Home အက်ဆေး အသုံးနည်းလာတဲ့ ကျောက်သင်ပုန်း

အသုံးနည်းလာတဲ့ ကျောက်သင်ပုန်း

272
0
Advertise Here

၂၀၁၂၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

Advertise Here

မြို့ကြီးပြကြီးရဲ့ခေတ်မီမှုနဲ့ အသစ်ဖြစ်ထွန်းလာတဲ့ အသုံး အဆောင်တွေကြားမှာ အမေ့ခံလိုက်ရတဲ့ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ထူးထူးခြားခြားအနေနဲ့ပြောစရာက ကျောက် သင်ပုန်းဖြစ်ပါတယ်။

ကျောက်သင်ပုန်းဆိုတာ ကျွန်တော်တို့ ငယ်ဘဝတွေနဲ့ စိမ်းလှတဲ့အရာတစ်ခု မဟုတ်ခဲ့ပါဘူး။ မစိမ်းရုံတင်မက ကျွန် တော်တို့အားလုံး ငယ်စဉ်ပညာသင်ယူစ စာလုံးလေးတွေ ရေး တတ်လာအောင် ဝလုံးကစ အရေးကျင့်ခဲ့ရတဲ့နေရာမှာ သုံးခဲ့ရ တဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုတောင် ဖြစ်ခဲ့ပါသေးတယ်။

ပထမဆုံး ကလေးတစ်ယောက်ကို စာသင်ကျောင်းပို့တော့ မယ်လို့ ဆုံးဖြတ်လိုက်တဲ့မိဘတွေဟာ သူတို့သားသမီးအတွက် လိုအပ်ချက်တွေ စဉ်းစားတဲ့အခါ ပထမဆုံးက ကျောက်သင်ပုန်း ပါပဲ။ ပြီးမှ ကျောက်သင်ပုန်းပေါ်မှာစာရေးဖို့ တွဲဖက်ထားတဲ့ ပစ္စည်းက မရှိမဖြစ်ကျောက်တံပေါ့။

ဒီကနေ့ အရွယ်ရောက်လာတဲ့ သူတွေအားလုံးကတော့ တစ်ချိန်က သူတို့ရဲ့ပညာသင် ပထမဆုံးနေ့ရက်တွေမှာ ကျောက် သင်ပုန်းနဲ့ ထိတွေ့ခဲ့ရတာကို အမှတ်တရရှိနေကြဦးမှာပါ။ ကျောက်သင်ပုန်းကတော့ အရွယ်အစားအမျိုးမျိုးပါပဲ။ ငယ် လွန်းလှတဲ့ သူငယ်တန်းကလေးတွေအတွက် နည်းနည်းငယ်တဲ့ ကျောက်သင်ပုန်းလေးတွေ။ တတိယတန်း၊စတုတ္ထတန်းလောက် ရောက်တဲ့အခါနည်းနည်းအပြန့်ကြီးတဲ့ ကျောက်သင်ပုန်း စသ ဖြင့် အရွယ်နဲ့လိုက်အောင် ကျောက်သင်ပုန်းကို ကိုင်ခဲ့ကြ တာပါ။

ကျောက်သင်ပုန်းနဲ့ အတူတွဲထားတဲ့ပစ္စည်းကတော့ စင် တီမီတာတွေ၊ လက်မတွေပါတဲ့ ၁၂ လက်မ သစ်သားပေတံ၊ ဝါး ပေတံချောင်းလေးတွေပါပဲ။ လက်ရေးမလှတဲ့ ကလေးတွေကို ဆရာ၊ ဆရာမတွေက လက်ဆစ်ကိုရိုက်တာ အဲသလိုပေတံမျိုး နဲ့ပေါ့။ ကျောက်သင်ပုန်းပေါ်မှာ အဲဒီသစ်သားပေတံနဲ့ လေး ကြောင်းမျဉ်းသားရတယ်။ ပြီးမှ ဝလုံးတွေကိုတန်းစီရေးရင်း ဆရာမတွေက လက်ရေးလှကျင့်ပေးခဲ့တယ်။

ဝလုံးတွေပြီးတဲ့နောက် ကကြီး၊ ခခွေးတွေကိုလည်း ဒီ ကျောက်သင်ပုန်းပေါ်မှာပဲ ရေးခဲ့ရတာပါ။ တစ်ခါတစ်ခါ ရေးလွန်း လို့ တုံးသွားတဲ့ကျောက်တံကို အရေးပေါ်ဆိုရင် ကျောက်သင် ပုန်းမျက်နှာပြင်နဲ့ ခပ်ကြမ်းကြမ်းခြစ်ပစ်လိုက်ပြီး ချွန်လိုက် ကြတယ်။

အချိန်ရလို့ စိမ်ပြေနပြေကျောက်တံသွေးကြရင်တော့ အုတ်ခုံတို့၊  ဘိလပ်မြေကိုင်ထားတဲ့ သမံတလင်းတို့ပေါ်မှာတိုက် ပြီး သွေးကြရတယ်။ တချို့ဆို ”သူ့ကျောက်တံကပိုချွန်တယ်။ ငါ့ ကျောက်တံကပိုချွန်တယ်” ဆိုပြီးတော့ ကလေးဘာဝ အငြင်း အခုံ ဖြစ်ရတဲ့နေ့တွေတောင် ရှိဖူးတယ်။

ချွန်လွန်းတဲ့ ကျောက်တံကျတော့လည်း ကျောက်သင်ပုန်း မျက်နှာပြင်ပေါ် စာရေးလိုက်တဲ့အခါ ”ကျွီ” လို့ မြည်သံဟာ ကြားရသူတွေကို သွားကျိန်းစေပါတယ်။ ပြီးတော့ ကျောက်သင် ပုန်းပေါ်မှာ အစင်းရာကြီးထင်နေရော။ ဒါကို တစ်ခါတစ်ခါတော့ ဖျက်လို့ရတယ်။ ဖျက်လို့မရတော့တဲ့အထိလည်း ဖြစ်တတ်တယ်။

ကျောက်တံက ကျောက်သားမကောင်းတဲ့အခါ သို့မဟုတ် ခပ် ကြမ်းကြမ်းလေးဖိပြီး စာရေးတဲ့အခါမျိုးတွေမှာ မကြာခဏ ကျိုး လေ့ရှိတယ်။ တစ်ခါတစ်ခါကျတော့လည်း သိပ်ပြီးရေးလို့ကောင်း တဲ့ကျောက်တံမျိုးတွေ ရတတ်တယ်။ အဲဒီကျောက်တံက ချွန်ရင်း နဲ့ တဖြည်းဖြည်းတိုလာလို့ သံယောဇဉ်ဖြတ်ပြီးမစွန့်ပစ်နိုင်တဲ့ အခါတွေလည်း ရှိခဲ့တာပေါ့။

ဒီအခါမှာလူကြီးတွေသုံးတဲ့ ဘောလ်ပင်န် အဖုံးကိုရှာပြီး အဝမှာ တိုနေပြီဖြစ်တဲ့ ကျောက်တံကိုစွပ်၊ ချောင်နေရင်လည်း သားရေကွင်းနဲ့ ကျပ်ကျပ်စည်းပြီး ဆက်သုံးတတ်ကြတယ်။ တစ်ခါတစ်ခါတော့ စိတ်တိုင်းကျရှာထားတဲ့ ဝါးချောင်းလေးမှာ တိုနေတဲ့ကျောက်တံကို သားရေကွင်းနဲ့ ကပ်ချည်ပြီးရေးကြတာ လည်းရှိတယ်။

ခက်တာက ကျောက်တံမှာ ခဲတံလိုမျိုးတစ်ဘက်မှာခဲဖျက် မပါလေတော့ ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့စာတွေကို ဖျက်လိုက်ပြန်ရေးလိုက်လုပ်ဖို့ ကိုယ့်အရပ်ဒေသအလိုက်ထွက်ရှိ တဲ့ အရွက်တစ်မျိုးကို ဆောင်ထားရလေ့ရှိတယ်။ တချို့ကတော့ ကြိတ်မှန်ရွက်၊ တချို့ကတော့ ကျောက်သင်ပုန်းရွက်ဆိုတာတွေကိုသုံးတယ်။ အညာဒေသမှာတော့ မန်ကျည်းရွက်ကိုသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ ကြိတ်မှန်ရွက်၊ ကျောက်သင်ပုန်းရွက်တို့ဆို တာ လမ်းဘေးမှာအလေ့ကျပေါက်နေတဲ့ အပင်လေးရဲ့အရွက်တွေ ပါ။ မိုးရာသီတွေမှာ အများဆုံးတွေ့ရတဲ့ အပင်မျိုး ဖြစ်ပါတယ်။

ကြိတ်မှန်ရွက်နဲ့ ကျောက်သင်ပုန်းပေါ်မှာရေးပြီးသားတွေကို ဖျက်ရတယ်။ တခြားစက္ကူတို့၊ အဝတ်စတို့နဲ့ဖျက်ရင်လည်း ရတော့ရတယ်။ အရေးပေါ်ဆိုရင်တော့ အင်္ကျီစ တံတွေးဆွတ်ပြီးသုတ်တဲ့သူသုတ်တာပဲ။ ဒါပေမဲ့ မပြောင်ဘူး။ အပေါ်ယံပျက်သွား ပေမယ့် တစ်ခါတစ်ခါ အောက်မှာအရာတွေ ကျန်နေတတ်တယ်။ ကြိတ်မှန်ရွက်၊ ကျောက်သင်ပုန်းရွက်တို့နဲ့ ပွတ်ရင်တော့ အရှင်း ပြောင်တယ်။ ပြီးတော့ ကျောက်သင်ပုန်းရဲ့ မျက်နှာစာဟာ မည်း မည်းနက်နက်ဖြစ်သွားတဲ့အတွက် စာရေးတဲ့အခါ ပိုပြီးရှင်းတယ်။ ထင်းတယ်။

ကျောက်သင်ပုန်းတွေကတော့ ဈေးကွက်ထဲကို နည်း အမျိုးမျိုးနဲ့ဝင်တာပဲ။ ကျောက်သင်ပုန်းရဲ့ နောက်ဆုံးမျိုးဆက် ဟာ သစ်သားပြားလေးတွေနဲ့ ဘောင်ကွပ်ထားတဲ့ ပုံစံဖြစ်ပါ တယ်။ အဲဒီအရင်ကတော့ ရှေးမျိုးဆက်တွေဟာ ကံ့ကူဆံကို သုံး ခဲ့ကြရတယ်လို့ သိမီသူတွေကပြောပြတယ်။ ကျောက်တံ မပေါ် ခင် ရှေ့တစ်ခေတ်ကဖြစ်ပါတယ်။ ကံ့ကူဆံဆိုတာ အံတပူကျောက် ကို လုပ်တာဖြစ်တယ်လို့ ဆိုတဲ့သူကဆိုပါတယ်။ ကျောက်သင် ပုန်းရဲ့ ဆင့်ကဲဖြစ်စဉ်ကို သေသေချာချာ သုတေသနလုပ်တာမျိုး တော့ အခုထိမရှိဘူး။ ဒါကြောင့် တပ်အပ်သေချာ မပြောနိုင် သေးပါ။  အဲဒီတုန်းက ကျောက်သင်ပုန်းဆိုတာ မပေါ်သေးတော့ သစ်သားပြားကို ထမင်းရည်သုတ်။ ပြီးတော့ အိုးမည်းကိုခြစ်ယူ ပြီးထောင်းရတယ်။ ပြီးတော့ ထမင်းရည်သုတ်ထားတဲ့ သစ်သား ပြားပေါ်ကို တစ်ဆင့်ထပ်သုတ်ပြီး နေလှန်းရတယ်။ လေးငါးနေ လောက်ပြပြီးတဲ့အခါ စိတ်ကြိုက်အနေအထား ရောက်ရင် သုံးလို့ရတာပဲ။ စိတ်တိုင်းမကျရင် အဲဒီ သစ်သားပေါ်ကို ထမင်း ရည်နဲ့အိုးမည်းထပ်သုတ်ပြီး စိတ်တိုင်းကျလုပ်ရတာဖြစ်ပါတယ်။

ထမင်းရည်နဲ့ အိုးမည်းသုတ်ထားလို့ တင်းပြီးမည်းနေတဲ့ သစ်သားပြားပေါ်မှာမှ အစောကပြောခဲ့တဲ့ အံတပူကျောက် သို့မဟုတ် ကံ့ကူဆံနဲ့ ရေးကြရတာဖြစ်ပါတယ်။ ရေးပြီးသားတွေ ဖျက်ချင်ရင်တော့ ကြွက်တပေါင်း (အညာဒေသအခေါ် တစ်မျိုး)ရွက်ကို ထောင်းထုပြီး သုတ် ကြရတယ်လို့ သုံးဖူးသူတချို့ က ပြန်ပြောပြတာ တွေ ရှိပါတယ်။

အဲဒါ ပြီး တော့ ဆင့်ကဲဖြစ် စဉ်အနေနဲ့ တစ် ဖက်ကြမ်း တစ် ဖက်ချောတဲ့ ကျောက်သင်ပုန်း တွေ ပေါ်လာတယ်။နောက်ပိုင်းမှာတော့ နှစ်ဖက်လှ ကျောက် သင်ပုန်းတွေ ဈေးကွက် ထဲကို ဝင်လာခဲ့ပါတယ်။ ဒီ့နောက် ကျွန်တော်တို့ သုံး ခဲ့ကြဖူးတဲ့ သစ်သားဘောင်နဲ့ လေးထောင့်ကျောက်သင်ပုန်းခေတ်ဆီကို ရောက်လာတာ ဖြစ်ပါ တယ်။

ကျောက်သင်ပုန်းဟာ တစ်ချိန်က ( လွန်ခဲ့တဲ့ဆယ်နှစ် လောက်အထိ) ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် မရှိ မဖြစ်အရေးပါတဲ့ ပစ္စည်းဖြစ်ရုံသာမကခဲ့ပါဘူး။ မြန်မာလူမှုဘဝ နေ့စဉ်မှာအသုံးတည့်တဲ့ အသုံးများတဲ့ ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါ တယ်။ ကျောက်သင်ပုန်းကို ကျောင်းသားလေးတွေမဟုတ်ရင် ဘယ်သူတွေ အသုံးများတာလဲ။

ကျွန်တော်တို့ မျက်စိမှိတ်ပြီးစဉ်းစားရင် အရင်ဆုံးပေါ်လာ မှာ ဗေဒင်တွက်တဲ့သူတွေလို့ ပြောကြမှာပါ။ ဒါလည်းမမှားပါ ဘူး။ အများအားဖြင့် ဗေဒင်ဆရာ တချို့ဟာလည်း ကျောက်သင် ပုန်းကို သုံးကြပါတယ်။ ကျေးလက်မှာတော့ အိမ်ဆောက်ဖို့ ပန္နက်ရိုက်တဲ့အခါ၊ မင်္ဂလာဆောင် ချင်တဲ့အခါ၊ ဘယ်ရက်မှာ လယ်စထွန်ရမလဲလို့ သိချင်တဲ့အခါ၊ ကျန်းမာရေးမကောင်းသူ အတွက် ယတြာတစ်ခုခု ချေချင်တဲ့အခါ၊ ကောင်းမှု တစ်ခုခုလုပ်ဖို့ ရက်ရာဇာနဲ့ ပြဿဒါးနေ့များ ခွဲခြားသိချင်တဲ့အခါ စတဲ့အခါ များစွာမှာ ရပ်ထဲရွာထဲက သိမြင်နှံ့စပ်သူလို့ယူဆသူတွေဆီပြေးရတယ်။ သိမြင်နှံ့စပ်သူက ရဟန်းဖြစ်ချင်လည်းဖြစ်မယ်၊ အသက် ကြီးကြီး လူပုဂ္ဂိုလ်ဖြစ်ချင်လည်းဖြစ်မယ်။ သူက လာမေးပြီဆိုရင် ကျောက်သင်ပုန်း၊ ကျောက်တံယူပြီး တဒေါက်ဒေါက်နဲ့ တွက် ချက်တော့တာပဲ။

ဒါတင်မကပါဘူး။ အိမ်ဆိုင်လေးတွေမှာ ကျောက်သင်ပုန်း ဆောင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းတွက်ဖို့ ဖြစ်ပါတယ်။ ဂဏန်းပေါင်းစက်ဟာ ကျေးလက်မှာ အခု လောက်  အလုပ်မဖြစ်သေးပါဘူး။ ငွေကြေး ပမာဏများတဲ့အခါ၊ ပေါင်း၊ နုတ်၊ မြှောက်၊ စား လုပ်ကြရတဲ့အခါ ကျောက်သင်ပုန်းပေါ်မှာပဲ တွက်ချက်ပါတယ်။ တစ် ခါတစ်ခါတော့ ကျောက်သင်ပုန်း   အရွယ် ကြီးကြီး တွေကို သူတို့ဆီ မှာ တွေ့ရတတ် တယ်။ အဲဒီ အပေါ်မှာ တော့ လုပ် ဆောင်စရာ ရှိတာလေးတွေ၊ လူ နာမည်တွေ၊ လိပ်စာတချို့နဲ့ အကြွေးစာရင်းကို မြေဖြူခဲနဲ့ရေးပြီး မှတ်ထားတာရှိတတ်ပါတယ်။

အခုတော့ ဝှိုက်ဘုတ်(white board) နဲ့ ဆော့ပင်န်(soft pen) တွေ၊ ပြီးတော့ ဂဏန်းပေါင်းစက်တွေက အဲဒီနေရာ အတော်များများကို အစားထိုးဝင်ယူသွားကြပါပြီ။

ကျေးလက်မှာ ကျောက်သင်ပုန်းကတော့ သူတို့ရဲ့ အသုံး တည့်ပစ္စည်းတစ်ခု၊ ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက်သာမဟုတ်ဘူးဆိုတဲ့သဘောကို ဥပမာတစ်ချို့ပြောခဲ့တာပါ။

ဒီထက် စကားကုန်ပြောရရင်တော့ မြန်မာနိုင်ငံမှာ ၁၉၉ဝ ပြည့်လွန်တွေနောက်ပိုင်း အင်မတန်မှတွင်ကျယ်လာတဲ့ သုံးလုံး ချဲထီကို အများဆုံးအားပေးတာ ကျေးလက်တောရွာတွေက ဖြစ်ပါတယ်။ အဲဒီမှာ သုံးလုံးချဲထီတွက်ဖို့  ချဲသမားတွေက ချဲ ဂဏန်းတွက်ဖို့ ကျောက်သင်ပုန်းကိုပဲသုံးကြတယ်။ ပေါက်စဉ်ကို ကြည့်ပြီး ထိပ်စီးရှာလိုက် နောက်ပိတ်ရှာလိုက်၊ မွေးဂဏန်းရှာ လိုက်လုပ်တာလည်း ဒီကျောက်သင်ပုန်းနဲ့ပဲ အများဆုံးလုပ်ခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီလောက်အထိ အသုံးတည့်ပစ္စည်းတစ်ခုဖြစ် ခဲ့ပါတယ်။

နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ အီလက်ထရွန်း နစ်ပစ္စည်းတွေဟာ ပွင့်လင်းဈေးကွက်နဲ့အတူ မြန်မာ့လူမှုဘဝ ထဲကို ကျယ်ပြန့်လျင်မြန်စွာပဲ ဝင်ရောက်လာခဲ့ပါတယ်။ ဒီ့ နောက်မှာတော့ ကာလရှည်ကြာအသုံးပြုခဲ့တဲ့ အစဉ်အလာ အသုံးအဆောင်တွေထက်  အသုံးရလွယ်ကူတဲ့၊ ဖက်ရှင်လည်း ဖြစ်တဲ့ပစ္စည်းတွေနောက်ကို လူတွေရဲ့အာရုံဟာ ရောက်ရှိသွားတယ်။

ဈေးချိုတယ်။ ပေါတယ်။ ပြီးတော့ အသုံးပြုရတာပိုပြီး အဆင်ပြေတယ်ဆိုတဲ့ပစ္စည်းတွေဟာကျွန်တော်တို့ရဲ့ ပတ်ဝန်း ကျင်မှာ အများကြီးဖြစ်လာပါတယ်။ ဒါကြောင့် အရင်သုံးနေကျ ပစ္စည်းတွေအစား ပိုကောင်းပြီး ပိုလည်းဆန်းသစ်တယ်လို့ ထင် မြင်မိတဲ့ပစ္စည်းတွေကို ပြောင်းသုံးလာကြတာ အခုထိပါပဲ။ ဒီလိုနဲ့ အမေ့ခံလိုက်ရတဲ့ မိရိုးဖလာအသုံးအဆောင်တွေထဲမှာ ကျောက် သင်ပုန်းပါသွားတယ်။

ဒီနေ့ခေတ် မြို့ပြမှာရှိတဲ့ ကလေးတစ်ယောက်ရဲ့ ကျောပိုး အိတ်(တစ်ဆက်တည်းပြောရရင် ကျောင်းသားတွေက လွယ် အိတ်ကိုမသုံးတော့တာ ကြာပေါ့။ အဲဒီအစား ကျောပိုးအိတ်ပဲ ကလေးတွေက သဘောကျတော့တာ) ကိုဖွင့်ကြည့်ရင် ကွန်ပါ ဘူးတွေ၊ ခဲတံတွေ၊ ဘော့ပင်န်တွေ၊ လေးကြောင်းမျဉ်းစာအုပ် တွေ တစ်ထပ်ကြီးကိုပဲ တွေ့ရမှာပါ။ ဒီနေ့ မြို့ပြ မူလတန်းကျောင်း သား ကလေးတစ်ယောက်ရဲ့ အသုံးအဆောင်ထဲမှာ ကျောက်သင် ပုန်းဟာ ပါဝင်မှုမရှိတော့ပါဘူး။

မြန်မာစာသင်သား မူလတန်းကလေးတွေဟာ ကျောက် သင်ပုန်းကို မကိုင်ရတော့ဘူး။ ကိုင်ဖို့အခြေအနေလည်း ကျောင်း မှာမရှိတော့ပါဘူး။ အားလုံးဟာ ဗလာစာအုပ်၊ ခဲတံတွေကိုသာ သုံးရတော့တယ်။ သူတို့ရဲ့ ဝလုံးလေးတွေ၊ ကကြီး၊ ခခွေးလေး တွေကို ကျောက်သင်ပုန်းပေါ်မှာအစား ဗလာစာအုပ်ထဲမှာပဲ      အရေးကျင့်ရတော့တယ်။

ဝလုံးလေးတွေ ညီညာဖို့၊ လက်ရေးလှရေးဖို့အတွက် သစ် သားပေတံနဲ့ ကျောက်သင်ပုန်းပေါ်မှာ အချိန်ကုန်ခံပြီး မျဉ်း ကြောင်းတွေဆွဲဖို့လည်း မလိုတော့ဘူး။ လေးကြောင်းမျဉ်း ဗလာ စာအုပ်တွေက အသင့်ဖြစ်နေပြီးသား။ လက်ရေးလှစာအုပ်ဆိုပြီး လည်း ဈေးကွက်ထဲမှာ ရောင်စုံစာအုပ်တွေ အများကြီးရှိနေပါပြီ။

ရှေးတုန်းကလို မိုးဦးကျမှလှိုင်လှိုင်ပေါက်တဲ့ ကြိတ်မှန် ပင်တို့ ကျောက်သင်ပုန်းရွက်တို့ဆိုတာတွေကိုလိုက်ခူးပြီး ဆောင် ထားဖို့လည်းမလိုတော့ဘူး။ အမျိုးအစားစုံ၊ ဒီဇိုင်းစုံ စွဲမက်ဖွယ် ခဲဖျက်လေးတွေရှိနေပြီလေ။ ကျောက်တံကို သမံတလင်းပေါ်မှာ တသသသွေးနေစရာလည်း မလိုဘူး။ သူတို့လေးတွေမှာ ခဲတံချွန် စက်တွေ ရှိနေကြပြီ။

တချို့ကျေးလက်က မူလတန်းကျောင်းကလေးတွေမှာ တော့ ကျောက်သင်ပုန်းနဲ့ ကျောက်တံကို ဒီနေ့အထိ သုံးနေကြ တုန်းပဲလို့ သိရပါတယ်။ ဒါပေမဲ့ အလွန်နည်းတဲ့ အရေအတွက်ပါ။ ဖွံ့ဖြိုးမှုက သူတို့ဆီမရောက်သေးတဲ့အတွက် ကျောက်သင်ပုန်း အသုံးပြုတာတော့ ကျန်ကောင်းကျန်ရာ ရှိဦးမှာပါ။ ဒါပေမဲ့ မြို့ပြက ကလေးတွေနဲ့ မြို့ပြနဲ့ နီးစပ်တဲ့ဒေသတွေက ကလေး များကတော့ ကျောက်သင်ပုန်းကို သူတို့မသိတော့ပါဘူး။

တချို့ကလေးတွေက ကျောက်သင်ပုန်းဆိုတာ ဘာကို ပြောတာလဲလို့ ပြန်မေးပါတယ်။ ကျောက်သင်ပုန်းကို သူတို့ မြင်ကိုမမြင်ဖူးကြပါဘူး။ သူတို့ပတ်ဝန်းကျင်မှာ သုံးနေတာလည်း တွေ့မှ မတွေ့ကြရတော့ဘဲကိုး။ ဒီအစား အိုင်တီနည်းပညာသုံး ပစ္စည်းတွေကသာ သူတို့ရဲ့နေ့စဉ်ဘဝမှာ အလွှမ်းမိုးဆုံးအရာ တွေ ဖြစ်နေတော့တယ်။

သူတို့ရဲ့မိဘတွေ၊ ဦးလေးသားချင်းတွေတုန်းကတော့  ကျောက်သင်ပုန်းကိုသုံးခဲ့ရတယ်ဆိုတာကို သူတို့ နားမလည် နိုင် ပါဘူး။ တချို့ကလေးတွေက ကျောက်သင်ပုန်း၊ ကျောက်တံနဲ့ အရမ်းတူတဲ့ အိုင်ပတ် (Ipad) ကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင် နေတာလည်းတွေ့ရတယ်။ အဲဒီပစ္စည်းနဲ့ နာမည်ကိုလည်း သူတို့ ရင်းရင်းနှီးနှီးသိကြတယ်။  နောက်တစ်ခုက သူတို့လေးတွေ ဒါကို စိတ်အားထက်သန်စွာ အသုံးပြုချင်စိတ်ရှိတယ်။ စိတ်လည်း ဝင် စားကြတယ်။

ဒါပေမဲ့ ကျောက်သင်ပုန်းနဲ့ ကျောက်တံကတော့ သူတို့ အတွက် ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလို ဖြစ်နေကြတယ်။ ထူးထူးဆန်း ဆန်းပစ္စည်းတစ်ခုအကြောင်း ကြားလိုက်ရသလို သူတို့ကတုံ့ ပြန်ကြတယ်။

ကျွန်တော်တို့အဖို့တော့ သိပ်ကြာတယ်လို့ မထင်ရတဲ့ အ ချိန်ကလေးအတွင်းမှာပဲ ကျောက်သင်ပုန်းဟာ လူအများစုရဲ့ မှတ်ဥာဏ်ထဲမှာ ကျောက်ဖြစ်သွားပါပြီ။ နုနုနယ်နယ်မှတ်ဥာဏ်ပိုင်ရှင်လေးတွေဖြစ်တဲ့ ဒီကနေ့ ကလေးလေးတွေအတွက်ဆို ပိုဆိုးပေါ့။ ကျောက်သင်ပုန်းဆိုတာကျောက်ခေတ်က ရှေးအဘိုး ကြီး၊ အဘွားကြီးတွေရဲ့ အသုံးအဆောင်လို့ပဲ သူတို့လေးတွေက ယူဆနေကြတော့မှာ . . .။    ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here