လွယ်ယင်း(တောင်ခြေ)ကျေးရွာလေးဟာ ရှမ်းပြည်နယ် ဖယ်ခုံမြို့ရဲ့အနောက်မြောက်ဖက် ၁၅ မိုင်လောက်ဝေးပါတယ်။ အောင်ပန်း၊ ဖယ်ခုံ ကားလမ်းရဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။ လွယ်ယင်း(တောင်ခြေ)ရွာလေးမှာ ကယန်းလူမျိုးတွေ အများစုနေထိုင်ကြတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အေးမြခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တောင်ပေါ် ကျေးရွာလေးမှာလည်း မြို့ပြယဉ်ကျေးမှု အငွေ့အသက်တွေ ရှင်သန်နေတာကို တွေ့ရပါတယ်။ ကယန်းလူမျိုးတွေ ဓလေ့က သတို့သားဟာ လူပျိုညမှာ အသိုင်းအဝိုင်းနဲ့ ခြူသံပေးပြီး သတို့သမီးအိမ်ကို သွားရတယ်။ မင်္ဂလာဆောင်ရင် လာကြတဲ့ ဧည့်သည်၊ ဆွေမျိုးတွေကို ရိုးရာနှီးခွက်လေးတွေနဲ့ ခေါင်ရည်တိုက်တယ်။ သီးနံှနဲ့ အသားတွေ ရောကြိုထားတဲ့ ဆန်ပြုတ်ကျွေးတယ်။ အသားဟင်းတွေ အများကြီးပါတဲ့ ထမင်းနဲ့ ဧည့်ခံတယ်။ ရွာထဲက ကလေးတွေ၊ လူငယ်တွေ ရိုးရာအက တပျော်တပါး ကကြတယ်။ မင်္ဂလာပွဲမှာ သတို့သား၊ သတို့သမီး ဇနီးမောင်နှံ ခိုင်ခိုင်မြဲမြဲ ပေါင်းသင်းနိုင်အောင် ဆွေမျိုးအကြီးအကဲက လက်မှာ မင်္ဂလာကြိုးချည်ပေးရတဲ့ ချစ်စရာ ဓလေ့ထုံးစံတွေကို အခုလို ဓါတ်ပုံမှတ်တမ်းတင်ဖြစ်ပါတယ်။