ရွှေဖော့ရိုးနှင့် နှက်ရမှာ ဝါးရင်းတုတ်ဖြင့် ရိုက်သောအခါ

ရွှေဖော့ရိုးနှင့် နှက်ရမှာ ဝါးရင်းတုတ်ဖြင့် ရိုက်သောအခါ

ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇ )

(ဒဂုံတောင် အောင်ဗောဓိဘုရားအလှူခံပုံးထဲက ငွေကျပ်သုံးရာယူခဲ့မိတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ခြင်း ခံရအောင် ဂေါပကလူကြီးက အတင်းအကျပ် ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။)

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ခုနစ်ဘီလီယံကျော် ပျောက်ဆုံးခဲ့လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကို အမှုဖွင့်တရားစွဲတာမျိုး မလုပ်ခဲ့ပေမယ့် ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးအမှုဖွင့်ကာ အချုပ်ခန်းထဲ ထည့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။

Photo – Banyar Kyaw

စက်တင်ဘာ ၁၃ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အောင်ဗောဓိဘုရားဝင်းထဲရှိ အစ်မတော်မြနန်းနွယ် နတ်နန်းအလှူခံပုံးထဲက ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဘုရားဂေါပကအဖွဲ့က ဖမ်းဆီးအမှုဖွင့်ပြီး အချုပ်ခန်းထဲကို ထည့်ခဲ့တာပါ။

ပထမအကြိမ် ရဲစခန်းမှာ အမှုဖွင့်ပြီးတဲ့အခါ တောင်ဒဂုံမြို့နယ်ရဲစခန်းက ကလေးသုံးယောက်ကို ရပ်ကွက်ထောက်ခံစာနဲ့ ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားဂေါပကအဖွဲ့က ရဲစခန်းကို ထပ်မံဖမ်းဆီးခိုင်းပြီး အမှုဖွင့်တရားစွဲကာ သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပါတယ်။

၁၅ ရက်ကြာ ထိန်းသိမ်းပြီးနောက်မှာတော့ မြို့နယ်တရားရုံးက အမှုမမြောက်လို့ဆိုပြီး ကလေးတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို ဘုရားဂေါပကအဖွဲ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူအချို့က ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့သလို ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေ၊ ကလေးသူငယ် စိတ်ကျန်းမာရေး ဆရာဝန်တွေကလည်း ဝေဖန်ခဲ့ကြပါတယ်။

”ဂေါပကအဖွဲ့က ထပ်ဖမ်းခိုင်းတယ်ဆိုတာဟာ ကလေးတွေအပေါ်မှာ မဖြစ်မနေ ပြစ်ဒဏ်ရစေဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တာ၊ ဒီလိုထပ်လုပ်တာသည် ကလေးသူငယ်ကို ထပ်ပြီး Abuse (ညှဉ်းပန်းနှိပ်စက်) လုပ်တာနဲ့ အတူတူပဲ”လို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အလွတ်တန်းအကြံပေးတစ်ဦးဖြစ်တဲ့ ဦးစောကျော်စိုးမိုးက ဆိုပါတယ်။

အမှုဖြစ်စဉ်

ကလေးတွေဟာ ညီအစ်ကိုဝမ်းကွဲတွေဖြစ်ပြီး အသက် ၁ဝ နှစ်၊ ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းနေကလေးတွေဖြစ်ပါတယ်။ ကျောင်းပိတ်ရက် အတူတူ ဆော့ကစားနေရင်း ဗိုက်ဆာလို့ မုန့်ဝယ်စားဖို့ဆိုပြီး နတ်နန်းအလှူခံပုံးအဝက ငွေကျပ် ၃ဝဝ ကို အမွှေးတိုင်တုတ်ချောင်းနဲ့ ကလော်ယူခဲ့တာလို့ အဖမ်းခံရတဲ့ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းနှင်းအေးက ရှင်းပြပါတယ်။

အဲဒီလို လုပ်ခဲ့တဲ့အတွက် ကလေးသုံးယောက်ကို ရပ်ကွက်ရုံးမှာ ခေါ်ယူထိန်းသိမ်းခဲ့ပြီးနောက် ဧရာဝဏ်ရဲကင်းကို ပို့လိုက်ပါတယ်။ အဲဒီနောက် ည ရှစ်နာရီလောက်မှာတော့ တောင်ဒဂုံမြို့နယ်ရဲစခန်းကို ပို့လိုက်ကြပါတယ်။

ရဲစခန်းက ရပ်ကွက်ရုံးကနေ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာနဲ့ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို ယူခိုင်းပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းကို ထပ်မသွားပါဘူးဆိုတဲ့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီး ငါးမိနစ်လောက်အကြာမှာတော့ ရဲတစ်ဦးရောက်လာကာ ကလေးတွေကို ထပ်လာခေါ်သွားပါတယ်။

”ဂေါပကအဖွဲ့က မကျေနပ်လို့ဆိုပြီး ကလေးတွေကို ထပ်ဖမ်းပြီး အချုပ်ထဲထည့်လိုက်တယ်”လို့ မိခင်ဖြစ်သူ ဒေါ်မော်မော်က ဆိုပါတယ်။

ဒီလို ထပ်မံဖမ်းဆီးခိုင်းတာနဲ့ပတ်သက်ပြီး အောင်ဗောဓိဘုရားဂေါပကအဖွဲ့က တွဲဖက်အတွင်းရေးမှူး ဦးညွန့်လှိုင်ကို မော်ကွန်းက တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ ရဲစခန်းက သူတို့ကို အကြောင်းမကြားဘဲ ပြန်လွှတ်ပေးလိုက်တာကြောင့်လို့ ဆိုပါတယ်။

”ချက်ချင်းကြီး ထွက်လာတယ်ဆိုတော့ ဦးတို့လုပ်ဆောင်ချက်က အကျိုးသက်ရောက်မှုမရှိဘူး၊ အဲဒီတော့ ဦးတို့က ထပ်ပြီး တိုင်ရတာ”လို့ သူက ပြောပါတယ်။

အခင်းဖြစ်ပြီး နှစ်ရက်မြောက်နေ့မှာ ကလေးသုံးယောက်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ နဲ့ တိုင်ချက်ဖွင့်ထားပြီး စက်တင်ဘာ ၂၈ ရက်မှာ အမှုရင်ဆိုင်ဖို့ တရားရုံးက ရုံးချိန်းပေးခဲ့ပါတယ်။ ဒီပုဒ်မဟာ မည်သူမဆို ခိုးမှုကျူးလွန်လျှင် ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။

ကလေးတွေကို ရဲစခန်းမှာ ခြောက်ရက်ခန့်ချုပ်ထားပြီး စက်တင်ဘာ ၁၈ ရက် ညနေမှာတော့ သန်လျင်လူငယ်သင်တန်းကျောင်းကို ပို့လိုက်တယ်လို့ ဒေါ်နှင်းနှင်းအေးက ပြောပြပါတယ်။ ကလေးတွေကို စဖမ်းတဲ့ညမှာတော့ အချုပ်ခန်းအပြင်မှာ ခြင်ထောင်နဲ့သိပ်ပြီးတော့ ကျန်တဲ့ရက်တွေမှာတော့ ကလေးတွေကို လူကြီးတွေထားတဲ့ အချုပ်ခန်းထဲမှာပဲ ထားတယ်လို့ မိခင်ဖြစ်သူ ဒေါ်နှင်းနှင်းအေးက ပြောပြပါတယ်။

ငွေသုံးရာခိုးတယ်လို့ စွပ်စွဲခံရသူကလေးသုံးဦးကို ဂေါပကအဖွဲ့က အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချနိုင်တဲ့ ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ခဲ့တာကြောင့် မကျေနပ်တဲ့ ရပ်ကွက်နေ ပြည်သူတချို့ကလည်း စက်တင်ဘာနောက်ဆုံးအပတ်မှာ ဂေါပကအဖွဲ့လုပ်ရပ်ကို ဆန္ဒပြခဲ့ကြပါတယ်။

အောင်ဗောဓိဘုရားဂေါပကအဖွဲ့ကို ကလေးသုံးယောက် ကိစ္စအပြင် ဂေါပကအဖွဲ့ပြန်လည်ရွေးချယ်ရေး၊ ရပ်ကွက်မီးတားကွင်းတွေ ပြန်လည်ရရှိရေး၊ ရပ်ကွက်ဓမ္မာရုံ ပြန်လည်ရရှိရေးနဲ့ ဂေါပကဥက္ကဋ္ဌအိမ်ရှေ့က အများပြည်သူပိုင် မြေကို ခြံစည်းရိုးခတ်ထားတာကို သက်ဆိုင်ရာဌာနတွေက ပြန်လည်စိစစ်ရေးဆိုပြီး အချက်ငါးချက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်လို့ ဒေါ်ခင်ချိုနိုင်က ဆိုပါတယ်။

Photo –  Banyar Kyaw                    ကလေးများ ငွေသုံးရာ နှိုက်ယူခဲ့သော မြနန်းနွယ်နတ်နန်း ရှေ့က အလှူခံပုံး

တရားရုံးက ပယ်ချလိုက်ပြီး ကလေးသုံးယောက် ပြန်လည်လွတ်မြောက်လာတဲ့နောက်မှာလည်း ကျန်အချက်လေးချက်ကို ဒုတိယအကြိမ်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ ထပ်မံ ဆန္ဒပြခဲ့ကြကာ အောင်ဗောဓိဘုရားဂေါပကအဖွဲ့ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းလိုတယ်လို့ ဒေါ်ခင်ချိုနိုင်က ဆက်ပြောပြပါတယ်။

 ကလေးသူငယ်ဥပဒေကို လိုက်နာပါ

ဦးစောကျော်စိုးမိုးက ခံဝန်ပေးထားတဲ့ ကလေးကို ရဲက ထပ်ဖမ်းဆီးခွင့်မရှိသလို ကလေးတွေကို လူကြီးတွေထားတဲ့ အချုပ်ခန်းထဲမှာလည်း လုံးဝထားလို့မရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၃ (ဂ) အရ ကလေးသူငယ်တရားရုံးက စီရင်ချက်မချမချင်း ခံဝန်နဲ့ မိဘထံ ပြန်အပ်နှံ ထားရမယ်လို့ သူကဆိုပါတယ်။

ဂေါပကအဖွဲ့ရဲ့ ဒုတိယအကြိမ် ထပ်မံတိုင်ကြားမှုမှာလည်း ရဲတွေအနေနဲ့ လုပ်ချင်တိုင်းလုပ်လို့မရသလို ကလေးသူငယ် ဥပဒေပုဒ်မ ၃၃ (က) အရ ကလေးသူငယ်တစ်ဦးဦးကို ကာကွယ်စောင့်ရှောက်မှုပြုသင့်တယ်လို့ ထင်မြင်ယူဆရင် လူမှုဝန်ထမ်းဦးစီးဌာနထံ အစီရင်ခံစာတင်ပြီး ကိုင်တွယ်ရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

အထက်ပါဥပဒေနဲ့ ပတ်သက်ပြီး အမှုကို ကိုင်တွယ်ခဲ့တဲ့ အမှုစစ် ဒုရဲအုပ်ပန်းစိန်အောင်ကို မော်ကွန်းက တွေ့ဆုံမေးမြန်းတဲ့အခါမှာ သူကတော့ ကလေးတွေကို အချုပ်ခန်းထဲမှာ ဖမ်းထားတယ်ဆိုတာကို ငြင်းဆန်ခဲ့ပြီး စခန်းမှူးရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ထားတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ဘယ်ဥပဒေအရ ထားတယ်ဆိုတာကိုတော့ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ဒီလို ကလေးအရွယ်မှာ ရဲစခန်းအချုပ်၊ လူငယ်သင်တန်းကျောင်းတို့လို နေရာတွေကို ကြုံဖူး၊ ဖြစ်ဖူးသွားရင် ကလေးတွေအနေနဲ့ နောက်တစ်ခါရောက်လည်း မဆန်းပါဘူးဆိုတဲ့ အကျင့်ဆိုး ဝင်သွားမှာကို စိုးရိမ်တယ်လို့ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနဲ့ ကလေးသူငယ်စိတ်ပညာရှင်တွေက ပြောဆိုကြပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုတွေ၊ သင်ကြားရေးတွေလုပ်နေတဲ့ အငြိမ်းစားပါမောက္ခဒေါက်တာခင်မြင့်ကလည်း ဒီကိစ္စကို ဖြေရှင်းပြီးမှ ဂေါပကအဖွဲ့က မကျေနပ်လို့ ထင်ပြီး ရဲစခန်းပို့တာတို့၊ တရားစွဲတာတို့က ဖြစ်သင့်တဲ့အနေအထားထက် လွန်ကျူးတယ်လို့ ဆိုပါတယ်။

”သာမန်အားဖြင့် မိဘတွေနဲ့ ညှိနှိုင်းလိုက်ရုံနဲ့ ပြီးသွားရမယ့်ကိစ္စဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဒီလို ဒုတိယအကြိမ် ထပ်ဖမ်းခိုင်းတာဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာ နစ်နာသွားတဲ့အတွက် နောင်တစ်ချိန်မှာ ကောင်းလာတာထက် ဆိုးလာဖို့ အလားအလာ ပိုများသွားနိုင်တယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။

သန်လျင်လူငယ်သင်တန်းကျောင်းက ဒုကျောင်းအုပ်ဖြစ်သူက ရဲတွေအနေနဲ့ ကလေးသူငယ်ဥပဒေကို ချိုးဖောက်လား၊ မချိုးဖောက်လားဆိုတာက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်လား၊ မဆန့်ကျင်ဘူးလားဆိုတာကို ကြည့်ရမယ်လို့ဆိုပါတယ်။

ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၇ မှာတော့ ကလေးတွေကို ခံဝန်နဲ့ မိဘကို အပ်ရမယ်၊ မချုပ်ထားရဘူး၊ ကလေးသူငယ်တစ်ယောက်ကို ဖမ်းဆီးပြီး ၂၄ နာရီအတွင်းမှာ မိဘကို အကြောင်းကြားရမယ်၊ ရုံးထုတ်တဲ့အခါမှာလည်း လူကြီးတရားခံတွေနဲ့ ခေါ်မသွားရဘူး၊ အချုပ်ခန်းထဲမှာ ရောမထားရဘူးဆိုတာ ပြဋ္ဌာန်းပြီးသားပါလို့ သူက ရှင်းပြပါတယ်။

ဒါကြောင့် ကလေးသူငယ် ဥပဒေကို ချိုးဖောက်တဲ့သူတွေကို ပြန်လည်တရားစွဲဆို နိုင်ခွင့်ရဖို့ ကလေး သူငယ်ဥပဒေပုဒ်မ ၂၆ အရ ကလေးအကျိုးကိုစိတ်ဝင်စားတဲ့ မည် သူမဆိုက မိဘတွေနဲ့အတူ သက်ဆိုင်ရာ ရဲစခန်းကိုသွားပြီး စခန်းမှူးနဲ့ဆွေးနွေး ကြည့်သင့်တယ်လို့ သူက ဆိုပါတယ်။

Photo – Banyar Kyaw                               ကလေးသုံးယောက်ကို ပထမဦးဆုံး ခေါ်ယူထိန်းသိမ်းခဲ့သည် ရုံး

”ဆွေးနွေးကြည့်လို့ မရဘူးဆို ရင် တရားရုံးက တရားသူကြီး၊ ရှေ့နေ တွေကို ထပ်တိုင်နိုင်တယ်”လို့ သူက ဆိုပါတယ်။

ကလေးတွေနဲ့ စိတ်ဒဏ်ရာ

ကလေးသုံးယောက်ဟာ ၁၅ ရက်ကြာ ထိန်းသိမ်းခံရပြီး ပြန်လွတ် လာတဲ့နောက်မှာတော့ အပြုအမူတွေ ပြောင်းလဲသွားတယ်လို့ အဖမ်းခံခဲ့ရတဲ့ ကလေးတွေရဲ့ မိဘတွေက ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ် ကလေးဆိုရင် ”မျက်နှာညှိုးငယ်နေပြီး အိမ်အပြင် ထွက်မဆော့တော့ဘဲ အိမ်မှာပဲ နေတယ်”လို့ မိခင်ဖြစ်သူ ဒေါ်မော်မော်က ဆိုပါတယ်။

အဖမ်းခံခဲ့ရတဲ့ ဒေါ်နှင်းနှင်းအေးရဲ့ ၁၃ နှစ်အရွယ်ကလေး ဆိုရင်လည်း သီတင်းကျွတ်လပြည့်ညမှာ အောင်ဗောဓိ ဘုရားဝင်း ထဲသွားဖို့ ခေါ်တဲ့အခါ မလိုက်ဘူးဆိုပြီး အတင်းငြင်းဆန်ကာ ဘုရားဝင်းထဲရောက်တဲ့ အခါမှာလည်း အရင်လို မောင်နှမတွေနဲ့ ဆော့ကစားတာမျိုး မရှိသလို မုန့်ကျွေးတာကိုတောင် မစားဘူးလို့ ဒေါ်နှင်းနှင်းအေးက ဆိုပါတယ်။

”အိမ်ပြန်ဖို့ပဲ ပူဆာနေတယ်”လို့ သူက ဆက်ပြောပါတယ်။ အဲဒီကလေးနဲ့ မော်ကွန်းက နောက်တစ်နေ့ တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ သူက “ သားကို လူတွေတွေ့ပြီး ထပ်ဖမ်းသွားမှာစိုးတယ်”လို့ ကြည်လင်တဲ့မျက်ဝန်းမှာ မျက်ရည်တွေဝဲပြီး ပြန်ဖြေပါတယ်။

ဒေါက်တာခင်မြင့်ကတော့ ကလေးတွေဟာ ပြစ်မှုအတိုင်းအတာမှာ ပြင်လို့ရတဲ့ အနေအထားဖြစ်ရဲ့သားနဲ့ အပြစ်ဒဏ်နဲ့’ မမျှတာဖြစ်လိုက်တော့ လူတွေက သူ့တို့ကို မကောင်းမြင်နေကြတယ်လို့ ထင်နေတာလို့ သူက ဆိုပါတယ်။

”ဒါကြောင့် ကလေးတွေက ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲ၊ ဝင်မတိုးရဲတော့တာ”လို့ သူက ဆက်ပြောပါတယ်။

စိတ်ပညာဆိုင်ရာ အသုံးအနှုန်းအရ Anti-social Behavior ဆိုတဲ့ လူမှုဆက်ဆံရေးနဲ့ ဆန့်ကျင်တဲ့အပြုအမူတွေ ဖြစ်ဖို့များတယ်”လို့ စိတ်ပညာရှင်ဒေါက်တာခင်မြင့်က ရှင်းပြပါတယ်။ သူက အခုလိုလည်း မှတ်ချက်ပေးပါတယ်။

”လူ့လောက အသိုင်းအဝိုင်းကြီးနဲ့ မတွေ့တာ ပိုကောင်းတယ်ဆိုတဲ့ အတွေး သူ စတွေးသွားပြီ”

ဒီလိုချိန်မှာ ကလေးနဲ့တွေ့ပြီး စကားပြောကြည့်ကာ သူတို့ဆီမှာ ရှိနေတဲ့ မှားယွင်းသော Anti-social Behavior ဆိုတဲ့ လူမှုဆက်ဆံရေးနဲ့ ဆန့်ကျင့်တဲ့အပြုအမူတွေကို Pro-social Behavior (အပြုသဘော၊ အကောင်းသဘော) နဲ့ အစားထိုးပေးရမယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလို အစားထိုးတဲ့နေရာမှာ ကလေးတွေကို နေအိမ်မှာပဲ ဖြစ်စေ၊ ဘုရားမှာပဲ ဖြစ်စေ သန့်ရှင်းရေး သွားလုပ်ပေးစေတာမျိုးဖြင့် ”မင်းတို့ကို ပတ်ဝန်းကျင်က အပြစ်မြင်တာမဟုတ်ဘူး”ဆိုတာကို သင်ကြားပေးရမှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ကလေးသူငယ် အကျိုးစီးပွား

Save The Children ရဲ့ Head Program ဖြစ်တဲ့ ဒေါ်သန္တာကျော်က ကလေးသုံးယောက်ဟာ ငွေသုံးရာယူတဲ့အတွက် ဥပဒေကြောင်းအရ အမှုမြောက်သော်လည်း ရဲတွေအနေနဲ့ ဖြစ်ရပ်ကိုကိုင်တွယ်စီရင်တဲ့ နေရာမှာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးအခွင့်အရေးများနှင့် ကလေးအခွင့်အရေးများ၏ အဓိက အခြေခံမူတစ်ခုဖြစ်တဲ့ ကလေးရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ “In the best interest of children” မူကို ထည့်သွင်းစဉ်းစားမှု အလွန်အားနည်းနေတာကို တွေ့ရတယ်လို့ ထောက်ပြပြောဆိုပါတယ်။

ကလေးတွေကို အမှုမဖွင့်ခင်မှာ ‘ကလေးများ၏အကောင်းဆုံးအကျိုးစီးပွား’ ဆိုတဲ့ သူတို့ရဲ့ အသက်၊ ခိုးယူတဲ့ပမာဏ၊ အဲဒီပိုက်ဆံကို ဘယ်လောက်ရည်ရွယ်ချက်ရှိရှိ ခိုးသလဲ (သို့မဟုတ်) ကြုံကြိုက်လို့၊ လွယ်ကူလို့ လုပ်တာလား၊ ကျောင်းနေတဲ့ ကလေးလား၊ စာမေးပွဲဖြေနေလား၊ အရင်ကရော ပြစ်မှုဖြစ်ဖူးသလား၊ ဒါပထမဆုံးအကြိမ်လား စတာအားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက်မှာ ကျူးလွန်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို လူလားမြောက်တဲ့အချိန်မှာ အရိပ်မထိုးရအောင် အဲဒီဖြစ်ရပ်ကို ‘လျှို့ဝှက်စွာထိန်းသိမ်းကိုင်တွယ်ရမယ်’ဆိုတဲ့ “Confidentiality” နဲ့ ပတ်သက်လို့လည်း စဉ်းစားထားခြင်း မရှိဘူးလို့ မြင်ပါတယ်လို့ သူက ဆိုပါတယ်။

ရဲစခန်းမှာလည်း ကလေးမိဘတွေ စခန်းရောက်မှ ကလေးများကို စစ်ဆေးရမှာဖြစ်ပြီး စစ်ဆေးတဲ့နေရာမှာလည်း စစ်ဆေးတဲ့ ရဲအရာရှိဟာ ကလေးကိစ္စကို စစ်ဆေးခြင်းဆိုင်ရာသင်တန်းရရှိထားပြီး ကျွမ်းကျင်မှုရှိတဲ့ ရဲဖြစ်ရပါမယ်လို့ သူက ရှင်းပြပါတယ်။

”ရဲစခန်းမှာပဲကလေးတွေကို ဆုံးမပြောဆို၊ ခံဝန်ထိုးပြီး ပြန်လွှတ်ရင် ပိုမိုသင့်တော်မယ့် အခြေအနေရှိပါတယ်။ နောက်တစ်ကြိမ် အတင်းအမှုဖွင့်ပြီး လူမှုဝန်ထမ်းသင်တန်းကျောင်းပို့တဲ့အဆင့်ထိ ရောက်စရာမလိုပါဘူး”လို့ သူက ဆိုပါတယ်။

ကလေးတွေကို ”တရားစွဲ၊ လူမှုဝန်ထမ်းသင်တန်းကျောင်းပို့ ပြုလုပ်တဲ့အတွက် လူသိရှင်ကြားသိသွားပြီး ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ နောက်ဆက်တွဲ ကလေးတွေ ရင်ဆိုင်ရမယ့် အရာတွေဟာ သူတို့ကို စိတ်ဒဏ်ရာတွေ ဖြစ်စေပါလိမ့်မယ်”လို့ ဒေါ်သန္တာကျော်က ဆိုပါတယ်။

တစ်ဖက်မှာလည်း တချို့က ကလေးဘက်က စာနာပြီး ဆန္ဒပြ ကာကွယ်ပြောဆိုကြတဲ့အခါမှာ ကလေးတွေက ငါတို့မှန်တယ်လို့လည်း ထင်သွားနိုင်ပါတယ်လို့ သူက အကြံပြုထားပါတယ်။ ဒါကြောင့် အခုလိုလုပ်သွားတဲ့ ပုံစံထက် ကလေးတွေလုပ်ရပ်က မှားတယ်ဆိုတာကို အကျိုးအကြောင်းရှင်းပြပြီး လမ်းမှန်ရောက်ဖို့ ဝိုင်းဝန်းဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။

ဂေါပကအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို သူက အခုလိုလည်း မှတ်ချက်ပြုထားပါတယ်။

”ကလေးတွေ နောက် ဒါမျိုး မလုပ်တော့ဘဲ လမ်းမှန်ရောက်ဖို့ စဉ်းစားပြီး လုပ်တာထက် ဘာကိုမကျေနပ်လို့ ဒီလိုလုပ်ချင်တာလဲဆိုတာ စဉ်းစားစရာတွေ ဖြစ်နေပါတယ်”

ယခုလို ငွေသုံးရာကျပ်တည်းနဲ့ ကလေးတွေကို တရားစွဲဆိုကာ ဖိအားပေး ဖမ်းချုပ်ခိုင်းခဲ့တဲ့ ဂေါပကအဖွဲ့ရဲ့ လုပ်ရပ်ကို ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဒေါ်ခင်ချိုနိုင်က ယခုလို ဝေဖန်ပါတယ်။

”မတရားဘူးလို့ မြင်တယ်။ သားသမီးချင်း ကိုယ်ချင်းမစာနာလို့ သူ ဒီလိုလုပ်တာ”

၂၀၁၇- နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."