Home သတင်းဆောင်းပါး ၀င်ငွေထွက်ငွေ မမျှ အခြေခံလူတန်းစားတို့ဘဝ

ဝင်ငွေထွက်ငွေ မမျှ အခြေခံလူတန်းစားတို့ဘဝ

223
0
ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

မင်းလွင်ရေးသည်။

ရန်ကုန်(မတ်၊ ၂ဝ၁၇)

မင်္ဂလာဒုံပုလဲမြို့သစ်မှာနေထိုင်တဲ့ ပန်းရံလုပ်သားကိုနိုင်လင်းရဲ့ တစ်မနက်ခင်း နံနက်စာ၊ ကွမ်းယာဖိုးနဲ့ ကားခတွေအသုံးစရိတ်ဟာ ၁,၅၀၀ကျပ် ၀န်းကျင်ရှိပါတယ်။ သူရဲ့ဝင်ငွေဟာတစ်ရက်ကို ခုနစ်ထောင်ရှိတာကြောင့် နေ့စဉ်ဝင်ငွေနဲ့ထွက်ငွေမျှတအောင် မနည်းခြစ်ချုပ်သုံးစွဲရတယ်လို့ သူကဆိုပါတယ်။

Advertise Here

“နေ့တိုင်းစားနေတော့လည်း နေ့တိုင်းရှင်းနေရတာပေါ့ဗျာ”  လို့ သူကညည်းတွားပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ နယ်ပယ်အသီးသီးက အခြေခံလုပ်သားတစ်ဒါဇင်ကျော်ကို မော်ကွန်းကမေးမြန်းရာမှာတော့ ကိုနိုင်လင်းလိုပဲ ၀င်ငွေနဲ့ထွက်ငွေမကာမိတဲ့သူတွေချည်းပါပဲ။ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးနဲ့ သားသမီးတွေရဲ့ပညာရေးတွေမှာ အခက်ခဲတွေတွေ့နေကြရတယ်လို့ဆိုပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရတော့ ရန်ကုန်တိုင်းဒေသကြီးက လူဦးရေ ခုနစ်သန်းကျော်မှာ ပုဂ္ဂလိကလုပ်ငန်းတွေမှာ                          လုပ်ကိုင်နေကြတဲ့ အလုပ်သမားနှစ်သန်းခွဲနီးပါးရှိပြီး ၀င်ငွေနည်းအခြေခံလုပ်သား လေးသိန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

မိသားစုစားဝတ်နေရေး

အခြေခံလုပ်သားတစ်ဦးဖြစ်တဲ့ ကိုနိုင်လင်းတို့ ဇနီးမောင်နှံမှာ တစ်နှစ်ကျော်အရွယ်သားတစ်ဦးရှိပါတယ်။ သူရတဲ့ဝင်ငွေကျပ်ခုနစ်ထောင်ထဲက  သုံးထောင်ကို နေ့စဉ်စားသောက်ဖို့ မီးဖိုချောင်စားရိတ်အဖြစ် သုံးရတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် အသီးအရွက်၊ ငါးခြောက်၊ ကြက်ဥ ဘဲဥ တွေဟာ  သူတို့ရဲ့အာဟာရတွေပဲဖြစ်ပါတယ်။

“အသားဟင်းကျတော့ တစ်ပတ်တစ်ခါလောက်ပဲ စားနိုင်တယ်။ ဒါတောင်နပ်မမှန်ဘူး” လို့ ကိုနိုင်လင်းက ပြုံးပြုံးရယ်ရယ်နဲ့ပြောတယ်။

ကိုနိုင်လင်းက လက်ရှိမှာ နှစ်ခန်းတွဲခြောက်ထပ်တိုက်တစ်လုံး ဆောက်လုပ်တဲ့နေရာမှာလုပ်ကိုင်နေရပေမယ့် သူအတွက်တော့ ကိုယ်ပိုင်အိမ်တစ်လုံးမဆိုနဲ့ လတ်တလောနေထိုင်နေတဲ့ တစ်လကျပ်သုံးသောင်းခွဲတန် ၁၀ ပေပတ်လည်သာသာ အိမ်ခန်းလေးကိုတောင် ၁၀ ကျပ်တိုးနှုန်းနဲ့ ချေးပေးနေရတယ်လို့ ဆိုပါတယ်။

ကိုနိုင်လင်းလိုပဲ ဒေါပုံမြို့နယ်က ကုမ္ပဏီယာဉ်မောင်း ကိုအေးမင်းအောင်ဆိုရင်လည်း အိမ်ငှားနေထိုင်ရသူဖြစ်ပါတယ်။ သူ့အလုပ်က အစမ်းခန့်ကာလဖြစ်တာကြောင့် တစ်လကို ကျပ်တစ်သိန်းနှစ်သောင်းရပြီး သူ့နေ့စဉ်အသုံးစရိတ်က ၀င်ငွေထက် နေ့စဉ် ကျပ်နှစ်ထောင်လောက်ပိုသုံးမိနေပေမယ့် သူ့ဇနီးရဲ့လစာငွေရှိနေတာကြောင့် တော်သေးတယ်လို့ သူကပြောပါတယ်။

“နှစ်ယောက်လုံး ဝင်ငွေရှိလို့တော်သေးတယ်ပြောရမယ်။ မဟုတ်ရင်အိမ်ငှားခနဲ့တင် စားဖို့ကျန်မှာမဟုတ်ဘူး” လို့ ကိုအေးမင်းအောင်က ဆိုပါတယ်။

အခုလည်း သူ့ဇနီးမိဘဘက်ကဆင်ပေးထားတဲ့ လက်ဝတ်လက်စားအချို့ကိုပေါင်နှံပြီး ငှားထားတဲ့အိမ်ခန်းလေးက သုံးလပြည့်တော့မှာဖြစ်ပေမယ့် အပေါင်ပစ္စည်းတွေကတော့ ခုထိပြန်မရွေးနိုင်သေးပါဘူး။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ပေါင်းဝင်ငွေဟာ ကျပ်နှစ်သိန်းခုနစ်သောင်းဝန်းကျင်ရှိပါတယ်။ အိမ်လခကတော့ တစ်လကို တစ်သိန်းနှစ်သောင်းကျပ်ပေးရပြီး သုံးလတစ်ခါ အငှားစာချုပ်ချုပ်ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အိမ်ထောင်စုတစ်ရာမှာ ၆၄ အိမ်ထောင်စုခန့်က အိမ်ရာပိုင်ဆိုင်ကြတယ်လို့ ၂၀၁၄ သန်းခေါင်းစာရင်းမှာဖော်ပြထားပြီး အိမ်ပိုင်ရှိသူအများစုကလည်း ကျေးလက်မှာနေထိုင်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ အိမ်ငှားနေထိုင်သူတွေ တိုးလာနေတယ်လို့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက မော်ကွန်းကိုပြောပါတယ်။

ကိုနိုင်လင်း အလုပ်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းခွင်တစ်နေရာ ။ ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

ပညာရေး၊ ကျန်းမာရေး

ကိုနိုင်လင်းနဲ့ ကိုအေးမင်းအောင်တို့မိသားစုတွေမှာ သားသမီးတွေရဲ့ပညာရေးအတွက်လည်း ၀င်ငွေကို ချင့်ချိန်သုံးစွဲ နေကြရပါတယ်။

ကိုနိုင်လင်းတို့ဇနီးမောင်နှံဟာ ရေးတတ်ဖတ်တတ်ရုံလောက်နဲ့ ကျောင်းကထွက်ခဲ့ရတာကြောင့်  “ကျွန်တော့်သားလေး ကိုတော့ အဲဒီလိုဘယ်တော့မှအဖြစ်မခံနိုင်ဘူး” လို့ ကိုနိုင်လင်းက ရင်ဖွင့်ပါတယ်။

ဒါကြောင့်လည်း ၀င်ငွေတစ်ချို့ကို ရပ်ကွက်ထဲက စုကြေးစုတဲ့အဖွဲ့မှာ မဲတစ်မဲယူပြီး တစ်ရက်ကိုကျပ်နှစ်ထောင် နေ့စဉ် ထည့်ဝင်နေပါတယ်။ အဲဒီလိုစုဆောင်းနိုင်အောင်လည်း မသုံးမဖြစ်တာတွေကလွဲရင် ငွေကိုချွေတာရတယ်လို့ ဆိုပါတယ်။

စားဝတ်နေရေးအပြင် ကျန်းမာရေးအသုံးစရိတ်ကလည်း ရှိနေပြန်ပါတယ်။ ကိုနိုင်လင်းကတော့ တော်ရုံကိုက်ခဲဖျားနာတာမျိုးဆိုရင်တော့ လမ်းထိပ်က အကိုက်ခဲပျောက်ဆေးတွေ စပ်ဆေးတွေပဲသောက်လိုက်ပါတယ်။

“လောလောဆယ်တော့ ကျန်းမာရေးအတွက် ငွေကိုဖယ်ထားတာမျိုး မလုပ်ဖြစ်ဘူး” လို့ သူကပြောပါတယ်။

ကိုအေးမင်းအောင်ဇနီးကတော့ မကြခဏ ဗိုက်အောင့်တတ်ပြီး လေးလအရွယ်သားငယ်ကလည်း ရင်ကျပ်လိုက်၊ ဖျားလိုက်နဲ့ ဆေးခန်းခဏခဏပြနေရပါတယ်။ တစ်ရက်မှာတော့ ကလေးက အထက်လန်အောက်လျှောဖြစ်တာကြောင့် ဆေးရုံတင်ရဖို့ ကြုံလာပါတယ်။ လမကုန်ခင် ၁၀ ရက်အလိုမှာဖြစ်တာကြောင့် စားစရိတ်အတွက်ချန်ထားတဲ့ ကျပ်ခြောက်သောင်းလောက်ပဲ လက်ထဲမှာရှိပြီး အရင်အကြွေးတွေလည်း ပြန်မဆပ်နိုင်သေးတာကြောင့် အသိအကျွမ်းတွေဆီကလည်း ထပ်မချေးရဲ။

ကလေးကလည်း ရန်ကင်းကလေးဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပြောင်းရွှေ့ရပါတယ်။ ကိုအေးမင်းအောင် ကလည်း အလုပ်ဆင်းနေရတာကြောင့် ညနေကျမှပဲ ညပိုင်းအချိန်ပိုခွင့်တိုင်ပြီး ဆေးရုံလိုက်သွားဖို့ ပြင်ရပါတော့တယ်။

“သွားမယ်သာလုပ်ရတာ လက်ထဲလမ်းစရိတ်တောင်မရှိဘူး” လို့ ထိုနေ့က ကြုံရပုံကို ကိုအေးမင်းအောင်က ပြန်ပြောပြ ပါတယ်။

ဒါကြောင့် စားနေကျကွမ်းယာဆိုင်ကနေ ငွေငါးထောင်ကို မျက်နှာပူပူနဲ့ချေးယူရပါတယ်။ ကံကောင်းချင်တော့ သူ့သူငယ်ချင်းတစ်ဦးက ကားနဲ့ရောက်လာပြီး သူ့ကိုဆေးရုံထိပို့ခဲ့တာကြောင့် လမ်းစရိတ်မသုံးရတော့ဘဲ ကလေးအတွက်လိုအပ်တာတွေ ၀ယ်ခြမ်းပေးလိုက်နိုင်ပါတယ်။

ဆေးရုံပေါ်မှာ ငါးရက်ကြာပြီးပြန်ဆင်းလာတော့ ဆေးကုသစရိတ် ကျပ်တစ်သိန်းနှစ်သောင်းကျော်ကုန်သွားတာကြောင့် လက်ထဲရှိသမျှ တက်တက်စင်ကုန်သွားတဲ့အပြင် အကြွေးပါထပ်တင်ပါတယ်။ နောက်နေ့တွေမှာတော့ အလုပ်နားက စားနေကျထမင်းဆိုင်မှာ အကြွေးစားရပါတော့တယ်။

ဝင်ငွေနည်းကျပ်တည်းရတဲ့အထဲမှာ ကုန်ဈေးနှုန်းတွေကလည်း တဖြည်းဖြည်းတက်လာတာကြောင့် နေ့စဉ်ဘ၀ ရပ်တည်ရတာခက်ခဲလာတယ်လို့ ကိုအေးမင်းအောင်တို့လို အခြေခံလုပ်သားတွေကဆိုပါတယ်။

အစိုးရသစ်လက်ထက် ရှစ်လတာကာလအတွင်း အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁,၃ဝ၀ ကျော်အထိ ရောက်ရှိခဲ့တာကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူလူထုကြုံတွေ့ခဲ့ရပါတယ်။

ဗိုလ်တထောင်ဆိပ်ကမ်းမှ ကုန်တင်ကုန်ချ အလုပ်သမားများ ။ ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

အကျိုးဆက်

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ကျပ် ၁,၁၀၀ တန် ဆန်တစ်ပြည်ဟာ ဒီဇင်ဘာအတွင်းမှာတော့ ၁,၃၀၀ ဖြစ်လာပါတယ်။ ထိုနည်းတူ အခြားမီးဖိုချောင်သုံးစားသုံးကုန်တွေလည်း တက်လာတာကြောင့် ကိုနိုင်လင်းပေးတဲ့ နေ့စဉ်ဈေးဖိုးငွေ သုံးထောင်က မလောက်ငတော့။

ဒါကြောင့်လည်း ဇနီးဖြစ်သူက ဈေးဖိုးငွေပိုတောင်းတဲ့အခါမှာတော့ “ဝင်ငွေမတိုးဘဲ ကုန်ကျစရိတ်သာတိုးလာတော့ အိမ်ထောင်ရေးမှာ အဆင်မပြေတာလေးတွေ ဖြစ်လာရော” လို့ ကိုနိုင်လင်းကပြောပါတယ်။

တစ်ခါမှာတော့ အလုပ်သမားခေါင်းက နေ့တွက်ခရှင်းမသွားတာကြောင့်ငွေမရခဲ့ပါဘူး။ ဇနီးဖြစ်သူက ဈေးဖိုးငွေ တောင်းတဲ့အခါမှာတော့ အလုပ်ပင်ပန်းတဲ့ဒဏ်ပါရောကာ ဇနီးဖြစ်သူကျောကိုလက်နဲ့နှစ်ချက်ဆင့်ရိုက်ပြီး ခြေနဲ့ပါ တစ်ချက်ကန်လိုက်မိပါတော့တယ်။

အခုလို ၀င်ငွေထွက်ငွေမမျှတဲ့ပြဿ      နာကို ကိုနိုင်လင်းနဲ့ ကိုအေးမင်းအောင်ပဲရင်ဆိုင်နေရတာမဟုတ်ပါဘူး။ မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့တဲ့ အခြေခံလုပ်သားတစ်ဒါဇင်ကျော်ကလည်း ကြုံနေကြရပါတယ်။

ရန်ကုန်တိုင်းအစိုးရသစ်ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ်အပြောင်းအလဲမှာ ဘတ်စ်စကားတွေ အဆင့်ဆင့်ပြောင်းစီးရတာကြောင့်လည်း ခရီးစရိတ်နေ့စဉ်ပိုမိုကုန်ကျတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ဒဂုံဆိပ်ကမ်းမြို့နယ်မှ အနှေးယာဉ်လုပ်သား ဦးဇော်မင်းထွန်းဆိုရင် ဇနီးနဲ့ ကလေးငါးယောက်ရဲ့ နေ့စဉ်အိမ်စရိတ် ကျပ် ၂,၅၀၀ မပေးနိုင်လို့ မိမိကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့ပါတယ်။

သာကေတမြို့နယ်အတွင်းမှ ဈေးမြင်ကွင်းတစ်ခု ။ ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

ဘယ်လိုဖြေရှင်းမလဲ

အခုလို ၀င်ငွေထွက်ငွေမမျှမတဖြစ်ရတဲ့ အကြောင်းရင်းဖြစ်တဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းနဲ့ နေထိုင်စရိတ် မြင့်တက်လာမှုတွေကို အစိုးရကနေ ၀င်ရောက်ဖြေရှင်းပေးရန် ရှိ/မရှိဆိုတဲ့ မေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသက်ကမေးမြန်းခဲ့ဖူးပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က “ကုန်ဈေးနှုန်းများကို အစိုးရကတိုက်ရိုက်ထိန်းချုပ်ဆုံးဖြတ်ခြင်းမပြုဘဲ ရောင်းလိုအား၊ ဝယ်လိုအားအပေါ်မူတည်၍ သတ်မှတ်ဆုံးဖြတ်ခြင်းသာ ဖြစ်သဖြင့် ထိန်းညှိခြင်းကိုသာဆောင်ရွက်ပေးလျှက်ရှိပါသည်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒေါ်ခင်နှင်းသက်ကတော့ အစည်းအဝေးတွေ ရပ်နားပြီး သူ့မဲဆန္ဒနယ်ကိုပြန်ရောက်ထိတိုင် “သိသာမြင်သာတဲ့ လုပ်ဆောင်မှုမျိုး မတွေ့ရဘူး” လို့ မှတ်ချက်ပေးပါတယ်။

စီးပွားရေးသုတေသီတစ်ဦးဖြစ်တဲ့ ဦးစောနိုင်(အသုံးချဘောဂဗေဒ)ကတော့ အစိုးရတစ်ရပ်အနေနဲ့ ကုန်ဈေးတင်မကဘဲ  “ပြည်သူ့အရေးကိစ္စမှန်သမျှ အစိုးရမှာတာဝန်ရှိတယ်” လို့ဆိုပါတယ်။

“ဈေးကွက်ကြောင့်လို့ အကြောင်းပြနေရင် ပြည်သူတွေက အငတ်ခံနေရမှာလား” လို့လည်း သူကမေးခွန်းထုတ်ပါတယ်။

အရင်အစိုးရတွေလက်ထက်ကတည်းက ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပေမယ့်လည်း ယနေ့အချိန်ထိ ဈေးကွက် ပီပီပြင်ပြင်မရှိသေးတာကြောင့် “အစိုးရအနေနဲ့ နည်းအမျိုးမျိုးနဲ့ ဝင်ပြီးတော့ ထိန်းရမှာပဲ ” လို့ သူကမှတ်ချက်ပေးပါတယ်။

အဲသည်လိုလုပ်နိုင်ဖို့ အရင်းအနှီးစိုက်ထုတ်နိုင်သည့် ကုန်သည်တွေ၊ ထုတ်ကုန်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့လည်း အကြံပြုပါတယ်။

ကိုနိုင်လင်းလို သာမာန်ပြည်သူတစ်ဦးအနေနဲ့ကတော့ ဘာကြောင့် ကုန်ဈေးနှုန်းတွေမြင့်တက်နေသလဲ၊ အစိုးရက ဘာတွေလုပ်ဆောင်နေလဲဆိုတာကို မသိနိုင်ဘဲ ရတဲ့ငွေနဲ့မလောက်ငတာကြောင့် စိတ်မောလူမော ဖြစ်ရတယ်လို့ ဆိုပါတယ်။

မိုးလင်းမိုးချုပ် အလုပ်လုပ်ပြီး အိမ်ပြန်ရောက်လို့ အိပ်ယာဝင်ချိန်ထိ သူနောက်ဆုံးဝါးခဲ့တဲ့ ကွမ်းတစ်ယာဖိုးကုန်တဲ့ အချိန်မှာတော့ တစ်နေ့တာအသုံးစရိတ်အဖြစ် ငွေကျပ် ၄,၅၀၀ ကျော်ကို သုံးခဲ့ရပြီးဖြစ်ပါတယ်။

အိပ်ယာမ၀င်ခင် သူအခုလိုညည်းတွားလိုက်ပါတယ်။

“နေ့စဉ်တွက်ဆပြီး စားသောက်နေရတော့ ကုန်ဈေးနှုန်းတွေကျစေချင်မိတာ အမှန်ပဲ”  ။        ။

 

အဆိုပါဆောင်းပါ အပြည့်အစုံကို ၂၀၁၇-မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄) တွင် ဖတ်ရှုနိုင်ပါသည်။ မော်ကွန်းမဂ္ဂဇင်းကို အောက်ပါ စာအုပ်ဆိုင်များတွင် ရရှိနိုင်ပါသည်။

 

  • အင်းဝစာပေ – အမှတ် ၂၄၆ ၊ အခန်း(၂၀၁၊ ၃၀၁) ပန်းဆိုးတန်းလမ်း နှင့်  အမှတ်(၁၈) ၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း
  • ရာပြည့်စာပေ- အမှတ် ၂၆၂၊ ခ ၊ ပန်းဆိုးတန်းလမ်း၊
  • TAB Book Centre ၊ တော်ဝင်စင်တာ ၊ ၆ လွှာ ၊ ပဲခူးကလပ်၊
  • Today စာပေ ၊ အမှတ်(၅၁၄ ၊၅၁၆ ) ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ကျောက်တံတားမြို့နယ်။
  • စာပေလောက ၊ အမှတ်(၃၂) ၊ ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း။
  • စာပေလောက (၂) ၊ အမှတ်(၂၆၂ ၊ စီ) ၊ အထက်ပန်းဆိုးတန်းလမ်း။
  • စာပေလောက(၅) ၊ အမှတ်(၁၃၈၊ ၁၄၀) ပ- ထပ် ၊ ပန်းဆိုးတန်းလမ်းအလယ် ၊ (အနော်ရထာ -ဗန္ဓုလ)
  • စာပေလောက(၈)၊ အမှတ်( ၂၂) ကျားကွက်သစ်လမ်း၊ ဓမ္မဝိဟာလမ်းထိပ်၊ ကျောက်မြောင်း။
  • စာပေလောက(တောင်ဥက္ကလာပ)၊ အမှတ် ၃၆ အေ ၊ သုမင်္ဂလာလမ်း၊ ပဒေသာမှတ်တိုင်။
  • စာပေလောက(မြောက်ဥက္ကလာပ)၊ အမှတ် ၈ ဒီ၊ ခေမာသီလမ်း၊ ဈ ဈေးမှတ်တိုင်။
  • စာပေလောက (ရန်ကင်း) ၊ အမှတ်( ၁၀၁) ၊ အ.ထ.က(၁) ကျောင်းရှေ့၊ ၁၂ လုံးတန်းမှတ်တိုင်၊ ရန်ကင်းလမ်း။
  • ရန်အောင်စာပေ၊ ၁၂ လုံးတန်းမှတ်တိုင်၊ ရန်ကင်း။
  • ပါရမီ စာပေ၊ အမှတ်(၂၃၀) ၂၉ လမ်း အထက်။
  • ကိုလတ်စာပေ၊ အမှတ်(၂၀၀) ၊ ၃၁ လမ်း အထက်။
  • စောဦးစာပေ၊ အမှတ်(၁၆၉)၊ ၃၁ လမ်း အထက်။
  • ပန်းရွက်ဝေစာပေ၊ အမှတ်(၂၀၃)၊ ၃၂ လမ်းအထက်။
  • ကျော်သိန်းစာပေ၊ အမှတ်(၂၁၄-၂၁၈ ) ၊ ၃၂ လမ်း အထက်။
  • နေစေးစာပေ၊ အမှတ်(၁၉၅)၊ ၃၂လမ်း အထက်။
  • ခေတ်သစ် ၊ အမှတ်(၄၇၀)၊ မဟာဗန္ဓုလလမ်း၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား။
  • ပန်းဆက်လမ်း ၊ အမှတ်(၀၀၃) ၊ ဇင်္ဂမလမ်း၊ ဇင်္ဂမအိမ်ရာ၊ သာကေတမြို့နယ်။

 

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here