ဗညားကျော်
ဧပြီ ၃
နိုင်ငံ့ဝန်ထမ်းများအား အဂတိလိုက်စားမှုကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားသည့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးနှင့် ဝန်ထမ်းနှစ်ဦးဖြစ်သူ ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါ သုံးဦးမှ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက် များတွင် တရားမဝင် ရွှေသတ္ထုတူးဖော်သူများနှင့် ရွှေခိုးထုတ်ရာတွင် အဂတိလိုက်စား၍ ပူးပေါင်းပါဝင်သော တာဝန်ကျဝန်ထမ်းများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီး ယင်းတိုင်ကြားစာသည် နိုင်ငံ့ဝန်ထမ်းများအား နစ်နာစေရန်ရည်ရွယ်၍ မမှန်မကန်စွပ်စွဲတိုင်ကြားစာအဖြစ် စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ လည်းကောင်း၊ မမှန်မကန် တိုင်ကြားရာတွင် အားပေးကူညီခဲ့သည့် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/၆၃ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် ၃-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းကော်မရှင်က ထုတ်ပြန်ထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့လာသော တိုင်ကြားစာများအနက် တစ်ရာခိုင်နှုန်းသည် သဘောရိုးဖြင့် မှားယွင်းတိုင်ကြားသည့် တိုင်ကြားစာများဖြစ်ကြောင်း စိစစ်တွေ့ရှိပြီး ထိုသို့တိုင်ကြားသူများကို ကော်မရှင်က အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ကြောင်းနှင့် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတိုင်ကြားသည်များကိုတော့ အရေးယူဆောင်ရွက်ကြောင်း ကော်မရှင်မှထုတ်ပြန်ထားသည်။