အလွမ်းရုပ်ရှင်

အလွမ်းရုပ်ရှင်

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ အက်ဆေး ဖြစ်ပါသည်။

မြတ်စုမွန်ရေးသည်

ကျွန်မတို့မြို့လေးမှာ ရုပ်ရှင်ရုံ အဟောင်းကြီး နှစ်ရုံရှိတယ်။ ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ပြတယ်။ ရန်ကုန်က ရုံကြီးတွေမှာ ပြပြီးလို့ လနဲ့ချီ ကြာတော့မှ အဲဒီဇာတ်ကားကို ကျွန်မတို့မြို့မှာ ကြည့်ကြရတယ်။

အဲဒီတုန်းကဆိုရင် ရန်ကုန်ရောက်ဖူးလို့၊ ရန်ကုန်မှာ ရုပ်ရှင် ကြည့်ဖူးသူတွေက ”အမယ်လေး၊ ဒီကားကို အရင်လတုန်းက ရန်ကုန်မှာ ငါကြည့်ပြီးသား”လို့ ပြောတဲ့လူကိုဆိုရင် အထင်တကြီး ငေးကြည့်ရဖူးတာ မှတ်မိသေးတယ်။

တယ်လီဗေးရှင်း(ရုပ်မြင်သံကြား) ရှားပါးတဲ့ခေတ် ဖြစ်တဲ့အပြင် ရပ်ကွက် ဗီဒီယိုရုံဆိုတာလည်း မပေါ်သေးတဲ့အချိန်ဆိုတော့ မြို့ကလူတွေ အတွက် ဖျော်ဖြေရေးက ဒီရုပ်ရှင်ရုံကြီး နှစ်ရုံပဲ ရှိတယ်။

မြို့သူမြို့သားတွေက ဟိုးတုန်းက ရုံပိုင်ရှင်တွေကို အစွဲပြု ပြီး ‘အထုံရုံ’လို့ခေါ်တဲ့ ‘ရတနာရုံ’နဲ့ ‘မဇော်ရုံ’လို့ခေါ်တဲ့ ‘သိန်း’ ရုပ်ရှင်ရုံတဲ့။ ကျွန်မတို့ ငယ်ငယ်တုန်းက နာမည်ကြီးခဲ့တဲ့ ‘သူ့ ကျွန်မခံပြီ’ ဇာတ်ကားကို သိန်းရုံမှာ ကြည့်ခဲ့ရတာ မှတ်မိသေး တယ်။ နောက်ပိုင်းမှာတော့ သိန်းရုံမှာ နိုင်ငံခြားကား ပြတာ များပြီး ရတနာရုံမှာတော့ မြန်မာကားတွေ ပြတာပဲ အမှတ်ရ တော့တယ်။ ဒေးဗစ်ချန်းတို့ဘာတို့ ဇာတ်ကားတွေ ကြည့်ချင်ရင် သိန်းရုံကို သွားရတယ်။

ကျွန်မတို့မြို့က ရုပ်ရှင်ရုံတွေအကြောင်းပြောမယ်ဆိုရင် ချန်ထားလို့မရတဲ့ လူတစ်ယောက်ရှိတယ်။ သူ့နာမည်အရင်းကို ကျွန်မ မသိဘူး။ သူနဲ့ နီးစပ်တဲ့သူတွေက လွဲရင် တစ်မြို့လုံးက လူ တွေကလည်း သိကြမယ် မထင်ဘူး။ ဒါပေမဲ့ သူ့ကို ကျွန်မတို့ မြို့သားတွေအားလုံးက ‘မိုက်ကိုကို’ လို့ ခေါ်ကြတယ်။ သူ့အသံကို ကလေးရော ခွေးရော သိတယ်လို့ ပြောမယ်ဆိုရင် ပိုမယ်မထင် ဘူး။ သူ့အကြောင်းကို နောက်များမှ အေးအေးဆေးဆေး စာရေး ချင်ပါသေးတယ်။

မြို့မှာသာရေး၊ နာရေး၊ မီးရေးထင်းရေး၊ လုပ်အားပေးစတဲ့ ဘယ်လိုအကြောင်းအရာကိုမဆို လော်စပီကာကြီး ဆိုက်ကား ပေါ်တင်ပြီး အရပ်တကာလည်ကာ နှိုးဆော်တတ်သူဟာ မိုက်ကို ကိုက လွဲရင် ဘယ်သူမှ မရှိခဲ့ဘူး။ ကိုယ့်အိမ်မှာ နာရေး ရှိလို့ ဖြစ် ဖြစ်၊ သာရေးရှိလို့ ဖြစ်ဖြစ် ရပ်ဝေးရပ်နီးက မိတ်ဆွေသင်္ဂဟ အပေါင်းကို ဖိတ်ခေါ်ချင်တယ်ဆိုရင် မိုက်ကိုကိုရဲ့ လော်စပီကာကို ငှားရတယ်။

သူ့လော်စပီကာက ဖွင့်ထားတဲ့ သီချင်းသံကိုကြားရင် ဘယ်အကြောင်းအရာကို ကြော်ငြာတော့မယ်ဆိုတာ ခန့်မှန်းလို့ ရတယ်။

‘ရန်သူငါးပါးထဲမှာ၊ အင်မတန်ဆိုးရွားလှတာ၊ မညှာတာ ဘယ်သူ့မှ မထောက်ပါ၊ သူခိုးဓားပြထက် ဆိုးတဲ့ ရန်သူဟာ…’စတဲ့ သီချင်းသံကို အသံချဲ့စက် ကွဲထွက်မတတ်ဖွင့်ပြီး ရပ်ကွက်ထဲ ဝင်လာပြီဆိုရင် ဒါဟာ မကြာခင် နွေရာသီ ရောက်တော့မယ်။ အိမ်တိုင်းမှာ မီးချိတ်၊ မီးကတ်တွေ အသင့်လုပ်ထားဖို့၊ မီးမပေါ့ဆ ဖို့ နှိုးဆော်တော့မယ်။

ဘယ်အချိန်ဖြစ်ဖြစ် မိုက်ကိုကိုရဲ့ ကြော်ငြာအစပျိုးသံကို အလွတ်ရနေတဲ့ ကလေးတွေက ‘ရပ်ကွက်တွင်းရှိ လုပ်သားပြည် သူ အပေါင်းတို့ ခင်ဗျား’လို့ ဦးအောင် အော်နေကျ။

ဒီလို အစပျိုးပြီဆိုရင် ဘာအတွက်များပါလိမ့်၊ လုပ်အား ပေးခေါ်သံလား ဆိုတာကို လူကြီးတွေ နားစွင့်ကြပြီ။ ‘ဟဲ့…ကလေးတွေ တိတ်တိတ်နေကြစမ်း’ လို့ ဟန့်ကြပြီ။ ကလေးတွေ က အသံတိတ်ချင်တိတ်မယ်၊ အသံချဲ့စက်သံကြောင့် ဆွဲဆွဲငင်ငင် အူနေတဲ့ ရပ်ကွက်ထဲက ခွေးပေါင်းစုံရဲ့ အသံကတော့ မိုက်ကိုကိုရဲ့ အသံကိုတောင် လွှမ်းနိုင်တယ်။

မိုက်ကိုကိုရဲ့ ကြော်ငြာတွေထဲမှာ ကျွန်မတို့ကလေးတွေကို အဆွဲဆောင်ဆုံးနဲ့ အကြိုက်ဆုံးကြော်ငြာကတော့ ရုပ်ရှင် ကြော် ငြာပဲ။ ရုပ်ရှင်ကြော်ငြာဆိုရင် သူ့ဆိုက်ကား ဘယ်နားထားခဲ့ သလဲ မပြောတတ်၊ မိုက်ခရိုဖုန်းကိုင်ပြီး ဂျစ်ကားပေါ်မှာ အခန့် သားထိုင်နေတဲ့ မိုက်ကိုကိုဟာ ရုပ်ရှင်အကြောင်းကို ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ပြောမယ်။ ဂျစ်ကားပေါ်မှာ သူ့အပြင် လူပိုတချို့ ပါလာတတ်ပြီး သူတို့က ကားပေါ်ကနေ စာရွက်တွေ ကြဲချသွားတတ်တယ်။

တစ်ခါတလေမှာ မိုက်ကိုကိုက ရုပ်ရှင်ကြော်ငြာကို သူ့ ဆိုက်ကားပေါ် လော်ကြီးတင်ပြီးလည်း ကြော်ငြာတတ်တယ်။ အဲဒီလို အချိန်မျိုးဆိုရင်တော့ သူက ရုပ်ရှင်အòန်းကို ကျကျနန ကွန့်ညွန့်ပြောပြပြီးရင် ‘မကြည့်လိုက်ရ မဖြစ်လေရအောင် ဒီ ကနေ့ည ၇နာရီထက် နောက်မကျစေဘဲ ရုပ်ရှင်ရုံကို အရောက် သာကြွခဲ့ပါ’ဆိုတာမျိုး ဆွဲဆောင်ဖြားယောင်းသွားတတ်သေး တာ။ ဆိုက်ကားနဲ့ ကြော်ငြာတဲ့ရက်တွေဆိုရင် ရုပ်ရှင်ကြော်ငြာ စာရွက်တွေကို သုံးရွက်ပူး၊ လေးရွက်ပူး ဝေပေးတတ်တယ်။ များသောအားဖြင့် ဂျစ်ကားနဲ့ လည်ပြီး ရုပ်ရှင်ကြော်ငြာတတ်တော့ ကားပေါ်ကနေ ကြဲချသွားတော့တာပဲ။

လေထဲမှာ လွင့်နေတဲ့ တချို့စာရွက်တွေက အပြာရောင်၊ တချို့စာရွက်တွေက အဝါရောင်၊ တချို့ကတော့ အနီရောင်။ အဲဒီ စာရွက်မှာ ပြမယ့်ရုပ်ရှင်ကားမှာ  အဓိကသရုပ်ဆောင်မယ့် ခေါင်း ဆောင်မင်းသမီးနဲ့ မင်းသားတို့ရဲ့ ပုံလေးတွေပါတယ်။ ဇာတ်ကား နာမည်ရယ်၊ ပါဝင်မယ့် သရုပ်ဆောင်တွေရဲ့ နာမည်တွေရယ် ဖော်ပြထားတယ်။

ရုပ်ရှင်ကြော်ငြာသာဆိုလို့ကတော့ ကားနောက်မှာ ကလေးတွေ တသီတတန်း ပြေးလိုက်နေတာ တွေ့ရမယ်။ အဝါ ရောင် စာရွက်ရထားတာတောင်မှ အနီရောင်နဲ့ အပြာရောင် ကြော်ငြာစာရွက်ကို လိုချင်လို့ ပြေးလိုက်ကြတယ်။ တချို့လူကြီး တွေကလည်း ရုပ်ရှင်ကြော်ငြာစာရွက်ကို အထူးတလည် တောင်း ကြတာပဲ။ ရုပ်ရှင်သွားကြည့်နိုင်တာ၊ မကြည့်နိုင်တာ အသာထား၊ ကြော်ငြာစာရွက်ကလေးရရင်ကိုပဲ  အဲဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးနဲ့ ခန့်မှန်း ပြောရဆိုရတာကိုက အရသာ တစ်မျိုး။

ငယ်ငယ်က ရုပ်ရှင် တစ်ခါ ကြည့်ခွင့်ရဖို့ဆိုတာကလည်း တော်တော် မလွယ်တဲ့ ကိစ္စ။ အိမ်က လူကြီးတွေ အားလပ်တဲ့ အချိန်၊ ငွေပိုငွေလျှံရှိတဲ့အချိန်နဲ့ ရာသီဥတု သာယာတဲ့အချိန်မျိုး မှာ အိမ်က လိုက်ပြရင် ပျော်မှ ပျော်ပေါ့။

ရုပ်ရှင်တစ်ခါသွားကြည့်ရင် အဒေါ်တွေ၊ အိမ်နီးချင်းဆွေ မျိုးတွေ အဖော်စပ်ပြီး တအုပ်တမကြီး သွားကြတာ။ ကလေးစီစီ၊ ခွေးစီစီလို့ ပြောရလောက်အောင် ကလေးတွေလည်း ပါတယ်။ နောက်ကနေ တကောက်ကောက် လိုက်လာတဲ့ အိမ်မွေးခွေးတွေ လည်း ပါတယ်။

မှတ်မှတ်ရရ ငယ်ဘဝမှာ ရုပ်ရှင်ရုံကအပြန်မှာ ‘ကောက်ရ’လို့ ကျွန်မကိုယ်တိုင် နာမည်ပေးခဲ့တဲ့ ခွေးလေးတစ်ကောင် ကောက်ရဖူးတယ်။ အဲဒီလိုပဲ ကျွန်မတို့ ရုပ်ရှင်ရုံထဲ ဝင်သွားတော့ ‘ဂျက်ကီ’လို့ ခေါ်တဲ့ ကျားသစ်ကွက်အရောင်နဲ့ ခွေးလေးတစ် ကောင် အိမ်မပြန်တတ်ဘဲ မျက်စိလည်ပြီး ပျောက်သွားဖူးတယ်။

လမ်းမီးတိုင်တွေ မရှိတဲ့ တောင်ပေါ်လမ်းကလေးကနေ သီချင်းတကြော်ကြော်ဆိုပြီး ရုပ်ရှင်ရုံရှိရာ မြို့ထဲကို ကုန်းကြောင်း လျှောက်သွားကြရတယ်။ ‘ပွဲသွားကြော့ကြော့’ ဆိုတဲ့ စကား အတိုင်း ရုပ်ရှင်သွားအဖွဲ့ကြီးရဲ့ ရှေ့ဆုံးမှာ ကျွန်မ ရှိနေတတ် တယ်။ စကားတပြောပြောနဲ့ လျှောက်လာတဲ့ အဒေါ်တွေ၊ အမျိုး တွေကို ခဏခဏ လှည့်ကြည့်ပြီး မြန်မြန်လျှောက်ဖို့ ဂျီကျတတ် သေးတယ်။

ရုပ်ရှင်ရုံနဲ့ နီးလာတာနဲ့အမျှ ကျွန်မတို့လိုပဲ အခြားရပ်ကွက် တွေကနေ အစုလိုက်၊ အဖွဲ့လိုက်နဲ့ ရုပ်ရှင်ရုံဆီ ဦးတည်နေကြတဲ့ သူတွေကိုလည်း တွေ့ရပြီ။ ယုံကြည်ကိုးကွယ်ရာ ဘာသာမတူညီ ကြသူတွေ အေးအေးချမ်းချမ်း သာသာယာယာ အတူ ယှဉ်တွဲနေ ထိုင်ကြတဲ့ ကျွန်မတို့မြို့ကလေးမှာ ရုပ်ရှင်ရုံတွေဟာ ဒီလူတွေရဲ့ စုကြဆုံကြတဲ့ နေရာလို့ ပြောလို့ ရပါတယ်။

ညနေခင်းတွေဆိုရင် ဒီရုပ်ရှင်ရုံ နှစ်ရုံရှိရာ ပတ်ဝန်းကျင် ဟာ စည်စည်ကားကားလေး ဖြစ်နေလေ့ရှိတယ်။ တချို့က ရုပ်ရှင် ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ လာကြသလို၊ တချို့က မုန့်ဈေးတန်း လျှောက်ဖို့ လာကြတယ်။ မမြင်တာ၊ မဆုံတာကြာပြီ ဖြစ်တဲ့ တစ် မြို့တည်းနေ အသိမိတ်ဆွေတွေနဲ့ စကားလက်ဆုံကျကြတယ်။

ကျွန်မ ငယ်စဉ်က ရတနာရုံမှာ ရုပ်ရှင်ကြည့်တဲ့ အကြိမ်ရေ ပိုများတယ်။ ရုပ်ရှင်ရုံကို ရောက်ပြီဆိုရင် ရုံထဲကို မဝင်သေးဘဲ မုန့်ဈေးတန်းလေး ဖြစ်နေတဲ့ နေရာမှာ လျှောက်ငမ်းကြတယ်။ ရုပ်ရှင်ရုံရှေ့ဘက် လမ်းမတစ်ဖက်မှာ မုန့်လေပွေ၊ မုန့်ကြပ်တိုက်၊ ပွဲတော်မုန့်၊ ဘူးသီးကြော်၊ ရခိုင်မုန့်တီ၊ ရေခဲခြစ် စတဲ့ အစား အစာတွေကို ရောင်းလေ့ရှိတယ်။  မြင်သမျှ အစုံ စားချင်တဲ့ ကျွန်မဟာ အဒေါ်တွေဆီမှာ မျက်စောင်းအခဲခံပြီး အနည်းဆုံး တစ်မျိုးတော့ စားရလေ့ရှိတယ်။

မုန့်စားပြီးပြီဆိုရင် ရုပ်ရှင်ရုံထဲ ဝင်ချင်ပြီ။ ရတနာရုံမှာ ကျွန်မတို့ ဦးလေးဝမ်းကွဲက  လက်မှတ်စစ်တယ်။ အဲဒီ လက်မှတ် စစ် ဦးလေးဟာ ခပ်တည်တည်နေတတ်တယ်။ ဆွေမျိုးတွေ အဖွဲ့ လိုက်ကြီး ရုပ်ရှင်လာကြည့်တာမှာ ကလေးတွေ တစ်ယောက် တလေ ပါလို့ဆိုပြီး အလစ်ပေးဝင်မယ်လို့ မမျှော်လင့်နဲ့။ အင် မတန် စည်းကမ်းကြီးတယ်။ တစ်ယောက်မကျန် လက်မှတ် ပြရတယ်။

အဲဒီတုန်းက လက်မှတ်ဈေးတွေက တစ်ကျပ်တန်းကနေ သုံးကျပ်တန်းအထိ ရှိတယ်။ တစ်ကျပ်တန်းက ရှေ့ဆုံးက။ သူ့ရှေ့ မှာ ပိတ်ကားပဲရှိတယ်။ နှစ်ကျပ်တန်းကတော့ နောက်မှီ မပါတဲ့ ခွေးခြေခုံတွေ။ သုံးကျပ်တန်းဆိုတာ အပေါ်ထပ်မှာ ကြည့်ရတာ။ ကျွန်မတစ်သက် သုံးကျပ်တန်းမှာ တစ်ကြိမ်မှ မကြည့်ဖူးခဲ့ဘူး။

တစ်ကျပ်တန်းက ဖြစ်စေ၊ ကလေးတွေ ကြည့်တဲ့ ငါးမူးတန် ဖျာတန်းက ဖြစ်စေ ကြည့်တယ်။ အဖြူ အမည်းရုပ်ရှင် ကားကြီး တွေကို ဇက်ညောင်းအောင် မော့ကြည့်ခဲ့ရတာက လွဲရင် ဘယ် ဇာတ်ကားတွေ ကြည့်ရတယ်ဆိုတာ သေချာမမှတ်မိတော့ဘူး။ နောက်မှာ မင်းသား၊ မင်းသမီးတွေ ရှိတယ်ထင်ပြီး ပိတ်ကားကို ဆီးစေ့နဲ့ ပစ်ပေါက်ဖူးတာတော့ မှတ်မိတယ်။

ဘယ်အတန်းကပဲ ကြည့်ကြည့် ရုပ်ရှင်ဇာတ်ကားမပြီးခင် ကျွန်မ အိပ်ပျော်သွားတာချည်းပဲလို့ လူကြီးတွေက ပြောကြ တယ်။ ရုပ်ရှင်ကြည့်ဖို့ သွားကြတုန်းက အင်မတန်တက်ကြွတဲ့ ရှေ့ဆုံးက ကျွန်မဟာ ရုပ်ရှင်ပြီးလို့  အိမ်ပြန်ချိန်ရောက်ပြီဆိုရင် တစ်ယောက်မဟုတ်၊ တစ်ယောက်က ချီရပိုးရပြီ။ ‘အဲဒါတွေ ကြောင့် နင်တို့ကို ဘယ်မှ မခေါ်ချင်တာ။ ကိုယ့်ဘာသာ ကိုယ်လမ်း လျှောက်၊ မချီဘူး’စသဖြင့် အဒေါ်တွေဆီမှာ ဗျစ်တောက်ဗျစ် တောက် အပြောအဆိုခံရပြီ။ ကျွန်မဖေဖေ ပါတဲ့ အကြိမ်မျိုး ဆိုရင်တော့ ဖေဖေက ကျွန်မကို ပခုံးပေါ်ထမ်းပြီး အိမ်ပြန်တယ်။

ကျွန်မတို့မြို့ကလေးက ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တယ် ဆိုတဲ့ အရသာကို တွေ့ကြုံခံစားခဲ့ဖူးတာတွေဟာ အခုတော့ ပြန်ပြောင်း ပြောပြစရာ မှုန်ဝါးဝါး အမှတ်တရတစ်ခုအဖြစ်သာ ကျန်ရစ်ပါတော့တယ်။ တစ်ချိန်က မြို့သူမြို့သားတွေ ဆုံရပ်၊ စုရပ် ဖြစ်တဲ့ ရုပ်ရှင်ရုံတွေဟာ အခုတော့ ဟောင်းနွမ်း ဆွေးမြည့်နေတဲ့ ဂိုဒေါင်ကြီးတွေလို တိတ်တိတ်ဆိတ်ဆိတ်။

 

ရုပ်ရှင်တွေ မပိတ်ခင်ကာလတုန်းက တစ်နေ့မှာ အိမ်က ဦးလေးက အဖြူအမည်း ရုပ်မြင်သံကြားတစ်လုံး ဝယ်လာတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေဆိုရင် မြန်မာ့အသံက ပြတဲ့ ရုပ်ရှင် ကားကြီးတွေကြည့်ရတယ်။ နောက်ပိုင်းမှာ ရပ်ကွက်တိုင်းလိုလို ဖောဖောသီသီ ပေါ်ပေါက်လာတဲ့ ဗီဒီယိုရုံတွေက အဲဒီရုပ်ရှင်ရုံကြီး နှစ်ရုံရဲ့ တံခါးတွေကို ဆွဲပိတ်ခဲ့တယ်။ တစ်ချိန်တုန်းက ရုပ်ရှင်သွား ကြည့်ကြပြီဆိုရင် ရှေ့ဆုံးကပြေးတဲ့ ကျွန်မဟာ ဗီဒီယိုရုံတွေကို တော့ သွားမကြည့်ဖြစ်ဘူး။ တကယ်တော့ ကျွန်မက ဇာတ် ကားကြည့်ရတာ ကြိုက်သူ မဟုတ်ဘဲ ရုပ်ရှင်သွားရတာ ကြိုက်သူ ပါလားလို့ ပြန်တွေးမိတယ်။

နောက်ပိုင်း ရန်ကုန်တွေ ဘာတွေ ရောက်ဖူးတော့ တစ်ခါ တလေ ရန်ကုန်မြို့လယ်က အဲယားကွန်းတွေ စိမ့်နေအောင် အေး တဲ့ ရုပ်ရှင်ရုံကြီးတွေမှာ ကြည့်ဖြစ်တယ်။ ပိတ်ကားပေါ်မှာ ကြာ ဆံမျှင်တွေ ပက်ကြဲထားသလို တုန်တုန်မှုန်မှုန် ရုပ်ရှင်ကားတွေကို စလူယပ်တောင်လေး တဖျတ်ဖျတ်ခတ်ပြီး တမက်တမော ကြည့် ကြရတဲ့ နယ်က ရုပ်ရှင်ရုံတွေကို ပြန်လွမ်းမိတယ်။ အဒေါ်တွေ တစ်အုပ်ကြီး ခေါ်ပြီး ရုပ်ရှင်လိုက်ပြချင်စိတ် ပေါ်တယ်။

ဒါပေမဲ့ ကောင်တာမှာ သွားဝယ်တိုင်း လက်မှတ်ကုန်နေပြီး မှောင်ခိုလက်မှတ် ခေတ်စားလွန်းတော့ ဒီလောက်ထိ မက်မက် မောမော မကြည့်ဖြစ်ပါဘူး။ ဒါတင်မကဘူး စာလေး ဘာလေး ဖတ်ပြီး လူတွေရဲ့ မွေးရာပါ အခွင့်အရေးတွေအကြောင်း ကြားဖူး နားဝရှိလာတဲ့အခါ မသန်စွမ်းသူတွေကို စော်ကားမော်ကားပုံစံနဲ့ သရုပ်ဆောင်တာတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ခွဲခြား လှောင်ပြောင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ အမျိုးသမီးတွေကို နှိမ်ချ ဆက်ဆံတဲ့ ရိုက်ချက်တွေကို ကြည့်ရဖန် ကြားရဖန် များလာတော့ မကြည့်ဖြစ်တော့ဘူး။

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ရုပ်ရှင်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေတဲ့ ဇာတ်ကား တွေအကြောင်း သိရပေမယ့် အခုထိ မကြည့်ဖူးသေးဘူး။ ရန်ကုန် ရောက်နေစဉ် ကာလတုန်းကလည်း ကြည့်ဖို့ အခွင့်မသာခဲ့ဘူး။ မြန်မာဒါရိုက်တာရိုက်ကူးတဲ့ မြန်မာဇာတ်ကားကို ပရိသတ် အသည်းစွဲပြီး ဟိုးလေးတကြော်ကြော် မဖြစ်ဖူးတာ တော်တော် ကြာပြီ မဟုတ်လား။ အဲဒီလို ဇာတ်ကားမျိုးတွေတော့ ကြည့်ချင် မိသားလို့ တွေးမိလိုက်တော့ ကျွန်မတို့ သံတွဲမြို့မှာ ရုပ်ရှင်ရုံမှ မရှိတာ။ တကယ်ဆိုရင် အခုလောက်ဆို အဲဒီဇာတ်ကားတွေ ကျွန်မတို့ မြို့က အထုံရုံမှာ ရုံတင်ရောပေါ့။

အခုတော့ ကျွန်မတို့ မြို့ကလေးက ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်ခဲ့ဖူးတယ်ဆိုတာ ရုပ်ရှင်ရုံတွေ ရှင်သန်နေတုန်း ကာလကို မီလိုက်တဲ့ သူတွေကြားမှာ အပျင်းပြေ ပြန်ပြောစရာလေးတစ်ခုပဲ။ အဲဒီကာလကို မီလိုက်တဲ့ လူတွေထဲမှာ ကျွန်မတို့က နောက်ဆုံး မျိုးဆက် ဖြစ်လိမ့်မယ် ထင်ပါရဲ့။ ရုပ်ရှင်အနှေးပြကွက်တွေလိုပဲ အတိတ်ကို တရေးရေး ပြန်မြင်ယောင်ရင်း ဒီလိုလေး အလွမ်းပြေ တွေးမိတော့တယ်။

#MawKunMagazine
#Than Soe Naing

ဆက်သွယ်မှာယူနိုင်စေရန်…….

           

OFFICE    :  No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239
: 09791663065

website: www.mawkun.com

facebook: @mawkunmagazine

mawkun.chronicle@gmail.com

အမျိုးအစား - မျက်နှာဖုံးဆောင်းပါးအမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."