Home စာအုပ်အညွှန်း နှစ်အုပ်ရွာက ကဗျာ

နှစ်အုပ်ရွာက ကဗျာ

330
0
Advertise Here

(၁)
စာပေအမှောင်ခေတ်တစ်ခေတ်ကို ကြုံတွေ့ ခဲ့ကြ၊
ဖြတ်သန်းခဲ့ကြရပြီးပြီ။
စာပေစိစစ်ရေး ဆိုတာကြီးကို အော့နှလုံးနာလွန်းလို့
ပြန်ပြောရမှာကို
ရင်ကွဲနာကျမတတ်
ခံစားကြရသူတွေ တစ်ပုံကြီးပေါ့။
ကျဆုံးခဲ့ရတဲ့ အနုပညာတွေ၊
စိတ်နှလုံး ချုံးချုံးကျခဲ့ကြတဲ့
အနုပညာရှင်တွေ အများကြီးမှ အများကြီးပါပဲ။
စာပေတစ်ခေတ်
ညစ်နွမ်းခဲ့တဲ့ ကာလ။
ရုပ်ပျက်ဆင်းပျက်
မမြင်ရက်လောက်အောင် ပက်စက်ခဲ့တဲ့ကာလ။

mk_20161207_two_village

ဘာဆိုဘာမှ မသိမတတ် နားမလည်။ ငါနဲ့မတူ ငါ့ရန်သူ။ အရိပ် မြင်သမျှ ရန်သူထင်နေသူတွေ ကြီးစိုးခဲ့တဲ့ကာလ။ စာပေလောက သားတွေ၊ အနုပညာလောကသားတွေ နားရွက်တောင် မခတ်ရဲ တဲ့ဘဝ။ တစ်သွေးတစ်သံတစ်မိန့်နဲ့ စာပေလွတ်လပ်ခွင့်ကို နင်း ချေခဲ့။ အနုပညာမြောက်တဲ့ အဖွဲ့အနွဲ့ အခင်းအကျင်းတွေကို ချေ မှုန်းခဲ့။ အနုပညာရှင်တွေကို အလုံးစုံပိတ်ပင်တားဆီး ကန့်သတ် သုတ်သင်ခဲ့။ ထက်မြက်ထူးချွန် ပြည်သူ့အကျိုး လိုလားသူ၊ ပြည် သူ့ဘက်က ရပ်တည်သူတွေကို ပြည်တွင်းမှာ နေလို့မရလောက် အောင် ပြဿ      နာရှာခဲ့။

Advertise Here

ပုံနှိပ်ချုပ်လုပ်ပြီးသား စာအုပ်ထဲက စာတွေကို ဆုတ်ဖြဲပစ် ရတယ်။ ငွေမင်တွေနဲ့ သုတ်ခိုင်းတယ်။ အကောင်းကို အဆိုးဖြစ် အောင် ပိတ်ရဆို့ရ ဖျက်ရတယ်။ အားလုံးကို သံသယအမြင်နဲ့ပဲ အကြည့်ခံရတယ်။ စစ်ဆေးခံရတယ်။ စာပေလောကသားတွေ၊ စာပေပညာရှင်တွေ၊ စာပေအနုပညာသမားတွေကို စပါယ်ရှယ် နှိပ်ကွပ်တယ်။ အငြှိုးအတေးထားတယ်။ ကမ္ဘာရန်အဖြစ် သတ် မှတ်တယ်။ ဘာပွင့်လင်းမြင်သာမှုမှ မရှိဘူး။ ရုံးလုပ်ငန်းသဘာဝ ကို အခြေခံပြီး ညစ်လို့ရတာ အကုန်ညစ်တယ်။ ရက်စက်မှု အပေါင်း သရဖူဆောင်းထားတာကြောင့် ‘စာပေစိစစ်ရေး’ကို  ‘စာပေကင်ပေတိုင်’လို့ ကင်ပွန်းတပ်ကြတယ်။

အပတ်စဉ်ထုတ် ဂျာနယ်တွေကို အသေရစ်တယ်။ အချိန်နဲ့ အလုပ်လုပ်ကြရတဲ့သူတွေဆိုတော့ အချိန်နဲ့ တစ်ပြေးညီဖြစ်ဖို့ အတွက် အရာရာကို အလျှော့ပေးကြတဲ့အတွက် ညစ်ချင်တိုင်း ညစ်တာ ခံရတယ်။ ရစ်ချင်တိုင်းရစ်တာ ခံခဲ့ကြရတယ်။ ပေါ်လစီ ဆောင်းပါးတွေကို အတင်းအဓမ္မ ထည့်ခိုင်းတယ်။ ကိုယ်ထည့် သွင်းဖော်ပြချင်တာတွေကို ဖြုတ်ခိုင်း၊ ပယ်ခိုင်းပြီး ကိုယ်လုံးဝ မထည့်ချင်တဲ့ ချဉ်ဖတ်စာရေးဆရာရဲ့ ဗရုတ်သုက္ခဆောင်းပါးတွေ ကို ထည့်ရတယ်။ ဘယ်လောက်များ ဒုက္ခကြီးလိုက်သလဲလို့။

စာအုပ်ထုတ်ဝေခွင့်၊ ဂျာနယ်ထုတ်ဝေခွင့် ဆိုတာတွေကို လုံးဝ ထိန်းချုပ်ထားတယ်။ ဘာတစ်ခုမှ လွယ်လင့်တကူ ထုတ်လို့ မရဘူး။ ခါတော်မီ ထုတ်လို့မရဘူး။ စာပေဂျာနယ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံကို ကာဗာတင်တာ ဖြုတ်ခိုင်းတယ်။ ခွင့် မပြုဘူး။ ဘယ်လောက်များ အသည်းနာစရာကောင်းပြီး ရိုင်းပျ လိုက်သလဲဆိုတာ။ ညစ်ချက်က ကမ်းကုန်။ အရစ်က ရှည်လွန်းလို့ ဂျပန်ဝက်အူလို့ခေါ်တယ်။ ရုပ်ပုံကို ခွင့်ပြုပေမယ့် ကြီးတယ်၊ သေး တယ်လို့ ရစ်တယ်။ ဒီပုံကို မျက်နှာဖုံးတင်ခွင့် မပေးဘူး။ အတွင်း မှာပဲ ထည့်ရမယ်ဆိုတာမျိုးတွေကလည်း ပါလိုက်သေး။

အဲဒီလို စာပေအမှောင်ခေတ်ကြီး၊ ခေတ်ဆိုးခေတ်ကျပ်ကြီး ကို လွန်မြောက်သွားတဲ့အခါ (ဘယ်ဟာမှ အမြဲမရှိဘူးဆိုတာ ကွက်တိပဲလေ) ပျော်တာပေါ့။ ဂျာနယ်တွေ ဝေါခနဲထွက်လာ တယ်။ သတင်းစာတွေ ဝေါခနဲထွက်လာတယ်။ စာအုပ်တိုက်တွေ တစ်တိုက်ပြီးတစ်တိုက် ပေါ်လာတယ်။ တစ်နိုင်တစ်ပိုင်ထုတ်ဝေသူ တွေ တန်းစီနေကြပြီ။ အရင်က စာတစ်အုပ်ထုတ်နိုင်ဖို့ စိစစ်ရေး ကို စာမူတင်ထားရပြီ ဆိုကတည်းက ဆင့်ဟိုဒင်းခွေးမျှော်ပေါ့။ အခု စိစစ်ရေးမရှိတော့ဘူးဆိုတာ။ တစ်ညလုံး မအိပ်ဘဲ ရိုက်၊ မနက်ဖြန် စာအုပ်ဖြစ်ပြီ။ ဘာတစ်ခုမှ မှုစရာမလိုဘူး။ ကိုယ့်ဘက် ကသာ ဘာမှ မကျူးလွန်နဲ့။ ပုံနှိပ်စက်တွေကလည်း ဟောတစ်လုံး ဟောတစ်လုံး ပြည့်လို့။ ကြိုက်တဲ့စက် တင်လိုက်ရုံပဲ။ အဆင်သင့် ဖြစ်နေလို့ကတော့ စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ လွယ်လင့်တကူ ချောချောမောမော ဟောတစ်အုပ် ဟောတစ်အုပ်ပေါ့။

(၂)
စာအုပ်တိုက်နာမည်ကို ကြည့်ပါဦး။ ‘ရေနည်းငါးလေးများ စာအုပ်တိုက်’တဲ့။ ဘယ်လောက် လွတ်လပ်ပေါ့ပါးလိုက်သလဲလို့ ဗျာ။ ဘယ်လောက်များ စိတ်ထဲရှိသမျှကို သွန်ချထားလိုက်သလဲ လို့ဗျာ။ ရေနည်းငါးလေးများတဲ့လေ။ အားငယ်နေရှာမှာပေါ့။ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တာပေါ့။ တစ်စတစ်စ ရေခန်း သွားမှဖြင့် မတွေးဝံ့စရာကြီး။ ဟုတ်ကဲ့၊ စာအုပ်တိုက်နာမည်ကိုက စိတ်ထိခိုက်စရာကောင်းနေပြန်တယ်။

ဘယ်ကထုတ်တာလဲ ကြည့်လိုက်ပြန်တော့ မတ္တရာမြို့က တဲ့ဗျာ။ မတ္တရာဆိုတာ မန္တလေးမြောက်ဘက် ထွက်ပေါက်ပေါ့။ အဲဒီမှာ စာအုပ်တိုက်အသစ်တစ်တိုက် ရှိနေတာ သေချာပြီ။ မတ္တရာက စာအုပ်တိုက်ပေါ့။ လိပ်စာကြည့်လိုက်ပါဦး။ တည်နေ ရာ။ လိပ်စာ။ ဈေးအနောက်မြောက်ဘက်တဲ့။ ကဲ…ဘယ့်နှယ်လဲ။ အိမ်နံပါတ်မပါ။ လမ်းနာမည်မပါ။ ဘယ်လောက်များ လွတ်လပ် ပေါ့ပါးသွားပြီလဲဟင်။ ဖြစ်သလို ကြုံသလို ကွယ်ဝှက်ဖုံးအုပ်ပြီး လူ မသိအောင် ရှောင်တိမ်းတယ်လို့တော့ မထင်လိုက်ပါနဲ့ ခင်ဗျာ။ ပြေးလို့ မလွတ်ပါဘူး။ ဆက်သွယ်ဖို့ ဝ၂-၇၉၉၂၄ နဲ့ ဝ၉ ၂ဝဝ ၇၉၂၉ ဖုန်းနှစ်လုံးပေးထားပါတယ်။ သဘောရိုးနဲ့ တောရိပ်တော ငွေ့ ပါပြီးသားမို့ လိပ်စာမရှိဘူး။ ဈေးရဲ့ အနောက်မြောက်ဘက်ပါ ခင်ဗျာ။ ဈေးကိုလည်း သီးခြားအမည် ပေးမထားပုံထောက်တော့  မတ္တရာတစ်မြို့လုံး ဒီဈေးတစ်ဈေးပဲ ရှိလေရဲ့လို့ သဘောထားရ မှာပါ။

ဟုတ်ကဲ့၊ မတ္တရာက ထုတ်တဲ့စာအုပ်ပါ။ မနှစ်က ထုတ်ခဲ့ တာပါ။ အုပ်ရေ ၅ဝဝ ကို ပထမအကြိမ် ၂ဝ၁၅၊ သြဂုတ်မှာ ထုတ် ပါတယ်။ တန်ဖိုး ၁,ဝဝဝ ကျပ်။ ကာဗာဒီဇိုင်း မြင့်လွင်ဦး။ ကွန်ပျူ တာ မိုးသူဇာ။ ကတ်တလောက်နံပါတ် ၈၉၅.၈၁။ အမျိုးအစားက ကဗျာ။ ကဗျာစာအုပ်။ ကဗျာရှည်ငါးပုဒ်ကို စုစည်းထားတာ။ ကဗျာဆရာက ခင်မောင်နိုင်ဦး။

(၃)
‘ကဗျာပါတီ ဥက္ကဋ္ဌကြီး မိန့်ခွန်း’၊ ‘နှစ်အုပ်ရွာက ကဗျာ’၊     ‘မှတ်သားသည့် အထင်အရှား’၊ ‘ပန်း’ နဲ့ ‘တောင်မြောက်ကွဲတဲ့ တောင်ရောက်မြောက်ရောက်’ ဆိုတဲ့ ကဗျာရှည်ငါးပုဒ်ကို စုစည်း ထားတယ်။ Faces ၊ ပေဖူးလွှာနဲ့  Fashion မဂ္ဂဇင်းတွေမှာ ဖော်ပြ ခဲ့ပြီးသား ကဗျာတွေ ဖြစ်တယ်။ စာအုပ်အမည်အဖြစ် ရွေးလိုက် တဲ့ ‘နှစ်အုပ်ရွာက ကဗျာ’မှာ…

‘… စာအုပ်ဆိုလို့ ဘုရားရှိခိုးအမျိုးမျိုးနဲ့ တွံတေးသိန်းတန် တေးပေါင်းချုပ် နှစ်အုပ်ပဲရှိတဲ့ အရပ်က ငါလာခဲ့ပါသည်’ နဲ့ ဖွင့် ထားလေတော့ သိပ်ပြီး ထွေထွေထူးထူး ပြောစရာကို မလိုတော့ ပါဘူး။ ကျေးလက်အခြေခံအရ လှပပြီးသားပဲပေါ့။

‘… ငါတို့မယ် နွားကျောင်းရင်းလည်း တွံတေး၊ လှေလှော် ရင်းလည်း သိန်းတန်၊ ကျောင်းသွားရင်လည်း အသီးတစ်ရာ၊ တောသွားရင်လည်း အညှာတစ်ခု၊ ရွာဝင်တော့လည်း မောင်ကြီး ပြန်လာပြီ၊ လယ်ထွန်တော့လည်း ထွေးညို၊ ဘုရားပွဲလည်း လူ ပြက်ကလေး၊ ကျောင်းပွဲလည်း မောင်ရွှေရိုး၊ ဟေး…လေချွန်တာ တောင် တွံတေး၊ ငါ တောကျောင်းဆရာဖြစ်လာတာ စိုးမိုးမေတ္တာ ကြောင့်များလားလို့တောင် စဉ်းစားဖြစ်သေးတော့ကွယ်’တဲ့။

ကဗျာဆရာ ခင်မောင်နိုင်ဦးကိုယ်တိုင်က တွံတေးသိန်း တန်ရဲ့ မျိုးဆက်သမီး ရွှေရည်သိန်းတန်ကို တည်ပြီး ရေးထားတာ ဖြစ်လေတော့ အာလုတ်စကားမှာ ‘ရွှေရည်’လို့ ထည့်ရေးပြီး ကဗျာဆရာဟာ ရွှေရည်ကို တိုင်တည်ခံစားလို့ ‘နှစ်အုပ်ရွာကဗျာ’ ကို ဖွဲ့ထားတာ။

ဒီကဗျာဟာ မြန်မာ့ကျေးလက်နေ ပြည်သူလူထုနဲ့ တွံတေး သိန်းတန်တို့ရဲ့ နက်ရှိုင်းတဲ့ အနုပညာဓာတ်ခံအား ကောင်းလွန်းပုံ ကို ပေါ်လွင်စေတယ်။ ဗမာအချင်းချင်းရဲ့ သံယောဇဉ်ကို သဘော ပေါက်စေတယ်။ အဖေ့သမီး ရွှေရည်ကို သူ့အဖေအကြောင်းပြုပြီး မျှော်လင့်ထားသမျှ သွန်ချထားတာဟာ ကရုဏာသက်စရာ၊ စိတ်လှုပ်ရှားစရာ ဖြစ်လာတယ်။

အမှာရေးလိုက်တဲ့ မောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ အလို အရ ကဗျာဆရာဟာ ‘ကျေးတောသားနှင့် တွံတေးသိန်းတန် အကြား အခိုင်အမာဖွဲ့နှောင်ထားသည့် သံယောဇဉ်ကို သူက ကဗျာဘာသာစကားအားဖြင့် လှပစွာ ပြောပြနေခြင်းဖြစ်သည်’ တဲ့။

ကျန်တဲ့ ကဗျာလေးပုဒ်နဲ့ ပတ်သက်ပြီးတော့ ‘ကဗျာပါတီ ဥက္ကဋ္ဌကြီး မိန့်ခွန်း’မှာ ‘သူ့ကဗျာကို ဖတ်ရင်း ကျွန်တော် ကြက် သီးဖြန်းဖြန်း ထနေခဲ့သည်။ တကယ့်ကို ဗုံးဆန်ဗုံးသီးတွေ၊ မိုးသီး မိုးပေါက်တွေ၊ ဒေသိယဝေါဟာရ အသုံးကလေးတွေကို အစချီ လျက် တဖြောင်းဖြောင်း ဒေါင်းဒေါင်းပြေး ဖွဲ့ဆိုသွားသော သူ့ ကဗျာရှည်ကြီးတွေကို ဖတ်ရသည်မှာ ဂျာမန်ကဗျာဆရာကြီး ဗားတော့ဘရက်၏ တိုက်ပွဲဝင် ကဗျာကြီးများ ရွတ်ဆိုသံကို နား နှင့်ဆတ်ဆတ် ကြားနေရသလိုပဲ ဖြစ်သည်’လို့ မှတ်ချက်ပြုပါတယ်။

ကဗျာဆရာဟာ ခေတ်ပေါ်ကိစ္စတွေ နိုင်နင်းတဲ့ သဘောနဲ့ စကားလုံးတွေကို ပစ်ပေါက်ကစားတတ်တယ်လို့လည်း အမှာရေး သူက ဆိုပါတယ်။ နာမ်တွေကို ကြိယာလုပ်ပစ်လိုက်တဲ့ ကိစ္စကို သူက ရဲတင်းတယ်လို့ ဆိုပြီး…

‘ဤကိစ္စမျိုးမှာ လုပ်တတ်မှလှပြီး မလုပ်တတ်လျှင် အတော်အကျည်းတန်မည့် ကိစ္စမျိုးဖြစ်သည်’

‘ပြီးတော့ သူ့ဌာနေကျေးတောမှာ ‘အသုံးလေ့’ သည့် တိမ် မြုပ်ပျောက်ကွယ်လုလု ဝေါဟာရတွေကို ကဗျာဧည့်ခန်းဆောင် ထဲသို့ တခမ်းတနား သွတ်သွင်းခင်းကျင်းကာ တမြတ်တနိုး ဖွဲ့ဆို တတ်သည်။ အရသာရှိရှိ မြိန်မြိန်ရှက်ရှက်ကြီးကိုပဲ ကဗျာဖတ်သူ တို့ကို လျှာပေါ်မြတင် ခံစားစေခြင်းဖြစ်သည်။ ဤသည်မှာ သူ့ ဟန်ဖြစ်သလို သူ့မာန်လည်း ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင် သည်’လို့ သုံးသပ်ထားတယ်။

မှန်ပါတယ်။ အမှာစာရေးပေးတဲ့ မောင်ရင့်မာ(ကျောင်း ကုန်း)ရဲ့ အဖွင့်တွေဟာ လုံလောက်တဲ့ အဖွင့်တွေမို့ သူ့အမှာစာထဲ က သူ့စကားလုံးတွေနဲ့ပဲ ‘နှစ်အုပ်ရွာက ကဗျာ’စာအုပ်အညွှန်းကို ပိတ်သိမ်းခွင့်ပြုပါ ခင်ဗျာ။

‘…အမှာရေးသူတစ်ယောက်အနေဖြင့် ကျွန်တော်ဝင်ပြော တာ အတော်များသွားလိမ့်မည် ထင်ပါသည်။ အမှာရေးသူတစ် ယောက် စည်းကို ကျော်လွန်သွားနိုင်ပါသည်။ ကျွန်တော်၏ ပြော ဆိုချက်၊ ထင်မြင်ယူဆချက်များ မှန်ကန်မှု ရှိ၊ မရှိ၊ ရေရာသေချာမှု ရှိ၊ မရှိ စိစစ်ရန်မှာ လူကြီးမင်း၏ အခွင့်အရေးဖြစ်ပါသည်။

‘သူ့ကို ကဗျာစာအုပ်ထုတ်ရန် ကျွန်တော် အကြိမ်ကြိမ် တိုက်တွန်းခဲ့ရပါသည်။ ယခု ကဗျာဖတ်သူ လူကြီးမင်းကို ကျွန် တော်တိုက်တွန်းပါသည်။ ဖတ်ကြည့်ပါ။ မရှုံးကြောင်း အာမခံပါသည်’။    ။

 

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)  မှစာအုပ် အညွှန်းဖြစ်ပါသည်။

 

သင့်နော် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here