Home ခရီးသွားဆောင်းပါး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံနဲ့ ခရီးသွားလုပ်ငန်း အကျိုးအမြတ်

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံနဲ့ ခရီးသွားလုပ်ငန်း အကျိုးအမြတ်

254
0
ဓာတ်ပုံ - ကျော်ရင်မြင့်
Advertise Here

အိန္ဒိယနိုင်ငံမှာ ပဉမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကို ကျင်းပပါတယ်။ အိန္ဒိယအစိုးရ ခရီးသွားလုပ်ငန်း ဝန်ကြီး ဌာနက ကမကထလုပ်တာမို့ ကျွဲကူးရေပါဆိုသလို သူတို့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အထူးပြု လုပ်ကိုင်သွားတာ တွေ့ရပါတယ်။

ညီလာခံကို ကမ္ဘာ့နေရာအနှံ့ နိုင်ငံပေါင်း ၃၉ နိုင်ငံက သံဃာတော် ကြီးတွေ၊ ပညာရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေ၊ သတင်းမီဒီ ယာသမားတွေ၊ တာဝန်ရှိသူတွေ လူ ၄ဝဝ လောက် တက်ရောက် ကြတယ်။ နော်ဝေ၊ အမေရိကန်၊ ရုရှ၊ တောင်အာဖရိက၊ ဗြိတိန်၊ ဗီယက်နမ်၊ က္ဘောဒီးယား၊ လာအို စသဖြင့် နိုင်ငံတွေ တော်တော် စုံပါတယ်။

ဗုဒ္ဓဘာသာညီလာခံဖွင့်ပွဲကို နယူးဒေလီမြို့တော်မှာ ကျင်း ပတယ်။ နောက်ရက်တွေမှာ ဗာရာဏသီ၊ ရာဇဂြိုဟ်၊ ဗုဒ္ဓဂယာမြို့ တွေမှာ တစ်နေရာပြီးတစ်နေရာ ပြောင်းလဲလှည့်လည် ကျင်းပ တယ်။ ညီလာခံပြီးတဲ့နောက်မှာ နှစ်ညအိပ်သုံးရက်၊ သုံးညအိပ် လေးရက်၊ လေးညအိပ်ငါးရက် ခရီးစဉ်အမျိုးမျိုးဆွဲပြီး ခရီးသွား လာ လည်ပတ်စရာနေရာတွေကို လေ့လာရေးခရီး စီစဉ်ပေး တယ်။ ခရီးစဉ်အမျိုးကွဲပေါင်း ခုနစ်မျိုးရေးဆွဲကာ ညီလာခံလာသူ တွေက ကိုယ်စိတ်ဝင်စားရာ ရွေးချယ်သွားရောက်စေပါတယ်။ ခရီးစဉ်တစ်လျှောက် ညပိုင်းမှာ ညစာစားပွဲ တည်ခင်းဧည့်ခံရင်း ရိုးရာတေးဂီတနဲ့ အကပဒေသာလည်း တင်ဆက်ပေးတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်
Advertise Here

ခရီးသွားလာရေးဝန်ကြီးဌာနက ကမကထပြုတာဖြစ်ပြီး Air India က လေယာဉ်ခရီးစဉ်တွေအတွက် တာဝန်ယူ ပေးတယ်။ မီးရထားဌာန၊ ကားသယ်ယူပို့ဆောင်ရေးဌာနတွေ ကလည်း ပူးပေါင်းတာဝန်ယူသလို သက်ဆိုင်ရာ ဒေသအသီး သီးက ဟိုတယ်ပိုင်ရှင်တွေကလည်း ဟိုတယ်ခန်းတွေ တာဝန်ယူ ပေးတာ တွေ့ရတယ်။

ညီလာခံကျင်းပတာ ဒုတိယမြို့ဖြစ်တဲ့ ဗာရာဏသီမြို့ကို ရောက်တဲ့ ညနေခင်းမှာ ဂင်္ဂါမြစ်ကို ပူဇော်ပွဲ ကျင်းပတာ ဗုဒ္ဓ ဘာသာ ညီလာခံကို လာသူအားလုံး လိုက်ပို့ပေးပါတယ်။ ဂင်္ဂါမြစ် ပူဇော်ပွဲက ရိုးရာဓလေ့အရ နေ့စဉ်ပြုလုပ်နေကျဖြစ်ပြီး ခရီးသွား တိုးရစ်တွေ စိတ်ဝင်တစားကြည့်ရှုလေ့ရှိတာ တစ်ခုဖြစ်ပါတယ်။

ဗာရာဏသီမှာ ကျင်းပတဲ့ ဗုဒ္ဓဘာသာညီလာခံမှာ အိန္ဒိယ နိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Mr.Mahesh Sharma ၊ နိုင်ငံတော်ခရီးသွားလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး Mr.Vinod Zutshi အပါအဝင် အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ ယူနက်စကိုပညာရှင် အပါအဝင် နိုင်ငံစုံက ပညာရှင်တွေက ဗုဒ္ဓ သာသနာနဲ့ အိန္ဒိယနိုင်ငံအကြောင်း၊ ဗုဒ္ဓဝါဒအကြောင်း၊ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ အိန္ဒိယနိုင်ငံအနှံ့က နေရာဒေသတွေအကြောင်း၊ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းဖို့ အကြောင်းတွေကို ဆွေးနွေးပြောကြားကြတယ်။ အိန္ဒိယနိုင်ငံ ခရီးသွားလာရေးလုပ် ငန်း တာဝန်ရှိ အမျိုးသမီးက အိန္ဒိယနိုင်ငံအနှံ့က သွားရောက်ချင် စရာကောင်းတဲ့ ရှေးက စေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ ပန်းပု၊ နံရံ ဆေးရေး ပန်းချီအနုပညာလက်ရာတွေ၊ သာယာလှပတဲ့ သဘာဝ ဝန်းကျင်အနေအထားတွေ၊ စိတ်ဝင်စားစရာ ဓလေ့ထုံးစံတွေကို ပါဝါပွိုင့် ရောင်စုံဆလိုက်ပုံတွေနဲ့ ပြသပါတယ်။ ခရီးသွားလုပ်ငန်း ပရိုမိုးရှင်း စတော့တာပါပဲ။

ညီလာခံခန်းမကြီးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ပဉဝဂ္ဂီငါးပါးကို အနတ္တလက္ခဏသုတ် ဟောကြားတော်မူအပြီး ငါးပါးလုံး ရဟန္တာအရှင်မြတ်များ ဖြစ်တော်မူတဲ့နေရာမှာ အထိမ်း အမှတ်အဖြစ် တည်ထားတဲ့ ဓမ္မေခ စေတီတော်အနီးက မြက်ခင်း ပြင်ကျယ် စိမ်းစိမ်းကြီးရဲ့နေရာမှာ အင်မတန်ကြီးမားတဲ့ ခန်းမ ဆောင်ကြီးတစ်ခု ဝိသကြုံနတ်သား ဖန်ဆင်းလိုက်တာလို ချက် ချင်း ဖန်တီးလိုက်တာပါ။ နတ်ဖန်ဆင်းသလို ချက်ချင်းပေါ်ပေါက် လာတဲ့ ဘောလုံးကွင်းတစ်ကွင်းစာလောက် ကျယ်တဲ့ ခန်းမကြီး ကို စတီးဖရိမ်တွေနဲ့ဆင်၊ မိုးကာဖျင်တွေနဲ့ တဲအကြီးကြီးထိုးထား တာပါ။ အဲယားကွန်းနိုင်နိုင်ပေးထားလို့ ခန်းမကြီးက အေးမြပြီး လေက လတ်ဆတ်နေတယ်။ ခန်းမဘေး နံရံမှာလည်း ဗုဒ္ဓရဲ့ ရုပ်ပုံ တော်တွေကို ဖန်တီးထားတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

ဒီခန်းမကြီးနဲ့ဆက်လျက်မှာ ယာယီအိမ်သာတွေလည်း ပါ တယ်။ ယာယီပြခန်းတဲတန်းလျားလည်း ပါတယ်။ တဲတန်းလျား မှာတော့ အိန္ဒိယနိုင်ငံတစ်ခွင်လုံးက ပြည်နယ်အလိုက် ခရီးသွား လုပ်ငန်းပြခန်းတွေ ခင်းကျင်းထားတယ်။ ခရီးသွားကုမ္ပဏီတွေက အခန်းတွေမှာ နေရာယူပြီး သူတို့အတွက် အရောင်းမြှင့်တင်ရေး အလုပ်ကို အားစိုက်ခွန်စိုက် လုပ်ကြတာ တွေ့ရတယ်။

အခမ်းအနားအစီအစဉ် နေ့လယ်ပိုင်းမှာ ရွက်ဖျင်တဲခန်းမ ဆောင် အခင်းအကျင်းက ပြောင်းလဲသွားပြီ။ မနက်ပိုင်းညီလာခံ တုန်းက စင်မြင့်ထက်ကို မျက်နှာမူထိုင်ကြတာ ဖြစ်ပေမယ့် နေ့ လယ်ပိုင်းရောက်တော့ ထမင်းစားဝိုင်းလို စားပွဲဝိုင်း ၆ဝ လောက် ခင်းထားတယ်။ စားပွဲတွေပေါ်မှာ အိန္ဒိယနိုင်ငံနဲ့ နိုင်ငံတကာက ခရီးသွားလုပ်ငန်းကုမ္ပဏီတွေရဲ့ အမည်တွေ ရေးထားပါတယ်။ ခရီးသွားလုပ်ငန်းချင်း ချိတ်ဆက်မြှင့်တင်ရေး အစီအစဉ်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ စားပွဲမှာထိုင်ပြီး ခရီးသွားလုပ်ငန်းတွေ အနာဂတ်မှာ ပေါင်းစပ်လုပ်ကိုင်ဖို့ အပြန်အလှန် ဆွေးနွေးကြ တယ်။ ချိတ်ဆက်ကြတယ်။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကို အကြောင်းခံပြီး အိန္ဒိယနိုင်ငံက ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးအောင် မြှင့်တင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ညီလာခံကို ခရီးသွားလုပ်ငန်းရှင်တွေလည်း ဖိတ်ကြား ထားတာဖြစ်လို့ ခန်းမဆောင်တစ်ခုလုံးက စားပွဲတိုင်းမှာ လူတွေ အပြည့်ပါ။ ပျားတွေ ဝတ်ရည်စုပ်သလို ဟိုစားပွဲ ဒီစားပွဲကူးရင်း မိတ်ဖွဲ့ကြ၊ လုပ်ငန်း စကားပြောကြနဲ့ အဆင်ပြေနေပါတယ်။ ပျား ပန်းခပ်လှုပ်ရှားနေကြတယ်။

”သူတို့က နိုင်ငံအနှံ့က ကုမ္ပဏီတွေ အစုံခေါ်ထားတော့ အဆက်အသွယ်သစ်တွေ ရတယ်။ Networking ပိုကောင်းတာ ပေါ့။ တစ်ခါမှ ဗုဒ္ဓဂယာကို ဧည့်သည်မပို့ဖူးသေးတဲ့ လာအို၊ ကမ္ဘောဒီးယားတို့ပါ ဖိတ်ထားတော့ သူတို့အတွက် Buyer အသစ်တွေ ရတယ်။ ခုခေတ်က အီးမေးလ်နဲ့ အလုပ်လုပ်လို့ ရ တယ်။ အဆက်အသွယ်တွေ ပိုရကြတယ်”လို့ ပွဲကို ကိုယ်တိုင် တက်ရောက်တဲ့ မြန်မာနိုင်ငံက Travel for Moments (တဒင်္ဂ ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်း)ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါ်နှင်းမိုး ဝေက ပြောပါတယ်။

မြန်မာနိုင်ငံက လာပြီး တက်ရောက်တဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် ဆရာတော်ဘဒ္ဒ န္တ ပညာဝံသကတော့ ”အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကို နိုင်ငံပေါင်းစုံက ဆရာတော်တွေ၊ ဘုန်းတော်ကြီးတွေလည်း ဖိတ်ကြားတယ်။ သာ သနာရေး ဆွေးနွေးသလို တစ်ဖက်မှာ အိန္ဒိယနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းလည်း မြှင့်တင်တာ လုပ်တယ်။ ဘုန်းကြီးတွေက ဘုရား ရှင်နဲ့ ပတ်သက်တဲ့ သွားရောက်သင့်တဲ့ နေရာ၊ သွားရောက်နိုင်တဲ့ နေရာတွေကို ဒကာ၊ ဒကာမတွေကို ညွှန်ပြပေးနိုင်တာပေါ့”လို့ မိန့်ကြားပါတယ်။

ကိုရီးယားနိုင်ငံက ကြွရောက်လာတဲ့ မဟာနာယက ဆရာ တော်ကြီး Most Ven.Seo Euinyum ကတော့ ”ဗာရာဏသီ က သံဃာအတွက် အရေးကြီးတယ်။ သံဃာတော် ဒီမှာ စတင်ပေါ် ထွန်းရာ နေရာမို့ အရေးကြီးတယ်။ ဒီကိုလာတဲ့ ဧည့်သည်က တစ် နှစ်ထက် တစ်နှစ် ပိုများလာတယ်။ ဗာရာဏသီဟာ ဘာသာရေး ဆိုင်ရာ ခရီးသည်တွေအတွက် အရေးကြီးတဲ့ နေရာဖြစ်တယ်။ ဒီ လိုနေရာမှာ ညီလာခံလုပ်တဲ့အတွက် ခရီးသွားလုပ်ငန်းကို အထောက်အပံ့ ပိုဖြစ်တယ်”လို့ မိန့်ကြားတယ်။
”မေးကြည့်တော့ Tour ကုမ္ပဏီ အငယ်လေးတွေလည်း တက်လို့ရတယ်။ လျှောက်ထားကြတဲ့အထဲက ကုမ္ပဏီ ၅၂ ခု ရွေး တာ။ ကုမ္ပဏီကြီးမှ မဟုတ်ဘူး၊ အသေးလေးတွေလည်း တက်လို့ ရတယ်။Tour ကုမ္ပဏီတွေ၊ ဟိုတယ်တွေ၊ Transportation ကုမ္ပဏီ အားလုံး တက်ခွင့်ရတယ်။ မြန်မာနိုင်ငံမှာလည်း ကိုယ့် Local လုပ်ငန်းရှင်တွေကို ရွေးချယ်အားပေးပြီး ဒီပွဲမျိုး ကျင်းပ စေချင်တယ်”လို့ ဒေါ်နှင်းမိုးဝေ (တဒင်္ဂ)က ပြောတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

ဗုဒ္ဒဂယာ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ပြန် ကြားရေးတာဝန်ခံ ဒေါ်ဖြူမာကိုက ”သူတို့အစီအစဉ်က ကောင်း တယ်။ Buyer ၊ Seller တွေချည်း ဖိတ်တာမဟုတ်ဘဲ သံဃာ တော်တွေ၊ ဘုန်းကြီးတွေ၊ မီဒီယာတွေပါ ဖိတ်လို့ တော်တော် ထိ ရောက်တယ်။ အိန္ဒိယနိုင်ငံအတွက် ဗုဒ္ဓဘာသာကို အကြောင်းပြု ပြီး Tourism ကို မြှင့်တင်နိုင်တယ်။ အိန္ဒိယက ဆန်ချီလို၊ ရွှေတိဂုံ စေတီတော် ပုံတူတည်ထားတဲ့ မွမ်ဘိုင်းလို၊ အာဂျန္ဒာလို ဂူတွေ ရှိတဲ့နေရာ၊ ရေခဲတောင်တွေ ရှိတဲ့နေရာတွေကို ခရီးစဉ်အသစ် ချဲ့တယ်။ ဖြူမာတို့ဆီမှာ အိန္ဒိယကို ပို့တဲ့ ခရီးသွားလုပ်ငန်းအဖွဲ့ ၁ဝဝ လောက်ရှိတယ်။ နေရာသစ်တွေ ထပ်ချဲ့နိုင်မယ်။ အချို့က ရေခဲတောင်သွားချင်တယ်။ လူငယ်တွေအတွက် ရေခဲတောင်လို နေရာကို ကေဘယ်နဲ့ တက်၊ စကီးစီးပြီး ပြန်ဆင်းအောင် စီစဉ်ပေး ထားတယ်။ ကိုယ့် Customer တွေကို ထိန်းဖို့ Taste အသစ်တွေ ပေးရမယ်”လို့ ပြောပြတယ်။

အိန္ဒိယအစိုးရ ခရီးသွားလာရေးဝန်ကြီးဌာနက ကမကထ လုပ်ပြီး ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ”ညီလာခံမှာ Travel Mart လည်း ဖြစ်အောင် သူတို့လုပ်တယ်။ သူတို့က နယူး ဒေလီမှာလုပ်တယ်။ ပြီးတော့ ဗာရာဏသီ၊ ဗုဒ္ဓဂယာမှာ ဆက် လုပ်တယ်။ ပရိသတ်ကို Site တွေ မရောက်ရောက်အောင် လုပ် ပေးတာ”လို့ ဆိုပါတယ်။

ဘုရားဖူးရင်း လိပ်ဥလည်းတူးတယ်လို့ ဆိုကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကို ဦးစီးစီစဉ်တဲ့ အိန္ဒိယ နိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း မြှင့်တင် ရေးကိုလည်း အကျိုးရှိရှိ တွဲပြီး လုပ်ဆောင်သွားတာ တွေ့ရပါတယ် ။ ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။
ကျော်ရင်မြင့် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here