Home အင်တာဗျူး ဒေါက်တာစိုင်းဦး(ငြိမ်းချမ်းရေး၊ဖက်ဒရယ်အရေးဆိုင်ရာ သုတေသနမှူး ပြည်ထောင်စုအင်စတီကျု) နှင့် အင်တာဗျူး

ဒေါက်တာစိုင်းဦး(ငြိမ်းချမ်းရေး၊ဖက်ဒရယ်အရေးဆိုင်ရာ သုတေသနမှူး ပြည်ထောင်စုအင်စတီကျု) နှင့် အင်တာဗျူး

185
0
ဓာတ်ပုံ - ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

အောက်တိုဘာ ဒုတိယအပတ်ထဲ ကချင်ပြည် နယ်မှာ စစ်ပွဲတွေအရှိန်မြင့်လာတာနဲ့ ကျင်းပနေ တဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ အလားအလာတွေကို သိရဖို့အတွက် မော်ကွန်းမဂ္ဂဇင်းက ပြည်ထောင်စု အင်စတီကျု(Pyidaungzu Institute – PI) ရဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးဆိုင်ရာ သုတေ သနမှူး ဒေါက်တာစိုင်းဦးအား တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။

PI အဖွဲ့ကို ၂ဝ၁၃ မှာ တည်ထောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်မြို့မှာလည်း ရုံးခွဲဖွင့်လှစ်ထားပါတယ်။ တိုင်းရင်းသားအဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ဌာနဆိုင်ရာတွေ၊ သတင်းမီဒီယာနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့ အစည်းတွေအတွက် သုတေသနပိုင်း၊ သတင်းအချက်အလက် ပိုင်းနဲ့ ကြားဝင်ညှိနှိုင်းရေးဆိုင်ရာ နည်းပညာကိစ္စရပ်များကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
မော်ကွန်း။  ။ အခုနိုင်ငံရေးဆိုင်ရာညီလာခံတွေလည်း စတင်လုပ် ဆောင်နေပြီ။ ညီလာခံမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း စသဖြင့် ပါဝင်သင့်တဲ့ အလွှာအားလုံးကို ထည့်သွင်းဆောင်ရွက်တာကို လည်း တွေ့ရတယ်။ ဒါပေမဲ့ စစ်ပွဲတွေက ညီလာခံပြီးကတည်းက ပြန်လည်မြင့်တက်လာတာ အခုအချိန်အထိပဲ။ အထူးသဖြင့် မြောက်ပိုင်းမှာပေါ့။ အဲဒါက ဘယ်လိုအကြောင်းအချက်တွေ ကြောင့် ဖြစ်လာရတာပါလဲ။

ဒေါက်တာ စိုင်းဦး။  ။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ကြည့်မယ်ဆို ရင် တစ်ခါတစ်လေမှာ ကွက်ပြီးကြည့်မယ်၊ ဟိုနေရာတစ်ခု၊ ဒီနေ ရာတစ်ခုကြည့်မယ်ဆိုရင် မရှင်းလင်းဘူး။ ကျွန်တော်တို့နောက် ကို နည်းနည်းပြန်ဆုတ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ရမယ်။ ပထမ ဦးခင်ညွန့်စခဲ့တဲ့ ဖြစ်စဉ်ဆုံးသွားပြီးနောက် အခုငြိမ်းချမ်း ရေးဖြစ်စဉ်တွေ ဘယ်လို ပြန်စလာတယ်ဆိုတာကိုပြန်ကြည့်ရ မယ်။ အဲဒါမှ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အပြောင်းအလဲတွေက ပိုပြီး မြင်သာမယ်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဗိုလ်ချုပ်ခင်ညွန့်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်ပြီးကတည်းက အရင် သူနဲ့ အပစ်အခတ် ရပ်စဲ ရေး သဘောတူထားတဲ့အဖွဲ့တွေကို နယ်ခြားစောင့်တပ်လုပ်ရ မယ်၊ ပြည်သူ့စစ်လုပ်ရမယ်၊ အသွင်ကူးပြောင်းမလားဆိုတဲ့ပုံစံနဲ့ စစ်တပ်က ကမ်းလှမ်းတဲ့အခါကျတော့ အဲဒီစာချုပ်တွေဟာ ပျက် သွားတယ်။

အစိုးရအသစ်ဖြစ်လာပြီး ၂ဝ၁၁ မှာ ငြိမ်းချမ်းရေးကို လုပ် ဆောင်မယ်ဆိုပြီး ပြန်လည်ခေါ်ယူတဲ့အခါကျတော့ အပစ်အခတ် ရပ်စဲရေးစာချုပ်အသစ်တွေ ပြန်စကြတယ်။ အဲဒီအပစ်အခတ်ရပ် စဲရေးစာချုပ်မှာတော့ NCA (Nationwide Ceasefire Agreement-NCA ၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်) က လွှတ်တော်ကပါ အသိအမှတ်ပြု ထားတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားအကောင်း ဆုံး ဖြစ်နေတယ်။ ဒါပေမဲ့ တစ်ဖွဲ့ချင်းစီကိုလည်း အပစ်အခတ်ရပ်စဲ ရေး ချုပ်ဆိုထားတာမျိုးတွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တိုင်းလိုလိုနဲ့ အဲဒီလိုစာချုပ်တွေ ရှိတယ်။ KIA/KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) အဖွဲ့က လွဲရင်ပေါ့။ ဟိုအရင်က တော့ အဲဒီလို စာချုပ်က KIA/KIO နဲ့လည်းရှိတယ်။  ဒါပေမဲ့ ၂ဝဝ၈၊၂ဝဝ၉ လောက်မှာ အဲဒီစာချုပ်က ရပ်သွားတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ပြန်ထိုးဖို့ခေါ်တော့ အရင်တုန်းက မထိုးတဲ့အဖွဲ့တွေလည်း ထိုးတယ်။ ထိုးခဲ့ဖူးတဲ့ အဖွဲ့ တွေလည်း ပြန်ထိုးတယ်။ အရင်တုန်းကထိုးထားပြီး အခုအပစ်ရပ် စာချုပ်ကို လက်မှတ်မထိုးတာဆိုလို့ KIA/KIO ရှိတယ်။ TNLA (တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တို့၊ AA (ရက္ခိုင့်တပ်မတော်) တို့ကလည်း မထိုးထားဘူး။

အဲဒီလိုအချက်တွေက ဘာကိုပြောသလဲဆိုတော့ စစ်ပွဲ တွေဟာ အခု ဘယ်မှာသွားပြီး ပိုဖြစ်နေတယ်။ ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာ ရုပ်လုံးတွေပေါ်လာတယ်။ NCA မထိုး ထားတဲ့ အဖွဲ့တွေနဲ့ ပိုတိုက်နေတာမျိုးတွေ ရှိနေတယ်။ ဒါပေမဲ့ တစ်ဖွဲ့ချင်းစီ အပစ်ရပ်စာချုပ်မထိုးထားတဲ့အတွက် စစ်တိုက်နေ ကြတာလားဆိုရင်လည်း မဟုတ်ပြန်ဘူး။

လက်မှတ်မထိုးတာတစ်ခုတည်းကြောင့်တော့ စစ်ပွဲတွေ ဖြစ်နေတာမဟုတ်ဘူး။ သူ့ဆိုင်ရာ၊ ဆိုင်ရာဆက်စပ်မှုတွေရှိတယ်။ တစ်ဖွဲ့ချင်းစီရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချဉ်းကပ်တာကွာသလို တပ်မတော်ဘက်ကလည်း သူ့ရဲ့ ဗျူ  ဟာ တွေအရ နေရာတွေကိုရွေးပြီး ဖိအားပေးနေတာတွေလည်း ရှိတယ်။

အခု ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ရင် သာမန်လူတွေ အမြင်ကတော့ KIA/KIO က NCA လက်မှတ်မထိုးရသေးတဲ့ အတွက် အဓိကပစ်မှတ်လိုဖြစ်နေတယ်။ သူ့မှာ အပစ်ရပ်စာချုပ် လည်း မရှိဘူးလို့ မြင်ကြတယ်။ ဒါပေမဲ့ အဆင့်ပိုပြီး ကြည့်ဖို့ လို အပ်တာက အခုဖြစ်နေတာတွေမှာ Interest (အကျိုးစီးပွား) တွေ အများကြီးရှိကြတယ်။

သဘောက တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ လက် နက်အင်အားရော၊ လူအင်အားရော၊ တိုက်ခိုက်မှုစွမ်းရည်ရော က KIA/KIO က အများကြီးကောင်းတယ်။ ဒီလိုအင်အားတွေ ကောင်းနေရင် (ငြိမ်းချမ်းရေး)ဆွေးနွေးမှုတွေမှာ အားပြိုင်မှု တွေ ရှိနေမယ်ဆိုတဲ့အယူအဆမျိုး တပ်မတော်ဘက်က (စဉ်းစား တာ)လည်းရှိလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်မှာ တပ်(မြန်မာ့တပ်မတော်)က တိုက်နေတဲ့ပုံစံကို ပြန်ကြည့်မယ် ဆိုရင် KIA ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တိုက်ဖို့ ကြိုး စားနေတာတွေ ပါတယ်။

နောက်တစ်ခုက KIA ရဲ့ အဓိက ဝင်ငွေတစ်ခုဖြစ်တဲ့ ကျောက်စိမ်းတွင်းတွေက နယ်မြေတွေကိုလည်း လိုက်လံဖြတ် တိုက်နေတာတွေ တွေ့ရတယ်။ ဆိုလိုတာက တပ်က KIA ကို ဘဏ္ဍာရေး၊ စစ်ရေး အားနည်းသွားအောင် ဖြတ်တိုက်နေတာမျိုး တွေ လုပ်နေတာကို တွေ့ရတယ်။ အကြမ်းဖျင်းအားဖြင့် (ငြိမ်း ချမ်းရေး)ဆွေးနွေးပွဲတွေမှာ (ဆွေးနွေးရ) လွယ်ကူလာအောင် စစ်တပ်က KIA ကို အားအင်ချည့်နဲ့လာအောင်လုပ်တဲ့ သဘော မျိုးလို့ ပြောရင်ရတယ်။

အစဉ်အလာအားဖြင့် တပ်မတော်ရဲ့လုပ်ပုံလုပ်နည်းက လည်း အရင်ဆုံး အခေါက်ခေါက်အခါခါတိုက်ပြီးမှ ပြန်လည်စေ့ စပ်ဆွေးနွေးတာမျိုးတွေ တွေ့ရတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက နေရာတိုင်းတော့ မဟုတ်ဘူး။ တပ်မတော်ဘက်က အမြင်က တော့ သူ့ရဲ့ စေ့စပ်ဆွေးနွေးလို့ အလွယ်ဆုံးအချိန်ဟာ တစ်ဖက် အဖွဲ့ရဲ့ အားအနည်းဆုံးအချိန်ပဲလေ။ အဲဒီ လိုသဘောတရားတွေတော့ ရှိတယ်။

ဓာတ်ပုံ - ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

မော်ကွန်း။  ။ အခုစစ်ပွဲတွေ အရှိန်မြင့်နေ တာဟာ တစ်ဖက်မှာ ကျင်းပနေတဲ့ နိုင်ငံ လုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံရဲ့ အနှစ် သာရကို ထိခိုက်နိုင်လား။

ဒေါက်တာ စိုင်းဦး။  ။ ပြည်လုံးကျွတ် ငြိမ်း ချမ်းရေးကို ဖန်တီးတဲ့အခါမှာ တစ်နိုင်ငံလုံး မှာ စစ်ပွဲတွေမရှိရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ သေနတ်သံတိတ်မှပဲ ငြိမ်းချမ်းရေးဆွေးနွေးရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ နိုင်ငံတကာဖြစ်စဉ်တွေမှာတော့ ငြိမ်းချမ်း ရေးဆွေးနွေးရင်းနဲ့ စစ်တိုက်နေတာတွေ ရှိ သလို စစ်တိုက်တာကို အရင်ဆုံးရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတာလည်း ရှိပါတယ်။

ဦးနေဝင်းလက်ထက်မှာ ဆိုရင် အပစ်ရပ်စဲကြောင်းကြေညာပြီး ခေါ်ယူဆွေးနွေးတာရှိခဲ့တယ်။ အခုနောက်ပိုင်းတော့ ဒီလိုမလုပ်ဘူး။ မလုပ်တဲ့ဟာကလည်း အခြေအနေအမျိုးမျိုး ရှိလိမ့်မယ်။ အခုခေတ်ရှိနေတဲ့ တိုက်နည်း၊ တိုက်ဟန်၊ လက်နက်တွေ၊ ဆက်သွယ်ရေးတွေကလည်း အရင် ခေတ်တွေနဲ့မတူတော့တဲ့အခါကျတော့ တစ်တိုင်းပြည်လုံး အပစ်ရပ်ကြေညာပြီးမှ ဆွေးနွေးဖို့ဆိုတာက အခုအဖွဲ့တွေက လည်း အတော်လေးများပြားတယ်။ လှုပ်ရှားနေတဲ့ပုံစံတွေ မတူ တဲ့အပေါ်မှာ တပ်မတော်ကလည်း အဲဒီလိုလုပ်ဖို့ ဆန္ဒရှိပုံမရဘူး။

ငြိမ်းချမ်းရေးညီလာခံကျင်းပနေချိန်မှာ တိုက်ပွဲတွေဖြစ်နေ တာကတော့ ဒီညီလာခံရဲ့အနှစ်သာရကို ထိခိုက်နေတယ်။ အရင် တုန်းကလို ရှေ့တန်းမှာ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ကျွံသွားရင်း နဲ့ထိတွေ့ကြတာ၊ ခဏတစ်ဖြုတ် ပစ်ကြခတ်ကြတာမျိုး အခြေ အနေထက် အခုတိုက်ပွဲတွေက အကြီးအကျယ်ထိုးစစ်ဆင် တိုက် ခိုက်နေသလိုဖြစ်နေတာပဲ။ ဒီလိုထိုးစစ်တွေကြောင့် ထိခိုက်တာ က ပြည်သူတွေကို အဓိကထိခိုက်တာပဲ။

အခုဖြစ်နေတဲ့တိုက်ပွဲတွေက ယုံကြည်မှုကို တိုက်ရိုက်ထိ ခိုက်နေတာပဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်တည်ဆောက်ရာမှာ ယုံကြည် မှုက အရေးကြီးဆုံးပဲ။ အခုစစ်ပွဲတွေက ယုံကြည်မှုကို တိုက်ရိုက် ကျဆင်းစေတာပဲ။

မော်ကွန်း။  ။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့အတွက်ဆိုရင် တကယ်လိုအပ်နေတာက ဘာတွေများဖြစ် မလဲ။

ဒေါက်တာ စိုင်းဦး။  ။ ဖြစ်နိုင်ရင်တော့ အားလုံးကို အပစ်ရပ်ပြီး စားပွဲဝိုင်းပေါ်မှာ ပွင့်ပွင့်လင်းလင်းဆွေးနွေး နိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဒီ နိုင်ငံမှာ ဒီလိုမျိုးဖြစ်ဖို့အတွက်က တကယ့် အခက်အခဲတွေ အများကြီးရှိတယ်။ အရှုပ် အထွေးတွေ ရှိတယ်။

NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိသလို မထိုးရသေးတဲ့အဖွဲ့တွေ လည်း ရှိတယ်။ တချို့လည်း ထိုးဖို့အတွက် လေ့လာနေတဲ့ အဖွဲ့တွေရှိတယ်။ တချို့ လည်း NCA မလိုပါဘူး၊ မထိုးလည်း ရတယ်ဆိုတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေ အားလုံးမှာ ဆုံရပ်တစ်ခု တော့ ရှိတာပေါ့။ ၂၁ ရာစုမှာ နိုင်ငံရေးကို ဆွေးနွေးပြီးတော့ ဘုံအကျိုးစီးပွားအတွက် ဆွေးနွေးမယ်ဆိုတဲ့ဟာ။

ဒီလိုအတွက်ဆိုရင် NCA ကို မထိုး ချင်တဲ့ ဥပမာ- UWSA (‘ဝ’ ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်) လို အဖွဲ့ကလည်း စိတ်ဝင်စား တယ်။ သူ့အတွက်ဆိုရင် NCA ကို ဘာကြောင့်မထိုးချင်လဲဆိုရင် သူ့ဘက်မှာက တစ်ခါမှလည်း စစ်ပွဲက မဖြစ်ဘူး။ စစ်မဖြစ်တာ နှစ်ပေါင်းက အတော်ကြာပြီ။ NCA ကို ထိုးလိုက်မှ ရမှာလားဆို တဲ့ သူ့တို့အတွက် စဉ်းစားစရာကလည်း တစ်မျိုးပေါ့။

ဒါပေမဲ့ တစ်ဖက်မှာလည်း  NCA ထဲမှာက အရေးကြီးတဲ့ အနှစ်သာရတွေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က အပစ်အခတ် ရပ်စဲရေးလုပ်မယ်။ အဲဒါကို ဘယ်လိုစောင့်ကြည့်မလဲ။ အဲဒီကြား ကာလမှာ ဘယ်လို စီမံခန့်ခွဲမလဲပေါ့။ နောက် နိုင်ငံရေးလမ်းပြ မြေပုံ ရေးဆွဲမယ်။ နောက် လက်နက်ကိုင်ပဋိပက္ခတွေကို ဘယ် လိုဖြေရှင်းမလဲ။ နောက်ဆုံး ဖက်ဒရယ်ကို ဘယ်လို တည်ထောင် မလဲဆိုတာတွေ ပါတယ်။ အဲဒါကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားအဖွဲ့အများစုနဲ့ လွှတ်တော်တွေက ဒါကို အတည်ပြုထား တယ်။ ဆိုလိုတာက NCA က ရှင်းလင်းတဲ့ လမ်းကြောင်း ရှိ နေတယ်။

မော်ကွန်း။  ။ အထက်မှာ ဆရာပြောခဲ့တဲ့ ငြိမ်းချမ်းရေးတည် ဆောက်မှုမှာ အခက်အခဲနဲ့ အရှုပ်အထွေးတွေ ရှိနေတယ်လို့ ပြောခဲ့တယ်။ ဘာကို ဆိုလိုတာလဲဆိုတာ ရှင်းပြပေးပါလား။

ဒေါက်တာ စိုင်းဦး။  ။ အရှုပ်အထွေးဆိုတာကတော့ တိုင်းရင်းသား အုပ်စုတွေများတဲ့အတွက် အကြမ်းအားဖြင့် ရှုပ်ထွေးတယ်လို့ ယူဆရတာပေါ့။ ဒါပေမဲ့ တိုင်းရင်းသား အများစုရဲ့ဆန္ဒကတော့ အတူတူပဲ။ အုပ်စုတွေများတယ်။ ဆန္ဒနဲ့ ရည်မှန်းချက်တွေက တော့ တူတယ်။

တချို့ တိုင်းရင်းသားတွေရဲ့နောက်ခံ က ဥပမာ- UNFC နဲ့ NCA လက်မှတ်ထိုး ထားတဲ့အဖွဲ့တွေဟာ အမြဲတမ်း တိုင်းရင်း သားအရေးဆိုပြီး နှစ်ပေါင်းများစွာ တစ်လျှောက်လုံး လှုပ်ရှားခဲ့ကြတယ်။ သူတို့ တွေရဲ့ အဓိကမူက ဖက်ဒရယ်ပဲ။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက် ပိုင်းဘက်မှာရှိတဲ့ အဖွဲ့တွေဖြစ်တဲ့UWSA တို့၊ မိုင်းလားတို့၊ ကိုးကန့်တို့ရဲ့ နောက်ခံ အခြေအနေကို ကြည့်မယ်ဆိုရင်တော့ အရင်တစ်ချိန်တစ်ခါက ဗမာပြည် ကွန် မြူနစ်ပါတီကနေ ပေါက်ဖွားလာခဲ့တဲ့ အဖွဲ့ တွေ။ သူတို့မှာကတော့ ဖက်ဒရယ်ဆိုတဲ့ အမြင်က တစ်မျိုးဖြစ်လိမ့်မယ်။

အခုနောက်ပိုင်း စစ်ရေးမှာ ပိုပြီး လှုပ်ရှားလာတဲ့ AA တို့၊ TNLA တို့ကျ တော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့တော့ နိုင်ငံရေး အားဖြင့် ဦးတည်ချက်တူပေမယ့် သူတို့စစ်ရေးလှုပ်ရှားပုံနဲ့ ပေါ် ပေါက်လာပုံတွေက ကွဲပါတယ်။ ဒါတွေက တိုင်းရင်းသားအုပ်စု တွေကြားက ရှုပ်ထွေးမှုတွေပေါ့။

အဲဒီအတွက် အခက်အခဲက ဒါတွေကို တစ်ခုတည်းဖြစ် အောင် စုပြီး ဖြေရှင်းလို့မရတဲ့ အခက်အခဲပေါ့။ ဥပမာ- ‘ဝ’တွေ ဆိုရင် သူတို့က ရှမ်းပြည်နယ်အရှေ့ခြမ်းနဲ့ မြောက်ခြမ်းမှာ သီး သန့်နေထိုင်နေကြတယ်။ သူတို့ရဲ့ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဟာ ဗမာပြည်ကနေ ကုန်ကူးသန်းရောင်းဝယ်ပြီး ကြီးပွားတာ ထက် တစ်ဖက်နိုင်ငံနဲ့ မှီခိုပြီးတော့ လုပ်ကိုင်ရပ်တည်တယ်။ ဒါက တခြားတိုင်းရင်းသားတွေနဲ့ သူနဲ့ကွာဟချက်ပဲ။

အခု လက်မှတ်ထိုးထားတဲ့သူတွေနဲ့ လက်မှတ်မထိုးရသေး တဲ့သူတွေ ကွဲနေပေမယ့် သူတို့ရဲ့ရည်မှန်းချက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ တန်းတူညီမျှရေးကို သွားနေတာဖြစ် တယ်။ ဗမာပြည်ကိုချစ်ကြတယ်။ ဗမာပြည်မှာ စုစည်းနေကြမယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ တန်းတူညီတူအခွင့်အရေး တွေပေးပါဆိုတဲ့ နိုင်ငံရေးမူနဲ့ လုပ်နေကြတာ။ အဲဒီလို တိုင်းရင်း သားအုပ်စုတွေကြားမှာ ကွဲပြားမှုတွေရှိနေတဲ့အတွက် ပုံစံတစ်ခု တည်းနဲ့ ဖြေရှင်းဖို့က အခက်အခဲဖြစ်နေတာ။

မော်ကွန်း။  ။ အစိုးရနဲ့ တပ်မတော်ကြားက ဆက်ဆံရေးဟာ ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဘယ်လောက်အထိ သက် ရောက်မှု ရှိနိုင်ပါသလဲ။

ဒေါက်တာ စိုင်းဦး။  ။ ရိုးရိုးကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန် လက်ထက်မှာ NCA ကို စဆွေးနွေးတဲ့အခါကျတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားတွေ ဆွေးနွေးကြတယ်။ အဲဒီတုန်းက NCA ကိုပဲ အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်။ တိုင်းရင်း သားတွေက အစိုးရနဲ့ပြောတဲ့အခါမှာ  ပွင့် ပွင့်လင်းလင်း ပြောလို့ရခဲ့တယ်။ တပ်မ တော်နဲ့ အဓိက ဆွေးနွေးခဲ့ကြရပြီး စစ်ရေး ကို အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်။

NCA ကို ကျော်လွန်လာပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဘယ်လိုစမလဲလို့ စဉ်းစား တဲ့အခါမှာ တပ်မတော်နဲ့စစ်ရေးကိစ္စ တင်  ဆွေးနွေးတာမျိုး မဟုတ်တော့ဘဲ နိုင်ငံရေး ကိစ္စတွေပါလာတယ်။ အဲဒီမှာနိုင်ငံရေးပါတီတွေကလည်း ဒါက သူတို့အရေးဖြစ်တယ်။ ဒီဟာကို သူတို့လည်း ဆွေးနွေးတယ်။ CSO (အရပ်ဘက်အဖွဲ့အစည်း) တွေကလည်း နိုင်ငံရေးဆွေး နွေးတာက အားလုံးအရေးဖြစ်တယ်။ သူတို့နဲ့လည်း ဆိုင်တယ် ဆိုပြီး ကျယ်ပြန့်လာတယ်။

အဲဒီအတွက် အခု NLD အစိုးရ တက်လာတဲ့အခါကျတော့ အကြမ်းအားဖြင့်တော့ တိုင်းရင်းသားတွေက NLDသည် မဟာ မိတ်ပဲ။ ဒီမိုကရေစီအရေးကို အတူလက်တွဲတိုက်ခဲ့တာပဲဆိုတဲ့ အမြင်တွေရှိတယ်။ ယုံကြည်မှုတွေ ပိုရှိတယ်။

ဒါပေမဲ့ NLDအတိုက်အခံဖြစ်တုန်းကအချိန်နဲ့ အခု အစိုးရဖြစ်တဲ့အချိန်မှာ သူလှုပ်ရှားတဲ့ပုံစံက မတူတော့ဘူး။ ဘာ ကြောင့်လည်းဆိုတော့ တကယ်တမ်း တိုင်းပြည်ကိုစီမံခန့်ခွဲတဲ့ အခါမှာ တိုင်းပြည်မှာ တကယ်အာဏာကြီးကြီးကျယ်ကျယ် ရှိနေ တဲ့တပ်ကို လက်တွေ့ကျကျပူးပေါင်းပြီး အလုပ်လုပ်ရတယ်။

အဲဒီလို တပ်နဲ့ NLDအစိုးရပေါင်းပြီး အလုပ်လုပ်တဲ့အခါ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့တဖြည်းဖြည်း နဲ့ ဘေးကို ရောက်ရောက်လာတယ်။ အစိုးရနဲ့ပြောဆိုရတာတွေ ကင်းကွာလာတယ်။ အဲဒီလိုခံစားချက်တွေ တိုင်းရင်းသားအဖွဲ့ တွေမှာ ဖြစ်လာတယ်။

အရင်အစိုးရကတော့ သူတို့က တပ်ကနေလာတာပဲ။ ဒါ ပေမဲ့ သူတို့ရဲ့ ကြိုးစားမှုနဲ့ သူတို့အချင်းချင်းအာဏာပြိုင်မှုတွေ ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အစိုးရကိုချဉ်း ကပ်နိုင်တဲ့ နည်းလမ်းတွေရှိခဲ့တယ်။ အခု လက်ရှိအစိုးရကတော့ အရင်တုန်းက အာဏာရှင်ကို တော်လှန်ခဲ့သူတွေ။ ဒါပေမဲ့ သူတို့ လက်ရှိအုပ်ချုပ်နေချိန်မှာ သူတို့မတွဲမဖြစ်တွဲပြီး အလုပ်လုပ်ရ မယ့် တပ်မတော်ကိုပေါင်းပြီး သူတို့မဟာဗျူဟာအရ နီးနီးကပ် ကပ် အလုပ်လုပ်တဲ့အခါကျတော့ တိုင်းရင်းသားတွေအတွက်က ပိုပြီး တပ်မတော်နဲ့အလှမ်းဝေးလာတယ်။

အဲဒီဖြစ်ရပ်တွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘာသွား အကျိုးသက်ရောက်မှုရှိသလဲဆိုတော့ လက်ရှိအစိုးရရဲ့ အခက် အခဲက သူတို့ရဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီး လုပ်လာခဲ့တဲ့ အတွေ့အကြုံရှိတဲ့သူတွေက နည်းတယ်။ အဲဒီအတွက် အရင်ရှိပြီးသား လူဟောင်းတွေကို အကူအညီ တောင်း လုပ်နေရတယ်။

နောက်တစ်ခုက နိုင်ငံရဲ့လုံခြုံရေးနဲ့ ပတ်သက်တဲ့အခါကျ တော့ NLD က တပ်မတော်ကို အားမကိုးဘဲ မရဘူးဖြစ်နေတယ်။ ဒီလို အခြေအနေတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ အခု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပဲ ဖြစ်တယ်။

ဘာကြောင့်လည်းဆိုရင် တပ်မတော်ဘက်က တိုင်းပြည် မှာ စစ်တပ်တစ်ခုပဲရှိတယ်။ တိုင်းပြည်တစ်ခုလုံး လုံခြုံရေးကို သူ တို့ပဲ တာဝန်ယူမယ်ဆိုတဲ့ မူရှိတယ်။ အဲဒီအတွက် အခုအစိုးရက သူ့ကိုအလုပ်ဖြစ်နိုင်မယ့်နည်းနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်နေရ တယ်။ တပ်မတော်ကလည်း တစ်ဖက်မှာ အပြောင်းအလဲကို လို လားတယ်ဆိုပေမယ့် တပ်မတော်ရဲ့ ရပ်တည်ချက်ဆိုတာ သူတို့ မှာရှိတယ်။ တပ်မတော်အနေနဲ့ ကျန်တဲ့တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေအားလုံးကို လက်နက်ချပြီး အသွင်ကူးပြောင်းတာ မျိုးကိုလိုလားတယ်။ အဲဒီမူကြောင့် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အလှမ်းက ဝေးလာတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့သဘောက ရှင်းနေပါတယ်။ သဘောကတော့ ကျွန်တော်တို့နိုင်ငံရဲ့အစိုးရဟာ တပ်မတော်ကို မပိုင်သေးလို့ဘဲ။ သာမန်ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အစိုးရ ဟာ သူ့ရဲ့စစ်တပ်ကို သူကစီမံခန့်ခွဲလို့ရတယ်။ အစိုးရက နိုင်ငံရေး ဆုံးဖြတ်ချက်ချတာကို စစ်တပ်က အကောင်အထည် ဖော်ပေး ရတယ်။ အခုဒီနိုင်ငံမှာက အဲဒီလိုမျိုးမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

မော်ကွန်း။  ။ အခုက ပြည်သူ့အစိုးရလည်း ဖြစ်နေပြီဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ အစိုးရနဲ့ ပိုပြီး လွယ် လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင် အထည်ဖော်လို့ ရရမှာ မဟုတ်ဘူးလား။

ဒေါက်တာ စိုင်းဦး။  ။ အခုဖြစ်နေတာက ပြည်သူ့အစိုးရဆိုပေမယ့် အစိုးရအနေနဲ့ တပ်မတော်ကိုချုပ်ထိန်းနိုင်တာမျိုး မဟုတ်ဘူး။ သူတို့လည်း တပ်မတော်ကိုညှိပြီး လုပ်နေကြရတာ။ သာမန်အား ဖြင့် နိုင်ငံတကာမှာဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆွေးနွေးကြ တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရနဲ့ အဓိကညှိ ကြရတာ။ အစိုးရက သူ့ စစ်တပ်ကို ကောင်းကောင်းထိန်းနိုင်ကြ တယ်။ အခု ဒီနိုင်ငံမှာက အစိုးရနဲ့ စစ်တပ်ကို အင်အားစုတစ်ခု တည်းလို့ တွက်လို့မရဘူး။ သဘောက အခုတိုက်ပွဲတွေ ဖြစ်ပွား နေတယ်။ အစိုးရထဲမှာ အစည်းအဝေးထိုင်ပြီး ဒါက မဖြစ်သင့်ဘူး။ ရုပ်သိမ်းသင့်တယ်ဆိုပြီး အစိုးရသဘောနဲ့ လုပ်လို့ရနေတာမျိုး မဟုတ်ဘူး။

တစ်ဖက်မှာ တပ်မတော်ကလည်း ဒီနိုင်ငံရဲ့သမိုင်းစဉ်တစ် လျှောက် တိုင်းပြည်ကို ကိုင်ထားခဲ့တာ။ သူမှာ လက်ရှိအချိန်အထိ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေက အများကြီးရှိနေသေးတယ်။ ပြောရရင် အခုဖြစ်နေတာက တပ်မတော်က ပြည်တွင်းငြိမ်းချမ်း ရေးကို သူသာလျှင် ကိုင်တွယ်မယ်။ သူသာလျှင် လုပ်ရမယ်လို့ အမြင်ရှိနေတယ်။ အဲဒီလိုအမြင်တွေရဲ့ အကျိုးဆက်တွေက တိုင်း ပြည်မှာ အများကြီးပြဿ      နာတွေ ရှိခဲ့တယ်။ သူသာလျှင် ဆုံးဖြတ် ရမယ်။ သူ့အမြင်နဲ့ စီမံခန့်ခွဲမယ် ဆိုတာတွေဟာ သမိုင်းစဉ်တစ် လျှောက်လုံး ပြည်တွင်းပြဿ      နာမငြိမ်းချမ်းခဲ့တဲ့ အရင်းခံပဲ။

မော်ကွန်း။  ။ အခုဖြစ်နေတာတွေကို အကောင်းဘက်ကို ရောက် လာဖို့အတွက် အစိုးရအနေနဲ့ ဘာတွေများ စတင် ဆောင်ရွက်ဖို့ လိုပါသလဲ။

ဒေါက်တာ စိုင်းဦး။  ။  ဆောင်ရွက်စရာတွေကတော့ အစိုးရအတွက် အများကြီးရှိနေလိမ့်မယ်။ လက်နက်ကိုင် ပဋိပက္ခတစ်ခုတည်းကိုပဲ ကြည့်နေမယ်ဆိုရင်တော့ လက်ရှိအစိုးရယူနေတဲ့ပုံစံက ပြဿနာအားလုံးကို ကြားနေဖြေရှင်းပေးမယ်ဆိုတဲ့ ပုံစံမျိုးကို ယူထားတာမျိုးရှိတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် သူ့အနေနဲ့ တပ်မတော်ကို ဒီထက်ပိုပြီး လွှမ်းမိုးနိုင်တယ်ဆိုတာကို ပြဖို့လိုတယ်။ ဒါမှ အခု စစ်တိုက်နေတဲ့ဒေသတွေက တိုင်းရင်းသားတွေဟာ အစိုးရနဲ့ စကားပြောရင် ပိုပြီးအကျိုးရှိတယ်ဆိုတဲ့ ယုံကြည်ချက် မျိုးရမယ်။ ဥပမာ- အစိုးရကို တောင်းဆိုလိုက်တယ်။ စစ်အင်အား လျှော့ပေးပါဆိုရင် လုပ်ပေးနိုင်ရမယ်။ အခု အစိုးရက အဲဒါမျိုး တွေကို လက်တွေ့လုပ်မပြနိုင်သေးဘူး။ သူတို့ချင်း နောက်ကွယ် မှာ ဆွေးနွေးတာတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။

ဒါပေမဲ့ အခုတိုက်ပွဲတွေမရပ်တာဟာ အစိုးရက သူရပ်စေ ချင်တိုင်း တိုက်ပွဲတွေကို ရပ်လို့မရဘူးဆိုတာကို ပြနေတာပဲ။ ဒါ ပေမဲ့ ဒီထက်ပိုပြီး တပ်မတော်ကို အစိုးရအနေနဲ့ လွှမ်းမိုးနိုင်ရမယ်။ စစ်တပ်သည် နိုင်ငံရေးရဲ့ဆုံးဖြတ်ချက်ကို ပိုပြီးတော့ နီးနီးကပ် ကပ်အလုပ်လုပ်လာတဲ့ သဘောမျိုးတွေပြအောင် အစိုးရက လုပ် နိုင်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အစိုးရကို ပိုပြီးတော့ ယုံကြည်လာလိမ့်မယ်။ ဒါက ပြောရတာလွယ်ပေမယ့် လုပ်ရတာအတော်ခက်လိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်ဟာ အစိုးရရဲ့ နိုင်ငံရေးပေါ်လစီအတိုင်း တကယ်သွားနေရဲ့ လားဆိုတာ ပြန်ကြည့်ရမယ်။ အစိုးရအနေနဲ့ ဒါကိုလုပ်ပေးနိုင်ရင် တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထွက်လမ်းက ပိုပြီးရှိလာ မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီးတော့အားကောင်းလာမယ်။

အဲဒီလိုမှမဟုတ်ဘဲ ညီလာခံလေးလုပ်လိုက်၊ သေနတ်တွေ ပစ်နေလိုက်၊ ထိုးစစ်တွေ ဆင်နွှဲနေလိုက်ဆိုရင်တော့ ကြာလာလို့ ရှိရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ရေစုန်မျောသွားနိုင်တယ်။ ပြည်သူတွေရဲ့ ဒီအပေါ်မှာ ယုံကြည်မှုတွေက ကျဆင်းသွားလိမ့်မယ်။ လူတွေရဲ့အမြင်မှာ ညီလာခံလုပ်လိုက်၊ စစ်တိုက်လိုက်နဲ့ မထူးပါ ဘူးကွာဆိုတဲ့အမြင်တွေ ပြောင်းလဲသွားရင် ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ရှေ့ဆက်ဖို့ခက်သွားလိမ့်မယ်။

မော်ကွန်း။  ။ ညီလာခံတွေ ကျင်းပနေရင်း သေနတ်သံတွေရပ် အောင် အစိုးရဘက်က ကြိုးပမ်းဖို့လိုတယ်လို့ ဆရာက ပြောချင် တာလား။

ဒေါက်တာ စိုင်းဦး။  ။ အစိုးရအနေနဲ့ တပ်မတော်နဲ့ နီးနီးကပ်ကပ် လက်တွဲအလုပ်လုပ်တာ ကောင်းတယ်လို့ ဆိုလို့ရပါတယ်။ ဒါ ပေမဲ့ စစ်တပ်ကို အပြုသဘောနဲ့ လွှမ်းမိုးနိုင်မှု ပိုရှိနေရလိမ့်မယ်။ သဘောက စစ်တပ်ဟာ နိုင်ငံရေးသွားနေတဲ့ လမ်းစဉ်ကို လက်ခံ ပြီးတော့ နိုင်ငံရေးလမ်းကြောင်းကို သူတို့လက်ခံလာမယ်ဆိုရင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ပိုပြီးယုံကြည်လာလိမ့်မယ်။

မော်ကွန်း။  ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နိုင်ငံတကာရဲ့ ပါဝင် ပတ်သက်မှုက အရေးကြီးလား။ ဘယ်လို သက်ရောက်မှုတွေရော ရှိနေပါသလဲ။

ဒေါက်တာ စိုင်းဦး။  ။ ကျွန်တော်ကတော့ နိုင်ငံတကာရဲ့ ပါဝင် ပတ်သက်မှုက လိုအပ်တယ်၊ အရေးပါတယ်လို့ပဲ မြင်တယ်။ ကျွန် တော်တို့နိုင်ငံမှာ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တွေကအစ နိုင်ငံတကာရဲ့ ပညာရှင်တွေ၊ နိုင်ငံတကာရဲ့ အတွေးအခေါ်တွေနဲ့ပဲ ဒီနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ် စဉ်တွေကို လွှမ်းမိုးသွားမှာ မလိုလားကြပါဘူး။ ဒါပေမဲ့ အဲဒါက တစ်ပိုင်းပေါ့။

ဒါပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးရဲ့ လိုအပ်တဲ့ ငွေ ကြေး၊ လိုအပ်တဲ့ အသိပညာတွေဟာ နိုင်ငံခြားကနေ မှီခိုနေကြရ တာက လက်တွေ့ဖြစ်နေတာပဲလေ။ အခုဆိုရင်ပဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ လှုပ်ရှားနေကြတဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံခြား သွားပြီး လေ့လာအကြံဥာဏ်ရယူနေကြရတာပဲ။ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကိုယ်လေ့လာနိုင်တယ်။ သင်ခန်းစာယူနိုင်တယ်။ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါတဲ့ ခေါင်းဆောင်တွေရဲ့ရင့်ကျက်မှုနဲ့ ခေါင်းဆောင်နိုင်မှုက အရေး ကြီးပါတယ်။

မော်ကွန်း။  ။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး စတာတွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ဘယ်လိုမျိုး သက်ရောက်မှုတွေရှိပါသလဲ။

ဒေါက်တာ စိုင်းဦး။  ။ နိုင်ငံရဲ့ဘေးနားက အင်အားကြီးနိုင်ငံတွေ ရဲ့ ပါဝင်ပတ်သက်မှုတွေက ရှိနေတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ် စဉ်မှာလည်း ဒီအင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုက ရှိတယ်။

ဥပမာ- နိုင်ငံမြောက်ပိုင်းက အင်အားကြီးနိုင်ငံဆိုရင် သူ့ရဲ့ ပါဝင်ပတ်သက်မှုက စစ်ဆင်ရေးပုံစံမျိုးတောင် ရှိနေတယ်။ သူ့ရဲ့ စီးပွားရေး၊ အကျိုးစီးပွားတွေကလည်း ဒီနိုင်ငံမှာရှိနေတယ်။ တစ်ဖက်မှာလည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းမှုကို သူတို့လက်ခံအားပေးသလို တစ်ဖက်မှာ သူတို့ရဲ့လုပ်ရပ်တွေဆိုရင် မြန်မာပြည်လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ သူတို့ရဲ့ပါဝင်ပတ် သက်မှုက ထင်ထင်ရှားရှားတွေ့နေရတယ်။ အဲဒါကြောင့် အိမ်နီး ချင်းနိုင်ငံတွေကလည်း  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာ အတိုင်းအတာတစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုတွေ ရှိ နေတယ်လို့ ပြောရမယ်။

မော်ကွန်း။  ။ အစိုးရသစ်တက်လာကတည်းက သူတို့ရည်ရွယ်ချက် က အမျိုးသားရင်ကြားစေ့ရေးဆိုတာကို အဓိကထားတယ်လို့ ဆို ပါတယ်။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုလည်း သူတို့ စတင် အကောင်အထည်ဖော်နေပါတယ်။ ဒီအစိုးရသက်တမ်းအတွင်း မှာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အလားအလာ တွေ ရှိပါသလား။

ဒေါက်တာ စိုင်းဦး။  ။ ဖြစ်နိုင်တဲ့အလားအလာရှိပါတယ်။ ကျွန် တော်တို့နိုင်ငံမှာ ကံကောင်းတယ်လို့ပဲ ဆိုရမလား။ နိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပုဂ္ဂိုလ်ရေးဆင်းသက်မှုအရကိုက ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေတာ။ ဒီအချက်က တိုင်းရင်းသားတွေနဲ့ သူဆက်ဆံတဲ့အခါ ပိုပြီး အခွင့်အရေးသာစေတယ်။ ရှင်းရှင်းပြော ရရင် တိုင်းရင်းသားတွေက ဗမာနိုင်ငံရေးခေါင်းဆောင်တော် တော်များများကို ကြောက်လန့်သွားကြပြီ။ ဒါပေမဲ့ ဗိုလ်ချုပ် အောင်ဆန်းတစ်ယောက်ကိုတော့ တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာ သူ့ရဲ့ရိုးသားမှု၊ ရပ်တည်မှုတွေအရ သူ့ကို ပုဂ္ဂိုလ်ရေးအရ ယုံကြည် မှုရှိကြတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်ချန်ထားပေးတဲ့ တိုင်း ရင်းသားတွေရဲ့ ယုံကြည်မှုကို ဆက်ခံလို့ရနေတယ်။ နောက် သူ ကိုယ်၌ကလည်း တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးကိုလုပ် မယ်ဆိုရင်  လုပ်နိုင်တဲ့ အနေအထားတွေ၊ အခွင့်အလမ်းတွေ အများကြီးရှိနေတယ်။  ဒါပေမဲ့ တစ်ဖက်မှာလည်း သူရင်ဆိုင်နေရ တဲ့ အခြေအနေက တိုင်းပြည်ကလည်း နှစ်ပေါင်းများစွာ တော် တော်ကိုချွတ်ခြုံနွမ်းပါးခဲ့ပြီ။ အဲဒီအခါမှာ ဟိုးအရင်တုန်းက လုပ် နည်းလုပ်ဟန်တွေလို အခုတွက်လို့ မရတော့ဘူး။

ငြိမ်းချမ်းရေးဆိုတာက သေနတ်မဖောက်တော့ဘူး၊ တစ် ယောက်နဲ့ တစ်ယောက်မပစ်တော့ဘူးဆိုရင် ငြိမ်းချမ်းရေး ရပြီလို့ ဆိုလို့ မရဘူး။ တကယ့်ငြိမ်းချမ်းရေးကို စဉ်းစားတဲ့အခါမှာ ပြည် သူတွေရဲ့သာယာဝပြောတဲ့ဘဝ ဆိုတာကိုလည်း ထည့်တွက်ရ မယ်။ ဒါက အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတစ်ခုပဲ။

နောက်တစ်ခုက နိုင်ငံရေးရဲ့နောက်ကွယ်မှာ စီးပွားရေး ကောင်းဖို့လည်းလိုအပ်တယ်။ အခု ပြည်သူလူထုရဲ့ဘဝတွေက ချွတ်ခြုံကျနေကြတယ်။ ငြိမ်းချမ်းရေးရပြီဆိုတာကို သတင်းစာ ထဲမှာဖတ်ပြီး၊ တီဗီမှာကြည့်ပြီး သိပေမယ့် သူတို့ဘဝတွေကတော့ အရင်လိုပဲ ရုန်းကန်နေရတယ်ဆိုရင် သာမန်ပြည်သူတွေအတွက် ဒီငြိမ်းချမ်းရေးဆိုတာက ဘာမှအဓိပ္ပာယ်မရှိဘူး။

အခု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သေနတ်သံတွေ ရပ်သွားရုံနဲ့ မရဘူး။ ပြည်သူတွေရဲ့ လူမှုဘဝတွေပါ တစ်ပြိုင်နက် မြင့်တက်လာ ဖို့ အစိုးရအနေနဲ့ လုပ်ဆောင်ပေးရမှာဖြစ်တယ်။

သူ့လူ ငါ့လူ၊ သူ့လူမျိုး ငါ့လူမျိုး၊ သူ့ဘာသာ ငါ့ဘာသာဆိုပြီး ပြည်သူတွေရဲ့စိတ်ထဲမှာ မမြင်ရပေမယ့် ကွဲပြားမှုတွေရှိနေပြီ။ အဲဒါမျိုးတွေဖြစ်နေတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့ အခါမှာ အချိန်အရမ်းယူရတယ်။

မော်ကွန်း။  ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဒေါက်တာ စိုင်းဦး။  ။ အခုက ညီလာခံတွေလုပ်နေတယ်ဆိုပေမယ့် တိုင်းပြည်အတွက် ပထမခြေလှမ်းလေးတွေပဲ ရှိပါသေးတယ်။    တိုင်းပြည်ချီတက်ရမယ့်လမ်းကြောင်းတွေက အများကြီးရှိပါ သေးတယ်။ အခု ဒီနှစ်ထဲမှာလုပ်တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဆိုတာ ပထမတော့မဟုတ်ဘူး။ အရင်အစိုးရလက်ထက် က လုပ်ခဲ့တဲ့ ညီလာခံရဲ့အဆက်ပါပဲ။ အမည်ပြောင်းပေမယ့် ရည် ရွယ်ချက်ချင်းကတော့ အတူတူပါပဲ။

ဒီညီလာခံမှာ ပိုကောင်းသွားတာက NCA မှာ လက်မှတ် မထိုးထားတဲ့အဖွဲ့တွေ ပါဝင်ခွင့်ရှိတာပေါ့။ အခုက ကျွန်တော်တို့ လမ်းဆုံတစ်ခုကို ရောက်နေတယ်။ လမ်းဆုံဆိုတာ တည့်မတ်တဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားနိုင်သလို တခြား မလိုလားအပ် ဘဲ ကွေ့ဝိုက်တဲ့လမ်းကြောင်းရွေးမိပြီး ရှည်လျားသွားမှာ၊ ရှုပ် ထွေးကုန်မှာတွေလည်း ရှိလိမ့်မယ်။

ဒီလိုအချိန်ကာလမှာ တပ်မတော်က ထိုးစစ်တွေထိုးနေတာ ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူမပြုဘူး။ အခု တပ်မတော်ရဲ့ထိုးစစ်တွေကိုမရပ်ဘဲ ဒီအတိုင်းဆက်သွားနေရင် တော့ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို တမင်ဖျက်ဆီး နေသလိုဖြစ်နေလိမ့်မယ်။ မပျက်ပျက်အောင် ဖျက်သလိုဖြစ်နေ လိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် ယုံကြည်မှုအတွက် စည်းရုံး နေချိန်မှာ တပ်မတော်က ထိုးစစ်ကို ဦးစားပေးနေတယ်လေ။

အစိုးရအနေနဲ့လည်း သူတို့ဘယ်လိုလုပ်လိုက်လို့ စစ်ပွဲတွေ ရပ်သွားပါတယ်၊ တပ်မတော်ကို အပြုသဘောနဲ့ အစိုးရက ဘယ် လို ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတာကို အခုအချိန်မှာ ပို ပြသနိုင်ဖို့လိုနေတယ်။ အခု စစ်တိုက်နေတဲ့ပုံစံက တိုင်းရင်းသား တွေကို ချောင်ပိတ်ပြီး လုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီပုံစံ ဟာ နိုင်ငံသမိုင်းမှာလည်း မအောင်မြင်ခဲ့ပါဘူး။ ရှေ့လျှောက် လည်း အောင်မြင်မှာမဟုတ်ဘူး။ အပြုတ်တိုက်မယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ တစ်ဖွဲ့ပြုတ်ရင် တစ်ဖွဲ့တက်လာမှာပဲ။ နိုင်ငံရေးမှာ ချောင်ပိတ်လုပ်တာဟာ မအောင်မြင်နိုင်ဘူး။    ။

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ အင်တာဗျူး ဖြစ်ပါသည်။

ကျော်ဇေယျ မေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here