သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၃)

လားရှိုးအထက် ခရီးဆက်

တည်းခိုသည့်ဟိုတယ်တွင် နံနက်စာ ဝန်ဆောင်မှု တစ်ပါတည်း ပါဝင်ပြီးသားဖြစ်သော်လည်း လူညီသည့် ကျွန်မတို့ အဖွဲ့သည် နောက်နေ့နံနက်တွင် လားရှိုးဈေးသို့ အပြေးသွားကာ ရှမ်းခေါက်ဆွဲစားကြသည်။

ရှမ်းပြည်နယ်၏ ထွက်ကုန် များဖြစ်သည့် ပဲကြီးကြော်၊ နေကြာ စေ့လှော်၊ မက်မွန်သီး၊ လက်ဖက် စသည်များကို တနင့်တပိုးသယ်ကာ ဈေးထဲမှ ပြန်ထွက်ခဲ့ကြသည်။ ကိုဇေယျာလှိုင်က မိဘများအတွက်ဟုဆိုကာ မက်မွန်သီးအလုံးလှလှကြီးများကို အိတ်ကြီးတစ်လုံးနှင့်တပွေ့ကြီး ဝယ်ချလာသည်။ လျှောက်လည်ကြမည့် ကျွန်မတို့ကို လိုက်ပို့ပေးမည့် လားရှိုးနယ်မြေခံ ညီမငယ်နှစ် ယောက်က မုန့်များ၊ အအေးများ အထုပ်လိုက်ဆွဲကာ ရိက္ခာဖြည့်လာသည်။

Photo – Kyaw Zayar Htun                      လားရှိုးဈေးထဲက ပလောင်အမျိုးသမီး

ပြီးလျှင် လားရှိုး-သိန္နီ မြို့ရှောင်လမ်းမကြီးမှသွားရသည့် နမ့်မွန်ဖာ ဘုန်းတော်ကြီးကျောင်းသို့ သွားလည်ကြသည်။ တောတောင်ရှုခင်း သဘာဝအလှများနှင့်ကျောက်လိုဏ်ဂူအလှတို့ကြောင့် ရုံးပိတ်၊ ကျောင်းပိတ်ရက်များတွင် လာရောက်လည်ပတ်သူများနှင့်စည်ကားလေ့ရှိသည့် နေရာဖြစ်ကြောင်း လိုက်လံပို့ဆောင်ပေးသည့် ညီမငယ်နှစ်ဦးက ရှင်းပြသည်။ မြို့ပေါ်မှ မိနစ် အနည်းငယခန့် မောင်းလျှင် ထိုနေရာသို့ ရောက်သည်။ သို့သော်ကျောင်းအဝင်ဝတွင် လပြည့်လကွယ်နှင့် ဥပုသ်နေ့များတွင်သာ လာရောက်လည်ပတ်ကြရန် သတိပေးဆိုင်းဘုတ်တစ်ခုကို တွေ့ လိုက်ရသဖြင့် လှည့်ပြန်ခဲ့ကြရသည်။

နမ့်မွန်ဖာ ဘုန်းတော်ကြီးကျောင်းမှ အပြန်တွင် မိုင်အားဖြင့် များစွာ မဝေးတော့သည့် သိန္နီမြို့ဆီသို့ ဆက်လက်ချီတက်ကြသည်။ လမ်းတစ်လျှောက်တွင် နေသည် ကျဲကျဲတောက် ပူလျက်ရှိသည်။ နေရောင်အောက်မှ ရှုခင်းသည်လည်း လှချင်တိုင်းလှ လျက်ရှိသည်။ ရှမ်းပြည်နယ်မှ လမ်းများသည် ကျွန်မ ရောက်ခဲ့ဖူးသမျှ ဒေသများထဲတွင် အကောင်းဆုံးဖြစ်သည်။ ရှမ်းပြည်နယ်သည် ကျွန်မရောက်ဖူးသမျှ ဒေသများအနက် အဖွံ့ဖြိုးဆုံး တိုင်းရင်းသားပြည်နယ်တစ်ခုဖြစ်သည်။

ပညာရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းသည့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းကာ ရုန်းကန်ခဲ့ရသည့် ကျွန်မအတွက်တော့ ”ငါသာ ရှမ်းပြည်နယ်မှာ မွေးရင် ရန်ကုန်ကို ထွက်သွားစရာတောင် မလိုဘူး၊ ရှမ်းပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်လိုက်တာ၊ အားကျလိုက်တာ”ဟုတွေးမိသည်။ သည်လိုတွေး၍ ရှမ်းပြည်နယ်အနှံ့ ရောက်ဖူးသည်တော့ မဟုတ်။ နယ်မြေအေးချမ်းမှုမရှိသည့် ဒေသများ၊ တိုက်ပွဲများဖြစ်နေသည့် နယ်မြေများလည်း ရှမ်းပြည်နယ်တွင် ရှိသည်။ ကျွန်မ၏ အတွေးသည် တောင်ကြီး၊ လားရှိုး အစရှိသည့် ဖွံ့ဖြိုးတိုးတက်ပြီးသား မြို့ကြီးများအပေါ် အခြေတည်၍သာ တွေးမိခြင်းဖြစ်လေသည်။

ကောင်းကင်ပြာပြာ၊ ဝါဂွမ်းပုံ တိမ်စိုင်တိမ်ခဲ ဖြူဖြူကလေးများ၊ စိမ်းစိုသည့် တောတောင်ရှုခင်း၊ ညီညာပြေပြစ်သော အဝေးပြေးလမ်းမကြီးတို့သည် ပနံရလျက် လှချင်တိုင်းလှနေလေသည်။ ဓာတ်ပုံတွေထဲတွင်လည်း လှသလို အပြင်မှာလည်းလှသည်။

လမ်းတစ်လျှောက်တွင် သတိထားမိသည်က ဖြိုချခြင်း ခံထားရသည့် ကျောက်တောင်နံရံများပင်ဖြစ်သည်။ တချို့နေရာတွင် တောင်ဟုပင် မခေါ်နိုင်တော့သည့် ဖြိုချခံရလက်စ ကျောက်နံရံများ၊ ကျောက်တုံးချွန်ချွန်များကို တွေ့ရသည်။ ကျောက်ထုတ်ရင်းနှင့်ပင် ရှမ်းပြည်နယ်မှ တောင်များ ပျောက်ကွယ်သွားမည်လားဟုပင် တွေးမိသည်။ လွန်စွာလှပသော သဘာဝတောင်တန်းကြီးများသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ တိုက်စားမှုဒဏ်ကို တတိတိလည်စင်းခံနေရသလို တွေးမိကာ စိတ်မကောင်းဖြစ်မိသည်။

လားရှိုးမှ နှစ်နာရီနီးပါး မောင်းနှင်ပြီးနောက် သိန္နီသို့ရောက်၏။ သိန္နီကို သိန်းနီဟုလည်း စာလုံးပေါင်းကြသည်။ သိန္နီမြို့၏ အထင်ကရ အမှတ်အသားမှာ မြို့ဝင်သည်နှင့် ထင်ရှားစွာ မြင်တွေ့ရသည့် ရေကန်ကြီးပင်ဖြစ်သည်။ ပဒုမ္မာကြာပန်းများနှင့်လွန်စွာ ပနံရနေသော ထိုရေကန်ကြီးဘေးမှ ဖြတ်သန်းကာ မြို့တွင်းသို့ ဝင်ကြသည်။ သိန္နီမြို့သည် တောင်တန်းများ ဝန်းရံထားသည့် အလယ်မှ မြေပြန့်လွင်ပြင်ဒေသလေးတစ်ခုသဖွယ် ဖြစ်သည်။ စိမ်းစိုလှပသော လယ်ကွင်းကြီးများကလည်း တမျှော်တခေါ်။ တောင်တန်းများဘက်သို့ မျှော်ကြည့်လိုက်လျှင် အလျင်မပြတ်ကျနေသည့် ရေတံခွန်ငယ်အချို့ကို လှမ်းမြင်နေရသည်။

လားရှိုးမှ မနက်စာစားလာပြီး လမ်းတစ်လျှောက်တွင်လည်း အသင့်ဝယ်လာသည့် မုန့်ပဲသရေစာများကို တစွတ်စွတ် စားသောက်နေကြသဖြင့် ဗိုက်မဆာကြ။ သိန္နီမြို့တွင် နာမည်ကြီးဆီချက်ဆိုင်တစ်ဆိုင်ရှိသည်ဟု ညီမငယ်များက ပြောသည်။ သို့သော် ဗိုက်မဆာကြသဖြင့် မြို့အထွက် တောင်တန်းပေါ်တွင် တည်ထားသည့် ဓာတ်တော်စေတီသို့ဦးစွာ သွားရောက်ကြသည်။ ဓာတ်တော်စေတီတည်ထားရာ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အလယ်မှ ဖြတ်၍ တဝေါဝေါစီးကျနေသည့် တောင်ကျစမ်းချောင်းကို တွေ့လိုက်ရရာ ပင်ပန်းမှု ထက်ဝက်လျော့ကျသွားသလို ခံစားရသည်။ ကျောင်းထိုင်ဆရာတော်အား တွေ့ဆုံဖူးမြော်ပြီးသည့်နောက် ဓာတ်တော်စေတီရှိရာ တောင်ကုန်းပေါ်မှ ပြန်ဆင်းခဲ့ကြသည်။

ပြီးလျှင် သိန္နီမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ဦးဆောင်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းနေရာဟောင်းသို့ သွားကြသည်။ ဟော်နန်းနေရာဟောင်းဟုဆိုရခြင်းမှာ အဆောက်အအုံ မရှိတော့ဘဲ မြေပြင်မှ လူတစ်ရပ်ခန့်သာမြင့်သည့် အဆောက်အအုံလက်ကျန် အစိတ်အပိုင်းအချို့သာ ကျန်ရှိတော့သည့်အတွက်ဖြစ်သည်။

Photo – Kyaw Zayar Htun                            သိန္နီမြို့အတွက် တောင်တက်ကားလမ်းနှ်င့် သိန္နီမြို့ရှိ လယ်ကွင်းများကို အပေါ်စီးမှ တွေ့ရစဉ်

ယင်းလက်ကျန် အစိတ်အပိုင်းများသည်လည်း သက်တမ်းရင့် ညောင်ပင်ကြီးများအောက်တွင် နစ်မြုပ်ပျောက်ကွယ်လုမတတ် ဖြစ်နေကြပြီ။ ညောင်မြစ်ဆုံများသည် ဟော်နန်းလက်ကျန် အစိတ်အပိုင်းများကို ဧရာမမြွေကြီးများသဖွယ် ရစ်ပတ်ဝါးမျိုလျက် ရှိနေကြပြီ။ အတိတ်တစ်ချိန်တုန်းက ခမ်းနားထည်ဝါလွန်းခဲ့မည့် အုတ်လှေကားကြီးမှာလည်း ယခုတော့ ချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက်လျက်။ လာရောက်လည်ပတ်သူများ စွန့်ပစ်ခဲ့သည့် အမှိုက်တို အမှိုက်စတို့ကလည်း ဟိုတစ်စသည်တစ်စ ပြန့်ကျဲလျက်။

ဟော်နန်းနေရာ အဟောင်းကြီးသည် အတိတ်၏ ခမ်းနားမှု လက်ကျန်များကို ဆက်လက်ထမ်းပိုးရန် မစွမ်းနိုင်တော့ကြောင်းထုတ်ဖော်ပြသနေသလိုရှိသည်။ ဟော်နန်းသည် ကုန်းမြင့်ပိုင်းတွင် ရှိသည်။ အရှေ့ဘက်မျက်နှာစာသို့ မျှော်ကြည့်လျှင် မြို့ကိုဝန်းရံထားသည့် တောင်တန်းကို တွေ့ရသည်။ တောင်တန်းနှင့်ဟော်နန်းနေရာ၏ ကြားတွင် သိန္နီမြို့ရှိသည်။ မြို့သည် အကျယ်ကြီးမဟုတ်။ မြို့ငယ်လေးတစ်ခုသာဖြစ်သည်။

ဟော်နန်းရှေ့ကွက်လပ်တွင် ရှမ်းဘာသာစကားနှင့်အတူ ၁၉၁၄-၂ဝ၁၄ ဟု ရေးထိုးထားသည့် နှစ်၁ဝဝပြည့် အထိမ်းအမှတ် ကျောက်တိုင်နှစ်ခု စိုက်ထူထားသည်။ ပြီးလျှင် လက်ထဲတွင် လွယ်ဓားရှည်ကို ဆုပ်ကိုင်ထားသည့် ရှမ်းစော်ဘွားကြီးတစ်ဦး မြို့ကလေးကို အပေါ်စီးမှကြည့်ကာ မတ်မတ်ရပ်နေဟန် ရွှေရောင်ရုပ်တုကြီးတစ်ခု တည်ဆောက်ထားသည်။

ကျောင်းစိမ်းကိုယ်စီ ဝတ်ထားသည့် ကျောင်းသားကလေးတို့သည် ယခင်က ဟော်နန်းအဆောင်ကြီး ဖြစ်ခဲ့ပုံရသည့် မြေကွက်လပ်မှ ဖြတ်လျှောက်သွားသည်။ သူတို့၏ ကျောင်းစိမ်းများကို ချွတ်ကာ ဟော်နန်းနံရံတစ်နေရာတွင် စုပုံပစ်တင်ကာ ဟော်နန်းဘေးရှိ ကွင်းပြင်ကျယ်တွင် ဘောလုံးကန်ကြသည်။

ဟော်နန်းနေရာအဟောင်းနှင့် မလှမ်းမကမ်းတွင် ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့နှင့် ရေးထွင်းထားသည့် မှတ်တမ်းကျောက်စာတိုင်ကို တွေ့ရသည်။ မြန်မာစာပေနှင့် ရေးထိုးထားသည့် စာများသည် သဲသဲကွဲကွဲ မမြင်ရတော့လောက်အောင် ပျက်နေပြီ။ သိန္နီမြို့ ရွှေနန်းတော်ကြီး မော်ကွန်းမှတ်တမ်းသည် ဖတ်၍ မရတော့ပြီ။ သူ့ဘေးကပ်လျက်ရှိ သိန္နီမြို့ ရွှေနန်းတော်ကြီး ထိန်းသိမ်းပြုပြင်စောင့်ရှောက်ရေး သမိုင်းဝင်မော်ကွန်းလွှာဆိုသည့် ကျောက်စာတိုင်က စာအများစုက ဖတ်၍ ရသေးသည်။ အချို့စာလုံးများမှာ ဆေးပြယ်နေသဖြင့် ဖတ်၍ မရတော့ပေ။

ယင်းကျောက်စာတိုင်တွင် ရေးသားထားသည်က ‘သိန်းနီမြို့နယ် ၁၂၄၃ ခုနှစ်(ဝိန်းကျဲ)မြို့သည် နန်းတည် နိသြဓ မဟာမင်းခေါင် ဘွဲ့တော်ခံ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သားတော်ကြီး စဝ်ယိဝ်ဖ(နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)မှ နောင်လာတိုင်းရင်းသားများ၏ သမိုင်းယဉ်ကျေးမှုနှင့် အမျိုးသားဘာသာ ထည်ဝါခန့်ငြား၍ အစဉ် တိုးတက် မြင့်မားနိုင်စေရန် ရည်ရွယ်ပြီးမွန်မြတ်သော စိတ်ရင်းစေတနာနှင့် မိမိပြုစု ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ခမည်းတော်ကြီး၏ ဟော်နန်းမြေနေရာအား ၎င်းပါ သက်ဆိုင်ရာ အဆောက်အဦဟောင်းများ (…..သေချာဖတ်မရတော့) ခုနှစ် မေလ ၁၄ ရက် နေ့စွဲပါ (စာချွန်တော်ဖြင့်)သိန်းနီမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ (…..သေချာဖတ်မရတော့) အပိုင်လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။ မှတ်တမ်းတင်ပြုစုသူ ဦးစိုင်းထွန်း (…..သေချာဖတ်မရတော့)၊ ဥက္ကဋ္ဌ၊ စာပေယဉ်ကျေးမှုကော်မတီ၊ သိန်းနီမြို့’ဟူ၍ ဖြစ်လေသည်။

Photo – Zayar Hlaing                                လားရှိုး-မူဆယ်လမ်းပေါ်မှာ တွေ့ရသည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး

ဟော်နန်းတွင် အမှတ်တရဓာတ်ပုံများ ရိုက်ပြီးနောက် လူညီလျှင် ခြေရှည်တတ်သော ဝသီအတိုင်း တစ်နာရီခန့်သာ ဆက်မောင်းရတော့မည့် ကွတ်ခိုင်မြို့သို့ ဆက်လက်သွားကြရင် ကောင်းမည်ဟု မိမိက ဆွယ်သည်။ ကိုဇေယျာလှိုင်က ကွတ်ခိုင်မြို့က ဘာထူးခြားသနည်းဟု မေးသည်။ ငယ်စဉ်က ပထဝီဘာသာရပ်တွင် ကွတ်ခိုင်မြို့မှ မြောက်ယဉ်စွန်းတန်း ဖြတ်သန်းသည်ဟု မှတ်သားဖူးသည်ကို အမှတ်ရကာ ယင်းသို့ ပြန်၍ ဖြေသည်။ ‘မြောက်ယဉ်စွန်းတန်း ဤနေရာမှ ဖြတ်သန်းသည်’ဟု စိုက်ထူထားသည့် အမှတ်အသား ဆိုင်းဘုတ်ရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ချင်သည်ဟု ဆိုလိုက်ရာ အားလုံးသဘောတူညီချက်ဖြင့် ကွတ်ခိုင်မြို့သို့ ဆက်လက် ချီတက်ကြပြန်သည်။

ယဉ်စွန်းတန်းရှာဖွေရေး

သိန္နီမြို့မှ ကွတ်ခိုင်ဘက်သို့အထွက်သည် တောင်အမြင့်ပေါ်သို့ တက်ရသည့် လမ်းဖြစ်သည်။ တောင်ပေါ်မှနေ၍ နောက်သို့ ပြန်လှည့်ကြည့်ရာ မြို့ငယ်လေး၏ အလှကို အပေါ်စီးမှ ထင်ထင်ရှားရှား မြင်တွေ့ရသည်။ လယ်စောင့်တဲများ၊ လယ်ကွင်းများ၊ ကြာကန်ကြီးများသည် သိန္နီမြို့၏ အထင်ကရ အမှတ်အသားများ ဖြစ်သည်။

သိန္နီမြို့နှင့် ကွတ်ခိုင်မြို့ ကြားတွင် ပြုပြင်လက်စ လမ်းအပိုင်းများ၊ အကွေ့အကောက်၊ အတက်အဆင်းကြီးသော လမ်းအပိုင်းများကို ဖြတ်သန်းရသည်။ စတီယာရင်ကို ကိုင်လိုက်လျှင် မိုးပေါ်သို့ပင် ပျံတက်တော့မတတ် ကားမောင်းခြင်းကို ဝါသနာပါသော ကိုကျော်ဇေယျသည် သီချင်းလေးတအေးအေးဖြင့် ကားကို မောင်းသည်။ လားရှိုး-မူဆယ် အဝေးပြေးလမ်းမပေါ်တွင် နိုင်ငံကျော် အဆိုတော်ကြီး စိုင်းထီးဆိုင်နှင့် စိုင်းဆိုင်မောဝ်တို့၏ သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် နားဆင်ကာ ခရီးထွက်ရသည့် အရသာမှာ မည်မျှ ကောင်းလိုက်သနည်း။ တေးရေးစိုင်းဆိုင်မောဝ်၏ အနှစ်သာရပြည့်သော သီချင်းစာသားများက နှလုံးသားကို အာဟာရဖြစ်စေသည်။

တစ်နာရီခန့် မောင်းနှင်ပြီးနောက် ကွတ်ခိုင်မြို့သို့ ရောက်သည်။ ကွတ်ခိုင်မြို့သည်လည်း မြို့ကြီးမဟုတ်။ သာမန်မြို့ငယ်လေး တစ်မြို့မျှသာဖြစ်သည်။ မြို့ဝင်သည်နှင့် ကျွန်မသည် ‘မြောက်ယဉ်စွန်းတန်း ဤနေရာမှ ဖြတ်သန်းသည်’ဆိုင်းဘုတ်ကို တွေ့လေမလားဟု မျက်လုံးကစားကြည့်သည်။ သို့သော်မတွေ့။ မြို့မဝင်မီ ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ကာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးကို မေးကြည့်သည်။ သူလည်း မသိဟု ဆိုသည်။ ရှေ့တွင် ဆက်မေးရန် အကြံပြုသည်။

ကားမောင်းလျှင် အိပ်မငိုက်အောင် ကွမ်းယာစားမှဟု အမြဲတစေ ပြောလေ့ရှိသည့် ကိုကျော်ဇေယျသည် မြို့အဝင်ရှိ ကွမ်းယာဆိုင်သို့ဝင်ကာမြောက်ယဉ်စွန်းတန်းဖြတ်သန်းသည့် နေရာကို မေးလေသည်။ သို့သော် ကျွန်မတို့သိချင်သည့် အဖြေကိုမရခဲ့။

”သူတို့ကပြောတယ်၊ တစ်ခါတုန်းကလည်း ကျွန်တော်တို့လိုပဲ ခရီးသွားတစ်ဖွဲ့ မေးဖူးတယ်၊ သူလည်း မသိလို့ ဟိုဘက်ရပ်ကွက်မှာ နေတဲ့ စိုင်းဆိုင်မောဝ်ရဲ့ သူငယ်ချင်းရှမ်းအဘိုးကြီးတစ်ယောက်ကို အကူအညီတောင်းတော့ သူက သိလို့ လိုက်ပြဖူးတယ်တဲ့၊ အဲဒီဆိုင်းဘုတ်က တောထဲမှာလို့ပြောတယ်”ဟု ကိုကျော်ဇေယျက သူသိလာသမျှ အချက်အလက်ကို ပြန်ပြောပြသည်။

မည်သို့မျှ မတတ်နိုင်။ အချိန်များစွာ မရသည့်အတွက် ကွတ်ခိုင်တွင် နေ့လယ်စာစားကာ လားရှိုးသို့ ပြန်၍ ဆင်းခဲ့ကြသည်။ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ သိန္နီမြို့များသို့ ရောက်ဖူးခဲ့ပြီ ဖြစ်သည်။ ထိုမြို့များအားလုံးတွင် အခြားပြည်နယ်နှင့်တိုင်းများမှ မြို့များကဲ့သို့ပင် တူညီသည့် အချက်တစ်ခုရှိသည်။ ယင်းအချက်မှာ အမှိုက်သိမ်းစနစ် မကောင်းခြင်းပင် ဖြစ်သည်။ တောင်ကြောပေါ်မှ ပြီးစလွယ်သွန်ချထားသော အမှိုက်များ၊ ကြွပ်ကြွပ်အိတ်များက ပြန့်ကျဲလျက်ရှိသည်။ နွားနှင့် ဆိတ်များက ထိုအမှိုက်ပုံများကြားတွင် အစာရှာလျက်ရှိသည်ကို မြို့တိုင်းတွင် တွေ့မြင်ခဲ့ရသည်။ အလားတူ အခြားတူညီသည့် အချက်တစ်ခုမှာ ကျွန်မ သတိထားကြည့်မိသည့် ဆိုင်ကယ်သမားများအားလုံးနီးပါးသည် ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြပေ။

ကွတ်ခိုင်မြို့တွင် သီပေါ၊ လားရှိုး၊ သိန္နီ စသည့်မြို့များနှင့်မတူသည့် ခြားနားချက်တစ်ခုရှိသည်။ သီပေါ၊ လားရှိုး၊ သိန္နီတို့သည် ရှမ်းပြည်နယ်ဟုဆိုသော်လည်း ရာသီဥတုမှာမူ ရှမ်းပြည်နယ်၏ အငွေ့အသက်ကို မခံစားရ။ မြေပြန့်ကဲ့သို့ပင် ပူအိုက်သည်။ ကွက်ခိုင်ကား ထိုသို့မဟုတ်။ ဒေသခံများ၏ အပြောအရ သိန္နီနှင့်ကွတ်ခိုင်သည်ပင် ရာသီဥတု မတူဟု မှတ်သားရသည်။ မှန်ပေသည်။ ကွတ်ခိုင်တွင် တိုက်ခတ်သည့် လေသည် ပို၍ နုသည်။ အေးသည်။ လတ်ဆတ်သည်။

နေ့လယ်စာစားသည့်ဆိုင်တွင် ရှမ်းပြည်နယ်ထွက်ကုန်များဖြစ်သည့် ဆီတို့ဟူး၊ လက်ဖက်ခြောက်၊ စွန်တန်ခြောက်၊ နေကြာစေ့၊ သစ်ကြားသီး၊ သစ်တော်သီး၊ ပျားရည်၊ မက်မွန်သီး၊ မက်မန်းသီး စသည်တို့ကို ပေါပေါများများ ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။ လက်ဖက်ခြောက်ဆိုလျှင် ဒေသအမျိုးမျိုးမှ ထွက်ပြီး ပုံစံအမျိုးမျိုးထုပ်ပိုးထားသည်။ ယင်းတို့အနက် တာမိုးညဲဒေသထွက် လက်ဖက်ခြောက်ထုပ်ပိုးပုံ သတိထားမိသည်။ ယင်းဆိုင်မှ တရုတ်မျက်နှာပေါက်နှင့် ဆိုင်ရှင်အမျိုးသားကြီးကို မေးကြည့်သည်။

”တာမိုးညဲဆိုတာ ဘယ်ဘက်မှာရှိတာလဲ၊ အဝေးကြီးလား”

”ရှေ့နည်းနည်းဆက်သွားရင် လမ်းခွဲရှိတယ်၊ အဲဒီကနေ ၁၇ မိုင်လောက်ပဲ သွားရတော့တယ်”

ဒါဆို သိပ်မဝေးလှ။ ကျွန်မ မျက်လုံးအရောင်တောက်သွား

သည်။ ဆက်၍ မေးသည်။

”သွားလည်လို့ရလား၊ ဘာတွေရှိလဲ”

”သွားလည်လို့တော့ ရတာပေါ့။ လုံခြုံရေးတော့ အာမ

မခံဘူး”

ထပ်၍ မေးစရာမရှိတော့ပြီ။ ထို့နောက် ဆီတို့ဟူး၊ စွန်တန်ခြောက်နှင့် သစ်တော်သီးများ ဝယ်ခြမ်းကာ မိမိတို့စတည်းချရာလားရှိုးမြို့သို့ ပြန်လည်ဦးတည်လိုက်သည်။ အပြန်ခရီးသည် အသွားတုန်းကလောက် စိတ်ဝင်စားစရာမကောင်းတော့ရာ ယာဉ်မောင်းကြီး ကိုကျော်ဇေယျမှ လွဲ၍ ကျန်သူများမှာ ထမင်းလုံးစီကာ ငြိမ်ချက်သားကောင်းလျက် လိုက်ပါလာကြလေသည်။

သိန္နီမြို့သို့ မရောက်မီ ရှုခင်းကြည့်၍ လွန်စွာကောင်းသော တောင်ကြောတွင် ခဏနားကာ အဝေးမှ တောင်တန်းများကို နောက်ခံထားကာ လေတွင် ပျံ့နေသည့်ပုံ၊ တမျှော်တခေါ်ပြောင်းဖူးခင်းများကို နောက်ခံထားကာ အိုက်တင်အမျိုးမျိုး ပေးနေသည့် ပုံ စသဖြင့် မရိုးနိုင်အောင် ဓာတ်ပုံများ ရိုက်ကြပြန်သည်။

ထို့နောက် သိန္နီဆီချက်ပင် မစားနိုင်တော့ဘဲ လားရှိုးမြို့သို့ ပြန်ခဲ့ကြသည်။ မနက်ဖြန် ရန်ကုန်သို့ ပြန်ရဦးမည်၊ အလုပ်ခွင်များဆီ ဝင်ကြရဦးမည်။ နေ့ချင်းရောက်အောင် မောင်းကြရဦးမည်ဖြစ်ရာ စောစော ပြန်လည်အနားယူဖို့ အချိန်ပေးရဦးမည်မဟုတ်လား။

လားရှိုးမြို့သို့ ညနေမစောင်းမီ ပြန်ရောက်ကြသည်။ တည်းခိုမည့်နေရာသို့ မရောက်မီ နာမည်ကျော် ရေပူစမ်းသို့ လမ်းကြုံ ဝင်ကြသည။် ကျဲကျဲတောက်ပူနေသည့် နေရောင်အောက်မှ ရေပူစမ်းသည် လာရောက်လည်ပတ်သူမရှိဘဲ ခြောက်ကပ်ကပ် ဖြစ်နေသည်။ စိမ်ရန် မဆိုထားနှင့် လက်ဖြင့်ပင် ကြာကြာထိ၍ မရလောက်အောင်ပူနေသည့် ရေပူစမ်းမှ တည်းခိုမည့်နေရာသို့ ပြန်ခဲ့ကာ အနားယူကြသည်။

ညဦးပိုင်းတွင် လားရှိုးမြို့၌ တာဝန်ကျနေသည့် ကုမ္ပဏီဝန်ထမ်း သူငယ်ချင်းတို့ မိသားစုက ကျွန်မအား လာကြိုသည်။ ညစာထွက်စားကြရင်း မဆုံတာကြာပြီဖြစ်သည့် သူငယ်ချင်းနှင့်ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြသည်။ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ မူးယစ်ဆေးသုံးစွဲသူလူငယ်များ ပေါများသည့် အရပ်ဖြစ်နေသည့် လားရှိုးမြို့အကြောင်းကို ပြောသည်။

ကချင်ပြည်နယ်၊ ဟိုပင်မြို့သား သူငယ်ချင်းဖြစ်သူသည် ရှမ်းပြည်တောင်ပိုင်းသူနှင့် အိမ်ထောင်ကျကာ ရှမ်းပြည်မြောက်ပိုင်းတွင် အခြေချနေသည့်သူက “ မြို့စွန်ဘက်ရပ်ကွက်တွေဆိုရင် ဆိုင်ကယ်နဲ့ သွားရတာ မလုံခြုံဘူး။ ဆေးချထားတဲ့ ကောင်တွေက လိုက်လုတာတွေ ရှိတယ်။ ဒီလိုပဲ သတိနဲ့ နေထိုင်သွားလာရတာပေါ့ သူငယ်ချင်းရာ။ ဒီမှာ နေရတာ အဆင်ပြေတယ်။ ရန်ကုန်မှာတော့ မနေချင်ဘူးဟ”ဟု ဆိုသည်။

ညစာစားပြီး အပြန်တွင် သူတို့အိမ်သို့ဝင်ကာ ဂုန်လျှော်အိတ်ကြီးထဲမှ လက်ဖက်ခြောက်များကို ကျွန်မအတွက် ကြွပ်ကြွပ်အိတ်ကြီးတစ်လုံးအပြည့် လက်ဆောင်ထည့်ပေးလိုက်သည်။

”ဒါက ရောင်းဖို့အတွက်လုပ်ထားတာမဟုတ်ဘူး၊ အိမ်သုံးဖို့နဲ့ ဧည့်သည်လာရင် လက်ဆောင်ပေးဖို့ သီးသန့် လုပ်ထားတဲ့ Home made စစ်စစ် သူငယ်ချင်းရ” ဟု သူက ပြောသေးသည်။ နယ်မြို့များ၏ ထုံးစံအတိုင်း ညမိုးချုပ်သည်နှင့် လမ်းမပေါ်တွင် လူသွားလူလာ တဖြည်းဖြည်း ကျဲပါးလာပြီဖြစ်ရာ သူငယ်ချင်းတို့မိသားစုနှင့် လမ်းခွဲရဦးမည်။ ကံမကုန်ရင်တော့ ပြန်ဆုံကြဦးပေမပေါ့။

ပြောင်းခင်းကြားက ပြန်ခဲ့တယ်                                        

နောက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် လားရှိုးမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ အလာခရီးတုန်းက သည်လမ်းမကြီးကို ညနေမှောင်ရီတွင် ဖြတ်ခဲ့ကြရာ ပတ်ဝန်းကျင်မြင်ကွင်းများကို သဲကွဲစွာ မြင်ခွင့်မရခဲ့ကြ။ ယခု လင်းလင်းထင်းထင်း နေ့ခင်းပိုင်းတွင် ဖြတ်သန်းရသဖြင့် ပတ်ဝန်းကျင်မှ တောင်ယာခင်းများ၊ ပြောင်းခင်းများကို တမျှော်တခေါ် မြင်တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လျှောက် ကွတ်ခိုင်အထိ သွားခဲ့သမျှ မြို့များတွင် ကားလမ်းလေးဝဲယာတစ်လျှောက် ပြောင်းခင်းများက နေရာအပြည့်ယူထားသည်။ တောင်စောင်းများကို ခုတ်ထွင်ရှင်းလင်းထားသည့် ပြောင်းခင်းများကို အကွက်လိုက်၊ အတန်းလိုက် စီရရီတွေ့မြင်ရသည်။ အချို့အခင်းများက စိမ်းမြမြ၊ အချို့အခင်းများက ဝါရွှေရွှေ၊ အချို့အခင်းများက ညိုတိုတိုနှင့် အရောင်စုံလှသည်။ ယင်းတို့သည် ရှမ်းပြည်နယ်တွင် နေထိုင်အသက်မွေးကြသူများ၏ အလုပ်ကြိုးစားမှုပြယုဂ်ဟု ဆိုရမည်။

အစိမ်းရောင်ယာခင်းများ၊ အပြာရောင်ကောင်းကင်၊ အဖြူရောင်တိမ်တောင်တိမ်လိပ်များနှင့် အတူ ရှမ်းပြည်မြောက်ပိုင်းမှပြန်ခဲ့ကြပြီ။ သီပေါမြို့မှ ဖြတ်၍ ပြန်ခဲ့ရချိန်တွင် ကျွန်မတို့၏ စိတ်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတစ်ခု ခံစားရသည်။ အာမခံရလျှင် တစ်ပါတည်း ပြန်ခေါ်သွားနိုင်မည်ဟု တွေးမိသော်လည်း အာမခံမရသည့်အတွက် လက်ထိပ်တန်းလန်းနှင့် အကျဉ်းထောင်ဆီသို့ ပြန်ပါသွားသော ကိုလဝီတို့ကို သတိရမိသည်။ ကျွန်မတို့က ရန်ကုန်သို့ ပြန်တော့မည်။ လုပ်ဖော်ကိုင်ဖက် သတင်းသမားများက သီပေါထောင်တွင် အကျဉ်းကျခံ၍ ကျန်ခဲ့ရဦးမည်။ သည်လိုနှင့် သီပေါမြို့ကို ချန်ရစ်ကာ ခရီးဆက်ခဲ့ရသည်။

တစ်ခါတစ်ရံတွင် ကျွန်မတို့သည် ကွက်ကြားမိုး တစိမ့်စိမ့်ရွာနေသည့် လမ်းမကြီးပေါ်တွင် ရောက်နေတတ်သော်လည်း အဝေးမှ နေသာနေသည့် တောင်ယာခင်းများကို လှမ်း၍ မြင်နေ ရတတ်ပြန်သည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင် နေရာအနှံ့ တွေ့ရတတ်သည်က အလံဖြူ၊ အလံနီများထောင်ထားသည့် နတ်နန်းများပင်ဖြစ်သည်။ သည်လိုနှင့် ကျောက်မဲမြို့သို့ ဖြတ်ရသည်။ ကျောက်မဲမြို့ဟု ဆိုလျှင် ကျွန်မစိတ်ထဲ တွဲ၍ မှတ်မိသည်က ဆားငန်စေ့ ဖြစ်သည်။ ချဉ်ပြုံးပြုံးအရသာကြောင့် ခရီးထွက်လျှင် တမြုံ့ မြုံ့ ငုံလေ့ရှိသည့် ဆားငန်စေ့သည် ကျောက်မဲမြို့မှ ထွက်သည်ဟု မှတ်မိနေသည်။ ရောက်လက်စနှင့် ကျောက်မဲမြို့တွင်းသို့ ဝင်ကြည့်ကြရန် အကြံရသည်။ ကျောက်မဲမြို့ဝင် ဆိုင်းဘုတ်ကို ရှမ်းဘာသာဖြင့် ရေးထားပြီး အောက်ခြေတွင် အင်္ဂလိပ်လို ရေးထိုးထားသည်။

ရှမ်းအိုးစည်ကြီးနှစ်လုံးကြားမှ ကျောက်မဲမြို့အဝင် ဆိုင်းဘုတ်ကို အနည်းငယ်ကျော်လိုက်လျှင် ရှေးဟောင်း အဆောက်အအုံ တစ်ခုဖြစ်သည့် ကျောက်မဲဆေးရုံကို လှမ်း၍ မြင်ရသည်။ ကျောက်မဲမြို့သည် လားရှိုး-မူဆယ်လမ်းမကြီးမှနေ၍ အောက်ဘက် မြေနိမ့်ပိုင်းသို့ ဆင်းရသည့် မြို့ဖြစ်သည်။

သည်ခရီးစဉ်တွင် နယ်မြို့ကလေးတစ်မြို့၏ အငွေ့အသက်ကို အပေးနိုင်ဆုံး မြို့မှာ ကျောက်မဲမြို့ဟု ဆိုရမည်ဖြစ်သည်။ ဟောင်းနွမ်းခြင်းသည် ရှေးကျခြင်းကို ဖော်ပြနေသော တန်ဖိုးတစ်ခုဟု ဆိုရမည်။ ကျောက်မဲမြို့တွင် ရှေးကျသော အဆောက်အအုံအချို့ကို ယနေ့တိုင် တွေ့ရဆဲဖြစ်သည်။ အချိန်မရသည့်အတွက် ကျောက်မဲမြို့ကို ကားဖြင့် တစ်ပတ်ပတ်ကာ ကြည့်ရှုရုံသာ လုပ်နိုင်ခဲ့သည်။

ကျောက်မဲကိုလွန်လျှင် ကျွန်မကို စိတ်လှုပ်ရှားမှု အပေးစွမ်းနိုင်ဆုံးသော ဂုတ်တွင်းလမ်းကို ဖြတ်သန်းရဦးမည်။ ဂုတ်တွင်းသို့ ရောက်ခါနီးဆဲဆဲတွင် မိုးက ရွာသည်။ ရင်ထဲတွင် နွေးခနဲ ခံစားရသည်။ ကျွန်မ အနည်းငယ်ကြောက်ရွံ့နေသည်ဟု မိမိကိုယ်ကိုယ် သတိထားမိသည်။ သည်ကြားထဲတွင် ”ဂုတ်တွင်းလမ်းက ညပိုင်းဖြတ်ရင် တော်သေးတယ်၊ နေ့ခင်းဖြတ်ရတာ ပိုကြောက်ဖို့ ကောင်းတယ်”ဟု လားရှိုးမှ သူငယ်ချင်းက အားပေးလိုက်သေးသည်။

ကျောက်မဲမြို့ကို လွန်သည်နှင့် ကုန်းဆင်းများက ဆက်တိုက်။ ဂုတ်တွင်းကွေ့နှင့် နီးလာလေလေ အဆင်းလမ်းများက ပို၍ စောက်နက်လာလေလေဖြစ်သည်။ တံတောင်ဆစ်ကွေ့ ကြီးများ တွေ့လာရလေလေဖြစ်သည်။

Photo – Kyaw Zayar Htun                                     ဂုတ်ထိပ်တံတား

မကြာမီ ဂုတ်တွင်းချောက်ကြီးထဲသို့ တရွေ့ရွေ့ဆင်းရဦးမည်ဖြစ်သည်။ ကျွန်မတို့ လေးယောက်သည် ဂုတ်တွင်းကို အပေါ်စီးမှ ဆီး၍ မြင်ရသော ရှုခင်းသာဆိုသည့် နေရာတွင် ခေတ္တအနားယူကာ ကုန်ကားကြီးများ ရပ်နားလေ့ရှိသည့် ဆိုင်တွင် လူရောကားပါ အနားယူကြသည်။ နေ့လယ်စာစားကြသည်။ ယာဉ်မောင်းကြီးကိုကျော်ဇေယျနှင့် ကိုကျော်ဇေယျာထွန်းတို့က စမ်းကျရေကို လှောင်ထားသည့် အုတ်ရေကန်တွင် ရေချိုးကြသည်။ နေ့လယ်စာစားပြီးသည်နှင့် ကျွန်မတို့ ခရီးဆက်ကြသည်။

ကျွန်မ၏ ဂုတ်တွင်းစွန့်စားခန်းစတင်လေပြီ။ သို့သော်ဂုတ်တွင်းလမ်းသည် အလာခရီးတုန်းကလောက် ကြောက်စရာ၊ ထိတ်လန့်စရာမကောင်းတော့သလိုခံစားရပြန်သည်။ ကွေ့တက်၊ ကွေ့ဆင်းကြီးများ တင်းကြမ်းပြည့်နေသော်လည်း လမ်းက ကျယ်သည်။ လမ်းမြေသားက ကောင်းမွန်သည်။ ကားကြီးများသည် ကားငယ်များကို ညှာသည်။ အတက်ကားနှင့် အဆင်းကား နားလည်မှုရှိကြသည်။ စိတ်ရှည်ကြသည်။ ဂုတ်တွင်းကွေ့ပိတ်လျှင်မည်မျှ နစ်နာသည်ကို ကိုယ်တွေ့ ခံစားဖူးကြသူများဖြစ်ကြ၍ ထိုသို့ စိတ်ရှည်သည်းခံနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။

ကျွန်မလွန်စွာ စိုးရိမ်နေခဲ့သော ဂုတ်တွင်းကွေ့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီးနောက် တောင်ထိပ်မရောက်မီ မြင်တွေ့လိုက်ရသည်က ဂုတ်ထိပ်တံတားကြီးပင်ဖြစ်သည်။ ကြီးမားလွန်းလှသည့် ဂုတ်ထိပ်တံတားကြီးကို အဝေးမှလှမ်း၍ မြင်လိုက်ရချိန်တွင် အံ့သြပျော်ရွှင်ရသည့် အရသာကလည်း ရှမ်းပြည်မြောက်ပိုင်းခရီးစဉ် အတွေ့အကြုံများထဲက မမေ့နိုင်ဖွယ်တစ်ခုဟု ဆိုရမည်။

ဂုတ်တွင်းပြီးနောက် နောင်ချိုမြို့ကို ဖြတ်ရသည်။ နောင်ချိုမြို့အဝင်ရှိ Toll Gate အနီးတွင် အရပ်ဝတ်ဖြင့် လူတစ်စုက ကားများကို တားသည်။ ရပ်ပေးသည့်ကားများကို ”ဘယ်ကလာသလဲ၊ ဘယ်ကိုသွားသလဲ၊ ဘာတွေပါသလဲ”စသဖြင့် စစ်ဆေးမေးမြန်းသည်။ ကိုယ်စားပြုယူနီဖောင်းကို ဝတ်ဆင်ထားခြင်း မရှိသည့်အတွက် သူတို့ မည်သူတွေမှန်း မိမိတို့မသိရ။ သို့သော် သူတို့ခိုင်းသည့်အတိုင်းပင် ကားကိုရပ်ပေးသည်။ သူတို့မေးခွန်းကိုဖြေသည်။ ပြီးလျှင် ဆက်လက်၍ မောင်းနှင်လာခဲ့သည်။

အပြန်ခရီးတွင် ပြင်ဦးလွင်မှ မန္တလေးသို့ အဆင်းလမ်းတစ်နေရာတွင် လမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် နာရီအနည်းငြယ်ကာ ကားလမ်းပိတ်ခဲ့သည်မှအပ အစစအရာရာ အဆင်ပြေချောမွေ့သည်။ ရန်ကုန်-မ္တနလေးအမြန်လမ်းပေါ်ရောက်ချိန်တွင် လားရှိုးမြို့မှ မ္တနလေးအထိ မမောတမ်း မောင်းလာခဲ့သည့် ယာဉ်မောင်းကြီးကိုကျော်ဇေယျကို အနားပေးလိုက်သည်။ မ္တနလေးယာဉ်ရပ်နားစခန်းမှ နေပြည်တော်ယာဉ်ရပ်နားစခန်းအထိ ယာဉ်မောင်းတာဝန်ကို ကျွန်မက လွှဲပြောင်းယူသည်။ လားရှိုးမြို့မှ မနက် ၉နာရီဝန်းကျင်တွင် စတင်ထွက်ခွာခဲ့သည့် ကျွန်မတို့အဖွဲ့သည် ရန်ကုန်သို့ ပြန်လည်ရောက်ရှိချိန်တွင် နောက်တစ်နေ့နံနက် ၃ နာရီခန့်ရှိပြီဖြစ်သည်။

ယခင်က မိမိ အလွန်ရောက်ဖူးချင်ခဲ့သော ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်သည် အောင်မြင်ချောမောစွာ အဆုံးသတ်ခဲ့ပြီဖြစ်ပြီး ဤခရးီ သည်ကျွန်မအား ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံမှု၊ ဝမ်းနည်းမှု၊ စိတ်ထိခိုက်မှုနှင့် အံ့သြမှု၊ လွမ်းဆွတ်မှုများကို ပေးစွမ်းခဲ့လေသည်။

(စာကြွင်း – သီပေါတွင် အဖမ်းဆီးခံထားရသော သတင်းစာဆရာသုံးဦးအားအမှုကျေအေးရုပ်သိမ်းကြောင်း စက်တင်ဘာ ၁ ရက် နေ့စွဲဖြင့် တပ်မတော်ကသတင်းထုတ်ပြန်ခဲ့သည်။)

အပိုင်း(၂)သို့

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."