Home သတင်း အမေးတခြား အဖြေတခြားဖြစ်ခဲ့ရသည့်ပြည်သူ့လွှတ်တော်အစည်းအဝေး

အမေးတခြား အဖြေတခြားဖြစ်ခဲ့ရသည့်ပြည်သူ့လွှတ်တော်အစည်းအဝေး

1193
0
ဓာတ်ပုံ ပြည်သူ့လွှတ်တော်
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ကျော်ဇေယျ
ဇန်န၀ါရီ – ၂၂
သစ်ခိုးထုတ်သည့်အကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်မေးမြန်းရာ မေးခွန်းအဓိပ္ပာယ်လွဲသည့်အတွက် အဓိကတာဝန်ရှိသည့်ဝန်ကြီးဌာနအစား အခြားဝန်ကြီးဌာနက လာရောက်ရှင်းလင်းသောကြောင့် အဖြေမရရှိဘဲဖြစ်ခဲ့ရသည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသိန်းက “ ပဲခူးရိုးမကို ဖြတ်သန်းဖောက်လုပ်ထားသောကတ္တရာလမ်းမကြီးများရဲ့ လမ်းဘေးဝဲယာမှာ ကျေးရွာချင်းဆက်လမ်းမဟုတ်သော မြေသားတစ်ကြောင်းထိုးလမ်းများ ဖောက်လုပ်ထားခြင်းနှင့် ဖောက်လုပ်နေကြခြင်းကို တားဆီးပေးရန် မည်သို့စီစဉ်ထားပါသလဲ ” ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
ထို့နောက် မေးခွန်းနှင့်ပတ်သက်သည့် ကျိုးကြောင်းဖော်ပြချက်ကို ရှင်းလင်းရာတွင် ယင်းလမ်းများသည် သစ်ခိုးထုတ်နေသူများ ဖောက်လုပ်ထားကာ အစိုးရတရားဝင် သစ်ခုတ်ခွင့်ပိတ်ထားသည့် ပဲခူးရိုးမသစ်တောများကို ယင်းလမ်းကြောင်းများကိုအသုံးပြုပြီး ပေါ်ပေါ်တင်တင် အသုံးပြုခုတ်ယူနေသည့်အတွက် တားဆီးကာကွယ်မည့် အစီအစဉ်ကို သိလိုရင်းဖြစ်ကြောင်း ရှင်းလင်းသည်။
လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဖြေကြား ရာတွင် “လမ်းနယ်နိမိတ်အတွင်း လမ်းများပျက်စီးမှုမဖြစ်ပေါ်စေရန်အတွက် တစ်ကြောင်းထိုးမြေသားလမ်းများ ဖောက်လုပ်သွားလာခြင်း၊ လမ်းမကြီး၏ ၀ဲယာ၊ လမ်းနယ်နိမိတ်ကိုထိခိုက်ပျက်စီးစေသော လုပ်ငန်းများ ဆောင်ရွက်လျှင် ကျူးလွန်သူမည်သူကိုမဆို အတည်ပြုရေးဆွဲထားသော လမ်းမကြီးများဥပဒေအခန်း(၅) ပုဒ်မ ၇၊၈၊၉ တို့ပါ တားမြစ်ချက်များအရ ဥပဒေနဲ့အညီ အရေး ယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ပြောဆိုကာ ဖြေကြားချက်ကို နိဂုံးချုပ်သည်။
ဝန်ကြီးဌာန၏ ဖြေကြားချက်ကို လွှတ်တော်ကိုယ်စားလှယ်က ဆက်စပ်မေးခွန်းထုတ်ရာတွင် သူမေးလိုသည့် အကြောင်းအရင်းနှင့် ယခုလာဖြေကြားသည့်ဌာနသည် သက်ဆိုင်ခြင်းမရှိသည့်အတွက် “ ဘုန်းကြီးနဲ့ ဘီးနဲ့ လိုဖြစ်နေပါတယ်” ဟု ဝေဖန်ခဲ့သည်။
ဒုတိယ၀န်ကြီးကလည်း “ မူလမေးခွန်းခေါင်းစဉ်က ပဲခူးရိုးမမှာဖောက်လုပ်ထားသော လမ်းမကြီးများ၏ လမ်းဘေးဝဲယာမှာရှိတဲ့လမ်းတွေဆိုပြီး အဲဒီလိုမျိုးကြီးမေးတဲ့အတွက် ဒီမေးခွန်းဟာ ကျွန်တော်တို့ဝန်ကြီးဌာနက ဖြေဖို့ဖြစ်လာတာပါ” ဟု လွှတ်တော်အတွင်း တုန့်ပြန်ရှင်းလင်းသည်။
“ တကယ်တမ်းကျတော့ ကိုယ်စားလှယ်တော်ကြီး ရည်ရွယ်တာက သစ်ခိုးထုတ်တာတွေကို သူကရည်ရွယ်တာပါ။ သစ်ခိုးထုတ်နေတယ်။ စက်ယန္တယားတွေနဲ့ သစ်တောထဲမှာ သစ်တွေထုတ်နေတယ်ဆိုရင်၊ အဲဒီမေးခွန်းဆိုရင်တော့ သစ်တော ရေးရာဝန်ကြီးဌာန ဖြေရမှာဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီးက လွှတ်တော်ဥက္ကဌကိုတိုင်တည်ကာ ပြန်လည်ရှင်းလင်းသည်။
ယင်းနောက် ၎င်းမေးခွန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ပေးပို့ပြီး ပြန်လည်ဖြေကြားသွားမည်ဟု ဒုတိယ၀န်ကြီးကပြောကာ အစီအစဉ်ကိုအဆုံးသတ်ပြီး နောက်မေးခွန်းတစ်ခုကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။ ။

  • #mawkun
  • #magazine
  • #chronicle
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here