Home သတင်းဆောင်းပါး ကျားဖောင်ပေါ်က ပင်လယ်သားတို့ဘဝ အပိုင်း(၂)

ကျားဖောင်ပေါ်က ပင်လယ်သားတို့ဘဝ အပိုင်း(၂)

449
0
ဗန်ဒါပင်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ပုစွန်ခြောက်လှန်းနေကြသူများ။ ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

          လုပ်ငန်းရှင်နှင့် လုပ်သားကြားက ပြဿ      နာ

ရေလုပ်သားများ ကျန်းမာရေးမကောင်းသည့်အချိန် ဆေးဝါးကုသရန် ၄င်းတို့ကိုကုန်းပေါ်သို့တင်မပေးရခြင်းနှင့် ပတ်သက်ပြီး ဖောင်ပိုင်ရှင်များမှာ ပြောစရာရှိနေသည်။

”တချို့ကျတော့ ကျန်းမာရေးမကောင်းလို့ဆိုပြီး ကုန်းပေါ်တင်ပေးတယ်။ ကုန်းပေါ်ရောက်တော့ ထွက်ပြေးသွားတာတွေ လည်းရှိတာပဲ။ ဆေးရုံပေါ်မှာ ဆေးကုနေရင်း ထွက်ပြေးသွား တာလည်းရှိတယ်”ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က ဆက်လက်ပြောသည်။

Advertise Here

ကျားဖောင်လုပ်သားအချို့သည် ကြိုတင်စရန်ငွေများကို ထုတ်ယူထားပြီး ပင်လယ်ထဲသို့ ရောက်သည့်အခါ ရေထဲခုန်ချ ထွက်ပြေးတတ်ကြသလို အလုပ်လုပ်နေစဉ် ဖောင်ကြိုးဖြတ်ကာ ထွက်ပြေးကြခြင်းများလည်းရှိသည်ဟုဆိုသည်။ ဖောင်တွင် တပ်ထားသော ဖော့သီးများ၊ ဘောကွင်းများဖြင့် ထွက်ပြေးကြသလို ဖောင်ဖွဲ့ထားသည့် ဝါးများကို ဖြုတ်ယူပြီးလည်း ထွက်ပြေးကြ သည်ဟု ဆိုသည်။

”စရန်ငွေယူပြီးပြေးတာက အဓိကဆုံးရှုံးတယ်။ ဒီလုပ်ငန်းက အချိန်နဲ့လုပ်ရတဲ့အတွက် နောက်ထပ်လူသစ်ထပ်ထည့်ရ တာပဲ”ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင် ၃၂ ဖောင်ပိုင်ရှင် ဦးဝင်းနိုင်က ပြောသည်။

အလုပ်သမားများက လုပ်ငန်းရှင်များထံမှ ငွေကြေးလိမ်ပြီး ထွက်ပြေးသည့်အခါ တရားစွဲဆိုသော်လည်း တရားရုံးတွင် အချိန်ကြန့်ကြာသည့်အတွက် လုပ်ငန်းရှင်များမှာ ငွေကြေးကို ဆုံးရှုံးခံလိုက်ရသည်က များသည်ဟု သူကဆိုသည်။

ယခင်က ကျားဖောင်လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ပြီး လက်ရှိဖျာပုံမြို့နယ်ကျားဖောင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသံချောင်းကတော့ သဘာဝဘေးအနည်းငယ်ဖြစ်ရုံနှင့် ကျားဖောင်လုပ်သားများကို စက်လှေပေါ် တင်ထားရသည်ဟုဆို၏။ ယင်းသို့ မလုပ်ပါက ရေလုပ်သားများက ဖောင်ကြိုးများကို ဖြတ်ကာ ပင်လယ်တွင် မျှောကြသည်။ ၄င်းတို့ ကမ်းကပ်သွားသည့်အခါ ဖောင်တွင်ပါသည့်ပစ္စည်းများကို ရောင်းစားလိုက်ကြသည်များ လည်းရှိသည်ဟု သူကဆိုသည်။

ထို့အပြင် ၄င်းတို့ရောင်းစားခဲ့သည့်ပစ္စည်းများကို မလျော်ရအောင်၊ တရားစွဲဆိုမခံရအောင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း များထံတွင် ရေဘေးဒုက္ခသည်အဖြစ် သွားရောက်ပြောဆိုကြ သည်များလည်းရှိသည်ဟု ဦးသံချောင်းက ဆိုသည်။

”အဲဒီအချိန်မှာ ဗဟုသုတနည်းတဲ့အဖွဲ့အစည်းတွေကို ပင်လယ်ပြင်မှာမျောလာတဲ့ ရေဘေးဒုက္ခသည်ပါလို့ ရေးခိုင်းသေး တယ်။ သူက ကျန်တဲ့အချိန်တွေကိုလည်း (အလုပ်)လုပ်ပေးစရာ မလိုတော့ဘူး”ဟု သူက ဆိုသည်။

  ဗန်ဒါပင်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ပုစွန်ခြောက်လှန်းနေကြသူများ။    ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
ဗန်ဒါပင်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ပုစွန်ခြောက်လှန်းနေကြသူများ။ ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

လူကုန်ကူးခြင်းလား

၂ဝဝ၈ နာဂစ်မုန်တိုင်းနောက်ပိုင်းတွင် ကျားဖောင်လုပ်သားများ မိသားစုလိုက် မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြသူများရှိ ပြီး တခြားလုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်သွားကြသည့်အတွက် ကျားဖောင်လုပ်သား ရှားပါးလာခဲ့သည်ဟု ကျားဖောင် လုပ်ငန်းရှင်များက ဆိုသည်။

လုပ်သားရှားပါးလာသည့်အတွက် အလုပ်သမားရရှိရန် ကိုယ်စားလှယ်(ဒေသအခေါ်  အလုပ်သမားပွဲစား)များကို အဓိက အသုံးပြုလာကြရသည်ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင် ကိုဇော်လင်းထွန်းက ဆိုသည်။

လုပ်သားရှာပေးသည့် အလုပ်သမားပွဲစားတို့သည် အလုပ်ရှင်ထံမှ အကျိုးအမြတ်ရသလို အလုပ်သမားထံမှလည်း ပွဲစားခ ရသည်။

ပွဲစားအချို့သည် လုပ်ငန်းရှင်များထံမှ လုပ်အားခကြိုတင် ငွေများထုတ်ယူကာ အလုပ်သမားများ၏အိမ်သို့ ပို့ပေးမည်ဟု ပြောပြီး ”လိမ်သွားတာတွေလည်း ရှိတယ်”ဟု ဖျာပုံခရိုင် ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး လွင်မောင်သိန်းက ပြောသည်။

တချို့သော ရေလုပ်သားတို့သည် ပင်လယ်ထဲတွင် အလုပ်လုပ်နေရသည့်တိုင် သူတို့၏ အလုပ်ရှင်မှာ မည်သူမည်ဝါဆိုသည်ကို မသိကြသလို အလုပ်ရှင်ကလည်း သူ၏ရေလုပ်သား မည်သူ မည်ဝါဆိုသည်ကို မသိကြပေ။

ထိုအခါ ”လူမှောင်ခို၊ လူကုန်ကူးဆိုတာမျိုးတွေ ဖြစ်လာတယ်”ဟု ဒုတိယရဲမှူးကြီးလွင်မောင်သိန်းက ပြောသည်။

လုပ်ငန်းရှင်များက ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းမဟုတ်ဘဲ အလုပ်ပွဲစားများက ကြားဝင်ရှုပ်သောကြောင့် ကျားဖောင်လုပ်သားများအား လုပ်ခလစာလျှော့ပေးခြင်း၊ လုံးဝမပေးခြင်း၊ ဖောင်လုပ်သားများ အိမ်ပြန်ချင်သည့်အခါ ချက်ချင်းပြန်ဖို့ အခက်အခဲများ ဖြစ်ပေါ်ရသည်ဟု သူကဆိုသည်။ ထို့ကြောင့်လည်း လူကုန်ကူးမှုဥပဒေနှင့် ငြိစွန်းသွားသည်ဟု သူက ဆက်လက်ရှင်းပြသည်။

သို့သော် ဦးသံချောင်းက ကျားဖောင်လုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် ရေလုပ်သားတို့သည် မည်သည့်နေရာတွင် အလုပ်လုပ်ပြီး ငွေကြေးမည်မျှရသည်ကို ၄င်းတို့၏ မိသားစုများ သိရှိထားကြသဖြင့် ”လူကုန်ကူးမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မသင့် လျော်ဘူး” ဟု မှတ်ချက်ပြုသည်။

”ခုန်ဆင်းတွေကို လူကုန်ကူးတယ်လို့ ပြောမရဘူး။ ဒီအလုပ်သမားတွေက သူ့ကိုခေါ်လာတဲ့သူကို (ပိုက်ဆံ)ပေးပါဆိုရင် ပေးမယ်။ လူကုန်ကူးဆိုတာ ဘယ်သူ့ကိုခေါ်သွားပြီးတော့ ရောင်းစားခဲ့တာ။ ပိုင်ရှင် ဘယ်သူမှန်းလည်းမသိ။ နောက်က မိသားစုလည်း မသိရဘူး” ဟု သူက ဆိုသည်။

လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားတစ် ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုလုပ်ရန်အလို့ငှာ အောက်ပါပြု လုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများ သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူ ခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်း ကိုဆိုလိုသည်ဟု ၂ဝဝ၅ စက်တင်ဘာက ပြဋ္ဌာန်းခဲ့သည့် လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၃(က)တွင် ပြဋ္ဌာန်း ထားသည်။

ထိုအထဲတွင်(၁)ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့ မဟုတ် အခြားနည်းဖြင့်အနိုင်အထက်ပြုခြင်း (၂) သွေးဆောင် ခေါ်ယူခြင်း (၃)လိမ်လည်ခြင်း (၄)လှည့်ဖြားခြင်း (၅)အခွင့် အာဏာကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက် ခဲနေသော အခြေအနေကိုအလွဲသုံးစားပြုခြင်း (၆)တစ်ဦးတစ် ယောက်အပေါ်  ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီ ချက်ရရှိရန် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံ ရယူခြင်းစသည့်အချက်တို့ ပါဝင်သည်။

လာတိုင်သည့်အမှုက နည်း

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပန်းတောကျေးရွာတွင် နေထိုင်သည့် အသက် ၆၃ နှစ်အရွယ် ဒေါ်လှဝင်းတို့၏ကျေးရွာသို့ ပြီးခဲ့သည့်နှစ်က အလုပ်သမားရှာသည့် ပွဲစားနှစ်ယောက် ရောက်လာသည်။

ကုန်းပေါ်တွင် ငါးခြောက်လှန်းရမည်၊ ပုစွန်လှန်းရမည်၊ အလုပ်ဝင်ဝင်ချင်း ကျပ်ငါးသိန်းထုတ်ပေးမည်၊ နောက်ပိုင်း နှစ်သိန်း ထပ်ရမည်၊ ရာသီပိတ်သိမ်းချိန်အထိဆိုလျှင် စုစုပေါင်း ကိုး သိန်းအထိရမည်ဟု ပွဲစားကပြောသည့်အတွက် ဒေါ်လှဝင်း၏ သားနှစ်ယောက်သည် အလုပ်လုပ်ရန် ဖျာပုံမြို့သို့ လိုက်သွား ခဲ့သည်။

သူ့သားနှစ်ယောက်လိုက်သွားပြီး နှစ်ပတ်ခန့်အကြာတွင် အသက် ၂၉ နှစ်အရွယ် အငယ်ဆုံးသားတစ်ယောက်မှာ ကျန်းမာ ရေးမကောင်းသဖြင့် နေရပ်ပြန်ပို့မည်ဆိုသည့်သတင်းကို ဒေါ်လှဝင်း ကြားရသည်။ သို့သော် ရက်အနည်းငယ်တွင် သားဖြစ်သူမှာ နေကောင်းသွားပြီး အလုပ်လုပ်နေပြီဆိုသည့်သတင်းကို ပွဲစားထံ မှတစ်ဆင့် ထပ်မံကြားရပြန်သည်။

နှစ်လကြာသည့်အခါမှာတော့ ဒေါ်လှဝင်း၏ သားနှစ် ယောက်အနက် အငယ်ဆုံးသားမှာ သေဆုံးသွားပြီဟု ပွဲစားမှ တစ်ဆင့် သိလိုက်ရသည်။

”ကျန်းမာရေးမကောင်းတော့ ဒေါ်ကြီးသားအတွက် စရန် ထုတ်မပေးဘူး။  လူကို ပြန်ပို့ပေးမယ်တဲ့။ ငွေလည်း မရ၊ လူလည်း ပြန်မရောက်ဘူး။ နောက်တော့ ပင်လယ်ထဲခုန်ချပြီး သေတယ်ဆိုတဲ့ သတင်းကြားရတယ်။ ဒေါ်ကြီးသားသေတော့ ပွဲစားက ထွက်ပြေးသွားတယ်”ဟု ဒေါ်လှဝင်းက သူ့သားသေခဲ့ရခြင်းအဖြစ်ကို ရှင်းပြသည်။

သေဆုံးသွားသည့်သားငယ်အတွက် ဖျာပုံမြို့နယ်၊ ခါးပြတ် ကျေးရွာသို့ လေး၊ ငါးကြိမ်ခန့် သွားရောက်ပြီး လုပ်ငန်းရှင်ထံ လျော်ကြေးတောင်းခဲ့သေးသည်။ လမ်းစရိတ်အကုန်ခံကာ အကြိမ်ကြိမ်သွားတောင်းမှ လုပ်ငန်းရှင်က လျော်ကြေးငွေကျပ် ခြောက်သိန်း ပေးလိုက်သည်။

”လူပဲပြန်လိုချင်တာပေါ့သားရယ်။ ကိုယ်မွေးထားတာပဲ”ဟု သူက ဆိုသည်။ သူ့သားသေဆုံးသွားသည်မှာ ငါးလခန့်ရှိပြီဖြစ် သော်လည်း သားအကြောင်းကို ဖုန်းဖြင့်ပြန်ပြောနေစဉ် ဒေါ်လှဝင်းသည်  ရှိုက်၍သာငိုနေသည်။

သူ့သားနောက်တစ်ယောက်မှာ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာက လုပ်ငန်းရှင်တစ်ဦး၏ ကျားဖောင်ပေါ်တွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး ပွဲစားက သူ့သားရမည့်လုပ်အားခထဲမှ ငွေသုံးသိန်းကို လုပ်ငန်းရှင်ထံမှ ယူသွားသည့်အတွက် သားဖြစ် သူကို ပြန်ခေါ်ချင်သည့်တိုင် ပြန်ခေါ်မရဘဲဖြစ်နေသည်ဟု ဒေါ်လှဝင်းက ပြောသည်။

ထိုကြောင့် ပုသိမ်မြို့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးသို့ သွားရောက်တိုင်ကြားသည့်အခါ လုပ်ငန်းရှင်ထံမှ ပွဲစားလိမ် ထုတ်သွားသည့် ငွေသုံးသိန်းကို ပြန်ဆပ်ခိုင်းသည်။ ယင်းငွေကို ပြန်ဆပ်ပြီးသည့်တိုင် သားဖြစ်သူအား ပြန်ခေါ်၍မရလျှင် သူတို့ထံ ပြန်လာရန် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ပြောလိုက်ကြောင်း ဒေါ်လှဝင်းက ပြန်ပြောပြသည်။

ဖျာပုံခရိုင် ဒုတိယရဲမှူးကြီးလွင်မောင်သိန်းကတော့ ”ပြီးခဲ့တဲ့နှစ်က  နှစ်မှုလောက်အရေးယူခဲ့တယ်။ လူကုန်ကူးမှုမြောက် ပေမယ့် ကျွန်တော်တို့ဆီကို တရားဝင်လာတိုင်တဲ့အမှုက နည်းတယ်”ဟု ဆိုသည်။

စည်းကမ်းတွေရှိပေမယ့်

ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းတွင် အလုပ်လုပ်မည်ဆို ပါက အလုပ်ရှင်နှင့် အလုပ်သမားများ လိုက်နာရမည့်အချက်များ ပါဝင်သည့် လုပ်ငန်းလမ်းညွှန်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ချမှတ်ပေးထားပြီးဖြစ်သည်။

ပင်လယ်ရေလုပ်သားများအနေဖြင့် ရေကူးတတ်ရမည်၊ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရလျှင် လုံခြုံရေး နှင့် ပတ်သက်ပြီး အသက်ကယ်ဘောများ အသုံးပြုခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ ပင်လယ်ထဲမျောသည့်အခါ သင်္ကေတများကို မည်သို့အသုံးပြုရမည်စသဖြင့် တတ်သိနားလည်နေရမည့်လမ်းညွှန်ချက်များ ရှိသည်ဟု ဖျာပုံခရိုင် ငါးလုပ်ငန်းသင်တန်းကျောင်းမှ ကျောင်းအုပ်(အငြိမ်းစား) ဦးဆန်းအောင်က ဆိုသည်။

သို့သော် အဆိုပါ လုပ်ငန်းလမ်းညွှန်ချက်များကို ”လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေက လိုက်နာမှုမရှိဘူး”ဟု သူက ဆက်ပြောသည်။

လမ်းညွှန်ချက်များနှင့် မကိုက်ညီသည့် စက်လှေနှင့် ကျားဖောင်များကို ပင်လယ်ထဲသို့ ထွက်ခွင့်မပြုသည့်အခါတွင် လုပ်ငန်းရှင်တချို့က သူတို့အလုပ်ကို နှောင့်ယှက်သည်ဟုဆိုကာ နေ ပြည်တော်ရှိ အထက်လူကြီးကို တိုင်ကြားသဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်မှူးတစ်ယောက် နယ်ပြောင်းရွှေ့ခံခဲ့ရသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်ဟု သူက ဆိုသည်။

”အဲဒါနဲ့ (ငါးဦးစီး)ဌာနက နောက်ပိုင်းဘာမှ မပြောတော့ ဘူး။ ယခုတက်လာမယ့် အစိုးရသစ်လက်ထက်မှာ ဒါမျိုးတွေ မဖြစ်အောင် လုပ်ဖို့လိုအပ်တယ်”ဟု ဦးဆန်းအောင်က ဆိုသည်။

Four Kya Phaung
ဖျာပုံဆေးရုံက ဆင်းပြီးသုံးလခန့်အကြာတွင်တွေ့ရသည့် ဦးမြရွှေ၏ ဒဏ်ရာ။ ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

                     

ဘာတွေလုပ်ဖို့လိုမလဲ

ကျားဖောင်လုပ်သားများသည် ပင်လယ်ထဲတွင် လနှင့်ချီ ကာ နေထိုင်ပြီး အလုပ်ကြမ်းကိုလုပ်ရသလို မိသားစုနှင့်လည်း ကာလကြာရှည်စွာ ခွဲခွာနေရခြင်းများကြောင့် အထီးကျန်လာပြီး ဖောင်ဦးစီးနှင့် ရေလုပ်သားကြားတွင်လည်းကောင်း၊ ရေလုပ်သားအချင်းချင်းကြားတွင်လည်းကောင်း သည်းခံစိတ်နည်းလာ ကာ လူသတ်မှု၊ သေကြောင်းကြံစည်မှုများ ဖြစ်လာရသည်ဟု ဖျာပုံခရိုင် ဒုတိယရဲမှူးကြီးလွင်မောင်သိန်းက ဆိုသည်။

”လူသူကင်းမဲ့တဲ့နေရာမှာ ရက်ရှည်လရှည်နေရတော့ သူတို့မှာ ဆင်ခြင်တုံတရားနည်းလာတယ်။ သည်းခံစိတ်နည်းလာ တယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်တယ်။ အဲဒါကြောင့် ဒီလို ပြစ်မှုတွေဖြစ်နေတာ”ဟု သူက ဆက်ပြောသည်။

ထို့ကြောင့် ကျားဖောင်လုပ်သားများကို အဖွဲ့များခွဲကာ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ကမ်းနှင့် လုပ်ငန်းခွင်ကို အလဲ အလှယ် ပြုလုပ်မည်ဆိုပါက လုပ်သားများမှာ မိသားစုများနှင့် တွေ့ဆုံခွင့်ရကြမည်ဖြစ်ပြီး သူတို့၏ စိတ်သက်သာရာများဖြစ် လာနိုင်သည်ဟု သူက အကြံပြုသည်။

ထို့ပြင် အနယ်နယ်အရပ်ရပ်မှ အလုပ်လာလုပ်သည့် ကျားဖောင်အလုပ်သမားတို့၏ ကိုယ်ရေးအချက်အလက်များကို ပြည့် ပြည့်စုံစုံ မှတ်တမ်းတင်နိုင်မည်ဆိုပါက မှုခင်းများကိုင်တွယ်ရာတွင် အဆင်ပြေနိုင်မည်ဖြစ်သလို ပြစ်မှုမကင်းရှင်းသည့်သူများ ကျားဖောင်လုပ်ငန်းတွင် မပါလာစေရန်လည်း ဆောင်ရွက်နိုင်မည်ဟု ဒုတိယရဲမှူးကြီးလွင်မောင်သိန်းက ဆိုသည်။

ဦးဆန်းအောင်ကတော့ အစိုးရသစ်လက်ထက်တွင် ကျားဖောင်လုပ်ငန်းရှိ ပြဿ      နာများကို သက်ဆိုင်ရာအစိုးရဌာနများ၊ ကျားဖောင်လုပ်ငန်းရှင်များနှင့် ကျားဖောင်လုပ်သားများကို       ကိုယ်စားပြုမည့်အဖွဲ့များဖွဲ့စည်းပြီး အားလုံးပါဝင်ဆွေးနွေး အဖြေရှာသင့်သည်ဟုဆိုသည်။

ကျားဖောင်လုပ်ငန်းသည် ပင်လယ်ကမ်းဝေးငါးဖမ်းလုပ် ငန်းတစ်ခုဖြစ်သော်လည်း ပင်လယ်ကမ်းဝေးဥပဒေနှင့် နည်း ဥပဒေတွင် ကျားဖောင်လုပ်ငန်းအတွက် သီးသန့်ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိပေ။

ထို့ကြောင့် ”(ပင်လယ်ကမ်းဝေး) နည်းဥပဒေမှာ ကျားဖောင်အတွက် ထည့်သွင်းပြဋ္ဌာန်းနိုင်ရင်တော့ ပိုကောင်းတာ ပေါ့” ဟု ဦးဆန်းအောင်က အကြုံပြုသည်။

ဒေါ်ညိမ်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဥက္ကဋ္ဌ ဦးသန့်ဇင်ကလည်း ဦးဆန်းအောင်နှင့် တစ်သဘော တည်းဖြစ်သည်။ အလုပ်သမားများ ကိုယ်အင်္ဂါဆုံးရှုံးမှုရှိလျှင် မည်သို့လျော်ပေးရမည်၊ အလုပ်သမားဘက်မှလည်း စည်းကမ်း ဖောက်ဖျက်ပါက မည်သို့အရေးယူသင့်သည်ဆိုတာကို ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းသင့်သည်ဟု ဆိုသည်။

ဦးမြရွှေဆိုလျှင် ပင်လယ်ထဲမှ ရလာခဲ့သည့် ဒဏ်ရာများက လေး၊ ငါးလကြာသည်အထိ မပျောက်သေး။ ခန္ဓာကိုယ်ရှိ ဒဏ်ရာတွေထက် ပို၍နာကျင်သည့်အရာက ယခုလို ဒုက္ခိတတစ်ပိုင်းဖြစ် သွားသည့်အခါ သူ့ဇနီးက သူ့ကိုစွန့်ပစ်သွားသည့် ကိစ္စဖြစ်သည်။

သူဖျာပုံဆေးရုံမှ ဆင်းလာပြီးနောက်တစ်ရက်တွင် ဇနီးဖြစ်သူက ကလေးတွေပါ ခေါ်ပြီး အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။ လက်ရှိ အချိန်တွင် သူ့ကို အေးကုန်းကျေးရွာမှ အိမ်နီးနားချင်းများက ကျွေးမွေးထားကြသည်။ သူ့ခြေထောက်ကဒဏ်ရာ ပြန်ကောင်းသည့်တိုင် ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများကြောင့် ယခင်လို အလုပ်ကြမ်း မလုပ်နိုင်တော့ဟု သူက ဆိုသည်။

ဦးမြရွှေသည် သူ့ခြေသလုံးရှိ မပျောက်သေးသည့် ဒဏ်ရာကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ သူ့ညာဘက်ခြေသလုံးပေါ်က လက်တစ်ထွာလောက် အရှည်ရှိပြီး လက်နှစ်လုံးမကဗျက်ရှိသည့် ဒဏ်ရာကြီးသည် သားနံရည်များဖြင့် ရွှဲနေသည်။

မျက်ရည်လည်ရင်း တုန်ယင်သောအသံဖြင့် သူက ယခုလို ဆိုသည်။

”အခုတော့ သူတောင်းစားလုံးလုံး ဖြစ်နေပြီပေါ့ဗျာ”။     ။

၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

    အပိုင်း(၁)

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here