ဦးလှမောင် စီးပွားရေးပညာရှင် နှင့် အင်တာဗျူး

Photo – Minn Lwin

လတ်တလောကြုံတွေ့နေရသည့် အခြေခံ စားသောက်ကုန်ဈေးနှုန်း များ မြင့်တက်မှုအပါအဝင် အစိုးရသစ ်တာဝန်ယူသည့် ဆယ်လတာ ကာလအတွင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ကို သိရှိနိုင်ရန် စီးပွားရေးပညာရှင် ဦးလှမောင်နှင့် မော်ကွန်းတို့ တွေ့ ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

 

မော်ကွန်း။  ။ အစိုးရသစ် တာဝန်ယူတဲ့ ဆယ်လတာကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပိုင်းဟာ အတက်ဘက်ကို ဦးတည် နေလား၊ အကျဘက်ကို ဦးတည်နေလားဆိုတာ သိလိုပါတယ်။

 

ဦးလှမောင်။  ။ အစိုးရသစ်တက်လာတာက အခုဆို ဆယ်လ ကျော်သွားပြီပေါ့နော်။ အဲဒီတော့ စတက်တဲ့ အချိန်တုန်းက အစိုးရသစ်လည်းဖြစ်တယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ အရင် အစိုးရ တာဝန်ယူရတဲ့ နောက်ဆုံးနှစ်မှာ ရွေးကောက်ပွဲ ကျင်းပ တာလည်း ရှိတော့ စောင့်ကြည့်ရတဲ့ အခြေအနေပေါ့။ ဆိုတော့ ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်တယ်။ အစိုးရအသစ်ကို လည်း စောင့်ကြည့်တယ်။ အဲဒါကြောင့် အစိုးရသစ်ဟာ စတက် တဲ့ လတင်ပဲ စီးပွားရေးက ဘာမှသိပ်ပြီးတော့ ထူးခြားလှုပ်ရှားမှု မရှိဘူး။

အထူးသဖြင့် နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကလည်း စောင့်ကြည့်နေတဲ့အဆင့်ဆိုတော့ နည်းသွားတယ်။ အဲဒီ တော့ အတက်နဲ့ အကျကိုပြောရင် အကျဘက်ကို သွားနေတယ် လို့ ပြောရမယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကလည်း သဘာဝရေဘေး တွေ အလွန်ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်။ အလားတူပဲ ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းမှာ ရာသီဥတုပူပြင်းပြီးတော့ ရေတွေ ခန်းခြောက်တဲ့ အထိ ဖြစ်ခဲ့တယ်။ ရေအခက်အခဲဖြစ်တဲ့ ပြဿနာလာကြုံတယ်။ ပြီးတော့ မိုးရာသီရောက်တဲ့အခါကျတော့ ရေကြီးတဲ့ ဘေးဒုက္ခ တွေ တော်တော်များများကြုံတယ်။ အဲဒီလို သဘာဝဘေး အ္တနရာယ်တွေကြောင့် စီးပွားရေးက ကုန်ထုတ်လုပ်မှုရော၊ GDP (ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) ရော ကျသွားတယ်။

အရှိန်ကို မယူနိုင်ဘူးဖြစ်နေတယ်။ အဲဒီတော့ လက်ရှိအစိုးရ တာဝန်ယူတဲ့ အချိန်က စပြီးတော့ စီးပွားရေးဟာ အကျဘက် မှာပဲ ရှိပါတယ်။  GDP လည်း ကျတယ်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလည်း ကျတယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလည်း ကျတယ်။ နောက် တစ်ခုက ဝင်ငွေ။ ဝင်ငွေပိုင်းမှာ အရေးကြီးတဲ့ ပြည်ပပို့ကုန်က ရတဲ့ ဝင်ငွေပေါ့။ အဓိကတော့ ပြည်ပပို့ကုန်ပိုင်းမှာ ရေနံစိမ်း ဈေး နှုန်းက ၂ဝ၁၄ ကစပြီး ဈေးနှုန်းတွေ ကျလာတယ်။

 

နောက် ဂက်စ်ရောင်းရငွေကလည်း မတက်ဘူး၊ ကျတယ်။ နောက် ထင်ထင်ရှားရှား နိုင်ငံခြားခရီးသွားတွေ၊ ကမ္ဘာလှည့် ခရီး သည်တွေ ဝင်ရောက်မှုကလည်း နိုင်ငံရေးအပြောင်းအလဲကို စောင့်ကြည့်နေတာနဲ့ပဲ ကျတယ်။ ဒါကြောင့်မို့လို့ အစိုးရသစ် လက်ထက်မှာ စီးပွားရေးက အတက်နဲ့ အကျ အကျဘက်ကိုပဲ သွားတယ်။ ဒါက ဝင်ငွေပိုင်းနဲ့ လုပ်ငန်းပိုင်းကို အကောင်အထည် ဖော်တဲ့ အပိုင်းတွေပေါ့။

 

ဒါပေမဲ့လို့ အစိုးရသစ်လက်ထက်မှာ မူဝါဒပိုင်း၊ ဒါမှမဟုတ် မဟာဗျူဟာပိုင်းမှာ အလွန်ထူးခြားသော သမိုင်းမှတ်တိုင်တစ်ခု ကို ထူထောင်နိုင်လိုက်တာကို တွေ့ရတယ်။ ဘာလဲဆိုတော့ မြန်မာ့စီး ပွားရေးသမိုင်းမှာ နှစ်ပေါင်းများစွာ မှတ်တမ်းတင်ရမယ့် အောင်မြင်မှုပဲ။ ပြောမယ်ဆိုရင် ၁၉၈၈ စစ်အစိုးရ တက်လာပြီး နောက်ပိုင်း နှစ်ပေါင်းနှစ်ဆယ်ကျော် အတွင်းမှာ ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးတယ်ဆိုပြီး လုပ်ခဲ့ပေမယ့် ဘာစီးပွားရေး မူဝါဒမှ မရှိခဲ့ဘူး။ သူက စီးပွားရေး ဦးတည်ချက်လေးရပ်ဆိုတာနဲ့ပဲ လုပ်ခဲ့တယ်။

 

အဲဒီတော့ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးမူဝါဒ မရှိလို့ရှိရင် ဆန်စဉ်ရာကျည်ပွေ့လိုက်၊ ငါးပွက်ရာ ငါးစာချဆိုသလို လုပ်မိလုပ် ရာ လျှောက်လုပ်နေရင် စီးပွားရေးက ဘယ်တော့မှ တိုးတက်သင့် သလောက်မတိုးတက်ဘူး။ အဲဒါကြောင့် မူဝါဒဆိုတာ ရှိရတယ်။ ပြီးတော့ မူဝါဒဆိုရာမှာလည်း ကိုယ့်ရဲ့ ပြည်တွင်းအခြေအနေနဲ့ လည်း သဟဇာတဖြစ်ရမှာဖြစ်သလို နိုင်ငံတကာနဲ့လည်း ချိတ် ဆက်နိုင်အောင် ချမှတ်တာမျိုး ဖြစ်ရမယ်။

 

ဘာလို့ အဲဒီလို ပြောလဲဆိုရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က စီးပွားရေးကို မြန်မာ့နည်းမြန်မာ့ဟန်ဆိုပြီးမှ မြန်မာ့ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်ဆိုပြီး မူဝါဒချခဲ့တယ်။ ဒါပေမဲ့ အဲဒီမူဝါဒက ကိုယ့်နိုင်ငံတွင်းအနေနဲ့ပဲ ရှိခဲ့တဲ့အခါမှာ နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက် မဆောင်ရွက်နိုင်ဘဲနဲ့ သီး ခြားကြီးဖြစ်ခဲ့တယ်။ ပြောချင်တာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှောက်လုပ်ခဲ့တဲ့အတွက် မအောင်မြင်ခဲ့ဘူး။

 

အခုအစိုးရသစ်အနေနဲ့ကတော့ စီးပွားရေးမှာ နိုင်ငံတော် ၏ စီးပွားရေးမူဝါဒဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ ချမှတ်နိုင်ခဲ့တာ ဟာ တကယ်ကို ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေ အဲဒီမူဝါဒ ၁၂ ချက်ထဲမှာပါပါတယ်။ တချို့ကလည်း ဒါကို မူဝါဒတွေက တိုလွန်းတယ် ဘာမှလည်း သိပ်ပြီးတော့ မရှိဘူးတို့၊ ဘာတို့ပေါ့။ တကယ်တမ်းကျတာ့ အဲဒီလိုအပြောက သိပ်ပြီးတော့ နားမလည် တဲ့သူတွေ ပြောတာ။

 

မူဆိုတာက အခြေခံရမယ့် အချက်အလက်၊ ဝါဒဆိုတာက လမ်းစဉ်၊ ကျင့်ထုံး သူက Executive Role မဟုတ်ဘူး၊ Policy RolePolicy ဆိုတာက မူဝါဒဖြစ်တဲ့အတွက် အပေါ်ဆုံးမှာပဲ ရှိတယ်။ အဲဒီအတွက်လည်း သူက အောက်ခြေအထိလိုက်ပြီး အကောင်အထည်ဖော်ရမယ့် နေရာမှာ မရှိဘူး။ မူတစ်ခုအနေနဲ့ပဲ ချပေးတာ။ ဒါကြောင့်မို့လို့ အစိုးရသစ်ရဲ့ မူဝါဒ ၁၂ ချက်ဟာ သင့် လျော်သလို ကောင်းမွန်မှုလည်း ရှိပါတယ်။

 

မော်ကွန်း။  ။ ကမ္ဘာ့ဘဏ်ရဲ့ ယခုနှစ် အစီရင်ခံစာတစ်စောင်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၂ဝ၁၅ နဲ့ နှိုင်း ယှဉ်ရင် ၂ဝ၁၆ ထဲမှာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဘာကြောင့် အဲဒီလို ဖြစ်ရတာပါလဲ။

 

ဦးလှမောင်။  ။  စီးပွားရေးတိုးတက်မှုနှုန်းဆိုတာကတော့  Growth Rate လို့ ခေါ်တာပေါ့။ ဆိုတော့ အဲဒီတိုးတက်မှုနှုန်း သည် ကုန်ဆုံးသွားတဲ့ နှစ်တစ်နှစ်အပေါ်မှာ မူတည်ပြီး တွက်ရတာ ပေါ့။ အဲဒီတော့ ၂ဝ၁၅ တုန်းက တိုးတက်မှုနှုန်း ကောင်းခဲ့လို့ ၂ဝ၁၆ မှာ ကျဆင်းတယ်ဆိုတာမျိုး နှိုင်းယှဉ်ပြတာ။ ၂ဝ၁၆ မှာ ကျဆင်းရတဲ့ အရေးကြီးဆုံး အကြောင်းရင်းတွေထဲက တစ်ခုက ရေကြီးမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။

 

အဲဒီလိုဖြစ်လို့လည်း ကုန်ထုတ်လုပ်မှုတွေ၊ ကုန်စည်သယ် ယူ ပို့ဆောင်မှုတွေမှာ အကြီးအကျယ် ထိခိုက်ခဲ့တဲ့အတွက် စီးပွား ရေးတိုးတက်မှုဟာ ကျဆင်းသွားတယ်။ ပြောမယ်ဆိုရင် စက်ရုံ၊အလုပ်ရုံတွေဟာဆိုလို့ရှိရင်လည်း ကောင်းကောင်း မလည်ပတ် နိုင်ဘဲဖြစ်ခဲ့တယ်။ နောက်တစ်ခု လယ်ယာစိုက်ပျိုးရေးကို ကြည့် မယ်ဆိုရင်လည်း တော်တော်လေးကို အထိနာတာ တွေ့ရပါတယ်။ တချို့နေရာတွေမှာ ခုထိတောင် ပြန်ပြီးတော့ နာလန်မထူနိုင် သေးပါဘူး။

 

အဲဒီအတွက်ကြောင့်မို့လို့ GDP ကျဆင်းသွားတဲ့အတွက် စီးပွားရေးတိုးတက်မှုကျတယ်လို့ ပြောကြတာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီအစိုးရလက်ထက်မှာ ဘိန်းထွက်ကုန်တွေ၊ သစ်တောထွက်ကုန်တွေ ရောင်းလို့မရတော့ဘူး။ ကျောက်စိမ်း ထွက်ကုန်တွေကိုလည်း ရပ်ပစ်လိုက်တယ်။ အဲဒါတွေကလည်း ဝင်ငွေလျော့သွားစေတယ်။

 

မော်ကွန်း။  ။ လက်ရှိအခြေအနေမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်နေတာကရော ဘာကြောင့်ပါလဲ။

 

ဦးလှမောင်။  ။ ဒါကတော့ သိပ်ကို ရှင်းပါတယ်။ GDP ကျရင် Supply and Demand Law အရ ဝယ်လိုအားများပြီး ရောင်းလို အားဘက်က နည်းတဲ့အတွက် အလိုလိုကို ဈေးတက်တတ်တဲ့ သဘောရှိပါတယ်။ အဲဒါက ကုန်ဈေးနှုန်းတက်ရတဲ့ နံပါတ်တစ် အချက်။ နောက်နံပါတ်နှစ်က ငွေကြေးဖောင်းပွမှု၊ ငွေကြေးက ဘာကြောင့်ဖောင်းပွလဲဆိုတော့ GDP သာ ကျတယ်၊ Export တွေသာ လျော့တယ် နိုင်ငံတော်က ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာ လျော့မှ မလျော့ခဲ့တာ။

 

ပြီးခဲ့တဲ့နှစ်ထက် ပိုများတာကိုး။ ဆိုလိုတာက ဝင်ငွေက ကျပ်ဘီလီယံ ၁၇,ဝဝဝ လောက်ပဲ ရှိတယ်။ ဘတ်ဂျက်အသုံးစရိတ် ထွက်ငွေက ကျပ်ဘီလီယံ ၂ဝ,ဝဝဝ ကျော်တယ်။ အဲဒီတော့ လိုငွေ ကျပ်ဘီလီယံ ၃,၂၈၈ ကြီးများတောင် လိုနေတယ်။ အဲဒီလို အသုံးစရိတ်တွေများတော့ သုံးတဲ့ငွေတွေက ပြည်တွင်းလှည့် လည်ငွေထဲ ရောက်လာရော၊ နောက်လိုလာတဲ့အခါ ငွေစက္ကူ အသစ်တွေ ရိုက်ထုတ်ဆိုတော့ ဒီမှာတင် ငွေကြေးတွေက အရမ်း ကို ဖောင်းပွသွားတယ်။

 

ဖောင်းပွလာတော့ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွား ရော။ ကျတာနဲ့ တစ်ပြိုင်တည်း ဒေါ်လာငွေတန်ဖိုး Exchange Rate တက်တယ်။ တက်တဲ့အခါကျတော့ ပြည်တွင်းမှာက နိုင်ငံ ခြားက သွင်းကုန်တွေကို အားကိုးရတာဖြစ်သလို သွင်းကုန်အစား ထိုး စက်ရုံတွေကိုလည်း ပြည်တွင်းမှာ ဘယ်လိုမှ မတည်ဆောက် နိုင်သေးတဲ့အတွက် ပြည်ပသွင်းကုန်တွေပဲ အားကိုးရတယ်။ နောက်တစ်ခုက ဓာတ်ဆီဈေးတွေတက်တယ်၊ ကားတာယာဈေး တွေ တက်တယ်၊ ဆိုတော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အဲဒီ လို တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက ဝုန်းဒိုင်းဆို တက် လာတော့တာပဲ။

နောက်ဆုံး ကန်စွန်းရွက်ဈေးတောင် တက်တာပေါ့၊ သူ့ကို လည်း သယ်ယူရတာကိုး။ ဥပမာ-ရှမ်းပြည်က အာလူးကိုလည်း ဒီကိုရောက်အောင် သယ်ရတာကိုး။ အဲဒါကြောင့် ကုန်ဈေးနှုန်း တွေ တက်လာတယ်။

 

မော်ကွန်း။  ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အစိုးရရဲ့ စာရင်းဇယားတွေအရ ၂ဝ၁၅ နဲ့ ၂ဝ၁၆ ကို နှိုင်းယှဉ်တဲ့အခါ ၂ဝ၁၆ မှာ ရင်းနှီးမြှုပ်နှံမှု ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ် လို့ သိထားရပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာပါလဲ။

 

ဦးလှမောင်။  ။ ဘာကြောင့်ဖြစ်သွားလဲဆိုတော့ ၂ဝ၁၅ တုန်းက သူတို့(နိုင်ငံတကာ)က ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့တယ်။ အဲဒီမှာ နှစ်စပိုင်းက တက်နေပြီးတော့ ရွေးကောက်ပွဲနီးလာတဲ့ အခါ ပြန်ပြီးတော့ ကျသွားတယ်။ ၂ဝ၁၆ ရောက်တဲ့အခါကျတော့ အစိုးရသစ်က ဘာတွေလုပ်မလဲ စောင့်ကြည့်တော့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေ ကျသွားတယ်။

 

နောက်တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပြည် တွင်းရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို ပေါင်းပြီးတော့ ရေးဆွဲနေပါပြီ ဆိုပြီး လုပ်လိုက်တဲ့အခါကျတော့ ဒီအချက်ကိုလည်း ပြည်ပက စောင့်ကြည့်ကြပြန်တယ်။ အဲဒီရေးဆွဲတဲ့ဟာက ပြီးခဲ့တဲ့ သြဂုတ် လကမှ ထုတ်ပြန်နိုင်တဲ့အတွက် ဒါက နောက်ကျတဲ့သဘော ဖြစ် တယ်။ အမှန်က ဒီဥပဒေ ရေးဆွဲတာကို ၂ဝ၁၄ ကတည်းက လုပ်နေခဲ့တာ။ အချိန်မီ မထုတ်ပြန်နိုင်တဲ့အခါကျတော့ ရင်းနှီး မြှုပ်နှံမှု လုပ်မယ့်သူတွေက စောင့်ကြည့်တဲ့အဆင့်မှာပဲ ရှိနေ ခဲ့တယ်။

 

အခု ဥပဒေ ထုတ်ပြန်နိုင်ပြီဆိုပေမယ့် နည်းဥပဒေ မထွက် သေးဘူး။ ဇန်နဝါရီလ ထုတ်ပြန်မယ်ပြောတာ ခုထိ မထွက်သေး ဘူး။ အခုပဲ လကုန်တော့မယ်။ အဲဒီလို နှေးကွေးသော လုပ်ရပ်တွေ ကြောင့် စောင့်တဲ့သူတွေက လည်ပင်းကြီးတွေ ရှည်ပြီး မော်နေ တော့တယ်။ ဒါတောင်မှ ရှိရင်းစွဲဥပဒေနဲ့ပဲ ဝင်မယ်ဆိုတဲ့သူက လည်း ဝင်လာလို့သာ တော်သေးတယ် ပြောရမယ်။ ဥပမာ- စင်ကာပူဆိုလို့ရှိရင် တော်တော်များများတယ်။ အခုဆိုရင်နံပါတ် တစ် နေရာမှာ ရှိတယ်။

 

မော်ကွန်း။  ။ အစိုးရရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ထဲမှာ နိုင်ငံသား အားလုံးကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်ပေးတဲ့ အပြင် အဲဒီလိုအခွင့်အလမ်းတွေဖြစ်စေမယ့် စီးပွားရေးလုပ်ငန်း တွေကို ဦးစားပေးဆောင်ရွက်ရန် ဆိုတာမျိုး ပါပါတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုများ တွေ့ရပါသလဲ။

 

ဦးလှမောင်။  ။ အဲဒီဟာက အခုလက်ရှိမှာ နိုင်ငံ့ခေါင်းဆောင်က ပြောတယ်လေ။ ဆိုပါတော့၊ ထိုင်းကိုရောက်တဲ့အခါ မြန်မာနိုင်ငံ က နိုင်ငံခြားရောက်နေတဲ့သူတွေ ပြန်လာကြဖို့ တိုက်တွန်းတယ်။ ပြန်လာတယ်ဆိုတာက အလုပ်သမားတွေ ပြန်လာခိုင်းရင် ဒီ ရောက်တဲ့အခါ အလုပ်လက်မဲ့ပြဿ      နာနဲ့ တိုးမှာပဲ။ မြန်မာနိုင်ငံက အလွန်တော်တဲ့ ဟိုမှာ (ပြည်ပနိုင်ငံ) အရမ်းကို ထွန်းပေါက်သွား တဲ့သူတွေ၊ အထူးသဖြင့် ဟိုမှာချမ်းသာကြွယ်ဝသွားတဲ့သူတွေ ရော သူတို့သာ ဝင်လာကြရင်တော့ သူတို့ရဲ့ လုပ်ငန်းကြီးတွေက ဒီမှာ လူတွေ အများကြီးကို အလုပ်အကိုင်တွေ ပေးနိုင်မှာပေါ့။

နောက် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ဆိုရင်တော့ အထူးသဖြင့် ၇ဝ ရာခိုင်နှုန်းသော ကျေးလက်ဒေသ က လူတွေ အလုပ်အကိုင်ရရှိဖို့ ရှာပေးရမယ်။ အဲဒါက ဘာလဲဆို လို့ရှိရင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လယ်ယာမြေ တွေ သိမ်းထားတာတွေကို ပိုင်ရှင်ရှိသည်ဆိုတဲ့ဆိုင်းဘုတ်ကြီး တွေ ထောင်ထားတာတွေကို ပြန်ဖြုတ်ပေးနိုင်ဖို့ ကြိုးစားရမယ်။

 

ပြီးတော့ သိပ်စိစစ်ပြီးတော့ လုပ်မနေနဲ့။ လုပ်နိုင်တဲ့၊ လုပ် မယ့်သူကို ပေးလုပ်လိုက်တော့ပေါ့။ အဲဒါကို တစ်ခါတည်း အရင် တုန်းက မျိုးစုံ စိစစ်နေတာပဲ၊ ပုံစံခုနစ်တို့ဘာတို့နဲ့။ ဆိုတော့ အဲဒီ လိုလယ်ယာမြေတွေပြန်ပေးလိုက်ရင်လည်း စိုက်ပျိုးရေးမှာ လူ တွေ အများကြီးပါဝင်နိုင်တဲ့အတွက် အလုပ်အကိုင်တွေ ရကြမယ်။

 

ပြီးတော့ ကျေးရွာတွေမှာ သူတို့ရဲ့ လက်မှုလုပ်ငန်းတွေ၊ ဒေသဆိုင်ရာ ထွက်ကုန်မျိုးတွေနဲ့ လုပ်နေတဲ့ ကုန်ထုတ်လုပ်ငန်း လေးတွေ ရှိတယ်။ အဲဒါမျိုးတွေ ဖွံ့ဖြိုးအောင်လို့ လုံးဝကို မလုပ် တာ။ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ပဲ။ လုပ်လည်း မလုပ်တတ် ဘူး၊ လုပ်တတ်တဲ့သူကိုလည်း ခေါ်လည်း မခေါ်၊ အားလည်း မကိုး ဘူး။ ဆက်လည်း မဆက်ဆံကြဘူး။ ဥပမာပြောကြပါစို့၊ ဂျပန်နိုင်ငံ အိုဟီးတာပြည်နယ်က အုပ်ချုပ်ရေးမှူးဆိုရင် မက်ဆေးဆေးဆု တောင် ရသွားတယ်။ OVOP ဆိုပြီး လုပ်လိုက်တာ။ One Village One Product ဆိုပြီး ကမ္ဘာတောင် ကျော်သွားတယ်။

 

အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၅ဝ ကျော်ကနေ ဝိုင်းပြီး လုပ် နေကြပြီ။ ပြီးတော့ နိုင်ငံအတော်များများက လုပ်နေကြပြီ။ မြန်မာနိုင်ငံအနေနဲ့လည်း ပေါင်းသင်းပါတော့လား၊ ဆက်ဆံပါ တော့လား၊ သွားလေ့လာပါတော့လား။ JICA တို့၊ JETRO တို့နဲ့ ပူးပေါင်းပြီး လုပ်ပါတော့လား။ အဲဒါဆိုရင် ကျေးလက်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပေါ်လာမယ်။

 

မော်ကွန်း။  ။ တာဝန်ရှိတဲ့သူတွေက မလုပ်သေးဘဲ ဘာကြောင့် ခုလို ဖြစ်နေရတယ်လို့ မြင်ပါသလဲ။

 

ဦးလှမောင်။  ။ ဘာလို့ မလုပ်ဆို အဆက်ဆက်က ဘာမှကို မလုပ် ခဲ့လို့ အခုလို ရှိနေတာပဲ။ ဒီတစ်ခုတင် မဟုတ်ဘူး၊ ဘယ်ဟာမှကို ဟုတ်တိပတ်တိ မလုပ်ဘူး။ အခုဆိုရင် မူဝါဒကြီးပေါ်လာပြီ။ မူ ဝါဒနဲ့အညီ လုပ်ရတော့မယ်။ အကောင်အထည် ဖော်ရတော့မယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ အစိုးရဌာနတွေ၊ သက်ဆိုင်ရာဝန်ကြီး တွေ၊ အရာရှိကြီးတွေက လုပ်ဖို့ လိုတယ်။ လုပ်တဲ့နေရာမှာလည်း ဥပဒေလိုအပ်ရင် လွှတ်တော်ကို ပြဋ္ဌာန်းခိုင်းပေါ့။ တည်ဆဲ ဥပဒေတွေအရဆိုရင်လည်း အဲဒီအတိုင်းပဲ လုပ်ကြပါလား။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒါလုပ်လို့ ခေါ်ပြောမှ ထ လုပ်နေတဲ့သဘောမျိုးကြီး လုပ်နေလို့တော့ မရဘူးလေ။ ဆိုတော့ အတိုင်ခံပုဂ္ဂိုလ်ကိုလည်း အပြစ်မတင်ရက်ပါဘူး။ ခေတ်အဆက် ဆက်မှာက အာဏာရှိတဲ့သူ လက်ထဲကို ရော့…ဒါလုပ်ဆိုပြီး လုပ် ငန်းကြီးတွေ ထိုးပေးလိုက်တဲ့အခါမှာ အာဏာကို သုံးပြီးတော့ ကိုယ့်အိတ်ကပ်ထဲကိုပဲ ထည့်ကြတော့တယ်။ အဲဒီလို ဆိုးရွားတဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့တော့ လက်လွတ်စပယ်ပေးမလုပ် ခိုင်းရဲဘူးပေါ့။ ဥပမာပြောရင် ကျောက်စိမ်းလုပ်ငန်း ဆိုပါတော့ အခု ပိတ်လိုက်တယ်။ ပိတ်မှာပေါ့၊ ပြီးခဲ့တဲ့ ၂ဝ၁၄ တုန်းကဆိုရင် သူ့ရဲ့ဝင်ငွေက အမေရိကန်ဒေါ်လာသန်းပေါင်း ၃ ဒသမ ၆ ဘီလီ ယံလောက်အထိရှိတယ်။ အဲဒါကို အစိုးရရဲ့ စာရင်းမှာ ဖော်ပြတာ က ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံပဲ ရှိတယ်။ ကျန်တဲ့ ၂ ဒသမ ၅ ဘီ လီယံလောက်က ဘယ်ပျောက်သွားလဲဆိုပြီးတော့ မေးခွန်းထုတ် ခဲ့ရတယ်မဟုတ်လား။

 

အဲဒီလိုတွေဖြစ်မှာစိုးလို့ သူ(ဒေါ်အောင်ဆန်းစုကြည်)က အရမ်းပေးမလုပ်ဘဲနဲ့ ထိန်းခဲ့တာပေါ့။ ဒါပေမဲ့ အကြာကြီးတော့ မလိုဘူးလေ။ ဥပမာ- ကလေးတစ်ယောက် လမ်းလျှောက်စေချင် လို့ ရှိရင် သူ့ကို တကယ်လျှောက်ခိုင်းမှပဲ သူ လျှောက်တတ်မှာပေါ့။ ကလေးတစ်ယောက် စာတတ်စေချင်လို့ ရှိရင်လည်း သူ့ကို ကျောင်းကို တိုက်ရိုက်ပို့လိုက်ပေါ့။ ကျောင်းမှာ စာသင်ပေးမယ့် ဆရာ၊ ဆရာမတွေ ရှိတာပဲ။

 

အဲဒီလိုမဟုတ်ဘဲနဲ့ ကျောင်းရောက်သွားတဲ့အခါ ငါ့ ကလေးကို ဆရာတွေက ဂရုမစိုက်ရင် ဘယ်လိုလုပ်မလဲ။ သူများ က ခုံပေါ်က တွန်းချရင် လက်ကျိုးသွားမှာပေါ့တို့၊ ဘာတို့ တွေးပူ ပြီးတော့ ကျောင်းမလွှတ်ဘဲ ထားလို့ ဘယ်ရပါ့မလဲ။ အာဏာတို့၊ လုပ်ပိုင်ခွင့်တို့ဆိုတာကလည်း ပေးလုပ်မှပဲ လုပ်ရဲကိုင်ရဲ၊ လုပ်နိုင် ကိုင်နိုင်ရှိတဲ့ သဘောရှိတယ်။ ပေးမလုပ်ဘဲနဲ့ ထိန်းချုပ်ထားရင် တော့ လုပ်ရဲလာစရာမရှိသလို လုပ်တတ်တော့မှာလည်း မဟုတ် ဘူး။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး။

 

မော်ကွန်း။  ။ ရင်းနှီးမြှုပ်မှုနဲ့ပတ်သက်ပြီးတော့ ကော်မရှင်ဖွဲ့စည်း တဲ့ကိစ္စမှာ အစိုးရသစ်ဖွဲ့ပြီးလို့ သုံးလအထိ အချိန်ယူခဲ့ရတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်လို့ ကြန့်ကြာမှုတွေ ရှိတယ်ဆိုပြီး ပြောကြ တယ်။ ဒီအပေါ်မှာရော ဘယ်လိုများ မှတ်ချက်ပေးလိုပါသလဲ။

 

ဦးလှမောင်။  ။ ဒီဖြစ်စဉ်ဟာလည်း အမှန်ပဲလေ။ ကော်မရှင်မှာ ပါမယ့် အဖွဲ့ဝင်အသစ်၊ လူအသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းရတယ်။ သို့သော် အချိန်ကြာစေတဲ့ အကြောင်းရင်းက ခင်ဗျားတို့ စိတ် သစ် လူသစ်၊ အကြံဉာဏ်အသစ်တွေနဲ့ မခိုးမဝှက် လာဘ်လာဘ မမျှော်လင့်ဘဲနဲ့ လုပ်ကြလို့ မခိုင်းခဲ့တဲ့အတွက် ဖြစ်ရတာပဲ။ အဲဒီ လို လုပ်ငန်းစဉ်တွေ ကြန့်ကြာတဲ့အတွက်လည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ထိခိုက်တာလည်း အကြောင်းတစ်ချက်အနေနဲ့ ပါ သွားတယ်။

 

မော်ကွန်း။  ။ အစိုးရရဲ့  စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်လို့ လက်ရှိ အခြေအနေမှာ ဘယ်အပိုင်းတွေကို အကောင်အထည် ဖော်လာ တာ တွေ့ရပါသလဲ။

 

ဦးလှမောင်။  ။ စောစောက ပြောခဲ့သလိုပေါ့ဗျာ။ စီးပွားရေးဖွံ့ဖြိုး မှုနဲ့ပတ်သက်လို့ သူတို့အစိုးရပိုင်းက ပြည်ထောင်စုအဆင့်မှာ ဖွံ့ ဖြိုးမှုမိတ်ဖက်အဖွဲ့လိုဟာမျိုး ဖွဲ့တယ်။ ဖွံ့ဖြိုးမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့လို့ ခေါ်ရမယ် ထင်တယ်။ အဲဒီမှာလည်း ပြဿနာက ဘာလဲဆိုတော့ ခေါင်းဆောင်ပိုင်းကိစ္စပဲဗျ။ အဖွဲ့တွေ တော့ ဖွဲ့လိုက်တယ်၊ သို့သော် သူ(ဒေါ်အောင်ဆန်းစုကြည်)အားမှ အစည်းအဝေးတွေ၊ ဘာတွေလုပ်ရ၊ ညှိနှိုင်းဆွေးနွေးရဆိုတော့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် အချိန်က ကြန့်ကြာမှုရှိသွား တယ်။ ဘာလို့လဲဆို သူ့ရဲ့ အဆုံးအဖြတ်၊ သဘောထားမှတ်ချက်ကို စောင့်နေရတာကိုး။ အဲဒီတော့ ပြောရမယ်ဆိုရင် မူဝါဒတွေနဲ့ ပတ်သက်လို့ ဒီနေ့အထိ အကောင်အထည်ဖော်တာ ထင်ထင်ရှား ရှား မတွေ့မိသေးဘူး။

 

မော်ကွန်း။  ။ အကောင်အထည်ဖော်တာ မတွေ့ရသေးဘူးဆိုတာ က စီးပွားရေးမူဝါဒ ၁၂ ချက်လုံးကို ဆိုလိုချင်တာလား ခင်ဗျ။

 

ဦးလှမောင်။  ။ ဟုတ်ပါတယ်။ မူဝါဒ ၁၂ ချက်ကိုပဲ ပြောတာပါ။ ဥပမာပြောရရင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ ပတ်သက် တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်ဆိုတဲ့ အချက် ပါပေမယ့် အသက်မွေးဝမ်းကျောင်းပညာနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းလိုဟာမျိုးတွေ တစ်ခုမှ မဖွင့်နိုင်သေးဘူး။ ဆို ပါတော့၊ မြန်မာပြည်ဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး သင်တန်းကျောင်း မရှိသလောက် အလွန်ကို နည်းပါးတယ်။

 

စာသင်လို့ရတဲ့ တက္ကသိုလ်တောင်မှ တစ်နိုင်ငံလုံးတစ်ခုပဲ ရှိတယ်။ ဒါမျိုးတွေကို တိုးချဲ့ ဖွင့်လှစ်ပေးဖို့ လိုအပ်တာပေါ့။ ခု တော့ အဲဒီလိုလုပ်တာ မတွေ့ရဘူး။ ဆိုတော့ စိုက်ပျိုးရေးနည်း ပညာနဲ့ ပတ်သက်ရင် ကိုယ့်တောင်သူတွေက ဘယ်လိုမှ မလိုက် နိုင်ဘူး။ ဖြစ်သင့်တာက ဧရာဝတီတိုင်းမှာ တစ်ခု၊ ပဲခူးတိုင်းမှာ တစ်ခု၊ ရန်ကုန်တိုင်းမှာ တစ်ခု၊ နောက် စစ်ကိုင်းလို နေရာမျိုးမှာ တစ်ခု အဲဒီလိုမျိုး စိုက်ပျိုးရေးပညာကို လက်လှမ်းမီနိုင်အောင် ဖွင့်ပေးသင့်တယ်။ ဒါကတကယ့်ကို Vocational Education (အသက်မွေးဝမ်းကျောင်းပညာ)၊ Professional Education တွေပဲ ဖွင့်ကိုဖွင့်ရမယ်၊ လုပ်ကို လုပ်ပေးရမယ်။ အခုတော့ မူပဲရှိ တယ်။ မလုပ်ဘူးဖြစ်နေတယ်။

 

မော်ကွန်း။  ။ ဘာကြောင့် မလုပ်သေးတယ်လို့ ထင်ပါသလဲ။

 

ဦးလှမောင်။  ။ တစ်အချက်က မြေစမ်းခရမ်းပျိုးရမှာ ကြောက်နေ သေးလို့။ မြေကိုစမ်းရမယ်၊ ပြီးတော့မှ ခရမ်းကို ပျိုးရမယ်၊ အဲဒီ ဟာကို မှားသွား၊ လွဲသွားမှာ သိပ်ကြောက်နေတယ်။ အပြစ်တင်ခံ ရမှာ သိပ်စိုးရိမ်နေတယ်လို့ ထင်တယ်။ ဥပမာပြောရရင် အခုဆို ဘတ်စ်ကားစနစ်ကို ချက်ချင်းကောက်လုပ်လိုက်တယ်။ ဒိန်းဆို ပြီးတော့။ အဲဒီတော့အခု YBS (Yangon Bus Service)ဆိုတာ ပေါ်လာတယ်။ စစချင်းတော့ လူတွေ ပြေးရလွှားရ ဒုက္ခရောက်ရနဲ့ ပြဿ     နာတွေတော့ အများကြီးရှိတာပေါ့။ သို့သော် အဲဒီအခက် အခဲတွေက ဘယ်လောက်အချိန်ကြာမလဲ၊ အခက်အခဲရှိရင် ဖြေ ရှင်းလိုက်၊ ဒီလိုနဲ့ပဲ ရှေ့ကိုဆက်သွားကြရမှာ။ ပြောချင်တာက လက်ရှိအစိုးရဟာ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရဗျာ၊ အဲဒီတော့ ရှေ့ကနေ ရဲရဲဝံ့ဝံ့ ဦးဆောင်သွားမယ်ဆိုရင် ပြည်သူက နောက်က လိုက်ကြမှာဘဲ။

 

မော်ကွန်း။  ။ ငွေကြေးဖောင်းပွမှုနဲ့အတူ တစ်ဖက်က ဒေါ်လာ တန်ဖိုးလည်း မြင့်လာခဲ့တယ်။ ဆိုတော့ ဒီဖြစ်ရပ်က ပြည်သူတွေ အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

 

ဦးလှမောင်။  ။ တကယ်တမ်းကျတော့ ဒေါ်လာတန်ဖိုးဟာ တက် ကိုမတက်ရဘူး။ အဲဒီဟာကို ဦးသိန်းစိန်အစိုးရ လက်ထက်တုန်း က ဒေါ်လာတန်ဖိုး တက်ကို တက်ရမယ်ဆိုပြီး လုပ်ခဲ့တယ်။ ပြော မယ်ဆိုရင် ဝန်ကြီးအချို့ရဲ့ အတွေးအခေါ်ဟာ သိပ်ကို မှားယွင်း      ခဲ့တယ်။

 

မော်ကွန်း။  ။ ဒေါ်လာတန်ဖိုးလား၊ ကျပ်ငွေတန်ဖိုးလား ခင်ဗျ။

 

ဦးလှမောင်။  ။ ကျပ်ငွေ မဟုတ်ပါဘူး။ ဒေါ်လာတန်ဖိုးတက်အောင် ဆိုပြီး လုပ်ခဲ့တာပါ။ ဘယ်လောက်အထိ မှားယွင်းခဲ့လဲဆိုတော့  IMF (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့)နဲ့  World Bank (ကမ္ဘာ့ဘဏ်)က တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ လုပ်တဲ့ အခါကျတော့ ဥပမာ-ဂက်စ်ရောင်းတာက နှစ်ဘီလီယံဖိုးရှိတယ် ဆိုပါတော့ ဒါကို ခုနက ဈေးနဲ့တွက်ရင် မြန်မာငွေ ၁၂ ဘီလီယံပဲ ရမှာပေါ့။ အဲဒီတုန်းက တစ်ဒေါ်လာကို မှောင်ခိုဈေး တစ်ထောင် ဝန်းကျင်ဖြစ်နေတုန်းက စောစောက ဂက်စ်ပမာဏအတွက် ကျပ် ဘီလီယံပေါင်း အဆတစ်ထောင်လောက် ရတယ်။ ဆိုတော့ အစိုးရရဲ့ဘတ်ဂျက်က လောက်တယ်။ အဲဒီလိုဖြစ်အောင်လည်း တွက်ယူခဲ့တယ်။

 

အဲဒီတုန်းက တစ်ဒေါ်လာခြောက်ကျပ်ဆိုတာကလည်း နည်းလွန်းတယ်။ တစ်ထောင်ဆိုတော့လည်း များလွန်းနေတယ်။ ဒါကြောင့်မို့လို့ ကြားချပြီးတော့ ၅ဝဝ ပဲ လုပ်ပါဆိုပြီး ပညာရှင် တွေက အကြံပေးကြတယ်။ ဒါကို လုပ်ငန်းရှင်အချို့က ကန့်ကွက် တယ်။ ရေလုပ်ငန်းတွေ ထိခိုက်မယ်၊ တောင်သူတွေကို ထိခိုက် မယ် စသဖြင့်ပေါ့။ နောက်ဆုံး ရှစ်ရာကျော်ကျော်လောက်နဲ့ ညှိလို့ ရသွားတယ်။ ပြီးတော့ ဘာဖြစ်လာလဲဆိုတော့ ကားပါမစ်တွေကို အရမ်းကာရော (အစိုးရက)ချပေးလိုက်တယ်။ ဘာကြောင့်လဲဆို တော့ ကားတွေသွင်းလာရင် ဒေါ်လာတွေ ဝယ်လာရမယ်။ အဲဒီ အခါ ဒေါ်လာဈေးလည်း တက်ကုန်တော့တာပဲ။

 

မော်ကွန်း။  ။ ဒီလိုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ကျပ်ငွေတန်ဖိုး ပြန် တက်လာအောင်ရော ဘယ်လိုလုပ်ရင် ရနိုင်မယ်လို့ ထင်ပါသလဲ။

 

ဦးလှမောင်။  ။ တစ်အချက်က မတော်မတရား လုပ်နေတဲ့ဟာ တွေကို ဖော်ထုတ်တားဆီးရမယ်။ ဥပမာ- Import Export လုပ် တဲ့အခါမှာ Over Invoicing (ပိုပြပို့ကုန်လွှာ) Under Invoicing (လိုပြပို့ကုန်လွှာ)ဆိုတဲ့ ပိုပြ၊ လိုပြတဲ့ဟာမျိုးတွေ ဖြစ်တဲ့ နိုင်ငံခြားမှာ ဒေါ်လာအကောင့်ဖွင့်ပြီးတော့ ပြည်တွင်းမှာဒေါ်လာ ဈေးကစားပြီး ရောင်းသုံးနေတဲ့ဟာမျိုးတွေကို အရေးယူ ဆောင် ရွက်ရမယ်။

 

နှစ်အချက်က ဒေါ်လာဈေးတက်ရတဲ့ အကြောင်းရင်းတစ်ခု က ဘယ်နိုင်ငံမှာမဆို နိုင်ငံခြားတိုင်းပြည်တွေက သူ့နိုင်ငံတွင်း မှာ သူ့နိုင်ငံငွေကြေးကိုပဲ အသုံးပြုခွင့်ပေးသလို ကိုယ်တွေမှာ လည်း အဲဒီလိုသတ်မှတ်ရမယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ဘူး။ ဘုရားပေါ်တက်လည်း ဒေါ်လာနဲ့၊ ကားငှားစီးလည်း ဒေါ်လာနဲ့ ဟိုတယ်တွေကလည်း ဒေါ်လာမှ မရရင် ခက်ရချေရဲ့ဆို ပြီး လုပ်တော့ ကျပ်ငွေတန်ဖိုးက ကျပြီပေါ့။

 

တကယ်တမ်းက မြန်မာပြည်တွင်းမှာ ကျပ်ငွေအသုံးပြုပြီး တော့ပဲ ရောင်းပါ၊ ဝယ်ပါဆိုပြီး သတ်မှတ်ရမယ်။ နောက်တစ်ခုက နယ်စပ်ကနေ ခိုးထွက်နေတဲ့ ဒေါ်လာတွေကိုလည်း ဖော်ထုတ် အရေးယူရမယ်။ ဒီလိုဆိုရင် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုး တက်လာမယ်။ ဒါပေမဲ့ အဲဒါလောက်နဲ့တင် မရသေးဘူး။ ဒီထက် ပိုအရေးကြီးတာက အစိုးရတစ်ရပ်မှာ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ ဆိုတာ ရှိကို ရှိရမယ်။ အခုလုပ်နေသလိုမျိုး ဘတ်ဂျက်ဆိုတာ လွှတ်တော်တင်ပြီး ဆွေးနွေးနေရုံနဲ့ မလုံလောက်ဘူး။ လွှတ် တော်ကိုပို့လိုက်တာဟာ ဘယ်လိုမူဝါဒတွေနဲ့ ရေးဆွဲနေမှန်းလည်း မသိရဘူး။

 

မော်ကွန်း။  ။ ဒီလိုဆိုရင် လက်ရှိအစိုးရမှာရော ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ မူဝါဒမရှိဘူးလို့ ပြောချင်တာလား။

 

ဦးလှမောင်။  ။ ဒါပေါ့။ ဘာမူဝါဒမှ မတွေ့ရဘူး။ အဲဒီတော့ ဘတ် ဂျက်ထဲမှာ အများကြီးတွေ ထည့်ရေး၊ အရမ်းကြီးတွေ သုံးဆိုတာ မျိုးတွေ ဖြစ်လာတော့ မလောက်တော့ဘူးပေါ့။ အဲဒီလို မလုပ်ဘဲနဲ့ ပညာရေးအတွက် ဘယ်လောက်၊ ကျန်းမာရေးအတွက် ဘယ် လောက်၊ ကာကွယ်ရေးအတွက် ဘယ်လောက်ဆိုတာကို မူနဲ့ကို ချထားရမှာ။ မဟုတ်လို့ရှိရင် မလိုအပ်ဘဲနဲ့ တိုးတိုးပြီး တောင်းတာ တွေ ဘာတွေ ဖြစ်ကုန်မယ်။ အဲဒီလိုဖြစ်တော့ ဘတ်ဂျက်လိုငွေ ပြမယ်၊ နောက် ဒေါ်လာဈေးလည်း တက်လာစေတယ်လေ။

 

မော်ကွန်း။  ။ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရ အနေနဲ့ ဘယ်ကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ မြင်ပါသလဲ။

ဦးလှမောင်။  ။ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ချင်ရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံများ ဘယ်လိုလုပ်သွားလဲ ဆိုတာကို လေ့လာအတုယူပြီး အဲဒီအတိုင်း မျက်ခြည်မပြတ် အကောင်အထည်ဖို့သွားဖို့ အရေးကြီးပါတယ်။ ပြောချင်တာက အမြင်ကို အမြင်အတိုင်းပဲ ဆုံးဖြတ်လုပ်ကိုင်ပါ။ အသစ်အဆန်း တွေ မထွင်ပါနဲ့။ ဂျပန်နိုင်ငံကို ကြည့်မလား၊ လွန်ခဲ့တဲ့ ၂၅ နှစ် လောက်က လုံးဝချွတ်ခြုံကျခဲ့တယ်။

 

သို့သော် အမေရိကန်နဲ့ ပေါင်းပြီးတော့ ပြုပြင်တည် ဆောက်တယ်။ အခု ကမ္ဘာ့ဒုတိယ အဖွံ့ဖြိုးဆုံးအဆင့်ကို ရောက် နေပြီ။ တရုတ်နိုင်ငံက ၁၉၇၂ လောက်က နိုင်ငံကို ပြုပြင်ပြောင်းလဲ ရေးလုပ်တယ်။ အခု နှစ်ပေါင်း ၂ဝ၊ ၃ဝ ကြာတဲ့အခါမှာ အများကြီး တိုးတက်နေပြီ။ ပြုပြင်ပြောင်းလဲချိန်တန်ပြီလို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီတော့ ကျွန်တော်တို့က ပြုပြင်ရမယ်၊ ပြောင်းလဲ ရမယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကတော့ ကျွန်တော်တို့ ရှေ့ ကို တစ်လှမ်းချင်း သွားနေပါတယ်လို့ ပြောခဲ့တယ်။ တကယ်တမ်း ကျွန်တော်တို့က အဲဒီလောက်နဲ့ မရဘူး။ တစ်လှမ်းချင်းမဟုတ်ဘူး၊ ခုန်ပျံပြီးတော့ကို သွားမှ သူများကို လိုက်မီတော့မှာ။ အဲဒီတော့ ရဲရဲကြီး ပြောင်းလဲလိုက်ပါလို့ပဲ ပြောချင်ပါတယ ်။         ။

 

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ အင်တာဗျူး ဖြစ်ပါသည်။

 

မင်းလွင် မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."