Home အင်တာဗျူး ဦးရင်ငြိမ်း ( စီမံချက်ဒါရိုက်တာ၊ ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့) နှင့် အင်တာဗျူး

ဦးရင်ငြိမ်း ( စီမံချက်ဒါရိုက်တာ၊ ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့) နှင့် အင်တာဗျူး

212
0
ဓာတ်ပုံ-မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

မြန်မာ့ရေပိုက်နက်အတွင်း ငါးသယံဇာတများ တည်ရှိမှု အခြေအနေ၊ တည်ဆဲဥပဒေများ၏ အားနည်းချက် အပါအဝင် ငါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် လိုအပ်မည့် အခြေအနေများကို ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့(Network Activities Group-NAG) မှ   မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသဆိုင်ရာ စီမံချက် ဒါရိုက်တာ ဦးရင်ငြိမ်းအား မော်ကွန်းမှ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (NAG) ကို ၂ဝဝ၈ တွင် တည်ထောင်ခဲ့ပြီး အဆိုပါအဖွဲ့သည် ငါးလုပ်ငန်းရေ ရှည်ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်၍ ရေလုပ်သား၊ လုပ်ငန်း ရှင်၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များ ပါဝင် ဆောင်ရွက်နိုင်မည့် စုပေါင်းစီမံခန့်ခွဲသည့် ငါးလုပ်ငန်းစနစ် အကောင်အထည်ဖော်ရေးကို တွန်းအားပေးလုပ်ဆောင်နေ သော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

 

Advertise Here

မော်ကွန်း။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ငါးသယံဇာတ အခြေအနေ က ဘယ်လိုရှိပါသလဲ။

ဦးရင်ငြိမ်း။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ငါးသယံဇာတအခြေအနေကို ခြုံငုံပြီး အကြမ်းဖျင်းပြောရမယ်ဆိုရင် ရေချိုရော၊ ရေငန်မှာရော ငါးသယံဇာတအခြေအနေက တော်တော်လေးကျဆင်းသွား တယ်လို့ ပြောလို့ရပါတယ်။ အဓိကအားဖြင့် ရေချိုပိုင်းမှာဆိုရင် ငါးထုတ်လုပ်မှုက သိပ္ပံနည်းကျသုတေသနလုပ်နိုင်တဲ့အပိုင်းက တော့ နည်းပါးပါတယ်။ ဒါပေမဲ့လို့ အခြေခံအားဖြင့် Community Base (လူထုအခြေပြု)ကို အခြေခံပြီးတော့ ရလာတဲ့ သတင်း အချက်အလက်တွေပေါ် မူတည်ပြီး လျော့နည်းလာတယ်ဆိုတာ ကို သုံးသပ်လို့ရပါတယ်။ ငါးထုတ်လုပ်မှုက          ပြီးခဲ့တဲ့ ဆယ်စုနှစ် လောက်ကစပြီး ထက်ဝက်လောက် ကျသွားတယ်။ အဲဒါက ရေချို ပိုင်းပေါ့။

နောက်ပြီး ရေငန်ပိုင်းမှာဆိုရင်လည်း လတ်တလော နော် ဝေက Dr. Fridtjof Nansen နဲ့လုပ်ထားတဲ့ သုတေသနရလဒ် တွေအရ မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတတည်ရှိမှုဟာ လွန်ခဲ့တဲ့ နှစ် ၃ဝ ထက်ကစာရင် ၉ဝ ရာခိုင်နှုန်းလောက်လျော့ ကျသွားတယ်လို့ သိရပါတယ်။ ရေပေါ်ငါးအမျိုးအစားတွေ တော် တော်များများ လျော့နည်းသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ (ရေပေါ်ငါးဆိုတာကတော့ ရေမျက်နှာပြင်အပေါ်ပိုင်းမှာ ကျင် လည်ကျက်စားသည့် ငါးအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။)

ဓာတ်ပုံ-မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

မော်ကွန်း။ ။ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းကို ဘာ ကြောင့် အရေးတကြီးလုပ်ဆောင်ဖို့ လိုလဲ။ ပြည်သူလူထုနဲ့ ဘယ် လို ဆက်စပ်နေလို့ပါလဲ။

ဦးရင်ငြိမ်း။ ။ အဓိကအားဖြင့်တော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက နိုင်ငံတော်ရဲ့ဝင်ငွေရရှိမှုနဲ့ ပြောမယ်ဆိုရင်လည်း တော်တော်လေး အရေးပါတဲ့အပိုင်းမှာ ရှိပါတယ်။ နောက်ပြီး ကမ်းရိုးတန်းဒေသ တိုင်းနဲ့ ပြည်နယ်တွေမှာဆိုရင်လည်း တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဟာ ငါးလုပ်ငန်းကနေ ဝင် ငွေအတော်များများကို ရရှိပါတယ်။ ပြောရရင် အခွန်ဘဏ္ဍာပေါ့။ အခြားလုပ်ငန်းတွေကနေရတာထက် ငါးလုပ်ငန်းက ရတာက အများဆုံးဖြစ်ပါတယ်။

အဲဒီလိုအများဆုံးရတဲ့အတွက်လည်း ကိုယ့်ရဲ့တိုင်းနဲ့ ပြည် နယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ဒီလုပ်ငန်း ဟာ အရမ်းကိုအရေးပါပါတယ်။ ဒါကြောင့်မို့လည်း ငါးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ငါးသယံဇာတကို မဖြစ်မနေ ထိန်း သိမ်းရေး လုပ်ဆောင်ဖို့လိုပါတယ်။

ဒုတိယအပိုင်းအနေနဲ့ကတော့ ကမ်းရိုးတန်းဒေသတွေမှာ ရှိနေတဲ့ ပြည်သူတွေလည်း စားဝတ်နေရေးအတွက် မှီခိုနေရတာ ရှိပါတယ်။ ဥပမာအားဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့သူတွေဆိုရင်တောင်မှ ရာသီအလိုက် ငါးဖမ်းတဲ့ဟာမျိုးကို အချိန်ပိုင်း လုပ်ကိုင်တာမျိုး လေ့လာတွေ့ရှိရပါတယ်။ ဆိုတော့ ငါးသယံ ဇာတ ထိန်းသိမ်းရေးလုပ်ငန်းကို ဘာကြောင့် လုပ်ဆောင်သင့် သလဲဆိုတော့ ပြည်သူတွေရဲ့ အစားအစာဖူလုံရေး၊ စီးပွားရေး အပါအဝင် နိုင်ငံတော်အခွန်အခရရှိမှုနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့မှာ ဒီလုပ်ငန်း ဖွံ့ဖြိုး မှုရဲ့ အရှိန်အဟုန်ဟာ မဏ္ဍိုင်တစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေလို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတယ်လို့ ပြောရတာဖြစ် ပါတယ်။

မော်ကွန်း။ ။ အခုလိုမျိုး ငါးသယံဇာတကို ရှားပါးလာစေတဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေများဖြစ်မလဲ။

ဦးရင်ငြိမ်း။ ။ ငါးသယံဇာတ ရှားပါးလာစေတဲ့ဟာက အကြောင်း ရင်းတစ်ခုတည်းကြောင့်လို့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။ အကြောင်း ရင်းတွေက အများကြီးရှိနေပါတယ်။ ရေငန်ပိုင်းကို စပြီး ကြည့် မယ် ဆိုလို့ရှိရင် ခွင့်ပြုသင့်တဲ့ ငါးဖမ်းလှေ အစီးရေထက် ပိုပြီး ခွင့် ပြုပေးထားတဲ့အချက်မျိုးတွေဟာလည်း အချက်တစ်ချက်အနေ နဲ့ ပါဝင်နေပါတယ်။

ခွင့်ပြုသင့်တဲ့ အရေအတွက်ဆိုတာကတော့ စနစ်တကျ တွက်ချက်ပြီးမှ ဘယ်အတိုင်းအတာထိပဲ ဖမ်းဆီးရယူနိုင်မယ်ဆို တဲ့ ခန့်မှန်းပမာဏတစ်ခု သတ်မှတ်ရမှာပါ။ အဲဒီသတ်မှတ်ချက် အတိုင်းပဲ ထုတ်ယူစားသုံးမယ်ဆိုရင် ရေရှည်ဖွံ့ဖြိုးမှုကို အထောက် အကူဖြစ်စေမယ် ဆိုတာမျိုးလုပ်လို့ရပါတယ်။ အဲဒီလိုသတ်မှတ် ချက်ထက် ကျော်လွန်ထုတ်ယူနေမယ်ဆိုရင်တော့ လတ်တလော မှာ အဆင်ပြေနေပေမယ့် ရေရှည်မှာ ထုတ်ယူနိုင်မှုကျဆင်း လာမယ်။

နောက်တစ်ခုက အဲဒီလိုခွင့်ပြုနေတဲ့ တစ်ချိန်တည်းမှာပဲ ပင်လယ်ပြင်မှာရှိနေတဲ့ သင်္ဘောတွေရဲ့ နာမည်တူပုံစံတူ ဘယ် လောက်ရှိပြီး ဘယ်လိုပုံစံလုပ်နေကြတယ်ဆိုတာကို သိနိုင်ဖို့ Monitoring System (စောင့်ကြည့်တဲ့စနစ်) မလုပ်နိုင်သေး ဘူး။ ပြောချင်တာက ခွင့်ပြုသင့်တဲ့ အရေအတွက်ထက်ပိုပြီး ခွင့် ပြုထားတဲ့အပြင် ပုံစံတူပွားထားတဲ့ သင်္ဘောတွေ ရှိနေတယ်ဆို တာကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ ရှိနေတာကို တွေ့ရပါတယ်။

နောက်တစ်ခုက ပင်လယ်ပြင်မှာလုပ်ကိုင်နေတဲ့ ဆွဲပိုက်လို ဟာမျိုးဆိုရင် ဘယ်အချက်ဘယ်အချက်တွေကို လိုက်နာရမယ် ဆိုတာမျိုး ရှိပြီးသား။ ဥပမာအနေနဲ့ ပင်လယ်လိပ်လို အကောင် မျိုးတွေကို ပိုက်ထဲကိုတိုးဝင်တဲ့အခါ အလွယ်တကူ ပြန်ထွက်သွား လို့ရအောင် တပ်ဆင်ထားတဲ့ TED (Turtle Excluder Device – ပင်လယ်လိပ်တစ်မျိုးကို လွတ်မြောက်စေနိုင်သည့် စက်) လို့ခေါ်တဲ့ကိရိယာမျိုးတွေ ကျွန်တော်တို့ဆီက တရွတ်ဆွဲ ပိုက်တွေမှာ တစ်ခုမှ တပ်မထားဘူး။ အဲဒီတော့ ထိန်းသိမ်းရမယ့် ပင်လယ်ရေသတ္တဝါတွေကို မထိန်းသိမ်းနိုင်တော့ဘူး။

ပြီးလို့ရှိရင် ငါးဖမ်းသဘောင်္တွေမှာ သူ့ရဲ့အရွယ်အစားနဲ့ ငါး ဖမ်းကိရိယာတွေ ပေါ်မူတည်ပြီး ဘယ်ရေပိုင်နက်မှာပဲ ဖမ်းဆီး ခွင့်ရှိတယ်ဆိုတာ သတ်မှတ်ပြီးသား ရှိတယ်။ ဆိုပါတော့၊ ကမ်း ဝေးငါးဖမ်းလုပ်ကိုင်တဲ့သူတွေက သူတို့အတွက် သတ်မှတ်ပေး ထားတဲ့ နေရာတွေမှာ ငါးမဖမ်းဘဲနဲ့ ကမ်းနီးမှာ ဝင်ဖမ်းတာမျိုး တွေက ရေအောက်ကြမ်းပြင်အနေအထားတွေကို ပျက်ဆီးစေ တာရှိပါတယ်။ ကမ်းနဲ့နီးလာတာနဲ့အမျှ ပိုက်တွေနဲ့ တရွတ်ဆွဲ လိုက်တဲ့အခါ ရေညှိရေမှော်တွေ၊ သန္တာကျောက်တန်း လိုဟာမျိုး တွေ ပျက်စီးသွားစေတယ်။ ဒါလည်း အကြောင်းရင်းတစ်ခုပါပဲ။

ကမ်းနီးကိုကြည့်မယ်ဆိုရင်လည်း လူဦးရေများလာတာနဲ့ အမျှ ဖမ်းဆီးတဲ့သူတွေလည်းပိုများလာတယ်။ ပြီးတော့ အခု နောက်ပိုင်းမှာ ငါးဖမ်းကိရိယာတွေကလည်း အရင်ကထက်ပိုပြီး ဆန်းသစ်လာတယ်။ ပြောရမယ်ဆိုရင် အရင်တုန်းက ငါးဖမ်းနိုင် တဲ့ ပိုက်ကွက်ဟာ လေးလက်မပဲ ရှိရမယ်ဆိုရာက ဒီနောက်ပိုင်း ပိုက်ကွက်စိပ်စိပ်လေးတွေနဲ့ ဖမ်းဆီးတဲ့အပြင် ပိုက်တွေက အရင် တစ်ထပ်တည်းရှိရာက အခု နှစ်ထပ်၊ သုံးထပ်လုပ်ပြီး ဖမ်းတာတွေ ရှိလာတယ်။ ဒါတွေကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ ရှိနေ ပါတယ်။ အဲဒီတော့ ဒါတွေကို စိစစ်ကြပ်မတ်လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခု ရှိမနေတာကလည်း အားနည်းချက်ကြီးတစ်ခုပါပဲ။

ရေချိုငါးလုပ်ငန်းကို လေ့လာကြည့်မယ်ဆိုရင်လည်း အင်း တွေ၊ တင်ဒါစနစ်တွေရှိတယ်။ အရင်တုန်းက အင်းတွေ၊ တင်ဒါ စနစ်တွေကို လုပ်ကိုင်ခွင့်ပေးတဲ့ ရည်ရွယ်ချက်က လုပ်ငန်းရှင်တွေ အနေနဲ့ ဒီအင်းတွေကနေပြီး နှိုင်းနှိုင်းချိန်ချိန်နဲ့ ငါးတွေကိုထုတ်ယူ သုံးစွဲမယ်ဆိုရင် အခွန်အခရတဲ့ အပြင် ငါးသယံဇာတကိုလည်း တစ်ဖက်က ထိန်းသိမ်းပြီးဖြစ်မယ်ဆိုတာမျိုးနဲ့ လုပ်ခဲ့တာ။ သို့ သော်လည်း အခုလက်ရှိအခြေအနေမှာက တင်ဒါစနစ်ကနေ လေလံစနစ်နဲ့ပြောင်းပြီး အားလုံး ညီညီမျှမျှ ထုတ်ယူသုံးစွဲနိုင် အောင်ဆိုပြီးလုပ်တော့ ပိုဆိုးသွားတယ်။

ဘာကြောင့်လည်းဆိုတော့ ဆွဲထားတဲ့ လေလံကြေးနဲ့ တန် အောင်ဆိုပြီးတော့ ရသမျှထုတ်ယူဆိုတော့ ရှိနေတဲ့ အရင်းအမြစ် တွေက တိုးပွားချိန်မရတော့ဘဲ တဖြည်းဖြည်းကျဆင်းတဲ့အဖြစ် ကို ရောက်လာရတာပဲ။ ပြီးတော့ တချို့ နေရာတွေမှာဆိုရင် အင်း လေလံတွေက သိန်းတစ်ရာလောက်ပဲ တန်တဲ့ဟာက အဆင့်ဆင့် ပြန်ချထားတဲ့အခါမှာ သိန်း ၁၅ဝဝ လောက် ဖြစ်သွားတာမျိုး တွေ ရှိလာတယ်။

မော်ကွန်း။ ။ ဒီလိုမျိုးအခြေအနေတွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ဘာကြောင့် မလုပ်နိုင်ဖြစ်နေရတယ်လို့ ထင်ပါသလဲ။

ဦးရင်ငြိမ်း။ ။ ဒါကို ပြောမယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ စနစ် တစ်ခုက အမြစ်တွယ်ခဲ့တော့ အခုမှ ချက်ချင်းလက်ငင်း ပြောင်း လဲနိုင်ဖို့ဆိုတာက မလွယ်ပါဘူး။ ပြောချင်တာက အခုအချိန်ကျမှ ဘာကို ဘယ်လိုလုပ်ပါ၊ ဘယ်ဟာကိုတော့ မလုပ်ပါနဲ့ဆိုပြီး ပြော တဲ့အခါမှာ လိုက်ပါ  လုပ်ဆောင်    ခြင်းမရှိဘဲနဲ့ ခုခံငြင်းဆန်တာမျိုး တွေလည်း ရှိနေပါတယ်။ ဥပမာအနေနဲ့ ပင်လယ်ပြင်က ငါးဖမ်း သင်္ဘောတွေမှာ VMS (Vessel Monitoring System – ရေ ယာဉ်စောင့်ကြည့်စစ်ဆေးရေးစနစ်) လို့ခေါ်တဲ့ သင်္ဘောတွေကို စောင့်ကြပ်ကြည့်ရှုနိုင်မယ့် စက်တွေ တပ်တာကိုတောင် မလုပ် နိုင်သေးဘူး။ အဲဒီစနစ်က သတ်မှတ်ထားတဲ့ ရေပိုင်နက်မှာ အမှန် တကယ်ဖမ်းဆီးမှု ရှိ၊ မရှိ၊ နောက်ပြီး ဘာတွေလုပ်နေလဲ ဘယ်နေ ရာရောက်နေလဲ ဆိုတာကို အတိအကျသိနိုင်တဲ့အနေအထားပေါ့။

ဒါပေမဲ့ ဒီကိစ္စကိုလုပ်ဖို့ လုပ်ငန်းရှင်တွေဘက်က ငြင်းဆန်တာ မျိုးတွေကလည်း ရှိနေတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အသား ကျလာတဲ့အခါကျတော့ ပြောင်းပါဆိုရင် ချက်ချင်းမပြောင်းချင် ကြဘူး။ နောက်တစ်ခုက ဌာနဆိုင်ရာတွေကို ကြည့်ပြန်တော့ ဝန်ထမ်းအင်အားနည်းပါးတာ၊ လုံလောက်တဲ့လုပ်ငန်း အရည် အသွေး မပြည့်မီတာတွေကလည်း ရှိနေတယ်။ ပြောမယ်ဆိုရင် ပြုပြင်သင့်တာတွေကို မပြုပြင်ဘဲထားခဲ့တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော်တို့က ဘယ်လိုပဲကောင်းမွန်အောင် လုပ်ဆောင်နေပါတယ် ဆိုဦးတော့ လာဘ်ပေးလာဘ်ယူလိုဟာ တွေက အခုထိ ရှိနေတုန်းပဲ။ ဒါပေမဲ့ လက်ရှိသွားနေတဲ့နိုင်ငံရဲ့ အနေအထားအရ အခုနကပြောသလို ဒါကိုမလုပ်ဘူးလို့ ငြင်း ဆန်ဖို့ အခွင့်အရေးနည်းတဲ့အခြေအနေကို ရောက်လာပါပြီ။ ပြီး တော့လည်း အရင်တုန်းကလိုမျိုး အိမ်နီးချင်းမှောင်ခိုဈေးကွက် တွေမှာ ရောင်းချရတဲ့ဟာမျိုး မဟုတ်တော့ဘူး။ တရားဝင်သွား ရောက် ရောင်းချလာနိုင်ပြီ။

နောက်တစ်ခုက ဒီနောက်ပိုင်း နိုင်ငံရဲ့အနေအထား ပွင့် လင်းလာတာနဲ့အမျှ နိုင်ငံတကာအသိုက်အဝန်းအထိ ချိတ်ဆက် လာနိုင်ပြီ။ အဲဒီတော့ ကိုယ့်အတွက် အမြတ်များများကျန်မယ့် နိုင်ငံတကာဈေးကွက်တွေကို ချိတ်ဆက်နိုင်ဖို့ဆိုတာ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာလုပ် ဆောင်ရမယ်ဆိုတော့ ကိုယ်တိုင်က စပြောင်းဖို့လိုပြီ။ မဟုတ်ရင် ကျန်နေခဲ့ မှာပဲ။ ဥပမာပြောရင် စောစောကပြောတဲ့ VMS ဆိုပါ တော့။ ဒီလိုဟာတွေက လုပ်ကိုလုပ်ရမယ်။ ဘာကြောင့်လည်း ဆိုရင် ငါးဖမ်းသင်္ဘောတစ်စီးက ခွင့်ပြုထားတဲ့ကိရိယာတွေနဲ့ ဖမ်းဆီးတာ ဟုတ်ရဲ့လား၊ သတ်မှတ်ဧရိယာကို ကျော်လွန်ဖမ်းဆီး နေလား စတာတွေကို ဌာနဆိုင်ရာဘက်ကလည်း စောင့်ကြည့် ကြပ်မတ်နိုင်မယ်။ ပြီးတော့ တရားမဝင် ငါးဖမ်းဆီးတာမျိုး တွေကိုလည်း အရေးယူဆောင်ရွက်တာမျိုးတွေလုပ်နိုင်မယ်။ ပြောချင်တာက ပိုပြီးအခွင့်အလမ်းရှိတဲ့ ဈေးကွက်တွေကို လက် လှမ်းနိုင်ဖို့နဲ့ ငါးသယံဇာတထိန်းသိမ်းမှုကို တွဲလုပ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြင်ဆင်မှပဲ ရမယ်။

မော်ကွန်း။ ။ လက်ရှိရှိနေတဲ့ ငါးလုပ်ငန်းဆိုင်ရာ တည်ဆဲဥပဒေ တွေရဲ့ အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

ဦးရင်ငြိမ်း။ ။ ငါးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ တည်ဆဲဥပဒေတွေ အကြောင်း ပြောမယ်ဆိုရင်တော့ အပိုင်းနှစ်ပိုင်းခွဲပြီး ပြောရမှာ ပါ။ ဘာလဲဆိုတော့ ရေချိုနဲ့ ကမ်းနီးငါးလုပ်ငန်းရယ်၊ ပြီးတော့ ပင် လယ်ပြင်က ကမ်းဝေးငါးဖမ်းလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ရေချို ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့အစိုးရလက်ထက် ကတည်းက တိုင်းနဲ့ ပြည်နယ်တွေကို ရေးဆွဲခွင့်ပေးခဲ့တယ်။ ပြီး တော့ အသီးသီးက ပြဋ္ဌာန်းလာခဲ့တယ်ပေါ့။

ဒါပေမဲ့ အဲဒီလိုပြဋ္ဌာန်းလာတဲ့အခါမှာ အရင်ကရှိခဲ့တဲ့ ၁၉၉၁ လောက်က ဥပဒေကိုပဲ မှီငြမ်းထားပြီးတော့ ပြည်ထောင်စု ဝန်ကြီးရဲ့လုပ်ပိုင်ခွင့်၊ ညွှန်ကြားရေးမှူးရဲ့ လုပ်ပိုင်ခွင့်လိုဟာမျိုးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးကို တာဝန်ခွဲပေး တာမျိုးလို နာမည်လေး ဟိုရွေ့ဒီရွေ့လုပ်တာကလွဲလို့ ဘာမှမထူး ခြားပါဘူး။ ပြောမယ်ဆိုရင် အနှစ်သာရအရ ထွေထွေထူးထူး ပြောင်းလဲသွားတာလို့ မတွေ့ရဘူး။ အဲဒါကတော့ လက်ရှိရှိနေတဲ့ ရေချိုငါး လုပ်ငန်း ဥပဒေတွေရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ဥပဒေတစ်ခုမှာပဲ ထူးထူးခြားခြား အနေနဲ့ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်တဲ့ ငါးလုပ်ငန်းစနစ် အကောင်အထည်ဖော်ရေးဆိုတဲ့အချက်ကို ထည့်ဆွဲနိုင်တာ တွေ့ ရပါတယ်။ နောက်တစ်ခုက မွန်ပြည်နယ်မှာဆိုရင်လည်း ငါး လုပ်ငန်း စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ အစိုးရတစ်ခုတည်း မဟုတ်ဘဲနဲ့ ပြည်သူလူထု၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်း ကျင်သူတွေ ပါဝင်ဖွဲ့စည်းတဲ့ ကော်မတီတစ်ရပ် ထားရှိရေးဆိုတာ မျိုးကို ဥပဒေမှာ ထည့်ဆွဲနိုင်တာရှိပါတယ်။

အဲဒီနှစ်နေရာလောက်ပဲ နည်းနည်းလေးထူးခြားတယ်လို့ပြောနိုင်ပြီးတော့ ကျန်တဲ့ ရေချိုငါးလုပ်ငန်း ဥပဒေတွေကတော့ အရင်ဥပဒေအဟောင်းရဲ့ ကျောရိုးအတိုင်းပဲ ရှိနေလို့ ဘာမှမထူး ဘူးလို့ ပြောရပါမယ်။ ရေချိုနဲ့ပတ်သက်ရင် အင်းလေလံ၊ တင်ဒါ ကိစ္စတွေမှာ လုပ်ငန်းရှင်ကြီးတွေနဲ့   အခြေခံရေလုပ်သားတွေ ကြားမှာ ဖြစ်နေတဲ့အငြင်းပွားမှုလို ဖြစ်ရပ်တွေကို မထိန်းသိမ်းနိုင်၊ မဖြေရှင်းနိုင်သေးတာတွေဟာ ဥပဒေပါအချက်တွေရဲ့ အားနည်း ချက်ကြောင့်လို့ ပြောလို့ရပါတယ်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ကြည့်မယ်ဆိုရင် ယခင်အစိုးရလက်ထက်ကတည်းက ပြောင်းလဲဖို့အတွက် အစပြု ခဲ့တယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး လက်ရှိအစိုးရသစ်လက်ထက်မှာ လည်း အမျိုးသားလွှတ်တော်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း ဆိုင်ရာကော်မတီက တာဝန်ယူပြီးတော့ ဥပဒေကြမ်းကို ပြင်ဆင် ရေးဆွဲနေတာ ၁၃ ကြိမ်မြောက် မူကြမ်းအဆင့်ထိ ရောက်နေပြီလို့ သိရပါတယ်။ ဒါကလည်း ကြိုဆိုရမှာပါ။ ဘာကြောင့်လည်းဆို တော့ ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ပြည်သူလူထုကိုယ်တိုင် ပါဝင်ပြီး စီမံခန့်ခွဲမှုမလုပ်နိုင်တဲ့ ငါးလုပ်ငန်းစနစ်ဟာ ဘယ်လိုမှ အောင်မြင်မှုမရှိနိုင်ဘူး ဆိုတာကို သိလာရလို့ပါပဲ။

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ ဥပဒေတွေကို ပြင် ဆင်ဖို့ ကြိုးစားတဲ့အခါ လူထုအခြေပြုငါးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် ကို ဥပဒေမှာ ထည့်သွင်းနိုင်ဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် အောက်ခြေမှာရှိနေတဲ့ သယံဇာတ ထိန်းသိမ်းရေးကို ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်သလို အငြင်းပွားမှုပြဿ       နာတွေကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာနိုင်မယ်လို့ မြင်ပါတယ်။

မော်ကွန်း။ ။ ပင်လယ်ငါးလုပ်ငန်းဥပဒေကလွဲလို့ ရေချိုငါးလုပ် ငန်း ဥပဒေနဲ့ပတ်သက်ပြီး ဒေသတွေမတူညီတာ ဥပဒေတွေအကွဲ ကွဲအပြားပြားဖြစ်နေတာတွေက ငါးသယံဇာတထိန်းသိမ်းရေး အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဦးရင်ငြိမ်း။ ။ ဒေသအလိုက် မတူညီတဲ့လုပ်ပိုင်ခွင့်တွေ ရလာ အောင်လို့ ဥပဒေတွေ ရေးဆွဲခွင့် ပေးလိုက်တယ်ဆိုတာကတော့ ကျွန်တော်ထင်တယ်၊ ကိုယ့်ဒေသနဲ့ကိုက်ညီမယ့် မူဝါဒတွေချမှတ် ပြီး ငါးသယံဇာတထိန်းသိမ်းရေးနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုပြီး လုပ်နိုင်လာမယ်လို့မြင်တယ်။ ဘာကြောင့်လည်း ဆိုရင် ပြည်ထောင်စုအဆင့်ဥပဒေတစ်ခုတည်းနဲ့ မတူညီတဲ့ဒေသ တွေ၊ ဓလေ့စရိုက်တွေ၊ မတူညီတဲ့ ငါးလုပ်ငန်းဆိုင်ရာပုံစံတွေကို လွှမ်းခြုံနိုင်မယ်လို့ မမြင်ပါဘူး။

တိုင်းနဲ့ပြည်နယ် ဒေသတစ်ခုချင်းအလိုက် ကိုယ့်ဒေသနဲ့ ကိုက်ညီမယ့် မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဆောင် ရွက်နိုင်ဖို့အတွက် ဥပဒေရေးဆွဲခွင့်ပေးသလို ဒေသခံတွေ ကိုယ် တိုင်ပါဝင်ခွင့်ရမယ့် စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်တာမျိုး လုပ် နိုင်ရင်တော့ ပိုပြီးတော့ ထိရောက်မှာပါ။

တစ်ခါတလေမှာ ကျွန်တော်တို့က သယံဇာတထိန်းသိမ်း ရေး လုပ်ဆောင်မယ်ဆိုတဲ့အခါမှာ ငါးလုပ်ငန်းတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး။ အခြားဆက်စပ်နေတဲ့ လုပ်ငန်းနယ်ပယ်တွေပါ ချိတ်ဆက်လုပ်နိုင်မှပဲ ဒီထက် ပိုထိရောက်မယ်။ ဥပမာပြောရရင် ငါးသယံဇာတတွေ ပေါက်ပွားနိုင်တဲ့နေရာတွေက ဒီရေတောတွေ မှာရှိနေတယ်၊ ပြီးတော့ မြေအသုံးချမှုနဲ့ဆိုင်တဲ့အပိုင်းမှာလည်း ငါးမွေးမြူရေးလိုဟာမျိုးနဲ့ ဆက်စပ်နေတော့ ဒါတွေကို စီမံခန့်ခွဲ တဲ့ဥပဒေတွေဟာ တစ်ခုနဲ့တစ်ခု မဆန့်ကျင်ဘဲ လိုက်ရောညီထွေ ဖြစ်နေမှရမယ်။ ဒါမှလည်း ထိန်းသိမ်းရေးပိုင်းကို ပူးပေါင်းအကောင် အထည်ဖော်တဲ့အခါမှာ အဆင်ပြေသွားမယ်။ မဟုတ်လို့ရှိရင် အားကြီးတဲ့ လုပ်ငန်းနယ်ပယ်က အားသေးတဲ့ လုပ်ငန်းနယ်ပယ် အပေါ် လွှမ်းမိုးသွားတာမျိုးတွေ ရှိသွားတော့ တစ်ဖက်မှာ သယံဇာတထိန်းသိမ်းရေးကို ထိခိုက်နိုင်တယ်။ ဒါကြောင့်လည်း သယံဇာတထိန်းသိမ်းရေးနဲ့ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပေးနိုင်တဲ့ ဥပဒေမျိုးတွေ လိုအပ်ပါတယ်။

မော်ကွန်း။ ။ ဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာလုပ် ဆောင်မှုနဲ့ အရေးယူဆောင်ရွက်မှုအပိုင်းမှာ လက်ရှိအခြေအနေ ကို ဘယ်လိုများသုံးသပ်ချင်ပါသလဲ။

ဦးရင်ငြိမ်း။ ။ ခြုံငုံပြီးတော့ ပြောမယ်ဆိုရင်တော့ အမိန့်ညွှန်ကြား ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာ၊ အရေးယူ ဆောင်ရွက်တာတွေက အရမ်းကို အားနည်းနေပါသေးတယ်။ ဘယ်လိုပဲ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား တကယ်တမ်းတော့ မြေပြင်မှာ အသက်ဝင်မှုမရှိပါဘူး။          ဒါကြောင့်လည်း ကျွန်တော် အထက်နားမှာပြောခဲ့သလို အောက်ခြေပြည်သူလူထုကိုယ်တိုင် ပါဝင်နိုင်တဲ့စနစ်နဲ့ ဒီယန္တရားကို မြှင့်ယူရမယ်။ အခုဟာက အပေါ် ကနေပြီး ဥပဒေတစ်ခု၊ စည်းမျဉ်းတစ်ခု ချမှတ်လိုက်တယ်ဆိုရင် အောက်ခြေလူထုတွေက သိမနေဘူး။

အဲဒါကြောင့်လည်း ငါးသယံဇာတ ထိန်းသိမ်းရေးနဲ့ပတ် သက်လို့ရှိရင် ဌာနဆိုင်ရာနဲ့အတူ နယ်ပယ်အလိုက်က သက် ဆိုင်တဲ့ ကျွမ်းကျင်သူတွေ၊ လုပ်ငန်းလုပ်ကိုင်နေသူတွေပါဝင်တဲ့ စုပေါင်းစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်နိုင်မှသာ အောင်မြင်မှုရှိမယ်။

မော်ကွန်း။ ။ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေမှာရော ဘယ်လိုပုံစံနဲ့ လုပ်ဆောင်နေတယ် လို့ လေ့လာတွေ့ရှိရပါသလဲ။

ဦးရင်ငြိမ်း။ ။ ထိုင်းနိုင်ငံမှာဆိုရင် တရားမဝင် ငါးဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့ လျှော့ချနိုင်ဖို့နဲ့ ဥရောပသမဂ္ဂဈေးကွက်ကို ချိတ် ဆက်နိုင်ဖို့အတွက် တကယ့်ကိုအားကောင်းတဲ့ နိုင်ငံတော်ယန္တရား တွေနဲ့လုပ်ဆောင်နေတာရှိပါတယ်။ ဥပမာအနေနဲ့ စာရင်းပေး သွင်းခြင်းမရှိတဲ့ သင်္ဘောတွေကို လုံးဝဖမ်းဆီးခွင့်မပြုဘဲ လုပ်ငန်း ကို အနားပေးလိုက်တာတွေ ရှိတယ်။ သင်္ဘောတစ်စီးက အဲဒီလိုမျိုးစာရင်းပေးသွင်းခြင်းအားဖြင့် ဒီသင်္ဘောက ဘယ်လုပ်ကွက် မှာ ဖမ်းဆီးတယ်၊ အလုပ်သမား ဘယ်နှယောက်ပါတယ်၊ ဘယ် နေရာကို ရောက်နေတယ် စတဲ့အချက်တွေကို ဌာနက မှတ်တမ်း မှတ်ရာ ရယူနိုင်မယ်။

ငါးဖမ်းရေပြင်မှာရှိနေတဲ့ သင်္ဘောတွေ၊ လှေတွေရဲ့ အသေး စိတ်အချက်အလက်တွေကို တိတိကျကျသိလာရမယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက်လည်း ထိုင်းမှာက ဥပဒေတွေကို အသေအချာ ပြင်ဆင်ရေးဆွဲပြီး အစီအစဉ်တကျဆောင်ရွက်နေတာ ရှိပါတယ်။ နောက်တစ်ခါ ကမ္ဘောဒီးယားနိုင်ငံဆိုရင်လည်း ကုန်းတွင်းငါး လုပ်ငန်းအားလုံးကို ရပ်ရွာအခြေပြု အစုအဖွဲ့အလိုက် စီမံခန့်ခွဲမှု စနစ်နဲ့ အကောင်အထည်ဖော်နေတာရှိပါတယ်။ သူတို့မှာလည်း ကျွန်တော်တို့နိုင်ငံလိုပဲ ပြည်ထောင်စု အဆင့်ဥပဒေတစ်ခုရှိတယ်။

ပြီးတော့မှ ငါးဖမ်းလုပ်ကွက်အလိုက် ဒေသခံလူထုတွေကိုယ်တိုင် ပါဝင်ရေးဆွဲတဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ် ဆောင်တာပေါ့။ အခုဆို နှစ်ပေါင်းနှစ်ဆယ်လောက်တောင် ရှိနေ ပြီ။ တော်တော်လည်း အောင်မြင်တာကို တွေ့ရတယ်။ ပင်လယ်ငါး လုပ်ငန်းနဲ့ ပတ်သက်ရင်တော့ ဖိလစ်ပိုင်နိုင်ငံဟာ လေ့လာစရာ ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီမှာက ပင်လယ်မှာရှိ နေတဲ့ ငါးဖမ်းကွက်တွေကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဇုန် တွေ သတ်မှတ်တယ်၊ ပြီးတော့ သတ်မှတ်ဇုန်တွေမှာ ဘယ်အဖွဲ့ အစည်းတွေက တာဝန်ယူစီမံခန့်ခွဲမယ် စတဲ့မူဝါဒတွေ တိတိကျ ကျပြဋ္ဌာန်းပြီးသားရှိတယ်။

ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် နယ်ကျော်ပြီး ဖမ်းဆီးတာ တွေ၊ ကန့်သတ်ထားတဲ့ ကိရိယာတွေနဲ့ ဖမ်းဆီးတာမျိုးတွေကို လျှော့ချသွားနိုင်တယ်။ ပြီးတော့ အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ငါး လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး သူ့သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့တွေကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားတာကို တွေ့ ရတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ငါးဦးစီးလို ဌာနအောက်မှာကိုက ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် မယ့် ယူနစ်တွေက အများကြီးထားပေးထားတယ်။

ဥပမာအနေနဲ့ပြောရရင် အခွန်ဆောင်တဲ့ ဌာန၊ ဝန်ဆောင် မှုသီးသန့်ပေးမယ့် ဌာနတွေလည်း တစ်နေရာတည်းမှာပဲ ထား ပေးတယ်။ နောက်တစ်ခုက ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ထဲမှာကို ပဲ ငါးသယံဇာတထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သီးသန့်ဘတ်ဂျက်ပါပြီးသားဖြစ်တယ်။ ပြောရရင် လူအင်အား၊ ဘဏ္ဍာငွေ၊ ပြီးတော့ အစုအဖွဲ့အလိုက် စီမံခန့်ခွဲမှုစနစ်နဲ့ သွားတာ ကို အဓိက ဇောင်းပေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို အဆင့် တိုင်း၊ အဆင့်တိုင်းမှာ လုပ်ဆောင်သွားတဲ့အတွက် အောင်မြင် တယ်လို့ ပြောနိုင်ပါတယ်။

မော်ကွန်း။ ။ သဘာဝငါး ထုတ်ယူသုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

ဦးရင်ငြိမ်း။ ။ သဘာဝငါးထုတ်ယူသုံးစွဲမှုကို လျှော့ချတယ်ဆိုတာ ထက် ကျွန်တော်သုံးချင်တဲ့ စကားလုံးကတော့ ထုတ်ယူသုံးစွဲနိုင် တဲ့ ပမာဏသတ်မှတ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အခုလက်ရှိမှာက ရေချိုကိုပဲကြည့်ကြည့်၊ ရေငန်မှာပဲ ကြည့်ကြည့် ရသမျှ အကုန် ထုတ်ယူမယ်ဆိုတာမျိုး ဖြစ်နေတာကိုး။ တကယ်တမ်းကျတော့ ငါးသယံဇာတဆိုတာမျိုးက ထုတ်ယူသင့်တဲ့အချိန်မှာထုတ်၊ နား သင့်တဲ့အချိန်မှာနား၊ ပြီးတော့သတ်မှတ်ထားတဲ့ ကိရိယာတန် ဆာပလာတွေနဲ့ပဲ ဖမ်းယူစားသုံးမယ်၊ စည်းကမ်းတကျလေး လုပ် သွားမယ်ဆိုရင် တစ်လျှောက်လုံး စားသုံးနိုင်တဲ့ သယံဇာတမျိုး ဖြစ်ပါတယ်။

အခြားသောအရင်းအမြစ်တွေလို တစ်ကြိမ်ထုတ်ပြီးတာနဲ့ ကုန်ခန်းသွားမှာမျိုး မဟုတ်ပါဘူး။ အရင်းအမြစ်တွေ ပြန်စိုက် ထည့်လို့ရသလို ထိန်းသိမ်းလို့ရတယ်။ ကျွန်တော်ပြောချင်တာက တော့ လျှော့ချတယ်ဆိုတာထက် ငါးဖမ်းဆီးတဲ့လှေတွေ အစီးရေ ကန့်သတ်ဖို့၊ ငါးမဖမ်းရရာသီမှာ လိုက်နာလုပ်ဆောင်ဖို့နဲ့ ငါး မဖမ်းရ ဧရိယာတွေ သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ လိုက် နာဆောင်ရွက်မှုတွေ လုပ်လိုက်မယ်ဆိုရင် ဒါဟာပိုကောင်းလာ မယ်လို့ မြင်တယ်။

အခုလက်ရှိဆိုလို့ရှိရင်လည်း ငါးဖမ်းသင်္ဘောတွေကို ပင် လယ်ပြင်မှာ ရက်ပေါင်းကိုးဆယ် ဖမ်းဆီးခွင့်ပြုထားတယ်။ ဒီလို ဟာမျိုးက နိုင်ငံတကာမှာလည်း ဘယ်နိုင်ငံမှာမှ မရှိဘူး။ ဒါတွေ ကို ပြုပြင်ဖို့လိုတယ်။ အခုဟာကတော့ ရက်ပေါင်းများစွာ ဖမ်းဆီး ခွင့်ပြုထားတယ်။ တစ်ဆင့်ခံ သယ်ယူတဲ့လှေတွေနဲ့ ရွှေ့ပြောင်း သယ်ယူပြီးတော့ ဈေးကွက်တွေကို ပို့တယ်ပေါ့။

တကယ်တမ်းဖြစ်သင့်တာက သင်္ဘောတစ်စီးက ပင်လယ် ထွက်ပြီး ငါးဖမ်းမယ်၊ ပြန်ဝင်လာတဲ့အခါ ဘယ်လိုငါးအမျိုးအစား တွေ ရလာတယ်၊ အလုပ်သမား ဘယ်နှယောက်သုံးတယ် စတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာဌာနမှာစာရင်းလာသွင်းရ မယ်။ ဒါမှလည်း ဌာနအနေနဲ့က ငါးဖမ်းဆီးမှုအခြေအနေ အသေး စိတ်ကို မှတ်တမ်းထားနိုင်မယ်။ အခုတော့ အဲဒီစနစ်ပျောက် နေတယ်။

နောက်တစ်ခုက ရေချိုငါးလုပ်ငန်းမှာဆိုရင်လည်း တင်ဒါ စနစ်တွေ၊ လေလံစနစ်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ ရှိသင့်တဲ့နှုန်းထား ထက်ကျော်လွန်တဲ့ အခြေအနေမျိုးမဖြစ်အောင် ကြပ်မတ်စစ် ဆေးရမယ်။ လက်ရှိ ပုံစံအတိုင်းပဲ သွားနေမယ်ဆိုရင်တော့ တင် ဒါကြေး ပေးရတာနဲ့တန်အောင် အလွန်အမင်းထုတ်ယူနေတာ မျိုးတွေက ဆက်ရှိနေမှာပဲ။

မော်ကွန်း။ ။ ငါးမဖမ်းရရာသီ သတ်မှတ်လိုက်တဲ့အတွက် ဒေသခံ ရေလုပ်သားတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိနိုင် မလဲ။

ဦးရင်ငြိမ်း။ ။ တော်တော်များများ ထင်မြင်ယူဆကြတာက အခု လိုမျိုး ရာသီပိတ်လိုက်ရင် အခြေခံရေလုပ်သားတွေရဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေကို ထိခိုက်သွားမယ် ဆိုတာမျိုးပေါ့ နော်။ ဆွေးနွေးပွဲတွေမှာလည်း အဲဒီလို သုံးသပ်ပြောဆိုတာမျိုး တွေ မကြာခဏကြားရပါတယ်။ ကျွန်တော်အထင်တော့ ဒီကိစ္စ မှာ သိပ်ပြီးအခက်အခဲမရှိနိုင်ဘူးလို့ မြင်ပါတယ်။ သူက ငါးမဖမ်းရ ရာသီသတ်မှတ်လိုက်တယ် ဆိုပေမယ့် တကယ်တမ်းအားလုံးကိုပိတ်လိုက်တာမျိုး မဟုတ်ပါဘူး။

ဆွဲပိုက်တွေ၊ မျှောပိုက်တွေအပါအဝင် အကြီးစားငါးဖမ်း ဆီးမှုမျိုးတွေကိုပဲ သတ်မှတ်တဲ့ ရာသီအတွက် ရပ်နားခိုင်းတဲ့ သဘောပါ။ တစ်ပိုင်တစ်နိုင်လုပ်ကိုင်တဲ့ အသေးစားဖမ်းဆီးမှုမျိုး တွေကိုတော့ ခွင့်ပြုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ တို့က စီးပွားဖြစ် ဖမ်းဆီးရနိုင်တာမျိုး မဟုတ်တဲ့အတွက် ငါး ပေါက်ပွားမှုကို မထိခိုက်နိုင်ပါဘူး။

အဲဒီလိုပိတ်တဲ့အခါမှာလည်း လက်ရှိပုံစံအတိုင်း သုံးလ ပိတ်တယ်ဆိုတာမျိုးက သိပ်ပြီးတော့ အောက်ခြေမှာ လက်မခံ ချင်ကြဘူး။ ဒါကိုလည်း ရပ်ရွာအခြေပြု ငါးလုပ်ငန်းစီမံခန့်ခွဲမှုပုံစံ နဲ့လုပ်ရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်မယ်လို့ ထင်တယ်။ ဘာ လဲဆိုတော့ အထက်ကနေပြီး ဘယ်နှလ ပိတ်မယ်ဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်ဒေသခံတွေ အချင်းချင်းညှိနှိုင်းပြီးတော့မှ ငါတို့ ဒီနှစ်မှာ ဘယ်နှရက်တော့ ပိတ်မယ်၊ နောက်နှစ်မှာ ဘယ်လောက် ထပ်တိုးမယ်ဆိုတာမျိုးနဲ စလိုက်ရင် သူတို့ကိုယ်တိုင် သတ်မှတ်တဲ့ အတွက် လိုက်နာမှုက ပိုပြီး အားကောင်းမယ်လို့ မြင်တယ်။

ပိတ်လိုက်တဲ့အတွက်လည်း ငါးပေါက်ပွားမှုက နောက်နှစ် နောက်နှစ်တွေမှာ သိသိသာသာ ဖြစ်လာတယ်ဆိုရင် ဒီအပေါ်မှာ သူတို့ကအကျိုးခံစားခွင့်တွေ၊ ဖမ်းဆီးရမိမှုတွေ ပိုလာတဲ့အတွက် ဒီစနစ်က အောင်မြင်လာမယ်။ ဒါကတော့ ဒေသခံ ရေလုပ်သား တွေနဲ့ပတ်သက်ပြီး ငါးမဖမ်းရရာသီအတွက် စဉ်းစားတဲ့ နည်း လမ်းတစ်မျိုးပေါ့။ နောက်တစ်ခုကတော့ သင်္ဘောတွေပေါ်မှာ လိုက်ဖမ်းရတဲ့ ကမ်းဝေးရေလုပ်သားတွေနဲ့ပတ်သက်လို့ အိမ်နီး ချင်းနိုင်ငံအချို့မှာတော့ ရေလုပ်သားတွေရဲ့ လစာတွေထဲက တစ် စိတ်တစ်ဒေသကို စုဆောင်းတဲ့စနစ်ဖြစ်ပါတယ်။ ဆိုလိုတာက တော့ လစာရဲ့ဘယ်နှရာခိုင်နှုန်းကိုတော့ ရန်ပုံငွေအဖြစ် သတ် မှတ်မယ်ဆိုပြီး လစဉ်ဖယ်ယူထားတဲ့ဟာပေါ့။

ဒီငွေတွေကို ဘယ်အချိန်မှာ ပြန်သုံးလည်းဆိုတော့ စော စောကပြောတဲ့ ငါးမဖမ်းရရာသီရောက်တဲ့အခါ ရေလုပ်သားတွေ ကိုအချိုးကျ ပြန်ထုတ်ပေးတာမျိုး ဖြစ်ပါတယ်။ ဆိုတော့ ဒါတွေ က ရာသီပိတ်ချိန်မှာ ရေလုပ်သားတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းရေးနည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ စုဆောင်းငွေ ထားတဲ့အခါ လုပ်ငန်းရှင်က ဘယ်လောက်၊ လုပ်သားက ဘယ် လောက်၊ အစိုးရရဲ့ စိုက်ထည့်ငွေက ဘယ်လောက်ဆိုပြီးတော့ အချိုးနဲ့ သွားတာမျိုးဖြစ်ပါတယ်။ အဲဒါတွေက အခြားနိုင်ငံတွေ မှာပါ။ ကျွန်တော်တို့ဆီမှာတော့ ငါးလုပ်ငန်းကနေ ရလာတဲ့ ဘဏ္ဍာ ငွေထဲကနေ ဒီလုပ်ငန်းရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ငွေစိုက်ထုတ်သုံးစွဲတာက အလွန်ကို နည်းပါးနေပါသေး တယ်။ ပြောမယ်ဆိုရင် ဒါတွေကို တဖြည်းဖြည်းချင်း ပြုပြင်သွားမှ ရပါလိမ့်မယ်။

မော်ကွန်း။ ။ ဘာများ ဖြည့်စွက်ပြောလိုတာ ရှိပါသေးလဲ။

ဦးရင်ငြိမ်း။ ။ အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ ငါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တစ်စုတစ်ဖွဲ့တည်းကိုပဲ ပြုပြင်ဖို့ ပြော ဆိုနေမယ့်အစား ဒီလုပ်ငန်းနဲ့ သက်ဆိုင်သူတွေအားလုံးက ဆွေး နွေးညှိနှိုင်းအဖြေရှာပြီးတော့မှ အချိန်ယူလုပ်ဆောင်တာမျိုး လုပ် ပါမှ အနာဂတ်အတွက် ပိုပြီး အကျိုးရလဒ်တွေ ဖြစ်ထွန်းနိုင်မယ် လို့ ယုံကြည်ပါတယ်။ ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ အင်တာဗျူး ဖြစ်ပါသည်။

မင်းလွင် တွေ့မေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here