Home သုံးသပ်ချက် ကြက်တူရွေးလေးများ မဖြစ်စေလိုပါ

ကြက်တူရွေးလေးများ မဖြစ်စေလိုပါ

33
0
ဓာတ်ပုံ - ဇေယျာလှိုင်/မော်ကွန်း မဂ္ဂဇင်း

ညနေခင်းတွေမှာ ကျွန်မအိမ်ရှေ့ရှိလမ်းသွယ်လေး ၌လမ်းထွက်လျှောက်သူများအား အိမ်ပေါ်မှ လှမ်း မြင်ရသည်။ သူတို့ပြောသွားကြသည့် စကားများ ကိုလည်း နားစိုက်ထောင်လျှင်ကြားရတတ်သည်။ ယခုလည်း လေး၊ ငါးတန်းအရွယ် ကလေးနှစ် ယောက်ဖြတ်သွားသဖြင့် ဘာရယ်မဟုတ် ကြည့်မိ သောအခါ သူတို့နှစ်ဦး ပြောသွားသောစကားများ ကို ကြားပြီး ပို၍ပင်စိတ်ဝင်စားသွားသည်။ မနေနိုင်သည့်အဆုံး အဆိုပါကလေးများအား မေးမြန်းလိုသော ကြောင့် သွားမေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့ပြောနေကြသည် က ဤသို့။

ပထမကလေး-”ဟေ့ကောင် မင်းဒီလပတ်စာမေးပွဲမှာ သင်္ချာဖြေနိုင်လား”

ဒုတိယကလေး-”ဖြေနိုင်ပါတယ်။ ဒါပေမဲ့ အမေက ၉ဝ မကျော်ရင် တုတ်ကောက်ခဲ့တဲ့။ ပြီးတော့ ဘာသာစုံ ၉ဝ မကျော် ရင် ငါလိုချင်တာ မဝယ်ပေးဘူးတဲ့ကွ”

ပထမကလေး-”မင်းကလည်းကွာ ငါဆို စာမေးပွဲခန်းထဲက ထွက်တာနဲ့ မေမေရှေ့မှာ ပြန်ဖြေပြရလို့ သင်္ချာဘယ်နှမှတ်ရလဲ သိပြီးသား” တဲ့လေ။

သာမန်လူကြားရင်တော့ သာမန်ပဲ သဘောထား ပါလိမ့်မယ်။ ပညာရေးနှင့် ပတ်သက်နေသူ ကျွန်မအနေ နှင့်တော့ အကြောင်းရင်းခံများကို သိချင်စိတ်ထိန်းမရ၊ သူတို့ကို မေးမိသည်။

”သားတို့ ဘာသာစုံ ၉ဝ ကျော် ဘာလို့ လိုချင် တာလဲ”

ပထမကလေး-”ပညာတတ်ကြီးဖြစ်အောင်လေ”

ဒုတိယကလေးက မဖြေပါ။

ကျွန်မ ဆက်၍ မေးသည်။

”မေမေတွေက ၉ဝ မကျော်ရင် ဆူလား”

ဒီတစ်ခါတော့ ဒုတိယကလေးက…

”ဆူတယ် အန်တီ။ နင် စာပဲလုပ်ရမယ်၊ ကျန်တာမလုပ်ရ ဘူးတဲ့။ ဆော့ဖို့ အချိန်မပေးတော့ဘူး။ သားကအိပ်ငိုက်တယ်”

”ဖြေပြီးတဲ့ စာတွေ သားမှတ်မိလား”လို့ မေးတော့…

”ဘာမှ မမှတ်မိတော့ဘူး”တဲ့။

ပထမကလေးက…

”သားမေမေက ဆရာမဆိုတော့ စာမေးပွဲခန်းထဲက ထွက် လာတာနဲ့ သင်္ချာဆို ပြန်ဖြေပြရတာ။ စာကျက်ရင်လည်း သည်၊ ၏ မလွဲစေရဘူး သားက ကျက်နိုင်တယ်”တဲ့လေ။

ကလေးနှစ်ယောက်ကို ကြည့်ပြီး ”အေးအေး”ဟုသာ ပြောလိုက်နိုင်သည်။ ကလေးနှစ်ယောက်ကတော့ ဆက်လက် လျှောက်သွားကြသည်။ ကျွန်မခေါင်းထဲမှာတော့ အတွေးများနှင့် ကျန်ခဲ့သည်။

ပထမဆုံး စဉ်းစားမိသည်က အမှတ်တွေများရင် ဘာဖြစ် မလဲ၊ အမှတ်တွေ နည်းရင်ရော ဘာဖြစ်မလဲ။ အမှတ်များသော ကလေးများနှင့် အမှတ်နည်းသောကလေးများကြား ကွာခြား ချက် သိသိသာသာရှိနေလို့လား၊ အဲဒီကွာခြားချက်က ဘာတွေ များပါလဲ။ ကျွန်မတို့နိုင်ငံတွင် ကလေးများအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ရွေးချယ်စရာ နည်းပါးမှုက လည်း မိဘများ၏ စာမှ စာဖြစ်စေမှုကို အားပေးနေသည်။

ဥပမာ-အမှတ်များသည့် လူနည်းစုသာ ဆေးကျောင်းတက် ခွင့်ရသည်။ ဝါသနာပါတာ၊ မပါတာထား၊ ကြက်တူရွေး နှုတ်တိုက် သင်သလို ကျက်နိုင်သူသည် အမှတ်ကောင်းလျှင် လူအများသိ သော ဆေးတက္ကသိုလ်သို့ရောက်မည်ဟု သဘောပေါက်ကြသည်။ ဆေးတက္ကသိုလ်ရောက်လျှင် အောင်မြင်ပြီဟု မှတ်ယူကြသည်။ ဤကား အချို့မိဘများအမြင်။ ရေရှည်ဝါသနာကိုအရင်းခံပြီး ပျော်ရွှင်စွာဖြင့် ဘဝကို အောင်မြင်စွာ ရပ်တည်နိုင်သော နိုင်ငံသားများ ဖြစ်လာရေးကို မရည်ရွယ်ဘဲ ငယ်စဉ်မှစပြီး စာကျက်ဖို့ ကသာ ဦးစားပေးဖြစ်သည်။

ဓာတ်ပုံ - ဇေယျာလှိုင်/မော်ကွန်း မဂ္ဂဇင်း
ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်း မဂ္ဂဇင်း

ကွဲပြားခြားနား ကလေးများ

ကျွန်မ စာသင်ပေးသူဘဝတစ်လျှောက် ကြုံတွေ့ ခဲ့ရသော ကလေးများကို လေးမျိုးခွဲခြားနိုင်သည်။

(၁) စာမှ စာ၊ ပြောစရာမလိုအောင် စာလုပ်သော ကလေး

လူမှုပေါင်းသင်းဆက်ဆံရေးပါ ဖွံ့ဖြိုးသောကလေး ရလဒ် အနေနှင့် မိဘ၊ ဆရာ ပြောရဆိုရသက်သာသည်။ ကျောင်းကိစ္စ များတွင်လည်း အချိန်ရလျှင် ပါဝင်ကူညီတတ်သည်။ သို့သော် တွေ့ရခဲပါသည်။

(၂) စာတော်သော်လည်း လူမှုပေါင်းသင်းဆက်ဆံရေးတွင် ပါဝင် လိုစိတ် အားနည်းသောကလေး

အချို့ကား ငါစာတော်သည်ဆိုသော မာန်မာနဖြင့် ဆရာ များကို ဖြစ်စေ၊ ကျောင်းသားအချင်းချင်းကို ဖြစ်စေ မတူမတန် သလိုတောင် ဆက်ဆံတတ်သော ကလေးများ ပါတတ်သေး သည်။ ရလဒ်အနေနှင့် မိဘများက စာတော်၍ ဂုဏ်ယူနိုင်သည်။  သို့သော် ရွယ်တူအတန်းဖော်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပြီး ဆရာအတွက် ခက်ခဲသော အတွေ့အကြုံပေးတတ် သော ကလေးများထဲတွင် ပါဝင်သည်။

(၃) ပုံမှန်စာလုပ်၍ လူမှုပေါင်းသင်းဆက်ဆံရေးပါ စိတ်ဝင်စားပြီး အားကိုးရသောကလေး

ရလဒ်အနေနှင့် မိဘ၊ ဆရာအနည်းငယ်သာ ပြောရသည်။ ကျောင်းစာတွင် သိပ်အပြေးကြီး မဟုတ်သော်လည်း လူမှုရေး တွင် အကူအညီရသည်။ ဆရာ၊ ဆရာမများအတွက် အချိန်မရွေး ကူညီသည့်အပြင် အတန်းထဲမှ သူငယ်ချင်းအချင်းချင်းအတွက်ကူညီရန် အသင့်ရှိနေတတ်သည်။ ”ကျောင်းဆင်းရင် မောင် မောင့်အိမ်ဝင်ပြီး သတင်းမေးခဲ့ပေးပါသားရယ်” ဆိုပြီး ဆရာမမှ ကိုယ်စားလွှတ်၍ရသည်။

(၄) ကျောင်းစာတွင်လည်း မလိုက်နိုင်၊ အခြားသော လူမှုဆက်ဆံ ရေးလည်း ကောင်းစွာ မဖွံ့ဖြိုးသောကလေး

မိဘနှင့် ဆရာ အခက်အခဲနှင့် ရင်ဆိုင်ရသည်။ သို့သော် ရာခိုင်နှုန်းနည်းပါးပါသည်။

ကျွန်မ၏ လုပ်ငန်းအတွေ့အကြုံ များအရ အမှတ် (၂) နှင့် (၃) အမျိုးအစားကလေးများ အများဆုံးဖြစ်သည်ကို တွေ့ရ သည်။ ကျွန်မ၏ အမြင်ကိုပြောပြရလျှင် အမှတ်စဉ် (၃) ပုံမှန်စာ လုပ်ပြီး အခြားသော ဖွံ့ဖြိုးမှုများလည်း မျှတစွာ ဖွံ့ဖြိုးသော ကလေးများကို လူ့ဘောင်လောကကြီးအတွက် များစွာအလို ရှိသည်။

ကျွန်မတို့ ပညာရေးစနစ်တွင် အားသာချက်များရှိသလို အားနည်းချက်များရှိပါသည်။ အားသာချက်များက ဆရာ၊ ဆရာမများသည် ကျရာတာဝန်ကို ဒေသမရွေး၊ အချိန်မရွေး သွားရောက် တာဝန်ထမ်းဆောင်ကြလေ့ရှိသည်။ ကျောင်းသား၊ကျောင်းသူအများစုသည်လည်း ဆရာ၊ ဆရာမကို လေးစားတတ် ကြသော ကလေးများ ဖြစ်သည်။

အားနည်းချက်မှာ ညွှန်ကြားချက်များကို ပြန်လှန်စဉ်းစား သုံးသပ်ခြင်း မရှိ၊ သုံးသပ်ပြခွင့် မရှိ။ ကြုံတွေ့လာရသော အခြေ အနေကို လှေနံဓားထစ်မှတ်ယူကာ တရားသေလုပ်ကိုင်တတ်ကြ သော လူအချို့ကြောင့် ဖြစ်သည်။

ကျွန်မစကားပြောခဲ့သော ကလေးနှစ်ယောက်အနက် ကလေးတစ်ဦး၏ မိခင်မှာ ဆရာမဖြစ်ပုံရသည်။ သို့သော် ထို ဆရာမသည် စဉ်းစားဆင်ခြင်မှုကို သင်ပြပေးသော ဆရာမ ဟုတ် ဟန်မတူပေ။ သူ့သား၏ သင်္ချာအဖြေကို စာမေးပွဲခန်းက ထွက် လာလျှင် အစမှအဆုံး ပြန်ဖြေပြခိုင်းသောအမေဆိုသော ကြောင့် ကလေးသည် စာမေးပွဲဖြေရ၍ ပင်ပန်းရသည့်ကြားထဲတွင် နောက်တစ်ခါထပ်ဖြေပြရပြန်သည်။ ဤလပတ်စစ်ပြီး ရလာ သော သင်္ချာအမှတ်သည် နောင်တစ်ချိန် ကလေးဘဝ အောင်မြင် မှုနှင့် ဘယ်လောက်အတိုင်းအတာအထိ ဆက်စပ်နေသလဲ၊ စာ မေးပွဲတွင် ဖြေရသော သင်ခန်းစာများအတိုင်း တစ်ပုံစံတည်း လက်တွေ့ဘဝတွင် ပြဿ      နာများကို တွေ့ကြုံရမည် မဟုတ်ပေ။

များသောအားဖြင့် အလွတ်ကျက်ရသောသင်ကြားမှုနှင့် ကြီးပြင်းလာရသော ကလေးများသည် အလွတ်ကျက်မှတ်နေ သည့်ကြားမှပင် အစရရင် ရတယ်၊ အစမေ့သွားရင် မရတော့ဘူး ဆိုသူများ၊ သင်္ချာကို ဒီအတိုင်း ပေါင်း၊ နုတ်၊ မြှောက်၊ စားရင် ရ တယ်၊ ပုစ္ဆုာနည်းနည်းလှည့်လိုက်ရင် မတွက်တတ်တော့ဘူး ဆို သူများ၊ ပထဝီဝင်ပါ မြေပုံတွင် စကေးကို အလွတ်ကျက်မှတ်ကာ ဆွဲရသည့် ကလေးများ၊ တစ်တန်းပြီးသွားလျှင် အဆိုပါ အတန်းမှ စာများကို ဘာတစ်ခုမှ မမှတ်မိတော့သော ကလေးများ စသဖြင့် မြင်ဖူးကြပေလိမ့်မည်။

အဆိုပါ ကလေးများ မည်ကဲ့သို့ လေ့လာသင်ယူနေသော ကြောင့် အထက်ပါ ဖြစ်ရပ်များဖြစ်ရသနည်းဟု စဉ်းစားရပေ တော့မည်။ ကျွန်မအနေနှင့် ကလေးများသည် များသောအားဖြင့် အလွတ်ကျက်မှတ်နိုင်သူက တော်သည်၊ ကျက်မှတ်ပြီး ပြန်ဖြေရုံ ဖြင့် အမှတ်ပြည့်ရလာသော ကလေးများက တော်သည်ဟု လက် ခံထားသော ပညာရေးစနစ် မိဘ၊ ဆရာ၊ ဆရာမများကြောင့်ဟု ဆိုရပေမည်။

သင်ကြားပုံစနစ် အလုပ်ဖြစ်ရဲ့လား

ပုံမှန် ဆရာ၊ ဆရာမများနှင့် စဉ်းစားဉာဏ်ရှိပြီး စာကို သင် ရာတွင် ကလေးအတွက် အတန်းပညာသာမက ဘဝပညာပါ ပေး နိုင်သော ဆရာမများ ကွာခြားပုံကို အောက်ပါဥပမာလေးများဖြင့် သိနိုင်သည်။

နိုင်ငံခြားတိုင်းပြည်များတွင်လည်း Social Studies ဟု ခေါ်သော သမိုင်း၊ ပထဝီဝင်ပါသော Text book သင်ရပါသည်။ သူတို့တိုင်းပြည်များတွင်လည်း ပြည်တွင်းစစ်အကြောင်းများ၊ သမိုင်းကြောင်းများကို အချက်အလက်များဖြင့် သင်ရသည်မှာ မဆန်းပါ။ သို့သော် ဆန်းသည်က သင်ကြားပုံနှင့် မေးခွန်းထုတ်ပုံပဲ ဖြစ်သည်။

မြန်မာ့ပညာရေးစနစ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ အတော်များများ သမိုင်းသင်ရာတွင် မေးခွန်းကို ရေးပေးပြီး အဖြေကို ဖတ်စာစာအုပ်ထဲတွင် လက်သည်းကွင်း ကွင်းပေးလိုက်ပြီး စာအုပ်ထဲ အချိန်ကုန်ခံ လက်ညောင်းခံခိုင်းကာ ကလေးများအား ပြန်ကူးရေးခိုင်းသည်။ ကလေးများအား မေး ခွန်းများ မေးခွင့်မပေး။ ရှင်းပြပြီးလျှင် ကလေးနားလည်သည် ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သင်ခန်းစာပြီးမြောက်ပြီထင် ကြသည်။

ကလေးများကလည်း ပင်ပန်းကြီးစွာဖြင့် အလွတ်ကျက်ကြ သည်။ စာမေးပွဲရောက်သောအခါ အကုန်မှတ်မိသူက အမှတ်ပို ရသည်။ အနည်းငယ်မေ့သူက အမှတ်လျော့သည်။ နောက်တစ် တန်းရောက်၍ မြန်မာ့သမိုင်းဝင် အဖြစ်အပျက်များကို မေးကြည့် ပါ။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ အကြောင်းပြောပြပါဆိုလျှင် ခုနှစ်တောင်မှ မသိတော့ချေ။

ဤနေရာတွင် အခြားသောနိုင်ငံမှ သမိုင်းသင်ရာတွင် စာကို သေချာဖတ်ပြီး နားမလည်လျှင်၊ မေးခွန်းများကို ဖြေမရ လျှင် ပြန်လည်မေးစေသည်။ စာမေးပွဲရောက်မှ တစ်ခါမှ မစဉ်း စားဖူးသောအဖြစ်မျိုး၊ မဖြေနိုင်သောအဖြစ်မျိုး ရှားသည်။ အမေ ရိကန်နှင့် စပိန်စစ်ပွဲအကြောင်းရေးပါဟူသော မေးခွန်းမျိုးကို ကျွန်မ အင်တာနေရှင်နယ်ကျောင်းများတွင် လုပ်ကိုင်ခဲ့စဉ်တစ် လျှောက် မမြင်ဖူးခဲ့ပေ။ အဆိုပါမေးခွန်းမျိုးအစား အမေရိကန် နှင့် စပိန်စစ်ပွဲတွင် ရိက္ခာရောက်မလာပါက စစ်ပွဲတွင် တာဝန် ယူနေရသော ဗိုလ်ချုပ်တစ်ယောက်အနေနှင့် မည်ကဲ့သို့ဖြေရှင်း မည်နည်းဆိုတာမျိုး မေးသည်။

ကလေးသည် ဖတ်စာအုပ်ကိုလည်း မဖြစ်မနေ ပြန်ဖတ်ရ သည်။ ရိက္ခာရောက်၊ မရောက်ပြန်ရှာရသည်။ ဖတ်စာအုပ်ထဲတွင် ရောက်ပြီး မေးခွန်းတွင် မရောက်သောအခါ စဉ်းစားတွေးခေါ်ပြီး ဖြေရတော့သည်။ လေ့လာရတော့သည်။ ကလေးလည်း မှတ်မိ သွားပြီး အလွတ်ကျက်ရသည့် ဒုက္ခ၊ စာမေးပွဲရောက်မှ မေ့သွားလို့ မဖြေခဲ့ရသည့် ဒုက္ခများမှ ကင်းဝေးသွားသည်။ ကျက်ရမည့် စာ များကို ဖတ်စာအုပ်ထဲတွင် လက်သည်းကွင်းလေး ကွင်းပေးလိုက် ပြီး ကလေးငြိမ်လျှင်ပြီးရော စာရေးခိုင်းထားသည်ကိုမူ မမြင်ဖူးပေ။

ထို့ကြောင့် ခေတ်မီလှပသော စာသင်ခန်းကြီးရှိမှ ကလေး စဉ်းစားတွေးခေါ် တတ်သည် မဟုတ်ပေ။ စဉ်းစားတွေးခေါ်တတ် သော ဆရာ၊ ဆရာမများ၊ သင်နည်း၊ ကလေးစိတ်ပညာ၊ သင်ရ မည့် အကြောင်းအရာကို သိသော ဆရာ၊ ဆရာမများနှင့် ဆိုလျှင် ကလေးပညာရေး ရင်အေးနိုင်သည်။

သင်္ချာပညာရပ်သင်လျှင်လည်း ကြည့်ပါဦး။ မောင်မောင် တွင် ပန်းသီး အလုံး (၃ဝ) ရှိသည်။ သူငယ်ချင်းနှစ်ယောက်ကို ပန်းသီးအညီအမျှပေးသော် တစ်ဦးလျှင် မည်မျှရမည်နည်းဟု မေးရိုးမေးစဉ်များအစား အတန်းထဲတွင် လူဘယ်နှယောက်ရှိလဲ ရေတွက်ခိုင်းမည်။ ၂ဝ ဦးရှိလျှင် တစ်ဦးကို ပန်းသီးသုံးလုံးစီ ပေး ချင်လျှင် ပန်းသီးမည်မျှ သင့်ထံ ရှိရမည်နည်းဟု အနည်းငယ်တွေး စရာပါသော သင်ခန်းစာကို အုပ်စုခွဲပြီး အတူအဖြေရှာစေသည်။

ထို့နောက်မှ တစ်ဦးချင်းစီ တွက်ချက်နိုင်သောအခါ တွက်စေ သည်။ ကလေးသည် နားလည်ပြီး တွက်ရသောကြောင့် ပျော်ရွှင်မှု ရသလို အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်လာသည်။ အလီကို အော်ကျက်နေရသော ကလေးဟူ၍ မမြင်ဖူးခဲ့ပေ။ ပထဝီဝင်ပုံ များကိုလည်း မရှိသော နိုင်ငံတစ်နိုင်ငံပုံကို အတန်းထဲရှိ ကျောင်း သားများအားလုံး ဆွဲစေပြီး ဆွဲထားသောပုံများ တူညီသည်အထိ လေ့ကျင့်ပေးထားသည်။ အလွတ်ကျက်ပြီး ဆွဲထားသည်ကို မတွေ့ ဖူးခဲ့ပေ။

အထက်ပါအကြောင်းအရာများကို ကြည့်လျှင် အချို့ သော လူတွေ ယူဆသကဲ့သို့ ကောင်းမွန်သော အဆောက်အအုံ၊ ကလေးကစားကွင်း၊ သင်ထောက်ကူများရှိရန် အရေးကြီးသလို  စဉ်းစားချင့်ချိန်ကာ သင်ပြနည်း၊ ကလေးစိတ်ပညာ၊ သင်ကြားရ မည့် ဘာသာရပ်ကို ကျွမ်းကျင်သော ဆရာ၊ ဆရာမများရှိလျှင် လက်ရှိ နိုင်ငံအနေအထားနှင့် အတော်အဆင်ပြေမည်ဖြစ် လေသည်။

ဆရာ၊ ဆရာမသည် ဒါမေး၊ ဒါကျက်၊ ဒါဖြေ၊ ဒါတွက်ဟူ သော လမ်းရိုးဟောင်းသံသရာထဲမှ မထွက်နိုင်ဘဲ သင်ကြားနေ သေးသမျှ စဉ်းစားတွေးခေါ်တတ်သော လူ့ပတ်ဝန်းကျင်အတွက် မည်သည်က သင့်တော်သည်၊ ကောင်းသည် စသဖြင့် ဝေဖန်ပိုင်း ခြားနိုင်သော ကလေးများ ရှိမလာနိုင်ပေ။ အဆိုပါ ကလေးများ၏မျိုးဆက်များမှ ရလာသော ကလေးများသည်လည်း အများ ယောင်၍လိုက်ယောင်သော ကလေးများအဖြစ် ကိုယ်ပိုင်အတွေး အခေါ် နည်းပါး၊ ဗဟုသုတစာပေဖတ်ဖို့ အချိန်မပေး၊ လူမှုဆက်ဆံ ရေး မဖွံ့ဖြိုးသော ကလေးများအဖြစ် ဆက်မြင်တွေ့နေရပေဦးမည်။

မိဘများအနေနှင့်လည်း စဉ်းစားတွေးခေါ်တတ်သော ကလေး၊ ကိုယ်ပိုင်အသိဉာဏ်ဖွံ့ဖြိုးပြီး အခြားသော ကာယ၊ ဉာဏ ပေါင်းသင်းဆက်ဆံရေးစသဖြင့် ဘက်စုံဖွံ့ဖြိုးသော ကလေးများ ဖြစ်လာရန် ပိုအရေးကြီးကြောင်း သဘောပေါက်ရန် လိုအပ်ပေသည်။ ယုံကြည်ကိုးစားနိုင်သော အမှတ်ပေးစနစ်၊ သင်ကြားမှုတို့ ရှိနှင့်ပြီးသော တိုးတက်သည့် နိုင်ငံများမှာပင်လျှင် စာတစ်ခုတည်းကို အသားမပေးဘဲ အခြားသော ဖွံ့ဖြိုးရေးများကို လည်း စာပေလေ့လာသကဲ့သို့ အတူတူ လုပ်ဆောင်သင်ယူကြ ပါကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။    ။

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀) မှသုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

နွေအေးချမ်း ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here