင်ပါသလား။

ဦးခင်မောင်ချစ်။                ။ မကြာခင်ဖြစ်ပေါ်လာတော့မယ့် ရာသီဥတု ဆိုးရွားမှုတွေမှာ  ဧရာဝတီမြစ်ဝကျွန်းပေါ် ပျက်စီး မှုဟာ ကုန်ကျစရိတ်ခန့်မှန်းရအတော်ခက်ပါတယ်။ ခုနက ရှစ်ဘီလီယံဒေါ်လာထက်မက ကုန်ကျသွားတာမျိုးဖြစ်နိုင်ပါ တယ်။ ဒါကြောင့် ဘက်စုံစီမံကိန်းအကောင်းဘက်ကနေကြည့်ပြီး ပြောနေပါတယ်။ နိုင်ငံရေးမပါဘဲ ပြောဆိုတာပါ။

မော်ကွန်း။       ။ လက်ရှိမကြာသေးခင်က တရုတ်သံအမတ်က အစိုးရသစ်နဲ့ မြစ်ဆုံကိစ္စ ဆက်ပြီးဆွေးနွေမယ် ဆိုပြီး မီဒီယာတွေကိုပြောဆိုထားတယ်။ အန်ကယ်တို့က တရုတ်တည်ဆောက်မှုကိုတော့ ကန့်ကွက်နေတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ တရုတ်ကတော့ ယခင်အစိုးရ ရပ်ဆိုင်းထားတာကို အသံပြန်ပြုလာတာပေါ့။ အန်ကယ် အနေနဲ့ ခေတ်စကားပြောရရင် သူဟာပေါချောင်ကောင်းဆည်လေးဆောက်ပြီး မီးယူချင်တဲ့ပုံစံကို ပြန်အသက်သွင်း လာတဲ့ပုံစံပဲ။ အန်ကယ်တို့ဟာ ဘက်စုံစဉ်စားတဲ့အခါမှာ ပေါင်ချောင်ကောင်းအဆင့်နဲ့ မရပါဘူး။ သူဟာပေါ်ချောင်ကောင်း ဆည်စာချူပ်ကို လက်ကိုင်ပြီး ဆက်ဆောက်ချင်တယ်လို့ တိုက်တွန်းနေတယ်လို့ မြင်တယ်။

အန်ကယ်တို့ဟာ တရုတ်ဆောက်ချင်တယ်ဆိုရင်လည်း ငါတို့ရဲ့ မြစ်ဝကျွန်းပေါ်ကာကွယ်ရေးတွေ၊ ဘာတွေပါရမယ်ဆိုရင် သူဟာသူနောက်ဆုတ်သွားမယ်လို့ မြင်ပါတယ်။ သူလုပ်ပေးနိုင်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့သူဟာ မီးရဖို့ အတွက် ရှစ်ဘီလီယံဒေါ်လာသုံးမယ် မထင်ပါဘူး။ သုံးဘီလီယံဒေါ်လာလောက်သုံးပြီးတော့ မီးရဖို့လုပ်ချင်လုပ်လိမ့်မယ်။ ပေါ်ချောင်ကောင်းလုပ်တယ်လို့ သုံးသပ်ပါတယ်။ လက်ရှိတရုတ်အစိုးရက စာချူပ်ကို ကိုင်ပြောနေတယ်။ မင်းတို့ဆောက် တဲ့ ဆည်ကတော့ ငါတို့ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ အချက်အလတ်တွေထပ်ဖြည့်ပြီး တိုင်းပြည်အကျိုးရှိအောင် ဆောက်ပေးဆိုရင် သူတို့နောက်ဆုတ်သွားပါလိမ့်မယ်။ လျော်ပေးစရာလည်း မလိုတော့ဘူး။

မော်ကွန်း။       ။အစိုးရသစ်ကလည်း မြစ်ဆုံဆည်ကြီးမတည်ဆောက်ရင် ဘာဖြစ်မလဲ။

ဦးခင်မောင်ချစ်။                ။ မြစ်ဆုံဆည်ကြီးမတည်ဆောက်ရင် တစ်နေ့မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဧရာဝတီမြစ်ရေကြီးမှုကို တိုင်းပြည်က ပက်ပက်စက်စက်ခံစားသွားရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရေကြီးမှုဖြစ်စဉ်တွေ ဖြစ်သလို ရေရှားပါးမှုဖြစ်စဉ်တွေဖြစ်ပြီး ဧရာဝတီမြစ်ဟာ ဖေဖော်ဝါရီ၊ မတ်မှာ သင်္ဘောတွေသွားမရအောင် ရေကြောင်းကျ သွားနိုင်ပါတယ်။ အဲဒီအဆိုးနှစ်ခုကတော့ ဒီအင်ဂျင်နီယာပညာနဲ့ကယ်မှသာ ရနိုင်မယ်လို့ မြင်တယ်။ ဒီနှစ်ခုကို လျစ်လျူရှု မယ်ဆိုရင်တော့ ဆောက်စရာမလိုပါဘူး။ ဒါပေမဲ့ ရေကြီးမှု ပျက်စီးမှုက ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် မြစ်ဆုံဆည်နဲ့ ထမံသီဆည်က ဆောက်ကိုဆောက်သင့်တယ်လို့ အန်ကယ်က တစ်ထစ်ချ ယုံကြည်ပါတယ်

မော်ကွန်း။       ။ မြစ်ဆုံဆည်တည်ဆောက်မှုက လူထုကလက်မခံဘူး။ ဧရာဝတီမြစ်က မြန်မာနိုင်ငံရဲ့ မိခင်ဆိုပြီး တင်စားကြတယ်။ အန်ကယ်အနေနဲ့လူထုလက်ခံအောင်ဘယ်လိုမျိုး လုပ်နိုင်မယ်လို့ထင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ လူထုလက်ခံလာအောင် ဒီမိုကရက်တစ်အစိုးရဟာ အချက်အလတ်တွေကို ပြည်သူနားလည် အောင် ပြောဖို့လိုပါလိမ့်မယ်။ ဘာပြောပြော ပြည်သူဟာ မတရားမှုတွေကို ခံစားပြီးတော့ ဘာကိုမှ မယုံဖြစ်နေတဲ့ကိစ္စဟာ ဒီအချက်အလတ်တွေကို နားလည်အောင်အချိန်ပေးပြီး လုပ်ဖို့လိုပါတယ်။ ပြည်သူလူထု လက်ခံအောင် အစိုးရတွေ၊ နောက်လူမှုအဖွဲ့အစည်းပေါင်းစုံတွေ၊ ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံတွေဟာ ဝင်ရောက်ပြောဆိုတဲ့နည်းနဲ့ ပြည်သူလူထု လက်ခံလာအောင် အချိန်ယူလုပ်ဆောင်ရမယ်လို့ မြင်ပါတယ်။

မော်ကွန်း။       ။ အန်ကယ်တို့ဒီဇိုင်းအရဆိုရင် ရေလှောင်ဧရိယာ ၃၄ သန်းလောက်ရှိတယ်။ ဒါဆိုရင် တောတောင်တွေက ရေအောက်အများကြီးရောက်သွားမယ်။ သဘာဝပတ်ဝန်းကျင် အများကြီး မထိခိုက်သွားဘူးလား။

ဦးခင်မောင်ချစ်။                ။မြစ်ဆုံဟာ အမြင့်ဆည်ဖြစ်တဲ့အတွက်၊ ရေထုကြီးတဲ့အတွက် ရေဝပ်ဧရိယာဟာ အမျာကြီးမရှိ ပါဘူး။ နည်းပါတယ်။ အတိအကျကိုတော့ မြေပုံအသစ်နဲ့ ပြန်တွက်ရပါမယ်။ ရေဝပ်ဧရိယာများတာမဟုက်ဘဲ ရေလှောင်ဧရိ ယာများတာဖြစ်တယ်။ တန်ဖရဲရွာမှာပဲ လေးထောင့်စပ်စပ်ဖြစ်ပြီးတော့ မေခနဲ့ မလိခစ်မြစ်ထဲမှာ လှောင်မှာဖြစ်ပါတယ်။ ရေဝပ်ဧရိယာ အဲဒီလောက်မကြီးပါဘူး။ ရေထုကတော့ နက်မယ်။

မော်ကွန်း။       ။ အန်ကယ်တို့က အစိုးရကိုတော့ တည်ဆောက်ဖို့ ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်ခဲ့တာပေါ့။ အစိုးရအနေနဲ့ ဘယ်လိုမှမဆောက်နိုင်ဘူးလို့တောင်ပြောလို့ရတယ်။ ကုန်ကျစရိတ်ကများနေတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ ဧရာဝတီမြစ်ဆုံလိုကြီးကျယ်တဲ့ဟာကိုတော့ ကမ္ဘာ့အကူအညီမပါဘဲနဲ့ မရဘူး။ တရုတ်နိုင် ငံလို တစ်နိုင်ငံတည်းနဲ့လည်း မရပါဘူး။ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းက မြန်မာနိုင်ငံကို ချေးမယ်လို့မြင်ပါတယ်။ ဒီလိုဖွံ့ ဖြိုးမှုလုပ်ငန်းတွေကို ချေးတဲ့အတွက် အတိုးလည်း တော်တော်ကလေးနည်းပါတယ်။ နောက်ပြီးတော့ ရန်ပုံငွေရရင် ကိုယ်ပိုင်ဆည်ဆောက်နိုင်ပါတယ်။ ကိုယ်ပိုင်ဆည်ဆောက်နိုင်ရင် ပိုတဲ့မီးကို တရုတ်နိုင်ငံကိုပြန်ရောင်း အတိုးအရင်းကို ပြန်ဆပ်နိုင်မယ်လို့ ယူဆပါတယ်။

မော်ကွန်း။       ။ အခုတရုတ်တည်ဆောက်တဲ့ဒီဇိုင်းနဲ့ အန်ကယ်တို့ဆွဲတဲ့ဒီဇိုင်းက တော်တော်ကလေးလွဲနေတယ်ပေါ့။ အဲဒီတော့ အန်ကယ်တို့ ဒီဇိုင်းနဲ့တည်ဆောက်မယ်ဆိုရင် လက်ရှိ တရုတ်တည်ဆောက်ထားတဲ့အခြေအနေနဲ့ ပြန်လည် ပြင်ဆင်တည်ဆောက်လို့ရပါသလား။

ဦးခင်မောင်ချစ်။                ။ လက်ရှိဆည်ဆောက်ထားတဲ့အဆင့်ကို မရောက်ပါဘူး။ စခန်းချတဲ့အဆင့်၊ ဆောက်ရမယ့် ဆည်ရဲ့ ဖောင်ဒေးရှင်းအတွက် တူးခြင်းဆွခြင်း၊ မြေစမ်းသပ်ခြင်းများကိုပဲ လုပ်ဆောင်ထားပါတယ်။ ဆည်ဖို့ခြင်းလုပ်ငန်း လုံးဝမလုပ်သေးပါဘူး။ ဆောက်မယ်ဆိုရင် ဒီနေရာကလွဲလို့ တစ်ခြားနေရာမရှိပါဘူး။ မြစ်ဆုံအောက် သုံးမိုင် တန်ဖရဲ ရွာအနီးမှာပဲ။ မလွဲမသွေရှိပါတယ်။ တရုတ်ကလည်းအဲဒီနေရာမှာပဲ လေ့လာသွားတာဖြစ်ပါတယ်။

မော်ကွန်း။       ။ အန်ကယ်တို့ရေးဆွဲထားတဲ့ ဒီဇိုင်းက ပြည့်စုံပြီးလား။ နောက်တစ်ခုက မတော်တဆကျိုးခဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဦးခင်မောင်ချစ်။                ။ မတော်တဆ မကျိုးအောင်ကို ဒီဇိုင်းလုပ်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကွန်ကရစ် တမံသာ ဆောက်တယ်ဆိုရင်တောင် ကွန်ကရစ်တမံပေါ်က မမျှော်လင့်ဘဲ ရေကျော်သွားရင်လည်း ကွန်ကရစ်တမံက မကျိုးပါဘူး။ ငလျင်အတွက်ကတော့ မကျိုးအောင် နည်းအမျိုးမျိုးနဲ့ ထည့်ပေးမှာဖြစ်ပါတယ်။ နောက်အန်ကယ်တို့ ဆွဲထားတဲ့ ဒီဇိုင်းကလည်း ပြည့်စုံသေးတာတော့မဟုက်ဘူး။ တကယ့်ပညာရှင်တွေ သေချာတိုင်းထွာပြီးဆွဲရဦးမယ်။

မော်ကွန်း။       ။ အဲဒီနေရာမှာဆိုရင် ငလျင်လှုပ်မယ်ဆိုရင် ပြင်းအားဘယ်လောက်လှုပ်နိုင်ပါသလဲ။

ဦးခင်မောင်ချစ်။                ။ တိုင်းတာချက်အရဆိုရင်တော့ ငလျင်ပြင်းအား ၈ လောက်အထိလှုပ်နိုင်ပါတယ်။ အဲဒီ အတွက် ကုန်ကျစရိတ်ပိုပြီးခံနိုင်တယ်ဆိုရင် ခိုင်ခန့်တဲ့ဒီဇိုင်ဆွဲပေးမှာဖြစ်ပါတယ်။

မော်ကွန်း။       ။ တခြားနိုင်ငံတွေမှာရော အခုလိုမြစ်ကိုပိတ်ပြီး တမံဆည်တည်ဆောက်ထားတာတွေ ရှိပါသလား။

ဦးခင်မောင်ချစ်။                ။ မြစ်ဆုံထက်ကိုကြီးတဲ့စီမံကိန်းပေါင်းကမ္ဘာမှာကို အများကြီးရှိပါတယ်။ တရုတ်ပြည်မှာရှိတယ်။ ရုရှားမှာရှိတယ်။ နောက်အိန္ဒိယမှာလည်းရှိတယ်။ အိန္ဒိယဆည်ကြီး ပေ ၇၄၀ မြင့်တဲ့ဆည်ကြီးကိုသွားလေ့လာဖူးပါတယ်။ ကွန်ကရစ်ဆည်ကြီးပါ။ ရေဆိုရင်ဧကပေ ရှစ်သန်းလှောင်ထားတယ်။

မော်ကွန်း။       ။ မြစ်ဆုံဆည်ကြီးတည်ဆောက်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲဆရာ။

ဦးခင်မောင်ချစ်။                ။ ဆယ်နှစ်လောက်ကြာအောင် တည်ဆောက်ရမယ်ထင်တယ်။ စူစမ်းလေ့လာရေးနဲ့ ပြည်သူလူ ထုချပြတာက နှစ်နှစ်။ တည်ဆောက်တာဆိုရင် ဆယ်နှစ်လောက်ဆောက်ယူရမယ်။    ။

၂၀၁၆-ဧပြီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)တွင် ပါရှိမည့် အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။

မောင်သင်တုန်း ရေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."