Home သတင်းဆောင်းပါး ခေတ်အဆက်ဆက် အနိုင်ကျင့်ခံ မြေနိမ့်စံများ ဘဝ

ခေတ်အဆက်ဆက် အနိုင်ကျင့်ခံ မြေနိမ့်စံများ ဘဝ

286
0
ဧည့်သည်များကို စောင့်မျှော်ရှာဖွေလေ့ရှိသော ပြည်လမ်းပေါ်ရှိ မှတ်တိုင်တစ်ခုတွင် တွေ့ရသည့် လိင်အလုပ်သမတစ်ဦး
Advertise Here

မအေးမြသီတာတစ်ယောက် ပြည်လမ်းပေါ်ရှိ ကိုးမိုင်မှတ်တိုင်ရှေ့တွင် ကားစောင့်နေစဉ် ရုတ်တရက်ဆိုသလို သူ့ရှေ့သို့ အငှားယာဉ်တစ်စီး ထိုးရပ်လာပြီး ယူနီဖောင်းဝတ်ရဲတစ်ဦး ဆင်းလာ သည်။ ပြီးတော့ သူ့ကို အငှားယာဉ်ပေါ်သို့ အတင်း ဆွဲတင်လေသည်။

သူကြောက်လန့်တကြား ”ကယ်ပါဦး”ဟု အော်မြည်အကူအညီတောင်းသော်လည်း ဘေး နားရှိလူတချို့က သူ့ကို   မကောင်းသည့်မိန်းမ ဆိုသည့်သဘောမျိုးပင် ပြောကြသလို ဝင်ရောက် ကူညီသူမရှိ။

”အဲဒီအချိန်မှာ ကူကယ်ရာမရှိတဲ့ဘဝ၊ အရမ်းကြောင်ပြီးကြောက်သွားတာပေါ့”ဟု သူကြုံခဲ့ရသည့်အဖြစ်ဆိုးကို မအေးမြ သီတာက ပြန်ပြောပြသည်။

Advertise Here

သူသည်HIV ရှိနေသူတစ်ဦးဖြစ်သောကြောင့် အဲသည့် နေ့က  ARV (Antiretroviral) ပိုးထိန်းဆေးထုတ်ပြီး အပြန် အိုးရှင်းဆူပါမားကက်တွင် သူငယ်ချင်းတစ်ယောက်နှင့် ကော်ဖီ သောက်သည်။ ပြီးတော့ ကမ္ဘာအေးဘုရားသို့သွားရန် နေ့လယ် ၃းဝဝ နာရီခန့်တွင် ကားစောင့်ဆိုင်းနေစဉ် ရဲက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

တရားရုံးရောက်သောအခါ မအေးမြသီတာက သူမှတ် တိုင်တွင် ကားစောင့်နေသည်မှာ အလုပ်လုပ်နေခြင်းမဟုတ်ဘဲ ဆေးခန်းမှပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ရှင်းပြတော့မှ တရားသူကြီးက အမှုကို လက်မခံနိုင်ဟုဆိုကာ ပြန်လွှတ်ပေး လိုက်သည်။

လမ်းဘေးအခြေပြု လိင်အလုပ်သမဖြစ်သူ မအေးမြသီ တာသည် ယင်းအဖြစ်အပျက်ကို ပြီးခဲ့သည့် ဇူလိုင်လထဲတွင် ကြုံ ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်ခင် မေလတုန်းကလည်း ကျော်ဇောမှု ပုဒ်မ ၇(၁) ဖြင့် အဖမ်းခံခဲ့ရကာ မရမ်းကုန်းရဲစခန်းတွင် တစ်ပတ် ကြာအချုပ်ခံခဲ့ရပြီး ပြစ်မှုမမြောက်သောကြောင့် ပြန်လည်လွတ် မြောက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရများသာ ပြောင်းသွားသော်လည်း လိင်လုပ်သားများအပေါ် ခေတ်အဆက်ဆက်ပြုမူခဲ့သည့် လူ့ အခွင့်အရေးချိုးဖောက်မှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကတော့  ယနေ့အထိ မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်ဟု လိင် အလုပ်သမများက ဆိုကြသည်။

လိင်လုပ်သားအခွင့်အရေးနှင့် ပညာပေးလုပ်ငန်းများ လိုက်လံဆောင်ရွက်နေသည့် ကိုယ့်အားကိုယ့်ကိုးအဖွဲ(Self Help Group – SHG)ခုမှ အဖွဲ့ဝင်ဖြစ်ပြီး လိင်အလုပ်သမ တစ်ဦးဖြစ်သူ မနန်းခိုင်*က ”အစိုးရတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်း သွားပေမယ့် ကျွန်မတို့အခွင့်အရေးတွေ ထူးထူးခြားခြားရလာ တာတော့ မရှိသေးဘူး”ဟု မော်ကွန်းကို ပြောသည်။

အာရှတွင်လည်း မြန်မာနိုင်ငံသည် လိင်အလုပ်သမတို့၏ အခွင့်အရေးများ အချိုးဖောက်ခံရဆုံးနိုင်ငံများတွင် ပါဝင်နေ သည်ဟု Marie Stopes Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး  ဒေါက်တာစစ်နိုင်က ဆိုသည်။

ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

အကာအကွယ်မဲ့ ဘဝများ

လွန်ခဲ့သည့်ငါးနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဖြစ်သည်။ အမျိုးသားနှစ်ယောက်က လိင်ဖျော်ဖြေပေးရန် ခေါ် ဆောင်သဖြင့် ဒေါ်သက်သက်မာ(ယခု ၅၄ နှစ်) သည် မင်္ဂလာဒုံ ဘက်သို့ လိုက်သွားခဲ့သည်။ ယင်းတစ်ညတာအတွက် ငွေကျပ် တစ်သောင်းရရှိမည်ဖြစ်သည်။

သို့သော် ခေါ်သွားသည့်နေရာသို့ရောက်သည့်အခါ စောင့် ကြိုနေသည့် လူများက စုစုပေါင်း ၁၅ ယောက်။ သုံးယောက် မြောက် အမျိုးသားနှင့်အတူနေပြီးသည့်အခါ ကျန်သူများနှင့် ထပ်မံအတူနေဖို့ သူ့မှာ ခံနိုင်ရည် မရှိတော့။ ထို့ကြောင့် ပြန်လို သည့်အကြောင်း ပြောလိုက်သည်။

ထိုအခါ အမျိုးသားများက သူ့ကိုပေးထားသည့် ပိုက်ဆံ တစ်သောင်း ပြန်ပေးရန်ပြောသည်။ ထိုပိုက်ဆံကို အသိတစ် ယောက်၏ လက်ဖက်ရည်ဆိုင်တွင် အပ်ထားခဲ့ပြီဖြစ်သောကြောင့် ပေးရန်မရှိတော့ဟုပြောလိုက်သည့်အခါမှာတော့ ဒေါ်သက်သက် မာ၏ အဝတ်အစား၊ နာရီ၊ ထီးနှင့် ဖိနပ်တို့ကို သိမ်းထားလိုက် ကြသည်။ ပြီးလျှင် ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုပြီး ထိုးကြိတ်ရိုက် နှက်ကြတော့သည်။

အော်ဟစ်ဆဲဆိုသံများကို ဘေးပတ်ဝန်းကျင်မှ ကြား မည်စိုးသဖြင့် နောက်ဆုံးတွင် ဒေါ်သက်သက်မာကို ပြန်လွှတ်ပေး လိုက်သည်။ ည၂းဝဝ နာရီထိုးလောက်မှ ပြန်လာခဲ့ရသည်။ ဝတ်စ ရာ အဝတ်မရှိတော့သဖြင့် တွေ့ကရာအဝတ်တန်းတစ်ခုမှ ပုဆိုး စုတ်တစ်ထည်ဝတ်ပြီး သဘက်တစ်ထည်ခြုံကာ ပြန်လာခဲ့ရသည်။

ထိုသို့ ပြုကျင့်ခံရသည့်အတွက် သူတို့လို လိင်အလုပ်သမ များအတွက် မည်သည့်နေရာကိုမှ တိုင်တန်းနိုင်သည့် အခွင့် အရေးမရှိသလို အကာအကွယ်ပေးထားသည့် ဥပဒေလည်း မရှိပေ။

သာမန်ယောက်ျား၊ မိန်းမများ အကြမ်းဖက်ခံရပါက ရဲ စခန်းသို့ သွားရောက်တိုင်တန်းနိုင်သော်လည်း လိင်လုပ်သားဖြစ် ပါက အဖမ်းခံရမည်ကြောက်သဖြင့် ”မသွားရဲဘဲ ခေါင်းငုံ့ခံနေရ တယ်”ဟု လိင်အလုပ်သမများကို ကူးစက်ရောဂါများနှင့် ပတ် သက်ပြီး အသိပညာပေးဆောင်ရွက်နေသော Aye Myanmar Association (AMA) မှ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး  ဦးကျော်ဇေယျာဆွေက ပြောသည်။

လိင်အလုပ်သမတို့သည် ဖောက်သည်များ၏ အနိုင်ကျင့်၊ နှိပ်စက်ခြင်းခံရသလို အလုပ်ရှင်တို့၏ခေါင်းပုံဖြတ်မှုကိုလည်း ခံရ တတ်သည်။

တချို့သော ပြည့်တန်ဆာလုပ်ငန်းရှိ လိင်အလုပ်သမများ သည် လုပ်အားနှင့်ထိုက်တန်သည့် လုပ်အားခမရခြင်း၊ လုပ်အား ခကို အချိန်မှန်မှန် မရခြင်းများလည်း ရှိတတ်သည်ဟု ဦးကျော် ဇေယျာဆွေက ဆိုသည်။

”တချို့မာဆတ်(အနှိပ်ခန်း) တွေမှာ သူတို့(ပိုင်ရှင်)မကြိုက် တော့တဲ့သူမျိုး၊ အသုံးမတည့်တော့ဘူးလို့ထင်တဲ့သူမျိုးဆိုရင် တခြားတစ်နေရာကို ပုတ်ပြတ်ရောင်းစားပစ်လိုက်တာမျိုးတွေလည်း ရှိတယ်”ဟု သူက ရှင်းပြသည်။

ထို့အပြင် နိုင်ငံသားတိုင်းသည် ကျန်းမာရေးစောင့်ရှောက် ခွင့်ရရှိဖို့၊ လုံခြုံတဲ့ဘဝရရှိဖို့၊ စားဝတ်နေရေးပြေလည်ဖို့ စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိနိုင်သော်လည်း လိင်လုပ်သား များအနေဖြင့် ကျန်းမာရေးအတွက် ဆေးခန်းပြသည့်အခါ၌ပင် ခွဲခြားနှိမ်ချမှုတွေ ရှိနေသည်ဟု သူက ထောက်ပြသည်။

လိင်လုပ်သားများ ဥပဒေအရအကာအကွယ်မရဖြစ်နေစဉ် ပြည့်တန်ဆာဥပဒေပါ အချက်တချို့ကလည်း လိင်လုပ်သားများ အား နှိပ်ကွပ်ဖို့ အခွင့်အရေးပေးထားသလိုဖြစ်၍နေသည်ဟု လိင်လုပ်သားအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများက ဆို    ကြသည်။

ဥပဒေအခက်အခဲ

စမ်းချောင်းမြို့နယ်ရှိ ပြည့်တန်ဆာအိမ်တစ်ခုမှ လိင် အလုပ်သမ မယမင်းဖြူဖြူ ဆိုလျှင် လွန်ခဲ့သည့်သုံးနှစ်က ဥပဒေ ကို လက်တစ်လုံးခြားအသုံးချသည့် လူတစ်ယောက်နှင့်ကြုံခဲ့ဖူးသည်။

တစ်ရက်တွင် သူအလုပ်လုပ်ရာ ပြည့်တန်ဆာအိမ်သို့ အမျိုးသားတစ်ယောက်ရောက်လာသည်။ အခန်းထဲသို့ရောက် သောအခါ ထိုအမျိုးသားက ၄င်းသည် ရဲသတင်းပေးဖြစ်ကြောင်း နှင့် ရဲထံတိုင်ကြားမည်ဆိုပါက လိင်အလုပ်သမများအားလုံး အဖမ်းခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်။

ပြီးတော့ ထိုသူသည် ပိုက်ဆံမပေးသည့်အပြင် အတူနေ သည့်အခါတွင်လည်း ကွန်ဒုံးမသုံးဘဲ နေသွားသည်ဟု မယမင်း ဖြူဖြူက ဆိုသည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများတွင် HIV ရောဂါပိုးရှိသူဦးရေ ဆဋ္ဌမမြောက် အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း UNAIDS ၏ ၂ဝ၁၅ ထုတ်ပြန်ချက် အရ သိရသည်။ ၂ဝ၁၃ က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ခုခံအားကျဆင်း မှု ရောဂါတိုက်ဖျက်ရေးအဖွဲ့ UNAIDS ကုသမဂ္ဂ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဆိုင်ရာ ပူးတွဲအစီအစဉ်) ၏ စစ်တမ်းတွင် မြန်မာ နိုင်ငံ၌ ‘ပြည့်တန်ဆာ’အဖြစ်လုပ်ကိုင်နေသူ ခုနစ်သောင်း (၇ဝ,ဝဝဝ) ဝန်းကျင်ရှိပြီး ယင်းပမာဏထဲမှ ၈ ဒသမ ၁ ရာခိုင် နှုန်းမှာ အိပ်ခ်ျအိုင်ဗွီပိုးရှိနေသူများဖြစ်သည်ဟု ဖော်ပြထားသည်။ ဆိုရလျှင် လိင်အလုပ်သမ ၁၂ ဦးတွင် တစ်ဦး ရောဂါပိုးရှိသည့် သဘောဖြစ်သည်။

UNAIDS ၏ စစ်တမ်းတွင် ဖော်ပြရာ၌ မူးယစ်ဆေးဝါး ထိုးသွင်းသူများတွင် ၂၃ ရာခိုင်နှုန်း (လေးဦးလျှင် တစ်ဦးနှုန်း)၊ အမျိုးသားချင်း လိင်ဆက်ဆံသူများတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများတွင် ၆ ဒသမ ၃ ရာခိုင်နှုန်း HIV ကူးစက်မှုရှိကြောင်း ဖော်ပြထားသည်။

၂ဝဝဝ ပြည့်နှစ်ကတည်းက လိင်အလုပ်သမများကို ဖမ်း ဆီးတရားစွဲဆိုရာတွင် ကွန်ဒုံးကို သက်သေခံပစ္စည်းအဖြစ် အသုံး မပြုရန် ထိုစဉ်က မြန်မာနိုင်ငံရဲချုပ်က ညွှန်ကြားချက် ထုတ် ပြန်ခဲ့သည်။ သို့သော် ယင်းညွှန်ကြားချက်ကို လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သဖြင့် လိင်လုပ်သားများအပါအဝင် အများပြည်သူ တို့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိခဲ့ကြဟု Marie Stopes Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး  ဒေါက်တာ စစ်နိုင်က ဆိုသည်။

ကွန်ဒုံးကို အမှုတည်ဆောက်သည့်အခါတွင် သက်သေခံ ပစ္စည်းအဖြစ် လုံးဝမထည့်ရန် ပြောထားသော်လည်း မဖမ်းရဟု မပါရှိသောကြောင့် လမ်းပေါ်တွင် ရဲနှင့် လိင်အလုပ်သမတွေ့ပါက ”ဒါ(ကွန်ဒုံး)ကိုသုံးပြီး ဖမ်းတုန်းပဲ”ဟု သူက ဆိုသည်။

အကျိုးဆက်အားဖြင့် ကျန်းမာရေးရှုထောင့်ကကြည့်လျှင် ကွန်ဒုံးဆောင်ရန် အလိုအပ်ဆုံးသော လိင်အလုပ်သမတို့သည် ကွန်ဒုံးမဆောင်ရဲကြတော့ပေ။

ထို့ကြောင့် လက်ရှိခေတ်စနစ်နှင့် မလျော်ညီတော့သည့် ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ ပြင်ဆင်နိုင်ရန် ၂ဝ၁၃ တွင် မြန်မာနိုင်ငံ လိင်အလုပ်သမသမဂ္ဂ (Sex Workers in MyanmarSWiM) က လွှတ်တော်ထဲသို့သွားရောက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ စတင်ကြိုးပမ်းခဲ့သည်ဟု ယင်းအဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။

SWiM ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၁ တွင် တော်ဝင်ခရေအဖွဲ့က ဦးဆောင်ကာ မြို့ ၁၈ မြို့ရှိ လိင် အလုပ်သမ အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ဧည့်သည်တစ်ဦးနှင့် ဈေးစကားပြောနေသည့် လိင်အလုပ်သမတစ်ဦး ။ ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

ပြည့်တန်ဆာဥပဒေ ပြင်ဆင်ရေး

၂ဝ၁၃ တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်လဲ့လဲ့ ဝင်းဆွေက လိင်အလုပ်သမများနည်းတူ ပျော်ပါးသည့် အမျိုး သားများကိုပါ အားပေးကူညီသူများအဖြစ်သတ်မှတ်ပြီး တရား စွဲဆိုပြစ်ဒဏ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကလည်း ၁၉၄၉ ပြည့် တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်ရန်ရှိ၊ မရှိအဆိုကို တင်သွင်းခဲ့သည်။

အဆိုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်းက လက်ရှိကျင့်သုံးနေဆဲ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကိုပြင်ဆင်မည်မဟုတ်ဘဲ ယင်းဥပဒေအရ လိင်အလုပ်သမနှင့်ပျော်ပါးသူ အမျိုးသားများကိုလည်း တရားခံ များအဖြစ် အရေးယူခွင့်မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာဥပဒေတွင်ပါဝင်သည့် အသွင်ယူ သက်သေဖြင့် လိင်အလုပ်သမများအား ဖမ်းဆီးနိုင်သည်ဆို သည့်အချက်ကို ပျောက်ပျက်စေချင်သည်။

”တခြားအမှုတွေမှာတော့ အသွင်ယူသက်သေရဲ့ နက်နဲ ချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြည့်တန်ဆာနဲ့ အလကား လည်း ပျော်ပါးသေးတယ်။ ပြီးတော့မှ ဒါပြည့်တန်ဆာပါပဲဆိုပြီးဖမ်းလိုက်တဲ့အသွင်ယူသက်သေကတော့ တအားပေါ့ပျက်လွန်း တယ်”ဟု မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသူရထွန်းက လိင်အလုပ်သမများကို ဖမ်းဆီးရာတွင် တရားလိုလုပ်မည့် ရဲများ အနေဖြင့် ပိုက်ဆံပေးပြီး အသွင်ယူပျော်ပါး၍ မရသောကြောင့် တရားရုံးတွင် သက်သေထွက်ပေးနိုင်မည့် အရပ်သားသက်သေခံ ကို အသုံးပြုရခြင်းဖြစ်သည်ဟု မော်ကွန်းကို ပြောသည်။

၂ဝ၁၅၊ ဇူလိုင်တွင် ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ကို ပြင်ဆင်ပေးရန် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ သို့ တင်ပြခဲ့သည်။  ပုဒ်မ(၁၈)ခုပါဝင်သည့် ယင်းဥပဒေသည် လက်ရှိ ခေတ်အခြေအနေနှင့် ကိုက်ညီမှုမရှိတော့ဟုလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါသည်။

ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ‘ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ’ အစား ‘ပြည့်တန်ဆာ ထိန်းသိမ်းရေးဥပဒေ’ ဟု အမည်ပြောင်းလဲရန်နှင့် လိင်အလုပ်သမများသာမက လိင်ဆက် ဆံသူ အမျိုးသားကိုပါအရေးယူရန် ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက်ပေးခဲ့သည်။ ယင်းဥပဒေကြမ်းတွင် ပုဒ်မ ၃ (က)နှင့် ၃ (ခ)တို့တွင် ယခင်ဒဏ်ကြေး ၁,ဝဝဝ ကျပ် အစား တစ်သိန်းကျပ်ဖြင့် ပြောင်းလဲပြင်ဆင်ထားခဲ့သလို ထောင်ဒဏ် များလည်း တိုးမြှင့်ခဲ့သည်။

သို့သော် အဆိုပါပြင်ဆင်ရေးဥပဒေကြမ်းကို လိင်လုပ်သား များ၊ လိင်လုပ်သားအရေး လှုပ်ရှားဆောင်ရွက်နေသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ ပါဝင်ခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှ ရေးဆွဲထားခြင်းဖြစ်သောကြောင့် လိင် အလုပ်သမအများစုက ဝေဖန်ခဲ့ကြသည်။

”(လိင်အလုပ်သမတွေအတွက်) အဆင်ပြေလား၊ မပြေ လား။ ဒါတွေက ဖြစ်သင့်လား မဖြစ်သင့်ဘူးလားဆိုတာ Research (သုတေသန) လည်း မလုပ်ဘူး။ အဲဒီဥပဒေကြီးက တစ်ခုလုံးပြင်ရမှာလေ။ ဟိုတစ်ကွက်ပြင်၊ ဒီတစ်ကွက်ပြင်လို့ ဘာမှမထူးဘူး။ ပိုဆိုးတာပဲရှိမယ်”ဟု SwiM ၏ဥက္ကဋ္ဌဟောင်း ဒေါ်နှင်းနှင်းယုက ပြောဆိုသည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဌာနမှတင်ထားသည့် ပြည့်တန်ဆာဥပဒေကြမ်းမှာ ပထမအကြိမ် လွှတ်တော်တွင် အမျိုးသားလွှတ်တော်သို့ ရောက်ရှိနေပြီဖြစ် သည်။ ယင်းဥပဒေကြမ်းမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ တစ်ဖက် သတ်ပြင်ဆင်ရေးဆွဲထားသဖြင့် လိင်အလုပ်သမများ၊ လူမှုအဖွဲ့ အစည်းများ၊ ပညာရှင်များက လက်မခံကြပေ။

လက်ရှိကျင့်သုံးနေသည့် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက် ဥပဒေသည် နှစ်ပေါင်း ၇ဝ နီးပါးသက်တမ်းရှိပြီး ခေတ်စနစ်နှင့် မကိုက်ညီတော့သလို တိကျမှုမရှိသော အဓိပ္ပာယ်ကျယ်ပြန့်သည့် စကားလုံးအသုံးအနှုန်းပါဝင်နေသည်ဟု ဥပဒေပညာရှင်များက ထောက်ပြကြသည်။

ထို့ကြောင့် လက်ရှိအရပ်သားအစိုးရသစ်လက်ထက်တွင် ပြည့်တန်ဆာဥပဒေနှင့်ပတ်သက်ပြီး ပြင်ဆင်ခြင်း၊ အသစ်ပြန် လည်ရေးဆွဲခြင်းတို့ဆောင်ရွက်လျှင် လိင်အလုပ်သမတို့ ကြုံတွေ့ ခံစားနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်တောင်းဆို ချက်များကို ဘုံသဘောတူညီမှုရရှိထားရန်ရည်ရွယ်၍ ရန်ကုန်၊ မ္တနလေး၊ မော်လမြိုင်မြို့တို့တွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခဲ့သည်။

လိင်လုပ်သားအရေး လှုပ်ရှားဆောင်ရွက်မှုများ

ယခုနှစ် သြဂုတ် ၁၃၊ ၁၄ ရက်၌ ရန်ကုန်မြို့ရှိ စင်ထရယ်ဟို တယ်တွင် တော်ဝင်ခရေအဖွဲ့မှဦးဆောင်ကာ လိင်လုပ်သားအဖွဲ့ အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လူပေါင်း ၂ဝဝ ကျော်တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် လိင်အလုပ်သမများကို ရာဇဝတ်မှုအနေဖြင့် အရေးမယူဘဲ ပြစ်ဒဏ်များပယ်ဖျက်ပေးရန်၊ ‘ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ’အစား ‘ပြည့်တန်ဆာကာ ကွယ်ရေးဥပဒေ’ဟု ပြောင်းလဲပေးရန်၊ ပြည့်တန်ဆာပုဒ်မ ၃(က)၊ ၃(ခ)၏ မူရင်းအဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြ ပေးရန်၊ ယင်းပုဒ်မများနှင့်ပတ်သက်ပြီး ချမှတ်ထားသည့်ပြစ်ဒဏ် များကို လျော့ပေါ့ပေးရန်၊ ကျော်ဇောမှု ပုဒ်မ ၇(၁)ကို လုံးဝပယ် ဖျက်ပေးရန်၊ ရဲဝန်ထမ်း၊ ပြည့်တန်ဆာခေါင်းနှင့် ဖောက်သည်များ မှအနိုင်ကျင့်ခဲ့လျှင် တိုင်တန်း၍ရသည့် စနစ်တစ်ခုထားရှိပေးရန်၊ ပွင့်လင်းမြင်သာသည့်တရားစီရင်ရေးဖြစ်ရန် စသည့်အချက် ခုနစ်ချက်ကို တောင်းဆိုခဲ့ကြသည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၃(က)နှင့် (ခ)တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ ကိုယ်/ နှုတ်အမူအရာဖြင့် ဟီရိသြတ္တပ္ပတရားကင်းမဲ့လျက် မိမိကိုယ် ကာယကို တမင်လှစ်ပြခြင်း၊ အခြားနည်းဖြင့် အာရုံစွဲငြိစေခြင်း၊ အာရုံစွဲငြိစေရန် အားထုတ်ခြင်းအပြင် မြှူခေါ်သွေးဆောင်ခြင်း၊ နှောင့်ယှက်ခြင်း၊ အနီးအနားရစ်ဝဲခြင်း စသဖြင့် ပြဋ္ဌာန်းထား သည့်အချက်တို့မှာ ယေဘုယျဆန်လွန်းသည်ဟု Pang Long မှ အထက်တန်းရှေ့နေ ဦးဇော်ဝင်းနိုင်က ဆိုသည်။

”အခုခေတ်ကာလမှာ အမျိုးသမီးအများစုက ဝတ်စား ဆင်ယင်မှုတွေ ခေတ်မီတိုးတက်လာပြီး ညဘက်အလုပ်ကအပြန် နောက်ကျတာတွေရှိကြတဲ့အခါမှာ ပြည့်တန်ဆာပါလို့ စွပ်စွဲသူရှိ လာခဲ့ရင် အလွယ်တကူ ဖမ်းဆီးခံရတာမျိုးဖြစ်လာမှာ စိုးရိမ် တယ်”ဟု ဦးဇော်ဝင်းနိုင်က ဆိုသည်။

ယင်းဥပဒေပါ အချက်အချို့သည် ယခုခေတ်ကာလနှင့် ကိုက်ညီမှုမရှိသည့်အကြောင်းကို လိင်လုပ်သားအရေး လှုပ်ရှား နေသူ ဒေါ်ပန်းနုကလည်း ယခုလို ထောက်ပြသည်။

”အခုခေတ်မှာ အတိုအပြတ်တွေဝတ်ကြတာပဲ။ အဲဒီလိုဆို အတိုအပြတ်ဝတ်တိုင်း အဲဒီမိန်းကလေးက Sex Worker ဖြစ် နေပြီလား။ ဥပဒေမှာဖော်ပြထားတဲ့အတိုင်းသာဆိုရင် လူတွေ မလွတ်ဘူး။ ထောင်တောင်ဆံ့မှာ မဟုတ်ဘူး”

တိကျမှုနည်းပြီး လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်များရှိနေခြင်းကြောင့် တည်ဆဲပြည့်တန်ဆာဥပဒေကို ”ပြင် ဆင်ခြင်းထက် အသစ်ပြန်ရေးဆွဲခြင်းက ပိုကောင်းမယ်” ဟု ဦးဇော်ဝင်းနိုင်က အကြံပြုသည်။

Marie Stopes Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန် ကြားရေးမှူး ဒေါက်တာစစ်နိုင်က လက်ရှိ ပြည့်တန်ဆာဥပဒေကို ပြင်သည်ဖြစ်စေ၊ အသစ်ရေးဆွဲသည်ဖြစ်စေ ”ဦးတည်အုပ်စု (လိင်အလုပ်သမများ)ရဲ့စကားကို နားထောင်ပေးဖို့ လိုပါလိမ့် မယ်”ဟု အကြံပြုသည်။

ပြည်ကြီးခင်အဖွဲ့မှ အစီအစဉ်မန်နေဂျာ ဦးသန့်လွင်ထူးက လည်း လက်ရှိအရပ်သားအစိုးရသစ်လက်ထက်တွင် ပြည့်တန် ဆာဥပဒေကို ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ပြုလုပ်မည်ဆို ပါက ”ရှေ့နေချုပ်ရုံးက လူတွေပဲဆွဲပြီးတော့ ဥပဒေကြမ်းကော် မတီကလူတွေပဲ အတည်ပြုလိုက်တာမျိုးထက်စာရင် ဒီဥပဒေရဲ့ သက်ရောက်ခြင်းကိုခံရမယ့် ဦးတည်အုပ်စုတွေရဲ့ ခံစားချက်နဲ့ သူတို့ရဲ့ဆန္ဒတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်”ဟု ဆိုသည်။

ပြည်ကြီးခင်အဖွဲ့သည် HIV/AIDS ကာကွယ်တားဆီး ရေးလုပ်ငန်းနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်အဖွဲ့ ဖြစ်သည်။

အစိုးရသစ်ရဲ့ဆောင်ရွက်ချက်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရတက်လာ သည့်အခါ ပြည့်တန်ဆာအရေးလှုပ်ရှားသူများနှင့် လိင်အလုပ် သမများသည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများအတွက် မျှော်လင့်ချက်များစွာထားကြသည်။ ၄င်းတို့၏ အခွင့်အရေးများ ရရှိလာလိမ့်မည်ဟုလည်း ယုံကြည်ထားကြသည်။

သို့သော် အစိုးရသစ်တက်လာပြီး ရက် ၁ဝဝ စီမံချက်တွင် လိင်အလုပ်သမများကို ယခင်ကထက် ပိုမိုဖမ်းဆီးအရေးယူကာ တင်းကျပ်စွာကိုင်တွယ်ခဲ့သည်ဟု လိင်အလုပ်သမများနှင့် လိင် လုပ်သားအရေး ဆောင်ရွက်နေသူတို့က ဆိုသည်။

ယင်းစီမံချက်ကြောင့် လိင်လုပ်သားများ ကျင်လည်ကျက် စားရာ ပြည့်တန်ဆာခန်းများ၊ အနှိပ်ခန်းများ၊ ကေတီဗီ လုပ်ငန်း များ ခေတ္တရပ်ဆိုင်းလိုက်ရသည်အထိဖြစ်ခဲ့ပြီး ရန်ကုန်အခြေစိုက် လိင်အလုပ်သမအချို့မှာ အဖမ်းအဆီးများသဖြင့် နယ်မြို့များသို့ရွှေ့ပြောင်းသွားခဲ့ရသည်ဟု လိင်အလုပ်သမများနှင့် လူမှုအဖွဲ့ အစည်းများက ပြောသည်။

”အရင်တုန်းက ည ၁ဝ နာရီလောက်အထိ လုပ်စားလို့ရ သေးတယ်။ အခုရက် ၁ဝဝ စီမံကိန်းလည်းစရော ညမှောင်တာနဲ့ ဖမ်းမယ်ဆိုတာပဲ။ အခုနေများ ဟောဒီလို ဆံပင်အနီဆိုးပြီး မှောင်တဲ့လမ်းမသွားနဲ့ ဆွဲမယ်ဆိုတာချည်းပဲ”ဟု လိင်အလုပ် သမ မနန်းခိုင်က သူ၏မဟော်ဂနီရောင်သန်းနေသည့် ဆံနွယ် များကိုလှုပ်ခါရင်း ပြောသည်။

ရက် ၁ဝဝ စီမံချက်ကာလအတွင်း၌ အဖမ်းအဆီးများ သောကြောင့် ပြည့်တန်ဆာအိမ်များမှာ ပိတ်ထားလေ့ရှိသဖြင့် လိင်အလုပ်သမများအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရသည်ဟု မြန်မာနိုင်ငံလိင်အလုပ်သမသမဂ္ဂဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါ်နှင်းနှင်းယုက မော်ကွန်းကို ပြောသည်။

Sex Worker (လိင်လုပ်သား) တွေကို ဖမ်းနေရုံနဲ့ မပ ပျောက်ဘူး။ ဖမ်းနေတဲ့ဟာက အဖြေတစ်ခုမဟုတ်ဘူးလို့ ထင် တယ်”ဟု ဒေါ်နှင်းနှင်းယုက ဆိုသည်။

ဧည့်သည်များကို စောင့်မျှော်ရှာဖွေလေ့ရှိသော ပြည်လမ်းပေါ်ရှိ မှတ်တိုင်တစ်ခုတွင် တွေ့ရသည့် လိင်အလုပ်သမတစ်ဦး။ ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

အလုပ်မဖြစ်တဲ့ ပြန်လည်ထူထောင်ရေး

လိင်အလုပ်သမများကို ဖမ်းဆီးအရေးယူခြင်းဖြင့် မပ ပျောက်နိုင်မှန်းသိသော်လည်း လိင်အလုပ်သမလျော့နည်းရေး အတွက် ဖမ်းဆီးနေရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသူရထွန်းက မော်ကွန်းကို ရှင်းပြသည်။

အကျဉ်းထောင်မှ လွတ်မြောက်သည့်အခါ ပြည့်တန်ဆာ လုပ်ငန်း ပြန်မလုပ်စေရန် ထောင်ထဲ၌ စာအုပ်များဖတ်စေခြင်း၊ အသိပညာပေးခြင်း၊ ဇာထိုးပန်းထိုး၊ စက်ချုပ်၊ မျက်တောင်အတု၊ ဆံကေသာအလှပြင်၊ မျက်နှာအလှပြင်၊ ကွန်ပျူတာ၊ အက၊ ဒီဇိုင် နာ၊ အသုံးလုံး သင်တန်းများပေးနေသည်ဟု ပထမအကြိမ်လွှတ် တော်တွင် ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့ဖူးသည်။

ဖမ်းဆီးခံရသည့် ၁၈ နှစ်အောက် လိင်အလုပ်သမများကို တော့ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်နှင့် မ္တနလေးမြို့တို့ တွင် ဖွင့်လှစ်ထားသည့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာန၌ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးလျက် ရှိသည်ဟု ဆိုသည်။

ထောင်ထဲမှ တတ်မြောက်ခဲ့သည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း လိင်အလုပ်သမလောကမှ ရုန်းထွက်လွတ်မြောက်သွားသူအချို့ရှိသည်ဟု ထောင်ထွက် လိင် အလုပ်သမတစ်ဦးဖြစ်သူ မသင်းသင်းက ဆိုသည်။

သို့သော်လည်း လိင်လုပ်သမအများစုမှာ ယင်းလုပ်ငန်း များလုပ်ကိုင်ရန် ငွေအရင်းအနှီးမရှိခြင်း၊ ရပ်တည်နိုင်သည့်ဝင် ငွေ မရရှိခြင်းတို့ကြောင့် မူလအလုပ်ကိုသာ ဆက်လက်လုပ်ကိုင် နေကြရဆဲဖြစ်သည်ဟု သူကဆိုသည်။ သူကိုယ်တိုင်သည်ပင် သူတတ်မြောက်ထားသည့် ပိုက်ဆံအိတ်ချုပ်ပညာဖြင့် လုပ်ကိုင် လိုသော်လည်း အရင်းအနှီးမရှိသဖြင့် လိင်လုပ်သားလောက၌ သာ ကျင်လည်နေရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာ မင်းကတော့ ”အစိုးရရဲ့ ပြန်လည်ထူထောင်ရေးစခန်းဆိုတာတွေ က အမြဲတမ်းကို အောင်မြင်မှုမရှိဘူး။ ဟန်ပြလုပ်နေတာမျိုးတွေပဲ အမြဲဖြစ်နေတယ်။ ခေတ်နဲ့မလျော်ညီတော့တဲ့ Mind-set (တွေး ခေါ်မှု)တွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ပေးနေလို့ကတော့ နိုင်ငံတော်လည်း ပိုက်ဆံကုန်တယ်။ သူတို့လည်း ဘာမှ အကျိုး မရှိလာဘူး”ဟု ဝေဖန်ထောက်ပြသည်။

နောက်ထပ်ပြဿ      နာတစ်ခုမှာလည်း ထောင်မှပြန်လွတ် လာပြီးနောက် လိင်အလုပ်ကိုစွန့်လွှတ်ကာ သာမန်အလုပ် ပြောင်းလုပ်ပြီး လူ့ဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ကြိုး စားကြသူများကို ပတ်ဝန်းကျင်က အသိအမှတ်မပြုဘဲ လျစ်လျူရှု ထားလေ့ရှိတတ်ကြသည်။

ထောင်ကျဖူးသည့် လိင်အလုပ်သမတစ်ဦးအနေဖြင့် အလုပ် လျှောက်ရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် သက်ဆိုင်ရာရဲစခန်းတို့၌ ထောက်ခံစာယူရာတွင် ၄င်း၏ပြစ်ချက်ဟောင်းကြောင့် ထောက် ခံစာ မရနိုင်တော့ပေ။ ယင်းသို့ဖြင့် လက်ရှိဘဝမှ ရုန်းထွက်လို သော်လည်း သူတို့၏ကြိုးပမ်းမှုများ အရာမထင်လာသည့် အဆုံးတွင် ဘဝတူများရှိရာ ပြည့်တန်ဆာလောကသို့ပင် တစ် ကျော့ပြန်ရောက်ရှိသွားကြတော့သည်။

ဘယ်လိုထိန်းကျောင်းမလဲ

လိင်လုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် အစိုးရ များ ကျင့်သုံးနေသည့် စနစ်လေးမျိုးရှိသည်။ ယင်းစနစ်လေးမျိုး မှာ အလုံးစုံရာဇဝတ်သင့် သတ်မှတ်သောစနစ် (Full Criminalisation)၊ တစ်စိတ်တစ်ပိုင်းရာဇဝတ်သင့် သတ်မှတ် သောစနစ် (Partial Criminalisation)၊ တရားဝင်ခွင့်ပြုခြင်း စနစ်(Legalisation)နှင့် ရာဇဝတ်မှုမသင့်ကြောင်း သတ်မှတ် သောစနစ်(Descriminalisation)များဖြစ်သည်ဟု ဒေါက်တာ စစ်နိုင်က ရှင်းပြသည်။

အလုံးစုံ ရာဇဝတ်သင့် သတ်မှတ်သောစနစ်မှာ လိင်ကိစ္စအရောင်းအဝယ်နှင့်ပတ်သက်ပြီး ဆောင်ရွက်သည့် အမျိုးသား၊ အမျိုးသမီးမည်သူမဆို ရာဇဝတ်ကြောင်းအရ အရေးယူခြင်းဖြစ် သည်။ လိင်နှင့်ပတ်သက်ပြီး ရောင်းသူ၊ ဝယ်သူ၊ နေရာပေးသူ၊ ပွဲစားလုပ်သူ၊ သယ်ယူသည့်ယာဉ်အပါအဝင် အားလုံးသည် ရာဇ ဝတ်သင့်ကြသည်။ ပုံစံလေးမျိုးတွင် အရေးယူမှု အပြင်းထန်ဆုံး သောပုံစံဖြစ်ပြီး နိုင်ငံအချို့တွင် ကျင့်သုံးလျက်ရှိသည်။

တစ်စိတ်တစ်ပိုင်း ရာဇဝတ်သင့် သတ်မှတ်သောစနစ် (Partial Criminalisation) မှာ လက်ရှိ မြန်မာနိုင်ငံတွင် ကျင့် သုံးနေသည့် လိင်အလုပ်သမကိုသာ ဖမ်းဆီးအရေးယူပြီး အခ ပေးပျော်ပါးသူ အမျိုးသားကို သက်သေခံရုံဖြင့် ပြန်လွှတ်ပေး သည့် ပုံစံမျိုးဖြစ်သည်။ လက်ရှိ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ တွင် လိင်အလုပ်သမသာမက ပြည့်တန်ဆာခေါင်းနှင့် အခြားပါ ဝင်ပတ်သက်သူ အားလုံးကိုလည်း အရေးယူသည်။ Partial Criminalisation ကျင့်သုံးသည့် နိုင်ငံအနည်းငယ်၌ လိင်အလုပ် သမကို အရေးမယူဘဲ လိင်ဝယ်သူအမျိုးသားကိုသာ အရေးယူ ခြင်းမျိုးလည်းရှိကြသည်။ Partial Criminalisation သည် လည်း Full Criminalisation နီးပါး အရေးယူမှုပြင်းထန်သည့် အမျိုးအစားဖြစ်သည်။ နိုင်ငံအတော်များများတွင် ကျင့်သုံးလျက် ရှိသည်ဟု ဒေါက်တာစစ်နိုင်က ပြောကြားသည်။

Legalisation (တရားဝင်ခွင့်ပြုခြင်း)တွင် အစိုးရက လိင် လုပ်သားများကို တရားဝင်လုပ်ကိုင်ခွင့်ပြုပြီး ထိန်းချုပ်သည့်ပုံစံ ဖြစ်သည်။ စားသောက်ဆိုင်၊ ဆေးခန်းတို့ကဲ့သို့ ဝန်ဆောင်မှုလုပ် ငန်းတစ်ခုအဖြစ်သတ်မှတ်ပြီး လိုင်စင်ထုတ်ပေးသည်။ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါက လိင်အလုပ် သမများကို လက်မှတ်ထုတ်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း တို့ကို အစိုးရက ကြီးကြပ်လုပ်ကိုင်ခြင်းဖြစ်သည်။

ရာဇဝတ် မသင့်ကြောင်း သတ်မှတ်သောစနစ်(Descriminalisation)မှာ ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေအရ ပြစ်မှုအဖြစ် မသတ်မှတ်ခြင်းဖြစ်သည်။ လိင်အလုပ်သမများနှင့် ပတ်သက်ပြီး ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေး၊ လူတစ်ဦးက တစ်ဦးကို နှိပ်စက်ရိုက်နှက်၊ ကုပ်သွေးစုပ်အမြတ်ထုတ်ခြင်း စသော မတရား မှုအမျိုးမျိုးတို့ကို Descriminalisation ဖြင့် ထိန်းချုပ်လျှင် အထိ ရောက်ဆုံး၊ အကောင်းဆုံးဖြစ်သည်ကို နိုင်ငံတကာပညာရှင်များ က မှတ်ချက်ပြုလက်ခံထားသည်ဟု ဒေါက်တာစစ်နိုင်က ရှင်း ပြသည်။

ဘယ်ပုံစံသုံးမလဲ

လိင်လုပ်သားအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူများ နှင့် လိင်လုပ်သားများအနေဖြင့် အထက်ပါပုံစံလေးမျိုးအနက် ရာဇဝတ်မသင့်ကြောင်း သတ်မှတ်သောစနစ်သာ မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်သည်ဟု အကြံပြုကြသည်။

လိင်လုပ်ငန်းကို လက်ရှိတွင် ဥပဒေအရပြစ်မှုမြောက် သည်ဟု သတ်မှတ်ထားသဖြင့် ခွဲခြားနှိမ်ချဆက်ဆံမှုအပါအဝင် နောက်ဆက်တွဲဆိုးကျိုးများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အာရှ- ပစိဖိတ်ဒေသ လိင်လုပ်သားများကွန်ရက် (Asia Pacific Network of Sex Workers – APNSW )မှ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးဒေါ်ကေသီဝင်းက ပြောသည်။

”အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ပေးလိုက်မယ်ဆို ခွဲခြား နှိမ့်ချမှုတွေ လျော့သွားမယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီရယူနိုင်မယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်မှု တွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်လာနိုင်မယ်။ အကြမ်း ဖက်ခံရတာကနေ လွတ်သွားမယ်”ဟု သူက ရှင်းပြသည်။

တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုခြင်းက နိုင်ငံတော်အတွက် ဝင်ငွေခွန်ရပြီး ကောင်းသည့်အချက်များရှိသလို တစ်ဖက်တွင်  အခြားသော ဆိုးကျိုးများလည်းရှိနေသည်ဟု လိင်လုပ်သား   အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများက ဆိုကြသည်။

တရားဝင်မှတ်ပုံတင်ဖြင့် ခွင့်ပြုခြင်းသည် အသွားနှစ်ဖက်ပါ သည့် ဓားတစ်ချောင်းကဲ့သို့ရှိနေပြီး တရားဝင်လုပ်သင့်၊ မလုပ် သင့်ကို လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများက အဓိကစဉ်းစားရမည်ဖြစ်သည်ဟု Triangle Women’s Support မှ အုပ်ချုပ်မှုဒါရိုက်တာဒေါ်ခင်လေးက အကြံ ပြုသည်။

”အရင်တုန်းက ရပ်ရွာထဲမှာ လူမသိ၊ သူမသိ သွားလုပ်နေ လို့ ရတယ်။ အခုလို့ Registration (တရားဝင်မှတ်ပုံတင်)လုပ် ခြင်းအားဖြင့် သူတို့က ဒီလိုလူမျိုးပါ၊ ဒီအလုပ်ကို လုပ်ကိုင်ပါ တယ်ဆိုတာ တရားဝင်သတ်မှတ်လိုက်တော့ ရပ်ရွာထဲမှာ ခွဲခြား ဆက်ဆံမှုတွေ၊ ဖဲကြဉ်မှုတွေ ပိုများလာမလားဆိုတာကိုလည်း ကျွန်မတို့စဉ်းစားရမယ်”ဟု သူက ဆိုပါသည်။

ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးခင်မောင်လတ်ကလည်း တရားဝင်ခွင့်ပြုလိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ ကို ယခုလို ပြောပြသည်။

”အကျိုးဆက်ကတော့ အခုဟာက ပုန်းလျှိုးကွယ်လျှိုး လုပ်စားနေကြတယ်။ လူသိရှင်ကြား တရားဝင်လုပ်ကိုင်တဲ့အဆင့် ဆိုရင်တော့ အမြင်မတော်တဲ့ သွားလာမှုတွေ တွေ့လိမ့်မယ်။ ဂေ ဟာတွေ ဖွင့်ထားမယ်ဗျာ။ အဝင်အထွက်တွေ ရှုပ်ယှက်ခတ်နေ မယ်။ မျက်စိအမြင်မတော်တဲ့ဖြစ်ရပ်တွေ တွေ့လာနိုင်တယ်”ဟု ထောက်ပြသည်။

လိင်လုပ်သားအရေးလှုပ်ရှားနေသူတို့ကတော့ တရားဝင်လုပ်ငန်းလိုင်စင်ရရှိခြင်းထက် လိင်အလုပ်သမများကိုပြစ်မှုကျူးလွန်သူအပြစ်သားများဟုမမြင်ဘဲ အကောင်းဆုံး ကာကွယ်ပေး ရန်သာ လိုလားသည်ဟု ဆိုသည်။

            SwiM ၏ ဥက္ကဋ္ဌဟောင်းဒေါ်နှင်းနှင်းယုက ယခုလိုပြောသည်။

”တရားဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာထက် အမျိုးသမီး တွေအနေနဲ့ မတရားနှိပ်စက်ခံရတာတွေ၊ လုပ်အားခခေါင်းပုံဖြတ် တာတွေ ဘယ်လိုဖြေရှင်းပေးကြမလဲဆိုတာမျိုးကို စဉ်းစားစေ ချင်တယ်”

မော်ကွန်းကချဉ်းကပ်ခဲ့သည့် လိင်အလုပ်သမများ၊ လိင် လုပ်သားအဖွဲ့အစည်းများနှင့် ပညာရှင်များက လိင်လုပ်ငန်းကို အလုပ်တစ်ခုအဖြစ် သတ်မှတ်စေချင်ကြသူဖြစ်ရာ ရာဇဝတ် မသင့်ကြောင်း သတ်မှတ်သောစနစ် (Descriminalisation)သည် ၄င်းတို့၏ စိတ်ဆန္ဒနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံတွင် လိင်လုပ်ငန်းဝန်ဆောင်မှုကို မည်သို့ကိုင် တွယ်ရမည်ဆိုသည့် မေးခွန်းကို ဒေါက်တာစစ်နိုင်က ယခုလို မှတ် ချက်ပေးဖြေကြားသည်။

”ကမ္ဘာပေါ်မှာတော့ ပြည့်တန်ဆာဥပဒေနဲ့ပတ်သက်ရင် တစ်နိုင်ငံပြီး တစ်နိုင်ငံ ဖြည်းဖြည်းချင်း ရာဇဝတ်မသင့်စေတဲ့ ဘက်ကို သွားနေကြမှာပါ”

ကိုယ့်အားကိုယ့်ကိုးအဖွဲ့(self help group – SHG) ဝင်ဖြစ်ပြီး  HIV ကူးစက်ခံထားရသူတစ်ဦးလည်းဖြစ်သည့် လိင် အလုပ်သမဒေါ်သက်သက်ခိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်အပေါ်ထားသည့် ၄င်း၏မျှော်လင့် ချက်များကို ယခုလိုဖွင့်ဟသည်။

”အမေစုက မိန်းကလေးဘက်ဆို စာနာစိတ်တွေလည်း များတယ်။ နောက်ရောဂါသည်အုပ်စုတွေကိုလည်း ဖေးမစာနာ တယ်။ အရင်အစိုးရတုန်းက HIV Positive ဆိုတာလည်း နား မလည်ဘူး။ ဒီလောက်ဆေးဝါးတွေ သောက်နေရပါတယ်လို့ ပြော နေတာတောင်မှ ဇွတ်ဖမ်းသွားတဲ့အနေအထားလေ။ အခုအစိုးရ ကတော့ ပြောင်းလဲလာမယ်လို့ ထင်တာပဲ”

(ကာယကံရှင်များ၏တောင်းဆိုချက်ကြောင့် နာမည်များလွှဲထားပါသည်။)  ။       ။

၂၀၁၆-နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်မျိုးထွန်း ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here