ပေါကားများဆက်ရိုက်ရေး တို့အရေး

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Satire ဖြစ်ပါသည်။

ရန်လိုကျွဲ

“ပေါကားများ ရပ်” ဟူသော လှုံ့ဆော်သံသည် ဟို တလောက ဒုက္ခသီရိနိုင်ငံတော်တွင် အလွန်တရာ ဆူညံခဲ့သည်။ ယခုလည်း ထိုဆူညံသံက စကား ဝိုင်းတချို့တွင် ထပ်မံ ပေါ်ပေါက်လာပြန်သည်။

ဟောင်ကောင်မှ ရုပ်ရှင်ဇာတ်ကားတစ်ခု  မိမိတို့၏ ကား ကျပ်သော ရန်ပုံမြို့တော်သို့ လာရောက်ကာ လမ်းမကြီးတချို့ကို ပိတ်ဆို့ရိုက်ကူးပြီးနောက် ထိုအသံ ပြန်လည် ဆူညံလာခြင်းပင်။

ဟောင်ကောင်မှ လာရိုက်သည်ဆိုသော ဇာတ်ကားမှာ လည်း ပေါကားအမျိုးအစားထဲတွင် ပါကောင်း ပါပေလိမ့်မည်ဟု သုံးသပ်သူလည်း ရှိ၏။ သူတို့ပြောသလိုဆိုလျှင် ပေါကား ဟူသည် မှာ နယ်ခြားမဲ့ ဖြစ်လာလေပြီ၊ သို့မဟုတ် ကမ္ဘာလွှမ်းပတ် ဆက် နွှယ်လာလေပြီ။  

မိမိကတော့ မိမိတို့ ဒုက္ခသီရိနိုင်ငံတွင် ပေါကားများ မဖြစ် မနေ ရှိသင့်သည်၊ အသစ် အသစ်သော ပေါကားများ ဆက်လက် ထွက်ပေါ်သင့်သည် ဟူသောဘက်မှ ရပ်တည်သူတည်း။

ပေါကားတို့၏ ဂုဏ်ပုဒ်များထဲတွင်…

–   ဇာတ်လမ်း၊ အမူအရာ၊ ပြောစကား၊ ရိုက်ချက်တို့ အပေါစား ဆန်ခြင်း။

–    အမူအရာများ လိုသည်ထက် ပိုလွန်းခြင်း။

–    ချစ်ကြိုက်၊ စိတ်ဆိုး၊ ပြန်ချစ် ကဲ့သို့သော ပုံစံခွက်ဇာတ်လမ်း အဆုံးပိုင်း မင်းသမီး၊ မင်းသား ပြန်လည် အဆင်ပြေချိန်တွင် ဇာတ်ပို့ဇာတ်ရံ ၂ဝ ခန့်က ဟေး ဟု ဝိုင်းအော်ကြခြင်း။

–    ရဲများ ရောက်လာလျှင် ဇာတ်ကားအဆုံးသတ်တော့မည်ဟု သိနိုင်ခြင်း။

–    အသက် ၃ဝ ဝန်းကျင် ဖြစ်နေသော်လည်း မြီးကောင်ပေါက် စာသင်သားတို့အဖြစ် သရုပ်ဆောင်နိုင်ခြင်း။

–    လူဆိုးတို့ မည်မျှပင် အင်အားကောင်းသော်လည်း ဇာတ်လိုက် က အနိုင်ရခြင်း။

–    ပရိသတ်ကို ဂရုမစိုက်ဘဲ ဖြစ်ကတတ်ဆန်း၊ ပြီးစလွယ် ရိုက် ကူးထားကြခြင်း။

စသည့် အချက်များလည်း ပါဝင်သည်။ ဆက်ရေးလျှင် လျှောက်လွှာစာရွက် ဆယ်ရွက်ခန့်ပင် လိုကောင်း လိုလိမ့်မည်။

ပေါကား အများအပြား၏ အားသာချက်မှာ ဇာတ်ကား တစ်ကားကို သုံးလေးရက်အတွင်း ပြီးစီးအောင် ရိုက်ကူးနိုင်ခြင်း ပင်တည်း။ များများရိုက်၊ အဆက်မပြတ် ရိုက်သည့်နည်းဖြင့် လူအများအပြားကို အလုပ်အကိုင် ပေးထားနိုင်သည်မှာလည်း အားသာချက်ပင် ဖြစ်၏။

တချို့သော ပေါကားတို့မှာ သိန်းရာပေါင်းများစွာ အကုန် အကျ ခံထားသော်လည်း အများအပြားမှာ အကုန်အကျနည်းပါး သော ဇာတ်ကားများသာတည်း။

တချို့က ကင်မရာ တင်ရိုက်ရသော သုံးချောင်းထောက် ဒေါက်တိုက် (ထရိုင်ပေါ့) ဝယ်နိုင်ကြဟန်မတူ၊ ကင်မရာကို အမြဲ လိုလိုပင် ပခုံးထမ်းရိုက်ကြ၏။ ရိုက်သက် ကြာလာသည့်အတွက် ပရိသတ်အမြင်တွင် တုန်ခြင်း၊ လှုပ်ခြင်း အနည်းငယ်သာ ရှိတော့ သည်အထိ ကျွမ်းကျင်လာကြသည်။

ပေါကားထုတ်လုပ်ခြင်းသည် များသောအားဖြင့် စရိတ် နည်းပါးခြင်းကြောင့် ဆင်းရဲသော မိမိတို့နိုင်ငံနှင့် ပလဲနံပသင့်လှ သည်။ ပရိသတ်ကလည်း စွဲလမ်းနေပြီဖြစ်သည်။

ပေါကား ဖွင့်ဆိုချက်၊ ပေါကားချီးမွမ်းခန်းကို ဤတွင် ရပ် နားပြီး မိမိက ပေါကားတို့ ဆက်လက် ရှင်သန်ရေး အဘယ်ကြောင့် လိုလားသည်ကို ရှင်းပါအံ့။

ဟာသကို မခံစားတတ်သူ

ဒုက္ခသီရိတွင် သံချပ်၊ သရော်စာ အစရှိသော ရယ်စရာ အနုပညာ တိမ်ကောလာသည်ဟု ဆိုရမည်။ စစ်အစိုးရအဆက် ဆက် နှစ်ပေါင်း ၉ဝ ခန့် အုပ်ချုပ်လာသည့် နိုင်ငံဖြစ်ခဲ့ခြင်း၏ ဆိုး ကျိုးကြောင့် ထိုသို့ တိမ်ကောလာခြင်းပင်။ စစ်အစိုးရများခေတ်က သံချပ်ဆိုသည်မှာ မှောင်ခိုပစ္စည်းကဲ့သို့ ဖြစ်ခဲ့သည်။ သရော်စာ ဆိုသည်မှာလည်း အလွန်တရာ ရှားပါးသောပစ္စည်းဖြစ်ခဲ့သည်။

ယခုအခါ ဒုက္ခသီရိနိုင်ငံတော်သည် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်သို့ ချီတက်နေပြီဖြစ်ရာ သံချပ်၊ သရော်စာတို့လည်း ပြန် လည်ပြီး လူရာဝင်စ၊ ခေတ်စားစ ပြုလာသည်။ ဤအခင်းအကျင်း တွင် ရယ်စရာအနုပညာတို့ကို လွတ်လပ်စွာ ဖန်တီးခွင့် ရှိလာကြ ပြီဟု ထင်မှတ်စရာပင်။

တကယ့်လက်တွေ့တွင်မူ ဖန်တီးခွင့် များစွာ မရှိသေးဟု ဆိုရချေမည်။ “မဲဆွယ်ချိန် အစွမ်းကုန် ပြုံး၊ ရွေးကောက်ပွဲနိုင်ပြီး ချိန် အစွမ်းကုန် ပုန်း”ဟု ဂျာနယ်တစ်စောင်က သရော်စာရေးရာ တရားစွဲခံရလေသည်။

တရားစွဲသူမှာ တခြားမဟုတ်၊ အစိုးရကိုယ်တိုင်ပင်တည်း။ အစိုးရ ဘာလုပ်လုပ် ထောက်ခံသူတို့ကမူ “သရော်တယ် ဆိုမှ တော့ တရားစွဲပြီပေါ့၊ နည်းတောင်နည်းသေးတယ်၊ အစိုးရ ဆိုတဲ့ နတ်နေကိုင်းကို မထိကြနဲ့” ဟု မှတ်ချက်ပြု၏။ ဤသို့သော အစိုးရမင်းများ အုပ်ချုပ်သည့် ဒုက်္ခသီရိတွင် ဤသို့သော ပိုးစိုး ပက်စက်ထောက်ခံသူများသည် အုံနှင့်ကျင်းနှင့် ရှိလေ၏။

သနားဖွယ်ကောင်းသော ဤအစိုးရ၊ ဤနီပေါတို့သည် သရော်စာ၏ သဘောသဘာဝကို နားမလည်ဟု ဆိုရတော့မည်။

“မဲဆွယ်ချိန် အစွမ်းကုန်ပြုံး၊ ရွေးကောက်ပွဲနိုင်ပြီးချိန် အစွမ်းကုန်ပုန်း”သရော်စာသည် နိုင်ငံရေးသမားတို့ ဖြစ်တတ် သည့် သဘောသဘာဝကို ကလူကျီစယ်ထားခြင်းပင်။ ဖတ်မိ သည့်  နိုင်ငံရေးသမားတို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိစေရန် စေတနာရှေ့ထားပြီး စာဖွဲ့ထားခြင်းပင်။

သို့သော်လည်း နိုင်ငံရေးသမား တချို့က ထိုအချက်ကို သဘောပေါက်တော်မူခြင်း မရှိပေ။ ရလဒ်အားဖြင့် တရားစွဲခြင်း အမှု ပေါ်ပေါက်လာသည်။ ရှားပါးသရော်စာသည် တရားရုံး ရောက်သည့်စာ ဖြစ်လာသည်။

ရုံးတော်မှ တာဝန်ရှိလူကြီးမင်းတို့ကလည်း အမှောင်ခေတ် တွင် ကြီးပြင်းခဲ့သူများ ဖြစ်ခြင်းကြောင့် သရော်စာ ဆိုသည်ကို နားမလည်ပေ။  အမှုကို သုံးနှစ်ကြာ ကြားနာပြီးနောက်တွင် တရားရုံးက သရော်စာဖော်ပြသည့်ဂျာနယ်ကို ဒဏ်ငွေ သုံးရာ ပေးဆောင်ရန် အမိန့်ချတော်မူ၏။

ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ဘုန်းတော်ဘွဲ့များထက် သရော်စာတို့က ပိုအသုံးဝင်သည်ဟု မည်သို့ပင် ဟောကြားသော် လည်း သူတို့ နားလည်ကြမည်၊ တွေးနိုင်ကြမည် မဟုတ်ချေဟု ဝမ်းနည်းစကား ဆိုရတော့မည်။

နိဂုံးချုပ်ရလျှင် ဤသို့သော လူတန်းစားအတွက် ပေါကား လိုအပ်လှသည်။ သူတို့သည် ပေါကားတို့ကိုသာ နားလည်ကြမည် မဟုတ်လော။

ပေါကား ဆိုသည်မှာ ကြည့်ရှုခံစားသူ ပရိသတ်တို့ များများ တွေးစရာ မလိုသော ဇာတ်ကားများသာတည်း။ သူတို့ကလည်း များများ မတွေးကြသောကြောင့် လိုက်ဖက်လှသည်။

ဤသည်မှာ ပေါကားများ  ဆက်လက် တည်တံ့ရေးအတွက် မိမိ မဲထည့်အားပေးနေရသည့် အကြောင်းရင်း ဖြစ်တော့သည်။

ဝန်ကြီးချုပ်ဟောင်း

ဒုက်္ခသီရိသည် ဝန်ကြီးချုပ် အုပ်ချုပ်သော နိုင်ငံ ဖြစ်သည်။ ရက်များမကြာမီက ဝန်ကြီးချုပ်ဟောင်း၏ ပြောစကားတစ်ခွန်း စာနယ်ဇင်းများတွင် မျက်နှာဖုံးသတင်း ဖြစ်ခဲ့လေရာ ထိုသတင်း ကြောင့် ပေါကားများ ဆက်လက် တည်ရှိရေးကို မိမိ ပိုမို အားပေး ချင်စရာ ဖြစ်လာသည်။

ရှင်းပါအံ့။

ဝန်ကြီးချုပ်ဟောင်း ပြောဆိုလိုက်သည်မှာ “အခြေခံဥပဒေ ကို  နင်တို့ လွယ်လွယ် မပြင်ကြနဲ့” ဟူသတည်း။

အာဏာရ ပေါ်ပြူလာပါတီက အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပါလီမန်တွင် ကော်မရှင်ဖွဲ့မည်ဟု ကြေညာချိန်တွင် ဝန်ကြီးချုပ်ဟောင်းက ထိုသို့ ဟန့်လိုက်ခြင်းဖြစ်သည်။

ထိုလူကြီးက ထိုသို့ ဟန့်လိုက်ခြင်းမှာ အကြောင်းရှိသည်။ ထိုအခြေခံဥပဒေမှာ သူကိုယ်တိုင် တပျော်တပါး ရေးဆွဲခဲ့ခြင်း ကြောင့်ပင်တည်း။

ရေးဆွဲချိန် စုစုပေါင်း ၁၉ နှစ် ကြာ၏။ ထိုသို့ နှစ်ကာလ အတန်ကြာ ဂရုတစိုက် ရေးဆွဲခဲ့သည့် အခြေခံဥပဒေကို အမြင် မတူသူတို့က ပြင်ဆင်မည်ဆိုခြင်းမှာ လက်ခံနိုင်ဖွယ် မရှိပေ။ သဘာဝကျပါ၏။

သို့သော်လည်း သူတို့ရေးဆွဲစဉ်ကတည်းက ဤဥပဒေ တော်ကြီးကို ပြင်ဆင်ရ အလွန်တရာ ခက်ခဲစေရန် စနစ်တကျ စီမံ ထားကြပြီး ဖြစ်ကြောင်း သူ မေ့သွားဟန် ရှိသည်။

ထို့ကြောင့် “အခြေခံဥပဒေကို  နင်တို့ လွယ်လွယ် မပြင် ကြနဲ့” ဟု ဝန်ကြီးချုပ်ဟောင်းက ထိတ်လန့်တကြား ပြောလိုက် ခြင်း ဖြစ်ပေမည်။

သူတို့၏ တွေးတောဆင်ခြင်နိုင်သည့်အစွမ်းမှာ သံသယ ဖြစ်ဖွယ်ပင်။ သို့သော်လည်း ထိုသူသည် ဝန်ကြီးချုပ်တာဝန်ယူခဲ့ သူတည်း။

မိမိတို့ ဒုက္ခသီရိတွင် ဒီလိုလူကြီးတွေ အများအပြားရှိ ကောင်း ရှိပေမည်။  အတွေးအမြင် ပမာဏ ထိုမျှ ရှိခြင်းအတွက် သူတို့ကို မဖြစ်မနေ ချီးကျူးရန် မလိုသလို တမင်သက်သက် အပြစ်တင်စရာလည်း လိုမည် မဟုတ်ပေ။ ဒီမိုကရေစီ ဆိုသည်မှာ လည်း အတွေးအမြင် ကန့်သတ်ထားသည့် စနစ် မဟုတ်။ မည်သို့ ပင် တွေးမြင်ကြပါစေ၊ အပြန်အလှန် လေးစားရမည် မဟုတ်လော။

ထပ်မံ နိဂုံးချုပ်ရလျှင် ထိုသို့သောသူတို့အတွက် သင့်တော် သည့် ရုပ်ရှင်၊ ဗီဒီယိုများလည်း မရှိမဖြစ် လိုအပ်လှသည်။ ထိုသူ တို့ထဲတွင်လည်း ပေါကားကိုမှ ရင်ခုန်သူ အများအပြား ရှိနိုင်၏။

ပရိသတ် အင်အား ကောင်းလှသည့်အတွက် ပေါကားများ မဖြစ်မနေ ဆက်ရှိရန် လိုအပ်သည်ဟု မိမိ ဆိုချင်ပါတော့သည်။

စာဖတ်သူ မိတ်ဆွေတို့လည်း မိမိ၏ တောင်းဆိုချက်ကို သဘောပေါက် ထောက်ခံကြမည်ဟု မိမိ ယုံကြည်ပါသည်။

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."