ညောင်ရမ်းမှာ အောင်ပန်းဆွတ်ခဲ့စဉ်က

Photo – Than Naing Oo

မြို့ပြနိုင်ငံတော်ဟောင်း ညောင်ရမ်းကို ရန်ကုန်-မ္တနလေး မီးရထားစီးတိုင်း ဖြတ်သန်းရတဲ့ တောမြို့လေးအဖြစ် သတိထားမိတာကြာပါပြီ။ ဒီမြို့လေးမှာ အထူးအမြန်ရထားတွေ မရပ်နားပေမယ့် ရထားစီးတိုင်း ဖြတ်သန်းနေကျမို့ ရင်းနှီးနေတယ်။ သမိုင်းစာမျက်နှာတွေမှာလည်း ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့တဲ့ မြို့ မို့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ တောမြို့လေး ဖြစ်တယ်။

ညောင်ရမ်းက မ္တနလေးတိုင်း၊ သာစည်မြို့နယ်ထဲက တိုက်နယ်အဆင့်ရှိတဲ့ တောမြို့လေးဖြစ်တယ်။ မ္တနလေးမြို့ရဲ့ တောင်စူးစူး မိုင် ၁ဝဝ စွန်းစွန်းအကွာမှာ ရှိတယ်။ ဒီမြို့လေးမှာ ညောင်ရမ်းခေတ်လက်ရာတွေ အခုထက်တိုင် တွေ့နေရဆဲ ဖြစ်တယ်။ အထူးသဖြင့် သာသနိက အဆောက်အအုံတွေနဲ့ လယ်ယာတွေထဲမှာ ထွန်ယက်စိုက်ပျိုးရင်း တွေ့ရတဲ့ ညောင်ရမ်းခေတ် ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေက ညောင်ရမ်းမှာ ယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း သက်သေပြနေကြတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအချို့ နာမည်တွေက တစ်မူထူးခြားတယ်။ ညောင်ပါတဲ့ မြို့နာမည်တွေ အများကြီးပဲ။ ညောင်ရွှေ၊ ညောင်ဦး၊ ညောင်တုန်း၊ ညောင်ခြေထောက်၊ ညောင်ခါးရှည်၊ ညောင်လေးပင် စတဲ့ မြို့တွေလိုပဲ ညောင်ရမ်းကလည်း အထင်ကရရှိတဲ့ မြို့ ဖြစ်တယ်။ ညောင်ရမ်းခေတ်တစ်ခေတ် ထူထောင်နိုင်တဲ့အထိ ညောင်ရမ်းက သမိုင်းမှာ အောင်ပန်းဆင်ခဲ့တဲ့ မြို့ ဖြစ်တယ်။

သီတင်းကျွတ်လပြည့်မတိုင်မီမှာ ညောင်ရမ်းမြို့လေးကိုရောက်ပါတယ်။ ကျွန်တော် သွားတဲ့နေ့က မိုးလေဝသ ကြည်ကြည်လင်လင် ရှိတဲ့နေ့မို့ သွားလို့လာလို့ ကောင်းတယ်။ မိတ္ထီလာမြို့အဝင် သပြေဝလမ်းခွဲကနေ သာစည်အထိ ကတ္တရာလမ်းက ဖြူးဖြောင့်နေတာပါပဲ။ ညောင်ရမ်းကို မီးရထားပေါ်ကသာ ဖြတ်သွားဖြတ်လာ မြင်ဖူးတာ။ ဘယ်လမ်းက သွားရမယ်ဆိုတာ ကျွန်တော် သေချာမသိဘူး။ သာစည်မြို့ရဲ့ တောင်ဘက်ကို သွားရတယ်ဆိုတာလောက်တော့ အကြမ်းဖျင်း သိထားတာပဲ ရှိတယ်။ သာစည်က မ္တလေးနဲ့ ၉၆ မိုင် ကွာဝေးတယ်။ သာစည်မြို့ပေါ်ရောက်တော့ ညောင်ရမ်းကို ဘယ်လို သွားရမလဲဆိုတာ မေးရမြန်းရသေးတယ်။ သာစည်ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ညောင်ရမ်းလမ်းအတိုင်း တောင်စူးစူးကို သွားရမယ်တဲ့။ သာစည်နဲ့ ညောင်ရမ်းက ရှစ်မိုင် ကွာဝေးတယ်။

ညောင်ရမ်းလမ်းအတိုင်း ဝင်လာတဲ့အခါ သက်တမ်းရင့် သစ်ပင်ကြီးတွေက အုပ်မိုးနေတယ်။ အပင်ကြီးတွေကြောင့် အေးအေးသက်သာ သွားရမယ့် ခရီး ဖြစ်မှာပဲလို့ တွက်ဆလိုက်ပေမယ့် ကျွန်တော့်တွက်ကိန်းက သာစည်ကနေ နှစ်မိုင်အကွာလောက်အထိပဲ မှန်ခဲ့တယ်။ ညောင်ရမ်းကို သွားတဲ့လမ်းက ကားနှစ်စီး လွတ်လွတ်ကျွတ်ကျွတ် ရှောင်နိုင်အောင် ကျယ်ဝန်းပါတယ်။ ညောင်ရမ်းလမ်းက ကတ္တရာလမ်း မဟုတ်ဘူး။ လေးထောင့်စပ်စပ် ကျောက်တုံးတွေကို အစီအရီ စီခင်းထားတဲ့ လမ်းသာ ဖြစ်တယ်။ တချို့နေရာတွေမှာ လမ်းပိုင်းတွေက ပျက်စီးနေပြီ။ သာစည်မြို့ကနေ ညောင်ရမ်းလမ်းအတိုင်း နှစ်မိုင်လောက် ဝင်သွားရင် ကျေးရွာချင်း ဆက်သွယ်ထားတဲ့ လမ်းကို ရောက်တယ်။ အဲဒီနေရာက စပြီး တစ်လမ်းလုံး ဘာအရိပ်အာဝါသမှ မရှိတော့ဘူး။ သဲဆန်တဲ့ ဂဝံမြေသားလမ်း ဖြစ်သွားပြီး လမ်းတွေက ကြမ်းတမ်းတယ်။ တချို့နေရာတွေမှာ အရင်ရက်တွေက မိုးရွာထားလို့ လမ်းပေါ်မှာ ရေတွေ ဝပ်နေတယ်။ ညောင်ရမ်းသွားတဲ့ လမ်းက ပူပြင်းခြောက်သွေ့တယ်ဆိုပေမယ့် လူသွားလူလာ မပြတ်ဘူး။ ကားကြီး၊ ကားငယ်တွေ တဝီဝီ သွားနေကြတယ်။ လိုက်ထရပ်တွေ၊ ပေါင်မုန့်ကားတွေအပြင် မော်ဒယ်လ်မြင့် ကားတွေတောင် ပါသေးတယ်။

ရွာထိပ်တိုင်းမှာ အုတ်ခုံခင်း သွပ်မိုးဇရပ်လေးတွေ ဆောက်လုပ်ထားကြတယ်။ ကျွန်တော် ညောင်ရမ်းကို သွားတဲ့ ရက်က အခြေခံပညာကျောင်းတွေ စာမေးပွဲဖြေတဲ့ရက် ဖြစ်လို့ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ ရွာထိပ်ဇရပ်ပေါ်မှာ နားနေကြတယ်။ ကြည့်လေရာရာမှာ လွင်တီးခေါင်ကြီး။ အညာဒေသပေါက်တဲ့ အပင်တွေ ဖြစ်တဲ့ ရှားပင်၊ ကန္တာရပင်၊ ထနောင်းပင်တွေ၊ ဆီးပင်တွေနဲ့ ထန်းတောအုပ်အုပ်တွေသာ တွေ့ရတယ်။ လယ်ကွက်တချို့မှာ စပါးပင်တွေက ဒူးဆစ်လောက်အထိ ရောက်နေပြီ။ ဝါစိုက်ဒေသဖြစ်လို့ ဝါခင်းတွေကိုလည်း တွေ့ရတယ်။

သာစည်နဲ့ ညောင်ရမ်းက ရှစ်မိုင်သာ ဝေးတယ်ဆိုပေမယ့်   လမ်းကြမ်းလွန်းလို့ မိုင် ၂ဝ လောက် ဝေးတယ် ထင်ရတယ်။ ညောင်ရမ်းမရောက်ခင်မှာ ရွာစဉ်တော်တော်များများကို ဖြတ်ကျော်ခဲ့ရတယ်။ ဉာဏ်ကန်ရွာ၊ မိုးတောင်ရွာ၊ ရွှေကူရွာ၊ အင်တိုင်ရွာ စတဲ့ ရွာတွေကို ဖြတ်ကျော်သွားရတယ်။ ညောင်ရမ်းရောက်ခါနီးမှာ ကြီးမားကျယ်ပြန့်တဲ့ ရေလှောင်ကန်ကြီးတစ်ခု လမ်းရဲ့ ညာဘက်အခြမ်းမှာ တွေ့ရပါတယ်။ ရေကန်ထိပ်မှာ ရွှေရောင်ဝင်းဝင်းနဲ့ စေတီတော်တစ်ဆူ ဖူးတွေ့နိုင်ပါတယ်။ ရေလှောင်ကန်နဲ့အပြိုင် ညောင်ရမ်း-သာစည် မြေသားလမ်းကို ဖောက်လုပ်ထားတာပါ။ ညောင်ရမ်း-သာစည် ရထားလမ်းကိုလည်း ကားလမ်းနဲ့ ခပ်ဝေးဝေးမှာ မြင်တွေ့ရတယ် ညောင်ရမ်းက အပြန် ကုန်ရထား ခုတ်မောင်းချိန်နဲ့ ကြုံလို့ ကားလမ်းပေါ်ကနေ ဓာတ်ပုံရိုက်ဖြစ်သေးတယ်။

Photo – Than Naing Oo

ညောင်ရမ်းအဝင်မှာ အင်းကုန်းဆိုတဲ့ ရွာရှိတယ်။ ဆရာတော်တစ်ပါး ရွာထိပ်က အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာရပ်နေတာ တွေ့လို့ ဝင်ဖူးမြော်တယ်။ ကျွန်တော့်မှာ ပါလာတဲ့ ကွမ်းယာထုပ် ဆရာတော့်ထံ ကပ်လှူတယ်။ ဆရာတော်က ရွာလမ်းခင်းဖို့ ကျောက်သယ်လာမယ့် ကားကို စောင့်နေတာပါ။ ဆရာတော် သီတင်းသုံးနေတဲ့ ကျောင်းက ဆဋ္ဌသံဃာယနာတင် ညောင်ရမ်းဆရာတော်ဘုရားကြီးရဲ့ ဇာတိဖြစ်တယ်။ ဆရာတော်က သူ့ရွာ သူ ဂုဏ်ယူစကား မြွက်ကြားတယ်။

”ကျုပ်တို့ရွာက ညောင်ရမ်းနယ်မှာ ညောင်ရမ်းပြီးရင် လျှပ်စစ်မီး ပထမဆုံး ရတဲ့ ရွာပေါ့။ ရွာမှာ စာကြည့်တိုက်လည်း ရှိတယ်”

ဆရာတော် ဂုဏ်ယူမယ်ဆိုလည်း ဂုဏ်ယူစရာပါပဲ။ အခုအချိန်အထိ လျှပ်စစ်မီး မလင်းသေးတဲ့ ကျေးရွာတွေ ရှိနေသေးတယ် မဟုတ်လား။ ညောင်ရမ်းဒေသရဲ့ လူမှုစီးပွားအခြေအနေကို မေးမြန်းလျှောက်ထားကြည့်တော့ ဆရာတော်က သူသိသလောက် ပြန်ဖြေတယ်။ ညောင်ရမ်းဝန်းကျင်မှာ လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ကြတယ်။ အညာဒေသ ကုန်းခေါင်ခေါင် ဖြစ်ပေမယ့် ရေသွင်းတူးမြောင်းတွေ ရှိလို့ ဆန်စပါး စိုက်ပျိုးနိုင်တယ်။ ကုလားပဲ၊ ကြက်သွန်၊ ပဲစင်းငုံ စတဲ့ ယာသီးနှံတွေလည်း စိုက်ပျိုးကြတယ်။ ယခုနှစ် ကြက်သွန်နီ ဈေးကောင်းလို့ တောင်သူတွေ အဆင်ပြေတယ်။ ပေါ်ဦးပေါ်ဖျားမှာကတည်းက ကြက်သွန်နီတစ်ပိဿာ ကျပ် ၈ဝဝ အောက် မဆင်းခဲ့ဘူး။ လက်ရှိကြက်သွန်နီပေါက်ဈေးက တစ်ပိဿာ ကျပ် ၂ဝဝဝ ဝန်းကျင် ဖြစ်ပါတယ်။ အထူးသဖြင့် ငရုတ်နဲ့ ဝါစိုက်ပျိုးရေးကို အဓိကထားကြတဲ့ တောင်သူတွေလည်း များကြပါသတဲ့။

အင်းကုန်းကို ကျော်တဲ့အခါ ညောင်ရမ်းကို ရောက်ပါပြီ။ ညောင်ရမ်းက ရှေးမြို့ပြ ဖြစ်ခဲ့တာနဲ့အညီ သစ်ကြီးဝါးကြီးတွေနဲ့အုံ့ဆိုင်းနေပါတယ်။ ဘယ်တုန်းက ခင်းထားမှန်း မသိပေမယ့် ကတ္တရာလမ်းလည်း ရှိတယ်။ ညောင်ရမ်းအဝင်မှာ ချောင်းရေရှင်တွေ တသွင်သွင်စီးနေတဲ့ သစ်သားဘေလီတံတားကို ကျော်လိုက်တာနဲ့ ညောင်ရမ်း(ဈေး)ရပ်ကို ရောက်ပါပြီ။ တံတားထိပ်မှာပဲ တယ်လီဖုန်းတာဝါတိုင်ကြီးက ငွားငွားစွင့်စွင့်နဲ့ မိုးထိုးနေတယ်။ ညောင်ရမ်းမှာ တယ်လီဖုန်းအော်ပရေတာတွေ အကုန် လိုင်းမိပါတယ်။ ဈေးရှိတဲ့ အရပ်မို့ ညောင်ရမ်း(ဈေး) ရပ်ရယ်လို့ အမည်တွင်တာပါ။ ကျွန်တော် ညောင်ရမ်းကို ရောက်တဲ့အချိန်က နေ့မွန်းတည့်ချိန်မို့ ဈေးမှာ လူမရှိတော့ပါဘူး။ ဈေးရပ်က လူကုံထံတွေ နေတဲ့ အရပ်မို့ အိမ်ကြီးအိမ်ကောင်းတွေ များတယ်။ ဆောက်လက်စ သံကူကွန်ကရစ် အဆောက်အအုံတွေလည်း ရှိတယ်။ ကုန်စုံဆိုင်တွေ ပေါတယ်။ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ခုံ၊ ဝါးကပ်ဆိုင်တွေ ပေါတယ်။

ညောင်ရမ်းဈေးရပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ဝင်သောက်တယ်။ ကျွန်တော်ထိုင်နေတဲ့ စားပွဲဝိုင်းနဲ့ ကပ်လျက်မှာ ညောင်ရမ်းနယ်ခံအချို့ ထိုင်နေကြတယ်။ လက်ဖက်ရည်ဆိုင်က ဖလက်တီဗီမှာ ဘောလိဝုဒ်ရုပ်ရှင် ပြသထားတယ်။ ကျွန်တော့်ဝိုင်းနဲ့ ကပ်လျက် ညောင်ရမ်းသားတွေ ပြောဆိုနေသံတွေက နားမထောင်ဘဲ အတိုင်းသားကြားနေရတယ်။ သူတို့ကနှစ်လုံးထီအကြောင်း အာပေါင်အာရင်းသန်သန် ပြောနေကြတာပါ။ ညောင်ရမ်းလက်ဖက်ရည်က အစိမ့်ကြိုက်သူ ကျွန်တော့်အတွက် အဆင်ပြေတယ်။ လက်ဖက်ရည်ခွက်ကို နွားနို့စစ်စစ်နဲ့ဖျော်ထားပြီး ဖန်ခွက်ကြီးကြီးနဲ့ ထည့်ပေးတယ်။ လက်ဖက်ရည်ခွက် အောက်ကခံတဲ့ ပန်းကန်ပြားတော့ မပါဘူး။ လက်ဖက်ရည်ဆိုင်သောက် တစ်ခွက် ကျပ် ၂ဝဝ ဖြစ်တယ်။

Photo – Than Naing Oo

ညောင်ရမ်းမှာ ရှိတဲ့ ကျောက်စာရုံကို ကျွန်တော် စိတ်ဝင်စားတယ်။ ကျောက်စာရုံက ရွှေမုဋ္ဌောဘုရားဝင်းအတွင်းက တစ်ထပ်အဆောက်အအုံတွေထဲမှာ ထည့်ထားတာပါ။ ကျွန်တော်ရောက်တဲ့နေ့က ဘုရားဝင်းထဲမှာ လူရှင်းနေတယ်။ အဲဒီကျောက်စာတွေက ညောင်ရမ်းသားကြီးတစ်ယောက်က တစ်ဦးတည်း အလှူရှင်အဖြစ် လှူဒါန်းထားတာပါ။ ကျောက်စာတိုက်က ထွက်ပြီး ညောင်ရမ်းမြို့မရပ်ကို ဆက်ထွက်လာခဲ့ပါတယ်။ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းဆက်သွယ်ရေးရုံး၊ ဘူတာ၊ အထက်တန်းကျောင်း၊ ရဲစခန်း စတဲ့ ဌာနဆိုင်ရာ ရုံးတွေက ညောင်ရမ်းမြို့မရပ်ကွက်မှာ တည်ရှိတယ်။

သက္ကရာဇ် ၇၉၆ မှာ အင်းဝဘုရင် မိုးညှင်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စည်းခုံကြီးဘုရားကို ရွှေရောင်တဝင်းဝင်းနဲ့ ညောင်ရမ်းမြို့လယ်မှာ သပ္ပာယ်စွာ ဖူးမြော်နိုင်ပါတယ်။ ညောင်ရမ်းသား ကာလသားတစ်သိုက် နေ့မွန်းတည့်ချိန်မှာ စည်းခုံကြီးဘုရားရှေ့က ကွက်လပ်မှာ ပိုက်ကျော်ခြင်းခတ် ကစားနေကြတယ်။ စည်းခုံကြီးဘုရား မရောက်ခင်မှာ ရေကန်ကြီး ရှိပြီး ရေကန်ထဲမှာ ကြာဖြူ၊ ကြာနီတွေ ပွင့်လန်းနေတယ်။ တကယ်တော့ ညောင်ရမ်းက သမိုင်းမှာ အစဉ်အလာရှိတဲ့ မြို့ ဖြစ်တယ်။ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက နယ်စားပယ်စား ထားပြီး အုပ်ချုပ်ခဲ့ကြရတဲ့ မြို့ ဖြစ်တယ်။ ကုန်းဘောင်နောက်ဆုံးမင်းဆက်အထိ ညောင်ရမ်းက မြို့စားမင်းအုပ်ချုပ်ရေး ရှိခဲ့တယ်။ မင်းတုန်းမင်းရဲ့ သားတော်တစ်ပါးသည်ပင် ညောင်ရမ်းမြို့ကို စားပြီး ညောင်ရမ်းမင်းသား အမည်တွင်ခဲ့ရတယ်။

ညောင်ရမ်းခေတ်ဟာ ခရစ်နှစ် ၁၅၉၇ မှ ၁၇၅၁ အထိ နှစ်ပေါင်း ၁၅ဝ ကျော် ရှည်ကြာခဲ့တဲ့ ခေတ်ကြီး ဖြစ်ပါတယ်။ စာပေ ပညာရှင်တွေ၊ ရဟန်းပညာရှိတွေ ညောင်ရမ်းခေတ်မှာ ပေါ်ထွန်းခဲ့တယ်။ အလေးတင်းတောင်း အခြင်အတွယ်တွေကို စံကိုက် သတ်မှတ်ပေးခဲ့တဲ့ သာလွန်မင်းဆိုတာလည်း ညောင်ရမ်းခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ မင်းကောင်းမင်းမြတ်ပါပဲ။ အဲဒီလို ခေတ်ကောင်းခဲ့တဲ့ ညောင်ရမ်းက ၂၁ ရာစုမှာ ဘယ်လိုအခြေအနေတွေ ရှိသလဲ ကျွန်တော် သိချင်တယ်။ ဒါကြောင့်လည်း ညောင်ရမ်းဒေသကို အရောက်လာခဲ့တာ ဖြစ်ပါတယ်။

ညောင်ရမ်းမှာ ထူးထူးခြားခြား တွေ့ရတာက လမ်းဘေးဝဲယာတွေမှာ ရေတိုင်တွေ တွေ့ရတာပါပဲ။ ဒီရေတိုင်တွေက မြို့လူထုအတွက် သောက်ရေ၊ သုံးရေသာမက မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက်လည်း အသုံးတည့်လှတယ်။ ပူပြင်းလှတဲ့ အညာဒေသမို့ ‘သင့်ကြောင့် မီးမလောင်ပါစေနှင့်’ ဆိုတဲ့ ဆိုင်းဘုတ်တွေ မြို့နေရာတော်တော်များများမှာ တွေ့ခဲ့ရတယ်။ ညောင်ရမ်းက ခေတ်မီတဲ့ တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာပါ။ ကုန်စုံဆိုင်မှာ Wave Money ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတယ်။ ဆံပင်အဝယ်ဒိုင်တွေလည်း ညောင်ရမ်းမှာ ပေါပါတယ်။ ညောင်ရမ်းဘူတာ သွားရာ လမ်းတစ်လျှောက်က အိမ်တွေမှာ ‘ဆံပင်ဝယ်သည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေ နေရာအနှံ့ပါပဲ။

ညောင်ရမ်းကို ရောက်ချိန်မှာ ငယ်ငယ်က ရထားစီးတိုင်းတွေ့ခဲ့ရတဲ့ ညောင်ရမ်းဘူတာကို ရောက်အောင် သွားခဲ့ပါတယ်။ ညောင်ရမ်းဘူတာက တောဘူတာလေးပါ။ ကျွန်တော် ညောင်ရမ်းဘူတာ ရောက်ချိန်မှာ ရထားတစ်စီးတလေမှ ရှိမနေဘူး။ ကျောင်းဆင်းချိန်မို့ ကျောင်းသူ၊ ကျောင်းသားအချို့ ဘူတာယာဒ်ဝင်းထဲမှာ တွေ့ရတယ်။ ညောင်ရမ်းဘူတာက ညောင်ရမ်းအရှေ့ဖျားပိုင်းမှာ တည်ရှိတယ်။ ဘူတာအနီးမှာ ကုန်စုံဆိုင်တစ်ဆိုင် ရတယ်။ ကျွန်တော် ညောင်ရမ်းဘူတာရဲ့ ရထားအဝင်အထွက်ကို သိချင်လို့ ကုန်စုံဆိုင်က ရေသန့်တစ်လီတာဘူး ဝယ်သောက်တယ်။ မြို့ကြီးပြကြီးမှာ ရောင်းတဲ့ ဈေးအတိုင်းပါပဲ။ ရေသန့် တစ်လီတာတစ်ဘူး ကျပ် ၃ဝဝ။

”ရထားက ဘယ်အချိန်တွေ လာသလဲဗျ”

”ခဏနေရင် လော်ကယ်လာမယ်”

”မနက်ပိုင်းရော လာသေးလား”

”ကုန်ရထားကတော့ ခဏတဖြုတ် ရပ်တယ်”

ညောင်ရမ်းဘူတာရဲ့ အရှေ့ဘက်မှ ညောင်ရမ်း အထက ကျောင်းဝင်းကြီးက ဟည်းထနေတယ။် ကျောင်းဝင်းနဲ့ ကပ်လျက်မှာ ညောင်ရမ်းရဲစခန်း ရှိတယ်။ ကျွန်တော် ငယ်ငယ်က ရထားစီးတော့ တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေက အခုထိ မပြောင်းလဲသေးဘူး။ ညောင်ရမ်းရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ရထားလမ်းက ဖြတ်သွားတာ ဖြစ်လို့ ညောင်ရမ်းကို အဖျားပိုင်းလောက်ကသာ ဖြတ်ဖူးခဲ့တာပါ။

Photo – Than Naing Oo

ညောင်ရမ်းက ဆွဲဆောင်မှုရှိတဲ့ မြို့ငယ်လေးပါ။ ရထားဆိပ်၊ ကားဂိတ်တွေနဲ့မို့ စည်ပင်တယ်လို့ ဆိုနိုင်တယ်။ ညောင်ရမ်းမြို့ခံတွေ အဆိုအရ စာကြည့်တိုက်တွေ၊ လူမှုကူညီရေးအသင်းတွေလည်း ရှိပါတယ်။ နိုင်ငံရေးပါတီ သုံးခုလောက်လည်း ညောင်ရမ်းမှာ ရုံးခန်းဖွင့်လှစ်ထားကြတယ်။ ဘာသာပေါင်းစုံ ညီညီညွတ်ညွတ် ပေါင်းစုနေထိုင်ကြတာလည်း တွေ့ရပါတယ်။ ပန့်နဲ့ ရောင်းတဲ့ ဓာတ်ဆီဆိုင်၊ အလှပြင်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ တယ်လီဖုန်းဆိုင်တွေ အစုံအလင် တွေ့နိုင်တဲ့ မြို့ငယ်လေးပါ။ ညောင်ရမ်းက လျှပ်စစ်မီးရတာ အတော်ကြာပြီလို့ ခန့်မှန်းနိုင်တယ်။ ဓာတ်တိုင်တွေက အတော်လေး အိုမင်းဟောင်းနွမ်းနေပြီလေ။

ညောင်ရမ်းက အချိန်ပေးလည်ပတ်ဖို့ ကောင်းတဲ့ မြို့ဟောင်း ဖြစ်ပေမယ့် အိမ်ပြန်ရဦးမှာမို့ နေမညိုခင်မှာ ညောင်ရမ်းက ပြန်ထွက်ခဲ့တယ်။ ညောင်ရမ်းက အထွက် မိုးတောင်ရွာအနီးမှာ လယ်ထဲကို ထမင်းချိုင့်ပို့မယ့် ကျောင်းသားလေးနဲ့ တွေ့ခဲ့ရတယ်။ ထမင်းချိုင့်တွေကို ဆိုင်းထမ်းသဏ္ဌာန် ထမ်းလာတာပါ။ ချယ်လ်ဆီးဘောလုံးဂျာစီအပြာရောင်နဲ့ ဘောင်းဘီတိုအနက်ရောင်ကို ဝတ်ဆင်ထားတဲ့ ကလေးက ရှိလှမှ ၁ဝ နှစ်ဝန်းကျင် အရွယ်လောက်ပေါ့။ ကျွန်တော် သူ့အရွယ်က အရပ်ထဲမှာ ဆော့ကစားလို့ ကောင်းတုန်း။ ဘယ်သွားမှာလဲဆိုတော့ အဖေ့ဖို့ တောထဲ ထမင်းပို့သွားမလို့ပါတဲ့။

အင်းကုန်းရွာအနီးက လယ်စောင့်တဲမှာတော့ နွားကျောင်းသားတစ်ယောက်က ပက်လက်လှန်ပြီး အိပ်နေတယ်။ နတ်သမီးအိပ်မက်တောင် မက်နေနိုင်သေးတယ်။ နွားတွေက စားကျက်ထဲမှာ အေးအေးလူလူ စားသောက်နေကြတယ်။ အဲဒီနေရာက နည်းနည်းလွန်လာတော့ သာစည်ဘက်ကို ခုတ်မောင်းသွားတဲ့ လော်ကယ်ရထားကို ကားလမ်းပေါ်က လှမ်းတွေ့ရတယ်။ ဆိုင်ကယ် လမ်းဘေးထိုးရပ်ပြီ ရထားကို အငမ်းမရ ဓာတ်ပုံရိုက်နေတဲ့ ကျွန်တော့်ကို လိုက်ထရပ်ကားနဲ့ ညောင်ရမ်းသွားမယ့်သူတွေက ဂြိုဟ်သားတစ်ယောက်လို ကြည့်ကြတယ်။

ရွာထိပ်က ဇရပ်မှာတော့ နွားကျောင်းသား လေးငါးယောက်က စုထိုင်ပြီး တယ်လီဖုန်းကိုယ်စီ ပွတ်နေကြတယ်။ ညောင်ရမ်းက နွားကျောင်းသားတွေ လက်ထဲ ကမ္ဘာကြီး ရောက်လာပါပကော။ ဒီလိုမြင်ကွင်းမျိုး လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကသာ ရုပ်ရှင်ထဲ ထည့်ရိုက်ရင် မဖြစ်နိုင်လိုက်တာနော်လို့ ပြောကြမှာပဲ။ သဘာဝလွန်မြင်ကွင်းလို့ ရုပ်ရှင်ပရိသတ်တွေက သတ်မှတ်ကြမှာ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ညောင်ရမ်းက နွားကျောင်းသားတွေ လက်ထဲမှာ ဟန်းဖုန်းတွေကိုယ်စီ ဖြစ်နေပြီ။ အန်းဒရိုက် ယဉ်ကျေးမှုထဲ ညောင်ရမ်းနွားကျောင်းသားတွေ စီးမျောနေကြတာ အမှန်ပဲ။ ဇရပ်ပေါ်မှာ ရှိတဲ့ နွားကျောင်းသားတွေ အားလုံး ဖေ့စ်ဘွတ်ခ်အကောင့်ကိုယ်စီနဲ့ဆိုတာ ဗေဒင်တောင် မေးစရာ မလိုပါဘူး။ နွားတွေကတော့ အနီးအနားက ကွင်းပြင်တွေထဲမှာ မြက်ခြောက်တွေ စားနေကြလေရဲ့။

ဉာဏ်ကန်ရွာရောက်တော့ ကုန်စုံဆိုင်တစ်ဆိုင်ကို မူလတန်းကျောင်းနဲ့ ဓားလွယ်ခုတ်အနေအထားနဲ့ တွေ့ရတယ် သဲချောင်းရဲ့ တစ်ဖက်မှာ စာသင်ကျောင်းရှိပြီး သဲချောင်းတစ်ဖက်မှာတော့ ကုန်စုံဆိုင်။ ရွာက ကုန်စုံဆိုင်ပေမယ့် အမြန်စာ (Fast Food) တွေ တိုးလို့တွဲလောင်း ချိတ်ဆွဲထားတယ်။ ကျွန်တော်ဆိုင်ကယ်ရပ်ပြီး ကင်မရာထုတ်လို့ ဓာတ်ပုံမှတ်တမ်းတင်ဖြစ်တယ်။ ဆိုင်ရှင်ဖြစ်ဟန်တူသူက ကျွန်တော် ဆိုင်ကယ်ရပ်ပြီး ဓာတ်ပုံရိုက်တာ မြင်တော့ ဝါးပက်လက်ကုလားထိုင်ပေါ် လှဲနေရာက ထထိုင်တယ်။ ကျွန်တော့်ကို စူးစမ်းသလို ကြည့်တယ်။ မ္တနလေးကနေ ညောင်ရမ်းဘက် အလည်လာတာဖြစ်ကြောင်း၊ အခု ညောင်ရမ်းက ပြန်လာတာဖြစ်ကြောင်း ပြောပြလိုက်တယ်။

ဉာဏ်ကန်ရွာကို လွန်ပြီး မကြာခင်မှာပဲ သာစည်မြို့ပေါ်ကို ရောက်တယ်။ သာစည်-ညောင်ရမ်းလမ်းဆုံမှာ ဆိုင်ကယ်တက္ကစီဂိတ် ရှိတယ်။ ခရီးသည်အချို့က အဲဒီဂိတ်ကနေ သက်ဆိုင်ရာ ရွာအသီးသီးကို သွားကြမှာပါ။ သာစည်မြို့ပေါ်ရောက်တော့ ချွေးဒီးဒီးကျနေပြီ  ကျွန်တော့်ခန္ဓာကိုယ် ရေဓာတ်လိုနေပြီ။ တက္ကစီဂိတ်အနီးမှာ ရှိတဲ့ ကုန်စုံဆိုင်ကနေ ရေသန့်တစ်ဘူး ဝယ်သောက်ရပြန်တယ်။ သာစည်မြို့ကနေ မ္တလေးအပြန်ခရီးက လုပ်ငန်းတာဝန်တစ်ခု ပြီးဆုံးသွားလို့ ဝန်ပေါ့သွားသလို ခံစားရတယ်။ ညောင်ရမ်းခရီးစဉ်က ကျွန်တော့်အတွက် အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ မမေ့နိုင်စရာ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။         ။

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."