ဟိုတယ်တွေကြောင့် ပုဂံရှေးဟောင်းဒေသ မပျက်စီးပါစေနှင့်

ဟိုတယ်တွေကြောင့် ပုဂံရှေးဟောင်းဒေသ မပျက်စီးပါစေနှင့်

Photo – Thet Oo Mon

ပုဂံ (ဇူလိုင်၊ ၂ဝ၁၇)

ပုဂံဒေသ၌ ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ပျက်စီးမည်စိုးသဖြင့် ယခင်အစိုးရလက်ထက်က ဆောက်လုပ်ရန် တားမြစ်ခဲ့သည့် ဟိုတယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြန်လည်တည်ဆောက်ခွင့် ပြုလိုက်သည်။

ရှေးဟောင်းအမွေအနှစ်ဇုန်ထဲတွင် ဟိုတယ်များ တည်ဆောက်ခြင်းသည် ရှေးဟောင်းစေတီပုထိုးများအား ထိခိုက်ပျက်စီးလာစေနိုင်သလို ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်လုပ်ဆောင်နေမှုကိုလည်း အဟန့်အတားဖြစ်လာနိုင်ကြောင်း ရှေးဟောင်းသုတေသန အသိုင်းအဝိုင်းက ထောက်ပြနေကြသလို ယူနက်စကိုအဖွဲ့ (ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ )၏ နိုင်ငံခြားသားအကြံပေးအရာရှိများကလည်း ထောက်ပြနေကြကြောင်း ယူနက်စကို အကြံပေးအဖွဲ့ (International Council on Monuments and Sites-ICOMOS) အဖွဲ့ဝင်ဖြစ်သည့် ရှေးဟောင်း သုတေသနပညာရှင် ဦးအောင်ကြိုင်က ပြောသည်။

ဟိုတယ်တွေ ဘာကြောင့် ပြန်လည်ခွင့်ပြု

၁၉၉၈ က ထုတ်ပြန်ထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ပုဂံဒေသကို ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် (Ancient Monument Zone-MZ ဇုန်) ရှေးဟောင်းနေရာတည်ရှိရာဇုန် (Ancient Site Zone – AZ ဇုန်) နှင့် ကာကွယ် ထိန်းသိမ်းထားသောဇုန် (Protected and Pre-served Zone – PZ ဇုန်) ဟူ၍ ဇုန်သုံးဇုန် သတ်မှတ်ထားသည်။

ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန် (MZ) ဆိုသည်မှာ ရှေးဟောင်းစေတီ၊ ပုထိုး၊ ကျောင်း၊ ကန် စသည်တို့ တည်ရှိရာ နေရာဖြစ်ပြီး ရှေးဟောင်းနေရာတည်ရှိရာ ဇုန်(AZ)ဆိုသည်မှာ ရှေးဟောင်းအဆောက်အအုံရှိခဲ့သော (သို့မဟုတ်) တူးဖော်ဆဲ (သို့မဟုတ်) တူးဖော်ခြင်း မပြုရသေးသည့်အဆောက်အအုံ တည်ရှိရာနေရာများအဖြစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတ်မှတ်ထားသည်။ တည်ဆဲဥပဒေအရ MZ နှင့် PZ ဇုန်များအတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း တည်ဆောက်ခွင့်မရှိဘဲ PZ ဇုန်အတွင်း တည်ဆောက်မည် ဆိုပါကလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိရန် လိုအပ်သည်။

၂ဝ၁၃၊ မေတွင် ယင်းဦးစီးဌာနက တားမြစ်နယ်မြေဖြစ်သည့် MZ နှင့် AZ ဇုန်များအတွင်း ဟိုတယ်များတည်ဆောက်ခွင့်ပြုခဲ့ပြီး နောက်တစ်နှစ်ကျော်အကြာ၌ ယင်းဇုန်များအတွင်း ဟိုတယ်ဆောက်ခွင့်မပြုကြောင်း ကြေညာချက် ပြန်လည်ထုတ်ခဲ့၏။

ယင်းကြေညာချက်အရ တည်ဆောက်ဆဲနှင့် ဆောက်လုပ်ရန်ပြင်ဆင်နေသည့်ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စုစုပေါင်း ၄၂ လုံး တားမြစ်ခံခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီ ၁ဝ ရက်အလိုတွင် ပြည်ထဲရေးဝန်ကြီးဦးဆောင်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလေ့လာစောင့်ကြည့်ရေးကော်မတီက ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး ဟိုတယ် ၂၅ လုံးကို ခွင့်ပြုခဲ့ပြီး အဆောက်အအုံ မဆောက်လုပ်ရသေးဘဲ မြေကွက်သာရှိနေသေးသည့် ကျန် ၁၇ လုံး၏ ဟိုတယ်လျှောက်ထားမှုကို လုံးဝခွင့်မပြုရန် ဆုံးဖြတ်ခဲ့သည်။

ယင်း ၁၇ လုံးအနက် ဟိုတယ်ရှစ်လုံးအနီးတွင်ရှေးဟောင်းဘုရားပုထိုးများ၊ ရှေးဟောင်းအဆောက်အအုံများ ရှိနေခြင်းနှင့်အဆောက်အအုံ မတည်ဆောက်ရသေးသောကြောင့် နစ်နာမှုလည်း မရှိသည့်အတွက် ယင်း ၁၇ လုံးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက လုံးဝခွင့်မပြုကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က အစီရင်ခံစာ ပေးပို့ထားခဲ့သည်။

သို့သော်လည်း ယခု NLD အစိုးရလက်ထက်၌ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် ၂/၂ဝ၁၇ ဖြင့် ယင်း ၁၇ လုံးကိုလည်း ထပ်မံ ခွင့်ပြုပေးလိုက်သည်။

ဟိုတယ် ၂၅ လုံးတို့သည် ဥပဒေအရ တားမြစ်သည့်အချိန်တွင်လည်း ဆောက်နေကြပြီး ကျန် ၁၇ လုံးကတော့ တည်ဆောက်ရေးလုပ်ငန်း မပြုလုပ်ခဲ့ကြပေ။ ထို့ကြောင့် ဥပဒေကို ဖောက်ဖျက်ကာ ပြီးစီးအောင်ဆောက်သည့် ၂၅ လုံးကို ခွင့်ပြုလိုက်သည့်အချိန်တွင် ဥပဒေကိုလိုက်နာပြီး မတည်ဆောက်သေးသည့် ကျန် ၁၇ လုံးကို ပိတ်ပင်ခြင်းမှာ တရားမျှတမှုမရှိသဖြင့် ၎င်းတို့အားလုံးကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေစီမံခန့်ခွဲမှုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်သည့် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ရှင်းပြသည်။

ယခင်အစိုးရလက်ထက်က ပုဂံဒေသကို ပြည်ထောင်စုအဆင့်က စီမံကွပ်ကဲခဲ့သော်လည်း ယခုအခါ မ္တနလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဦးဆောင်သည့် ကော်မတီက ကွပ်ကဲပြီး ဟိုတယ်များကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပြန်လည်ခွင့်ပြုလိုက်သည့် ဟိုတယ်များအနက် ဟိုတယ်ရှစ်လုံးအနီးတွင် ရှေးဟောင်းဘုရားပုထိုးများ ရှိနေကြောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေစီမံခန့်ခွဲမှုကော်မတီထံ ပေးပို့သော အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ထို့ပြင် မတည်ဆောက်ရသေးသည့် ဟိုတယ် ၁၇ လုံးအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကလုံးဝခွင့်မပြုကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။သို့သော် ဒေါက်တာဇော်မြင့်မောင်ဦးဆောင်သည့်ကော်မတီအနေဖြင့် အဆိုပါဟိုတယ် ၁၇ လုံးကိုပါ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ဟိုတယ်များ ပြန်လည်ခွင့်ပြုလိုက်ခြင်းမှာ ပြည်သူများနှင့် ဒေသခံများ၏ အကျိုး စီးပွားအတွက်ဖြစ်ပြီး ပြည်သူ့မျက်ရည် အကျခံမည်မဟုတ်ကြောင်း ပုဂံဒေသနှင့် ပတ်သက်သည့် အစည်းအဝေးများတွင် မ္တနလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိသည်။

Photo – Than Htike ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၁၇ လုံးအား အဆောက်အအုံ ဆောက်လုပ်ခြင်း ခွင့်မပြုကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ

သို့သော် ပုဂံဒေသတွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်နိုင်သည့် ဒေသခံမှာ လက်ဆယ်ချောင်းပင် မပြည့်သည့်အတွက် ယင်းသို့ ဟိုတယ်တည်ဆောက်ခွင့်ပေးခြင်းမှာ ဒေသခံများ၏ အကျိုးစီးပွား အနည်းငယ်သာရှိကြောင်း ပုဂံဒေသဖွံ့ဖြိုးရေး အသင်း၏အတွင်းရေးမှူး ဦးဝင်းမောင်ကပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေစီမံခန့်ခွဲမှုကော်မတီ၏ အဖွဲ့ဝင်ဖြစ်သည့် ဦးဝင်းမြင့်ခိုင်ကတော့ ယခင်အစိုးရ လက်ထက်တွင် ဥပဒေအရ မျှတမှုများ မရှိခဲ့သဖြင့် ယခုအစိုးရလက်ထက်တွင်တော့ အားလုံးကို တစ်ပြေးညီခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

”ဒေသခံဟိုတယ်သေးသေးလေးတွေကျတော့ ဥပဒေနဲ့ ပိတ်တယ်။ မရမက ခြိမ်းခြောက်တယ်၊ ဟိုတယ်အကြီးကြီးတွေကျတော့ သူတို့ဘာမှမပြောဘူး၊ ဦးသိန်းစိန်ခေတ်က ဥပဒေက တစ်ပြေးညီလည်း မရှိဘူး၊ မျှတမှုလည်း မရှိဘူး”ဟု ညောင်ဦးမဲဆန္ဒနယ်အမှတ် ၁ မှ မ္တနလေးတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဝင်းမြင့်ခိုင်က ပြောသည်။

ဘာတွေထိခိုက်နေလဲ

ရှေးဟောင်းဇုန်အတွင်း ဟိုတယ်များ ပေါ်ပေါက်လာမှုကြောင့် မြေအောက်ရေထုတ်ယူသုံးစွဲမှုနှင့် ရေဆိုးစွန့်ထုတ်မှု များလာမည်ဖြစ်ပြီး ၎င်းတို့အနီးရှိ ဘုရား၊ ပုထိုးများနှင့် မတူးဖော်ရသေးသည့် ဘုရားကုန်းများကို ထိခိုက်လာနိုင်ကြောင်းသက်ဆိုင်ရာပညာရှင်များက ပြောသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် လိုအပ်သည့် ပုဂံသမိုင်းစာတမ်းကိုပြုစုသည့် ဦးအောင်ကြိုင်က နိုင်ငံတကာပညာရှင်များနှင့် တွေ့သည့်အချိန်တွင်လည်း ဟိုတယ်များက မြေအောက်ရေထုတ်ယူသုံးစွဲမှု များသောကြောင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်လာနိုင်သည်ကို ထောက်ပြကြကြောင်းပြောသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနမှ ဧည့်ပါမောက္ခ ဒေါက်တာကျော်ငြိမ်းအေးကတော့ ဟိုတယ်များက ထွက်သည့်ရေဆိုးများမှာ သာမန်လူနေအိမ်နှင့် မကွာခြားသော်လည်း ဟိုတယ်များတွင် လူများ ရာချီ နေထိုင်သုံးစွဲကြခြင်း ဖြစ်သဖြင့် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း ပြောသည်။

ဟိုတယ်မှထွက်သည့် ရေဆိုးများနှင့် အညစ်အကြေးများကို သတ်မှတ်အရည်အသွေးရသည်အထိ သန့်စင်ပြီးမှ စွန့်ပစ်ရမည်ဖြစ်ပြီး မြေကြီးထဲသို့ တိုက်ရိုက်စွန့်ပစ်နေခြင်းသည် ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်လာနိုင်သကဲ့သို့ ပုဂံဒေသအနီး စီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ်ကိုပါ ထိခိုက်စေနိုင်သည်ဟု ဒေါက်တာကျော်ငြိမ်းအေးက ဆိုသည်။

ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းထက်က ယခုခွင့်ပြုလိုက်သည့် ဟိုတယ်များကို ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေရန် ရေဆိုးသန့်စင်သည့် စနစ်တပ်ဆင်ရန် ညွှန်ကြားထားကြောင်းပြောသည်။

သို့သော် ပုဂံမြို့ဟောင်းအတွင်းရှိ ဟိုတယ်ကြီးများအားလုံးသည်ပင် ယင်းစနစ်မရှိကြောင်း ပုဂံတွင် ဒုတိယအကြီးဆုံး ဟို၏တယ်ဖြစ်သည့် အခန်း ၁၁၅ ခန်းပါရှိသောပုဂံဟိုတယ်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှမိုးက ပြောသည်။

”ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟိုတယ်ထဲမှာ ဖြစ်စေ၊ ဟိုတယ်နဲ့သိပ်မလှမ်းမကမ်းပေါ့၊ အဲဒီမှာ ကျင်းကြီးတွေတူးပြီး စွန့်ထုတ်ကြတယ်”ဟု ဦးလှမိုးက ပြောသည်။

ပုဂံဟိုတယ်မှ ရေဆိုးစွန့်သည့်ပိုက်သည် ၎င်းဟိုတယ်၏တောင်ဘက် အုတ်တံတိုင်းအပြင်ဘက်တွင် ချထားသည်ကို တွေ့ခဲ့ရသည်။

ဟိုတယ်ဆောက်လုပ်ခြင်းနှင့် ဟိုတယ်မှ စွန့်ထုတ်သည့်ရေများက မြေအောက်ရှိ ရှေးဟောင်းအမွေအနှစ်များ မတူးဖော်ရသေးသည့် ကုန်းများကိုလည်း ထိခိုက်စေနိုင်သည်ဟူသော စကားများအပေါ် ညောင်ဦးမဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဝင်းမြင့်ခိုင်က ယခုလို မှတ်ချက်ပြုသည်။

”ကုန်းတွေကလည်း ဘာကုန်းမှန်းလဲ မသိဘူး။ နောက် သူတို့(ထောက်ပြကန့်ကွက်နေသူတွေ)ကိုယ်တိုင်လည်း ဒီကုန်းတွေနဲ့ ပတ်သက်ပြီး သုတေသနလည်း သူတို့မလုပ်နိုင်ဘူး။

ထို့ပြင် ‘လှည်းဝင်ရိုးသံ တညံညံ’ (ပုဂံဒေသတွင် ဘုရား၊ ပုထိုးလေးသန်းကျော်ရှိသည်ဟူသည့် စကား) ကို ယုံကြည်သည့်အတွက် ပုဂံဒေသတွင် မည်သည့်နေရာတူးဖော်သည်ဖြစ်စေ အုတ်ကုန်းများရှိနေမည်ဖြစ်၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ယင်းတို့ကို ရှောင်၍ရမည်လည်း မဟုတ်ကြောင်း သူက ပြောသည်။

ပုဂံဒေသဖွံ့ဖြိုးရေးအသင်း၏ အတွင်းရေးမှူး ဦးဝင်းမောင်ကတော့ အုတ်ကုန်းများနှင့် ရှေးဟောင်းအမွေအနှစ် ရှိသည့် နေရာများတွင်တော့ အဆောက်အအုံဆောက်လုပ်ခြင်းများကို လက်သင့်မခံနိုင်ကြောင်း ပြောသည်။

”ဒီပတ်ဝန်းကျင်တွေမှာ ကျွန်တော်တို့က တစ်ချိန်မှာ သုတေသနပြုကြတော့မယ်ဆိုရင် ဘယ်နေရာကိုသွားလုပ်ကြတော့မလဲ။ ဟိုတယ်တွေ အကုန်လုံးဖျက်ပြီးမှ သုတေသနလုပ်ရမယ့်အနေအထားဖြစ်တော့မှာပေါ့” ဟု သူက ဆိုသည်။

မြင်ကွင်းအလှပါ ထိခိုက်

ယင်းသို့ ဘုရားများအနီး ဟိုတယ်များ ခွင့်ပြုပေးလိုက်ခြင်းကြောင့် ပုဂံဒေသ၏ မြင်ကွင်းကိုလည်း ပျက်စီးစေမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနအသိုင်းအဝိုင်းက ထောက်ပြကြသည်။

ယူနက်စကိုအဖွဲ့မှ ယဉ်ကျေးမှုအစီအစဉ်အရာရှိ ဒေါ်ဥမ္မာမျိုးကတော့ ပုဂံကို ထိန်းသိမ်းသည်ဆိုရာ၌ ဘုရားပုထိုးများသာမကဘဲ ယဉ်ကျေးမှုမြင်ကွင်းကြီး တစ်ခုလုံး (Cultural landscape) ကို ထိန်းသိမ်းရန်လိုကြောင်း ပြောသည်။

”ပုဂံဆိုတာ အာနန္ဒာတစ်ခုတည်းမဟုတ်ဘူး၊ ပုဂံဆိုတာ ရွှေစည်းခုံ တစ်ခုတည်းမဟုတ်ဘူး၊ ပုဂံလို့ ပြောလိုက်ရင် ရွှေစည်းခုံရော အာနန္ဒာရောပါသလို ဒီဘုရားလေးတွေ၊ ဘုရားအဆူလေးတွေ၊ ယာခင်းလေးတွေ၊ နွားလေးတွေနဲ့ ထွန်နေတာတွေ၊ ဒီတဲလေးတွေ၊ ထန်းပင်လေးတွေ၊ ဒါတွေအားလုံးပါတာလေ။ နေရာအနှံ့မှာ ဟိုတယ်တွေဆောက်လိုက်ရင်တော့ အဲဒီယဉ်ကျေးမှုအခင်းအကျင်းကြီး ပျက်သွားမှာပေါ့”

လက်ရှိ၌ ပုဂံဒေသတစ်ခုလုံးတွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း အလုံးပေါင်း ၂ဝဝ ခန့်ရှိသည်။ (၁၃၂လုံး(လက်ရှိ)+ ၄၂လုံး(ထပ်မံတည်ဆောက်)+တရားမဝင်ဖွင့်ထားသည့်ဟိုတယ်များ)

ထို့သို့ရှေးဟောင်းဘုရားများနှင့်ကပ်၍ ဟိုတယ်များ ဆောက်လာပါက ဘုရားများအနီး မီးထွန်းပြီးပျော်ပွဲရွှင်ပွဲများကျင်းပခြင်းတို့ပြုလုပ်လာမည်ဖြစ်ကြောင်းပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ် GIS (GIS – Geographic Information System) ကျွမ်းကျင်ပညာရှင် ဦးမောင်မောင်သန်းက ပြောသည်။

Photo – Than Htike                         ဟိုတယ်ဆောက်လုပ်ခွင့် ပြုလိုက်သည့် စိမ်းညက်ညီမ ဘုရားအနီးရှိ ခြံဝင်း

ယခုအချိန်တွင်ပင် အချို့သောဘုရားများအနီးတွင် ရေကူးကန်ပြုလုပ်ထားမှုများ၊ အရက်ဝိုင်းပြုလုပ်ခြင်းများကို အာဏာပိုင်များ မတားမြစ်နိုင်သေးသဖြင့် ရှေးဟောင်းဇုန်အတွင်း ယင်းသို့ပြုလုပ်မည့် ဟိုတယ်များကို ထပ်မံခွင့်မပြုသင့်ကြောင်း ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများအတွက် အတိုင်ပင်ခံပညာရှင်လည်း ဖြစ်သည့် ဦးမောင်မောင်သန်းက ပြောသည်။

ပုဂံဒေသမှ လူမှုဖွံ့ဖြိုးရေးအသင်းဖြစ်သည့်  Save Bagan အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမျိုးဆက်စံကတော့ လက်ရှိဟိုတယ်များအတွင်းရှိ စေတီပုထိုးများအား အလှဆင်ပြီး ယင်းတို့အနီး အရက်သေစာနှင့် ညစာစားပွဲပြုလုပ်ခြင်း (Temple Dinner) တို့ ပြုလုပ်နေကြကြောင်းပြောသည်။

”ပုဂံဟိုတယ် Temple Dinner လုပ်တယ်။ ညဘက်ကို။ ဘယ်သူသိလဲ။ ဘယ်သူသွားစစ်လဲ”ဟု မေးခွန်းထုတ်သည်။

 ပြဿနာဟောင်းမပြီးခင် အသစ်ထပ်ဝင်

၁၉၉၈ ခုနှစ် ရှေးဟောင်းအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ပုဂံဒေသကို ဇုန်များ သတ်မှတ်ရာတွင် လူနေထိုင်ရာ မြို့ပြဇုန် သတ်မှတ်ထားခြင်းမရှိဘဲ မြို့ ရွာများကိုလည်း ယဉ်ကျေးမှုဇုန်များအတွင်း ထည့်သွင်းထားသည်။ ထို့ကြောင့် မြို့ ရွာများအတွင်း ဟိုတယ်တည်ဆောက်ပါကလည်း ဥပဒေအရ ငြိစွန်းနေသည်။

ထို့ကြောင့်အသစ်ဆွဲမည့် ဥပဒေတွင်တော့ ပုဂံဒေသတွင် ရှေးဟောင်းဇုန်များ သီးသန့်သတ်မှတ်ပြီး မြို့ပြဧရိယာကိုလည်း သီးခြားသတ်မှတ်ပေးရန်လိုကြောင်း ဒေသခံများနှင့် ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။

ယင်းမြို့ပြဧရိယာအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ဟိုတယ်တည်ဆောက်ခွင့် ပြုရမည်ဖြစ်ကြောင်း ပုဂံဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းမောင်က ပြောသည်။

ထိုသို့သတ်မှတ်ပြီးပါက ရှေးဟောင်းဇုန်များအတွင်း ဟိုတယ်အသစ်ဆောက်ခြင်းများကို လုံးဝခွင့်မပြုဘဲ ရှေးဟောင်းအမွေအနှစ်များအနီးရှိဟိုတယ်များကိုလည်း လိုအပ်ပါက ဖျက်သိမ်းပစ်ရမည် ဖြစ်ကြောင်း ဦးဝင်းမောင်က ပြောသည်။

”ဒါတွေကြောင့် က္ဘာ့အမွေအနှစ်တင်သွင်းတဲ့နေရာမှာ အခက်အခဲရှိတယ်ဆိုရင် အဲဒီကောင်တွေ အကုန်ဖျက်ဆီးပစ်။ ဒါကျွန်တော့်ခံယူချက်ပဲ။ ကျွန်တော်တို့ဒေသခံအားလုံးရဲ့ခံယူချက်ပဲ” ဟု သူက ပြောသည်။

တည်ဆဲဥပဒေအရလည်း ရှေးဟောင်းအမွေအနှစ်များ၏ မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေသည့် မည်သည့် အဆောက်အအုံကို မဆို ဖျက်သိမ်းပစ်နိုင်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကဆောက်ပြီးသား ဟိုတယ်များအတွက် အရင်းကျေကာလ ဆွေးနွေးထားပြီး လုပ်ငန်းရှင်အများစု၏ဆန္ဒအတိုင်း ၁၅ နှစ် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်ဇုန်များအပြင်တွင် ဟိုတယ်ဇုန်များ တည်ဆောက်၍ ၁၅ နှစ်ပြည့်သည့်အချိန်တွင် ယင်းနေရာများသို့ ရွှေ့ပေးရမည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးကပြောသည်။

ပုဂံကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုလာစေရန် ပြီးခဲ့သည့်နှစ် ဇူလိုင် ၂၉ ရက်က မ္တနလေးမြို့ရှိ ဟိုတယ်မ္တနလေးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲခေတ္တရပ်နားချိန်၌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းထောက်များအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

GIS ပညာရှင် ဦးမောင်မောင်သန်းကတော့ ဝန်ကြီး၏ ပြောစကားကို ယခုလိုဝေဖန်သည်။

”အဲဒါနောက် ၁၅ နှစ်ကျမှ ပြန်ထုတ်ပါဆိုလို့ အဲဒီနောက် ၁၅နှစ်ကြာမှ ကျွန်တော်တို့၊ ကျွန်မတို့က ဘာဖြစ်ပါတယ်ဆိုရင် ဘာလုပ်ဦးမှာလဲ၊ ဘယ်သူက တာဝန်ခံမှာလဲ”

ဝန်ကြီး၏ပြောစကားနှင့်ပတ်သက်၍ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားòန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် မြို့ ဟောင်းတွင်းရှိ ပုဂံဟိုတယ်မှ လက်ထောက်အထွေထွေမန်နေဂျာဦးလှမိုးနှင့် ယခု ပြန်လည်ခွင့်ပြုလိုက်သည့် ဟိုတယ် ၄၂ လုံးထဲတွင် ပါဝင်သည့် ရွှေယုန်မင်း ဟိုတယ်ပိုင်ရှင်ဦးကျော်တင့်တို့ကို မေးမြန်းသည့်အခါ ဟိုတယ်များ သက်တမ်းသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးထားခြင်းမျိုးမရှိဟု ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စာချုပ်စာတမ်းဖြင့် သတ်မှတ်ထားခြင်း လည်း မရှိပေ။

ယခင်အစိုးရအဆက်ဆက်က တည်ဆဲဥပဒေကို ကျော်လွန်၍ တည်ဆောက်ခွင့်ပေးခဲ့သည့် ဟိုတယ်များကို ရှေးဟောင်းအမွေအနှစ်ဇုန်များမှ ဖယ်ထုတ်ရန်ကြိုးစားနေရချိန်တွင် NLD အစိုးရက ယခုလို ဟိုတယ်သစ်များ ထပ်မံဆောက်လုပ်ရန် ခွင့်ပြုခဲ့သည့်အပေါ် ဦးဝင်းမောင်က ယခုကဲ့သို့မှတ်ချက်ပြုသည်။

Photo – Than Htike                           ရှေးဟောင်းအုတ်ကျောင်းအား ခြံခတ်ထားသည့် ဝင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပုံ

”လက်ရှိပြဿနာတောင်မှ ပြီးပြတ်အောင် မရှင်းလင်းနိုင်သေးဘဲ နောက်ပြဿနာကြီးတစ်ခုကို မီးမွှေးပစ်လိုက်တာ”

ဟိုတယ်များနှင့်ပတ်သက်၍ ယူနက်စကိုအဖွဲ့က အကြံပြုသည်မှာ ယဉ်ကျေးမှုဇုန်အတွင်း ယဉ်ကျေးမှုအမွေအနှစ်ကို များစွာ ထိခိုက်စေသည့် လက်ရှိလည်ပတ်နေသည့်ဟိုတယ်ကြီးများကိုလည်း အရင်းကျေကာလ ၁ဝ နှစ်မှ ၁၅ နှစ်၊ သတ်မှတ်ကာလတစ်ခုတွင် သင့်တော်သောဟိုတယ်ဇုန်သို့ ပြောင်းရွှေ့ ဖွင့်လှစ်လုပ်ကိုင်စေရန်ဖြစ်သည်။

ပုဂံဒေသရှိ ဘုရားပုထိုးများသည် သမုဒ္ဒရာရေမျက်နှာပြင်အထက်မှ ရေခဲတုံးထိပ်လေးများကဲ့သို့သာ ဖြစ်ပြီး မြေကြီးအောက်တွင် ရှေးဟောင်းအမွေအနှစ်များစွာလည်း ရှိနေသေးကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြသည်။

ပုဂံခေတ်မြို့တော်များအကြောင်း မြေအောက်ရှေးဟောင်း သုတေသနလုပ်ငန်းများ စနစ်တကျမဆောင်ရွက်နိုင်သေးချိန်တွင်တော့ Archaeological Risk Map (မြေအောက်ရှေးဟောင်းအမွေအနှစ်များရှိနိုင်သည့် နေရာများပြ မြေပုံ) ဦးစွာပြုစု၍ ယင်းမြေပုံပေါ်အခြေခံကာ ဖွံ့ဖြိုးရေးလုပ်ငန်းမှန်သမျှကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း ယူနက်စကိုမှ ပညာရှင်များက ပြောသည်။

ထို့ပြင် ရှေးဟောင်းဇုန်များအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက အမွေအနှစ်များ ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (Heritage Impact Assessments-HIA) လုပ်ပြီးမှသာ တည်ဆဲဥပဒေများနှင့်အညီ လုပ်ခွင့်ပြုသင့်ကြောင်း အကြံပြုသည်။

အလုပ်မဖြစ်သေးသည့် ဟိုတယ်ဇုန်

ယခုကဲ့သို့ အမွေအနှစ်ဇုန်များအတွင်း ဟိုတယ်များ တည်ဆောက်နေကြသော်လည်း ဟိုတယ်ဆောက်ရန် သီးသန့်သတ်မှတ်ပေးထားသည့် ဟိုတယ်ဇုန်တွင်တော့ ဟိုတယ်တည်ဆောက်မှု အနည်းငယ်သာ ရှိနေသေးသည်။

ဟိုတယ်ဇုန် ၄ အဖြစ် တပ်မတော်အစိုးရလက်ထက်ကပင် ခွင့်ပြုထားသည့် ယင်းနေရာသည် ပုဂံ-ချောက်လမ်းမကြီးပေါ်တွင်တည်ရှိပြီး ပုဂံမြို့ဟောင်းနှင့် ငါးမိုင်ကွာဝေး၍ ကားဖြင့် သွားလျှင် ၁၅ မိနစ်ခရီးရှိသည်။

သို့သော် ရှေးဟောင်းဇုန်များအတွင်း ခေတ်အဆက်ဆက်က ဟိုတယ်များ တည်ဆောက်ခွင့်ပေးနေသောကြောင့် ဟိုတယ်ပိုင်ရှင်များက ယင်းနေရာသို့ သွားမဆောက်ကြဘဲ အဆိုပါနေရာသည် မြေကိုလက်လွှဲရောင်းချရာ ဈေးကွက်သာ ဖြစ်နေကြောင်း Save Bagan အင်အားစုခေါင်းဆောင် ကိုမျိုးဆက်စံကပြောသည်။

ဟိုတယ်ဇုန်အဖြစ်သတ်မှတ်ထားသည့် ယင်းနေရာတွင် ဟိုတယ်သုံးလုံးရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပုဂံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်ကပြောသည်။

၁၉၉ဝ က ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားသည့် အဆိုပါနေရာတွင် လုပ်ငန်းရှင် ၇၅ ဦးအား မြေကွက်ပေါင်း ၂၂ဝ အား ချထားပေးခဲ့ခြင်းဖြစ်သည်။

ပုဂံဒေသခံ ကိုမျိုးဆက်စံကတော့ ဟိုတယ်ဇုန်တွင် ဟိုတယ်မဆောက်ကြသည့် စီးပွားရေးလုပ်ငန်းရှင်များကို ယခုလို ဝေဖန်သည်။

”လူတော်တော်များများက ငါးပွက်ရာ ငါးစာချကြတယ်။ ဒီ Old Bagan Area (ပုဂံမြို့ဟောင်းဧရိယာ) မှာပဲ သူတို့က စိတ်ဝင်စားနေကြတယ် ဟိုဘက်ကို စိတ်မဝင်စားကြဘူး”

ယင်းဟိုတယ်ဇုန်တွင် ဟိုတယ်များ တည်ဆောက်ခြင်းအားဖြင့် ဒေသခံများလည်း ကား၊ ဆိုင်ကယ် အကြိုအပို့လုပ်ငန်းများ အပါအဝင် ယင်းနေရာတစ်ဝိုက်တွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရလာမည်ဖြစ်ပြီး ရှေးဟောင်းဇုန်များတွင်လည်း ဟိုတယ်များ သန့်ရှင်းသွားမည်ဖြစ်ကြောင်း ကိုမျိုးဆက်စံက ထောက်ပြသည်။

ပုဂံဒေသခံ ရှေးဟောင်းသုတေသီ ဦးအောင်ကြိုင်ကလည်း ဒေသခံများထဲတွင် ဟိုတယ်ဆောက်နိုင်သူမှာ အလွန်နည်းပြီး  ဒေသခံများ အမှန်တကယ်အကျိုးရှိရန်မှာ နေအိမ်များတွင် Home Stay (ဒေသခံအိမ်များတွင် ဧည့်သည်လက်ခံ တည်းခိုသည့်အစီအစဉ်) ကဲ့သို့ ခွင့်ပြုပေးသင့်ကြောင်း အကြံပြုသည်။

ယင်းသို့ ရိုးရာအဆောက်အအုံများ တည်ဆောက်၍ ဧည့်သည်များလက်ခံခြင်းသည် ဒေသခံများအတွက် အကျိုးရှိစေနိုင်သလို ဟိုတယ်ကဲ့သို့ အောက်ခြေကို နက်နက်တူးဖော်ရန် မလိုခြင်းကြောင့် ရှေးဟောင်းဇုန်အတွက် သင့်လျော်သည်ဟု ယူနက်စကိုအဖွဲ့မှ ယဉ်ကျေးမှုအစီအစဉ်အရာရှိ ဒေါ်ဥမ္မာမျိုးက ပြောသည်။

ပုဂံရှိ  ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် (AZ) ဟိုတယ်များတည်ဆောက်/တားမြစ်ခြင်းပြ ဇယား

ရိုးရာအဆောက်အအုံများ တည်ဆောက်ထားပါက ”ဧည့်သည် ပိုတောင်ကြိုက်ပါသေးတယ်”ဟု သူက ပြောသည်။

တာဆူနေတဲ့ ဟိုတယ်သစ်တွေ

ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကလည်း ဇွန် ၂၇ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် လက်ရှိ ရှိပြီးသား ဟိုတယ်များကို ပြီးအောင်ဆောက်ခွင့်ပြုမည်ဖြစ် ပြီး ဟိုတယ်အသစ်များကိုတော့ ဆက်လက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပြောသည်။

ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးကလည်း ယင်း ၄၂ လုံးအပြင် ဟိုတယ်သစ်များ ထပ်မံခွင့်မပြုတော့ ဟုဖြေကြားသော်လည်း ပုဂံဒေသတွင် ဟိုတယ်များ ထပ်မံတည်ဆောက်ခြင်းများရှိနေနိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင်လည်း ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်များအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များရှိနေကြပြီး မည်သည့်ဌာန၏ ခွင့်ပြုချက်ဖြင့် မည်သည့်အဆောက် အအုံများ ဆောက်နေကြသည်ကို ပုဂံဒေသခံများပင် မသိရှိကြကြောင်း Save Bagan အင်အားစု ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောသည်။

”ဆောက်နေတဲ့ဟာတွေကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘယ်သူခွင့်ပြုတာမှန်းလဲမသိဘူး။ တချို့ဟာတွေက လက်သိပ်ထိုးပြီး လုပ်နေတာတွေလည်း အများကြီးရှိတယ်”

ယင်းတို့သည် ခွင့်ပြုချက် ရှိ၊ မရှိ ဖော်ပြနိုင်မည့် မည်သည့်အမှတ်အသား ဆိုင်းဘုတ်မျှ ချိတ်ဆွဲမထားဘဲ ဆောက်လုပ်နေကြကြောင်း ကိုမျိုးဆက်စံက ပြောသည်။

GIS ပညာရှင် ဦးမောင်မောင်သန်းကတော့ ယခုလို အမွေအနှစ်ဒေသများကို တန်ဖိုးမထားဘဲ ဟိုတယ်များ ဆောက်ခွင့်ပေးနေပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် လျှောက်ထားကြသည်ကို ရှက်မိကြောင်းပြောသည်။

”ကမ္ဘာ့အမွေအနှစ်ကို လျှောက်တယ်ဆိုတာက ကိုယ့်နိုင်ငံက ဒါကိုတကယ်ချစ်မှ လျှောက်ရတာလေ။ ကိုယ့်နိုင်ငံကနေ ဒီယဉ်ကျေးမှု Value (တန်ဖိုး) တွေကို တန်ဖိုးထားတယ်ဆိုမှ ကမ္ဘာကို ကျွန်တော်တို့ကိုလည်း တန်ဖိုးထားပါဆိုပြီး လျှောက်ရတာ”ဟု သူက ဆိုသည်။

ထို့ပြင် ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် တင်သွင်းခြင်းသည် ယူနက်စကိုမှ တင်သွင်းရန် ပြောခြင်းသဘောမျိုး မဟုတ်ဘဲ ကိုယ့်နိုင်ငံမှ ယင်းစာရင်းတွင် ထည့်သွင်းပေးရန် ပြောရခြင်း ဖြစ်သဖြင့် ”ကိုယ့်နိုင်ငံကနေ မချစ်ဘူးဆိုရင် မတင်နဲ့”ဟု ဦးမောင်မောင်သန်းက ပြောသည်။

ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးကတော့ ကမ္ဘာစစ်ဖြစ်ခဲ့လျှင်တောင် ပုဂံကို အကာအကွယ်ပေးခံရမည့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရရန် လိုလားသော်လည်း ပုဂံအတွက်အရေးကြီးဆုံးကိစ္စကို ယခုလိုပြောသည်။

”ကမ္ဘာ့အမွေအနှစ်ဝင်တာ၊ မဝင်တာထက် အဓိကက ပုဂံမပျက်ဖို့က အရေးကြီးပါတယ်” ။       ။

 

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

သန်းထိုက် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."