ရာစုနှစ်ချီ ကြာဦးမည်လော

သန်းစိုးနိုင်ရေးသည်

တအာန်းပလောင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက လစဉ် ထုတ်ဝေတဲ့ စာစောင်မှာ ‘မြန်မာပြည်တွင်းစစ် ရာစုနှစ်ထိအောင် ရှည်ကြာမှာလား’ ဆိုတဲ့ ခေါင်း စီးနဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်က ဆောင်းပါး တစ်စောင် ရေးခဲ့ပါတယ်။ ဒီဆောင်းပါးထဲမှာ ‘လူမျိုးပေါင်းစုံ နေထိုင်သည့် မြန်မာ နိုင်ငံတွင် လူမျိုးစုများ၏ နိုင်ငံရေး အခွင့်အရေး ဆိတ်သုဉ်းပျက်စီးနေခြင်း၊ တိုင်းရင်း သားအခွင့်အရေးကို လက်မခံ၊ အသိအမှတ်မပြုခြင်းများသည် ပြည်တွင်းစစ်ဖြစ်ပွား နေရခြင်း၏ အဓိက အရင်းခံပြဿနာဖြစ်သည်’ လို့ ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်က ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများအနေနဲ့ ¤င်း တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နိုင်ငံရေးအခွင့်အရေးကို ကျင့်သုံးခွင့်ရရှိမည်ဆိုပါက ဗြိတိသျှ ကိုလိုနီတွေ ဘယ်လိုသိမ်ဖျင်းတဲ့ သွေးခွဲအုပ်ချုပ်မှုမျိုး လုပ်ခဲ့ပါစေ၊ ဒီသွေးခွဲမှုဟာ အလုပ်ဖြစ်ခဲ့မှာ မဟုတ်သလို ပြည်တွင်းစစ်လည်း ဖြစ်မှာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ         တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးကို အတိအကျ အသိ အမှတ်ပြုကာ အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ ဗိုလ်မှူးချုပ် တာ့ဘုန်းကျော် က ရေးသားထောက်ပြခဲ့ပါတယ်။

၁၉၄၇
ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့တဲ့ ပင်လုံညီလာခံ ဆိုတာ ဗြိတိသျှကိုလိုနီအစိုးရက
တိုင်းရင်းသားတွေကို ဗမာတွေ နဲ့ ပူးတွဲပြီး လွတ်လပ်ရေး ရယူမလား၊ မယူဘူးလားဆိုတာ
ဆန္ဒ သဘောထားရယူတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဗိုလ်ချုပ်အောင်ဆန်းက
တိုင်းရင်းသားတွေကို ဗမာတွေနဲ့ နိုင်ငံရေးအခွင့်အရေး တန်းတူပေးမယ့်အပြင်
ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်ရရေးအတွက်ပါ အာမခံချက် ပေးခဲ့ပါတယ်။ ကိုယ့် ကြမ္မာ
ကိုယ်ဖန်တီးပိုင်ခွင့်ဆိုရာမှာတောင် အမြင့်မားဆုံး အခွင့် အရေးဖြစ်တဲ့
‘ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ပြု’ ဖို့အထိ ၁၉၄၇ အခြေခံဥပဒေမှာ ထည့်သွင်း
အသိအမှတ်ပြု ပြဋ္ဌာန်းစေခဲ့ပါ တယ်။ ဒါပေမဲ့ ပင်လုံစာချုပ် ချုပ်ဆိုပြီး ငါးလအကြာမှာ
ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံ
သတ်ဖြတ်ခံခဲ့ကြရပါတယ်။ နောက်တက်လာတဲ့ ဖဆပလအစိုးရ အဆက်ဆက်က ပင်လုံစာချုပ်မှာ
ကတိကဝတ်ပြုထားတဲ့ အမျိုး သားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး သဘော
ထားတွေကို လျစ်လျူရှု မျက်ကွယ်ပြုထားခဲ့ကြပါတယ်။ ဒါ ကြောင့်လည်း
‘ဗိုလ်ချုပ်အောင်ဆန်းရေ၊ ပင်လုံစာချုပ်ဟာ ခင်ဗျားနဲ့အတူ သေရွာပါသွားပြီလား’ ဆိုတဲ့
ရှမ်းသီချင်း ‘လိတ် ပန်လုံ’ ဟာ ရှမ်းလူထုကြားမှာ အကြီးအကျယ် ခေတ်စား လူ
ကြိုက်များခဲ့ပါတယ်။

ဒီကိစ္စနဲ့
ပတ်သက်ပြီး ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်ရဲ့  ဆောင်းပါးထဲမှာ ‘မြန်မာအစိုးရ
အဆက်ဆက်သည် တိုင်းရင်း သားလူမျိုး အခွင့်အရေးကို အနည်းငယ်သာ အသိအမှတ်ပြုချင် ပြီး
ဟန်ပြအသုံးချရုံလောက်သာ သဘောထားတာ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာကို
လက်ခံသလိုလိုနှင့် မှန်ကန်သည့် ပြဿနာဖြေရှင်းသည့် ဘက်မှ ပြတ်ပြတ်သားသား မရပ်တည်ရဲ
ကြ’ ဟု ဝေဖန်ထောက်ပြခဲ့ပါတယ်။ မြန်မာအစိုးရအဆက်ဆက် လို့ ဆိုရာမှာ ၁၉၄၈-၁၉၆၁ အထိ
ဖဆပလ အစိုးရ အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ နောက်ပိုင်းမှာတော့ အာဏာသိမ်း စစ်အစိုးရက
အုပ်ချုပ် ခဲ့တာပါ။ ဖဆပလအစိုးရ ဆိုတာကလည်း ဝန်ကြီးချုပ် ဦးနု တစ် ယောက်သာ
ဒီမိုကရက်ဖြစ်ပြီး ကျန်အများပိုင်းက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်တဲ့
ဆိုရှယ်လစ်တွေပါ။ ဒီ ဖဆ-ဆို ရှယ်လစ်တွေမှာ တိုင်းရင်းသားတွေကို
နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေးလိုတဲ့ သဘောထား မရှိရုံမက
မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ် ထူထောင်လိုတဲ့ ဆန္ဒ ပြင်း ပြကြသူတွေပါ။
ပိုဆိုးတာက ဒီ ဖဆ-ဆိုရှယ်လစ်တွေဟာ တပ် မတော်ခေါင်းဆောင်ပိုင်းအပေါ်
အတော်လွှမ်းမိုးသြဇာကြီးနေ ခြင်းပါပဲ။ ဒါကြောင့် ၁၉၆၂ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ဝန်ကြီး
ချုပ်ဦးနုက ဖက်ဒရယ်မူ ဆွေးနွေးဖို့ ပြည်ထောင်စုညီလာခံ ကျင်း ပနေချိန်မှာ
ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်တပ်ဆိုရှယ်လစ်အုပ် စုက အာဏာသိမ်းလိုက်ခြင်း
ဖြစ်ပါတယ်။ ဒီနောက်ပိုင်း နှစ် ပေါင်း ၅ဝ နီးပါးအထိ မြန်မာပြည်မှာ တန်းတူရေး၊
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် စတဲ့  တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ
စကားလုံးတွေကို ဗမာနိုင်ငံရေးသမားတွေတောင် မသုံးစွဲရဲ အောင် ဖြစ်ခဲ့ရပါတယ်။

ဆောင်းပါးမှာ
ဆက်လက်ပြီး ‘မြန်မာနိုင်ငံမှာ လွတ်လပ် ရေး ရပြီးကတည်းက အခုအချိန်အထိ
တိုင်းရင်းသားကိစ္စကို တကယ်ကိုင်တွယ်ဖြေရှင်းဝံ့သူ ဗမာခေါင်းဆောင်၊ ဗမာနိုင်ငံရေး
ပါတီ မရှိသေးပါ။ သူတို့ကိုယ်ကျိုးနဲ့ ပါတီအကျိုးအတွက်ပဲ တိုင်း ရင်းသားတွေကို
ခရီးသွားဟန်လွှဲ အသုံးချနေကြတာပဲ တွေ့ကြ ရမှာပါ။ တချို့သော တိုင်းရင်းသားအင်အားစု၊
ဒီမိုကရေစီ အင် အားစုတွေဟာ ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်တော့တဲ့အတွက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပုံအပ်လိုက်ကြရတယ်။ ဒီလို
ပုံအပ်မှုကြောင့် တိုင်းရင်းသားတွေ နဲ့ ဒီမိုကရေစီ အင်အားစုတွေအကြား အဓိက
ဆုံးရှုံးမှုဟာ တော် လှန်ရေး တိုက်ဖော်တိုက်ဖက် စိတ်ဓာတ် ဖြစ်တယ်’လို့ ဗိုလ်မှူး
ချုပ်တာ့ဘုန်းကျော်က မှတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင်              ‘ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
အမျိုးသားပြန်လည်သင့်မြတ် ရေးကို တပ်မတော်နဲ့သာ လုပ်ဆောင်ခဲ့ပြီး အခက်အခဲများ
အကြား နှစ်ကာလရှည်ကြာစွာ အတူရုန်းကန်ခဲ့ကြတဲ့ ဘဝတူ မဟာမိတ်
တိုင်းရင်းသားပါတီများအပေါ် လျစ်လျူရှု ခွဲခြားဆက် ဆံခဲ့တယ်’ လို့်လည်း
စွဲချက်တင်လိုက်ပါတယ်။

တိုင်းရင်းသားတွေရဲ့
အတွေ့အကြုံနဲ့ စဉ်းစားမှုအရ ပြော ကြမယ်ဆိုရင်တော့ ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်
ပြောတာ မမှား ပါဘူး။ လွတ်လပ်ရေးရယူခဲ့ကြတာ နှစ်ပေါင်း ၇ဝ ကျော်အတွင်း မှာ
တိုင်းရင်းသားအရေး တကယ်ကိုင်တွယ်ဖြေရှင်းဝံ့သူ ဗမာ ခေါင်းဆောင်၊ ဗမာနိုင်ငံရေးပါတီ
မရှိခဲ့သေးဘူးလို့ ဆိုရမှာပါပဲ။ ဒါကလည်း လွတ်လပ်ရေးခေတ် နှစ် ၇ဝ အတွင်းမှာ
ဒီမိုကရေစီ အစိုးရသက်တမ်းက ဆယ်စုနှစ်တစ်ခုနီးပါးသာ ရှိခဲ့ပြီး ကျန်တဲ့ နှစ်ပေါင်း
၅ဝ ကျော်က တစ်ပြည်လုံး အသွင်အမျိုးမျိုးသော အာဏာရှင်စနစ်အောက်မှာ
ကျရောက်နေခဲ့ရတာပါ။ ဒီမိုကရေ စီအစိုးရ သက်တမ်း ဆယ်စုနှစ်အတွင်းမှာလည်း
ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့ အစိုးရက ဖက်ဒရယ်ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကြိုးပမ်း
နေချိန်မှာ အာဏာသိမ်းခံလိုက်ရတာပါ။ တိုင်းပြည်ရဲ့ ကံကြမ္မာ လို့ ဆိုရမှာပါပဲ။

၂ဝ၁၅
ရွေးကောက်ပွဲမတိုင်မီအထိ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေအနေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ
ဖြစ်တဲ့အလျောက် တစ်ပြည်လုံးကို ကိုယ်စားပြုနိုင်တဲ့ NLD ပါတီကို ဝိုင်းဝန်း
ထောက်ခံခဲ့ကြလို့ ရွေးကောက်ပွဲမှာ NLD ပါတီ သောင်ပြိုကမ်း ပြို အနိုင်ရခဲ့ကြတာပါ။
တိုင်းရင်းသားလက်နက်ကိုင်တွေ အင် အားကောင်းတဲ့ ရှမ်းပြည်နယ်နဲ့
ကချင်ပြည်နယ်တွေမှာလည်း လက်နက်ကိုင်အင်အားစုတွေက ဒေသဆိုင်ရာ တိုင်းရင်းသား
နိုင်ငံရေးပါတီတွေကို အားမပေးဘဲ တစ်ပြည်လုံးမှာ NLD ပါတီ အနိုင်ရရေးအတွက်
ကိုယ့်စည်းရုံးနယ်မြေအတွင်းက လူထုတွေ ကို NLD ပါတီကို မဲပေးကြဖို့
စည်းရုံးလှုံ့ဆော်ပေးခဲ့ကြပါတယ်။  ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရလာတဲ့ NLD
ပါတီက တိုင်းဒေသ ကြီး အစိုးရအဖွဲ့တွေ ဖွဲ့စည်းရာမှာ ¤င်းတို့ကို တစ်လျှောက်လုံး
ထောက်ခံအားပေးလာတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ကျောခိုင်းပစ်ပယ်ပြီး
အာဏာအားလုံးကို NLD ပါတီကပဲ သိမ်း ကျုံးအပိုင်စီးခဲ့ကြပါတယ်။ ဒီတော့လည်း
ဗမာပါတီတွေဟာ သူ တို့ကိုယ်ကျိုး၊ သူတို့ပါတီ ကိုယ်ကျိုးအတွက် တိုင်းရင်းသား
နိုင်ငံ ရေးအင်အားစုတွေကို ခရီးသွားဟန်လွှဲ အသုံးချခဲ့ကြတာပဲဆိုတဲ့  စွပ်စွဲချက်ဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။
အကျိုးဆက်ကတော့ NLD ပါတီနဲ့ ¤င်းကို နိုင်ငံရေးအရ တစ်လျှောက်လုံး ထောက်ခံ
ရပ်တည်ခဲ့တဲ့ ှNLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ အားလုံးနဲ့
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအကြား ယုံကြည်မှုပြိုကွဲပြီး နိုင်ငံရေးအရ
ခွာပြဲသွားတဲ့ အနေအထားကို  ဆိုက်ရောက်သွားခဲ့ရပါတယ်။

ဒါကြောင့်လည်း
ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်က  ‘ဒေါ်အောင် ဆန်းစုကြည်အနေနဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးကို တပ်မ တော်နဲ့သာ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး
အခက်အခဲများကြား တွင် နှစ်ရှည်လများ အတူရုန်းကန်ခဲ့ကြသည့် ဘဝတူ မဟာမိတ်
တိုင်းရင်းသားပါတီများအပေါ် ခွဲခြားလျစ်လျူရှု ဆက်ဆံခဲ့သည်’လို့ ကောက်ချက်ချခဲ့တာ
ဖြစ်ပါလိမ့်မယ်။ ဒီနေ့ နိုင်ငံရေးအနေ အထားမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်
သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ချမှတ်အကောင်အထည်ဖော်တာ မူအရ မှန်ကန်ပါတယ်။ ဒါပေမဲ့
အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ်ဆိုတာ တပ်မတော်တစ်ခုတည်းနဲ့ လုပ်ရမှာ
မဟုတ်ပါဘူး။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်
အင်အားစုတွေနဲ့လည်း လုပ်ကြရမှာပါပဲ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား
ပြန်လည်သင့်မြတ်ရေး သဘောထားဟာ ယေဘုယျ ဦးတည်ချက် မှန်ကန်တယ်ဆိုပေ မယ့် သဘောထားနဲ့
လုပ်ဟန်နည်းနာတွေ မမှန်ကန်လို့ ဒီနေ့ အထိ အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။

လက်တွေ့ဖြစ်စဉ်အရ
ပြောကြမယ်ဆိုရင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ တပ်မတော်နဲ့
အမျိုးသားသင့်မြတ်ရေးလုပ်ငန်းစဉ်ဆို တာ မူပေါ်မှာ ရပ်ခံတည်ဆောက်နေတာ မဟုတ်ဘဲ
အလျှော့ပေး စေ့စပ်နေတဲ့ အမျိုးသားလိုက်လျောရေးလုပ်ငန်းစဉ်လို့ မြင်နေ ကြပါတယ်။ NLD
ပါတီအနေနဲ့ စေ့စပ်လိုက်လျောမှုတွေ လုပ်ပြ နေပေမယ့် တပ်မတော်ဘက်ကတော့ ၂ဝဝ၈
ဖွဲ့စည်းပုံကို မူအရ တစ်ရွေးသားမျှ အထိပါး မခံခဲ့ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ
         ဒေါ်အောင်ဆန်းစုကြည်ကို
သမ္မတလုပ်ခွင့် မပြုရုံမက ဖွဲ့စည်းပုံ ဘောင်ထဲက နိုင်ငံတော်အတိုင်ပင်ခံ
ခန့်အပ်ရေးကိုတောင် လွှတ် တော်ထဲရှိ တပ်မတော်သားကိုယ်စားလှယ်အားလုံးက တစ်ညီ တည်း
ထရပ် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ တပ်မတော်နဲ့
သင့်မြတ်ရေးဆိုတာကလည်း တပ်မ တော်က သစ္စာဖောက်ရန်သူလို့ သဘောထားသူတွေနဲ့ ထွေးလုံး
ရစ်ပတ် ဒွေးရောယှက်တင် ဖြစ်နေကြလို့ တပ်မတော်က ရန်သူ အားပေး တပည့်မွေးနေသလားလို့
သတိထား စောင့်ကြည့်ခံနေ ရပါတယ်။ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ခုတ်ရာတခြား ရှရာတလွဲ အလဲလဲအကွဲကွဲ ဖြစ်နေရပါတယ်။
တစ်ချိန်တည်းမှာ တပ်မတော် နဲ့သာ သင့်မြတ်ရေး ဦးစားပေးနေတဲ့အတွက် ဒီမိုကရေစီအင်အား
စုတွေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ လမ်းခွဲခွာပြဲရေးဆီကို ဦး တည်နေပါပြီ။

၂ဝဝ၈
ဖွဲ့စည်းပုံပြုပြင်ရေး ေြ<ွကးကြော်သံနဲ့ အာဏာရလာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
ဦးသိန်းစိန်အစိုးရက စတင်ခဲ့တဲ့ NCA စာချုပ်ကို လက်ခံပြီး
ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့တာ
သုံးကြိမ်ရှိပါပြီ။ ပထမအကြိမ် ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး
တက်ရောက်ခွင့် ရရှိခဲ့ပေမယ့်၊ အဖွင့်မိန့်ခွန်း ပြောခွင့်ရခဲ့ပေမယ့်
ဘာဆုံးဖြတ်ချက်မှ ချမှတ်နိုင်ခွင့် မရခဲ့ကြပါဘူး။ ဒုတိယပင်လုံ ညီလာခံမှာတော့ NCA
လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့
တက်ရောက်ဆွေးနွေးခွင့်ရခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက
တင်ပြလာတဲ့ အခြေခံမူ ၃၇ ချက်ကို ပြည်ထောင်စုစာချုပ်မှာ မှတ်တမ်းတင်ခွင့်
ရခဲ့ပါတယ်။ တတိယအဆင့် ပင်လုံညီလာခံမှာတော့ တပ်မတော် က အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ကို တားမြစ်ခဲ့တဲ့အတွက် အခြေခံမူ ၁၄ ချက်ကိုသာ
တင်သွင်းခွင့် ရ ခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ အဓိကဖြစ်တဲ့ နိုင်ငံရေးကဏ္ဍ
ဆွေးနွေးဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုက်ရိုက်
ပတ်သက်ခြင်းမရှိတဲ့ ကျား၊ မ တန်းတူရေး ဖြစ်ပါတယ်။ ဆိုလိုတာ
ပင်လုံငြိမ်းချမ်းရေးညီလာခံ သုံးကြိမ် ကျင်းပပြီး ပြည်ထောင်စု စာချုပ်မှာ မှတ်တမ်းတင်နိုင်တာ
ငါးချက်ရှိတယ်ဆိုပေမယ့် ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု
ထူထောင်ရေးဆိုင် ရာ အခြေခံမူတွေတော့ ဘာမှ မည်မည်ရရ မပါခဲ့ပါဘူး။ ဒုတိယ အကျော့
ပင်လုံညီလာခံမှာ ခွဲထွက်ခွင့်ပြဿနာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားကိုယ်စားလှယ်နဲ့
တပ်မတော်သားကိုယ်စားလှယ် တွေကြား အငြင်းပွားခဲ့ကြပြီး နောက်ညီလာခံမှာ ဆွေးနွေးဖို့
ရွှေ့ ဆိုင်းလိုက်ရပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ပြဿနာကို UPDJC မှာ
ဆွေးနွေးတော့လည်း မပြေလည်လို့ ဆိုင်းငံ့ထားခဲ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၉
အတွင်း ဖက်ဒရယ် အခြေခံမူတွေ အပြီးအပြတ် ဆွေးနွေးဖို့ လမ်းòန်ထားပေမယ့်
ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ ဒီအတောအတွင်း ညီလာခံ သုံးကြိမ် ကျင်းပရမယ်ဆိုပေမယ့်
ဖက်ဒရယ်အခြေခံမူတွေ ဆွေး နွေးဆုံးဖြတ်ပြီး ပင်လုံညီလာခံတွေ အကြိမ် ၃ဝ လောက် အနည်း
ဆုံး လိုပါလိမ့်မယ်။

အားလုံးလက်ခံနိုင်တဲ့
ဖက်ဒရယ်အခြေခံမူတွေ တည် ဆောက်နိုင်ဖို့ ဦးစွာအားဖြင့် ဒီနေ့အထိ တပ်မတော်နဲ့
အပြင်းထန် ဆုံး တိုက်ခိုက်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲထဲ
ဝင်ရောက်နိုင်ခွင့်ရဖို့ NCA စာချုပ်အပေါ် ဆွေးနွေးညှိနှိုင်းရဦး မှာပါ။ NCA
စာချုပ်ကို တစ်လုံးမှ လက်မခံရင် မဆွေးနွေးဘူးဆို တဲ့ သဘောထားတွေကို အသေကျကျ
ဆုပ်ကိုင်ရပ်ခံနေသရွေ့ တော့ ဗိုလ်မှူးချုပ်တာ့ဘုန်းကျော် ရေးခဲ့တဲ့
ဆောင်းပါးခေါင်းစီး လို ‘မြန်မာပြည် ပြည်တွင်းစစ် ရာစုနှစ်ကြာအောင် ရှည်ကြာမှာ
လား’ ဆိုတဲ့ အလားအလာဟာ အမှန်ဖြစ်လာနိုင်ခြေ ရှိပါ
       လိမ့်မယ်။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."