Home သတင်းဆောင်းပါး မောင်ထူးအောင် သေတာ ဘာလို့ အမှုဖွင့်ခွင့် မရတာလဲ

မောင်ထူးအောင် သေတာ ဘာလို့ အမှုဖွင့်ခွင့် မရတာလဲ

90
0
Photo- Swe Minn Set
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဒလမြို့နယ်မှာနေတဲ့ မောင်ထူးအောင်ဟာ ဇန်နဝါရီ ၁၄ရက်မှာ ဆိုင်ကယ် မှောက်ခဲ့ပြီး နှစ်ရက်ကြာ သတိမေ့မြောသွားရာကနေ ဇန်နဝါရီ ၁၆ ရက်မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပါတယ်။

ဆိုင်ကယ်မှောက်ခဲ့တာနဲ့ပတ်သက်လို့ ယာဉ်ထိန်းရဲကတော့ ဆိုင်ကယ်ဟာ သူ့ဘာသာသူချော်ပြီး တိမ်းမှောက်ခဲ့တာလို့ ဆိုပေမယ့် သေဆုံးသူရဲ့ မိသားစုဝင် တွေကတော့ ယာဉ်ထိန်းရဲက နံပါတ်တုတ်နဲ့ ရိုက်လိုက်တာကြောင့် ဆိုင်ကယ် တိမ်းမှောက်ပြီး မောင်ထူးအောင် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒီအမှုဟာ တစ်လကျော်ကြာတဲ့အထိ အငြင်းပွားနေဆဲ အမှုတစ်ခုပါ။ မောင်ထူးအောင် သေဆုံးသွားခဲ့တဲ့အတွက် ဆိုင် ကယ်မောင်းသူ မောင်ဝေဠုကျော်ကို လူသေမှုနဲ့ အမှုဖွင့်ထား တယ်လို့ ဒလမြို့နယ် မြို့မရဲစခန်း၊ အမှုစစ်ဒုရဲအုပ်ကျော်သူ အောင်က ဆိုပါတယ်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

အသက်၂ဝ အရွယ်ရှိ မောင်ထူးအောင်သေဆုံးမှုအတွက် ယာဉ်ထိန်းရဲကို တရားစွဲဆိုဖို့ ဒလမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေ မယ့် ဖြစ်စဉ်တစ်ခုမှာ အမှုနှစ်မှု ပြိုင်တူဖွင့်မရဘူးလို့ ဆိုတာ ကြောင့် အခုထိ အမှုမဖွင့်နိုင်သေးဘူးလို့ သေဆုံးသူရဲ့ အဒေါ်ဖြစ် သူ ဒေါ်အိသက်က ပြောပါတယ်။

Photo- Swe Minn Set

အမှုဖြစ်စဉ်
ဇန်နဝါရီ ၁၄ရက်မှာ မောင်ဝေဠုကျော်နဲ့ မောင်ထူးအောင် တို့ သူငယ်ချင်းနှစ်ယောက်ဟာ ဒလမြို့ပေါ်ကို တွံတေး-ဒလကား လမ်းမအတိုင်း လှိုင်သာယာမြို့နယ်ကနေ ဆိုင်ကယ်မောင်းပြီး ထွက်လာခဲ့ပါတယ်။  ဒလမြို့ဝင် ဆာပါချောင် ကျောင်းစုရပ်ကွက် နား အရောက်မှာ ယာဉ်ထိန်းရဲတွေက ယာဉ်စည်းကမ်းလမ်းစည်း ကမ်းလိုက်နာဖို့ စစ်ဆေးရေးတွေ လုပ်နေတာကိုတွေ့တော့ ဆိုင် ကယ်ကို နောက်ပြန်လှည့်ပြီး ပြန်လာခဲ့ပါတယ်။

သူတို့ဆိုင်ကယ် ‘ဆောင်း’လက်ဖက်ရည်ဆိုင်နား အရောက် မှာတော့ ယာဉ်ထိန်းရဲတစ်ယောက်ဟာ လမ်းမပေါ်တက်လာပြီး သူတို့နှစ်ယောက်ကိုနံပါတ်တုတ်နဲ့ နှစ်ချက်ဆင့်ရိုက်ပါတယ်။ အဲဒီမှာ ဆိုင်ကယ်ဟာ ဟန်ချက်ပျက်ပြီး တိမ်းမှောက်သွားခဲ့ တယ်လို့ ဆိုင်ကယ်မောင်းတဲ့ မောင်ဝေဠုကျော်က ဖေဖော်ဝါရီ ၂၁ရက် ဒလမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်ပြောသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာနဲ့ ခြောက်ကိုက်ခန့်ဝေးတဲ့ ‘ဆောင်း’လက်ဖက်ရည်ဆိုင်ထဲက မြင်လိုက်ရတဲ့ ဦးဌေးနိုင်ကတော့ ‘ရွှီး’ဆိုတဲ့ ခရာမှုတ်သံကြားလို့ လှမ်းကြည့်တဲ့အခါမှာ ယာဉ်ထိန်းရဲ တွေ ရပ်တန့်ခိုင်းတာကို မရပ်တန့်ဘဲ နောက်ပြန်လှည့်လာတဲ့ ဆိုင်ကယ်တစ်စီးကို တွေ့ရတယ်လို့ ပြောပါတယ်။
အဲဒီအချိန်မှာ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေတဲ့ ယာဉ် ထိန်းရဲတစ်ယောက်ဟာ ကားလမ်းမပေါ်တက်သွားပြီး နောက် ပြန်လှည့်လာတဲ့ ဆိုင်ကယ်ပေါ်က လူငယ်နှစ်ယောက်ကို နံပါတ် တုတ်နဲ့ လှမ်းရိုက်လိုက်တယ်လို့ သူက ဆိုပါတယ်။
”ဆံပင်တောင် ဖွာခနဲ တက်သွားတာ”လို့ အသက် ၅ဝ အရွယ် ဦးဌေးနိုင်က ဆိုပါတယ်။

အရိုက်ခံရတဲ့ မောင်ထူးအောင်ဟာ မောင်ဝေဠုကျော်ရဲ့ ကျောပေါ်ကို ငိုက်ကျပြီး ဆိုက်ကယ်ဟန်ချက်ပျက် တိမ်းမှောက် သွားခဲ့တာလို့ သူက ဆက်ပြောပါတယ်။

မော်ကွန်းမဂ္ဂဇင်းက မေးခဲ့တဲ့ မျက်မြင်သက်သေလေးဦးက လည်း ယာဉ်ထိန်းရဲက ရိုက်လိုက်တာကို တွေ့မြင်တယ်လို့ ဆိုပါတယ်။

ဒလမြို့နယ်၊ မြို့မရဲစခန်းရဲ့ မှုခင်းမှတ်တမ်းမှာတော့ ယာဉ် ထိန်းရဲက ဆိုင်ကယ်ကို ရပ်တန့်ဖို့တားဆီးရာမှာ ဆိုင်ကယ်ဟာ ယာဉ်ထိန်းရဲကို ရှောင်ကွင်းပြီး မောင်းသွားရာကနေ လမ်းပေါ်က ကျောက်စရစ်ခဲတွေနဲ့ ချော်ပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။
”ယာဉ်မောင်းမှာသာ တာဝန်ရှိတယ်”လို့ ဒလမြို့မရဲစခန်း မှ အမှုစစ်ဒုရဲအုပ်ကျော်သူအောင်က ဆိုပါတယ်။

ဒါကြောင့် မောင်ထူးအောင် သေဆုံးသွားခဲ့တဲ့အတွက် ဆိုင်ကယ်မောင်းသူ မောင်ဝေဠုကျော်ကို လူသေမှု (ပုဒ်မ ၃ဝ၄-က) သို့ ပြောင်းလဲကာ အမှုဖွင့်ခဲ့တယ်လို့ ဒုရဲအုပ်ကျော်သူအောင် က ဆိုပါတယ်။

အမှုဖွင့်ခွင့်မရ

မောင်ထူးအောင်သေဆုံးမှုအတွက် နံပါတ်တုတ်နဲ့ ရိုက်တဲ့ ရဲကို အဒေါ်ဖြစ်သူ ဒေါ်အိသက်က မကျေနပ်လို့ အမှုဖွင့် တိုင် ကြားခဲ့ပေမယ့် ဖြစ်စဉ်တစ်ခုတည်းကို အမှုနှစ်မှု ခွဲဖွင့်မရဘူးဆိုပြီး ဒလမြို့မရဲစခန်းက ယခုဆောင်းပါးကို ဖောင်ပိတ်တဲ့ မတ် ၆ ရက် အထိ အမှုမဖွင့်ပေးသေးဘူးလို့ သူက ဆိုပါတယ်။

ယာဉ်ထိန်းရဲရိုက်တယ်လို့ မျက်မြင်သက်သေတွေက ဆို တာကြောင့် မောင်ထူးအောင်ရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်ကြားရခြင်းဖြစ်ပြီး ရိုက်သူမရှိဘဲ သူတို့ဘာသာ တိမ်းမှောက် ပါက ”အမှုတိုင်စရာမလိုဘူး”လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥပဒေအကြံပေး၊ တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းကတော့ အမှုတစ်ခု ဖြစ်လာပါက နှစ်ဖက်မျက်မြင်သက်သေတွေ ရှိတတ်တာကြောင့် အခုအမှုမှာ လည်း ယာဉ်ထိန်းရဲရိုက်လို့ ဆိုင်ကယ်တိမ်းမှောက်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောလာပါက ရိုက်သူကို အမှုဖွင့်တိုင် ကြားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

”ဆိုင်ကယ်စီးလာပြီး လိုင်စင်မရှိဘူး၊ ဦးထုပ်မဆောင်းဘူး ဆိုတာတစ်ကဏ္ဍ။ အဲဒါကို ယာဉ်ထိန်းရဲက အရေးယူမှာပေါ့။ နောက်ကလူကို ယာဉ်ထိန်းရဲက ရိုက်တယ်ဆိုတာ မျက်မြင်သက် သေတွေ ရှိရဲ့သားနဲ့ အမှုလက်မခံတာက အစဉ်အလာ မဟုတ်ဘူး။ ဥပဒေလည်း မရှိဘူး။ ရဲတွေအနေနဲ့ စုံစမ်းစစ်ဆေးပေးရမယ်”လို့ သူက ဆိုပါတယ်။

ဒီလိုအမှုဖွင့်လုပ်ဆောင်ပေးတာ မရှိဘူးဆိုပါက ဒီအမှုကို ယူ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ထံ ပို့ကာတိုင်ကြား နိုင်တယ်လို့ ဦးတင်ထွန်းက အကြံပြုပါတယ်။

ဒါမှ မရဘူးဆိုပါက ”ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲ ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထိ တိုင် ချက်ဖွင့်နိုင်တယ်”လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမီဒီယာရှေ့နေများကွန်ရက်မှ အတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က အခုလို မှတ် ချက်ပြုပါတယ်။

”သူတို့ရဲတပ်ဖွဲ့ လိုအပ်လို့ရှိရင် ဖြစ်စဉ်တစ်ခုတည်းမှာ တောင် အမှုတစ်ခုမက လိုအပ်တဲ့ ပုဒ်မဥပဒေတွေ တပ်စွဲတာ ရှိ တယ်။ လိုလို့ရှိရင် သူတို့ပြည်ထဲရေးက လုပ်တယ်။ မလိုဘူးဆိုရင် သူတို့က ဖြစ်စဉ်တစ်ခုတည်း ဖွင့်မရဘူးဆိုပြီး လုပ်လို့မရဘူး။ အဓိပ္ပာယ်လည်း မရှိဘူး။ ဒါက (အမှု)ဖွင့်ကိုဖွင့်ပေးရမယ်”

ရဲတစ်ဦးအနေနဲ့ သူ့လုပ်ပိုင်ခွင့်ကိုကျော်ပြီး အခွင့် အာဏာကို အလွဲသုံးစားလုပ်ကာ နံပါတ်တုတ်ကို အသုံးချမှု ရှိ၊ မရှိ၊ ဥပဒေနဲ့ ညီ၊ မညီဆိုတာကိုလည်း စစ်ဆေးသင့်တယ်လို့ သူက အကြံပြုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ရဲဝန်ထမ်းတစ်ဦးအနေနဲ့ မည်သူ့ကို ဖမ်းဆီးတာဖြစ်စေ ဥပဒေ အရ ဆင်ခြင်တုံတရားနဲ့ ဖမ်းဆီးရမယ်လို့ ဆိုပါတယ်။
”ဖမ်းဆီးရင်း အသက်သေဆုံးသွားတာဟာ ဥပဒေနဲ့ အညီ ဖမ်းဆီးတယ်လို့ ပြောလို့မရဘူး”လို့ သူက ဆိုပါတယ်။

”ဖြေရှင်းခွင့် မပေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တန်းတူညီမျှမှုအခွင့်အရေးနဲ့အကာအကွယ်ပေးရမယ့် နိုင်ငံ သားတွေရဲ့ မူလအခွင့်အရေးတွေကို ပိတ်ပင်ရာ ရောက်တယ်”လို့လည်း ဦးရောဘတ်စန်းအောင်က မှတ်ချက်ပေးပါတယ်။

မောင်ထူးအောင်ရဲ့ အမှုကို ဒလရဲစခန်းက အမှုဖွင့်ခွင့် မပေးတာကြောင့် ဒေါ်အိသက်ဟာ ဇန်နဝါရီ ၂၃ ရက်မှာ နိုင်ငံ တော်သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ရဲချုပ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံး၊ လူမှုရေးဝန်ကြီးရုံး၊ နယ်လုံဝန်ကြီးရုံး၊ ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော် မတီရုံးအပါအဝင် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွေကို လိပ်မူ ပြီးအမြန်ချောပို့နဲ့ စာပို့တိုင်ကြားထားပါတယ်။

ဒီလိုတိုင်ကြားပြီး နှစ်ရက်အကြာမှာ ဒေါ်အိသက်နဲ့ မျက် မြင်သက်သေတွေကို တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ ကွမ်းခြံ ကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့က ခေါ်ယူကာ ဖြစ်စဉ်နဲ့ အမှုဖွင့် ခွင့်ရ၊ မရကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဒေါ်အိသက်က ဆိုပါ တယ်။

ဒါပေမဲ့ ဒီလိုအစစ်ခံပြီး တစ်လကြာတဲ့အထိ ”ဘာအကြောင်း မှ မထူးသေးဘူး။ အမှုလည်း ဖွင့်ခွင့်မရသေးဘူး”လို့ သူက ဆို ပါတယ်။

မြန်မာနိုင်ငံမီဒီယာရှေ့နေများကွန်ရက်မှ အတွင်းရေးမှူး ၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တိုင်စာတွေ ပို့ ထားပြီး တခြားဌာနကလည်း တိုင်စာအရ စစ်ဆေးတာတွေ လုပ် တဲ့အခါမှာ တစ်လ ကာလအတွင်းမှာ ထူးခြားမှု၊ အဖြေတစ်ခု ရှိသင့်ပြီး ”ဒီလောက်ထိ မကြန့်ကြာသင့်ဘူး”လို့ ဆိုပါတယ်။

နစ်နာသူကို အမှုမဖွင့်ပေးပါက ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ အမှတ် ၄/၉၅ ပုဒ်မ ၁၃(က)အရ (တာဝန် ဝတ္တရားပျက်ကွက်မှု) ပြစ်မှုထင်ရှားကြောင်းတွေ့လျှင် ထောင် ဒဏ်တစ်နှစ် ထိုက်သင့်စေရမယ်လို့ ဖော်ပြထားတယ်လို့ သူက ဆိုပါတယ်။

သူက အခုလိုလည်း မှတ်ချက်ပြုပါတယ်။

”သူတို့အချင်းအချင်း အမှုမဖွင့်ပေးတာဟာ အဂတိ တရားဖြစ်တယ်” ။      ။

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here