Home သတင်းဆောင်းပါး ကျောက်တန်းရွာက သွေးပျက်ဖွယ်ည

ကျောက်တန်းရွာက သွေးပျက်ဖွယ်ည

13725
0
Photo- Thet Oo Mon ကျောက်တန်းရွာသို့ အ၀င်
Photo- Thet Oo Mon ကျောက်တန်းရွာသို့ အ၀င်
Advertise Here
၂ဝ၁၉၊  မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှဖြစ်ပါသည်။

သက်ဦးမွန်ရေးသည်။ 

ကျောက်တန်း (ဇွန် ၂၀၁၉)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (Arakan Army – AA) တို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လကုန်ပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတာဟာ ယခုဆိုရင် ခြောက်လကျော်ကာလထဲကို ရောက်ရှိ လာပါပြီ။

Advertise Here

တိုက်ပွဲတွေဟာ ကျေးရွာတွေအနီးမှာ ဖြစ်ပွားတာတွေရှိသလို မြို့ပေါ်မှာလည်းဖြစ်ပွားခဲ့ကြပါတယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက်ဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး (REC – Rakhine Ethnics Congress) က မှတ်တမ်းတင် ထားတဲ့ အချက်အလက်များအရဆိုရင် ယနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ဒဏ်ကြောင့် သေဆုံးသူ အရပ်သား ၅၀ ကျော် ရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ ၈၀ ကျော်ရှိတယ်လို့ ဆိုထားတယ်။

ဒီခြောက်လကျော်ကာလအတွင်းမှာ မြန်မာ့တပ်မတော်က ဒေသအချို့မှာ ရွာသားတွေကို ဖမ်းဆီးစစ်ကြောမေးမြန်းတာ တွေ လုပ်ခဲ့ပြီး အဲဒီထဲက အဆိုးရွားဆုံးလို့ဆိုရမယ့် ဖြစ်စဉ်တစ်ခုဟာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ကျောက် တန်း ရွာမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကျေးရွာကို တပ်မတော်က နှစ်ပတ်ကြာ ပိတ်ဆို့ခဲ့ပြီး ရွာသားတွေကို စာသင်ကျောင်းမှာ ထိန်းသိမ်းစစ်ဆေးနေစဉ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်ကြောင့် သေဆုံးသူ ခုနစ်ဦးရှိခဲ့ပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲက ခြောက်ဦးက ပစ်ခတ်မှုတွေ ဖြစ်တဲ့ညက သေဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ ဆေးကုသနေစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်သေဆုံးမှုတွေဖြစ်ခဲ့တဲ့ သွေးပျက်ဖွယ် ညက ဖြစ်စဉ်တွေကို သိရဖို့ ကျောက်တန်းရွာကနေ တပ်မတော် စစ်ကြောင်း ပြန်လည်ထွက်သွားပြီး ခြောက်ရက်အကြာမှာ မော်ကွန်းက အဲဒီရွာကို သွားရောက်ကာ မျက်မြင်ကြုံတွေ့သူတွေနဲ့ ပစ်ခတ် မှုမှာ သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

စစ်ကြောင်းဝင်လာခဲ့

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်ထဲက ကျောက်တန်းကျေးရွာဟာ အိမ်ထောင်စု ငါးရာနီးပါးရှိပြီး လူဦးရေနှစ်ထောင် ကျော်ရှိတဲ့ တိုက်နယ်ရွာကြီးတစ်ရွာပါ။ ရသေ့တောင်မြို့ပေါ်ကနေ အရှေ့ဘက်ကို ကျောက်ကြမ်းတွေ ခင်းထားတဲ့ လမ်းအတိုင်း ကားနဲ့ နာရီဝက်သာသာ သွားရင်ရောက်နိုင်ပါတယ်။

Photo- Thet Oo Mon   ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း
Photo- Thet Oo Mon ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း

ရွာမှာ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ရွာရဲ့နံဘေး တောင်ကြားတွေမှာ သီးနှံစိုက်ခင်းတွေ စိုက်ပျိုးလုပ်ကိုင်ကြ ပါတယ်။

အေးဆေးတည်ငြိမ်ခဲ့တဲ့ ကျောက်တန်းရွာလေးကို သွေးပျက်စေမယ့် ဖြစ်ရပ်ဟာ ဧပြီ ၃၀ မှာ အစပျိုးခဲ့ပါတယ်။ ပူလောင် လှတဲ့ နွေနံနက်ခင်း မနက် ၉ နာရီ ၀န်းကျင်မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေအပါအ၀င် စစ်ကြောင်းတွေဟာ သူတို့ရွာထဲကို ၀င်လာခဲ့ပါတယ်။ အင်အားက သုံးရာကျော်လောက်ရှိတယ်လို့ ရွာခံတွေကဆိုပါတယ်။ သူတို့မြို့နယ်ဟာ စစ်ဖြစ်ရာဒေသဖြစ်တဲ့အတွက် ခါတိုင်းလည်း စစ်ကြောင်းတွေ ရွာအနီး ဖြတ်သွားဖြတ်လာရှိပေမယ့် ဒီလိုအင်အားနဲ့ ရွာထဲကို ၀င်မလာခဲ့ဖူးဘူးလို့ ရွာခံတွေက ဆိုပါတယ်။

မနက် ၁၀ နာရီလောက်မှာတော့ စာသင်ကျောင်းမှာ အစည်းအဝေး လုပ်မှာဖြစ်ပြီး ရွာထဲက အသက် ၁၀ နှစ် အထက် ယောက်ျားသားတွေ အားလုံးလာခဲ့ဖို့ စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ရွာဆော်ကတစ်ဆင့် လက်ကိုင်လော်စပီကာနဲ့ လိုက်ကြေငြာခိုင်းပါတယ်။ အဲဒီကျောင်းက အထက်တန်းကျောင်းဖြစ်ပြီး ရွာလယ်မှာရှိတာပါ။ အားလုံးစာသင်ကျောင်းထဲ လာရမှာဖြစ်ပြီး မလာရင် အရေးယူမယ်လို့ ပြောတာကြောင့် ရွာမှာရှိတဲ့ ၁၀ နှစ်အထက် ယောက်ျားသားတွေ အကုန်လုံး စာသင်ကျောင်းထဲ ရောက်လာခဲ့ကြပါတယ်။

နာမည်ဖော်ရင် အသက်အန္တရာယ်ရှိမှာစိုးတာကြောင့် အမည်မဖော်လိုသူ အသက် ၄၅ နှစ်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် တစ်ယောက်ဆိုရင် အဲ့ဒီနေ့က ထမင်းစားသောက်ပြီး ဘုန်းကြီးကျောင်းထဲ အိပ်နေခဲ့တာပါ။ အစည်းအဝေးတက်ရမယ်လို့ သူ့မိန်းမက လာနှိုးတာကြောင့် သူလည်း စာသင်ကျောင်းထဲ ရောက်လာခဲ့ပါတယ်။

ကျောင်းထဲမှာတော့ ရွာထဲမှာရှိတဲ့ ယောက်ျားသားတွေအတော်တော်များများရောက်နေတာကို သူတွေ့ရပါတယ်။ ကျောင်း ထဲမှာ စစ်သားတချို့က နေရာယူထားသလို တချို့က ရွာထဲမှာ လူတွေ ကျန်၊မကျန်ကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ သူကပြောပြတယ်။ ကျန်တဲ့ စစ်သားတွေကတော့ ရွာအ၀င်အထွက်တွေကို ပိတ်ပစ်လိုက် ကြပါတယ်။

စာသင်ကျောင်းထဲ ရွာသားတွေ စုပြီးချိန်မှာတော့ တပ်မတော်က ရွာသားတွေကို စကားပြောပါတယ်။ အရင်က ဒီရခိုင်ပြည်နယ်ဟာ အေးချမ်းကြောင်း၊ အခုမအေးချမ်းဘဲ မိုင်းတွေပေါက် စစ်တွေဖြစ်တာကြောင့် ဒီကိုလာခဲ့ရတာဖြစ်ကြောင်း သူတို့က ရှင်းပြကြတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်က သူမှတ်မိသလောက် ပြန်ပြောပြပါတယ်။

နောက်ထပ် ထိန်းသိမ်းခံရသူတစ်ဦးကလည်း အဲ့ဒီနေ့က စစ်သားတွေပြောတာဟာ ဒီရွာမှာ AA နဲ့ ဆက်နွယ်သူတွေ ရောက်နေတယ်လို့သတင်းရထားတာကြောင့် အကုန်လုံးကိုစစ်ဆေးမယ်လို့ပြောတာ ကြားခဲ့ရကြောင်း ပြောပြပါတယ်။ သူက ရသေ့တောင်မြို့နယ်ကနေ အဲ့ဒီကျောက်တန်းရွာကို သုံးဘီးကယ်ရီဆွဲနေသူပါ။ သူကျောက်တန်းကို ရောက်ခိုက် အခုလိုကြုံခဲ့ရတာပါ။

(မေ ၁ ရက်က တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဘူးသီးတောင်မြို့နယ်ထဲမှာ AA ရဲ့ ယာယီလေ့ကျင့်ရေးစခန်း တစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီး အဲ့ဒီကနေထွက်ပြေးသွားတဲ့ AA အဖွဲ့ဝင်တွေဟာ ရသေ့တောင်မြို့နယ်ထဲက ကျောက်တန်း ရွာနဲ့ စေတီတောင်ကျေးရွာမှာ ခိုလှုံနေတယ်လို့ သတင်းရတာကြောင့် လိုအပ်သလို စစ်ဆေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ AA ဘက်ကတော့ တပ်မတော်က သူတို့စခန်းကိုသိမ်းပိုက်ခြင်းမှာ မဟုတ်မှန်ကြောင်းနဲ့ အဆိုပါ ကျောက်တန်းကျေးရွာမှာ AA မရှိကြောင်း မီဒီယာတွေမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။)

ပထမဆုံးနေ့က ရွာသားတွေကို စုထိုင်ခိုင်းပြီး စကားပြောတာဟာ ညနေအထိတော့ အေးအေးဆေးဆေးပါပဲ။ ရယ်စရာလေးပြောလိုက်၊ စလိုက်နောက်လိုက်နဲ့ ပွဲကျခဲ့တယ်လို့ဆိုပါတယ်။ ရွာသားတွေကလည်း ကျောင်းဝင်းထဲနေလိုက်၊ အပြင်ထွက် ကွမ်းလေးစားလိုက်၊ ဆေးလိပ်လေးသောက်လိုက်၊ စကားလေးပြောလိုက်နဲ့  မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုး အေးအေးသက်သာ ရှိနေကြပါတယ်။

မုန်တိုင်းစပြီ

အဲ့ဒီအခြေအနေဟာ ညနေ ၄  နာရီလောက်မှာ ရုတ်ချည်း ပြောင်းလဲသွားပါတော့တယ်။ စစ်သားတွေဟာ ကျောင်းအ၀င် သံပန်းတံခါးကို ပိတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အဲ့ဒီအ၀င်ဝမှာ နေရာယူလိုက်ကြပါတယ်။ ကျောင်းခန်းတွဲတွေက ဂငယ်ပုံစံရှိပြီး တစ်ခုတည်းသော ၀င်ပေါက်ထွက်ပေါက်ကို စစ်သားတွေက ပိတ်လိုက်ကြတာပါ။ အလယ်မှာ တော့ ကျောင်းသားတွေ စုဝေးရာ ဘောလုံးကွင်း သုံးပုံတစ်ပုံလောက်ကျယ်တဲ့ မြက်ကွင်းပြင်ကျယ်ပါ။ ကွင်းပြင်ထဲမှာ သစ်ပင်ကြီး ငယ်အချို့ ပေါက်ရောက်နေပြီး အလံတိုင်နဲ့ ကျောင်းကျောက်စာတိုင်ရှိပါတယ်။

Photo-Thet Oo Mon ပြေးလွှားအော်ဟစ်ခဲ့ကြသည့် စာသင်ကျောင်းဝင်း
Photo-Thet Oo Mon ပြေးလွှားအော်ဟစ်ခဲ့ကြသည့် စာသင်ကျောင်းဝင်း

ရွာသားတွေကို အဲ့ဒီ မြက်ကွင်းပြင်ထဲ တန်းစီခိုင်းပါတယ်။ ပြီးတော့ အဲ့ဒီထဲက အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၅၀ ကျော် လူကြီးတွေကို ကျောင်းဝင်းထဲကနေ ထွက်ခွင့်ပေးလိုက်ပါတယ်။ လွှတ်ပေးလိုက်တဲ့လူအရေ အတွက်ဟာ စုစုပေါင်း ၁၅၀ လောက်ရှိတယ်လို့ အဲဒီထဲမှာ ပါဝင်တဲ့ အသက် ၆၂ နှစ်အရွယ် ရွာခံတစ်ယောက်က ပြောပြပါတယ်။

ဒီတိုင်းထွက်ခွာခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။ အသက်ကြီးပိုင်း လေးငါးယောက်လောက်ကို စာရွက်တစ်ရွက်ပေါ် လက်မှတ်ထိုးခိုင်းသေးတယ်လို့ သူကဆိုပါတယ်။ စာရွက်ထဲမှာတော့ ရွာထဲကအိမ်တွေကို စစ်ကြောင်းဝင်စစ်တဲ့အခါ ပစ္စည်းပျောက်ဆုံးတာမရှိကြောင်း ရေးထားတာဖြစ်တယ်လို့ သူကဆိုပါတယ်။ သူကတော့ လက်မှတ်ထိုးတဲ့အထဲမပါဘဲ ကျန်သူတွေက ပြောပြတာကို ပြန်ပြောပြတာပါ။

ကျောင်းဝင်းထဲမှာ ကျန်ခဲ့သူအရေအတွက်က စုစုပေါင်း ၂၇၅ ယောက်ပါ။ သူတို့ကို အပြင်ထွက်ခွင့်မပေးတော့ပါဘူး။ စစ်သားတွေက သေနတ်တွေကိုင်ပြီး ဘေးပတ်ပတ်လည်မှာ ၀ိုင်းထားလိုက်ပါတယ်။ ပြီးတော့ သူတို့ကို ၁၀ ယောက် စီ တန်းစီခိုင်းပြီး စစ်သားလေးယောက်က ခုံနဲ့အတန်းလိုက်ထိုင်နေကာ တစ်ယောက်ချင်းစီ စစစ်ပါတော့တယ်။

နာမည်တွေမေးပါတယ်။ မှတ်ပုံတင်နံပါတ်နဲ့ မိန်းမနာမည်၊ မိဘနာမည်နဲ့ ဘာတွေလုပ်ကိုင်စားသောက်တာလဲဆိုတာတွေ မေးပါတယ်။ ပြီးတော့ AA နဲ့ ပတ်သက်သလား၊ ဆက်ဆံဖူးလား၊ ရွာမှာ ဆက်ကြေးတွေ လာကောက်သလား၊ AA ဘယ်နေရာမှာရှိသလဲ၊ အေးအေးချမ်းချမ်းနေချင်လား စတဲ့မေးခွန်းတွေ မေးမြန်းတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်က သူမှတ်မိ သလောက်ပြန်ပြောပြပါတယ်။

စစ်ဆေးမှုအရ အများစုက ရွာခံတွေဖြစ်ပြီး ရွာကို လာလည်သူ အပြင်က ဧည့်သည် ၁၀ ယောက် ၀န်းကျင် လောက်ပဲ ရှိတယ်လို့ သူကပြန်ပြောပြပါတယ်။ (တပ်မတော်ရဲ့ မေ ၁ ရက်ထုတ်ပြန်ချက်မှာတော့ ကျောက်တန်းရွာက အိမ်ထောင်စု ၄၇၇ စုကို အိမ်ထောင်စုစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အသက် ၁၅ နှစ်မှ ၅၀ အတွင်းရှိ “မသင်္ကာဖွယ်ရာ အမျိုးသား၂၇၅ ယောက်”ကို တွေ့လို့ ကျေးရွာစာသင်ကျောင်းမှာ ခေတ္တထိန်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။)

အဲ့ဒီနေ့က ညစာကို ၁၀ နာရီလောက်ကျမှ အိမ်က မိဘ၊ ဇနီးတွေက လာရောက်ပို့ပေးရတာပါ။ ကျောင်းဝင်းထဲ အထိန်း သိမ်းခံရတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ်ကိုဇော်လတ်ရဲ့ ဇနီးမလှစန်းရီဆိုရင် သူ့အမျိုးသား မနက်ကတည်းက ထွက်သွားတာ ပြန်ရောက်မလာသေးတဲ့အတွက် စိတ်ထဲ တထင့်ထင့်ဖြစ်နေပါတယ်။ သူဟာ ကလေး မွေးထားတာ ခုနှစ်လသာရှိသေးတဲ့ သွေးနုသားနုပါ။ ညဘက် ၁၀ နာရီထိုးခါနီးမှ ထမင်းလာပို့ခိုင်းတာ သိရတယ်လို့ ဆိုတယ်။ ဒါပေမဲ့စစ်သားတွေကို ကြောက်လို့ သွားမပို့ဖြစ်ခဲ့ပါဘူး။ နောက်နေ့ကျမှသာ သွားပို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ညက တစ်ညလုံးစစ်ဆေးတာဟာ မနက် ၂ နာရီလောက်မှ ပြီးတယ်လို့ဆိုပါတယ်။ အဲ့ဒီနေ့က အိပ်ခိုင်းတာက မြက်ခင်းပြင်ပေါ်မှာ အကုန်လုံးကိုစုပြီး အိပ်ခိုင်းထားတာပါ။ အခင်းအကာမရှိဘဲ မြေကြီးပေါ်မှာ သူတို့ကို အိပ်ခိုင်း တယ်လို့ဆိုပါတယ်။ စာသင်ခန်းတွေမှာတော့ စစ်သားတွေကပတ်ပတ်လည် နေရာယူပြီး စောင့်ကြပ်နေ ပါတယ်။ အပေါ့အပါးသွားရင် ခွင့်တောင်းပြီးမှ သွားရတယ်လို့ ဆိုပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင်ကတော့ သူတို့ကို ဒီလိုဖမ်းဆီးစစ်ဆေးမှုတွေ လုပ်တာကြောင့် စိတ်ထဲအတော်စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ပြန်မလွှတ်ဘဲ သူတို့ကိုဘာတွေလုပ်မှာလဲဆိုတာတွေးပြီး တစ်ညလုံးအိပ်မပျော်ခဲ့ဘူးလို့ သူကဆိုပါတယ်။

ကယ်ရီမောင်းတဲ့သူဆိုရင် တစ်ညလုံး ပုဆိုးလေးခြုံကာ မြေပြင်ပေါ်မှာကွေးပြီး အိပ်ခဲ့ရတယ်လို့ဆိုပါတယ်။ တစ်ချို့ဆိုရင် ကျောင်းဝင်းထဲရှိတဲ့ အုန်းငှက်ပျောပင်ကအရွက်တွေကိုချိုးဖဲ့ပြီး မြေကြီးပေါ်ခင်းအိပ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားခပ်ကျယ်ကျယ် မပြောရဲကြပါဘူး။

စစ်သားတွေက သူတို့ကို သေနတ်တွေနဲ့ ပတ်လည်ဝိုင်းထားတာ အယောက် ၅၀ လောက်ရှိတယ်လို့ သူကပြန်ပြောပြ ပါတယ်။ သူအိမ်သာသွားတဲ့အခါမှာလည်း ကျောင်းဝင်းအနောက်ဘက်မှာ စစ်သားတွေ အယောက်နှစ်ဆယ်လောက် လုံခြုံ ရေးယူထားတာကို ထပ်တွေ့ခဲ့သေးတယ်လို့ ပြောပြပါတယ်။ ကျောင်းရဲ့ အရှေ့တောင်ထောင့်မှာတော့ မြက်ခင်းပြင်ကို မြင်ရရုံသာသာ ဆိုလာမီးသီးလေးတစ်လုံး ထွန်းထားပါတယ်။

Photo-Thet Oo Mon ကျောင်းဝင်းထဲက ကျည်ဆန်ပေါက်ရာများ
Photo-Thet Oo Mon ကျောင်းဝင်းထဲက ကျည်ဆန်ပေါက်ရာများ

ထိတ်လန့်ရပြီ

နောက်ရက်(ဧပြီ ၁ ရက်) မနက် ၆ နာရီလောက်မှာတော့ အကုန်လုံး အိပ်ယာထရပါတယ်။ မျက်နှာလည်း မသစ်ရ၊ ရေလည်းမချိုးရနဲ့ ရွာသားတွေဟာ အတော်လေးထိတ်လန့်နေကြပါပြီ။

လူတွေကိုတန်းစီခိုင်းပြီး မနေ့ကရှိတဲ့လူဦးရေ လျော့၊ မလျော့ ပြန်စစ်ပါတယ်။ ၉ နာရီလောက်မှာတော့ ထိန်းသိမ်း ခံထားရတဲ့သူတွေအတွက် အိမ်တွေကထမင်းလာပို့ကြပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင်ကတော့ ကြောက်စိတ်ကြောင့် ထမင်းလည်း စားမ၀င်တော့ဘူးလို့ဆိုတယ်။

နေ့လည်ရောက်တော့ တန်းစီခိုင်းပြီး ထပ်စစ်ပါသေးတယ်။ ဒီတစ်ခါတော့ နာမည်တွေ အလုပ်အကိုင်တွေ မေးရုံတင်မက တော့ပါဘူး။ အကုန်လုံးကို အင်္ကျီတွေချွတ်ခိုင်းပါတယ်။ ပုဆိုးတွေ ခါးတောင်းကျိုက်ခိုင်းပြီး တစ်ယောက်ချင်းစီကို သေချာစစ်ပါတော့တယ်။ သူတို့အဆိုအရ စစ်သင်တန်းတက်ဖူးသူဆိုရင် ပုခုံးမှာ ကျောပိုးအိတ်ရာရှိရမယ်၊ ဒူးတွေ တံတောင်တွေမှာ အမာရွတ်တွေရှိရမယ်လို့ဆိုပါတယ်။ အဲဒီနေ့ကတော့ AA အဖွဲ့ဝင်ဆိုပြီး ဖမ်းဆီးသွားတဲ့သူမရှိဘူးလို့ ကုန်စုံဆိုင်ပိုင်ရှင်ကဆိုပါတယ်။

စစ်ဆေးပြီးတဲ့အခါမှာ လူတွေကို အယောက် ၅၀ စီခွဲပြီးတန်းစီခိုင်းထားပါတယ်။ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ရွာသား တွေဟာ ကွင်းပြင်ထဲ တစ်နေကုန်ထိုင်နေကြရပါတယ်။ ညနေငါးနာရီလောက်မှာတော့ အိမ်ကလာပို့တဲ့ ထမင်းတွေစားကြ သောက်ကြပါတယ်။

အဲ့ဒီညနေမှာ ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ထိန်းသိမ်းထားတဲ့အထဲက အသက် ၃၀ ကျော်အရွယ် စိတ်မကျန်းမာ သူတစ်ယောက်က စိတ်ဖောက်လာတာပါ။ သူက သံဘူးတစ်ဘူးကို တဒေါက်ဒေါက်နဲ့ ခေါက်နေပါတယ်။ လက်ထဲ မှာလည်း မီးခြစ်တစ်ခုကိုကိုင်ထားပြီး ငါဖောက်လိုက်ရင် အကုန်သေကုန်မယ်ဆိုပြီး အော်နေပါတယ်။ စစ်သားတစ် ယောက်က သေနတ်ကိုမောင်းတင်တဲ့အခါမှ အဲဒီလူကငြိမ်ကျသွားပါတယ်။

အဲ့ဒီလို ဖြစ်နေတာကို ကုန်စုံဆိုင်ပိုင်ရှင်က နယ်ခြားစောင့်တပ်ဖွဲ့က အကြီးအကဲလို့ထင်ရတဲ့ သူတစ်ဦးကို သွားပြော ပါတယ်။ ဒီလူဟာ စိတ်မကျန်းမာသူတစ်ဦးဖြစ်ပြီး ပြန်လွှတ်ပေးဖို့နဲ့ သူ့ကို အိမ်မှာ မိသားစုနဲ့ နွေးနွေးထွေးထွေးနေခိုင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို မလွှတ်ပေးခဲ့ပါဘူး။

စစ်သားတွေက ဒီလူဟာ ကျန်းမာရေးမကောင်းချင်ယောင်ဆောင်နေတယ်လို့ပဲ ထင်နေကြတာလို့ သူကဆိုပါတယ်။ ညနေ မှောင်စပျိုးပြီဆိုတာနဲ့ စစ်သားတွေရဲ့ သေနတ်မောင်းတင်သံ တစ်ချောက်ချောက်ကို အတိုင်းသားကြားနေရတယ်လို့ ကုန်စုံ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

ည ၉ နာရီအချိန်မှာတော့ ရွာဆော်က ကွင်းပြင်ထဲကလူတွေကို အိပ်ကြဖို့လာပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ည ၇ နာရီကတည်းက လူတွေကိုတန်းစီထိုင်ခိုင်းထားပြီး တန်းမဖြုတ်ပေးသေးတာကြောင့် လူတွေအနားယူလို့ရအောင် သူက အိပ်ချင်တဲ့သူတွေ အိပ်လို့ရကြောင်း တိုးတိုးတိတ်တိတ်ပြောပေးတာလို့ ရွာဆော်က ပြန်ပြောပြပါတယ်။ သူကတော့ ထိန်း သိမ်းခံရတဲ့အထဲမပါဘဲ စစ်သားတွေလိုအပ်သမျှ လုပ်ကိုင်ပေးရသူပါ။

အိပ်ခွင့်ရတာနဲ့ တစ်နေကုန် ရာသီဥတုပူပူထဲ အစစ်ဆေးခံထားရတဲ့ရွာသားတွေဟာ အိပ်ဖို့ပြင်ကြပါတယ်။ ဒီနေ့မှာတော့ အိမ်တွေက အခင်းတွေ၊ ခေါင်းအုံးတွေကို မှာယူထားလိုက်တာကြောင့် အဆင်ပြေရာ နေရာမှာ တာပေါ်လင်စလေးခင်း၊ ဖျာလေးခင်းလို့ စိုးတထိတ်ထိတ်နဲ့ အိပ်ယာဝင်ခဲ့ကြပါတယ်။

သန်းခေါင်ယံအလွန်က ဖြစ်ရပ်ဆိုး

ကယ်ရီသမားဆိုရင် မအိပ်ခင် သူ့အသိတွေနဲ့ စကားပြောနေခဲ့ပါသေးတယ်။ သူက ဒီရွာမှာ အမြဲမနေတာကြောင့် ရွာက လူတွေကို သိပ်တော့မသိပါဘူး။ ဒါပေမယ့် သူ့ကို သိတဲ့သူတစ်ယောက်က အမျိုးလာစပ်တာကြောင့် စကားတွေ စစ နောက်နောက် ပြောနေခဲ့တာပါ။

ညနှစ်ချက်တီးလောက်မှာတော့ အသံတစ်သံကြောင့် သူလန့်နိုးလာခဲ့ပါတယ်။ ဒိုင်းကနဲဆိုတဲ့ သေနတ်သံတစ်ချက်ပါ။ ဘေးပတ်လည်ကြည့်လိုက်တော့ လူတွေက ရုတ်ရုတ်သဲသဲဖြစ်နေပါပြီ။ စိတ်မကျန်းမာသူရဲ့ ၀ူးဝူးဝါးဝါးအော်သံတွေလည်း သူကြားနေရပါတယ်။

အဲဒါနဲ့တစ်ဆက်တည်း လူတစ်ယောက်က အော်ပြီးထပြေးတာကို သူတွေ့လိုက်ရပါတယ်။ ရခိုင်စကားနဲ့ အော်ပြေးတာကို သူကြားလိုက်ရတာက “မထူးတော့ဘူးဟေ့။ သေလည်းသေပါစေ။ ပြေးပြီ” ဆိုပြီး ကြောက်လန့်တကြား အော်ဟစ်ပြေး သွားတာပါ။

အဲဒီအချိန်မှာပဲ သေနတ်သံတွေ တဒိုင်းဒိုင်းထွက်ပေါ်လာပြီး လူအုပ်ထဲ ကျည်ဆံတွေကျလာပါတော့တယ်။ လူတွေဟာ ဆောက်တည်ရာမရ ငရဲကျသလို ‘ပြေး.. ပြေး.. ပြေး..’ ဆိုကာ အော်ဟစ်ပြေးလွှားကြပါတော့တယ်။ ကယ်ရီသမားလည်း ထပြေးပြီး ပုန်းမယ့်နေရာ လိုက်ရှာပါတော့တယ်။

Photo-Thet Oo Mon ကျောင်းဝင်းထဲက ကျည်ဆန်ပေါက်ရာများ
Photo-Thet Oo Mon ကျောင်းဝင်းထဲက ကျည်ဆန်ပေါက်ရာများ

ပစ်ခတ်မှုမှာ ဒဏ်ရာမရဘဲလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်တဲ့ ကုန်စုံဆိုင်ပိုင်ရှင်ကတော့ လူတွေပြေးပြေးပြေးလို့ အော်တဲ့ အချိန် နိုးလာခဲ့တယ်လို့ဆိုပါတယ်။ အော်တဲ့သူက စိတ်မကျန်းမာသူဖြစ်ပြီး အဲ့ဒီလိုအော်တာနဲ့ တစ်ပြိုင်တည်း သေနတ် တွေနဲ့ ဆက်တိုက်ပစ်တာလို့ သူကပြောပြပါတယ်။ သူကတော့ ချိုင့်လေးတစ်ခုကြားထဲ ပုန်းနေလိုက်တဲ့အတွက် ကျည်ဆံ မထိခဲ့ပါဘူး။ စိတ်မကျန်းမာသူလည်း ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ဆိုပါတယ်။

ကယ်ရီသမားပြေးနေချိန်မှာ သူ့နောက်က လူတစ်ယောက်ပြေးလာတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီသူက ညဦးပိုင်းက သူ့ကို အမျိုးတော်တယ်ဆိုပြီး လာမိတ်ဆက်တဲ့သူပါ။ အဲဒီလူသူ့ဘေးရောက်တဲ့အချိန်မှာပဲ ဒိုင်းကနဲ သေနတ်သံ နားအူအောင်ကြားလိုက်ရပြီး အဲဒီလူဟာ သူ့ရှေ့မှာပစ်လဲကျသွားပါတော့တယ်။

အဲဒီလူက သူ့ကိုကာပေးလိုက်သလို ဖြစ်သွားခဲ့တာလို့ သူကပြန်ပြောပြပါတယ်။ သူ့ခြေထောက်မှာ ဒီဖြစ်ရပ်မတိုင်မီက အစူးစူးထားတာကြောင့် ထော့နဲ့ထော့နဲ့ ထပြေးရတာပါ။ အဲ့ဒီဒဏ်ရာကပဲ သူ့အသက်ကို ကယ်လိုက်သလို ဖြစ်သွားခဲ့ရ ပါတယ်။

“သူက ကျွန်တော့်ထက်မြန်ပြီး ကာသွားသလိုဖြစ်သွားတယ်။ ဒိုင်းဆို နားထဲအသံအူပြီး သူကလဲကျသွားတာ” လို့ သူက ဆိုပါတယ်။

အဲ့ဒီလူလဲကျသွားတာနဲ့ သူလည်းမပြေးတော့ဘဲ လဲကျနေတဲ့လူရဲ့ဘေးကို ပစ်လှဲချလိုက်ပြီး ၀ပ်နေလိုက်ပါတော့တယ်။ ဘေးကလူကိုကြည့်တော့ လှုပ်ရှားမှုမရှိတော့ပါဘူး။ ကျည်မှန်သွားပြီဆိုတာကိုတော့ သိလိုက်ပေမယ့် သေသွားတာ ကိုတော့ သူမသိသေးပါဘူး။

ဘေးဘီဝဲယာမှာလည်း လူတွေက ပြေးလွှားအော်ဟစ်နေကြတာကို သူခေါင်းဖော်ကြည့်တဲ့အခိုက် မြင်နေရပါတယ်။ သေနတ်သံတွေကလည်း တစ်ဒိုင်းဒိုင်းနဲ့ပါပဲ။ ဘေးပတ်လည်မှာ စောင့်ကြပ်နေတဲ့ စစ်သားတွေဟာ ကျောင်းမြောက် ဘက်ကအဆောင်မှာ စုလိုက်ပြီး ပြေးလွှားနေတဲ့လူအုပ်ထဲကို ကျည်ဆံတွေပစ်သွင်းနေတာဖြစ်မယ်လို့ သူ့အထင်ကို ပြောပြတယ်။

ကလေးတွေ စာအံသံတွေ၊ ပြေးလွှားဆော့ကစားသံတွေနဲ့ ဆူညံခဲ့တဲ့ စာသင်ကျောင်းပရ၀ုဏ်ဟာ အဲဒီအချိန်မှာ သွေးပျက် ကြောက်လန့်ပြီး အသက်လုပြေးနေရတဲ့ လူတွေရဲ့အော်ဟစ်သံတွေနဲ့ ပွက်လောရိုက်နေပါတော့တယ်။ ကယ်ရီသမားက တော့အဲဒီပစ်ခတ်မှုတွေဟာ AA နဲ့ တပ်မတော်တို့ အပြန်အလှန်ပစ်နေကြတာဖြစ်မယ်လို့ ထင်ခဲ့မိတယ်လို့ဆိုတယ်။

အဲ့ဒီလိုဖြစ်နေတုန်းမှာပဲ လူတစ်ယောက်ဟာ ကျောင်းအနောက်ဘက် အမှောင်ထဲကနေ ဗိုက်ကိုလက်နဲ့နှိပ်ပြီး တအိအိနဲ့ မြက်ကွင်းပြင်ထဲ ထွက်လာတာကို သူလှမ်းတွေ့လိုက်ပါတယ်။ ပါးစပ်ကလည်း နာကျင်လွန်းတဲ့အတွက် ညည်းတွား နေပါတယ်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန် အဲ့ဒီလူဟာ သူ့ရှေ့တင်လဲကျသွားပါတော့တယ်။ သူကတော့ မလှစန်းရီရဲ့ အမျိုးသား ကိုဇော်လတ်ပါပဲ။ သူ့ဆီးခုံကို ကျည်ဆံ ဖောက်ဝင်သွားတာပါ။

Photo-Thet Oo Mon     လက်နက်ကြီး အစအနတွေ လာမှန်သည့် သစ်ပင်
Photo-Thet Oo Mon လက်နက်ကြီး အစအနတွေ လာမှန်သည့် သစ်ပင်

သူလဲကျတဲ့နောက်ကနေ စစ်သားတစ်ယောက် ထွက်လာပြီး ရခိုင်လိုလှမ်းအော်လိုက်တယ်။

“ ‘ဘယ်သူမှ မပြေးနဲ့၊ ၀ပ်နေ ၀ပ်နေ’ ဆိုပြီးအော်တာ” လို့ ကယ်ရီသမားက ပြန်ပြောပြပါတယ်။

“ အဲ့ဒီမှာ ပစ်တာလည်းရပ်သွားတယ်” လို့ ကယ်ရီသမားက ပြန်ပြောပြပါတယ်။ ဆက်သာပစ်မယ်နေဦးမယ်ဆိုရင် သေဆုံးဒဏ်ရာရသူတွေ ဒီထက်များနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်ချိန်ဟာ ၁၀ မိနစ်ခန့်ကြာပြီး လက်နက်ကြီးနဲ့ ကျောင်းဝင်းထဲကနေ ကျောင်းအပြင်ကို ပစ်တာတွေလည်း ကြားရတယ်လို့ သူကဆိုပါတယ်။ လက်နက်ကြီးက ကျောင်းအနောက်ဘက် လယ်ကွက်လေးငါးကွက် အကျော်ကို ကျသွားခဲ့ပြီး အဲဒီနေရာမှာ နွားတစ်ကောင်သေသွားခဲ့ပါတယ်။ (ဘာကိုလှမ်းပစ်တာလဲဆိုတာကိုတော့ မသိကြပါဘူး။)

လက်နက်ကြီးကျတဲ့နေရာမှာ ကံကောင်းလို့ လွတ်မြောက်ခဲ့တဲ့သူတစ်ဦးလည်း ရှိပါတယ်။ အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ တရေးနိုးချိန် အိမ်ရှေ့ကမြေကွက်လပ်မှာတည်ထားတဲ့ဝက်စာအိုးကို ဆင်းကြည့်နေတုန်း ကျောင်းဘက်က သေနတ်ပစ်သံတွေကြားတဲ့အခါ သစ်ပင်လေးကွယ်လို့ ကျောင်းဘက်ကို လှမ်းပြီးနားစွင့်နေတာပါ။

အဲ့ဒီအချိန်မှာပဲ သူ့ဘေးနား ဆယ်ငါးပေလောက်အကွာကို လက်နက်ကြီးကျလာတာပါ။ သူလည်း လန့်ဖြန့်ပြီးဖင် ထိုင်လျက်ကျသွားပါတယ်။ သစ်ပင်က သူ့ကိုကာထားသလိုဖြစ်သွားတာပါ။ ဒါကြောင့်လည်း သူ့ကိုမှန်မယ့်လက်နက်ကြီး အစအနတွေဟာ သစ်ပင်ကိုထိမှန်သွားတာပါ။ အပင်သာမရှိရင် နွားကလေးနဲ့အတူ သူပါလက်နက်ကြီး ထိသွားနိုင် တယ်လို့ အဲဒီအမျိုးသမီးကြီးက ဆိုပါတယ်။ (မနက်မှာတော့ ပေါက်ကွဲထွက်လာတဲ့ အစအနတွေကို စစ်တပ်ကလာပြီး သိမ်းယူသွားတယ်လို့ သူကဆိုပါတယ်။)

ပစ်ခတ်မှုဖြစ်ပြီးတဲ့ အချိန်မှာတော့ ကျောင်းထောင့်မှာထွန်းထားတဲ့ ဆိုလာမီးလုံးကလေးပိတ်သွားတာကို ကယ်ရီသမား တွေ့လိုက်ရပါတယ်။ အခြားသူတွေလည်း သူ့လိုတွေ့မြင်ခဲ့ရတယ်လို့ မော်ကွန်းကမေးမြန်းခဲ့တဲ့သူတွေက ပြောကြပါတယ်။ အဲ့ဒီလို မီးမှိတ်ထားတဲ့အချိန်မှာ လဲကျနေတဲ့အလောင်းတွေထဲက သုံးလောင်းကို ကျောင်းအုပ်ကြီးရုံးခန်းထဲ စစ်သားတွေ ဆွဲယူသွားတယ်လို့ သူတို့အထင်ကိုပြောကြပါတယ်။ အဲဒီရုံးခန်းထဲမှာ တပ်မတော်အရာရှိတွေ နေထိုင်ကြတယ်လို့ ရွာသားတွေကပြောပါတယ်။

ပတ်ဝန်းကျင်က မှောင်နေတဲ့အတွက် ဆွဲယူသွားတာကို မျက်မြင်မတွေ့ရပေမယ့် မီးပြန်လင်းတဲ့အချိန် ရုံးခန်းကိုတက်တဲ့ နှစ်ထစ်စာလှေကားမှာ ပေနေတဲ့သွေးတွေကို စစ်သားတွေက တံမြက်စီးနဲ့လှည်းပြီး ရေတွေဆေးချနေတာကို တွေ့ရ တယ်လို့ ဆိုကြပါတယ်။ လူကို ဆွဲသွားတဲ့ စွပ်ကြောင်းရာတွေလည်း တွေ့ရတယ်လို့ဆိုပါတယ်။

ရုံးခန်းထဲကို လှမ်းကြည့်လိုက်တဲ့အခါ လဲနေတဲ့ လူတစ်ယောက်ရဲ့ ခြေထောက်နှစ်ချောင်းကို လှမ်းတွေ့ရတယ်လို့ ကုန်စုံ ဆိုင်ပိုင်ရှင်ကပြောပြပါတယ်။

ဒီလိုမျိုးလူအုပ်ထဲကို သေနတ်တွေနဲ့ပစ်တာဟာ “ဟစ်တလာက ဂျူးတွေကို သတ်နေသလိုပဲ” လို့ သူက ခိုင်းနိုင်းပါတယ်။

အဲ့ဒီအချိန် ရွာထဲမှာရှိနေတဲ့ ကိုဇော်လတ်အမျိုးသမီး မလှစန်းရီဟာ ကျောင်းဝင်းထဲက ပစ်ခတ်သံတွေကြားတာနဲ့ လန့်နိုး လာပါတယ်။ သူနိုးတဲ့ အချိန် နာရီကြည့်လိုက်မိတဲ့အခါ မနက် ၂ နာရီနဲ့ ၁၄ မိနစ်လို့ ဆိုပါတယ်။ သူလည်း ထအော်ပြီး သူ့ အိမ်ရဲ့ ရေအိုးစင်အောက်မှာ ၀င်ပုန်းနေခဲ့တယ်လို့ဆိုပါတယ်။

“ ကျွန်မ အိပ်နေရာကနေ ထအော်တယ်။ အဖေ၊ အဖေ၊ ငါတို့ အိမ်က အဖမ်းခံထားရတဲ့သူတွေ အကုန်သေကုန်ကြပြီလို့ ထအော်တယ်။ ကြွေးလို့ အော်လို့ငိုတယ်။ အဖေကတော့ သမီးလေး ၊ အဲဒီမှာ ဘယ်လိုဖြစ်နေမှန်းတော့ မသိရသေးဘူး။ မငိုနဲ့ မငိုနဲ့ဆိုပြီးပြောတယ်” လို့ သူ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

စာသင်ကျောင်းရဲ့ အရှေ့တည့်တည့်အိမ်မှာ အိပ်နေတဲ့ သူတစ်ဦးဆိုရင် သေနတ်သံကြားတော့ အိပ်ယာကနိုးလာခဲ့ ကြောင်းနဲ့ ပစ်ခတ်ချိန်ဟာ ၁၀ မိနစ်လောက်ကြာမြင့်ပြီး နောက်ဆုံး လက်နက်ကြီးနှစ်လုံးပစ်ပြီးချိန်မှ သေနတ်သံတွေ တိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူက အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး တပ်မတော်မှာ ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကာ ဆေးပင်စင်နဲ့ အငြိမ်းစားယူခဲ့သူတစ်ဦးပါ။

သူဟာ တပ်မတော်သားဟောင်း တစ်ယောက်ဖြစ်ပေမယ့် သူ့ရွာမှာ ဒီလို စစ်သားတွေပစ်ခတ်ခဲ့တဲ့ လုပ်ရပ်ကိုတော့ အ တော် ဒေါသထွက်နေပါတယ် ။

နောက်တစ်နေ့မှာတော့ ဗျူဟာမှူးကို သွားတွေ့ပြီး မစဉ်းစားမဆင်ခြင်ဘဲ ဒီလိုလုပ်တာဟာ အလွန်ဆိုးရွားကြောင်း သွား ပြောခဲ့တယ်လို့ သူကဆိုတယ်။ ဗျူဟာမှူးကတော့  ဘာမှပြန်မပြောဘူးလို့ဆိုပါတယ်။ လူငါးဆယ်လောက်နဲ့တင် ထိန်း ထားနိုင်တဲ့ရွာကို မလိုအပ်ဘဲ လူသုံးရာလောက်နဲ့ အင်အားအလွန်အကျွံပြကာဝိုင်းထားတာ မဖြစ်သင့်ကြောင်း သူက ဝေဖန်ပါတယ်။

အလောင်းတွေ ပြန့်ကျဲ

ပစ်ခတ်မှုဖြစ်ပြီးချိန် မနက် ၃ နာရီလောက်မှာတော့ လူတွေ လျော့၊ မလျော့ စစ်ပါတယ်။ အဲ့အချိန်ကျောင်းဝင်းထဲမှာ ဒဏ်ရာရသူတွေရဲ့ ညည်းတွားသံတွေနဲ့ ဆူညံနေပါတယ်။ လွတ်သွားတဲ့သူ လေးယောက်ရှိတယ်လို့ စစ်ဆေးတဲ့သူတွေက ပြောကြောင်း ရွာခံတွေက ပြောပြတယ်။ တပ်မတော်ထုတ်ပြန်ချက်မှာလည်း အဲဒီအတိုင်းပြောထားပါတယ်။

Photo-Thet Oo Mon     မလှစန်းရီနှင့် သူ၏သားငယ်
Photo-Thet Oo Mon မလှစန်းရီနှင့် သူ၏သားငယ်

ပေါင်တွေ ရင်ဘတ်တွေ ပုခုံးတွေနဲ့ ခြေထောက်တွေမှာ ကျည်ဆံမှန်ထားသူတွေ ရှစ်ယောက်ရှိတယ်လို့ ကုန်စုံဆိုင်ပိုင် ရှင်က ဆိုပါတယ်။ စစ်တပ်က ဒဏ်ရာရသူတွေကို ဆေးထည့်ပေးချိန်မှာ သူက ဓါတ်မီးထိုးပြပေးရတာပါ။

ကုန်စုံဆိုင်ပိုင်ရှင်က ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးဖို့ စစ်သားတွေကိုပြောပေမယ့် စစ်သားတွေက အထက်ကို တင်ပြရမယ်ဆိုပြီး လူနာတွေကို ဆေးပဲထည့်ပေးထားလိုက်ပါတယ်။ ဆေးထည့်ပြီးချိန်မှာ မနက် ၄ နာရီခန့် ရှိနေပါပြီ။

သေသွားတဲ့လူတွေကိုလည်း မြင်နေရတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်က ဆိုပါတယ်။ မြက်ခင်းပြင်ထဲမှာ နှစ်ယောက်က မှောက်လျက် လဲကျနေပြီး နောက်တစ်ယောက်ကတော့ ကျောင်းနံရံမှာ မှီလျက်သေနေပါတယ်။ သူ့ခေါင်းတစ်ခြမ်းဟာ ပွင့် ထွက်သွားပြီး အထဲကဦးနှောက်တွေဟာ ကျောင်းနံရံမှာ ပြန့်ကျဲလို့နေပါတယ်။ (ပစ်ခတ်မှုဖြစ်အပြီး ၁၇ ရက်အကြာ ကျွန်တော်ရောက်တဲ့အချိန်ထိ ကျောင်းနံရံပေါ်မှာ ခြောက်ကပ်နေတဲ့ သွေးစတွေကို တွေ့ခဲ့ရပါတယ်။)

မနက် ၆ နာရီဝန်းကျင်မှာတော့ ပစ်ခတ်မှုဖြစ်စဉ်က သတင်းပြန့်သွားပြီး ရသေ့တောင်မြို့နယ်ထဲက ပရဟိတအဖွဲ့တွေ အပါအ၀င် ကျန်းမာရေးဝန်ထမ်းတွေ၊ အရေးပေါ်လူနာတင်ကားတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ ကျောက်တန်းရွာကို ရောက် လာကြပါတယ်။ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုထုတ်ပေးဖို့ လာပြောကြတာပါ။

ဒါပေမယ့် တပ်မတော်က ထုတ်မပေးတဲ့အပြင် ရွာထဲကိုလည်းအ၀င်မခံခဲ့ဘူးလို့ အဲ့ဒီအဖွဲ့မှာပါဝင်ခဲ့တဲ့ လူတစ်ဦးက  ပြန်ပြောပြပါတယ်။ မနက် ၁၀ နာရီလောက်ကျမှ ဒဏ်ရာရသူတွေကို စစ်သားတွေကထမ်းထုတ်သွားပြီး ရွာ အနောက်ဘက် စက်လှေဆိပ်ကနေ ရသေ့တောင်မြို့နယ်ထဲက မေယုမြစ်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ စေတီပြင်ကျေးရွာကို စက်လှေနဲ့ ပို့ဆောင်လိုက်ပါတယ်။

အဲ့ဒီထဲက ဒဏ်ရာပြင်းထန်တဲ့နှစ်ယောက်ကိုတော့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အစီအစဉ်နဲ့ စစ်တွေကို မော်တော်ဘုတ်နဲ့သယ်ယူသွားပါတယ်။  ကျန်တဲ့ခြောက်ယောက်ကိုတော့ ရသေ့တောင်မြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အစီအစဉ်နဲ့ စေတီပြင်ကနေ အငူမော်စက်လှေဆိပ်ထိ ကားနဲ့သယ်ကာ အငူမော်ကနေ စစ်တွေ မြို့အနောက်ဖက်မှာရှိတဲ့ ရေချမ်းပြင်စက်လှေဆိပ်ထိ စက်လှေနဲ့သယ်ပါတယ်။ အဲ့ဒီကနေ စစ်တွေဆေးရုံအထိ ကားနဲ့ တစ်ဆင့်ပို့ဆောင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့သူနှစ်ယောက်ထဲက တစ်ယောက်ကို ရန်ကုန်ကိုပို့ဆောင်ပြီးကုသပေမယ့် ဆေးကုသနေစဉ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုသေဆုံးရတာဟာ ဒဏ်ရာရတဲ့သူတွေကို ရွာအထိလာကြိုတဲ့ လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို အချိန်မီမပို့ဘဲ လမ်းကြောင်း ပိုကြာအောင်ပို့ဆောင်တဲ့အတွက်ကြောင့်လို့ ရွာခံတွေကဝေဖန်ပါတယ်။

ဒဏ်ရာရသူတွေကို ပို့ဆောင်လိုက်ပေမယ့် အလောင်းတွေကတော့ ကျောင်းထဲမှာ ရှိနေပါတယ်။ အလောင်းသုံး လောင်းက ကျောင်းဝန်းထဲက မြက်ခင်းထဲရှိနေပြီး သုံးလောင်းက ကျောင်းအုပ်ကြီးရုံးခန်းထဲမှာပါ။ ရွာသားတွေဟာ တစ်နေ့လုံး အလောင်းတွေကိုကြည့်ပြီး ကြောက်လန့်နေကြတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်ကပြောပါတယ်။

အလောင်းတွေကို နေ့လည်အထိ ဘာမှမအုပ်ဘဲ ဒီတိုင်းထားရာက မွန်းလွဲ ၁ နာရီလောက်မှာတော့ တာပေါ်လင်စတွေနဲ့ အုပ်လိုက်ကြပါတယ်။ ကျောင်းထဲကို ဘယ်သူမှဝင်ထွက်ခွင့်လည်းမပေးပါဘူး။

အဲ့ဒီအချိန်ထိ မလှစန်းရီတစ်ယောက် သူ့အမျိုးသား ကိုဇော်လတ် သေနတ်မှန်လို့သေသွားပြီဆိုတာ မသိသေးပါဘူး။ သူ့အိမ်ကတော့ သိနေပါပြီ။ ဒါပေမယ့် လသားအရွယ်ကလေးနဲ့ သွေးနုသားနုဖြစ်နေတဲ့သူ့ကို အသိမပေးကြပါဘူး။ သူရိပ်မိတာကတော့ နေ့လည်သူ့အမေဖြစ်သူ ထမင်းချိုင့်သွားပို့တဲ့အခါမှပါ။ သူတို့အိမ်ကပါသွားတဲ့ ယောက်ျား သားသုံးဦးစာအတွက် အရင်ရက်က ထမင်းသုံးချိုင့်ပို့နေရာက နှစ်ချိုင့်စာပဲထည့်နေတာကို သူသတိထားလိုက်မိပါတယ်။

သူ့အမေကို မေးကြည့်တဲ့အခါ အမေဖြစ်သူက သမီးစိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက် ဘာမှမပြောပါဘူး။ ထမင်းချိုင့် သွားပို့ဖို့ပဲ ပြင်နေပါတယ်။ မျက်စိမျက်နှာတော့ မကောင်းပါဘူး။ ဒါကို မလှစန်းရီက အတင်းအကျပ်ထပ်မေးတော့မှသာ သူ့ယောက်ျားဆုံးပြီဆိုတာကို အမေဖြစ်သူကပြောလိုက်ပါတော့တယ်။

“အမေက ကျွန်မယောက်ျားဆုံးတယ်ဆိုတာ သိနေပြီ။ ကျွန်မကိုပဲ အသိမပေးတာ။ ကျွန်မက ဘာပဲဖြစ်ဖြစ် ထမင်းသွား ပို့မယ်လို့ပြောတဲ့အခါမှ နင့်လင်ဆုံးပြီလို့ပြောကြတယ်”  လို့ သူက ပြောပြတယ်။

သူ့ယောက်ျားဆုံးသွားတာ သိလိုက်ရချိန်မှာတော့ သူတော်တော် ယူကြုံးမရ၀မ်းနည်းမိတယ်လို့ဆိုပါတယ်။ အရင်ကဆို ယောက်ျားဖြစ်သူဟာ စစ်တွေမြို့ငါးဒိုင်တွေကနေ ငါးတွေကိုမှာယူပြီး ရွာမှာ မိန်းမနဲ့အတူရောင်း၊ ဘူးသီးတောင် ဘက်ကိုလည်း တစ်ဆင့်ခံပို့နဲ့ စီးပွားရေးအရ အထိုက်အလျောက်အဆင်ပြေခဲ့သလို ငါးနှစ်အရွယ် သားကလေးတစ် ယောက်၊ ခုနှစ်လအရွယ် သမီးကလေးတစ်ယောက်နဲ့ စိုစိုပြေပြေရှိခဲ့တဲ့ သူတို့မိသားစုဟာ ပျက်စီးပြိုကွဲခဲ့ပြီလို့ သူကပြောပါတယ်။

“သူတို့(စစ်သားတွေ)ကို စိတ်ဆိုးမိတယ်။  ဒေါသထွက်တာမှာလေ သူတို့အသားရရင်တောင် တစ်တုံးလောက် စားပစ် ချင်တယ်” လို့ အိမ်ထောင်သက် ခုနှစ်နှစ်မှာ မုဆိုးမဖြစ်ခဲ့ရတဲ့သူက နာနာကျည်းကျည်း ဆိုပါတယ်။

ပစ်ခတ်မှု ညမတိုင်ခင် ညနေ ၃ နာရီလောက်ကတောင် ထမင်းချိုင့်သွားပို့ရင်း သူ့ယောက်ျားဖြစ်သူက မကြာခင် ပြန်လွတ် တော့မယ်ဆိုပြီး သူအချစ်ဆုံး ခုနစ်လအရွယ်သမီးကလေးကို ချော့မြူပြောနေခဲ့သေးတာပါ။ အစောင့်တွေကြား ၁၀ မိနစ် လောက်သာတွေ့ခဲ့ရပြီး အဲ့ဒီတွေ့ဆုံခြင်းဟာ ဒီဘ၀အတွက်နောက်ဆုံးဆိုတာ မလှစန်းရီတစ်ယောက် မတွေးမိခဲ့ပါဘူး။

Photo-Thet Oo Mon      သေဆုံးသူ ခြောက်ဦးရဲ့ မြေပုံများ
Photo-Thet Oo Mon သေဆုံးသူ ခြောက်ဦးရဲ့ မြေပုံများ

“သူ့သမီးကို ကျွန်မဆီကလှမ်းတောင်းပြီး သုံးမိနစ်လောက်ချီလိုက်သေးတယ်။ ပြီးတော့ ‘အဖေတို့လွတ်လာတော့မယ်’ ဆိုပြီး သူ့သမီးကိုပြောတယ်။ အဲဒီအချိန်လည်း သူ့ဘေးနားမှာ စစ်သားတွေရှိတယ်။ သူက ကလေးကိုချစ်တယ်လေ။ သမီးကိုဖက်နမ်းတယ် ” လို့ သူ့အမျိုးသားနဲ့ နောက်ဆုံးတွေ့ခဲ့ရတာကို မလှစန်းရီက ပြန်ပြောပြပါတယ်။

ဆောင်းပါးရေးတဲ့အခါ လုံခြုံရေးအရ နာမည်လွှဲပေးရမလားလို့ မလှစန်းရီကို မေးတဲ့အခါ သူ့မှာလင်သားတစ်ယောက်လုံး ဆုံးရှုံးခဲ့ပြီး နောက်ထပ်ဆုံးရှုံးစရာ ဘာမှမကျန်တော့တဲ့အတွက် နာမည်အရင်းထည့်လည်းဘာမှမဖြစ်ဘဲ ရုပ်သံ အင်တာဗျူးလည်း စိတ်ကြိုက်ရိုက်ပါလို့ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မေ ၂ ရက်က နေ့လည် လူစစ်ချိန်မှာတော့ တပ်ရင်းမှူးက ထိန်းသိမ်းထားတဲ့လူတွေကို စကားပြော ပါတယ်။ ညကဖြစ်စဉ်မှာ သေနတ်လာလုလို့ပစ်ရတာဖြစ်ကြောင်းနဲ့ ဒီလိုရုန်းရင်းဆန်ခတ် ပြေးလွှားကြတာဟာ ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုကြောင်း ကုန်စုံဆိုင်ပိုင်ရှင်က ပြန်ပြောပြပါတယ်။

ရွာသားတွေက သေနတ်လုတာမဟုတ်ကြောင်းနဲ့ စိတ်မကျန်းမာသူအော်လို့ ပြေးတဲ့အချိန်မှသာ အိပ်တဲ့သူတွေကို ပစ်တာဖြစ်ကြောင်း တပ်ရင်းမှူးကိုပြန်ပြောခဲ့တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်ကဆိုပါတယ်။  ဒီလောက် စစ်သားတွေပတ်လည် စောင့်ကြပ်နေတဲ့အချိန်  သေနတ်လုတယ်ဆိုတာဟာ မဖြစ်နိုင်ကြောင်းနဲ့ တမင်သက်သက် လူတွေကိုပစ်ခတ်တာဖြစ် တယ်လို့ သူကပြောပြပါတယ်။

အဲဒီညကဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူတွေက အထက်ပါအတိုင်းပြောခဲ့ကြပေမယ့်  မေ ၂ ရက် တပ်မတော်က ထုတ်ပြန်ချက်မှာတော့ “ကျောက်တန်းကျေးရွာရှိ  ခေတ္တထိန်းသိမ်းထားရှိသည့် မသင်္ကာဖွယ်ရာလူအုပ်သည် ယနေ့နံနက် ၂ နာရီခန့်တွင် ညာသံပေးအော်ဟစ်ပြီး ရန်လိုသောအပြုအမူများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၀ိုင်းဝန်းအကြမ်းဖက် တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းနှင့် အချို့မှာ အရပ်မျက်နှာအသီးသီး အုပ်စုဖွဲ့ပြေးထွက်ခြင်းများဆောင်ရွက်လာခဲ့ သည်။ လုံခြုံရေးကင်းအဖွဲ့များက အော်ဟစ်တားဆီး၍ သေနတ်အား မိုးပေါ်ထောင်ဖောက်ကာ သတိပေးပစ်ခတ်ခဲ့သော် လည်း ရပ်တန့်ခြင်းမရှိဘဲ အန္တရာယ်ပေးမည့် အပြုအမူများဖြင့် ဆက်လက်ဝိုင်းဝန်းတိုက်ခိုက်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များထံမှ လက်နက်များလုယူရန်ကြိုးပမ်းလာခြင်းများကို ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက် အန္တရာယ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် လက်နက်ခဲယမ်းများကို လုယူခြင်းမှကာကွယ်ခုခံရန်အတွက် လိုအပ်သည့် အင်အားကိုသာအသုံးပြု၍ ၎င်းအစုအဝေးအား မလွှဲမရှောင်သာပစ်ခတ် ထိန်းသိမ်းလူစုခွဲခြင်းများ ပြုလုပ် ခဲ့ရသည်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ မျက်မြင်ကြုံတွေ့ခဲ့ကြတဲ့ ရွာသားတွေရဲ့ ပြောဆိုချက်ဟာ ဖီလာဆန့်ကျင်ပါပဲ။

ရင်ခွဲရုံဖြစ်သွားတဲ့ စာသင်ခန်း

အဲဒီနေ့က အလောင်းတွေကို ကျောင်းထဲမှာတစ်နေ့လုံးထားရာက ညနေ ၆ နာရီလောက်မှာ ရသေ့တောင်မြို့နယ်က မှုခင်းဆရာဝန်တွေ ရောက်လာခဲ့ပါတယ်။ အဲ့ဒီအခါ အလောင်းတွေကို စာသင်ခန်းတစ်ခန်းထဲရွှေ့လိုက်ကြပါတယ်။ ကိုယ်တိုင် အလောင်းတွေကိုရွှေ့ပေးခဲ့ရသူ ကုန်စုံဆိုင်ပိုင်ရှင်ကတော့ အလောင်းရွှေ့နေချိန် စိတ်ထဲဝမ်းနည်းနေသလို ဒေါသတွေလည်း ထွက်ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သေဆုံးသွားသူတွေဟာ သူ့မိတ်ဆွေတွေဖြစ်နေပြီး သူ့ရဲ့တူ တစ်ယောက်လည်းပါသွားတယ် လို့ဆိုပါတယ်။

အလောင်းတွေခွဲစိတ်ပြီးချိန် အဲဒီနေ့ ည ၁၂ နာရီကျော် (မေ ၃ ရက်) မနက်ပိုင်းမှာတော့ ထိန်းသိမ်းထားတဲ့ လူတွေထဲက ၁၂၆ ဦးကို လွှတ်ပေးပါတယ်။ အဲ့ဒီထဲမှာ ကုန်စုံဆိုင်ပိုင်ရှင်လည်းပါခဲ့ပါတယ်။ လွှတ်ပေးတဲ့သူတွေက ၀န်ထမ်းတွေ ကျောင်းသား တွေနဲ့ သူတို့အပြစ်မရှိဘူးလို့ ယူဆတဲ့သူတွေ ဖြစ်ကြောင်း သူကပြောပြပါတယ်။

စတုထ္ထနေ့ (မေ ၃ ရက်) မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာတော့ အလောင်းတွေကို ရွာရဲ့သုဿာန်မှာ သင်္ဂြိလ်လိုက်ကြ ပါတယ်။ အလောင်းတွေသုဿာန်ကို သယ်တဲ့အချိန် မိသားစုဝင်အချို့၊ ရွာကလူကြီးပိုင်းအချို့နဲ့ အလောင်းကို မြေမြှုပ်မယ့် သူတွေပဲလိုက်ပါခွင့် ပြုခဲ့ပါတယ်။ ဓါတ်ပုံရိုက်ခွင့်မပေးပါဘူး။ စစ်သားတွေက ဘေးမှာခြံရံပြီး လိုက်ပါကြပါတယ်။

အလောင်းတွေကို နှစ်ပေလောက်ခြားကာ တန်းစီပြီး မြေမြှုပ်လိုက်ပါတယ်။ မြေပုံပေါ်မှာ သူတို့နာမည်တွေ ရေးထားတဲ့ သစ်သားပြားတွေ စိုက်ထူလိုက်တယ်။ ပြီးတော့ မြေပုံတွေကို တောခွေးတွေလာပြီး မတူးဖော်ရအောင် သံဇကာကွက်တွေ ကာရံထားပါတယ်။

မလှစန်းရီကတော့ သူ့ယောက်ျားအလောင်းကို မြေကျတဲ့အထိ မြင်ခွင့်မရလိုက်ပါဘူး။ စစဖြစ်ခြင်းတုန်းကလည်း သူ့ယော က်ျားကိုကြည့်ဖို့ စစ်သားတွေဆီ ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။ မြေမြှုပ်ခါနီးလည်း အလောင်းကအနံ့တွေထွက်နေ ပြီး မြင်မကောင်းဖြစ်နေတာကြောင့် သူ့ကိုမကြည့်ဖို့ ၀ိုင်းဖောငးဖျကြတာကြောင့် မကြည့်ဖြစ်ခဲ့ပါဘူး။

အလောင်းတွေ မြေမြှုပ်ပြီးလို့ သံဇကာတွေကာနေတဲ့အချိန်မှာပဲ စစ်သားတွေက သေဆုံးသူတွေရဲ့အိမ်တွေဆီသွားပြီး တစ်ဦးကို ကျပ်သုံးသိန်းစီ လိုက်ပေးပါတယ်။ မလှစန်းရီကတော့ ပိုက်ဆံ မလိုချင်ပေမယ့် စစ်သားတွေက လက်နက်တွေနဲ့ သူ့အိမ်ကို ၀ိုင်းပြီး ၀င်လာတဲ့အခါ ကြောက်လန့်ပြီးယူခဲ့ရတယ်လို့ ဆိုပါတယ်။

“ ပိုက်ဆံသုံးသိန်းက ဘာမှတန်ဖိုးမရှိဘူး။ လူ့အသက်တစ်သက်ဆိုတာ သိန်းတစ်ထောင်နဲ့လည်း တန်ဖိုးဖြတ်လို့မရဘူး။ လူ့အသက်ကို ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူး ” လို့သူကဆိုပါတယ်။

တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူးချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်ကပေးတဲ့ ငွေသုံးသိန်းက လျော်ကြေးငွေ မဟုတ်ဘဲ ထောက်ပံ့ကူညီပေးတဲ့သဘောသာဖြစ်တယ်လို့ မော်ကွန်းကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

မသင်္ကာသူ တွေကို ဖမ်းဆီး

ပိတ်ဆို့ ထိန်းသိမ်းစစ်ဆေးနေတဲ့ လေးရက်မြောက်နေ့၊ အလောင်းတွေမြေချတဲ့နေ့မှာ အဲဒီနေ့မတိုင်ခင်က လွှတ်ပေး လိုက်သူ ၁၂၆ ဦးကို စစ်တပ်က ပြန်လည်ခေါ်ယူပြီး စစ်ဆေးပါသေးတယ်။ အဲ့ဒီထဲကနှစ်ယောက်ကို ခေါ်ထား လိုက်ပါတယ်။ သူတို့ဖမ်းဆီးထားတဲ့သူတွေထဲကတစ်ဦးဆိုရင် ရွာမှာအလွန်ဆင်းရဲပြီး စာမတတ်တဲ့အပြင် ရွာထဲမှာ တောက်တိုမယ်ရအလုပ်တွေ လုပ်နေတဲ့ သူဖြစ်တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်က ဆိုပါတယ်။

ဒီလိုနဲ့ ထိန်းသိမ်းထားသူတွေကို ဆက်လက်စစ်ဆေးလာလိုက်တာ ခုနစ်ရက်မြောက်တဲ့နေ့ (မေ ၆ ရက်) မှာ ၄၈ ဦးကို တပ်မတော်က ထပ်မံလွှတ်ပေးပါတယ်။ မေ ၇ ရက်မှာ ဆရာတော်ကြီးတွေ ၊ ရသေ့တောင် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ကျောက်တန်းရွာကို ၀င်ခွင့်ရခဲ့ပြီး ထိန်းသိမ်းခံရသူတွေအတွက် အစား အသောက်တွေ ရေသန့် တွေ ပေးခဲ့ကြပါတယ်။ အဲဒီတစ်ဖွဲ့ပဲ ၁၄ ရက်အတွင်း ကျောက်တန်းရွာကို ၀င်ခွင့်ရခဲ့တာပါ။

ကိုးရက်မြောက်နေ့မှာ တပ်က ၃၅ ဦး ထပ်မံလွှတ်ပေးပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကိုလည်း တပ်မတော်က ပြန်လည် စစ်ဆေးဖို့ ခေါ်ယူသေးတယ်လို့ဆိုတယ်။ ဒါပေမယ့်စစ်ဆေးရင် ရှေ့ကလူနှစ်ယောက်လို ပြန်အဖမ်းခံရမှာ စိုးတာကြောင့် အဲဒီ ၃၅ ယောက်ဟာ တပ်ကရွာကိုပိတ်ဆို့ထားတဲ့ကြားကနေ ထွက်ပြေးခဲ့ကြတယ်လို့ ကိုယ်တိုင်လည်း ထွက်ပြေးခဲ့သူ ကယ်ရီဆွဲတဲ့သူကပြောပါတယ်။

အဲဒီကိုးရက်မြောက်နေ့ (မေ ၈ ရက်)က တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ AA လို့ ၀န်ခံသူလေးဦးနဲ့ သံသယရှိသူနှစ်ဦး စုစုပေါင်းခြောက်ဦးကို စစ်တွေမြို့ကို ခေါ်ယူပြီး ရဲဘက်အပ်ကာ တရားဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းထားဆဲ ရွာသားတွေကိုတော့ ဆက်လက်စစ်ဆေးပါတယ်။

ကြုံရာကျပန်းလုပ်ကိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးဆိုရင် ဧပြီ ၃၀ ကတည်းက ကျောင်းဝန်းထဲမှာ အထိန်းသိမ်းခံထားရသူပါ။ သူအပါအ၀င် နောက်ဆုံးကျန်ခဲ့တဲ့သူ အယောက် ၄၀ ကျော်ဟာ စာသင်ခန်းတစ်ခန်းမှာ နေကြရပြီး နေ့စဉ်လိုလို သုံးကြိမ်ထက်မနည်း စစ်ဆေးမေးမြန်းတာတွေ ခံရတယ်လို့ ဆိုပါတယ်။

သူနဲ့နေတဲ့ လူတစ်ချို့ဆိုရင် လှောင်ပိတ်ခံရတာကြောင့် စိတ်တွေဂယောင်ခြောက်ခြားဖြစ်သွားကြပါတယ်။ သူက စိတ်မာ တဲ့အတွက် ဘာမှမဖြစ်ပေမယ့် ဖြစ်တဲ့သူတွေ ထသောင်းကျန်းရင် ပထမတစ်ခါလို အပစ်ခံရမှာစိုးတာကြောင့် လူတွေကို လိုက်ထိန်းခဲ့ရတယ်လို့ ဆိုပါတယ်။

၁၄ ရက်လုံးလုံး ရေလည်း မချိုးရ၊ အခန်းမှာလည်း အ၀င်တံခါးတစ်ခုသာဖွင့်ထားပြီး ပြတင်းပေါက်တွေကအစ ပိတ်ထားတဲ့ အတွက် လှောင်ပိတ်မွန်းကြပ်ပြီး ပူလောင်နေတယ်လို့ သူကဆိုပါတယ်။ ညဘက်ဆိုလည်း အပေါ့အပါးသွားချင်ရင်တောင် အပြင်မထွက်ရဲကြဘဲ ရေသန့်ဘူးတွေထဲ ကိစ္စပြီးကြရတယ်လို့ဆိုပါတယ်။

သူ့စိတ်ထဲမှာတော့ ပြန်လွတ်ပါတော့မလား၊ အိမ်မှာကျန်ခဲ့တဲ့ မိန်းမနဲ့ကလေးတွေ ဘယ်လိုစားသောက်ကြမလဲ တွေးပူ လို့နေပါတယ်။ သူက ကြုံရာကျပန်း တစ်နေ့လုပ် တစ်နေ့စား ဘ၀မို့ နှစ်ပတ်ကြာတဲ့အခါ သူ့ကလေးနဲ့ မိန်းမတွေ စားဖို့ မရှိမှာကို တွေးပူနေတာပါ။

သူ့ရဲ့ဇနီးကတော့ ယောက်ျားဖြစ်သူအတွက် အိမ်မှာ နေ့စဉ်ငိုကြွေးနေရတယ်လို့ ဆိုပါတယ်။ ဘယ်နေ့ ငါ့ယောက်ျား အပစ် ခံရမလဲ အဖမ်းခံရမလဲတွေးပူနေပါတယ်။ ညဘက်တွေဆိုလည်း သေနတ်သံများကြားလေမလား တထိတ်ထိတ်နဲ့ သူ့ယောက်ျား မလွတ်မချင်း တစ်နေ့မှ အိပ်မရခဲ့ဘူးလို့ သူ့အိမ်အောက်မှာ ကလေးကိုပုခက်လွှဲပေးနေရင်းက ဆိုပါတယ်။

စားစရာကတော့ မပူရပါဘူး။ ယောက်ျားဖြစ်သူ နေ့စဉ်စားဖို့ ထမင်းချိုင့်၊ အိမ်အတွက်စားစရိတ်တွေကို ရွာထဲက ဆိုင် တွေက လိုသလောက်လာယူ၊ ရှိတဲ့အခါပြန်ပေးဆိုပြီး ကူညီကြတယ်လို့ သူကပြန်ပြောပြပါတယ်။

ဒီလိုနဲ့ ၁၄ ရက်မြောက်နေ့ (မေ ၁၃ ရက်) ညနေမှာတော့ နောက်ဆုံးလက်ကျန် ထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးလိုက်ပါတယ်။

လွတ်ပြီဆိုတဲ့ သတင်းကြားတဲ့နေ့ကဆို အိမ်မှာထိုင်နေရင်းက လယ်ကွက်၊ လေးငါးကွက်အကျော်မှာရှိတဲ့ စာသင် ကျောင်းကို ဒုန်းစိုင်းပြေးကာ သူ့ယောက်ျားကို သွားကြိုခဲ့တယ်လို့ သူကရယ်လျှက်ပြန်ပြောပြပါတယ်။

Photo-Thet Oo Mon      အလောင်းတွေ ခွဲစိတ်ခဲ့သည့် စာသင်ခန်း
Photo-Thet Oo Mon အလောင်းတွေ ခွဲစိတ်ခဲ့သည့် စာသင်ခန်း

ယောက်ျားဖြစ်သူကလည်း လွတ်ပြီဆိုတာနဲ့ မိန်းမနဲ့ကလေးတွေကို ပြန်တွေ့ရပြီဆိုပြီး စိတ်ထဲဝမ်းသာနေပါတယ်။ ၀မ်း သာတာနဲ့တစ်ပြိုင်တည်း တစ်စုံတစ်ခုကိုတွေးမိကာ ချက်ချင်းပဲဝမ်းနည်းပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့် မိန်းမရဲ့ အစ်မဖြစ်သူယောက်ျားက ကိုဇော်လတ်တို့နဲ့အတူ ပစ်ခတ်တဲ့နေ့မှာ ဆုံးပါးသွားခဲ့တာကြောင့် သူ့မရီးမျက်နှာကို မြင်ယောင်လိုက်မိတာ ကြောင့်ပါ။

ဒါကြောင့်လည်း လွတ်လာတော့ သူ့မရီးကို မတွေ့မိအောင် ရှောင်နေခဲ့ပါတယ်။ သူ့ကိုတွေ့ရင် ၀မ်းနည်းစိတ်တွေ ဖြစ်မှာ စိုးတဲ့အတွက်ပါ။ သူကတော့ မသေဘဲ၊ အဖမ်းမခံရဘဲ လွတ်မြောက်လာခဲ့ပေမယ့် သေဆုံးသွားသူတွေ၊ အဖမ်းခံရသူတွေ အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းက ရွာထဲကနေထွက်ခွာသွားပေမဲ့ ဒဏ်ရာတွေကတော့ ရွာထဲမှာကျန်ရစ်ခဲ့ပါတယ်။

ဆုံးသွားတဲ့ ကိုဇော်လတ်ရဲ့ ငါးနှစ်အရွယ်သားကလေးဆိုရင် သူများကလေးတွေက ပြန်လွတ်လာကြတဲ့ သူ့တို့အဖေတွေနဲ့ ပွေ့ချီနှုတ်ဆက်တာတွေတွေ့တိုင်း သူ့အမေကို “ဘာဘာ ဇာမှာလဲ (အဖေဘယ်မှာလဲ) သူများအဖတိ (အဖေတွေ)  ရောက်နေပြီ။ ငါတို့ဘာဘာ (အဖေ) မရောက်သေး” လို့ မေးတယ်လို့ သူ့အမေက ပြန်ပြောပြပါတယ်။

အမေဖြစ်သူက အဖြေမပေးနိုင်တဲ့အခါ သားငယ်ဟာအိမ်တိုင်ကိုဖက်လို့ ရှိုက်ကာငိုနေပါတော့တယ်။ သားလေးငိုနေတာမြင်တော့ အမေလည်းကြူကြူပါအောင်ငိုပါတော့တယ်။ သားဖြစ်သူကို ချော့မော့ပြောဆိုပေမယ့် သားဖြစ်သူကတော့ သတိရတိုင်း သူ့အဖေအကြောင်းမေးနေဆဲလို့ မလှစန်းရီက ပြန်ပြောပြပါတယ်။

ဖြစ်စဉ်မှန်က ဘာလဲ

ဒီနေရာမှာ မေးစရာမေးခွန်းတွေထဲကတစ်ခုက ရွာသား ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရစေခဲ့တဲ့ ပစ်ခတ်မှုတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ကိစ္စပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရွာသားတွေက လက်နက်လာလုလို့ ကာကွယ် တဲ့အနေနဲ့ ပစ်ရတယ်ပြောပေမယ့် မော်ကွန်းက ချဉ်းကပ်မေးမြန်းသူတွေကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ မတူတာ ကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းကတော့ ကျောက်တန်းရွာဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ဘူးသီး တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးကို တာဝန် ပေးထားကြောင်းနဲ့  တာဝန်ပေးတဲ့နေ့မှ စပြီး ရက် ၃၀ အတွင်း စုံစမ်းစစ်ဆေးလို့ရတဲ့ အချက်အလက်တွေကို ပြည်နယ် လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်တယ်လို့ မော်ကွန်းကို တယ်လီဖုန်းကနေတစ်ဆင့် ပြောပါတယ်။

အလောင်းတွေ မြေချတဲ့ မေ ၃ ရက်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းမှာ ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ကျောက်တန်းရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို စစ်တပ်ကဖမ်းဆီးစစ် ဆေးရာမှာ ပြဌာန်းထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီသာ စစ်ဆေးမေးမြန်းဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အမြန်ဆုံးညွှန်ကြားပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

ကျောက်တန်းရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကလည်း မေ ၂၉ ရက်က ကျောက်တန်းရွာအထိ သွားရောက်ကာ ဖမ်းဆီးခံရသူ၊ ဒဏ်ရာရသူ၊ သေဆုံးသူ မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး အစီရင်ခံစာတစ်စောင်ထုတ်ပြန်မယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကဆိုပါတယ်။ လတ်တလောမှာတော့ အစီရင်ခံစာ ရေးသားနေဆဲပဲလို့ ဇွန် ၄ ရက်က ဆိုပါတယ်။

ကော်မရှင်နဲ့အတူ ကျောက်တန်းရွာကို လိုက်ပါကူညီပေးခဲ့သူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စော ဝေကတော့ သူတို့ ရခိုင်အမျိုးသားပါတီအနေနဲ့လည်း ကျောက်တန်းရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေ ၂ ရက်မှာ နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လူ့အခွင့်အရေးကော်မရှင်တို့ကို အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ထုတ်ပြန်ချက်မှာတော့  ကျောက်တန်းကျေးရွာမှာ တပ်မတော်က အရပ်သားများကိုစစ်ဆေးမှုများပြုလုပ်နေစဉ် လွန်လွန် ကျူးကျူးထိခိုက်မှုများ မပေါ်ပေါက်စေရန် တာဝန်ရှိသူများထံ ပါတီမှ ကြိုတင်ဆက်သွယ်တိုင်ကြားခဲ့တယ်လို့ပါရှိပါတယ်။ ဒါ့အပြင်  တပ်ဖွဲ့ဝင်အချို့က အပြစ်မဲ့အရပ်သားတွေကို မမှန်မကန်စွပ်စွဲပြီး သေနတ်နှင့်ပစ်ခတ်တာကြောင့် ကျောက်တန်း ရွာက စာသင်ကျောင်းဝင်းအတွင်း “အစုလိုက်အပြုံလိုက်”သေဆုံးကြပြီး ဒဏ်ရာလည်း ပြင်းပြန်းထန်ထန်ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ဒါကမဖြစ်သင့်ဘူးလို့မြင်တယ်။ ဒါက နိုင်ငံရေးအရဖြစ်နေတဲ့တိုက်ပွဲပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက်ကတော့ တိုက်ချင် သလောက်တိုက်ကြပါ။ ဒါပေမယ့် အပြစ်မဲ့ပြည်သူတွေကိုတော့ နစ်နာမှုမရှိစေချင်ဘူး” လို့ ဒေါ်ခင်စောဝေက ဆိုတယ်။

ရွာကို စွန့်ခွာကြပြီ

သွေးပျက်ဖွယ်ညကဖြစ်ရပ်ကို အဖွဲ့အစည်းတွေကစုံစမ်းနေစဉ်မှာ ကျောက်တန်းရွာသားတော်တော်များများကတော့ သူတို့ ရွာကို စွန့်ခွာနေကြပါပြီ။

အိမ်ထောင်စု ငါးရာနီးပါးရှိခဲ့တဲ့ ကျောက်တန်းရွာဟာ လက်ရှိအချိန်မှာတော့ အိမ်ထောင်စု ၂၀၀ နီးပါးလောက်ပဲကျန် ပါတော့တယ်။ လူဦးရေကလည်း ၄၀၀ လောက်သာရှိတော့တယ်လို့ ရွာခံတွေကဆိုပါတယ်။

Photo-Thet Oo Mon    အိမ်တွေကို စွန့်ထားခဲ့ကြပြီ
Photo-Thet Oo Mon အိမ်တွေကို စွန့်ထားခဲ့ကြပြီ

တစ်ချို့က ရသေ့တောင်မြို့ပေါ်က ဒုက္ခသည်စခန်းတွေဆီ ရောက်သွားကြသလို တစ်ချို့က နီးစပ်ရာဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ သူတို့တစ်ရွာတည်းတင် မဟုတ်ပါဘူး။ ကျောက်တန်းအနီးအနားက ရွာတွေပါ စစ်ကြောင်းတွေဝင်လာပြီး အန္တရာယ်ပြုမှာစိုးရိမ်တာကြောင့် လူအတော်များများ ရွာကိုစွန့်ခွာကုန်ကြပြီလို့ ရွာခံတွေက ဆိုကြပါတယ်။

ရွာထဲမှာလည်း သော့ခတ်ထားတဲ့ အိမ်တွေတော်တော်များများတွေ့ရပါတယ်။ ကျန်ခဲ့တဲ့လူတွေမှာလည်း အသက်မွေးဝမ်း ကျောင်းဖို့ အခက်အခဲကြုံနေရပါတယ်။ စစ်ကြောင်းတွေကြောင့် တောထဲလည်းမ၀င်ရဲ လယ်ယာလုပ်ငန်းခွင်လည်း မစရ ၊ ယခင်ရှိခဲ့တဲ့ ကုန်ရောင်းကုန်ဝယ်တွေလည်း မရှိတော့တဲ့အခါ ကုန်ထမ်းသူ ကြုံရာကျပန်းလုပ်သူတွေအနေနဲ့လည်း ဘာမှ အလုပ်အကိုင်မရှိ လူမှုအဖွဲ့အစည်းအခြေမကျဖြစ်ကုန်ကြပါတယ်။

နောက်ထပ် ရွာခံတွေစိုးရိမ်တဲ့ အရာတစ်ခုကတော့ ကလေးတွေ ကျောင်းဖွင့်ရာသီရောက်ပြီဖြစ်တဲ့အတွက် စာသင် ကျောင်း ပြန်ဖွင့်ဖို့အတွက်ပါ။

လူသတ်ပွဲဖြစ်သွားတဲ့ စာသင်ကျောင်းမှာလည်း သွေးစသွေးနတွေ၊ ကျည်ဆန်ပေါက်ရာတွေနဲ့ ဖရိုဖရဲဖြစ်လို့နေပါတယ်။ ဒီထက်ဆိုးတဲ့အရာတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ ယုံကြည်မှုအရ စာသင်ကျောင်းထဲ သေဆုံးခဲ့တဲ့ သူ တွေရဲ့ ၀ိညာဉ်တွေဟာ ကျောင်းထဲမှာပဲ ရှိနေသေးတယ်လို့ ထင်မြင်နေကြတာပါ။

ကိုဇော်လတ်ဟာ တပ်မတော်ကဖမ်းဆီးထားတဲ့အချိန် သေဆုံးသွားတာဖြစ်လို့ သူ့ဝိညာဉ်တွေဟာ အချုပ်အနှောင်ခံနေရ တယ်လို့ သူ့ဇနီးက ယုံကြည်နေဆဲပါ။ ဒါကြောင့် အမိန့်စာပြန်ပြီး ကျောင်းနဲ့ရွာတစ်ခုလုံးကို ပရိတ်ရွတ် တရားနာရဦးမယ်လို့ ဆိုပါတယ်။

“မိုးကျလာရင် ကလေးတွေ ကျောင်းတက်ရတော့မယ်။ သေဆုံးသွားတဲ့သူတွေရဲ့ ၀ိညာဉ်က ကျောင်းဝင်းထဲမှာပဲ ရှိနေတုန်းပဲ။ သူတို့က နှင်ထုတ်ခဲ့တာမဟုတ်ဘူး။ လှောင်ပိတ်ထားခဲ့တာ” လို့ သူကဆိုပါတယ်။

မေ ၃၁ ရက် ကျောက်တန်းရွာကို ဆက်သွယ်မေးမြန်းချက်အရ ကျောင်းနဲ့ ရွာထဲမှာတော့ ပရိတ်ရွတ် တရားနာတာတွေ လုပ်ပြီး ကျောင်းကိုလည်း ရေတွေနဲ့ ဆေးကြောကာ ကျောင်းအပ်လက်ခံနေပြီလို့ဆိုပါတယ်။ ကျောင်းအပ်လက်ခံတဲ့ နေ့က ဆို ရွာမှာရှိတဲ့ကလေးတွေ ကျောင်းလာအပ်ကြတယ်လို့ဆိုပါတယ်။

ဒါပေမယ့် သူတို့ကျောင်းတက်ရဖို့ကတော့ မသေချာတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကျောင်းအပ်လက်ခံတဲ့ ညနေ ပိုင်းမှာပဲ စစ်ကြောင်းတွေ ရွာဘက်လာကြတယ် သတင်းကြားတာနဲ့ မိဘတွေရော ကလေးတွေပါ ထွက်ပြေးခဲ့ကြလို့ပါ။ ရွာမှာ သက်ကြီးရွယ်အိုတွေသာ ကျန်ရှိတော့တယ်လို့ ရွာခံတွေက တယ်လီဖုန်းကနေတစ်ဆင့် လှမ်းပြောပါတယ်။

မော်ကွန်းကဆက်သွယ်တဲ့ မေ ၃၁ ရက် ညနေပိုင်းမှာတော့ ကျောက်တန်းရွာမှာ တွေ့ဆုံမေးမြန်းခဲ့သူတွေ အတော်များ များက သူတို့ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြပါပြီ။ စာသင်ကျောင်းမှာ ၁၄ ရက်လုံး နေခဲ့ရတဲ့သူဆိုရင် ရသေ့တောင်မြို့ နယ်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်းကို ရောက်နေတာ ၁၀ ရက်လောက် ရှိပြီလို့ဆိုပါတယ်။

ဇွန်လ ၄ ရက်မှာ ထပ်ပြီး ဆက်သွယ်မေးမြန်းချက်အရ ထွက်ပြေးသူတွေကတော့ သူတို့ရွာမှာပဲ ပြန်နေထိုင် လုပ်ကိုင် စားသောက်ချင်ကြပြီး စစ်ကြောင်းတွေမရှိတော့အချိန် ရွာထဲကို အချို့ကပြန်ဝင်လာကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် စစ်ကြောင်းသံကြားတာနဲ့ ရွာကနေ ပြန်ထွက်ပြေးကြမှာဖြစ်တယ်လို့ ပြောကြပါတယ်။

ကိုဇော်လတ်ရဲ့ အမျိုးသမီးကတော့ ဘယ်အရပ်မှ ထွက်မပြေးဘဲ ရွာမှာပဲအခြေချနေထိုင်ဖို့ စဉ်းစားထားပါတယ်။ သူ့ယော က်ျားဆောက်ပေးထားခဲ့တဲ့  ၁၀ ပေ၊ ပေ ၂၀ ခန့်ရှိတဲ့ သွပ်မိုးပျဉ်ကာ အိမ်ကလေးမှာပဲ နေဖို့စဉ်းစားထားတာပါ။ အိမ်ကလေးဟာ ယောက်ျားရှိစဉ်တုန်းက တိုင်လေးဝယ်၊ သစ်လေးစု အုတ်လေးတွေ ရသလောက်ဝယ်ကာ တစ်ဆင့်ခြင်း ဆောက်ဖို့ လုပ်ထားရာက အခုတော့ မလှစန်းရီတစ်ယောက်တည်းပဲ ဒီတာဝန်တွေကို ဆက်လက်ထမ်းဆောင် ရပါတော့မယ်။

သူ့ယောက်ျားသေဆုံးမှုအတွက်လည်း သူက အဖြစ်မှန်တွေကို တလောကလုံးကို သိစေချင်နေပါတယ်။ ဒါကြောင့် သူသာ တာဝန်ရှိသူတွေနဲ့ တွေ့ခွင့် ပြောခွင့်ရမယ်ဆိုရင် ယခုလို ပြောချင်တယ်လို့ သူကဆိုပါတယ်။

“နိုင်ငံတော် အကြီးအကဲတွေကို တွေ့ရင် ကျွန်မတို့အိမ်ထောင်တစ်ခုလုံးပျက်စီးသွားပြီးဆိုတာကို ပြောပြမယ်။ သူတို့က လက်နက်လုတယ်လို့ပြောတယ်။ လက်နက်လုလို့ပစ်သတ်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြောပြမယ်။ (ပိတ်)လှောင် ပြီး ပစ်သတ်လိုက်တယ်ဆိုတာကို ပြောပြမယ်”

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here