Home အက်ဆေး မြို့လေးရဲ့ဒဏ်ရာ

မြို့လေးရဲ့ဒဏ်ရာ

260
0
Advertise Here

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Forgotten ဖြစ်ပါသည်။

မောင်ဥယျာဉ်ရေးသည်

မြို့လေးကို စရောက်ခဲ့တဲ့နေ့ကို သူတို့ ကောင်းကောင်း မှတ်မိ ကြတယ်။ ကြည့်လေရာရာမှာ ကွင်းပြင်ကျယ်ကြီး။ ခြံစည်းရိုး အမှတ်အသားအဖြစ် ပလတ်စတစ်ကြိုးရောင်စုံတွေကို

Advertise Here

ဝါးခြမ်း ပြားငုတ်တွေမှာ ချည်နှောင်ထားကြရလို့

လေတိုးတိုင်း တချွတ်ချွတ် မြည်နေတယ်။ အရှေ့ဘက်

ရှမ်းရိုးမတောင်တန်းတွေကို အဆီးအတား မရှိ

မြင်နေရတယ်။ ရိုးပြတ်နံ့တွေ ကြိုင်လှောက်နေဆဲ

နွေဦးပေါက်ကာလမှာ သူတို့နဲ့အတူ ကံတူ

အကျိုးပေးတစ်သိုက် ဆိုင်းမဆင့် ဗုံမဆင့်နဲ့

ရောက်လာခဲ့ကြတာဖြစ်တယ်။ တစ်ချိန်က

လယ်ရေသွင်းမြောင်းဖြစ်ဟန်တူခဲ့တဲ့

မြောင်းတွေကို သတိထား ကျော်ဖြတ်ခဲ့ကြ

ရတယ်။

နေ့လယ်နေ့ခင်းတွေမှာ ပူပြင်းသလောက်

သန်းခေါင်ယံညတွေမှာတော့ ကွင်းပြင်ကျယ်ကို

ဖြတ်တိုက်လာတဲ့ လေက အေးမြလှတယ်။

ဒါပေမဲ့ အဲဒီလေက သူတို့ဦးကြီး၊ ဒေါ်ကြီးတွေရဲ့

ရင်ထဲက အပူကိုတော့ ငြိမ်းမပေးနိုင်ဘူး။

အလိုမတူဘဲ အိုးအိမ်စွန့်ခွာခဲ့ရတဲ့

ရင်ထဲက အပူက ဘယ် သောကမီးနဲ့မှ

မတူအောင် တမြေ့မြေ့ လှိုက်လောင်နေတယ်။

သူတို့ကလေးငယ်တွေအဖို့ နေရပ်စွန့်ခွာပြီး တစ်နယ်တစ် ကျေးကို ရွှေ့ကြပြောင်းကြရမယ်ဆိုတာသိရတော့ ထူးထူးထွေ ထွေ မတုန်လှုပ်မိကြဘူး။ လူကြီးသူမတွေကတော့ ရွှေ့ရ ပြောင်း ရမယ် သတင်းစကြားကတည်းက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် နေကြပြီ။ ယတြာချေသူ ချေ၊ ဗေဒင်မေးသူ မေး၊ ဓာတ်ရိုက်ဓာတ် ဆင် လုပ်ကြသူတွေနဲ့ သူတို့ရပ်ကွက်လေး အလုပ်ရှုပ်ကုန်တာ တော့ သတိထားမိတယ်။ တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် ဆောင်ပုဒ်အောက်မှာပဲ ယတြာတွေလည်း မစွမ်းခဲ့သလို ဗေဒင် ဟောကိန်းတွေလည်း လွဲချော်ခဲ့ကြတယ်။ အဲဒီခေတ် အဲဒီအခါက ရပ်ကွက်ထဲ ပေကြိုးခွေ ကိုင်ဝင်လာရင် ရပ်ကွက်သူ ရပ်ကွက် သားတွေ မထိတ်သာ မလန့်သာ ဖြစ်ကြစမြဲ။ လောကဓံရှစ်ပါးမှာ အကောင်းလောကဓံ လေးပါးကို အုပ်စိုးသူတွေ ခံစားခဲ့ကြရပြီး အဆိုးလောကဓံလေးပါးကိုတော့ အုပ်စိုးခံတွေ ခံခဲ့ကြရတဲ့ နှစ် ကာလတွေ ဖြစ်တယ်။

အမိန့်အာဏာ ညွှန်ကြားချက်တွေအောက်မှာ သူတို့ပိုင် ဆိုင်ခဲ့တဲ့ အိုးအိမ်တွေ ဖျက်ခဲ့ကြရတယ်။ အိမ်ဖျက်တယ်ဆိုတာ ပြီးပြီးရော ဖျက်လို့ရတာ မဟုတ်ဘူး။ ပြန်ဆောက်တဲ့အခါ ဖျက် ယူလာတဲ့ အိမ်ဟောင်းကိုပဲ ကျုံ့စရာရှိတာ ကျုံ့၊ ကျဉ်းလို့ရတာ ကျဉ်းပြီး ပြန်ဆောက်ကြရမှာ မဟုတ်လား။ အနှစ်နှစ်အလလက စုဆောင်းထားတဲ့ အိမ်ထောင်ပရိဘောဂတွေ၊ အိုးခွက်ပန်းကန် တွေ၊ အိမ်ဟောင်းက ဖျက်လာတဲ့ သစ်တိုသစ်စတွေကို လော်လီ ကားကြီးပေါ် တင်လို့ မြေနေရာချထားပေးရေး ကော်မတီက ချ ထားပေးတဲ့ နေရာရောက်အောင် ဟိုမေး ဒီစမ်းနဲ့ ရောက်အောင် လာခဲ့ကြတယ်။ ကားပေါ် သွန်ချလိုက်တဲ့အထဲမှာ သူတို့ဘ၀တွေ ပါသွားလိမ့်မယ်လို့ သူ တစ်ခါမှ တွေးထင်မထားဘူး။ လော်လီ ကားကြီးက ပါလာသမျှ ဝေါခနဲ သွန်ချပြီး ပြန်ထွက်သွားခဲ့တယ်။ သူတို့မှာသာ မျက်စိသူငယ် နားသူငယ်နဲ့ သစ်ပုံဘေးမှာ အိမ် ဟောင်းက ပါလာတဲ့ ကွပ်ပျစ်ခင်းလို့ ခြေပစ်လက်ပစ် ထိုင်ခဲ့ ကြတယ်။

“ပတိရူပ ဒေသ၀ါသောစ” သင့်တင့်လျောက်ပတ်သော အရပ်ဒေသမှာ အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်ခြင်းသည် မြတ်သောမင်္ဂလာမည်၏လို့ မင်္ဂလာတရားတော်က ဆိုထား တယ်။ မြို့ဟောင်းက မြို့သစ်ကို အလိုမတူဘဲပြောင်းရွှေ့ခြင်း ခံလိုက်ရသူတွေအဖို့ မြို့သစ်လေးဟာ ပတိရူပမဖြစ်ခဲ့ဘူး။ ပျော် ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားပုံနဲ့လည်း အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့တွေအားလုံး မြို့သစ်လေးမှာ အဆင်ပြေ အောင် အားထုတ်နေထိုင်ခဲ့ကြရပါတယ်။

ညရောက်တော့ ကြယ်ရောင်လရောင်အောက်မှာ မိသားစု ၀င်တွေ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြဘဲ ကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိတော့တယ်။ ဦးလေး အငယ်က ရပ်ရေးရွာရေး တက်ကြွသူတစ်ယောက်။ ခေတ်ပြောင်း တော်လှန်ရေးမှာ သူနိုင်တဲ့ နိုင်ငံသားတာဝန်ကို ပီပီပြင်ပြင် ထမ်း ဆောင်ခဲ့တယ်။ သူ့ပါးစပ်က နာနာကြည်းကြည်း ထွက်ပေါ်လာတဲ့ တောက်ခေါက်သံက တိတ်ဆိတ်တဲ့ ညမှာ ကျယ်လောင်စွာ ထွက် ပေါ်လာတယ်။ စက်ရုံကာယလုပ်သား အဘိုးကတော့ ငှက်ကြီး တောင်ဓား ဘေးချလို့ အိမ်အဟောင်းက ဖျက်လာတဲ့ သစ်ပုံကို စောင့်နေတယ်။ တစ်ချက်တစ်ချက် အဘွားဆီက ထွက်ပေါ်လာ တဲ့ ရှိုက်သံက တိုးတိုးညင်းညင်း ဖြစ်ပေမယ့် ပီပီသသ ကြားနေရ တယ်။ အစ်ကိုကတော့ တစ်နေကုန် တစ်နေခန်း အိမ်ဟောင်းက ဖျက်ယူလာတဲ့ သစ်တွေကို နေရာပြန်ချရတာကြောင့် ပင်ပန်းလို့ အိပ်ပျော်နေပြီ။ အဲဒီတုန်းက မှတ်မိသေးတယ်။ သူက ခြောက် တန်းနှစ် ရှိသေးတယ်။

ပြန်လည်ထူထောင်ရေးအတွက် မိသားစုဝင်တွေအားလုံး တက်ကုန်ဖွင့် ရွက်စုံလွှင့်ကြရတယ်။ အိမ်ရဲ့ စီးပွားရေးအခြေအနေ အရ အစ်ကိုကြီးက ပညာရေးကို ကျောခိုင်းလိုက်ရတယ်။ ဦးလေး အငယ်က ဘက်ထရီအားသွင်းလုပ်ငန်း လုပ်ကိုင်တယ်။ (ဘက် ထရီအားသွင်းပညာ ဘယ်အချိန်က ဘယ်လို သင်ယူခဲ့မှန်း သူတို့ တစ်အိမ်သားလုံး မသိခဲ့ဘူး။) လျှပ်စစ်မီး မရှိသေးတဲ့ သူတို့မြို့ လေးအတွက် ဘက်ထရီအားသွင်းတယ်ဆိုတာ တရုတ်ပြည်ဖြစ် တစ်လုံးထိုးအင်ဂျင် လက်မောင်းပြုတ်အောင် နှိုးပြီး စက်သံ တဒိုင်းဒိုင်းကြားမှာ အားသွင်းရတာပါ။ ဘက်ထရီအားသွင်းလုပ် ငန်းရဲ့ ကနဦးကာလတွေက သူတို့မိသားစုရဲ့ ထမင်းအိုး ပွက်စေခဲ့ တယ်။ ဘက်ထရီအားသွင်းနေစဉ် တစ်ချိန်တည်းမှာပဲ အ၀ီစိတွင်း ကို ကွန်ပရက်ဆာပန့်တွေ သုံးပြီး ရေရအောင် လုပ်ခဲ့ကြပြန်တယ်။

မြို့သစ်လေးမှာ ပထမဆုံး စဖွင့်တဲ့ ဆိုင်က ဘာဖြစ်မယ် ထင်ပါသလဲ။ အရက်ဆိုင် ဖြစ်ပါတယ်။ မခမ်းနားလှတဲ့ ခနော်နီ ခနော်နဲ့ အရက်ဆိုင်လေးက မြို့သစ်ရဲ့ ဘုံရိပ်သာပါပဲ။ ဒီအရက် ဆိုင်လေးထဲမှာပဲ အလုပ်က ပြန်လာတဲ့ ကာယလုပ်သားကြီးတွေ စတည်းချကြတယ်။ စာရေးစာချီတွေ ခေါင်းချင်းဆိုင်ကြတယ်။  တစ်ခါတစ်ရံ ပင်စင်စားကြီးလည်း မျက်စိလည်လမ်းမှားပြီး ရောက်လာလေ့ ရှိတယ်။ မြို့သစ်လေးရဲ့ ညနေခင်းတိုင်းကို ဒီ အရက်ဆိုင်လေးက သိမ်းပိုက်ထားလေ့ရှိတယ်။ မှောင်မည်းနေတဲ့ မြို့သစ်လေးရဲ့ ညချမ်းတွေမှာ အရက်ဆိုင်လေးဟာ မြို့သစ်သား တွေအတွက် ၀င်ထွက်ခိုနားရာ နေရာလေးတစ်ခု ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။

မြို့သစ်လေးရဲ့ ပထမပိုင်း နှစ်ကာလတွေမှာ ကျဲကျဲတောက်  နေရောင်ကို အန်တုဖို့ အရိပ်ရအပင်လေးတွေ စိုက်ကြပျိုးကြ လုပ်ခဲ့ကြရသေးတယ်။ အထူးသဖြင့် ပိတောက်ပင်၊ ဗာဒံပင်၊ ဘော့စကိုင်း၊ အော်ရေးရှား စတဲ့ ကြီးမြန်သစ်ပင်တွေ စိုက်ခဲ့ကြရ တယ်။ စိုက်သမျှပျိုးသမျှတော့ မရှင်သန်ခဲ့ဘူး။ ဓာတ်ကြိုးနဲ့ မလွတ်လို့ ခုတ်လိုက်ရတာတွေ ရှိတယ်။ ရေမြောင်းနယ်နိမိတ်မှာ ပါလို့ ခုတ်လှဲလိုက်ရတဲ့ အပင်တွေ ရှိတယ်။ ဆိတ်အုပ်၊ နွားအုပ် ကြောင့် အညွန့်တုံးသွားတဲ့ အပင်တွေ ရှိခဲ့တယ်။ ကျန်ကောင်း ကျန်ရာ သစ်ပင်လေးတချို့ကတော့ ဆယ်စုနှစ်တစ်စုအကြာမှာ လက်ခုပ်တစ်ဖောင်ကျော် မြင့်လာခဲ့ပါပြီ။

ခြံစည်းရိုးမလုံမခြုံနဲ့ ထရံကာ ကပ်မိုး စာသင်ကျောင်းလေး ထဲမှာ တိုးဝှေ့ထိုင်ရင်း သူတို့တစ်တွေ ပညာဆက်လက် ဆည်းပူး ခဲ့ကြတယ်။ ဒီကျောင်းလေးကပဲ ဆယ်တန်းအောင်သွားခဲ့သူတွေ မနည်းဘူး။ အဆင့်မြင့်ပညာ သင်ယူနိုင်ခွင့်ရဖို့ မြို့ပြင်က တက္ကသိုလ်တွေဆီ ဆက်လက်ပညာသင်ယူသူတွေလည်း မနည်း ဘူး။ တချို့လည်း ပညာရေးဝေးသည်မရှိ ဆိုတဲ့အတိုင်း ဝေးဝေးက သာ လွမ်းခဲ့ကြတယ်။ မြို့သစ်လေးဟာ မြို့သက် ရင့်လာတာနဲ့အမျှ မြို့လားမြောက်လာခဲ့ရတယ်။ ဗီဒီယိုရုံတွေ ပေါ်လာတယ်။ ဘုရား ပွဲလမ်းတွေ ကျင်းပလာခဲ့ကြတယ်။ လက်ဖက်ရည်ဆိုင်တွေနဲ့ ကွမ်းယာဆိုင်တွေ အထွက်တိုးလာတယ်။

မြို့သစ်တည်ခါစက မြို့သစ်-မြို့ဟောင်း ကူးလူးဆက်ဆံမှု တွေ များခဲ့ကြတယ်။ လပြည့်လကွယ် အခါကြီးရက်ကြီးတွေမှာ  မြို့ဟောင်းက လူတွေ မြို့သစ် အလည်အပတ် သွားခဲ့ကြတာ ရှိ သလို မြို့သစ်က လူတွေကလည်း မြို့ဟောင်းဘက် အလည်ထွက် ခဲ့ကြတာလည်း ရှိတယ်။ မြွေပါးကင်းပါး အန္တရာယ်ကင်းအောင် ခြံထောင့်မှာ ဆီးဖြူသီးထားဖို့ သတိတရ မှာကြတယ်။ နတ်ပွဲ ရာသီ ရောက်ရင် ပူဇော်စရာရှိတာ ပူဇော် ပသစရာရှိတာ ပသ၊ နတ်နဲ့ နဂါး မလှည့်စားဖို့၊ နတ်ဝတ်ကျေဖို့ လူကြုံပါးခဲ့ကြသေး တယ်။ မြို့ဟောင်းရဲ့ ဘုရားပွဲတော်ရောက်ရင် ဆွေဘုရားမျိုး ဘုရားဖြစ်လို့ ရောက်အောင် သွားခဲ့ကြတယ်။ မြို့သစ်လေးရဲ့ ပွဲ လမ်းသဘင်တွေမှာလည်း မြို့ဟောင်းမှာ ကျန်ခဲ့သူတွေက ရောက်အောင် အားခဲသွားကြတယ်။ နောက်ပိုင်း ကာလတွေမှာ တော့ အနေဝေးသွားသူတွေရဲ့ ထုံးစံအတိုင်း သာရေးနာရေး ရှိပါ မှ အရောက်အပေါက် ရှိတော့တယ်။ မြို့ဟောင်းမှာ ကျန်ရစ်ခဲ့သူ တွေရော မြို့သစ်ဘက် ရောက်သွားသူတွေပါ အလွမ်းတွေ တနင့် တပိုးနဲ့ သယ်ပိုးထားကြရတော့တယ်။

မြို့သစ်ကို အလိုမတူဘဲ ရောက်သွားကြသူတွေ ရင်ထဲမှာ ဆူးတွေ ကိုယ်စီ ရှိကြတယ်။ အကြီးမားဆုံး ဆူးက မြို့ဟောင်းမှာ ကျန်ခဲ့ကြသူ မိတ်ဆွေအချို့က သူတို့အပေါ် မကြည်ဖြူတော့ဘူး လို့ သူတို့ဘာသာ သတ်မှတ်လိုက်ကြတာပါပဲ။ သူတို့ဟာ အလိုလို နေရင်း သိမ်ငယ်နေကြတယ်။ ချစ်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခကို ခံစားကြရသလို မချစ်မနှစ်သက်သူတွေနဲ့လည်း ကံဇာတ်ဆရာ အလိုကျ ပေါင်းဖက်ကြရပြန်တယ်။ မြို့သစ်တည်ခါစမှာ လမ်း မကောင်းတဲ့ ဒုက္ခ၊ မီးမမှန်တဲ့ ဒုက္ခ၊ အမှိုက်သိမ်းကား အချိန်မှန် မလာတဲ့ ဒုက္ခ၊ အလုပ်အကိုင်၊ အခွင့်အလမ်း ပျောက်ကွယ်ရတဲ့ ဒုက္ခ၊ ဆေးရုံ၊ ဆေးခန်း မရှိတဲ့ ဒုက္ခ၊ ကျူရှင်မတတ်နိုင်တဲ့ ဒုက္ခ၊ အခါကြီးရက်ကြီးတွေမှာ ဥပုသ်စောင့်ဖို့တောင် ဓမ္မာရုံမရှိလို့ သီလပေးဆရာတော် မပင့်ရဲတဲ့ ဒုက်္ခ စတဲ့ ဒုက္ခပေါင်းများစွာနဲ့ ဒုက္ခပင်လယ် ဝေခဲ့ကြရတယ်။

မြန်မာပြည်တစ်ဝန်း မြို့သစ်တွေ အုံနဲ့ ကျင်းနဲ့ တည် ဆောက်နေတဲ့ ကာလမှာ ရော့ခ်အဆိုတော်ကြီးတစ်ယောက်ရဲ့     “အသစ်က ပြန်စ” သီချင်းက လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့ တယ်။ ခေတ်က သီချင်းတွေကို ဖန်တီးသလား၊ သီချင်းတွေက ခေတ်ကို ထုဆစ်လေသလား။

မြို့ဟောင်းကြီးခွာကာ xxx မြို့သစ်သို့အသွား xxx အိုး… အသစ်တွေ ဘယ်မှာလဲ xxx နေရာဟောင်း xxx စိတ်များလည်း ဟောင်း xxx မေရေ xxx စွန့်ထားခဲ့ xxx

(အတွေးများလည်း ဟောင်းနွမ်းလွန်းလို့ xxx လမ်းမများ ဟာလည်း xxx ဟောင်းနွမ်း)၂

တကယ်ကို xxx စွန့်ခဲ့တော့ xxx မေရေ xxx နာကြည်းခြင်း တွေကို xxx အချစ်သစ် မွေးဖွား xxx ထူထောင်စွမ်းနိုင်မှာလား xxx တောင်ပံအဟောင်း xxx စိတ်များလည်း အဟောင်း xxx မေ ရေ xxx စွန့်ထားခဲ့ xxx

(အတွေးများလည်း ဟောင်းနွမ်းလွန်းလို့ xxx လမ်းမများ ဟာလည်း xxx ဟောင်းနွမ်း)၂

တကယ်ကို xxx စွန့်ခဲ့တော့ xxx မေရေ xxx

တကယ်တော့ အဲဒီအချိန်က ခေတ်ပြောင်းတော်လှန်ရေး ရဲ့ ဒီရေမြင့်သစ်ကာလတွေ။ လူငယ်တွေအားလုံး ထွက်ပေါက် ပိတ်နေချိန်မှာ စတီရီယို သီချင်းတွေက လူငယ်တွေရဲ့ ဟာဒယနဲ့ သွားကိုက်ညီနေတယ်။ အရာရာကို အလိုမကျလို့ ပေါက်ကွဲချင် နေကြချိန်မှာ ပုံစံခွက်က ခွဲထွက်လာတဲ့ ရော့ခ်သီချင်းတွေက လူ ငယ်တွေရဲ့ ချင်ခြင်းကို အထိုက်အလျောက် ပြေစေခဲ့တယ်။ ဘိုကေပိပြားအောင် ဖြီးတဲ့ ခေတ်မှာ ရော့ခ်ကာတွေက ဆံပင် အရှည်ကြီးတွေ ထားပြီး ဘိုကေတွေနဲ့ မတူကွဲပြားကြောင်း ထုတ် ဖော်ပြသခဲ့ကြတယ်။

မြို့သစ်ရဲ့ မိုးတွင်းကာလတွေကလည်း ပြောစမှတ်ပြုရ လောက်အောင်ပါပဲ။ ယာဉ်လိုင်းတွေ မရှိတဲ့ မြို့သစ်မှာ သွားရေး လာရေးအတွက် စက်ဘီးတွေကိုသာ အားထားခဲ့ရတဲ့ နှစ်ကာလ တွေ။ မိုးတွင်းကာလတွေမှာ စီးဆင်းစရာ ရေမြောင်းကောင်း ကောင်း မရှိတဲ့ မြို့သစ်အတွက် ရေတွေက ပင်လယ်ပြင်ကြီး။ မိုး များတဲ့ ရက်တွေမှာ ခြေသလုံးမြုပ်အောင် နစ်တဲ့ ရွှံ့ ဗွက်တွေထဲ စက်ဘီးတွေ ထမ်းနေရတဲ့ မြို့သစ်သူ မြို့သစ်သားတွေ အမှန် တကယ် ရှိခဲ့ဖူးတယ်။

မြို့သစ်တည်ခါစမှာ ပန်းခြံ၊ နေ့ကလေးထိန်းကျောင်း၊ ဈေး၊ အားကစားကွင်း၊ စာသင်ကျောင်း စတဲ့ နေရာတွေ ပါဝင်ခဲ့ပေမယ့် မြို့သစ်တည်ပြီး ဆယ်စုနှစ် နှစ်စု ကြာချိန်အထိ အချို့ စီမံကိန်းတွေ က အထမမြောက်ခဲ့ကြဘူး။ တချို့ စီမံကိန်းဧရိယာတွေက လူနေ အိမ်တွေ ဖြစ်သွားခဲ့တယ်။ မြို့သစ်မှာ ကနဦး ခြေချခဲ့တဲ့ မျိုးဆက် က ဇာတိဇရာ ဗျာဒိ မရဏာကို မလွန်ဆန်နိုင်ခဲ့ဘူး။ မြို့သစ်လေး ဟာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းခြင်း ခံခဲ့ရ တယ်။ အခုလက်ရှိ မြို့သစ်မှာ အခြေချနေတဲ့ မျိုးဆက်ဟာ မြို့ သစ်လေးရဲ့ တတိယမျိုးဆက် ဖြစ်ကြပြီး သူတို့ မြို့သစ် ဖြစ်တည် လာပုံကို မသိတော့ဘူး။

မြို့သစ်လေးမှာ မသိခြင်းတွေ တဖြည်းဖြည်း များသထက် များလာခဲ့တယ်။ နေရာကောင်း ထောင်ကွက် အကွက်ကျယ်ကြီး တွေ အခုထိ ပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာ မသိကြဘူး။ မြို့သစ် သက်တမ်းလေး ရင့်လာတာနဲ့အမျှ မြို့ဟောင်းကနေ မြို့သစ်လေး ကို ပြောင်းရွှေ့လာကြသူတွေ တဖြည်းဖြည်း စုမိလာတယ်။ သာ ရေးနာရေးတွေမှာ ၀ိုင်းကြ၀န်းကြ သိုင်းသိုင်းဝန်းဝန်း ဖြစ်လာ တယ်။ မြို့သစ်လေးမှာ မြို့ဟောင်းက ရွှေ့လာကြသူတွေ ရှိသလို အလိုရှိတာမှန်သမျှ အကုန်ရတဲ့ မီးအိမ်နီရပ်ကွက်လေးလည်း ရှိ တယ်။ လောင်းကစား၊ ပြည့်တန်ဆာနဲ့ မူးယစ်ဆေးဝါး အစုံအလင် ရလို့ ဖသုံးလုံးရပ်ကွက်လို့ ခေါ်ကြတယ်။ မီးအိမ်နီရပ်ကွက်ထဲက ကာလသားအချို့က မြို့ဟောင်းက ပြောင်းရွှေ့လာကြသူတွေ အပေါ် ကြိမ်ဖန်များစွာ ဗိုလ်ကျ အနိုင်ကျင့်ခဲ့ကြတယ်။ မြို့ဟောင်း ကနေ မြို့သစ် အခြေချသူ အချင်းချင်း ခေါင်းချင်းဆိုင်ကြပြီး ဗိုလ် ကျအနိုင်ကျင့်သူပပျောက်ရေး စီမံချက်တစ်ရပ်ကို ရေးဆွဲခဲ့ ကြတယ်။

နွေဦးကာလရဲ့ သာမန်ညနေခင်းရဲ့ မခမ်းနားလှတဲ့ အရက် ဆိုင်အိုလေးထဲမှာ ဒီစီမံချက်ကို အကောင်အထည် ဖော်ခဲ့ကြ တယ်။ မြို့သစ်ညနေခင်းတွေရဲ့ ထုံးစံအတိုင်း အရက်ဆိုင်အိုလေး က စည်စည်ကားကား ရှိလှတယ်။ ဆေးမင်ကြောင်အရုပ်တွေ ရောင်စုံထိုးထားတဲ့ မီးအိမ်နီရပ်ကွက် လူမိုက်တစ်ယောက်လည်း အရက်ဆိုင်လေးထဲက ခနော်နီခနော်နဲ့ စားပွဲဝိုင်းတွေဆီ တစ်ဝိုင်း ပြီး တစ်ဝိုင်း ကူးပြီး အရက်ခွက် လှည့်သောက်နေခဲ့တယ်။ အား လုံးက မီးအိမ်နီရပ်ကွက်က ပုဂ်္ဂိုလ်အတွက် ကြည်ကြည်ဖြူဖြူပဲ အရက်တိုက်လိုက်ကြတယ်။ ခါတိုင်းရက်တွေလည်း ဆေးမင် ကြောင်ရုပ်အပြည့်နဲ့ အင်္ကျီဗလာ ခန္ဓာကိုယ်မှာ ဓားမြှောင် ခါး ကြားထိုးလို့ တစ်ဝိုင်းပြီး တစ်ဝိုင်း ကူးသောက်နေကျ။ ဒီနေ့တော့ သူကြိုက်တဲ့ အမြည်းဖြစ်လို့ ခါတိုင်းထက် ရေချိန်ပိုကိုက်သွား တယ်။ ဆိုင်ထဲကအထွက်မှာ ဒယီးဒယိုင် ခန္ဓာကိုယ်ကို မနည်း တည့်မတ်အောင် ထိန်းရင်း ဆိုင်ရှေ့က ရေမြောင်းကို လွှားခနဲ ခုန်ကျော်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူ ထင်မှတ်မထားတာ တစ်ခု ဖြစ်သွားရတယ်။ အရက်ဆိုင်ရှေ့က ရေမြောင်းတစ်ဖက် ကမ်း ရောက်လို့ ခြေချလိုက်ချိန်မှာပဲ သူ့ခေါင်းပေါ်ကနေ ရေတွေ ဝေါခနဲ ကျလာတယ်။ ရေတွေနဲ့အတူ သွေးတွေပါ ပါလာတာ။ ဗလတောင့်တောင့် လူငယ်တစ်ယောက်က ဆိုင်ထောင့်မှာ ရှိတဲ့ ရေအိုးစင်က ရေပါတဲ့ အိုး မ,ယူလာပြီး သူ့ခေါင်းကို ရိုက်ခွဲလိုက် တာပါ။ တစ်ချိန်တည်းမှာပဲ ဆိုင်ထဲမှာ ရှိနေတဲ့ မြို့ဟောင်းက ပြောင်းရွှေ့လာတဲ့ လူငယ်တွေ ထွက်လာပြီး မီးအိမ်နီရပ်ကွက်က လူမိုက်ကို ထိုးကြိတ်ကန်ကျောက် ရိုက်နှက်ကြတယ်။ သွေးအိုင် ထဲ ပုံကျတဲ့အထိပဲ။ ဆိုင်ရှေ့ ရေမြောင်းလေးထဲ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ လူမိုက်က လက်အုပ်ချီပြီး ရှိခိုးတောင်းပန်တယ်။ နောက်တစ်ခါ မိုက်ကြေးခွဲရင် ဒီထက် နာမယ်လို့လည်း ကြိမ်း မောင်းလိုက်ကြတယ်။ မီးအိမ်နီရပ်ကွက်က လူမိုက်လည်း နောက်ထပ် ထပ်မမိုက်ရဲတော့ပါဘူး။

ကျွန်တော့်ကို ပြန်ပြောနေတဲ့ သူ့ပုံစံက ဖြစ်ရိုးဖြစ်စဉ် အေး အေးဆေးဆေး ပုံစံပါပဲ။ ကျွန်တော့်မှာသာ အက်ရှင်ဇာတ်ကား ရဲ့ စလိုးမိုးရှင်းပြကွက်ကို ကြည့်ရသလို မှင်တက်ရှုမောနေမိတယ်။ ကျွန်တော်က ဘာကြောင့် ပြဿနာတစ်ခုကို လူမိုက်ဆန်ဆန် ဖြေရှင်းရတာလဲလို့ မေးတော့ ကျွန်တော့်မေးခွန်းကို သူက အပြုံး နဲ့ တုံ့ပြန်ပြီး လေအေးလေးနဲ့ ရှင်းပြတယ်။

““မမိုက်ချင်ပါဘူး။ လူမိုက်တွေကိုတော့ လူမိုက်နည်းနဲ့ ဖြေရှင်းတာ အသင့်တော်ဆုံးပါပဲ။ သူတို့က လူလိမ္မာနည်းနဲ့ ဖြေ ရှင်းတာကို နားမလည်ကြဘူး။ ဒါကြောင့် လူမိုက်နည်းနဲ့ ဖြေရှင်း လိုက်ရတာ””

““နောက်ထပ်ရော အဲဒီလူမိုက်က ပြဿနာရှာသေးလား””

““မရှာတော့ပါဘူး။ သူ ဦးကျိုးသွားပြီလေ””

သူတို့ဟာ တကယ်တော့ ရမ်းကားသူတွေ မဟုတ်ပါဘူး။ အနေအစားရိုးရိုးနဲ့ ဘ၀ကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းလိုသူတွေ သာ ဖြစ်တယ်။ ဒါပေမဲ့ လောကကြီးက ထင်ထားသလောက် မရိုး ရှင်းဘူး။ မရိုးရှင်းတဲ့ လောကကြီးအတွက် ဆန်းပြားတဲ့ နည်းတွေ သုံးပြီး တုံ့ပြန်ခဲ့ကြတယ်။ မနက်မိုးလင်းလို့ အိပ်ရာထရင် မျက်နှာ သစ်ပြီးတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ကြသူတွေ၊ အချိန်တန် ထမင်းချိုင့်လေး ထုပ်လို့ အလုပ်သွား။ အလုပ်က ပြန်လာရင် ရေမိုးချိုးပြီးတာနဲ့ အရက်ကြိုက်သူက ဘားဆိုင်သွား။ လက်ဖက် ရည်ကြိုက်သူက တီးဆိုင် ထိုင်။ ညမိုးချုပ် ရေဒီယိုနားထောင်ပြီး နိုင်ငံ့အရေးအတွက် စိတ်မော၊ အခါကြီးရက်ကြီးတွေမှာ ရပ်ရေး ရွာရေး ၀ိုင်းဝန်းလုပ်ဆောင်ကြနဲ့ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းကြ သူတွေသာ ဖြစ်ကြတယ်။

ဒီနေ့လို ကူးလူးဆက်ဆံမှုတွေ များပြားလှတဲ့ ခရီးသွား ခေတ်ကြီးမှာ တစ်နှစ်နေလို့ မြို့ပြင် တစ်ခေါက် မရောက်သူတွေ ဖြစ်ကြတယ်။ လက်ကိုင်ဖုန်းဆိုတာ သူတို့အတွက် အပိုပစ္စည်း ပါပဲ။ ၁၅၀၀ ဖုန်းတွေ ဖောချင်းသောချင်း ကိုင်နေကြတာတောင် တော်တော်နဲ့ ဖုန်းမကိုင်ဖြစ်ကြသူတွေ ဖြစ်တယ်။ သူတို့အတွက် လက်ကိုင်ဖုန်းက မလိုအပ်ဘူး။ သူတို့မှာ ဖေ့စ်ဘွတ်ခ်အကောင့် လည်း မရှိသလို အီးမေးလ်လိပ်စာလည်း မရှိပါဘူး။ အခုနောက် ပိုင်းရောက်မှသာ ကီးပတ်ဖုန်းလေးတွေ ကိုင်လာကြတာပါ။ ကျွန် တော့်လို မြို့ပြအကြေးခွန်တွေ မဟားတရား တက်နေသူအဖို့ မြို့ပြရဲ့ မွန်းကျပ်မှုတွေ ကြုံလို့ စိတ်မောလူမော ဖြစ်တဲ့အခါတိုင်း သူတို့နေတဲ့ မြို့သစ်လေးဆီ ရောက်အောင်သွားပြီး ဘ၀အမော တွေ ဖြေမိတာလည်း အကြိမ်ကြိမ်။ သူတို့ဘ၀မှာ ဘယ်သူဘယ်ဝါ ကို အားကျတယ်ဆိုတာ မရှိဘူး။ သူတို့နဲ့ စကားဝိုင်းဖွဲ့ရတိုင်း စိတ် လက်ပေါ့ပါးစရာချည်းပဲ။ တကယ်တော့ ၀င်ငွေရပေါက်ရလမ်း ကောင်းလွန်းသူတွေ မဟုတ်ကြပေမယ့် ဘ၀ကို အေးအေးဆေး ဆေး စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းနေသူတွေသာ ဖြစ်ကြပါ တယ်။ ကျွန်တော့်မှာ သူတို့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မချင့် မရဲ ဖြစ်မိတယ်။

ဟိုတလောလေးကပဲ သူ ကွယ်လွန်သွားပါပြီ အရက် သောက်လွန်းသူတွေရဲ့ လမ်းကြောင်းအတိုင်းပဲ အသည်းရောဂါ နဲ့ ဆုံးပါးသွားခဲ့ရတာပါ။ သူ ကွယ်လွန်တော့ လူငယ်ဘ၀ လွန် မြောက်ခါစ လူလတ်ပိုင်းအရွယ်သာ ရှိပါသေးတယ်။ သူ့နာရေး သတင်း ကြားကြားချင်း ကျွန်တော် ယူကျုံးမရ ဖြစ်မိတယ်။ သူက လောကကြီးကို လက်ပြနှုတ်ဆက်လို့ အပြီးတိုင် ထွက်ခွာသွားခဲ့ ပါပြီ။ သူ မကွယ်လွန်မီ မြို့ဟောင်းက ဆေးရုံမှာ နှစ်ကြိမ် တက် ရောက် ကုသမှု ခံယူခဲ့သေးတယ်။ သူ မကွယ်လွန်မီ နှစ်ရက်က လူမမာစောင့်နေတဲ့ သူ့အစ်ကိုကို သူ ဆိုးသွမ်းခဲ့တာတွေအတွက် ခွင့်လွှတ်ဖို့ တိုးတိုးညင်းညင်း တောင်းပန်တယ်။

““ဒီနေ့ ဘာနေ့လဲ ကိုကြီး””

““အင်္ဂါနေ့လေ””

““မဟုတ်ဘူး။ မြန်မာလို ရက်ကို မေးတာ””

““သီတင်းကျွတ် လပြည့်ကျော် ၁၃ ရက်””

““သြော်…မနက်ဖြန်ဆို လကွယ်နေ့ ရောက်တော့မှာကိုး””

““အေးပါ၊ မင်းဘာသာ နေကောင်းအောင်နေ။ နေကောင်း ရင် ငါတို့တစ်တွေ ဘုရားသွားကြမယ်လေ””

တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့မှာပဲ သူ ကွယ်လွန်သွား ခဲ့တယ်။ သူ အတော်လေး အားတင်းခဲ့ရတယ်။ လကွယ်နေ့မှာ ကွယ်လွန်ခဲ့ရင် မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရ လမကျော် ကောင်းဘူးဆိုပြီး သူ့ကြောင့် နာရေးကို တက်သုတ်ရိုက်ကြရမှာ စိုးလို့ လကွယ်ကျော်တဲ့အထိ တောင့်ခံသွားရရှာတာ။

ဒီအဖြစ်ကို သိတော့ ကျွန်တော့်မှာ မဖြေသိမ့်နိုင်အောင် ဖြစ်ရတယ်။ သူ အရက်တွေ နင်းကန်သောက်နေတာကို မတား ဆီးနိုင်ခဲ့တဲ့ အဖြစ် ကျွန်တော့်ရင်ကို တဆစ်ဆစ် နာကျင်စေခဲ့ပြီ လေ။ သူတို့ကို ဆုံးမပဲ့ပြင် လမ်းဩန်ရမယ့်အစား ကျွန်တော်ကိုယ် တိုင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး။ ဒီစာစုက တာဝန် မကျေတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ မျက်ဖြေလင်္ကာစုပါ ညီလေးရေ။ နောင်ဘ၀ လူပြန်ဖြစ်ခဲ့ရင် ငါတို့ ဆွေမျိုးတွေထဲမှာပဲ လူပြန်ဖြစ်ပါ။ တို့တစ်တွေ အခုဘ၀လိုပဲ စည်းစည်းလုံးလုံး ချစ် ချစ်ခင်ခင် သက်တမ်းစေ့နေသွားကြရအောင်။ ပြုသမျှ ကုသိုလ် ကောင်းမှုတွေ ညီလေးအတွက် အမျှပေးဝေပါတယ်။ ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ ညီလေးရေ…။

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here