အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ

သီဟစခန်းသစ်(2017)

ဒုက္ခသီရိနေပြည်တော်တွင် ပြာသိုကြည်တင်နှင့် မယ်သောကြာ ဟူသော လင်မယားနှစ်ယောက် ရှိသည်။

တစ်ခုသော ညနေခင်း သူတို့နှစ်ဦး လေ ညင်းခံ လမ်းလျှောက်ထွက်စဉ် လမ်းဘေး ပလက်ဖောင်းအနီး မီးခွက်တစ်လုံးကို အမှတ် မထင် တွေ့ကြလေသည်။
သောက်ပြီးသား ဆေးလိပ်တိုမှအစ ဘီယာဘူးခွံအထိ လွှင့်ပစ်လေ့မရှိဘဲ အိမ်နံရံကြွက်လျှောက်တန်းတွင် တန်းစီ သိမ်း ထားတတ်သူ ပြာသိုကြည်တင်က ထိုမီးခွက်ကို ကောက်ယူ လိုက်သည်။

”ကိုပြာရယ်၊ ဒီမီးခွက်ကြီး ကောက်မလာစမ်းပါနဲ့။ အိမ် မှာလည်း ရှင့်ရဲ့ ပစ္စည်းအဟောင်းအစုတ်တွေ ထားစရာနေရာ မရှိတော့ဘူး”

”သြော်…ငါ့မိန်းမကလည်းကွာ၊ အစိုးရသစ်လက်ထက်မှာ မီး အဆက်မပြတ်ပျက်နေတာ။ ဒီမီးခွက်က သေချာပေါက် အသုံး တည့်မှာကွ။ အနည်းဆုံးတော့ ငါ့အတွက် ဆေးလိပ်ပြာခွက် လုပ် လို့ ရမှာပါ။ ရှေးဟောင်းပစ္စည်းဆိုရင်လည်း      ရောင်းပြီး မင်း အတွက် စိန်နားကပ်ဝယ်လို့ ရပြီပေါ့”

တားမည့်သာ တားရသည်၊ ဒီမီးခွက် မြင်ကတည်းက အဟောင်းအမြင်း သိမ်းဆည်းခြင်း ဝါသနာကြီးသော ခင်ပွန်း သည် ကောက်ယူတော့မည်ကို ကြိုသိပြီးဖြစ်လေ၏။

အိမ်ရောက်လျှင်ရောက်ချင်း ပြာသိုကြည်တင်က အဝတ် စုတ် ရေဆွတ်ပြီး ကောက်ရမီးခွက်ကို ပွတ်တိုက်သန့်ရှင်းရေး လုပ်လေသည်။ ထိုသို့ ပွတ်တိုက်နေစဉ်မှာပင် မီးခိုးလုံးကြီး ဝုန်း ခနဲ ထသွားလေသည်။

ဤတွင် သူတို့ ကောက်ရသည့် မီးခွက်သည် သာမန်မီးခွက် မဟုတ်မှန်း ဟိုစပ်စပ် ဒီစပ်စပ် စာတို ပေစ ဖတ်လေ့ရှိသော ပြာသိုကြည် တင်ရောဇနီးသည် မယ်သော ကြာ ပါ သဘောပေါက်လိုက်ကြသည်။

မီးခိုးစဲသွားသောအခါ သူတို့ရှေ့ ဒူးထောက်နေသော ချစ်စရာကောင်း သည့်ဘီလူးကြီးကို တွေ့ရ
လေသည်။

”မီးခွက်စောင့်တဲ့ ကျွန်တော်က သခင်တို့ကို ဂါရဝပြုပါတယ်။ မီးခွက် ကို သန့်ရှင်းရေး လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလို သန့်ရှင်းရေးလုပ်ပေးသူရှိမှ ကျွန် တော်မျိုး အခုလို လူလုံးပြ…အဲ…နတ်လုံးပြလို့ ရတာပါ”

ဒဏ္ဍာရီထဲက မီးခွက်စောင့်နတ်
ပြာသိုကြည်တင်လည်း အံ့သြ၍ မဆုံးတော့ပေ။ တန်ဖိုး ဖြတ်မရသော မီးခွက်ကို ကောက်ရသဖြင့် အတိုင်းမသိ ဝမ်းသာမိ လေသည်။ ပုံပြင်ထဲတွင်တော့ လိုရာဆုသာ တောင်း၊ မီးခွက် စောင့်နတ်က ဖန်ဆင်းပေးနိုင်စွမ်းရှိသည်ဟု ရေးထားသည် မဟုတ်လော။

”ပုံပြင်ထဲက မီးခွက်စောင့်နတ်ကြီးပါလား။ ဟန်ကျတာပဲ။ ငါလိုချင်တဲ့ဆုကို တောင်းလို့ရတယ် မဟုတ်လား”

နတ်ဘီလူးကြီးက ပြုံးပြီး လက်နှစ်ချောင်းထောင်ပြ လေသည်။

”ဆုနှစ်ခု တောင်းလို့ ရပါတယ်။ တစ်ယောက်တစ်ခု တောင်းနိုင်သလို တစ်ယောက်တည်းကပဲ နှစ်ခုတောင်းလည်း ရပါတယ်”

မည်သည့်ဆုကိုတောင်းရကောင်းမလဲဟု တွေးပြီး လင် မယားနှစ်ယောက်စိတ်ထဲ ပျာယာခတ်နေကြသည်။ ပြာသိုကြည် တင်လည်း ဒေါ်လာတစ်သောင်းတန် လက်ပတ်နာရီ၊ နောက်ထပ် အိမ်ကြီးကြီးတစ်လုံး၊ ဒါမှမဟုတ် ကားကောင်းကောင်း တစ်စီး ‘ဟာ… ဒါတွေက ငွေရှိရင် ရတာပဲ။ အင်း… ပိုက်ဆံများများ တောင်းလိုက်တာပဲ ကောင်းမှာ ပါလေ’ဟု အမျိုးမျိုး စိတ်ကူးနေမိပြီးမှ မေး ခွန်းထုတ်လိုက်သည်။

”ဒီမီးခွက်ကို အရင်လူတွေက သန့်ရှင်းရေး လုပ်မပေးကြဘူးလား။ သူတို့ကရော ဘာဆုတွေ တောင်း ကြသလဲ”

‘ဆုတောင်းဖို့ အခွင့်အလမ်း မရှိကြပါဘူး သခင်။ သူတို့က သန့်ရှင်းရေး လုပ်တာ နည်းလမ်းမမှန်တော့ ကျွန် တော်မျိုး ထွက်လာလို့ မရဘူး။ မီး ခွက်ကို ပွတ်တဲ့အခါ စီးပွားရေး၊ အာဏာ၊ အတ္တ၊ မျိုးချစ်စိတ် အစရှိတဲ့ သင်္ကေတ သဘောတရားတွေ ပါတဲ့ အဝတ်စကို သုံးရမှာပါ”

ပြာသိုကြည်တင်သုံးလိုက်သည်မှာ သေနတ်တစ်လက်ပုံပါ သော တီရှပ်အဟောင်းဖြစ်လေ၏။ နတ်ဘီလူး၏ အဝတ်စ ဆိုင်ရာ စည်းကမ်းချက်နှင့် ထိုတီရှပ်ဟောင်း မည်သို့ ဆက်စပ် သည်ကို တွေးမနေတော့ဘဲ မည်သည့်ဆုတောင်းရမည်နည်း ဟုသာ စဉ်းစားနေမိသည်။ နောက်ထပ် မိန်းမတစ်ယောက်ဆို ကောင်းမလား။ အင်း…ဇနီးသည်ရှေ့ တောင်းဖို့ မသင့်တော်ပါ ဘူးလေဟု ပြာသိုကြည်တင် ဘရိတ်အုပ်လိုက်မိသည်။

တန်ဖိုးကြီးစိန်တုံးတွေ ရေတိုင်ကီနဲ့ အပြည့်ဆို ကောင်း မလား၊ အင်း…စိန်တွေ ပြန်ရောင်းရတာ အလုပ်ရှုပ်ပါတယ်လေ။ ဒေါ်လာတစ်ရာတန် ငွေစက္ကူအပြည့်ထည့်ထားတဲ့ သင်္ဘောကြီး ကြီးတစ်စီးဆိုရင် ကောင်းမလား၊ ဒါလည်း ဒေါ်လာဈေးကျသွား ရင် ဒုက္ခရောက်ရချည်ရဲ့ကွယ် စသဖြင့် စသဖြင့် ပြာသိုကြည်တင် စိတ်ထဲ ဗျာများနေလေ၏။

နတ်ဘီလူးကြီးက ပြုံးနေသော်လည်း ပြာသိုကြည်တင်ထံမှ အဖြေကို စောင့်မျှော်နေမှန်း သိသာလှသည်။

နတ်ဘီလူး ထောက်လှမ်းရေးလုပ်

ပြာသိုကြည်တင်လည်း ကိုယ်ကျိုး၊ လောဘဆိုင်ရာ စိတ် ကူးများကို နောက်ပို့ပြီး အများအတွက် အကျိုးရှိမည့် ဆုတောင်း တစ်ခုကို ရွေးချယ်လိုက်လေသည်။ သူ၏ ရွေးချယ်ချက်ကြောင့် ချစ်ဇနီး မယ်သောကြာသာမက နတ်ဘီလူးကြီးပါ မျက်လုံးပြူး သွားလေသည်။

”ဒီမိုကရေစီ ရချင်တယ်”

ပြာသိုကြည်တင်၏ ဆန္ဒပြုချက်မှာ တိုတိုတုတ်တုတ် ဖြစ် သော်ငြား ကြီးမားလှပေသည်။

ဒုက္ခသီရိသည် ရွေးကောက်ပွဲ ပုံမှန်ရှိသော ဒီမိုကရေစီ နိုင်ငံဖြစ်မှန်း မီးခွက်စောင့်နတ်ဘီလူး သိသည်။ ဒီမိုကရေစီက ရှိပြီးသား မဟုတ်လား။ သူ့ကို မီးခွက်ထဲမှ ထွက်ခွင့်ရအောင် လုပ် ပေးသည့် ပြာသိုကြည်တင်က ဘာကြောင့် ဒီဆုတောင်းမှန်း သူ မသိ။ မတောင်းနှင့်ဟုလည်း တားမြစ်ပိုင်ခွင့် သူ့မှာ မရှိ။

နောက်ဆုံးတွင် နတ်ဘီလူးက ခွင့်တစ်ရက် တောင်းလိုက် သည်။ နက်ဖြန် ဒီအချိန် ပြန်လာမည်။ သူ ပြန်လာသည့်အခါ ပြာ သိုကြည်တင် ဆုတောင်းသည့်အတိုင်း ဒီမိုကရေစီ ရစေရမည်ဟု လည်း ကတိပေးပြီး လင်မယားနှစ်ယောက်ရှေ့ မြင်ကွင်းမှ ဝုန်း ခနဲ ပျောက်ကွယ်သွားလေသည်။

ခြေဦးတည့်ရာသွားနေသည့် နတ်ဘီလူးက များမကြာမီ ဘီယာဆိုင်တစ်ဆိုင်သို့ ရောက်သွားသည်။ ဆိုင်အတွင်း ဘီယာ သောက်နေသော မော်ကွန်းကျော်လင်းထွန်း အမည်ရှိ သတင်း ထောက်တစ်ယောက်ကို စကားရော ဖောရော လုပ်ပြီး အင်တာ ဗျူးလေသည်။

”ခင်ဗျားတို့နိုင်ငံက ဒီမိုကရေစီ နိုင်ငံလား”

ဘီယာမူးပြီး စကားပြောဖော်မဲ့နေသော မော်ကွန်းကျော် လင်းထွန်းလည်း ဒုက္ခသီရိသည် ရွှေရည်စိမ်ဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း အစချီပြီး ကိုယ့်နည်းကိုယ့်ဟန် ဒီမိုကရေစီ သမိုင်း ကြောင်းကို ဝမ်းသာအားရ ခင်းကျင်းပြလေတော့သည်။

ပုလိပ်အဖွဲ့သည် အစိုးရ၏ လက်အောက်တွင် မရှိကြောင်း၊ ပုလိပ်အဖွဲ့သည် ရွေးကောက်ပွဲ မဝင်ဘဲ လွှတ်တော်တွင်း ကိုယ် စားလှယ် ၃၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိကြောင်း၊ ပုလိပ် အဖွဲ့က စီးပွားရေးမှအစ နိုင်ငံရေးအဆုံး အကုန်လုပ်တတ်ကြောင်း ရှင်းပြချက်ကြောင့် နတ်ဘီလူး၏မျက်လုံး ပြူးသည်ထက် ပြူး လေ၏။

”အိုးမိုင်ဂေါ့၊ ငါက နိုင်ငံပေါင်းစုံ ရောက်ဖူးပါတယ်။ ဒီလို ဖြစ်ရပ်မျိုးတော့ ဒုက္ခသီရိမှာပဲ ရှိမယ် ထင်တယ်ကွာ”

အဆိုပါ ဒီမိုကရေစီပုံစံမှာ အခြေခံဥပဒေအလိုတော်အရ ဖြစ်သည်ဟူသောအချက်ကြောင့် နတ်ဘီလူးက မေးခွန်း နောက် တစ်ခု ထုတ်လေသည်။

”အဲဒီအခြေခံဥပဒေကို ပြင်လို့ မရဘူးလား”

ပုလိပ်အဖွဲ့သည် ထိပ်တိုက်တွေ့နေသော ရှောင်လင်၊ ဝူ တန် အစရှိသည့် ဂိုဏ်းပေါင်းစုံနှင့် ချစ်ကြည်ရေးစာချုပ်ချုပ်ရန် ဆွေးနွေးနေကြောင်း၊ ထိုစာချုပ်နောက်ဆက်တွဲ ဆွေးနွေးပွဲများ တွင် အခြေခံဥပဒေကို ပြင်နိုင်သည်ဟူသော နည်းလမ်းရှိ ကြောင်း သတင်းထောက်က ဘီယာနောက်တစ်ခွက် လှမ်းမှာပြီး ရှင်းပြ၏။

”ဟင်…ဒါဆို ချစ်ကြည်ရေးစာချုပ် ချုပ်ပြီးရင် ဒီမိုကရေစီ အစစ် ရပြီပေါ့ကွ။ အဲဒီစာချုပ် ဘယ်တော့ ချုပ်နိုင်မလဲ”

ပုလိပ်အဖွဲ့က အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း ပေါ်လာမည် စိုးရိမ်သဖြင့် ချစ်ကြည်ရေးစာချုပ် ဒုက္ခိတ ဆက် ဖြစ်နေစေရန် ရွပ်ရွပ်ချွံချွံ ကြိုးပမ်းနေကြောင်း သတင်းထောက်က ရှင်းပြရသည်။

နတ်ဘီလူးသည် ‘ဒီမိုကရေစီ ရချင်တယ်’ဟူသော ပြာသို ကြည်တင်၏ ဆုတောင်းစကားကို နားထဲမှ မထွက်။

သို့သော်လည်း နတ်ဘီလူးတွင် ရှိသော တန်ခိုးမှာ မည် သည့်နိုင်ငံမှ ပုလိပ်အဖွဲ့ကိုမဆို ကျော်လွန်၍ မရချေ။ အထူးသဖြင့် ပုလိပ်အဖွဲ့က  ကြိုတင် ပြဋ္ဌာန်းထားပြီးဖြစ်သော ဥပဒေမျိုး ဆို လျှင် ပို၍ လွန်ဆန်၍ မရနိုင်။

ပြဿ      နာဖြေရှင်းရေးအတွက် စဉ်းစားရခက်ခဲလာသော ကြောင့် နတ်ဘီလူးလည်း ဘီယာမသောက်ဘဲ မူးသွားသည်။ ဒုက္ခသီရိ၏ ရွှေရည်စိမ်ကိစ္စ အဝဝ ရှင်းပြသော သတင်းထောက် မော်ကွန်းကျော်လင်းထွန်းကို ကျေးဇူးတင်စကား ပြောကြားပြီး နှုတ်ဆက် ထွက်ခွာခဲ့လေသည်။

ဒီမိုကရေစီ ရပြီ

ခွင့်ရက်တစ်ရက် ကုန်တော့မည်။ ဒုက္ခသီရိတွင် ဒီမိုကရေစီ ဖော်ဆောင်ပေးနိုင်သည့် နည်းလမ်းကို မီးခွက်စောင့်နတ်ဘီလူး စဉ်းစားလို့ မရသေး။

ဘီယာဆိုင်မှ ထွက်လာသော နတ်ဘီလူးလည်း သတင်း စာ၊ ဂျာနယ်ရောင်းသည့် ဆိုင်တစ်ဆိုင်ရှေ့တွင် အဓိပ္ပာယ်မဲ့ ရပ် ပြီး အချိန်ဖြုန်းနေမိသည်။ ဆိုင်ရှိ စာစောင်မျက်နှာဖုံးများကို တစ်ခုချင်း ကြည့်နေမိသည်။ ထိုဆိုင်ရှေ့ ရပ်မိခြင်းမှာ နတ်ဘီလူး အတွက် ကံကောင်းသည်ဟုလည်း ဆိုနိုင်သည်။ ပြာသိုကြည်တင် ရလိုသည့်အရာကို ဤသို့ မတ်တတ်ရပ်ခြင်းဖြင့် လွယ်လင့်တကူ ရရှိလေပြီ။

စာနယ်ဇင်းဆိုင်မှ အပြန်တွင် နတ်ဘီလူး၏ ခြေလှမ်းတို့က သွက်လှသည်။ ကြက်ဥပြုတ်တစ်လုံးကြက်ခန့်အကြာတွင် နတ် ဘီလူးသည် လည်ပင်းရှည် ရင်ခုန်စွာ စောင့်လင့်နေသော ပြာသို ကြည်တင်၏ ရှေ့တော်မှောက် ရောက်ချသွားလေသည်။

”နတ်ဘီလူးရယ်၊ ပြန်လာသေးတယ်နော်။ ကျုပ်က ခင် ဗျားကြီး ပုံပြောသွားပြီလား၊ အာလာဒင်မီးခွက်က အတုကြီးများ လားလို့ ထင်နေတာ”

”ပုံပြောဖို့ စိတ်မကူးဖူးပါဘူးသခင်ရယ်။ ခွင့်ယူထားတဲ့နေ့ တစ်နေ့လုံးမှာ ကျွန်တော်မျိုးကြီးက ဒီမိုကရေစီရချင်တယ် ဆိုတဲ့ သခင်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်း အမှုတော်ထမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်”

”ဟုတ်ပြီလေ၊ ကျုပ်ပြောထားတာတွေ ခင်ဗျားကြီး မမေ့ သေးဘူး ဆိုတဲ့ သဘောပေါ့လေ”

နတ်ဘီလူးကလည်း မမေ့သေးကြောင်း၊ ”ဒီမိုကရေစီ ရချင်တယ်”ဟူသော ဆန္ဒ ပြည့်စုံအောင် ကြိုးပမ်းထားပါကြောင်း ရိုရိုသေသေ ပြောလေ၏။ ထို့နောက် ဆိုင်မှ သူဝယ်ယူလာသော သတင်းစာတစ်စောင်ကို တလေးတစား ထုတ်ပြကာ ပြာသိုကြည် တင်၏ လက်ထဲသို့ ထည့်လိုက်လေ၏။

ပြာသိုကြည်တင်တို့ လင်မယားလည်း ထိုအခါကျမှ သူတို့ သတင်းစာ မဖတ်ရသေးကြောင်း သတိထားမိလေသည်။ သတင်းစာတွင် မည်သည့်သတင်းထူး ပါသနည်း။ ပုလိပ်အဖွဲ့က ပုလိပ်တန်းလျားပြန်မည်ဟု ကြေညာလိုက်သည့်သတင်း ပါလာ သလော။ ဒါဆိုလျှင် ဒီမိုကရေစီ ရပြီဟု ဆိုကောင်းဆိုနိုင်၏။ အခြေခံဥပဒေကို ပြည်သူစိတ်ကြိုက် အသစ်ပြန်ဆွဲမည်ဟုများ ရေးထားလေသလား။ သို့ဆိုလျှင်လည်း ဒီမိုကရေစီခရီးက အောင်မြင်စွာဆုံးခန်းတိုင်ပြီဟု လက်ခမောင်းခတ်ရတော့မည်။

သတင်းစာကို သေချာကြည့်သည်။ ဒီမိုကရေစီအငွေ့ အသက်နှင့် ဆိုင်သော သတင်း ပါမလာချေ။ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ် ကလေးများ မတော်မတရားပြုခံရပုံ၊ ပုလိပ်အဖွဲ့နှင့် ဂိုဏ်းကြီးတစ်ခု ၉,၉၉၉ ကြိမ်မြောက် တိုက်ကြပုံ အစရှိသည့် သတင်းများ ပါဝင်သည်။ သို့ဆိုလျှင် ဒီမိုကရေစီရအောင် စွမ်း ဆောင်ပြီးကြောင်း နတ်ဘီလူးက ဘာကြောင့် ပြောရသနည်း။

နောက်ဆုံးတွင် နတ်ဘီလူးက သတင်းစာအမည်ကို လက် ညှိုးထိုးပြလိုက်သည်။ ထိုအခါကျမှ သူတို့လင်မယား သတင်းစာ အမည်ကို သတိပြုမိကြသည်။ သတင်းစာ၏အမည်မှာ ‘ဒီမို ကရေစီ’ ဖြစ်နေသည်။

နတ်ဘီလူးလည်း မျက်ခုံးနှစ်ဖက်၊ ပခုံးနှစ်ဖက်၊ လက်နှစ် ဖက်ကို ပင့်ပြီးသကာလ ငါးခူးပြုံး ပြုံးကာ ဆင်ခြေပေးလေတော့သည်။

”ကျွန်တော်မျိုး စွမ်းသလောက်တော့ ကြိုးစားခဲ့ပါတယ်။ သခင် ရချင်တဲ့ ဒီမိုကရေစီကို တွေ့ဖို့ လိုက်ရှာရတာ ဒုက္ခသီရိ      နေပြည်တော်အနံှ့ပါပဲ။ လမ်းဘေးဆိုင်တစ်ခုမှာ တွေ့လို့ ဝယ်ခဲ့ပါ တယ်။ သတင်းစာနာမည်က ဒီမိုကရေစီတဲ့။ ဖတ်ကြည့်ပါနော်။ သတင်းတွေ အစုံ ပါပါတယ်”

မယ်သောကြာက ခေါင်းကို တဗျင်းဗျင်း ကုတ်၊ ပြာသို ကြည်တင်က သူ့နဖူးကို ဖတ်ခနဲ ရိုက်လိုက်မိသည်အထိ အံ့သြ စိတ်ပျက်သွားကြလေသတည်း။
(မိတ်ဆွေ စာရှုသူ -ပြာသိုကြည်တင်၏ တောင်းဆုကို နတ်ဘီလူးက အရယူ ဖန်တီးပေးလိုက်ပေပြီ။ အလှည့်ကျသည့် မယ်သောကြာကရော မည်သည့်ဆုကို တောင်းမည်နည်း။ ရရှိခဲ့သည့် သင်ခန်းစာကြောင့် သူ တောင်းမည့်ဆုမှာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်မည်မှာ သေချာလှသည်။ လာမည့်လတွင် ထိုအကြောင်းအရာကို ဆက်လက် စောင့် စား ဖတ်ရှုကြပါစို့)  ။        ။

 

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ သရော်စာ ဖြစ်ပါသည်။

 

ရန်လိုကျွှဲ ရေးသည်။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."