ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၂)

ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၂)

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

မတတ်ဘဲ မောင်းတော့ ဘာဖြစ်လဲ

ကားမောင်းသက် အနှစ်နှစ်ဆယ်ရှိပြီဖြစ်သော အသက် ၄ဝ အရွယ် တက္ကစီယာဉ်မောင်း ကိုကျော်မိုးက ယာဉ်တိုက်မှု အများစုကို ကြည့်ပါက ကျွမ်းကျင်မှုမရှိသော ယာဉ်မောင်းကြောင့် ဖြစ်တာများသည်ဟု သူ့အတွေ့အကြုံအရ ဆိုပါသည်။ ယာဉ်ထိန်း ရဲများကလည်း စနစ်တကျ အရေးယူဆောင်ရွက်သင့်သည်ဟု ၎င်းက ဝေဖန်ပါသည်။

ဒါအပြင် လမ်းမများပေါ်တွင် သတ်မှတ်လိုင်စင်မရှိဘဲ မောင်းနှင်သူများနှင့် လိုင်စင်မဲ့များကလည်း ပေါများစွာ ရှိနေ သည်ဟု သူက ဆိုသည်။ သူ့ခရီးသည်တစ်ဦး ပြောပြချက်အရ ထို ခရီးသည် ငှားစီးခဲ့ဖူးသည့် တက္ကစီသမားတစ်ဦးမှာ အရင်က တက္ကစီမမောင်းခင် ဆိုက်ကားနင်းခဲ့ကာ ယာဉ်မောင်းသင်တန်း တက်ပြီးနောက် တက္ကစီမောင်းနေသည်မှာ လပိုင်းသာ ရှိသေး သည်ကို ကြုံခဲ့ဖူးသည်ဟုဆိုပါသည်။

”ကျွန်တော်ထင်တယ်၊ ပြည်လမ်းတစ်ကြောမှာ ညနေ ၆နာရီ ၊ ခုနစ်နာရီဆို ပိတ်ဆို့နေတဲ့ အစီးတစ်ရာလောက် ရှိတဲ့ လမ်းကြီးမှာ အမှန်အကန် အစီးတိုင်း အစီးတိုင်း ဖမ်းချလိုက်ပြီး ထုတ်ပစ်လိုက်မယ်ဆိုရင် အဲဒီလမ်းမှာ အများဆုံးရှိရင် ဆယ့်ငါး စီး၊ အစီးနှစ်ဆယ်ပဲကျန်ရမယ်”ဟု ကိုကျော်မိုးက သူ့အမြင်ကို ပြောပြပါသည်။

ဦးမြင့်ကြည်ကလည်း နေ့စဉ်လမ်းမများပေါ်တွင် မကျွမ်း ကျင်သော ယာဉ်မောင်းအများစုကြောင့် အန္တရာယ်ကို ကြည့် ရှောင်နေရသည်ဟု ဆိုပါသည်။

Photo: Zayar Hlaing       ဗိုလ်ချုပ်လမ်းမပေါ်သွားလာနေသောယာဉ်များ

”သူတို့ကို ကိုယ်က ပြန်ရှောင်နေရတယ်။ ကိုယ်က သွား တိုက်မှာကို မရှောင်ရဘူး။ ကိုယ့်ကို လာတိုက်မှာကို လိုက်ရှောင် နေရတယ်။ အဲဒီလိုဖြစ်နေတယ်”ဟု သူက စိတ်ပျက်လက်ပျက်နှင့် ပြောပြပါသည်။

ဦးမြင့်ကြည်က သူမြင်တွေ့နေရသော ယာဉ်မောင်းအများ စုမှာ ကားမောင်းသည်ဆိုရာတွင် ရှေ့တည့်တည့်သာ မောင်းတတ် သည့် ပုံစံဖြစ်နေကြောင်းနှင့် ၎င်းတို့သည် လမ်းဘေးမှ ရုတ် တရက် ထွက်လာခြင်း၊ ရပ်ချင်သည့် နေရာတွင် ဆတ်ခနဲ ထိုးရပ် လိုက်ခြင်းများကို ကြုံတွေ့ရသည်ဟု သူက ဆိုပါသည်။

စံပြဈေးမှ လှိုင်သာယာဘက်သို့ ပြေးဆွဲသော ၇၉ ယာဉ် လိုင်းမှ အသက် ၃၉ နှစ်အရွယ် ကိုမျိုးမင်းအေးဆိုလည်း နိစ္စဓူဝ ကားမောင်းတိုင်း မကျွမ်းကျင်သော ယာဉ်မောင်းများကြောင့် စိတ်တိုရ၊ ဒေါသထွက်ရသည်ဟု ဆိုပါသည်။

”သူတို့ကို ကိုယ်တွေက တိုက်မယ်ဆိုရင် ကိုယ်က မှန် တယ်။ သူတို့က ခေါင်းထွက်နေတာ။ ဒါပေမဲ့ လျှော့ပေးလိုက်ရတာ ပေါ့။ အခန့်မသင့်ရင် ဆဲဆိုပြီး ထားခဲ့တာပေါ့။ သူတို့ဘက်က ပြဿ      နာရှာတော့မှသာ ရန်တွေ ဘာတွေဖြစ်ရတာ”ဟု သူက ဆို ပါသည်။

သူက လွန်ခဲ့တဲ့တစ်လကျော်က ကားမောင်းနေရင်း တစ် ဖက်ကားနှင့် ရန်ဖြစ်သောကြောင့် ခြောက်လ လိုင်စင် အပိတ်ခံ ထားရသူဖြစ်သည်။ အခုအချိန်တွင် မိသားစုစားဝတ်နေရေး        အခက်အခဲဖြစ်နေသောကြောင့် လိုင်စင်မရှိဘဲ ညဘက် ကား မောင်းရမလား၊ စပယ်ယာပဲလိုက်ရမလားဟု စဉ်းစားနေသည် ဟုသူက ဆိုပါသည်။

အများစုမှာ သတ်မှတ်လိုင်စင်မရှိဘဲ တက္ကစီတက်မောင်း နေကြသည်မှာ ကိုယ်တွေ့ပင်ဖြစ်သည်ဟု တက္ကစီယာဉ်မောင်း ကိုကျော်မိုးက ဆိုပါသည်။

သတ်မှတ်လိုင်စင်ဆိုသည်မှာ ကညနမှ သတ်မှတ်ထား ချက်အရ ပထမဆုံး မော်တော်ယာဉ်မောင်းနှင်မှုအတွက် ‘ခ’လိုင် စင်လိုအပ်မည်ဖြစ်သည်။ ‘ခ’ လိုင်စင်သည် တက္ကစီမောင်းခွင့် မရှိ သေးပေ။

ထို ‘ခ’လိုင်စင်သည် ကိုယ်ပိုင်ဝန်ပေါ့မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်တို့ကိုပါ မောင်းနှင်ခွင့်ပြုသည့် လိုင်စင် ဖြစ်ပါသည်။ ‘ခ’ လိုင်စင်သုံးနှစ်ပြည့်ပါက အနီလိုင်စင်ဟုခေါ်သော ‘ဃ’ လိုင်စင်ရရှိမည်ဖြစ်သည်။  ‘ဃ’ယာဉ်မောင်းလိုင်စင်သည် ကိုယ်ပိုင်ဝန်လေး မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားကြီး တို့အပြင် တက္ကစီယာဉ် မောင်းနှင်ခွင့်ပြုသည့် လိုင်စင်ဖြစ်သည်။

ထိုအနီလိုင်စင် ‘ဃ’ (အနီ)  နှစ်နှစ်ပြည့်သောအခါ ‘င’လိုင်စင် ရရှိမည်ဖြစ်ပြီး ‘င’ယာဉ်မောင်းလိုင်စင်သည် မှတ်ပုံတင်ထား သည့် မည်သည့်မော်တော်ယာဉ်မျိုးကိုမဆို မောင်းနှင်ခွင့်ရှိသည့် အပြင် လက်မှတ်ရောင်း(သို့မဟုတ်) စပယ်ယာ တာဝန်ကိုလည်း ထမ်းဆောင်နိုင်သည်ဟု ကညနဝက်ဘ်ဆိုက်တွင်ဖော်ပြထား ပါသည်။

လိုင်စင်မဲ့မောင်း

ထိုသို့ အဆင့်ဆင့်ယာဉ်မောင်းလိုင်စင်များကို သတ်မှတ် ထားသော်လည်း လက်ရှိ လမ်းမများပေါ်တွင် တချို့ လိုင်စင်လုံးဝ မရှိဘဲ မောင်းနှင်နေကြပါသည်။

အသက် ၃၃နှစ်အရွယ် မအေးသက်မွန်ဆိုလျှင် ယာဉ် မောင်းသင်တန်းဆင်းပြီး လိုင်စင်မရှိဘဲ ယာဉ်မောင်းနေသည်မှာ ခြောက်လရှိပြီဖြစ်သည်။ သူက လက်ရှိ အစ်မဝမ်းကွဲတော်စပ်သူ ထံမှာ အလုပ်လုပ်နေပြီး အလုပ်ကိစ္စဖြင့် ခရီးတို၊ ခရီးရှည် သွား လာသည့်အခါ ကားမောင်းနိုင်ရန် သင်တန်းတက်ထားခြင်းဖြစ် သည်။ လိုင်စင်ဖြေရန် အလုပ်မအားလပ်ခြင်းနှင့် လက်တွေ့ဖြေဖို့ ယုံကြည်မှုမရှိသေးသောကြောင့် သွားရောက်မဖြေဖြစ်သေးဟု သူက ဆိုပါသည်။

”အစ်မက လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မဖောက်ဖျက် ဘဲ မောင်းပေမယ့် လိုင်စင်မရှိတော့ အပြစ်တော ရှိတာပေါ့။ (အပြစ်) ရှိတဲ့အတွက်တော့ ကိုယ့်စိတ်ထဲမှာ နည်းနည်းတော့ ကြောက်တယ်ပေါ့။ အထူးသဖြင့်လည်း ရဲလမ်းကြောင်း ရှောင် မောင်းတယ်”ဟု သူက ပြောပြပါသည်။

လက်ရှိတွင်နေ့စဉ် မနက်တစ်ခါ၊ ညနေတစ်ခါ ကားမောင်း နေပြီး ဘေးတွင်တော့ လူပါမှ မောင်းသည်ဟု သူက ဆိုသည်။ ကားမောင်းကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး ယာဉ်ကြော၊ လမ်း ကြောကို အရင်က အဝေးပြေးယာဉ်မယ်လုပ်ဖူးသဖြင့် နားလည် သော်လည်း ကားလမ်းကျပ်လျှင်တော့ မောင်းရတာ အဆင်မပြေ ဖြစ်ရသည်ဟု သူက ဆိုပါသည်။

”ယုံကြည်မှုအပြည့်အဝမရှိဘူး။ ဘက်ဆုတ်တာ အဆင် မပြေဘူး။ ဒဲ့ကတော့အဆင်ပြေတယ်။ ခက်ခက်ခဲခဲတော့မရ ဘူး” ဟု သူ့အရည်အချင်းကို ရယ်လျက် ပြောပြသည်။

မအေးသက်မွန်ကဲ့သို့ လိုင်စင်မရှိဘဲမောင်းနှင်သူများထဲတွင် အိမ်စီးကားသာမက လိုင်းကားမောင်းနှင်သူများပင် ရှိပါ သည်။ ကျွန်တော် ယခုဆောင်းပါးအတွက် ပွဲစားနှင့် လိုင်စင်လုပ်ခဲ့ သူတစ်ဦးအား ထောက်ကြံ့တွင် တွေ့ဆုံမေးမြန်းပြီး မြို့ထဲသို့ အပြန် မှော်ဘီမှ လှည်းတန်းသို့ ပြေးဆွဲသည့် ဟိုင်းလပ်ယာဉ် ခေါင်းခန်းတွင် လိုက်ပါစီးနင်းခဲ့ပါသည်။

ကျွန်တော်စီးသောကားမှ ယာဉ်မောင်းနှင့် စကားပြော ကြည့်သောအခါ သူ့တွင်လည်း လိုင်စင်မရှိသေးကြောင်း၊ လိုင်း ကားမောင်းသည်မှာ လေးရက်ပဲ ရှိသေးကြောင်းနှင့် အရင်က မြို့ ထဲတွင် တက္ကစီမောင်းခဲ့ဖူးသည်ဟု သူက ပြောပြပါသည်။

သူ ကားမောင်းတတ်သည်မှာ စပယ်ယာဘဝမှစ၍ သင်ခဲ့ ခြင်းဖြစ်ပြီး သူ့ဆရာတွေက သင်မပေးခဲ့ပေမယ့် ကိုယ့်ဘာသာ ကားပေါ်တွင် ရှေ့တိုးနောက်ဆုတ်လုပ်ရင်း ကားမောင်းတတ်လာ တာ ဖြစ်သည်ဟု ပြောပြသည်။

သူက ကားမောင်းဝါသနာပါလွန်း၍ မောင်းတာဖြစ်သည် ဟု ဆိုသည်။ ယခု လိုင်းကားခဏမောင်းခြင်းဖြစ်ပြီး ‘ခ’လိုင်စင် သွားလုပ်ပြီး ကုန်ကားပဲ မောင်းတော့မည်ဟုဆိုပါသည်။

ကျွန်တော်က ‘ခ’ လိုင်စင်နှင့် ကုန်ကား မည်သို့မောင်းမှာ လဲဟု မေးတော့  ”ရှင်းပေးတတ်ရင် ရတယ်။ ဘာမှ မခက်ဘူး။ ရဲ ကျွမ်းရင်ရတယ်”ဟု ကွမ်းတံတွေးကို ဗျစ်ခနဲထွေးရင်း သူက ဆိုသည်။

”လိုင်စင်ရရင်တော့ ကားကြီးမောင်းမယ်။ အနီတွေ၊ အနက် တွေကတော့ ငါးနှစ်ကြီးတောင် စောင့်မနေနိုင်ဘူး။ ထမင်းငတ် သွားမယ်”ဟု ကားမောင်းရင်း သူက ပြောသည်။

သူက ကားကိုလည်း မောင်းနေရင်း ပါးစပ်မှလည်း သူ့ စပယ်ယာနှင့် အော်ဟစ်ပြောဆိုနေသည်။ ကားက မှတ်တိုင်မှာ ရပ်ပြီး တစ်ခါပြန်ထွက်တိုင်း ဝုန်းခနဲ ဆောင့်ထွက်သောကြောင့် ကျွန်တော်မှာ နောက်သို့ လန်လန်သွားသည်။

ရန်ကုန်တိုင်းဒေသကြီး မထသဗဟိုမှ ဥက္ကဋ္ဌ ဦးလှအောင် ကတော့ သူတို့ မထသယာဉ်လိုင်းများတွင် မောင်းနှင်လိုပါက ယာဉ်ကြီးများကို မောင်းနှင်ခွင့် ‘င’လိုင်စင်ဖြင့် လာလျှောက်ရ မည်ဖြစ်ပြီး လိုင်စင်စစ်ဆေးခြင်း၊ စိတ်စစ်ဆေးခြင်းများ ပြုလုပ် ပြီးမှသာ မထသယာဉ်လိုင်းတွင် မောင်းနှင်ခွင့်ပြုသည်ဟု ဆို       ပါသည်။

သို့ပေမဲ့ မထသက အထူးစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေး တွေ့ရှိချက်များအရ လိုင်စင်မရှိဘဲ မောင်းနှင်မှုများ၊ သတ်မှတ် လိုင်စင်မရှိဘဲ မောင်းနှင်မှုများကို တွေ့ရှိရကြောင်း၊ ထိုသို့တွေ့ရှိ ပါက မော်တော်ယာဉ်ဥပဒေအရရော မထသတွင် ချမှတ်ထား သော စည်းကမ်း ၁၃၈ ချက်ကို မလိုက်နာမှုနှင့် အရေးယူဆောင် ရွက်သည်ဟု သူက ဆိုပါသည်။

”ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘာလုပ်သလဲဆိုရင် ယာဉ်ထိန်းရဲ ဖမ်းလို့ရှိရင် ယာဉ်ထိန်းရဲဥပဒေနဲ့ အရေးယူတယ်။ ကျွန်တော်တို့ အထူးစစ်ဆေးရေးအဖွဲ့တွေနဲ့ တွေ့ရင် ကျွန်တော်တို့ ၁၃၈ ချက်ထဲမှာ သတ်မှတ်တာကို မလိုက်နာခြင်းဆိုတာနဲ့ အရေး ယူတယ်”ဟု သူက ဆိုပါသည်။

ဒဏ်ကြေးအနေနှင့် ငွေဒဏ် သို့မဟုတ် အလုပ်မှ ပိတ်ပင် ထုတ်ပယ်ခြင်း (မထသ ယာဉ်လိုင်းများတွင် မောင်းနှင်ခွင့် မပြု တော့ခြင်း) များကို အရေးယူဆောင်ရွက်သည်ဟုဆိုပါသည်။

ယာဉ်ထိန်းရဲ ငွေတောင်းသလား

ထိုသို့ လိုင်စင်မဲ့နှင့် သတ်မှတ်လိုင်စင်မရှိဘဲ လမ်းမများပေါ် တွင် ရောက်ရှိနေကြခြင်းမှာ ယာဉ်ထိန်းရဲများ စနစ်တကျ စစ် ဆေးမှုအားနည်းပြီး ငွေကြေးတောင်းခံမှုကိုသာပြုလုပ်နေသည်ဟု ကိုကျော်မိုးက သူ့အတွေ့အကြုံအရ ပြောပြပါသည်။

အရင်တုန်းကဆိုလျှင် လိုင်စင် ခဏခဏ စစ်ဆေးသော ကြောင့် လိုင်စင်ကို လွယ်လင့်တကူ ထုတ်ပြနိုင်ဖို့ လိုင်စင်ထည့်ရန် အိတ်ပါသောအင်္ကျီကိုသာ ဝတ်ဆင်ထားရသည်ဟု ဆိုပါသည်။

”အရင်တုန်းက ကျွန်တော်တို့ တက္ကစီထွက်မောင်းရင် တစ်ရက်ကို အနည်းဆုံး လေး၊ ငါး၊ ခြောက်ကြိမ်အစစ်ခံရတယ်။ ဒီလိုအင်္ကျီတောင် မဝတ်ရဲဘူး”ဟု သူဝတ်ထားသည့် အိတ်မပါ သည့် တီရှပ်အင်္ကျီကို ကိုင်ပြရင်း ဆိုပါသည်။

လိုင်စင်မရှိဘဲ မောင်းသည့် မအေးသက်မွန်ဆိုလျှင် တစ်ခါ က လမ်းမပေါ်တွင် ယာဉ်ထိန်းရဲ တားခံရပြီး လိုင်စင်စစ်သောအခါ သူက လိုင်စင်မရှိသောကြောင့် ကားလိုင်စင်အဖမ်းခံခဲ့ရသည်။ သူကတော့ လိုင်စင်မရှိသေးဟုမပြောဘဲ အိမ်မှာ မေ့ကျန်ခဲ့သည် ဟုပြောကာ ပိုက်ဆံပေးရန်ကြိုးစားသော်လည်း ယာဉ်ထိန်းရဲက လက်မခံဘဲ လူလိုင်စင်နှင့် ပိုက်ဆံ ၁၅ဝဝ ယူလာပြီး ကားလိုင်စင် လာထုတ်ရန်သာ ပြောပြီး အရေးယူခဲ့ပါသည်။

Photo: Thet Oo Mon           ရွာသာကြီး ကညနတွင် ပါကင်စာမေးပွဲဖြေနေစဉ်

သူ့မှာ လိုင်စင်မရှိသည့်အတွက် ကားပြန်ထုတ်ဖို့ ဦးလေး တစ်ယောက်က ယာဉ်ထိန်းရဲအသိနှင့် ချိတ်ဆက်ပေးကာ ငွေပေး ပြီး ကားလိုင်စင်ပြန်ယူလို့ရခဲ့သည်ဟု သူ့အတွေ့အကြုံကို ပြော ပြပါသည်။

ထိုသို့ တက္ကစီယာဉ်မောင်းများ၊ လိုင်းကားယာဉ်မောင်း များက ပြောဆိုနေသကဲ့သို့ ယာဉ်ထိန်းရဲများက ဖမ်းဆီးစစ်ဆေးမှု အားနည်းကာ ငွေကြေးတောင်းခံမှုပဲ ပြုလုပ်နေကြသည်မှာ ဟုတ်မှန်ပါသလား၊ ဖမ်းဆီးသည့်အခါ မည်သည့်အခက်အခဲများ ရှိပါသလဲ၊ လိုင်စင်မဲ့နှင့် သတ်မှတ်လိုင်စင်များကို မည်သို့ ဖမ်းဆီး အရေးယူသလဲနှင့် အရေအတွက် ကိန်းဂဏန်းများကို ၅၁ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဇူလိုင်လ ၉ ရက် တွင် တစ်ကြိမ်၊ ဇူလိုင် ၁၂ ရက်တွင် တစ်ကြိမ် တရားဝင်စာတင်ကာ မေးမြန်းထားသော်လည်း မဂ္ဂဇင်းဖောင်ပိတ်ချိန် ဇူလိုင် ၂၉ ရက် အထိ ပြန်လည်အကြောင်းပြန်ခဲ့ခြင်း မရှိခဲ့ပါ။

၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေတွင် ပြဋ္ဌာန်းချက်အရ အခန်း၄၊ ပုဒ်မ ၁၅၊ အပိုဒ်ခွဲ  ၁တွင် ‘မည်သူမျှ သတ်မှတ်သည့် နည်းလမ်းအတိုင်း မိမိအား ထုတ်ပေးထားသည့် ခိုင်လုံသော ယာဉ်မောင်းလိုင်စင် လက်ရှိမထားလျှင်၊ မော်တော်ယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာတစ်ခုခုတွင် မမောင်းနှင်ရ။ ထို့ပြင် မည် သည့်မော်တော်ယာဉ်ပိုင်ရှင် (သို့မဟုတ်) ထိန်းသိမ်းသူမျှ ထိုမော် တော်ယာဉ်ကို၊ ထိုသို့လိုင်စင်ထုတ်ပေးမထားသည့် သူတစ်ဦးဦး အား မမောင်းနှင်စေရ၊ သို့မဟုတ် မောင်းနှင်ရန် ခွင့်မပြုရ’ဆိုကာ ပြဋ္ဌာန်းထားပါသည်။

ကျူးလွန်ပါက ပထမအကြိမ်တွင် ခြောက်လအထိ ထောင် ဒဏ်ဖြစ်စေ၊ ငွေကျပ်ငါးရာအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုကျူးလွန်ပြီး တစ်နှစ်အတွင်း ထပ် မံကျူးလွန်ပါက တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံးကျပ် ၅ဝဝမှ အများဆုံးကျပ်တစ်ထောင့်ငါးရာအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်း ထားပါသည်။

လက်ရှိအချိန်တွင် ၁၉၆၄ ခုနှစ် ဥပဒေတွင် ပါဝင်သော ငွေဒဏ်နှင့် ထောင်ဒဏ်တို့မှာ ခေတ်နှင့် မလျော်ညီတော့သဖြင့် မော်တော်ယာဉ် ဥပဒေကို အသစ်ပြင်ဆင်ပြီး ဇူလိုင် ၆ ရက်က       ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

ဥပဒေသစ် အခန်း ၉၊ ပုဒ်မ ၄၈၊ အပိုဒ်ခွဲ က အရ လိုင် စင်မရှိဘဲ မောင်းနှင်ပါက ထိုသူကို သုံးလထက်မပိုသော ထောင် ဒဏ်နှင့် ကျပ်ငါးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး အဆိုပါပြစ်မှုမျိုး ထပ်မံ ကျူးလွန်ပါက ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ကညန တိုင်းရုံးခွဲ ရွာသာကြီးမှ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိဖြစ်ပျက်နေသော လမ်းပေါ်မှ ယာဉ်တိုက်မှုနှင့် ယာဉ် ကြောကျပ်တည်းမှုများမှာ ယာဉ်မောင်းများစည်းကမ်းလိုက်နာမှု အားနည်းသောကြောင့်ဟု ဆိုပါသည်။

”အခုဖြစ်နေတဲ့ပြ  ဿ       နာက ယာဉ်ကြောပြောင်းပြန်ပြန် မောင်းတယ်။ ဒါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားမလည်ဘူး လို့ ပြောလို့မရဘူး။ ဒါ လူတိုင်းသိတဲ့ အခြေခံကျင့်ဝတ်ပဲ။ မလုပ် အပ်တဲ့ဟာကို လုပ်တာဟာ မလိုက်နာတာဘဲ”ဟု သူက ဆိုပါသည်။

ကညနမှ စစ်ဆေးသည့် စာမေးပွဲမေးခွန်းများသည် ကျွမ်း ကျင်သော ယာဉ်မောင်းဖြစ်သည်အထိ မဟုတ်သော်လည်း ကား မောင်းခြင်းနှင့် ပတ်သက်၍ အထိုက်အလျောက် လေ့လာထားပြီး ဖြစ်သွားမည်ဟု ဆိုပါသည်။

ယာဉ်မောင်းနှင်ခြင်းနှင့် ပတ်သက်ပြီးလည်း ”ဒါတွေက တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ယူပြီးလုပ်ရလောက်တဲ့ ဘာသာရပ် ကြီးလည်း မဟုတ်ဘူး”ဟုဆိုကာ ”ကားကတော့ ကျွမ်းကျင် တယ်ဆိုတာ မောင်းရင်း မောင်းရင်းနဲ့ ကျွမ်းကျင်မှု ဖြစ်လာတာ” ဟု သူ့အမြင်ကို ပြောပြပါသည်။

တက္ကစီယာဉ်မောင်း ကိုကျော်မိုးကတော့ သင်တန်း ကျောင်းများမှာ ယာဉ်မောင်းများကို စနစ်တကျ သင်တန်းပေး သင့်ပြီး ကညနမှလည်း သေချာစိစစ်ကာ ယာဉ်မောင်းလိုင်စင် များ ထုတ်ပေးသင့်သည်ဟုဆိုပါသည်။ ထိုသို့လုပ်ဆောင်မှုများ အားနည်းပါက ယဉ်မောင်းလိုင်စင်မှာ လူသတ်လက်နက် ဖြစ် သွားနိုင်သည်ဟု ယခုလို ဆိုသည်။

”ဒါ လူသတ်လက်နက်ပဲ။ အဖြစ်ဆိုးတွေနဲ့ သေသွားတာ တွေ တစ်ပုံကြီးရှိတယ်” ။     ။        အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."