လှိုင်းဘွဲ့မြို့ဟောင်းနေရာကို ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ပေးဖို့မရှိပေမယ့် ရှေးဟောင်း နယ်မြေနဲ့ ယင်းဒေသက ရှေးဟောင်းပစ္စည်းတွေကိုတော့ ဥပဒေနဲ့ကာကွယ်ပေး သွားမယ်လို့ သာသာနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောပါတယ် ။
လှိုင်းဘွဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်ချိုက လှိုင်းဘွဲမြို့မြောက်ဘက်၊ သုံးမိုင်ခန့်အကွာ၊ ထန်းတပင် တောင်ရှိ ဘုရားစေတီဟောင်းနှင့်ဘုန်းကြီးကျောင်းနေရာ ပတ်ဝန်းကျင်တောအုပ်သည် ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့ သောမြို့ဟောင်းနေရာတစ်ခုဖြစ်ရာ နိုင်ငံ၏ယဉ်ကျေးမှုအမွေ အနှစ်တစ်ခုအဖြစ် ပြန်လည်လေ့လာစိစစ်ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်လျှောက်ပေးနိုင်ခြင်း ရှိ၊မရှိ လွှတ်တော်တွင်မေးမြန်းရာ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့တာ ဖြစ်ပါ တယ်။
ရှေးဟောင်းအဆောက်အအုံတွေကို ရှေးဟောင်းတန်းဖိုး၊ သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုးနဲ့ မြို့ဟောင်းနေရာတွင် ယဉ်ကျေး မှုတန်ဖိုးများကျန်ရှိတဲ့ အခြေအပေါ်မူတည်ပြီးတော့လည်ကောင်း၊ ရန်ပုံငွေရရှိမှုပေါ်မှာလည်ကောင်း ထိန်းသိမ်းဆောင်ရွက် လျက်ရှိပြီး လှိုင်းဘွဲမြို့ဟောင်းဟာ “ ဦးစားပေးထိန်းသိမ်းရမယ့်စာရင်းမှာ မပါရှိပါသဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကာကွယ် ထိန်းသိမ်းရေးဇုန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းဖြေကြားအပ်ပါတယ်”လို့ ဦးကြည်မင်း က လွှတ်တော်ကို ရှင်းလင်းပြောပြတယ်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဘားအံရုံးရဲ့ လေ့လာမှုတွေအရ လှိုင်းဘွဲ့မြို့ဟောင်းနေရာကနေ မြေပုတီးစေ့၊ အုတ်ခွက်ဘုရား၊ မြေမီးဖုတ်ထိုင်တော်မှုဗုဒ္ဓရုပ်ပွားတော်၊ မြေဆေးတံ၊ ကြေးခေါင်းလောင်း၊ မြေမီးဖုတ် အုတ်ချက်တွေနဲ့ စဉ့်အိုးကြီးတစ်လုံးတို့ကိုတွေ့ရှိရသလို အုတ်ခွက်ဘုရားတွေဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မှာရှိတဲ့ နာမည်ကျော်ရှေးဟောင်းဂူတစ်လုံးဖြစ်တဲ့ ကော့ဂွန်းဂူမှာတွေ့ရတဲ့ အုတ်ခွက်ဘုရားတွေနဲ့ ဆင်တူကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် ညောင်ရမ်းခေတ်လက်ရာ အုတ်ခွက်ဘုရားတွေနဲ့လည်း အဲဒီဒေသကအုတ်ခွက်ဘုရားတွေ ဆင်တူကြ တာကို လေ့လာတွေရှိရတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
မင်းနေပြည်တောင်မြို့ဟောင်းတစ်ခုမဟုတ်သော်လည်း စနစ်တကျစုစည်းနေထိုင်ခဲ့သော ပဒေသရာဇ်လူ့အဖွဲ့အစည်း တစ်ခုဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပြီး အဆိုပါနေရာဟာ သက်တမ်းနှစ် ၁၀၀ ကျော်ရှိတဲ့ မြို့ဟောင်းနေရာဖြစ်တဲ့ အတွက် ယဉ်ကျေးမှုအမွေအနှစ်ကာကွယ် ထိန်းသိမ်းရေးဇုန်အဖြစ် မသတ်မှတ်သော်လည်း ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ရှေးဟောင်းအဆောက်အဦးများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများအရ ထိန်းသိမ်းကာ ကွယ်ထားတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
သာသနာသက္ကရာဇ် ၁၂၅၊ သုဝဏ္ဏဘူမိ ၊ သထုံပြည်လက်ထက်မှာ လှိုင်းဘွဲ့ဟာ သထုံလက်အောက်ခံမြို့ဖြစ်ခဲ့ပြီးတော့ နောက်ပိုင်း ၁၆၁ လောက်မှာ သထုံပြည်ပျက်တော့ မြို့စားဟာ မင်းလောင်းပြုပြီး သီးခြားမြို့တစ်ခုအဖြစ်ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)မှာ ဖော်ပြချက်အရ ခရစ်သက္ကရာဇ် ၁၃၆၃ ခုနှစ်၊ မုတ္တမ-မွန်မင်းဆက် ပြန်လည် တည်ထောင်ခဲ့တဲ့အခါ လက်အောက်ခံမြို့ ၃၂ မြို့မှာ လှိုင်းဘွဲ့မြို့လည်းပါဝင်ပြီး နောက်ပိုင်း ထိုင်းဘုရင်ရဲ့တိုက်ခိုက်မှု ကြောင့် ပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ ဖော်ပြကြောင်း လှိုင်းဘွဲ့မြို့ဟောင်းရဲ့ အထောက်အထားကို ဦးခင်ချိုက ရှင်းပြ ပါတယ်။
#mawkun #magazine #chronicle #dailynews