Home ခရီးသွားဆောင်းပါး လောကအတွက် လက်ဆောင်မွန်ဆိုတဲ့ မြို့

လောကအတွက် လက်ဆောင်မွန်ဆိုတဲ့ မြို့

230
0
ဓာတ်ပုံ - ကျော်ရင်မြင့်
Advertise Here

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒေ့ရှ် (Madhya Pradesh) ပြည်နယ်မှာ တည်ရှိတဲ့  ခါဂျူရာဟိုမြို့ကလေး က ဂူဘုရားအချို့ကြောင့် တိုးရစ်တွေ လာတာများနေ တယ်။ ဟိန္ဒူနဲ့ ဂျိန်းဘာသာဝင်တွေရဲ့ ဂူဘုရားတွေ ဖြစ် ပါတယ်။

ဂူဘုရားသုံးဆူမှာ ရှေးခေတ် အိန္ဒိယလက်မှု အနု ပညာကို ဖော်ကျူးနိုင်တဲ့ ကာမသျှတြ ပန်းပုရုပ်တုတွေ အများကြီး ထုလုပ်ထားတာကြောင့် လူတွေရဲ့ စိတ်ဝင် စားမှုခံရတယ်။ သဲကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ကြွတွေ က အင်မတန် လက်ရာမြောက်တယ်။ ရုပ်လုံးရုပ်ကြွတွေ ပါဝင်တဲ့ ဂူဘုရားတွေကို သက္ကရာဇ် အေဒီ ၉၅ဝ ခုနှစ် ကနေ အေဒီ ၁ဝ၅ဝ ခုနှစ်အတွင်း တည်ခဲ့တာဖြစ်ပါ တယ်။ ယူနက်စ်ကိုကမ္ဘာ့အမွေအနှစ်အဖြစ် ၁၉၈၆ ခုနှစ်က သတ်မှတ်ပေးပြီး ထိန်းသိမ်းထားတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

၁၂ ရာစုတုန်းက ခါဂျူရာဟိုဒေသမှာ ဂူဘုရားပေါင်း ၈၅ ဆူ တည်ရှိခဲ့ပေမယ့် ယခုအခါ ၂၂ ဆူသာ ကျန်ရှိတော့တယ်လို့ ဆိုတယ်။ ပန်းပုရုပ်ကြွရုပ်လုံးတွေက သဲကျောက်ပြားပေါ်မှာ ထွင်းထုပြီး စုစပ်ကပ်ထားတာဖြစ်တယ်။ ပန်းပုရုပ်ကြွတွေကို မသမာသူတွေက ခွာယူသွားတာရှိပြီး ကွက်လပ်ဖြစ်နေတဲ့ နေရာ တွေမှာ ယူနက်စ်ကိုက ဂဏန်းနံပါတ်ထိုးပြီး မှတ်တမ်းတင်ထား တာ တွေ့ရပါတယ်။

Advertise Here

ခါဂျူရာဟိုက ဂူဘုရားကျောင်းတွေထဲမှာ ထင်ရှားပြီး တိုး ရစ်တွေ လာရောက်တာ များတာကတော့ LAKSHMANA Temple ရယ်၊ KANDARIYA MDEVA Temple ရယ်၊ DEVIJACADAMB Temple ရယ် ဖြစ်ပါတယ်။ ဒီဂူဘုရား သုံးဆူဟာ သဲကျောက်အုတ်ခုံ ပလက်ဖောင်းဖြင့်ခံပြီး တည်ထား တာဖြစ်တယ်။ ကျောက်ခုံပလက်ဖောင်းဘေး၊ ဂူဘုရားရဲ့ အတွင်း နဲ့ အပြင်နံရံတစ်ဝိုက်မှာ ကာမသျှတြရုပ်လုံးတွေ ထွင်းထုထား တယ်။ KANDARIYA MDEVA Temple က ခါဂျူရာဟို အနောက်ပိုင်းမှာ တည်ရှိပြီး သျှီဝဘုရားရှင်ကို ရည်မှန်းတည်ထား ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ဂန္ဓ (အေဒီ ၁ဝ၁၇-၁ဝ၂၉) က တည်ပါ တယ်။ KANDARIYA MDEVA Temple က ခါဂျူရာဟိုမှာ အဓိကဖြစ်တယ်။ ပန်းပုရုပ်တုပေါင်း ၈၇ဝ ကျော် ရှိပါတယ်။ အပြောက်အမွှမ်း ပန်းပုလက်ရာ ထူးခြားတယ်လို့ ကျော်ကြား ပါတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

တကယ်ကတော့ ကာမသျှတြ ပန်းပုရုပ်တွေက ရှိရှိသမျှ ပန်းပုရုပ်အားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းသာ ရှိပြီး ကျန်တဲ့ ပန်းပုရုပ် အများစုက အမျိုးသမီးပျိုတွေရဲ့ အလှတရားကို ဖော်ကျူးထား တာတွေ ဖြစ်ပါတယ်။ မိန်းမပျိုလေးတွေ ရေချိုးဟန်၊ မှန်ကြည့်ပြီး အလှပြင်ဟန်၊ ခေါင်းလျှော်ဟန်၊ ဆံပင်ဖြီးဟန်၊ ကစားခုန်စား မြူး ထူးကစားဟန်၊ တေးသီကခုန်ဟန် စတဲ့ ဟန်ပန်အမျိုးမျိုးနဲ့ ဟန် ရေးပြနေတဲ့ ပုံတွေ ထုဆစ်ထားတယ်။ အချို့ပုံတွေကတော့ လယ် ယာအလုပ်ခွင် ဝင်ရောက်နေပုံ၊ တီးမှုတ်နေပုံ၊ အိုးထိန်းစက်မှာ အိုးလုပ်နေပုံ စတဲ့ နေ့စဉ် လူမှုဘဝကို ပုံဖော်တာလည်း တွေ့ရ တယ်။ ဆင်၊ မြင်း စစ်ချီတက်တဲ့ ပုံတွေလည်း ထုလုပ်ထားတာ ရှိ ပါတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

လူပုံတွေအပြင် ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ရုပ်ပုံတွေလည်း ထုလုပ်ထားတယ်။ ထူးဆန်းပြီး မာန်ဖီနေတဲ့ သတ္တဝါတွေက လူရဲ့ စိတ်ကို တင်စားဖော်ပြတာလို့ ဆိုပါတယ်။

ခါဂျူရာဟိုမြို့က နယူးဒေလီမြို့တော်ရဲ့ အရှေ့တောင်ဘက် ၃၈၅ မိုင်အကွာမှာ တည်ရှိပါသည်။ မြို့ကလေးက သေးသေးလေး ပါ။ မြို့မှာ လူဦးရေ ၂ဝ,ဝဝဝ သာ ရှိတယ်။ ဒါပေမဲ့ နာမည်ကျော် ဂူဘုရားတွေကြောင့် တိုးရစ်တွေ အလာများပြီး အဆင့်မြင့်ဟို တယ်ကြီးတွေ ရှိပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတယ်။ မြို့ကို ရေကန်၊ ပန်းမန်တွေနဲ့ သာသာယာယာဖြစ်အောင် ဖန်တီးထား တယ်။ လမ်းတွေလည်း ကောင်းတယ်။ လျှပ်စစ်မီးနဲ့ အင်တာနက် လည်း ကောင်းတာ တွေ့ရတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

နာမည်ကြီး ဂူဘုရားတွေကို ခြံခတ်ကာရံထားပြီး ဝင်ကြေး ပေးပြီးမှ ဝင်ပြီး ကြည့်ရှုရပါတယ်။ ဝင်ကြေးယူသလို ခြံဝင်း အတွင်း သပ်ရပ်သန့်ရှင်းမှုကို အထူးဂရုစိုက် လုပ်ဆောင်ထား တယ်။ မြက်ခင်းစိမ်းစိမ်း၊ ပန်းပင်တွေနဲ့ သာယာအောင် ပြုပြင် ထားတာ တွေ့ရပါတယ်။

ဧည့်လမ်းညွှန်တွေက ပန်းပုရုပ်လုံးတွေထဲက ထူးခြားတာ လေးတွေကို ညွှန်ပြပေးပြီး စိတ်ဝင်စားအောင် ရှင်းပြတတ်တယ်။ တစ်နေရာမှာ မိန်းမပျိုလေးတစ်ယောက်ရဲ့ ကိုယ်လုံးတီးပုံတစ်ခု ကို ညွှန်ပြတယ်။ ရေလောင်းချိုးနေဟန်ဖြစ်ပြီး ကျောပေးထား တယ်။ ကိုယ်ခန္ဓာပေါ်မှာ ရေတွေ စီးကျတာကို အနုစိတ် ထုဆစ် ထားပုံ ရှင်းပြတယ်။ တစ်နေရာမှာတော့ အမျိုးသား၊ အမျိုးသမီး စုံတွဲတစ်တွဲ အကြည်ဆိုက်နေတဲ့ ပန်းပုရုပ်နဲ့ အခြားအမျိုးသမီး တစ်ယောက်က သူတို့ကို ကျောပေးကာ ခေါင်းငုံ့ပြီး စိတ်နှလုံး ညှိုးငယ်နေဟန် ပန်းပုရုပ်ကို ပြတယ်။ အရပ်ပုလို့ ချစ်သူမရနိုင် တာကြောင့် ဝမ်းနည်းကြေကွဲနေတာပါတဲ့။

ဓာတ်ပုံ – ကျော်ရင်မြင့်

တစ်နေရာမှာတော့ ဆင်လေးကောင်။ တစ်ကောင်က ဘယ်ဘက်ကို ငဲ့စောင်းပြီး ကြည့်နေတယ်။ ကြည့်ပုံက အတွဲ ချောင်းတဲ့ အကြည့်မျိုး။ အဲဒီ ဆင်ကြည့်နေတဲ့နေရာမှာ လူသား ဖိုမတို့ ချစ်ပွဲဝင်နေတယ်။ အဲဒီ အတွဲချောင်းတဲ့ ဆင်ရဲ့ ရှေ့ခြေ ထောက်အောက်မှာတော့ လူတစ်ယောက်ကို နင်း ထားတယ်။ ဆင်က အတွဲချောင်းတာကို ဆင်ထိန်းက အလိုက် မသိ ခဏခဏ ခေါ် နေလို့ စိတ်မရှည် နိုင်တာနဲ့ ဆင်ထိန်းကို ဆင်က နင်းသတ် လိုက်တာဆိုပြီး ဧည့်လမ်း ညွှန်က ရှင်းပြပါတယ်။ ယုတ္တိတော့ တန်တယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

ကာမသျှတြ ပန်းပုရုပ်လုံးတွေကို သဲကျောက်နဲ့ ထု ဆစ်ထားပြီး ကျောက်သား အရောင် တွေက မတူပါဘူး။ အဝါရောင်၊ အနီရောင်၊ ခရမ်းရောင် အရောင် အမျိုးမျိုးကွဲပြား နေတယ်။ လူရဲ့ စိတ်ခံစားမှု အပေါ် အခြေခံပြီး သွေးအရောင် ပြောင်းတာ ကို ပုံဖော်တာ လို့ ဆိုတယ်။

ဂူဘုရားတိုင်းမှာ ဘုရားဆင်းတု တော်သပ္ပါယ်တဲ့ အတွင်းလိုဏ်ပါရှိ တယ်။ ဘုရား ဆင်းတုတော်ရှေ့မှာ ကျောက်ဖျာ တစ်ချပ်ရှိတာ တွေ့ ရတယ်။ အဲဒီ ကျောက်ဖျာ ပေါ်မှာ မိန်းမပျိုလေး တွေ သီဆို ကပြပူဇော်တယ် လို့ဆိုတယ်။

ခါဂျူရာဟို ဂူ ဘုရားတွေကို စန္ဒြဘုရင်မင်းဆက် အုပ်ချုပ် တဲ့ ကာလအတွင်းမှာ တည်ခဲ့တာ ဖြစ်ပါတယ်။ ဂူဘရားကျောင်း အများစုကို ဟိန္ဒူရှင်ဘုရင်တွေ ဖြစ်ကြတဲ့ ရာရှိုဗာမန်နဲ့ ဒန်ဂါတို့ လက်ထက်မှာ တည်တယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

‘ခါဂျူရာဟိုက ဂူဘုရားတွေဟာ ကမ္ဘာသူကမ္ဘာသားတွေ အတွက် အိန္ဒိယနိုင်ငံက ပေးအပ်တဲ့ အတုမရှိ လက်ဆောင်မွန် ဖြစ်တယ်။ လူ့ဘဝရဲ့ ချစ်မြတ်နိုးမှုနဲ့ ကျေနပ်ပျော်ရွှင်မှုကို ဖော် ဆောင်ပေးတယ်’လို့ မဒရာပရာဒေ့ရှ် အစိုးရခရီးသွားလုပ်ငန်းက ညွှန်းပါတယ်။

KANDARIYA MDEVA Temple တည်ရှိတဲ့ ဝင်းထဲ မှာပဲ ညချမ်းချိန်ခါမှာ အလင်းအမှောင်၊ မီးရောင်နဲ့ အသံစုံပြပွဲ ပြပါတယ်။ စန္ဒြာဆိုတာ လမင်းပါတဲ့။ လမင်းက ကောင်းကင် ထက်မှာ သာနေတဲ့ တစ်ညချမ်းမှာ ဟီမာတီဆိုတဲ့ မိန်းမပျို ကလေးတစ်ယောက်က စမ်းချောင်းအတွင်းမှာ ကိုယ်လုံးတီး ရေ ဆင်းချိုးပါသတဲ့။ ဒါကို မြင်ရတဲ့ ကောင်းကင်ထက်က လမင်းဟာ မနေနိုင်တော့တာကြောင့် မြေပြင်ကို သက်ဆင်းလာပြီး မိန်းမ ပျိုကို ချစ်ရေးဆိုကာ ပေါင်းဖက်ရာက သားရတနာ ဖွားမြင်ကာ ခါဂျူရာဟို မြို့ပြတည်ထောင်အုပ်ချုပ်တယ်။ ဂူဘုရားတွေ တည် တယ်ဆိုတဲ့  သမိုင်းကြောင်းကို ပြောပြရင်း ဂူဘုရားတွေကို ရောင်စုံမီးတွေနဲ့ ထိုးပြလိုက်၊ ဇာတ်လမ်းနဲ့ ဆီလျော်ရာ လူသံ၊ မြင်းသံ၊ ရေသံ၊ တည်ဆောက်ထုဆစ်သံ၊ တေးဂီတသံတွေ ဖန်တီး ပြီး ပြပွဲခင်းတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

ပြပွဲက တစ်ညကို နှစ်ကြိမ်လုပ်တယ်။ ပထမပွဲစဉ်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ ပြောပြ သရုပ်ဖော်ပြီး ဒုတိယပွဲကိုတော့ ဟင်ဒီဘာသာစကားနဲ့ ဖော်ဆောင်တယ်။ ဝင်ကြေးအဖြစ် နိုင်ငံ ခြားသားကို လူကြီး ရူပီး ၅၅ဝ၊ ကလေး (အသက်ငါးနှစ်မှ ၁၂ နှစ်) ရူပီး ၂၅ဝ၊ အိန္ဒိယနိုင်ငံသားတစ်ယောက်ကို လူကြီး ရူပီး ၂ဝဝ၊ ကလေး ရူပီး ၁ဝဝ ယူတယ်။ ပွဲတိုင်းလျှံတယ်လို့ ဆိုတယ်။

ခါဂျူရာဟိုမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုတဲ့ မြို့တစ်မြို့ဖြစ်တာ တွေ့ရပါတယ်။      ။

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ ခရီးသွား ဆောင်းပါး ဖြစ်ပါသည်။

ကျော်ရင်မြင့် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here