ရွာဘုံတွေ ကုံလုံပါရဲ့လား

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Forgotten ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ရပ်တိုင်းရွာတိုင်းမှာ မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်းတွေ ရှိ ကြတယ်။ လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်တွေမှာလည်း အသုံးအဆောင်ပစ္စည်းတွေ ရှိကြသလို ပိုက်ဆံဝါလားတွေ အခြေ ချနေထိုင်တဲ့ လူကုံထံရပ်ကွက်တွေမှာလည်း အသုံးအဆောင် ပစ္စည်းတွေရှိကြတယ်။  အထူးသဖြင့် ရပ်ရွာမှာ နေထိုင်ကြသူတွေရဲ့ ထည့်ဝင်ကြတဲ့ အလှူငွေတွေ နဲ့ ထူထောင်ထားကြတဲ့ ပစ္စည်းတွေ ဖြစ်ပြီး ရွာဘုံ ပစ္စည်းတွေရယ်လို့ ခေါ်ဝေါ်ကြတယ်။

ရွာဘုံပစ္စည်းရယ်လို့ ဘယ်ခေတ်၊ ဘယ်စနစ်မှာ စတင် ထူ ထောင်ခဲ့ကြမှန်း မသိရပေမယ့် ခေတ်ကာလ ကြာညောင်းခဲ့တာ တော့ သေချာတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ရွာဘုံပစ္စည်းတွေ ထူ ထောင်တဲ့ ဓလေ့ နည်းပါးလာတယ်။ နဂိုရှိနှင့်ပြီး ရွာဘုံပစ္စည်း လေးတွေကိုပဲ မပျောက်မပျက် မကွဲမရှအောင် ထိန်းသိမ်း စောင့် ရှောက်နေကြရတယ်။ ရွာနေပြည်ထိုင်တွေရဲ့ အလှူငွေ ထည့်ဝင် မှုတွေ လျော့နည်းသွားလို့လည်း မဟုတ်ဘူး။ ရွာဘုံပစ္စည်းတွေ ထိန်းသိမ်းစောင့်ရှောက်မယ့်သူ မရှိတော့လို့လည်း မဟုတ်ဘူး။ ဝယ်စရာ ခြမ်းစရာ ပစ္စည်းတွေ ရှားပါး ပြတ်လပ်လို့လည်း မဟုတ်ဘူး။ ကျွန်တော့်အထင် ခေတ်စနစ်က မတောင်းဆိုတော့တာက အဓိက ကျလိမ့်မယ် ထင်တယ်။ ဘာကြောင့် မတောင်းဆိုတာလဲ ဆိုတဲ့ ထပ်ဆင့် မေးခွန်းတက်လာခဲ့ရင် မလိုအပ်တော့လို့ပါလို့ ဖြေရပါလိမ့်မယ်။

ရွာဘုံပစ္စည်းဆိုတာ ဘာလဲ။ ရွာဘုံပစ္စည်းတွေထဲမှာ ဘာ တွေ ပါသလဲ။ ရွာဘုံပစ္စည်းဆိုတာကတော့ လူသုံးကုန်ပစ္စည်းတွေ ပါပဲ။ ကြေးစည်တို့၊ ယင်းလိပ်တို့ကအစ ယောက်ချို၊ ယောက်မ၊ ရေနွေးအိုးအလယ် လက်သုတ်ပဝါ၊ စားပွဲခင်းနဲ့ မီးချောင်းအဆုံး အကုန်ပါဝင်တယ်။ တကယ်တော့ ရွာဘုံပစ္စည်းဆိုတာ ရပ်ရွာမှာ နေထိုင်သူတွေ ပိုင်တဲ့ ပစ္စည်းပစ်္စယတွေပါပဲ။ တန်ဖိုးကြီး အဖိုး တန်ပစ္စည်းတွေ ပါတတ်သလို အဖိုးနည်းဝန်ပါ ပစ္စည်းတွေလည်း ပါတတ်တယ်။ ကျွန်တော် မှတ်မိနေတဲ့ ရွာဘုံပစ္စည်းတွေထဲမှာ ပန်းကန်ခွက်ယောက်တွေ ပါတယ်။ နေကြာတံဆိပ် ဓာတ်ဘူးနီနီ ကြီးတွေ၊ ကြေးစည်တွေ၊ ဆွမ်းတော်အုပ်တွေ၊ စားပွဲကုလားထိုင် တွေ၊ ဖျာတွေ၊ မီးသီး၊ မီးချောင်းတွေ၊ စည်ပိုင်းတွေ ပါဝင်တယ်။ အသံချဲ့စက်တွေ၊ လော်စပီကာတွေ၊ ဝါယာကြိုးခွေတွေလည်း ပါ တာပေါ့။ ကွယ်လွန်သူရဲ့ ပုဆိုးတွေကို စပ်ချုပ်ထားတဲ့ နေပူကာတဲ့ ကနဖျင်းကြီးတွေလည်း ပါတယ်။ ကနဖျင်းရဲ့ ထိပ်မှာ ကွယ်လွန်သူ ဦး ဘယ်သူ့ကို ရည်စူး၍ ကျန်ရစ်သူကောင်းမှုလို့ အဝတ်စတွေနဲ့ စာလုံးဖော်ထားတဲ့ ကမ္ပည်းလည်း ရေးထိုးထားလေ့ ရှိတယ်။ ကနဖျင်းတွေက ရုပ်ရှင်ပိတ်ကားတစ်ချပ်စာလောက် ရှိတယ်။

ရပ်ကွက်ထဲမှာ သာရေး၊ နာရေး ရှိတဲ့အခါ ရွာဘုံပစ္စည်းတွေ ကို ပစ္စည်းထိန်းဆီ သွားငှားကြရတယ်။ ပစ္စည်းထိန်းက ငှားယူတဲ့ ပစ္စည်းစာရင်းကို စာရင်းစာအုပ်မှာ လာငှားသူရဲ့ အမည်၊ ငှားရမ်း တဲ့ နေ့စွဲ၊ ပစ္စည်းအမျိုးအမည် စတာတွေ ရေးမှတ်ကြရတယ်။ ပစ္စည်းလာအပ်ရင်လည်း ငှားထားတဲ့ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေး ပြီးမှ လက်ခံကြတယ်။ ကာယကံရှင်ကိုယ်တိုင် ပစ္စည်း လာငှား တာ နည်းတယ်။ ကာယကံရှင်နဲ့ ဆွေမျိုးနီးစပ်တော်သူတွေက ပစ္စည်းထိန်းဆီမှာ လာငှားကြတာ များတယ်။ ကွဲတာရှတာ ပျောက်တာပျက်တာ ဖြစ်ရင် လာငှားသူက လျော်စရာ မလိုပေမယ့် ကာယကံရှင်က ပစ္စည်းအစား ပြန်လျော်ပေးရတယ်။ ပစ္စည်း ငှားရမ်းခရယ်လို့လည်း တစ်ကျပ်တစ်ပြား ရတာ မဟုတ်ဘူး။

ရွာဘုံပစ္စည်းထိန်းတဲ့ အလုပ်ကိုတော့ ငွေကြေးချောင် ချောင်လည်လည် ရှိရုံမက စည်းကမ်းရှိပြီး အများနဲ့ သဟဇာတ ဖြစ်သူတွေသာ လုပ်ကြတာ များတယ်။ ငွေကြေးလည်း ပြည့်စုံပါ ရဲ့၊ စည်းကမ်းလည်း ရှိပါရဲ့၊ အများနဲ့ သဟဇာတ မဖြစ်ဘဲ အရာ ရာကို စာအုပ်ကြီးအတိုင်း လုပ်နေတဲ့သူဆီမှာ ရွာဘုံပစ္စည်းထား လို့လည်း မဖြစ်ဘူး။ ငွေကြေးလည်း ချောင်လည်၊ အများနဲ့လည်း အဆင်ပြေပေမယ့် စည်းမရှိ ကမ်းမရှိသူဆီမှာ ရွာဘုံပစ္စည်း ထိန်း ခိုင်းပြန်ရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်မှာပဲ။ စည်းကမ်းလည်း ရှိ၊ အများသူငါနဲ့လည်း ဆက်ဆံရေးကောင်းပေ မယ့် ငွေကြေးကျပ်တည်းသူဆီမှာ ရွာဘုံပစ္စည်း ထားပြန်ရင် လည်း သူ့ခမျာ ဝမ်းကျောင်းရတဲ့ အလုပ်အပြင် ပစ္စည်းထိန်းတာ ဝန်ပါ ယူနေရလို့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နိုင်တယ်။ ဒါကြောင့် ရပ် ရွာတွေမှာ ရွာဘုံပစ္စည်းထိန်းသူတွေဟာ အင်မတန် တာဝန်ကြီး တယ်လို့ ဆိုနိုင်တယ်။

ရွာဘုံပစ္စည်းတွေအကြောင်း ပြောကြ ဆိုကြတဲ့အခါ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းက ထုတ်တဲ့ ထုတ်ကုန်တွေ အကြောင်း ထည့်ပြောမှ ပြည့်စုံပါလိမ့်မယ်။ သူတို့ကတော့ ကြွေရည်သုတ်ပစ္စည်းတွေပါ။ ကြွေရည်သုတ်မတ်ခွက်တွေ၊ ကြွေရည် သုတ်လင်ပန်းတွေ၊ ကြွေရည်သုတ် ရေနွေးခရားအိုးတွေ၊ ကြွေ ရည်သုတ် ဇလုံတွေ၊ ကြွေရည်သုတ် ငါးဆင့်ချိုင့်ကြီးတွေ၊ ကြွေ ရည်သုတ် ပန်းကန်ပြားတွေကလည်း ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ ရွာဘုံပစ္စည်းအဖြစ် တာဝန်ကျေပွန်ခဲ့ကြတယ်။ ကြွေရည်သုတ်ဆိုတဲ့ ဝေါဟာရသည်ပင် အသုံးနည်းလာခဲ့ပြီကော။ ကြွေရည်သုတ်ပစ္စည်းတွေက သံထည်ပစ္စည်းတွေပေါ် ကြွေဆေး  ခပ်ထူထူ သုတ်လိမ်းထားတာပါ။ ကြွေရည်သုတ်ပစ္စည်း အများစု မှာ အစိမ်း၊ အဖြူ၊ အဝါ စတဲ့ အရောင်တွေ သုတ်ထားကြတယ်။ အခုခေတ်လို မယ်လမင်းတွေလည်း မပေါ်သေး။ စတီးပစ္စည်းဆို တာ ဇွန်းက လွဲလို့ အခြားပစ္စည်းတွေ မရှိသေးဘူး။ ပလတ်စတစ် အသုံးအဆောင်ပစ္စည်းတွေလည်း မရှိသေးတော့ ကြွေရည်သုတ် ပစ္စည်းတွေကိုပဲ စုံရေမက်ရေ သုံးခဲ့ကြရတယ်။ သုံးနေရင်း အောက်လွတ်ကျတာကလည်း ရှိတတ်တော့ ကြွေထည်ပစ္စည်း အချို့ ကြွေရည်ကွာကျကုန်တဲ့ အဖြစ်လည်း ကြုံရတယ်။ ဘယ်လို ပဲဖြစ်ဖြစ် ကြွေရည်သုတ် ပစ္စည်းတွေက ကျွန်တော်တို့ လူ့အဖွဲ့  အစည်းမှာ တာဝန်ကျေခဲ့တယ်။

ရွာဘုံပစ္စည်းတွေထဲမှာ ထူပိန်းနေတဲ့ ကြေးဇွန်းကြီးတွေနဲ့ ရွှေနားကွပ်တိုက်ပန်းကန်ပြား (ကြွေပန်းကန်ပြား) ကြီးတွေက လည်း မေ့ကောင်းစရာ အသုံးအဆောင်တွေ မဟုတ်ဘူး။ အိမ် သစ်တက်၊ ဆိုင်သစ်ဖွင့်ပွဲ၊ ကလေးအမည်ပေး ကင်ပွန်းတပ်စတဲ့ ပွဲတွေမှာ ကြွေပန်းကန်ပြားထဲက ကြာဆံဟင်းပူပူတွေကို ကြေး ဇွန်းထူထူကြီးတွေနဲ့ နဖူးက ချွေးဒီးဒီးကျအောင် တဖူးဖူး မှုတ်ပြီး ခပ်သောက်ခဲ့ရတာလည်း မမေ့နိုင်ဘူး။ အလှူတွေ၊ ဆွမ်းကပ်တွေ ရဲ့ ထမင်းဝိုင်းတွေမှာ အလယ်မှာ ဟင်းချိုရည်ထည့်တဲ့ စောက် (ဇောက်)နက်နက် အဝကျယ်ကျယ် ပန်းကန်ကြီးတွေ ပါလေ့ရှိ တယ် မဟုတ်လား။ အဲဒီပန်းကန်ကြီးရဲ့ အမည်က အလယ်မှာ ရှိ လို့ အလယ်တည်ပန်းကန်တဲ့။ သီးစုံချဉ်ရည်တို့၊ မှန်ရောင်ဟင်း ရည်တို့ကို အဲဒီ အလယ်တည် ပန်းကန်ထဲမှာ ထည့်သောက်ခဲ့ကြ ရတာပေါ့။

Reuse (ပြန်သုံး)၊ Reduce (လျှော့သုံး)၊ Recycle (ပြုပြင် သုံး) တွေ ခေတ်မစားခင်ကတည်းက လက်တိုဂျင်နို့မှုန့်ဘူးတွေ ဟာ ရေနွေးခပ်တဲ့ ခွက်တွေအဖြစ် ရွာဘုံပစ္စည်းထဲမှာ ပါဝင်ခဲ့ တယ်။ တစ်လံလောက်ရှိတဲ့ ဝါးရိုးတပ် လက်တိုဂျင်နို့မှုန့်ဘူးဟာ အလှူတွေမှာ ရေနွေးခပ်တဲ့ မှုတ်ပါ။ အုန်းမှုတ်ခွက်တွေကို လက် ကိုင်ရိုးတပ်ပြီး ရေမှုတ်အဖြစ် သုံးခဲ့ကြတာလည်း ရှိတယ်။ ဆီပေ ပါခွံတွေက ရွာဘုံအတွက် ရေတိုင်ကီတွေပါပဲ။ အဝကျယ်တဲ့ မိုး ဗြဲဒယ်အိုးကြီးတွေ၊ သစ်သားနဲ့ လုပ်ထားတဲ့ ယောက်မရှည်ကြီး တွေ၊ ဆယ်ပိဿာဝင် လေးထောင့်သံပုံးကြီးတွေကလည်း အိုး သူကြီးတွေအတွက် အသုံးတည့်လှတဲ့ ရွာဘုံပစ္စည်းတွေ ဖြစ် တယ်။ ရွာဘုံပစ္စည်းတွေ ထူထောင်ကြပုံကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ အခြားရပ်ရွာတွေမှာ ဘယ်လို ထူထောင်တယ် မသိရပေမယ့် ကျွန်တော်တို့ ရပ်ကွက်မှာတော့ ရွာဝင်ကြေးတွေနဲ့ လိုအပ်တဲ့ ရွာဘုံပစ္စည်းတွေ ဝယ်ခဲ့ကြတယ်။ ရွာဝင်ကြေးဆိုတာ အသစ်စက်စက် မင်္ဂလာမောင်မယ်က ရပ်ရွာအတွက် ထည့်ဝင်တဲ့ အလှူငွေကို ခေါ်ဆိုတာပါ။ အထူးသဖြင့် သတို့သမီး နေတဲ့ ရပ် ကွက်မှာ ရွာဝင်ကြေး ထည့်ဝင်ကြရတာ များတယ်။ အခြေချ နေ ထိုင်ကြတဲ့ ရပ်ရွာမှာ ရွာဝင်ကြေး ထည့်ဝင်ကြရတာလည်း ရှိ တယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်က ရွာဝင်ကြေးတွေက ထောင် ဂဏန်းသာ ရှိပေမယ့် ဒီနေ့ခေတ်မှာတော့ ရွာဝင်ကြေးတွေလည်း  ဈေးမြင့်လာခဲ့ပါပြီ။ ရပ်ကွက်အနေအထား လိုက်လို့ ဂဏန်းငါး လုံး၊ ဂဏန်းခြောက်လုံးအထိ ဖြစ်လာခဲ့ပြီ။ ရွာဝင်ကြေး သတ်မှတ် ချက်ကလည်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပါ။  စေ့စပ်ကြောင်းလမ်းပွဲမှာ သတို့သမီးရပ်ကွက်က ရွာလူကြီးက တစ်ပါတည်း ရွာဝင်ကြေးတောင်းတာ ရှိသလို မင်္ဂလာဧည့်ခံပွဲပြီး မှာ ရွာဝင်ကြေး ကောက်ခံတဲ့ ရပ်ရွာတွေလည်း ရှိတယ်။ တချို့ ရပ်ရွာတွေမှာ ရွာဝင်ကြေးကို မူသေသတ်မှတ်ထားပြီး ရပ်ရွာ တချို့မှာတော့ သတို့သမီးနဲ့ သတို့သား အခြေအနေကို အကဲခတ် ပြီးမှ သောင်သာရင် သောင်သာသလို အလှူငွေ များများ ထည့် ဝင်ခိုင်းပြီး နွမ်းပါးတဲ့ မင်္ဂလာမောင်နှံတွေကိုတော့ စတိသဘော အလှူငွေ ကောက်ခံကြတာလည်းရှိတယ်။ ရွာဝင်ကြေး အတောင်းအရမ်းကြမ်းလို့ ခွာပြဲသွားတဲ့ စုံတွဲတွေလည်း ရှိတယ်။ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စုံမက်ကြလို့ အတူပေါင်းဖက်ကြမယ်ဆို တဲ့ စုံတွဲတွေသည်ပင် တင်ကူးပြဋ္ဌာန်းချက်တွေကြောင့် ကွဲကြ ကွာကြ ဖြစ်လေ့ရှိကြတယ်။

ရွာဘုံပစ္စည်းတွေ ရပ်ရွာတွေမှာ ထူထောင်မှုနည်းလာတဲ့ အကြောင်းရင်းတွေထဲမှာ ခေတ်ကာလအလျောက် ပက်ကေ့ချ် စနစ်တွေ ပေါ်ထွက်လာတာကြောင့်လည်း ဖြစ်နိုင်တယ်။ အိမ်တွေ မှာ ဧည့်ခံကျွေးမွေးကြတယ်ဆိုတာထက် ဓမ္မာရုံတွေ၊ ဘုန်းတော် ကြီးကျောင်းတွေ၊ ခန်းမတွေ၊ စားသောက်ဆိုင်တွေမှာ ကျွေးမွေး လာကြတယ်။ အိမ်မှာ ဧည့်ခံ ကျွေးမွေးကြသူတွေကလည်း အိုး သူကြီးတွေ ဘာတွေ ငှားပြီး ချက်ပြုတ် မနေတော့ဘူး။ ဒံပေါက်  ဆိုင်က ဒံပေါက်မှာရင် မှာမယ်။ ဒါမှမဟုတ် ကြက်ဆီထမင်း အော်ဒါမှာတဲ့အခါ ရှိမယ်။ ပဲထမင်းနဲ့ ဧည့်ခံချင်ရင် ပဲထမင်းဆိုင် က မှာလိုက်ရုံပဲ။ အဲဒီလိုမှာရင် ဆိုင်တွေက အစားအသောက် အပြင် ပန်းကန်ခွက်ယောက်တွေပါ တစ်ပါတည်း ယူလာကြ တယ်။ အိမ်ရှင်တွေအနေနဲ့ ဧည့်ခံကျွေးမွေးမယ့် ခန့်မှန်း လူ အရေအတွက် ပြောလိုက်ရုံနဲ့ ဆိုင်တွေက တစ်ယောက်စာ ဘယ် လောက် ကုန်ကျမယ်ဆိုတာ တွက်ချက်ပေးလိုက်တယ်။ အချိုပွဲ တွေ၊ လက်ဖက်တွေ ပါချင်သေးရင်လည်း ပက်ကေ့ချ်နဲ့ လက်ခံတဲ့  ဆိုင်တွေ ရှိပြီးသား။ ကိုယ် အကုန်ကျခံနိုင်တဲ့ ငွေပမာဏနဲ့ ချင့် ချိန်ပြီး ဧည့်ခံကျွေးမွေးလိုက်ရုံပဲ။

ဓမ္မာရုံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ချက် ပြုတ်မယ့်သူတွေကို ငှားရမ်းလို့ရတယ်။ သူတို့က ပရော်ဖက်ရှင် နယ်တွေ ဖြစ်လို့ ထမင်းပျော့မှာ၊ ဟင်းတွေ မလိုက်ဖက်မှာ မပူရ ဘူး။ ကိုယ် ကျွေးမွေးမယ့် ခန့်မှန်း လူဦးရေ ပြောလိုက်ရုံနဲ့ ပရော် ဖက်ရှင်နယ် အိုးသူကြီးတွေပီပီ တွက်ချက်ပေးလိမ့်မယ်။ မလောက်မငဖြစ်မှာ ပူစရာမလိုသလို ပိုလျှံနေလို့ အဟောသိကံ ဖြစ်မှာလည်း စိုးရိမ်ကြောင့်ကြစရာ မလိုဘူး။ မြန်မာဆန်ဆန် ဝက်သားအိုးကြီးနှပ်ချက်၊ ကုလားပဲဟင်း၊ သီးစုံချဉ်ရည်၊ ခရမ်း ချဉ်သီးငါးပိချက်၊ အတို့အမြှုပ်လေးနဲ့ မြိန်ရေရှက်ရေ ကျွေးချင် ရင်လည်း ရတယ်။ တရုတ်ထမင်းဟင်းနဲ့ ဧည့်ခံချင်သပဆိုလည်း အဆင့်မီလက်ရာ ထွက်စေရမယ်။ ဧည့်ခံမယ့်လူဦးရေနဲ့ ကျွေးမွေး မယ့် ဟင်းအမယ်ပေါ် မူတည်ပြီး ဈေးအနည်းအများ ကွာဟသွား မှာ ဖြစ်တယ်။ အခုဆို ရပ်ကွက်ထဲက အိုးသူကြီးတွေတောင် လက်ရည်မသွေးရတာ ကြာလေလှပေါ့။ ရပ်ကွက်ထဲက အိုးသူ ကြီးတွေကတော့ အလှူမင်္ဂလာပွဲတွေမှာ လိုက်လံ ချက်ပြုတ်ပေး ရလို့ ငွေစကြေးစ ပေးစရာ မလိုပေမယ့် တဘက်လေးဖြစ်စေ၊ ပုဆိုးလေးဖြစ်စေ မေတ္တာလက်ဆောင် ပေးကြရတယ်။

ရွာဘုံပစ္စည်းတွေထဲမှာ မကြာခဏ ဝယ်ရလေ့ရှိတဲ့ အသုံး အဆောင်တွေလည်း ရှိတယ်။ လျှပ်စစ်မီးချောင်းတွေ၊ ဖျာတွေ၊ လက်သုတ်ပဝါနဲ့ စားပွဲခင်းတွေက အသုံးပြုပါများရင် ပျက်စီးလေ့ ရှိတတ်တော့ ခဏခဏ ထူထောင်ကြရတယ်။ တစ်ခါဝယ်ပြီးရုံနဲ့ ရာသက်ပန် သုံးရတဲ့ ရွာဘုံပစ္စည်းတွေလည်း ရှိတယ်။ ဆွမ်းတော် အုပ်တို့၊ ကြေးစည်တို့လို ရွာဘုံပစ္စည်းတွေကျတော့ တစ်ခါ ဝယ် လိုက်ရုံနဲ့ ရာသက်ပန်သုံးရုံပဲ။ ကြေးစည်ဆိုရင်လည်း ထုပါ နှက်ပါ များလို့ ကြေးစည်ပါးပြီး အသံမသာတော့ဘူးရယ်လို့မှ မရှိတာ။ ဥပုသ်နေ့တိုင်း ဆွမ်းအုပ်တို့၊ ကြေးစည်တို့ အသုံးပြုနေတာပဲ။ နာ ရေးရှိတော့လည်း ကြေးစည်ရိုက်ပြီး နာရေးချနေကြတာပဲ။ တစ် ခါ ထူထောင်ထားရင် ရာသက်ပန် သုံးနိုင်တဲ့ ရွာဘုံပစ္စည်းတွေပေါ့။

ရွာဘုံပစ္စည်းတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တွင် ကျယ်ခဲ့တယ်ဆိုတာ စုပေါင်းလုပ်ကိုင်တတ်တဲ့ ဓလေ့ကို ဖော် ဩန်းတာ ဖြစ်တယ်။ ရှားပါးပြတ်လပ်တဲ့ ခေတ်ကြီးကို ဖြတ်သန်း ခဲ့ရတော့ တစ်ဦးတစ်ယောက်တည်း ထူထောင်ဖို့ မလွယ်ကူလှ ဘူး။ ခေတ်စနစ်ရဲ့ ပြဋ္ဌာန်းချက်အရ အစုအဖွဲ့ပိုင် ဘုံပိုင် ထူထောင် ခဲ့ကြရတယ်။ ကံအားလျော်စွာပဲ နိုင်ငံက မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ ကာလအတန်ကြာ ချီတက်ခဲ့သလို  အတိုက် အခံတွေကလည်း ဘုံဝါဒကို ထူထောင်ချင်ခဲ့ကြတယ်။ ပြည်သူ တွေသည်ပင် မျှဝေခံစား၊ အကျိုးတူ၊ အေးအတူ ပူအမျှ စတဲ့ စကားလုံးတွေကို သည်းခြေကြိုက် ဖြစ်ခဲ့ကြတယ်။ စကားစပ်လို့  ပြောရရင် ကလေးတွေရဲ့ ကစားဝိုင်းမှာသည်ပင် ကျန်ရှိပစ္စည်းကို  ညီတူညီမျှ ခွဲခြမ်းလို့ မရတော့တဲ့အခါ ကစားဖော်တွေ အားလုံး ပိုင်တဲ့ ဘုံပစ္စည်းအဖြစ် ထားခဲ့ကြရသေးတာကလား။ ရွာဘုံ ပစ္စည်း ထူထောင်တဲ့ ဓလေ့က ရွှေပြည်ကြီးမှာ အဓွန့်ရှည်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့လို နည်းပညာ ရှေ့တန်းရောက်လာတဲ့ ခေတ်မှာ တော့ ပက်ကေ့ချ်ယဉ်ကျေးမှု ထွန်းကားလာခဲ့ပြီး အစဉ်အလာ ကောင်း သယ်ပိုးခဲ့တဲ့ ရွာဘုံဓလေ့လည်း တဖြည်းဖြည်း မှိန်လျော့ လာခဲ့ရပြီ။ ကျွန်တော်တို့ လက်ခံချင်သည် ဖြစ်စေ၊ လက်မခံချင် သည် ဖြစ်စေ ခေတ်စနစ် လိုအပ်ချက်အရ ပက်ကေ့ချ်ယဉ်ကျေးမှု  ထွန်းကားလာတာ အမှန်ပဲ။

ရပ်ရွာဒေသအသီးသီးမှာ ရွာဘုံပစ္စည်းတွေ ကုံလုံကြွယ်ဝ စေချင်ပါတယ်။ ရွာဘုံပစ္စည်းတွေ တိုရေရှားရေ မဖြစ်စေချင်ဘူး။ အဆင်သင့်တဲ့အခါ ရပ်ရွာအတွက် အသုံးတည့်မယ် ထင်တာလေး တွေ လှူရတန်းရပါဦးမယ်။ မိတ်ဆွေတို့ဆီကလည်း ရွာဘုံပစ္စည်း တွေနဲ့ ရပ်ဓလေ့ ရွာဓလေ့အကြောင်း နာကြားချင်ပါသေးတယ်။ အခါအခွင့်သင့်တဲ့ တစ်နေ့ သစ်ရိပ်ဝါးရိပ်လေးအောက် အေးအေး လူလူ ထိုင်ရင်း လက်ဖက်လေးစား၊ ကွမ်းလေးဝါးရင်း စကား စမြည် ထွေရာလေးပါး ပြောကြသေးတာပေါ့။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - အမေ့ခံ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."