ရင်ခွဲသူ

ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

အဝါရောင် သံပန်းတံခါးကိုဖြတ်သန်းဝင်ရောက်လိုက်သည်နှင့် ဖြူလွှလွှအဆောက်အအုံတစ်ခုကို တွေ့ရသည်။ သူနှင့် ကပ်လျက်က အုတ်အနီတွေနှင့် တည်ဆောက်ထား သော ရှေးဟောင်းအဆောက် အအုံ တစ်လုံး။ ထိုနေရာတွင် လူတွေက ဝင်ချည်ထွက်ချည်။ အဆောက်အအုံ အပြင်ဘက်တွင်လည်း ဟိုနေရာစုစု၊ ဒီနေရာစုစု။

ဒီနေရာတွင် လူတန်းစားခွဲခြားမှုမရှိ။ ရာထူးရှိသူလည်း ပါမည်။ အာဏာရှိသူလည်းရှိမည်။ ငွေကြေးချမ်းသာသူ၊ ရုပ်ဆိုး ဆိုး၊ ရုပ်ချောချော အားလုံးကို ဒီနေရာတွင် တစ်တန်းတည်းထား သည်။ သူတို့ပိုင်ဆိုင်တာတွေ ထားခဲ့ရပြီ။ ချစ်ခင်သူတွေနဲ့ မုန်းသူ အားလုံးကိုလည်း ထားခဲ့ရပြီ။ ပဝါတစ်ထည်၊ သို့မဟုတ် စောင် တစ်ထည်ကို သူတို့ကိုယ်တွင်ပတ်ကာ သုသာန်၌ ဖုတ်ကြည်း သြင်္ဂိုဟ်ဖို့ ပို့ဆောင်ရတော့မည့်နေရာ။

သည်နေရာက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ရင်ခွဲရုံ ရေခဲ တိုက်ပင်ဖြစ်သည်။ ကျွန်တော်သည် ရင်ခွဲရုံက အလုပ်သမား တစ်ဦးအကြောင်း ဆောင်းပါးရေးရန် ရောက်နေခြင်းဖြစ်သည်။ အချိန်က နေ့လယ်နှစ်နာရီကျော်ကျော်။

ရင်ခွဲရုံမှ ဝန်ထမ်းများလည်း လှုပ်လှုပ်ရှားရှားနှင့် အလုပ် များနေကြသည်ကို တွေ့ရသည်။ ရေခဲတိုက်ထဲမှ သက်မဲ့ ရုပ်ခန္ဓာ များကို ကျန်ရစ်သူမိသားစုဝင်များမှ ကားနှင့် လာရောက် ထုတ် ယူနေကြသည်ကိုလည်းတွေ့ရ၏။ ထိုစဉ် ကျွန်တော် တွေ့ဆုံရမည့် သူက ရင်ခွဲရုံထဲမှ ထွက်လာသည်။ သူက အလုပ်များနေသဖြင့် ခေတ္တစောင့်ပေးဖို့ လာပြောသည်။ နာရီဝက်ခန့်ကြာတော့ သူနှင့် တွေ့ ခွင့်ရသည်။

တီရှပ်အနီရောင်နှင့် ကာကီရောင်ဘောင်းဘီတိုကို ဝတ် ဆင်ထားသည့် အသက် ၃၉ နှစ်အရွယ် သူ့ပုံစံက ခပ်ပြည့်ပြည့်။ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာကိုးကွယ်သူတစ်ဦးဖြစ်သည်။ သူ့ အသားအရောင်က မီးခိုးရောင်ရင့်ရင့်နှင့် စကားကို ဖြည်းညင်းစွာ ပြောတတ်သည်။ သူက ဒီရင်ခွဲရုံမှာ အလုပ်လုပ်ကိုင်လာတာ ၁၇ နှစ်ရှိပြီ ဖြစ်သည်။ သူ့နာမည်ကိုတော့ ဆောင်းပါးထဲ ထည့်မရေး ရန် သူက တောင်းဆိုသည်။

အကြောင်းကတော့ ဒီအလုပ်လုပ်ကိုင်ခြင်းကို သူ့အိမ်သူ ကလည်း မကြိုက်တော့။ အရွယ်ရောက်နေသော သားသမီးတွေ ကလည်း သူတို့အဖေကို အလုပ်ပြောင်းစေချင်နေကြပြီ။ ထို့ အတွက် သူ့ပုံနှင့် သူ့နာမည်ကို အသုံးမပြုဖို့ ကျွန်တော့်ကို တောင်းဆိုပါသည်။ ထို့ကြောင့် သူ့နာမည်ကို ကျွန်တော်က အမည်လွှဲ ကိုကျော်ဟုသာ သုံးပါမည်။

သူ့အလုပ်က သေဆုံးပြီးလူများကို ရင်ခွဲပေးရသည့် အလုပ် ဖြစ်သည်။ ဒီလဆိုလျှင် သူ အလုပ်တော်တော်များသည်။ တစ်လ မပြည့်တတ်ခင် သေဆုံးသူ ၅ဝဝ ကျော်ရှိနေပြီဟုဆိုသည်။ ပုံမှန် ဆိုလျှင် တစ်နေ့ဆယ်ဦးခန့် ရင်ခွဲရုံသို့ရောက်လာတတ်သော် လည်း ယခုမူ တစ်နေ့လျှင် ၂ဝ ကျော်ခန့် ရောက်လာကြသည်ဟု သူက ဆိုပါသည်။ ယာဉ်တိုက်မှုများကြောင့် ရောက်လာသည်က ပိုများကြောင်း သူက ရှင်းပြသည်။ ဆေးရုံကြီးတွင် သေဆုံးသူများ ကို ရေခဲတိုက်တွင် ထားကာ သေစာရင်း ပြုလုပ်ရသည်။

”ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘယ်လောက်ကြီးပဲ ချောနေ ချောနေ လှနေ လှနေ ဒီလမ်းပဲ သွားရမှာပဲ”ဟု သံဝေဂ ရနေသည့် လေသံဖြင့် ကိုကျော်ကဆိုသည်။

ရောက်လာသည့် သူတိုင်းကိုတော့ ရင်ခွဲရသည်မဟုတ်။ ဆရာဝန်ဆုံးဖြတ်ချက်နှင့် ရောဂါရှာဖွေခြင်း၊ မှုခင်းနှင့်ပတ်သက် သော ခန္ဓာကိုယ်များကိုသာ ခွဲရခြင်းဖြစ်သည်။ သူဆိုရင် ခွဲခဲ့ရ သည့် ခန္ဓာကိုယ်ပေါင်း တစ်နေ့တစ်ယောက်ပဲတွက် ၁၇ နှစ်နဲ့ဆို လျှင် ခြောက်ထောင်အထက် ရှိနေပြီဟု သူက ဆိုသည်။

ရင်ခွဲချင်သည့် ဝါသနာ

သူက ဒီအလုပ်ကို ဝါသနာပါ၍ လုပ်ခဲ့တာဟုဆိုသည်။ ဒီ အလုပ်က သူ့အဘိုးလက်ထက်ကနေ အစဉ်အဆက် လုပ်ကိုင် လာခဲ့တာ ဖြစ်သည်။ နီးစပ်ရာ ဝါသနာပါခဲ့သည်ဟု ဆိုရမလိုပင်။ ကိုကျော်က ငယ်စဉ်ကတည်းက သူ့ဖခင်နှင့် ဒီရင်ခွဲရုံသို့ လိုက် လာကာ မုန့်ဖိုးတောင်းလိုက်၊ ဆော့ကစားလိုက်နှင့် ရင်ခွဲရုံ အလုပ်သမားများကို ကြည့်ရင်း ဒီအလုပ်ကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။

အစကတော့ ဖခင်ဖြစ်သူက ကျောင်းမတက်ဘဲ အလုပ်ထဲ လိုက်လာသည့်သူ့ကို ဆူပူကြိမ်းမောင်းသည်။ ရိုက်တန်ရိုက် သည်။ ကြာတော့လည်း ကိုကျော့်ကို ပြောမရသောအခါ လွှတ် ထားလိုက်ရသည်။ ဖခင်ဖြစ်သူကတော့ သူ့ကို ပညာဆုံးခန်းတိုင် စေချင်သည်။ သူကတော့ ကျောင်းစာကို စိတ်မဝင်စား။  ကျောင်း ဖွင့်ရက်တွေဆိုလျှင် ကျောင်းမသွားဘဲ အဖေဖြစ်သူနှင့် လိုက်လာ ခဲ့သည်။ တစ်ခါတော့ ဖခင်ဖြစ်သူ အလောင်းခွဲတာကို ချောင်း ကြည့်မိသဖြင့် အဆူခံရသေးသည်။

ပထမဆုံးအကြိမ် ချောင်းကြည့်မိသည့်အခေါက်က”အမှတ်မထင်လှမ်းကြည့်မိလိုက်တော့ လန့်သွားတာ”ဟု ပြန် ပြောပြသည်။ သူ့အဖေက ကြောက်တတ်သည်ကို မကြိုက်။

”အဖေက ပြောတယ် ဘာမှ မဖြစ်တော့ဘူးတဲ့။ သူတို့က အသက် မရှိတော့ဘူးတဲ့။ သူလည်း လူပဲတဲ့”

ဒါကသူ့ဘဝမှာ အလောင်းတွေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ထိတ်လန့်ခဲ့ရတာဖြစ်သည်။ နောက်ပိုင်း သူလည်း မကြောက် တော့။ ထိုသို့နေလာရင်း ကျောင်းမနေချင်တော့သဖြင့် ခုနစ်တန်း နှစ်တွင် ကျောင်းက ထွက်လိုက်သည်။ ပြီးနောက် ရင်ခွဲရုံတွင် အဖေနဲ့ အတူလိုက်ကာ အလောင်းတွေကို ရေချိုး သယ်ပိုးပေးရ သည့် အလုပ်တွေကို ကူညီလုပ်ကိုင်ပေးသည်။ အသက်မပြည့် သေးသဖြင့် ဝန်ထမ်းတော့ မဖြစ်သေး။

ထို့အတွက် လုပ်အားခလည်း မရ။   ရင်ခွဲရုံမှ ဝန်ထမ်းများက ချစ်လို့ခင်လို့ မုန့်ဖိုးပေးကြတာတော့ ရသည်။ သူကတော့ လုပ် ချင်သည့် အလုပ်ကို လုပ်ရ၍ ပျော်နေ၏။ မွေးချင်းမောင်နှမ ကိုး ယောက်ရှိသည့်အထဲတွင် သူက ဒုတိယ။ အဖေအလုပ်ကို ဆက်ခံ သည်ကလည်း သူတစ်ယောက်သာ။

ထိုသို့နေလာရင်း အသက် ၂၂ နှစ် အရွယ်တွင် ဆေးရုံကြီး ဝန်ထမ်းဖြစ်ခဲ့သည်။ ဖြစ်ခါစတစ်နှစ်လောက်အထိ သန့်ရှင်းရေး ဝန်ထမ်းလုပ်ခဲ့ရသည်။ ပြီးတော့ ရင်ခွဲရုံမှာ လူလိုနေသည်နှင့် အတွေ့အကြုံလည်း ရှိသည့် သူ့ကို ဒီဌာနသို့ ပို့ခဲ့သည်။ သူ့ရာထူး က အထွေထွေလုပ်သားဖြစ်၏။

ထိုအချိန်တွင် အိမ်ထောင်လည်း ကျသည်။ သူ့အမျိုးသမီး ကလည်း ရင်ခွဲရုံမှ ဝန်ထမ်းတစ်ဦး၏ သမီးဖြစ်သည်။ ဆိုရလျှင် ယောက္ခမဖြစ်သူကလည်း ရင်ခွဲသည့်အလုပ်လုပ်ကိုင်သူပင်။

ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

 

 ရင်ခွဲ အလုပ်သင်

ရင်ခွဲရုံရောက်ရောက်ချင်းကတော့ အလောင်းတွေ မခွဲရ သေး။ သူ့အဖေနှင့် ဆရာများကို ကူညီလုပ်ကိုင်ပေးရင်း မည်သို့ မည်ပုံခွဲရမည်ကို လေ့လာသင်ကြားရသည်။ တစ်နှစ်ခန့်ကြာ သောအခါမှ သူ စတင်ခွဲရ၏။ သူ့အဖေနှင့်အတူလည်း ခွဲရသည်။

အဖေဖြစ်သူက အလောင်းခွဲသည့်အခါ ကိုယ့်မိသားစုဝင် တစ်ဦးလို စေတနာထားလုပ်ကိုင်ပေးဖို့လည်း သင်ပေးသည်။ နာ ရေးရှင်တွေနှင့် ဆက်ဆံရသည့်အခါ ပြေပြေလည်လည်ဆက်ဆံဖို့ လည်း သင်ကြားပေးခဲ့သည်။

သူခွဲစိတ်ပေးရသည့် လူတွေကတော့ အစုံ။ မှတ်မှတ်ရရ သူသိသည်က အဆိုတော်စိုင်းထီးဆိုင်။ သူက စိုင်းထီးဆိုင် သီချင်း များ နားထောင်သောကြောင့်ဖြစ်သည်။ သူ့ကိုတော့ မခွဲလိုက်ရ။ ရေချိုးသန့်စင်ပေးလိုက်ရသည်။ အခြား မင်းသား၊ မင်းသမီးနှင့် နာမည်ကြီးသူများရော ခွဲစိတ်ဖူးလားဟု သူ့ကို မေးကြည့်တော့ သူက ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်လေ့မရှိသည့်အတွက် မသိဟုဆိုသည်။

အလောင်းတွေ ခွဲစိတ်ရသည်မှာလည်း လွယ်ကူသည့် အလုပ်တော့ မဟုတ်။ အနံ့တွေလည်း ခံနိုင်မှ ရသည်။ စစခွဲခြင်း ကတော့ ညှီစို့စို့အနံ့တွေနှင့် မယဉ်ပါးသေး။ လူသေကို ခွဲသည့် အနံ့က ငါးစိမ်းညှီနံ့လိုလို နံသည်ဟု သူက နှိုင်းယှဉ်ပြသည်။ ကြာ တော့လည်း နှာခေါင်းယဉ်သွားကာ အနံ့မရတော့ဟု သူက ဆိုသည်။

အလောင်းတစ်လောင်း ခွဲစိတ်ရတော့မည် ဆိုပါက ပထမ ဦးဆုံး ရေချိုးသန့်စင်ပေးရသည်။ ပြီးတော့ ဒဏ်ရာများ ရှိ၊ မရှိ ဆရာဝန်များက စစ်ဆေးသည်။ စစ်ဆေးပြီးသည်နှင့် စခွဲရ တော့မည်။ မခွဲခင်တော့ လုပ်နေကျ အလုပ်တစ်ခုရှိသည်။ ခွဲစိတ် မည့်သူကို ကြိုတင်တောင်းပန်ရခြင်းဖြစ်သည်။

မခွဲစိတ်ခင် ကိုင်တာတွယ်တာကြမ်းတာမျိုး မှားတာရှိရင် ခွင့်လွှတ်ဖို့ အရင်စပြီး တောင်းပန်ရသည်ဟု သူက ပြောပြသည်။

ခွဲမည့်သူ အသက်အရွယ်အလိုက် ဦးလေးတန် ဦးလေး၊ အဘိုးတန် အဘိုး ခေါ်ကာ ပြောဆိုရသည်။ ပြီးနောက် မေးစေ့ အောက်ကနေ ဆီးစပ်အထိ ခွဲသည်။ ဦးခေါင်းခွံလှန်သည်။ ဆရာ ဝန်စစ်ဆေးပြီးလျှင်တော့ ပြန်ချုပ်ကာ နာရေးရှင်များ သယ်ယူ သွား၍ရပြီ။

အလောင်းတစ်လောင်းခွဲချိန်က ”ရင်ဖွင့်၊ ခေါင်းဖွင့်ဆိုရင် ကျွန်တော့်အနေနဲ့ မိနစ်နှစ်ဆယ်ပဲ ကြာတယ်”ဟု သူက ဆိုသည်။

မျက်ရည်ကျရပြီ

နေ့စဉ် ခွဲစိတ်နေရသူသူ့အတွက်တော့ လူသေသည်ကို ထူး ထူးထွေထွေတော့ မခံစားရ။ လူတိုင်းသွားရမည့်လမ်း သွားနေ ကြသည်သာ သဘောပိုက်ထား၏။ သူ့ခံယူချက်ကတော့ သေဆုံး လျှင် မငိုဖို့နှင့် သေသူနောက်ဆုံးခရီးတွင် လုပ်သင့်လုပ်ထိုက်တာ တွေကို ဆောင်ရွက်ဖို့သာ အမြဲ နှလုံးသွင်းထားခဲ့သည်။ သို့ပေမဲ့ သူ မျက်ရည်ကျရသည်လည်း ရှိခဲ့သည်။

အဖေဖြစ်သူ ဆုံးပါးသွားပြီး သူကိုယ်တိုင် ကိုင်တွယ်စဉ်က ပင် ဖြစ်သည်။ သူ့အဖေက အသက် ၆၅ နှစ်အရွယ်တွင် ဆုံးသည်။ ခွဲတော့ မခွဲရပါ။ ရေမိုးချိုးသန့်စင်ပေးရသည်။ အဖေဖြစ်သူကို ကိုင်တွယ်ရသည့်အခါ ဘယ်လိုပင် စိတ်က တင်းထားပေမယ့်  သူ ပြောဆိုခဲ့သည်များ ဆုံးမခဲ့သည်များကို ကြားယောင်လာရင်း      မျက်ရည်များ အလိုလိုကျလာခဲ့ကြောင်း  ပြန်ပြောပြသည်။

”စိတ်ထဲမှာ တော်တော်ဝမ်းနည်းတယ်။ သူသွန်သင်ဆုံးမခဲ့ တဲ့အတိုင်းပဲ သူ့ကို စေတနာနဲ့ ဆောင်ရွက်ပေးတယ်”

ပြောပြသည့် သူ့လေသံက ခပ်တိုးတိုး။ ကျွန်တော် သူ့ကို မေးသည့်နေရာက ရေခဲတိုက်နှင့် မျက်နှာချင်းဆိုင် သက်ပျောက် ဆွမ်း တရားနာသည့် သံဃာစင်တွင် ဖြစ်သည်။  အင်တာဗျူးနေ ရင်း အလောင်းတွေ လာထုတ်ယူသွားကြသည်ကိုလည်း တွေ့နေ ရသည်။

ထပ်ပြီး သူစိတ်မကောင်းဖြစ်ရသည့် ခွဲစိတ်မှုမျိုး ရှိသေး၏။ မွေးခါစ ကလေးငယ်တွေကို ခွဲရသည့် အခါမျိုးတွင် ဖြစ်သည်။ မွေးပြီးခါစ စွန့်ပစ်ခံရသည့် ကလေးငယ်များ ရောက်လာတတ် သည်။ ထိုအခါ  အတွင်းဒဏ်ရာ၊ အပြင်ဒဏ်ရာများကို စစ်ဆေး  ရသည်။

ထိုအခါမျိုးတွင် ဆရာတွေ ခွဲဖို့မပြောမချင်း ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတတ်သည်။ သားသမီးချင်း ကိုယ်ချင်းစာကာ နူးညံ့လှသော သူတို့ခန္ဓာကိုယ်ကို မထိရက်မကိုင်ရက်။ ခွဲစိတ်ဖို့ လက်နက်တွေနှင့်လည်း သူတို့ကိုယ်ပေါ် မတင်ရက်။

”အန်မတန်နူးညံ့တဲ့ ဂွမ်းလိုပုံစံမျိုးကလေးတွေကို  ကျွန် တော် ကိုင်တွယ်ပြီး ခွဲရတာစိတ်မပါဘူး။ စိတ်လည်း မကောင်း ဘူး”ဟု ဆိုပါသည်။

ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

 

ရေပွက်ပမာ ဘဝတာ

လူတွေလည်း သေနေကြသည်မှာ တဖြုတ်ဖြုတ်။ ယခု      နောက်ပိုင်း သေသည့်သူ ပိုများလာသည်ဟုဆိုသည်။ မနက်ခင်း အလုပ်စဝင်ပြီဆိုလျှင် ရေခဲတိုက်ရှေ့တွင် လူတွေ တရုံးရုံး။

နယ်ဝေးမှ ဆေးရုံလာတက်သူများ ဆုံးပါးခဲ့လျှင် ကျန်ရစ် သူ မိသားစုများလည်း ဆေးရုံစောင့်ရသဖြင့် ပင်ပန်းနေကြပြီ။ သံဃာစင်တွင် ဖျာများခင်းကာ တရေးတမောအိပ်နေကြသည် ကို တွေ့နေရ၏။

မြန်မာစကားပုံတွင် မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတာ ရှိသည်။ ကျောင်းဆယ်ခေါက်သွားခြင်းသည် မသာတစ် ခေါက်လိုက်ပို့သည်နှင့် သံဝေဂ အတူတူရသည်ဟူသော အဓိပ္ပာယ် ပင်။ သူ့အတွက်ကတော့ မသာအခေါက်ပေါင်းက ထောင်ချီလေ ပြီ။ နိစ္စဓူဝ လူသေများနှင့် ဆုံတွေ့ရသည့်အခါ ”ပြန်သာ မပြော တတ်တာ။ သံဝေဂတော့ ရနေပြီ”ဟု သူက တဟားဟားရယ်ရင်း ဆိုပါသည်။

ထို့ကြောင့်လည်း သူက မသေခင်ဘဝမှာ လောဘတကြီး စီးပွားရှာဖို့ စိတ်ကူးမရှိတော့။

”သူဌေးဖြစ်ချင်တာ မရှိဘူး၊ ဘာမှ မပါတာဗျာ။ ဘာသွား လုပ်ရမလဲ။ ကောင်းကောင်းစားမယ်။ ကောင်းကောင်းဝတ်မယ်။ သားသမီးတွေကို ပညာဂိတ်ဆုံးရောက်အောင် သင်ပေးမယ်”ဟု သူဖြစ်ချင်သည့် ဘဝကို ပွင့်ပွင့်လင်းလင်းဆိုသည်။

လူတွေအပေါ်  သူ့အမြင်ကလည်း တစ်မျိုး။ သေသူကတော့ လှုပ်ရှားမှု မရှိသည့် အရုပ်ရှင်နေသည့် သူကတော့ ”သူလည်း အရုပ်တစ်ရုပ်လိုပဲ။ လှုပ်ရှားနေတဲ့ အရုပ်ပေါ့” ဟု ဆိုသည်။

လက်ရှိ သူ လုပ်ကိုင်နေရသည့်အလုပ်ကို သူက ပျော်သည်။ လူတွေရဲ့ နောက်ဆုံးခရီးကို ကူညီပေးရသည်ဟု သူက သဘော ထားသည်။ ထို့အတွက်လည်း ကုသိုလ်ရပြီး သူသေလွန်သည့်အခါ ”ကျွန်တော့်နောက်မှာ ဒီကုသိုလ်ပဲ ပါမှာ”ဟု သူခံယူထားပုံကို ပြောပြသည်။

 ရင်ခွဲရုံနှင့် လမ်းခွဲမည်

သို့သော် ဒီအလုပ်ကနေ သူနားဖို့ စိတ်ကူးနေပြီ။ တခြား ဌာနပြောင်းဖို့လည်း သူ စဉ်းစားနေ၏။ မိန်းမဖြစ်သူကလည်း တွန်းအားပေးသည်။ အဓိကကတော့ သားသမီးတွေကြောင့် ဖြစ် သည်။ သားသမီးတွေ ပညာဘယ်လောက်တတ်မည်  ဘယ် လောက်လူဝင်ဆံ့မည်ကို သူမသိသေး။

ကလေးတွေ ကြီးလာရင် အဖေဖြစ်သူအလုပ်ကြောင့် စိတ် စနိုးစနောင့် မဖြစ်စေချင်။ ထို့အတွက်လည်း သူက ဌာနပြောင်း ချင်ရခြင်းဖြစ်သည်။ သူစိုးရိမ်တာ နောက်တစ်ခုရှိသေးသည်။ ခုနစ်တန်းတက်နေသည့် သူ့သားအကြီးဆုံး သူ့အလုပ်ကို စိတ် ဝင်စားသွားမှာကို ဖြစ်သည်။ သူ့တုန်းကလည်း အဖေဖြစ်သူ စကားနားမထောင်ခဲ့ဘဲ ဇွတ်တရွတ် ဝင်လုပ်ခဲ့တာ ဖြစ်သည်။

အကယ်၍များ သားဖြစ်သူ စိတ်ဝင်စားခဲ့လျှင် ပေးလုပ်မည် လားဟု သူ့ကို မေးကြည့်သည့်အခါ ”ကျွန်တော်ကတော့ တား မယ်”ဟု ခပ်ပြတ်ပြတ်ဆိုသည်။

သူ စိတ်ဝင်စားမည်စိုးသောကြောင့်လည်း ”သူ့ကို အလောင်းတွေ ရှိနေတဲ့အချိန်မှာ ဒီကို အလာမခံဘူး”ဟု သား သမီး သုံးယောက်ဖခင်ဖြစ်သည့် သူက ပြောသည်။

လက်ရှိတွင် ကိုကျော်တို့မိသားစုသည် ဒလမြို့နယ် ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်လျက်ရှိသည်။ မိသားစု စားဝတ် နေရေးကတော့ ဇနီးလည်း အလုပ်ရှိသည့်အတွက် အဆင်ပြေသည်ဟု ဆိုပါသည်။

သေခြင်းတရားကို နေ့စဉ် တွေ့မြင်နေရသည့်အတွက် သူ့ ကို သေရမှာ ကြောက်သလားဟု မေးကြည့်သည်။ သူက သေရ မည်ကို မထိတ်လန့်တော့ဟု ဆိုပါသည်။

သူ့ထက်ငယ်သူများရော ကြီးသူများပါ သွားနှင့်နေကြပြီ။ သူ့အလှည့်ကျရင်လည်း ”လူတိုင်းသွားတာ ဒီလမ်းပဲလေ။ ကျွန် တော့် အလှည့်ရောက်ရင် ကျွန်တော် ပျော်ပျော်ပါးပါး သွားရ မယ်”ဟု အရွှန်းဖောက်လေသည်။    ။

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄) မှ ပုံရိပ်လွှာ ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."