Home အက်ဆေး ဟေမန္တအလွမ်း

ဟေမန္တအလွမ်း

29
0
Illustration : MAUING NOE

(၁)

ဆောင်းဦးရောက်ပြီဆိုမှဖြင့်ကျွန်တော့်စိတ်ကအလိုလိုလွမ်းတတ်လာသည်။နှင်းမြူတွေရစ်သိုင်းနေသည်ကို မြင်လျှင်လွမ်းသည်။ညင်သာဖွဖွတိုက်ခတ်တိုးထိလာမည့် မြောက်ပြန်လေအေးအေးကိုလည်းလွမ်းသည်။ ဆောင်းရာသီနှင့်သက်ဆိုင်သမျှအရာခပ်သိမ်းတို့သည်ကျွန်တော့်အတွက်လွမ်းစရာများသာဖြစ်၍ နေတော့၏။

ထိုသို့သော ဟေမ္တအလွမ်းကကျွန်တော်နေထိုင်ရသည့် ရန်ကုန်လိုမြို့ပြမျိုးတွင်အချည်းနှီးသာ ဖြစ်၍နေသည်။သည်မြို့ကြီးသည်ဆောင်းရာသီဟုပြောမပြနိုင်လောက်အောင်ဆောင်း၏အမှတ်လက္ခဏာတို့ဆိတ်သုဉ်းလျက်ရှိသည်။ မြူမင်းလွင်မဆိုထားနှင့်၊ခန္ဓာကိုယ်ကိုကလူကျီစယ်ကာပွတ်သပ်နမ်းရှုံ့သွားမည့် လေနုအေးနှင့်ပင် ဝေးနေရသည်။

ဆောင်း၏အအေးဒဏ်ကိုကာကွယ်နိုင်မည့်အနွေးထည်အမျိုးမျိုးတို့ကိုလည်းအရေးတယူလုပ်ကာသတိရလွမ်းဆွတ်ခန်းမရှိပါလေ။နံနက်အရုဏ်ကျင်းချိန်ခဏသာအနည်းငယ်သောအအေးဓာတ်ကိုထိတွေ့ရသည်။နံနက်ခင်းအိပ်ရာထချိန် ရေမိုးချိုးနိုင်၏။ညနေခင်းအလုပ်ဆင်းချိန်လည်းထို့အတူပင် ဖြစ်သည်။ရာသီဥတုအေး၍ ရေမချိုးနိုင်သည်ဟူ၍မရှိပြီ။ကျွန်တော့်လို ရေချိုးပျင်းသူပင် ‘အေးလို့ရေမချိုးတော့’ ဟုအကြောင်း ပြစရာအအေးဓာတ်ကိုပင်ရှာမရပါပေ။တကယ်တော့ ဆောင်းလရာသီသည်ရန်ကုန်မြို့နှင့်ခပ်ဝေးဝေးတွင်ကျင်လည်၍သာ နေတော့သည်လားမတွေးတတ်ပါ။

Illustration : MAUING NOE

ငယ်စဉ်အခါ ကျေးလက်တွင် နေတုန်းကတော့ ဆောင်း၏လွမ်းမောဖွယ်ရသကိုအပြည့်အဝခံစားရဖူးသည်။အထူးသဖြင့်အလယ်တန်းကျောင်းသားဘဝကိုအမှတ်ရမိ၏။သည်တုန်းကကျွန်တော့်အသက်၁၂နှစ်ခန့်သာရှိပေဦးမည်။ကျောင်းတက်သည့်အရွယ်ပေမို့မိဘများ၏အလေးပေးဂရုစိုက်မှုကိုရရှိသည်။

ကျောင်းဖွင့်ရက်နံနက်ခင်းများတွင်အဖေ၊အမေနှင့်အစ်ကို၊အစ်မတို့ကအိပ်ရာစောစောနိုးထကြသည်ကိုသတိထားမိသည်။လယ်ယာလုပ်ငန်းခွင်တွေထဲသွားရောက်ကြရန်သူတို့စောစောထကြခြင်းဖြစ်၏။ထိုအချိန်မျိုးတွင်ကျွန်တော်ကတော့အိပ်ရာထက်တွင် စောင်ခြုံနှင့် ကွေး၍ ကောင်းတုန်းပင်။

တစ်အိမ်လုံးမှာအမေကအစောဆုံးအိပ်ရာထနှင့်သူ ဖြစ်သည်။အကြောင်းကကျွန်တော့်အတွက် ကျောင်းသို့ထမင်းချိုင့်ထည့်ရန်နှင့်အဖေအပါအဝင်ကျန်အိမ်သားများနံနက်စောစာ (တောအရပ်အခေါ်ထမင်းကြမ်း)စားနိုင်ရန် ပြင်ဆင်ပေးရ၍ ဖြစ်သည်။

ကျွန်တော်တို့၏နံနက်စောစာများသည်ပုံမှန်အားဖြင့် တော့မနေ့ညကစား၍ကျန်သည့်ထမင်းနှင့်ဟင်းအနည်းငယ်ကို ဝေမျှစားသောက်ကြခြင်းသာ ဖြစ်ပါ၏။ရံခါဆိုသလိုထမင်းနှင့်ဟင်းမကျန်သည့်ရက်များ၌သာထမင်းအသစ်တစ်အိုးထပ်၍ချက်သည်မျိုးရှိသည်။

တချို့သောမနက်ခင်းများတွင်တော့အမေက ကောက်ညှင်းပေါင်း၍ ကျွေးတတ်သည်။ ဆောင်းရာသီသည် ကောက်သစ်(စပါးသစ်)ပေါ်ချိန်ဖြစ်သည်မို့ကောက်ညှင်းဆန်လည်းပေါပြီ။ထိုစဉ်ကအငွေ့တထောင်းထောင်းနှင့်အမေ့ကောက်ညှင်းပေါင်းစားခဲ့ရသည်ကိုယခုထိအမှတ်ရနေတော့သည်။

ပြီးတော့အဖေဝင်ကူရသည့်အစားအစာတစ်မျိုးကိုလည်းဆောင်းမနက်ခင်းတွေမှာအမေလုပ်ကျွေးဖူးသည်။အခြားမဟုတ်၊ ကောက်ညှင်းကျည်တောက် ဖြစ်၏။ရန်ကုန်လိုမြို့ပြတွင် တော့ကိုယ်တိုင်လုပ်စားသူမတွေ့မိ။ပွဲဈေးများ၌သာ တွေ့ရတတ်သည်။

ကျွန်တော်တို့အရပ်တွင်အထက်ပါကဲ့သို့ ကောင်းညှင်း ပေါင်းနှင့် ကောက်ညှင်းကျည်တောက်သာမဟုတ်သေး၊ ဆောင်းမနက်ခင်းနှင့်ဆီထမင်းကလည်းခွဲခြား၍မရလောက်အောင်အစားများခဲ့ကြသည်။

(၂)
လူကြီးတွေအလုပ်သွားချိန်နီးသည့်အခါအမေကကျွန် တော့်ကိုအိပ်ရာထဖို့ အော်နှိုးပြီ။ ”ကိုမင်း…ကိုမင်း…ကိုမင်းရေ၊ထတော့ထတော့၊သူများတွေ ရောက်လာတော့မယ်’စသဖြင့်အမေတတွတ်တွတ် အော်ပြောနေမည်။ပြီးတော့တစ်ဆက်တည်းတွင်လည်း’ထမင်းပူနေသေးလို့ချိုင့်ကိုဖွင့်ထားခဲ့တယ်။ပိုက်ဆံကမီးဖိုထဲကစားပွဲခုံပေါ်မှာ။ကဲ…ထထ၊တို့သွားပြီ”ဟူ၍အမေကျွန်တော့်ကိုအမှာပါးမည်။

အမေရည်ညွှန်းသည့် ‘သူများတွေ’ဆိုသည်ကကျွန်တော်၏အတန်းဖော်သူငယ်ချင်းများပင် ဖြစ်သည်။ရွာမှာအလယ်တန်းကျောင်းမရှိသည်မို့ရွာနှင့်သုံးမိုင်ကျော်ဝေးသည့် ကျေးရွာတစ်ရွာတွင်ကျွန်တော်တို့ ကျောင်းသွားတက်ရသည်။

ထိုအခါမျိုးတွင်ဆောင်းရာသီ၏အထိအတွေ့ကိုကျွန်တော်တို့ခံစားသိခွင့်ရပြီ။အကြောင်းကအိပ်ရာမှထသည်နှင့် သွားတိုက်မျက်နှာသစ်ရန်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်၍နေ၏။အနွေးဓာတ်ရှိနေသည့်ခြုံစောင်အတွင်းမှထွက်လာခဲ့၍အအေးဒဏ်ကိုသိသိသာသာခံစားရသည်။

လက်နှင့်ခြေများသာအေးစက်နေသည်မဟုတ်ဘဲတစ်ကိုယ်လုံးကိုအအေးလှိုင်းတို့စီးမျောနေတော့သည်။လက်ကမျက်နှာသစ်ရေကိုမထိရဲထိရဲနှင့်ရှိ၏။ ရေစက်ရေပေါက်တို့မျက်နှာနှင့်ထိမိတော့ကြက်သီးမွေးညင်းတွေကို ထောင်ထလာ စေသည်။သို့ဖြစ်ခြင်းကြောင့် အေး၍တုန်ယင်နေသည့်ခန္ဓာကိုယ်ကိုအမေ့မီးဖိုမှအပူငွေ့ဖြင့် နွေးစေရသည်။

ထို့ပြင်ချမ်းအေးလှသည့်ဆောင်းမနက်ခင်းမျိုးတွင်ကျောင်းဝတ်စုံလဲလှယ်ဝတ်ဆင်ရသည်ကစွန့်စားခန်းတစ်ခုအလားရင်ကိုလှုပ်ခတ်စေသည်။သို့နှင့်လိုအပ်သည်များ ပြင်ဆင်ပြီးချိန်၊သူငယ်ချင်းများလည်း ရောက်လာချိန်တွင် ကျောင်းသို့သွားမည့်ခရီးကိုအစပြုကြပြီ။

ကျွန်တော်တို့ရွာသည်အနောက်ဘက်ရခိုင်ရိုးမတောင်တန်းများမှယှက်ဖြာ၍လာသော တောင်စွယ်တောင်တန်းများဖြင့်ဝန်းရံထားသည်။တောင်ခြေနှင့်ကျေးရွာ၏ကြားတွင်တော့လယ်ယာကိုင်းကျွန်းစိုက်ပျိုးလုပ်ကိုင်ရာမြေများရှိ၏။ရခိုင်ရိုးမတွင်မြစ်ဖျားခံကာစီးဆင်းလာသည့်မဒေးချောင်းရေကရွာအနောက်ဘက်ကမ်းပါးမှစ၍ရွာထိပ်ဘက်အထိကမ်းပါးအတိုင်းရစ်ခွေစီးဆင်းသွားသည်။အဆင့်ဆင့်စီးဆင်းပြီးနောက်ဧရာဝတီမြစ်အတွင်းသို့စီးဝင်၏။

(၃)
အလယ်တန်းကျောင်းသို့သွားရမည့် ခြေကျင်ခရီးကအဆိုပါမဒေးချောင်းရိုးအတိုင်းအထက်ကိုဆန်တက်ရခြင်း ဖြစ်သည်။အဲသည်မှာဇာတ်လမ်းကစလေပြီ။ချမ်းချမ်းစီးစီးနှင့်မို့အနွေးထည်အင်္ကျီအိတ်ကပ်ထဲလက်ကိုထိုးထည့်ကာလမ်း လျှောက်လိုသော်လည်းထိုအခွင့်အရေးကိုမရနိုင်ပါ။လက်တစ်ဖက်ကထမင်းချိုင့်ကိုကိုင်ရပြီးကျန်လက်တစ်ဖက်မှပုဆိုးစကိုမ,ကိုင်ထားရ၍ ဖြစ်သည်။

ထိုသို့ ပြုလုပ်ရခြင်း၏ပထမအကြောင်းက ချောင်းရေကို ဖြတ်ကူးရ၍ဖြစ်သည်။ဒုတိယကတော့အချို့သော ချောင်းကူးများကို ကွေ့ရှောင်လိုသည့်အတွက် တောင်ခြေလမ်းအတိုင်း တောကိုတိုးကာသွားလာရခြင်းကြောင့် ဖြစ်၏။

အဆိုပါ တောင်ခြေလမ်းမှာလူတစ်ယောက်သွားသာရုံ ခြေလမ်းကလေးခပ်ရေးရေးသာပေါ်လျက်ရှိပြီးယင်းလမ်းပေါ်ကိုဘယ်ညာဘေးနှစ်ဖက်မှချုံနွယ်တို့ကစီးမိုးကျနေသည်။ယင်းချုံနွယ်များတွင် ဆောင်းဥတုက မွေးဖွားသန့်စင်လိုက်သောပုလဲငွေ ရောင်နှင်းရည်ဥတို့ခိုတွဲကာ နေကြလေ၏။

ပုဆိုးစကိုမ,ကိုင်မထားလျှင်ထိုနှင်းရည်တို့ကကျွန်တော်တို့နှင့်အတူ ကျောင်းသို့အလည်လိုက်လာကြလိမ့်မည်။သို့အတွက်လည်းကျွန်တော်တို့မှာ ကျောင်းသွားတိုင်းအဝတ်အစားအပိုတစ်စုံ ဆောင်သွားသည့်အကျင့်တစ်ခုရလာတော့၏။

ထိုသို့ဖြင့်တောင်ခြေလမ်းတစ်လျှောက်နှင်းများရွှဲရွှဲစိုအောင် ဖြတ်သန်းလာပြီးနောက် ချောင်းရိုး၏ နောက်ဆုံးရေဆိပ်ကို ရောက်ကြ၏။ထိုရေဆိပ်သည် ရေအနည်းငယ်သာစီးဆင်းလျက်ရှိပြီး ရေမရှိဘဲတင်ကျန်ခဲ့သည့် သောင်ခုံ တွေက ကျောက်စရစ်ခဲတို့ဖြင့် ပြည့်နှက်၍ နေလေသည်။

သောင်ခုံပေါ်သူငယ်ချင်းများဝိုင်းဖွဲ့ထိုင်ကာခရီးတစ် ထောက်နားရင်း နေပူဆာလှုံကြသည်။ထိုသို့ နေပူဆာလှုံရင်းကကိုယ်စီပါလာကြသည့်ထမင်းချိုင့်တွေဖွင့်ကာ လွေးခဲ့ကြပုံများက ဆောင်းရာသီနှင့်ယှဉ်၍သတိရလွမ်းဆွတ်မိသည့်အမှတ်တရတို့ ဖြစ်သည်။

အဲသည်ချောင်းရိုးကိုဆန်တက်ရသည့်လမ်းကမိုးကာလများတွင်ချောင်းရေကြီးသဖြင့်ကျွန်တော်တို့အသုံးမပြုသ လောက်နည်းပါးကာဆောင်းလရာသီတွင်မှအသုံးပြုကြသည်လည်းဖြစ်သည်။ကျွန်တော့်အနေနှင့်ထိုလမ်းကိုငါးတန်း မှရှစ်တန်းအထိ ဆောင်းတွင်းလေးရာသီအသုံးပြုခဲ့ဖူးပါသည်။

(၄)
ကျွန်တော်ရှစ်တန်းအောင်တော့ကိုးတန်းကိုဆက်မတက်ဘဲတစ်နှစ်နားသည်။ ကျောင်းနားသည့်အချိန် ဆောင်းရာသီရောက်သည့်အခါအရင်ကလိုစောင်ခြုံထဲကွေးနေခွင့်မရတော့ပါ။အဖေ၊အမေတို့နှင့်အတူအိပ်ရာကထရသည်။သူတို့နှင့်လယ်ယာလုပ်ငန်းခွင်ထဲလိုက်ရန် ပြင်ဆင်ရ၏။

ကျောင်းတက်စဉ်ကလို လျှော်ဖွပ်ထားသည့်အဝတ်အစား တောက်တောက်ပြောင် ပြောင်များလဲလှယ်ရသည်တော့မဟုတ်။ ‘အဆက်ကတစ်ရာအဖာကဗရပျစ်’ ဆိုသကဲ့သို့အဟောင်းဆုံးနှင့်အနွမ်းဆုံးအဝတ်များကို ရွေးကာဝတ်ရသည်။မဝတ်မီမှာတော့ အေးစက်စက်ဖြစ်နေသည့်အဝတ်တို့ကိုအချမ်းလုံစေရန်ဖိုထားသည့်မီးပုံတွင်အပူပေးရသည်။ထိုသို့ပြုလုပ်သည်တွင်နှင်းငွေ့လိမ်းကျံသည့်အဝတ်နှင့်မီးအပူတို့တွေ့သည့်အခါအငွေ့ထောင်းထောင်းထလေတော့၏။ယင်းအခြေအနေရောက်မှအဝတ်ကိုမီးအပူကခွာကာကိုယ်တွင်ဝတ်ဆင်ကြသည်။

ပြီးသည့်အခါနံနက်စာစားရင်းမီးလှုံကြ၊ထိုနေ့အတွက်လုပ်ဆောင်ရန်ရှိသည့်အလုပ်တာဝန်များကိုအဖေ၊အမေတို့ကစီမံကိန်းချကြနှင့် ဆောင်းမနက်ခင်းကိုသက်ဝင်လှုပ်ရှား စေသည်။

မီးဖိုဘေးရှိနေချိန် ရှေးရှေးကလူကြီးသူမများ ပြောဆိုခဲ့သည့်ဆိုရိုးစကားတစ်ရပ်ကိုလည်းသတိရမိပြန်သည်။ ‘ခွေးနှာ ရောင်၊ ကြောင်နှဖူး၊လူဒူး’ဟူသောဆိုရိုးပင်ဖြစ်လေ၏။ထိုစကားရပ်၏ဆိုလိုရင်းကမီးလှုံသည့်အခါ ခွေး၏နှာရောင်၊ ကြောင်၏နှဖူး၊လူ၏ဒူးတို့မှာမီးနှင့်အနီးဆုံးတွင်ရှိ၍အပူဆုံးခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည်ကို ညွှန်းဆိုထားခြင်း ဖြစ်သည်။တကယ်လည်းပူသည်ဖြစ်၍ဒူးနှင့် ခြေသလုံးတို့အားလက်ဖြင့်ခဏခဏပွတ်သပ်ခဲ့ရသည်ကိုကျွန်တော်မှတ်မိနေပါ သေးသည်။

ဆောင်းရာသီနှင့်ယှဉ်တွဲကာမှန်းဆယူရသည့်ရှေးလူကြီးသူမတို့၏အယူအဆတစ်ခုလည်းကျွန်တော်တို့အရပ်တွင်ရှိနေပြန်၏။၎င်းကတော့ဆောင်းဦးမှာအအေးပိုလျှင်လာမည့်နှစ်မိုးဦးကောင်းမည်။အအေးလျော့လျှင်တော့မိုးဦးခေါင်(မိုး နည်း)မည်။ ဆောင်းလယ်နှင့် ဆောင်းနှောင်းပိုင်းတို့ကိုလည်း ရှေ့ကနည်းအတိုင်းပင်မှတ်ယူကြလေ၏။

ထိုအယူအဆများမည်မျှမှန်ကန်မှုရှိ၊မရှိကိုကျွန်တော်တပ်အပ်မပြောနိုင်ပါ။သို့သော်ယင်းအယူအဆအားအခြေ ခံကာသစ်စေ့မျိုးပဲသိုလှောင်ထားရှိ၍မိုးဦးလေဦးကျချိန်ထွန်ယက်စိုက်ပျိုးလျက်ရှိနေကြသည်ကိုတော့ယနေ့တိုင် တွေ့နိုင်ပါ သေးသည်။

(၅)
ကျေးလက်ဒေသ၏ဆောင်ဦးရာသီများကမိုးရာသီတွင်စိုက်ပျိုးခဲ့သည့်စပါးပင်များရိတ်သိမ်းချိန် ဖြစ်လေသည်။ထိုအချိန်များတွင်လယ်ကွင်းပြင်တွေထဲ၌ ရွှေရောင်အဆင်းနှင့်ဝါဝင်းဝင်းစပါးနှံတွေကကြည့်မြင်ရသူကိုမျက်စိပသာဒ ဖြစ်စေသည်။

ရွာထဲတွင်နှင်းများအုပ်မိုးထားသကဲ့သို့ရွာအပြင်ဘက်၌လည်းနှင်းတို့လွှမ်းခြုံရစ်သိုင်းနေမည်။နှင်းမရောက်သည့် နေရာအကြားအလပ်ဟူ၍မရှိသလောက်ပင်နည်းပါးလှလေသည်။ နေခြည်မဖျန်းပက်မီ ဆောင်းမနက်ခင်းမျိုးတွင် တောတောင်၊ယာခင်းနှင့်စိုက်ခင်းပြင်တို့ကိုလှမ်းမျှော်ကြည့်လိုက်လျှင်မှိုင်းမှုန်မှုန်နှင့် ဝေဝါးဝါးသ္ဌာန်တို့သာကြီးစိုးနေလိမ့်မည်။

နေရောင်ထွက်ပြူစနံနက်ခင်းအချိန်တွေမှာတော့သစ်ပင်များတွင်တွဲခိုနေသည့်ပုလဲငွေရည်တို့က နေခြည်နုနုနှင့်တွေ့ကာအရောင်များလက်၍အလင်းတန်းများပင်ထွက်စေသည်။ ဆောင်း၏အအေးဒဏ်ကမိုးမှာကဲ့သို့ နေခြည်နှင့် ဝေးကာ အေးသည့်ပုံမျိုးမဟုတ်ဘဲ နေရိပ်၌ရှိစဉ် အေး၍ နေခြည်နှင့်တွေ့လျှင် နွေးသည့်ခံစားမှုမျိုး ဖြစ်၏။

ဆိုရလျှင်နံနက်ခင်းအချိန်တွေသာမဟုတ်သေး၊ ဆောင်း၏ညနေဆည်းဆာချိန်တွေသည်လည်းတစ်မျိုးတစ်ဖုံလှပနေတတ်ပြန်သည်။ထိုအချိန်များတွင် ဖြူလွလွနှင်းမှုန်တွေအစားအဖြူနှင့်အညိုရောယှက်ထားသည့် မြူခိုးများက တောင်စွယ် တောင်တန်းများပေါ်မှာ ဝေ့ဝဲအုပ်မိုးထားမည်။ ၄င်းတို့သည် လေအဝေ့တွင်ဟိုရွေ့သည်ရွေ့ဖြင့် မြောက်ပြန်လေ၏စေညွှန်ရာကိုလိုက်ကာလွင့်မျောနေတတ်ကြသည်။

ယင်းတို့သည်ပင် ဆောင်းရာသီတွင်ကျွန်တော်လွမ်းမောရသည့် ကျေးလက်၏သက်ရှိပန်းချီကားချပ်များ ဖြစ်ပါလိမ့်မည်။မည်သို့ဆိုစေရင်ထဲကအလွမ်းကိုနှစ်သိမ့်နိုင်ဖို့ရန်ကုန်မှာလည်း ဆောင်းကာလတွေပီသစေချင်မိသည်။ ။

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ အက်ဆေးဖြစ်ပါသည်။

မင်းလွင် ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here