Home အက်ဆေး ဟေမန္တဆောင်းကို ကျော်လွန်၍

ဟေမန္တဆောင်းကို ကျော်လွန်၍

236
0
Illustration - THIHA 2017
Advertise Here

ဒီနှစ်ဆောင်းက ဆောင်းရယ်လို့ ပီပီပြင်ပြင် မဖြစ်လိုက်။ ဆောင်းနှောင်းရက်တွေ ရောက်သည့်တိုင် နှင်းက ကျချင်သလိုလို၊ မကျချင်သလိုလို။ ရှစ်ခွင်တိုင်း မှုန်ရီနေပေမယ့် အအေးဓာတ်က ဘယ်ဆီ ဘယ်ဝယ် ရောက်နေတယ် မသိရချေ။ မြောက်ပြန်လေသွေးရမယ့်အစား တောင်လေက တစ်ချက် တစ်ချက် ဝေ့ဝဲတိုက်ခတ်နေသေးတယ်။ အရှေ့ရှမ်းရိုးမမှာ တောင်ယာတွေကို မီးရှို့လို့ ထွက်ပေါ်လာတဲ့ တောင်ခိုးတွေက ရစ်ဆိုင်းနေတယ်။ ဒီနှစ်က နှစ်သစ်ကူးရက်တွေမှာပင် ဆောင်းရဲ့ အရသာကို ဝိုးတဝါးသာ ခံစားလိုက်ကြရတယ်။

ကလေးတွေရဲ့ အချစ်တော် ဘိုးဘိုးစန်တာကလော့လည်း မွေးပွအနွေးထည် နီနီရဲရဲကြောင့် အိုက်စပ်စပ်ဖြစ်နေမလား မသိ။ မိုးဇလပညာရှင်တွေကတော့ အယ်လ်နီညိုကြောင့်လို့ ဟော ကိန်းထုတ်မလား၊ လာနီညာကြောင့်လို့ အကြောင်းပြကြလေ မလား။ သေချာတာက ဥတုရာသီက တောကိုမမီတာ ကြာလေ လှပေါ့။

Illustration- THIHA 2017

ဆောင်းနှောင်းရက်တွေက အလွမ်းဓာတ်ရှိသူကို ပိုလို့ လွမ်းအောင် ဖန်တတ်တယ်။ မိတ်ဆွေတို့ ထင်တဲ့အတိုင်း ကျွန် တော့်မှာ အလွမ်းဓာတ်ခံတွေက ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ အထူး သဖြင့် အခြေခံပညာ ကျောင်းသားဘဝ နှစ်သစ်ကူးရက်တွေ ဆို ပါတော့။ ဒုတိယအစမ်း စာမေးပွဲဖြေပြီးလို့ ကျောင်းဆယ်ရက်ပိတ် ချိန်ဆိုတော့ အညာဘုရားဖူးထွက်ဖြစ်တဲ့ ကာလတွေလည်း ဖြစ် တယ်။ မကွေးမြသလွန်၊ မင်းဘူး၊ ရွှေစက်တော်၊ ပုဂံညောင်ဦး၊ ပုပ္ပား၊ ကျောင်းတော်ရာတို့၊ စက္ကိန်းတဲတို့ဆိုတဲ့ လမ်းဘုရားတွေ လည်း ပါတာပေါ့။ တောင်းကြီး၊ တောင်းငယ်၊ အိုးခွက်ပန်းကန် အစုံအလင် ကားခေါင်မိုးပေါ်တင်ပြီး သာသနာ့အလံ ကားရှေ့မှာ တလူလူလွှင့်ပြီး ဘုရားစုံ ဖူးခဲ့ကြတာပါပဲ။ ကားကလည်း ဒီခေတ် လို အဲယားကွန်းကား ဘယ်ဟုတ်လိမ့်မလဲ။ အီဇူဇူး ခေါင်းပြား ကုန်ကားကြီး။ တစ်မြို့တစ်ရွာ ရောက်ဖို့ဆိုတာ အကြာကြီးမောင်း ကြရတယ်။ ကားပေါ်ပါလာတဲ့ ဘုရားဖူးသွားကြသူတွေအားလုံး ကလည်း အိမ်က ထွက်လာပါပြီဆိုကတည်းက စိတ်အေးလက် အေး ဒုံးဒုံးချ ထွက်လာကြသူတွေ။ ရောက်ရင် ရောက်တယ်မှတ်၊ မောင်းရင် မောင်းတယ်မှတ်ဆိုပြီး စိတ်အေးလက်အေး ထွက်လာ ကြသူချည်းပါပဲ။

Advertise Here

အဲဒီတုန်းက ဧရာဝတီမြစ်ကူးတံတားဆိုလို့ ကိုလိုနီခေတ် က တည်ဆောက်ခဲ့တဲ့ စစ်ကိုင်းတံတားတစ်စင်းသာ ရှိသေးချိန်။ လူပြောသူပြောများလှတဲ့ ကိုလိုနီဆိုးမွေဆိုတာကြီးပေါ့။ (အဲဒီ ကိုလိုနီဆိုးမွေကြီးနဲ့ပဲ မီးရထားလမ်းရော ကားလမ်းပါ ရာစုတစ် ဝက်စာကျော်အောင် အသုံးချခဲ့ရတဲ့အပြင် ခုထိလည်း မန္တလေး-မြစ်ကြီးနားရထားတွေ တဂျုံးဂျုံးနဲ့ နေ့စဉ်ခုတ်မောင်းနေဆဲ ဖြစ် တယ်။) မြစ်အနောက်ဘက် ဖြတ်ကူးချင်ရင် ဇက်နဲ့ ကူးရုံက လွဲပြီး အခြားရွေးချယ်စရာ မရှိ။ ဇက်ရေယာဉ်နားချိန်မှ ရောက်လာတဲ့ ကားတွေကတော့ ဆိပ်ကမ်းမှာတင် ရပ်ပေတော့ပဲ။ ဇက်ရေယာဉ် မောင်းသူတွေ သမဝါယမဝန်ထမ်းတွေနဲ့အပြိုင် ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ကာလအပိုင်းအခြားတွေပဲ ဆိုပါတော့။ မောင်မင်း ကြီးသားများ တာဝန်နားပြီဆိုရင် ဘယ်သူမှ ယောင်လို့ မခိုင်းလေ နဲ့။ မျက်ထောင့်နီကြီးနဲ့ အကြည့်ခံရပြီသာ မှတ်ပေတော့။

ကျွန်တော်တို့ ငယ်ဘဝတွေမှာ ကမ်းခြေအပျော်ခရီးတွေက အခုလောက် ခေတ်မစားသေးဘူး။ ကမ်းခြေကို သွားကြတယ်ဆို တာ ပိုက်ဆံဝါလားတွေ၊ လူရည်ချွန်တွေ၊ စံပြလုပ်သားတွေ လောက်သာ သွားရောက် အပန်းဖြေ အနားယူတဲ့ နေရာတွေ။ ငပလီကမ်းခြေဆိုတာ သာမြင်ညောင်ညတွေ ကပ်လို့ရတဲ့နေရာ မှ မဟုတ်တာ။ ချောင်းသာလည်း မရှိ၊ ငွေဆောင်လည်း မပေါ် သေး။ ကမ်းသာယာဆိုတာ မကြားဖူးပေါင်ဆိုတဲ့ နေရာတွေ။ သာ မန်လူတွေက ဘုရားဖူးရင်း၊ အပန်းဖြေရင်း၊ ဈေးဝယ်ထွက်ရင်း သွားကြတာများတယ်။ သဘာဝအခြေခံ ခရီးသွားဆိုတာ ကျွန် တော်တို့ ကျိုက်ထီးရိုးဘုရားဖူးထွက်ကြသလိုပါပဲ။ တောတောင် တွေရဲ့ အရိပ်အာဝါသအောက် ခိုနားရင်း ခရီးသွားဖော်အချင်းချင်း ဖေးမကူညီရင်း လိုရာခရီးရောက်အောင် တက်ကြရတာကိုး။ အခုတော့ တောင်တက်ကားလမ်းကနေ ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ ဝူးခနဲ မောင်းတက်လို့ ရနေပြီဆိုတော့ သဘာဝ ပတ်ဝန်းကျင်ခံစားရတဲ့ ရသဆိုတာလည်း ဘာမှန်းမသိရတာ ကြာလေလှပေါ့။ ပက်ကေ့ခ်ျတိုးရ်လို့ ခေါ်တဲ့ အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးတဲ့ ခရီးသွားကုမ္ပဏီတွေဆိုတာ ဘယ်ဆီနေမှန်း တောင် မသိရဘူး။

နှစ်သစ်ကူးရောက်တဲ့အခါ လွတ်လပ်ရေးအောင်ပွဲနေ့ဆို ပြီး ကျင်းပခဲ့ကြတယ်။ မိတ်ဆွေတို့ မှတ်မိဦးမလား မသိဘူး။ လွတ်လပ်ရေးနေ့မတိုင်ခင် တစ်ရက်ကလည်း အဲဒီခေတ်က ပြက္ခဒိန်ထဲမှာ (Gazette Holiday) ဂဇတ်တက်ဟောလီးဒေး ဖြစ်ခဲ့သေးတယ်။ အခြေခံဥပဒေနေ့ (Constitution Day)အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နေ့ပေါ့။ အခြေခံဥပဒေကို ၁၉၇၄ အခြေခံဥပဒေအဖြစ် သမိုင်းဆရာတွေက မှတ်တမ်းပြုကြတယ်။ အဲဒီဥပဒေကြီး ရေးဆွဲတုန်းကတော့ အလုပ်သမား၊ လယ်သမား တို့ဖြင့် ဆိုရှယ်လစ်နိုင်ငံတော်သစ်ကို ချီတက်ကြအံ့ဆိုပြီး တက် ထောင်မောင်းနင်း ကြွေးကြော်ခဲ့တာပါပဲ။ ချစ်ခြင်း၊ မုန်းခြင်းမရှိ ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြည့်ရင် ကျွန်တော်တို့ ဘယ်ပန်း တိုင်ကိုမှ မရောက်ခဲ့တာ သမိုင်းသက်သေပါပဲ။ ကျွန်တော်တို့မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေက များလွန်းလှပြီ။ တစ်ခါတစ်ခါများ စိတ်အချဉ်ပေါက်ပြီး တွေးမိတယ်။ (နေပူထုတ် မလှန်းခိုင်းပါနဲ့။) ရခဲ့တဲ့ သင်ခန်းစာတွေအားလုံး ကွန်တိန်နာနဲ့ ထည့်ပြီး အိတ်စပို့ လုပ်ပစ်ချင်တော့တာပါပဲ။

လွတ်လပ်ရေးအောင်ပွဲနေ့မှာ ထုတ်စည်းတိုး၊ ပြေးခုန်ပစ်၊ အာလူးကောက်၊ ချောတိုင်တက် ပွဲတွေလည်း ကျင်းပပေးခဲ့ကြ တယ်။ ကျွန်တော်တို့တစ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။ ဘာဆုမှလည်း မရခဲ့ပါဘူး။ ပြိုင်ပွဲဝင်ပြီး ပြေးကတည်းက ဆုရစေ တော့ရယ်လို့ ပြိုင်ခဲ့တာမှ မဟုတ်ဘဲ။ သူငယ်ချင်းတွေအားလုံးနီး ပါးလည်း ကျွန်တော့်လို ဝင်ပြိုင်ကြတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံး ဘယ်သူမှ ဘာဆုမှ မချိန်ခဲ့ပေမယ့် အားလုံး ပျော်ရွှင်ခဲ့ရတယ်။ ပေးတဲ့ဆုက ဘာမှ တန်ဖိုးကြီးလှတာ မဟုတ်ပေမယ့် ဆုရခဲ့သူ တွေကလည်း အမြတ်တနိုး တန်ဖိုးထားကြတယ်။ ပေးတဲ့ဆုက ကျွန်တော် အမှတ်မမှားဘူးဆိုရင် ခွေးတံဆိပ်ခဲတံ ခြောက် ချောင်းလောက်ပါတဲ့ အထုပ်လေးတစ်ထုပ်ပါပဲ။ (၄ ပေ ၆ လက်မ အောက်တို့၊ ၄ ပေ ၉ လက်မအောက်တို့ ဆိုတဲ့) ဘောလုံးပြိုင်ပွဲတွေ ရပ်ကွက်တိုင်းနီးပါး ကျင်းပကြချိန်။

ဘောလုံးပြိုင်ပွဲမဝင်ခင် အချင်းချင်း ကစားကြပြီး ထရိန်နင်ဆင်းရသည်ပင် သွေးနားထင် ရောက်စရာ။ ကစားသမားအများစုက ခြေနင်းပါကြတာ မဟုတ် ဘူး။ ခြေဗလာနဲ့ ကွင်းထဲ ပြေးလွှားကစားကြရတာ။ ပုလင်းကွဲရှ တာ၊ သံစူးတာစတဲ့ အသေးစားဒဏ်ရာတွေလည်း လူတိုင်းနီးပါး သွေးထွက်သံယို ဖြစ်ခဲ့ကြတာချည်းပဲ။ အဲဒီလိုအခါမျိုး ဘာလုပ် တယ်ထင်သလဲ။ ကျွန်တော်တို့မျိုးဆက်က အဲဒီလို ဒဏ်ရာရတဲ့ ကစားသမားတွေကို အရက်ပြန်နဲ့ မဆေးဘဲ ဖုန်သိပ်ပေးခဲ့ကြ သဗျာ။ အခုနေ ပြန်စဉ်းစားကြည့်တော့ ကြက်သီးဖြန်းဖြန်းထစရာ ကြီး။ မိုက်ရူးရဲ ထခဲ့ကြပုံများ မိုက်ချက်က ကမ်းကုန်။ ကံအား လျော်စွာ မေးခိုင်ပိုး မဝင်ခဲ့ကြသလို အဖိတ်အစဉ်လည်း မရှိခဲ့ကြ ဘူး။ ဘောလုံးကစားနေရင်း နှာခေါင်းသွေးယိုခဲ့ရင် နွားချေး ခြောက်တောင် ကောက်ရှူခဲ့ကြသေးတာကလား။ အကြောတင်၊ အကြောလွဲ၊ အကြောထုံးရင် ဘယ်ဆေးခန်းမှ ပြေးစရာမလို၊ ဒဏ်ရာပေါ် ပရုတ်ဆီနဲ့ လိမ်းပြီး ဖိချလိုက်တာပါပဲ။

သိပ်မကြာလှသေးတဲ့ ဆယ်စုနှစ်တွေတုန်းက မာရသွန် ပြိုင်ပွဲဆိုတာတွေ ရွှေပြည်ကြီးမှာ ခေတ်စားခဲ့ဖူးသေးသပေါ့။ မာ ရသွန်ပြိုင်ပွဲနဲ့အတူ လှေပြိုင်ပွဲ၊ လှည်းပြိုင်ပွဲ၊ မြင်းခင်းသဘင်ပွဲ တော်၊ ကျောင်းသားအားကစားပွဲတော်ဆိုတာတွေနဲ့ တစ်နှစ်ပတ် လုံး ပြည်သူတွေ ပျော်အောင်ရွှင်အောင် လုပ်ခဲ့ကြတဲ့ ခေတ် ရှိခဲ့ တယ်။ ဘာပြိုင်ပွဲဖြစ်ဖြစ် လက်ဆွဲဘာဂျာကြီးတစ်လက်နဲ့ မြက်ဦး ထုပ်ကြီးဆောင်းပြီး စင်ပေါ်တက်လာလေ့ရှိတဲ့ မေးရိုးကားကားနဲ့ သီချင်းတွေ တက်ဟဲတဲ့ ပေါ်လစီအဆိုတော်တစ်ယောက်လည်း ရှိခဲ့ဖူးတယ်။ သူနဲ့ ခေတ်ပြိုင် မြစ်ဝကျွန်းပေါ်သား ပေါ်လစီအဆို တော်တစ်ယောက်လည်း ရှိခဲ့သေးတယ်။ မြို့မေတ္တာ ခံယူခဲ့ကြသူ တွေမို့ ပြည်သူ့မေတ္တာ အတုံးလိုက် အတစ်လိုက် ရရှိခဲ့ကြတဲ့ အဆို တော်တွေပေါ့။

မာရသွန်ပြိုင်ပွဲတွေမှာ ပထမဆု ရရှိသူကို တီကိုကား အသစ်တစ်စီး ချီးမြှင့်ခဲ့သေးတာပေါ့။ မနက်စောစော ထပြေးကြ ရင် ကျွန်တော်တို့အချင်းချင်း စနောက်ကြတဲ့ စကားရှိတယ်။ တီ ကိုဆလွန်းကားအတွက် လေ့ကျင့်နေတယ်ဆိုတာမျိုး။ ကျွန် တော်တို့ငယ်ငယ်က ဆောင်းနံနက်တွေမှာ ကြားရတဲ့ သီချင်းက ‘စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့’ ဆိုတဲ့ သီချင်း။ ရေဒီယိုကလည်း ကိုယ်လက်လေ့ကျင့်ခန်း အစီ အစဉ်တွေ ထုတ်လွှင့်ပေးတယ်။

ဆောင်းမနက်ခင်းတွေမှာ ဆောင်းအစားအစာတွေလည်း စားခဲ့ရတာ အမှတ်ရစရာပါပဲ။ ငချိပ်ပေါင်းနဲ့ အကြော်၊ ကောက် ညှင်းကျည်တောက်၊ ခေါပုတ်ဆိုတာတွေက ဒယ်အိုးပေါ်က ချခါစ ပူပူနွေးနွေးဆို သိပ်စားလို့ကောင်းတာ။ ကောက်ညှင်းပေါင်းနဲ့ အကြော်ငါးမူးဖိုးက ကျွန်တော်တို့ခေတ်ပြိုင်တွေအတွက် မနက် စာဘရိတ်ဖတ်စ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ဖြစ်မှာပေါ့။ တစ်ခါ တလေ ချမ်းလွန်းအားကြီးတဲ့အခါ အနွေးဓာတ်ရအောင်၊ အာ ဟာရလည်း ဖြစ်အောင် ထမင်းရည်ပူပူကို သကြားထည့်ပြီး မှုတ် သောက်ခဲ့ရတာတွေလည်း ရှိတာပေါ့။ ဆရာပိုင်စိုးဝေကတော့ ‘လူဆိုတာ အနွေးဓာတ်လိုတယ်’ ဆိုတဲ့ ကဗျာတစ်ပုဒ် ရေးဖွဲ့ ခဲ့ သေးတာ အမှတ်ရမိသေးတော့။ သာယာဝတီမင်းကြီးအကြောင်း မသင်ကြားဖူးခင်ကတည်းက ထမင်းရည်တန်ဖိုးကို ကျွန်တော် တို့ ကောင်းကောင်းသိခဲ့တယ်။ အခုတော့ ထမင်းရည်မသောက် ဖြစ်တာသည်ပင် ဆယ်စုနှစ်ကျော်ခဲ့ရောပေါ့။ အခုက ပေါင်းအိုး ခေတ် ဖြစ်နေပြီဆိုတော့ ထမင်းရည်လည်း ခံစရာမလိုတော့တာ လည်း ပါတာပေါ့။ ပေါင်းအိုးထဲ ရေနဲ့ ဆန် အလောတော်ထည့်၊ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ထမင်းတစ်အိုးရတဲ့ခေတ်မှာ မြို့ပြအိမ် ရှင်မ အများစုက ထမင်းရည်အတွက် ကရိကထ အများမခံနိုင် တော့ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း လမ်းထိပ်က လက် ဖက်ရည်ဆိုင်မှာတင် ကြိုက်ရာရွေးချယ်ခွင့် (Multiple Choice) ရနေတော့ အိမ်ရှင်မက အလုပ်ရှုပ်ခံနိုင်လို့ ထမင်းရည် ခံထားစေဦးတော့ အရင်လို ခုံခုံမင်မင် သောက်ဖြစ်ဖို့ သိပ်မသေ ချာတော့။

ဆောင်းနှောင်းရာသီကုန်ရင် နွေဦးရာသီ ရောက်လာစမြဲ မဟုတ်လား မိတ်ဆွေတို့။ တစစ်စစ်ကိုက်ခဲလေ့ရှိတဲ့ ဆောင်းရဲ့ နာကျင်ကိုက်ခဲမှုတွေကို ဆောင်းနဲ့အတူ ထားခဲ့ကြရအောင်။ နွေ ဦးက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် ပျော်ရွှင်ခြင်းတွေ၊ စာ နာခြင်းတွေ၊ ဖေးမခြင်းတွေ၊ ညှာတာခြင်းတွေ ယူဆောင်လာနိုင် ပါတယ်။ နွေဦးမှာ ပျော်ရွှင်ခြင်းပန်းတို့ ပွင့်တယ်လေ။      ။

 

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂) မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။

 

မောင်ဥယျာဉ် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here