“အမေရိကကိုလာမယ့် ဒုက္ခသည် အရေအတွက်ကို ကန့်သတ်တော့ ဘာတွေ ဆက်ဖြစ်လာမလဲ”

International Institute of New England ရဲ့ ဥက္ကဋ္ဌ မစ္စတာဂျက်ဖရီသီးလ်မန်းရဲ့ အမြင်

ဘော်စတွန်

အမေရိကန်သမ္မတဒေါနယ်ထရမ့်ဟာ ရွေးကောက်ပွဲကာလ တစ်လျှောက်လုံး တရားဝင်အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တိုင်းပြည်ကနေ နှင်ထုတ်မယ်၊ ဒုက္ခသည်အရေအတွက်ကို ကန့်သတ်လျှော့ချမယ်ဆိုပြီး တစ်လျှောက်လုံး ပြောဆိုခဲ့ပါတယ်။ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးတဲ့ နောက်ပိုင်းမှာလည်း သူရဲ့ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီထဲမှာ တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်ပြုမယ့် ဒုက္ခသည်အရေအတွက်ကို ထက်ဝက်ကျော်လောက် လျှော့ချမယ့်ကိစ္စလည်းပါပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဒုက္ခသည်တွေကိုနေရာချထားရေးတွေလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဘာကြောင့်အခုလိုစိုးရိမ်နေကြရတာလဲ၊ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာတွေနဲ့ပတ်သက်ပြီး ဒုက္ခသည်တွေ နေရာချထားရေးနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေထဲက သုံးဖွဲ့ကို မော်ကွန်းက ချဉ်းကပ် မေးမြန်းထားပါတယ်။

မေးမြန်းခွင့်ရခဲ့သူတွေကတော့ အမေရိကန်ပြည်ထောင်စု၊ မတ်ဆက်ချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ ရုံးချုပ်ဖွင့်ပြီး နယူးအင်္ဂလန်ဒေသမှာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေကိုအကူအညီပေးနေတဲ့ International Institute of New အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ မစ္စတာဂျက်ဖရီသီးလ်မန်း၊ ဘော်စတွန်မြို့မှာ ဒုက္ခသည်တွေကို နေရာချထားရေးနဲ့ အထောက်အပံ့အချို့ စီစဉ်ပေးနေတဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့ Emmanuel Gospel Center ရဲ့ ဒါရိုက်တာ မစ္စတာဂရက်ဒတ်ဝယ်လာနဲ့ မတ်ဆက်ချူးဆက်ပြည်နယ်၊ ဝူစတာမြို့က မြန်မာဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့ Worcester Refugee Assistance Project (WRAP) ရဲ့ ဒုက္ခသည်များအင်္ဂလိပ်စာသင်ကြားရေး ပူးပေါင်းဆောင်ရွက်သူ မစ္စတာကိုင်လ်တင်ဂလေတို့ပဲဖြစ်ပါတယ်။

(နယူးအင်္ဂလန်ဒေသဟာ အမေရိကန်ပြည်ထောင်စုအရှေ့ဘက်ကမ်းရိုးတန်းဘက်မှာ တည်ရှိပြီး အဲဒီဒေသထဲမှာ မတ်ဆက်ချူးဆက်ပြည်နယ်၊ ကွန်နက်တီးကတ်ပြည်နယ်၊ မိန်းပြည်နယ်၊ နယူးဟမ်ရှိုင်းယားပြည်နယ်၊ ရို့ဒ်အိုင်းလန်းပြည်နယ်နဲ့ ဗားမွန့်ပြည်နယ်တို့ ပါဝင်ပါတယ်။ ဝူစတာမြို့ကတော့ မတ်ဆက်ချူးဆက်ပြည်နယ်မှာ မြန်မာနိုင်ငံက လာရောက်နေထိုင်တဲ့ ဒုက္ခသည်ဦးရေ အများဆုံးရှိတဲ့ နေရာဖြစ်ပါတယ်။)

အောက်မှာဖော်ပြထားတာတွေကတော့ ၎င်းတို့နဲ့အင်တာဗျူးထားတဲ့အထဲကနေ အချို့ကိုကောက်နုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။

မော်ကွန်း။ ။ အမေရိကကိုရောက်လာကြတဲ့ ဒုက္ခသည်တွေမှာ ဘယ်လိုအခက်အခဲမျိုးတွေ ရှိကြလဲ။

ဂျက်ဖရီသီးလ်မန်း။ ။ အကြီးမားဆုံးအခက်အခဲကတော့ အမေရိကမှာ အထာကျအောင်နေဖို့ပဲ။ ဒုက္ခသည်တွေဆိုတာ ဆီးရီးယားကပဲလာလာ၊ အီရတ်ကပဲလာလာ၊ အာဖဂန်နစ္စတန်ကပဲလာလာ၊ ဗမာနိုင်ငံက၊ ဒါမှမဟုတ် ဆိုမာလီ၊ ကွန်ဂို ဘယ်နိုင်ငံကပဲလာလာ သူတို့ဟာသူတို့မြေကိုတော့ မခွဲခွာချင်ကြပါဘူး။ သူတို့ဘိုးဘွားတွေ၊ သူတို့ဇာစ်မြစ်တွေရှိတဲ့နေရာမှာ နေချင်ကြတာပေါ့။

ဒါပေမဲ့ သူတို့ဟာ သူတို့မဖန်တီးတဲ့ ပဋိပက္ခတွေကြားမှာ ဒုက္ခတွေရောက်ပြီး ကလေးတွေလည်းကျောင်းမနေနိုင်ဖြစ်ပြီးတော့ ဒုက္ခသည်စခန်းတွေကို ရောက်ကုန်ကြတာ။ အဲဒီမှာ နှစ်အများကြီးကြာချင်ကြာမယ်။ တချို့ဆို ၁၇ နှစ် ၁၈ နှစ်လောက် ဒုက္ခသည်စခန်းတွေမှာ နေခဲ့ရတာတွေရှိတယ်။ အဲဒီတော့ ဒီကိုရောက်လာကြတဲ့အခါမှာ ဒီက ရေမြေပတ်ဝန်းကျင်နဲ့ အထာကျဖို့ ဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုပဲ။

မော်ကွန်း။ ။ သမ္မတဒေါနယ်ထရမ့်လက်ထက်မှာ ဒုက္ခသည်တွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ။

ဂျက်ဖရီသီးလ်မန်း။ ။ စိန်ခေါ်မှုက နှစ်ခုရှိတယ်။ တစ်ခုက ဒုက္ခသည်တွေ ရွှေ့ပြောင်းလာကြတဲ့သူတွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းမှာ ပြောဆိုနေကြတာတွေက မကောင်းဘူး။ သူတို့က အမေရိကန်တွေ အလုပ်လက်မဲ့ဖြစ်ရတာဟာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း လုပ်ကိုင်သူတွေကြောင့်လို့ အပြစ်ပုံချကြတယ်။ ဒါပေမဲ့ တကယ်တမ်းက အဲဒီလိုမဟုတ်ဘူး။ အချက်အလက်ကိန်းဂဏန်းတွေက သူတို့ပြောဆိုနေတာတွေနဲ့ တခြားစီဖြစ်နေတယ်။ မမှန်ဘူး။

သမ္မတဘေးနားကလူတွေက ရွှေ့ပြောင်းလုပ်သားတွေလာတဲ့ကိစ္စကို ကန့်သတ်ချင်နေတယ်။ အဲဒီပြဿနာအကြီးကြီးပဲ။ အဲဒီလိုတွေ ထိပ်ပိုင်းမှာပြောနေကြတော့ အောက်ခြေမှာရွှေ့ပြောင်းလုပ်သားတွေအပေါ် အမေရိကန်အချို့က မလိုမုန်းထားတာတွေ ဖြစ်လာတယ်။

နှစ်စဉ် နိုင်ငံတွင်းဝင်လာတဲ့ ဒုက္ခသည်အရေအတွက်ကို ကန့်သတ်ဖို့ကိစ္စနဲ့ပတ်သက်ရင် သမ္မတမှာ ကန့်သတ်နိုင်တဲ့ အာဏာရှိတယ်။ ၁၉၈ဝ ဒုက္ခသည်များနေရာချထားရေးဥပဒေက သူ့ကိုအဲဒီလိုကန့်သတ်လို့ရအောင် ခွင့်ပြုထားတယ်။

ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခသည်တွေကို ဝင်ခွင့်ပြုခဲ့တာတွေရှိခဲ့ပါတယ်။ ၁၉၅ဝ နဲ့ ၆ဝ တစ်ဝိုက်မှာ ကျူးဘားတို့၊ ဟန်ဂေရီတို့၊ အရှေ့ ဥရောပနိုင်ငံတွေက ဒုက္ခသည်တွေကို အများကြီး ဝင်ခွင့်ပြုခဲ့တာရှိတယ်။ ၁၉၇ဝ တစ်ဝိုက်မှာဆိုရင် ဗီယက်နမ်စစ်ပွဲကြောင့် ဒုက္ခရောက်သွားကြတဲ့ ဗီယက်နမ်ပြည်သူတွေ၊ ကမ္ဘောဒီးယားနဲ့ လာအိုကလူတွေကို ကျွန်တော်တို့ နိုင်ငံတွင်းကို ဝင်ခွင့်ပြုခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးလောက်ကစလို့ ကျွန်တော်တို့ ဒုက္ခသည်တွေကို ဝင်ခွင့်ပြုခဲ့တာ။ အဲဒါ သံခင်းတမန်ခင်းဗျူဟာလို့လည်းပြောလို့ရတယ်။

အခုကကြည့်မယ်ဆိုရင် ကမ္ဘာမှာ အကျပ်အတည်းဆိုက်နေတယ်။ ကုလသမဂ္ဂသတ်မှတ်ချက်နဲ့ညီတဲ့ ဒုက္ခသည်အရေအတွက်ဟာ ကမ္ဘာမှာ ၂၁ ဒသမ ၃ သန်းလောက်ရှိနေပြီ။ သူတို့မှာ ပြန်စရာအိမ်ဆိုတာ မရှိဘူး။ သူတို့ဘဝကို ပြန်လည်ပျိုးထောင်ဖို့၊ အခြေချဖို့ နေရာလိုတယ်။ ဂျာမနီ၊ ဥရောပနိုင်ငံတချို့နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကတော့ သူတို့တတ်နိုင်သလောက် ဒုက္ခသည်တွေကို လက်ခံပေးနေတယ်။ အမေရိကမှာတော့ သမ္မတက တစ်နှစ်ဘယ်လောက်ပဲလက်ခံမယ်ဆိုပြီး အရေအတွက်ကို ကန့်သတ်ပစ်လိုက်ပြီ။ (အရင်လို များများစားစား လက်ခံမပေးတော့ဘူး) သမ္မတအိုဘားမား မဆင်းခင်တုန်းက ဒုက္ခသည်အရေအတွက်ကို တစ်နှစ်ကို ၁၁ဝ,ဝဝဝ အထိလက်ခံဖို့ သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ သမ္မတထရမ့်က လျှော့ချလိုက်ပြီ။ (၁၁ဝ,ဝဝဝ ကနေ ၅ဝ,ဝဝဝ အထိ ထက်ဝက်ကျော်လောက် လျှော့ချလိုက်တာပါ) အဲဒါ စိတ်မကောင်းစရာပဲ။

မော်ကွန်း။ ။ ဒုက္ခသည်တွေအနေနဲ့ ဘာများ စိုးရိမ်မကင်းဖြစ်နေကြလဲ။

ဂျက်ဖရီသီးလ်မန်း။ ။ သူတို့ထိတ်လန့်နေကြတယ်။ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့သူတွေ (ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေ)ဟာ စိုးရိမ်ထိတ်လန့်နေကြတယ်။ ဘာလို့လဲဆိုတော့ သမ္မတရဲ့ မူဝါဒတွေနဲ့ ရည်ရွယ်ချက်ကြောင့်ပဲ။ သူတို့မိသားစုတွေနဲ့ ပြန်မဆုံရမှာကို စိုးရိမ်ကြတယ်။ သဘောက မိသားစုဝင်တချို့က ဒီမှာရောက်နှင့်နေကြပြီ။ ဒုက္ခသည်စခန်းမှာ မိသားစုဝင်တချို့တဝက်က ကျန်နေတယ်။ အဲဒီတော့ ဘယ်တော့ ပြန်ဆုံခွင့်ရမလဲဆိုတာက စိုးရိမ်စရာဖြစ်နေတယ်။ တချို့တွေဆိုရင် ဒီမှာ (သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကြောင့်၊ ဝတ်စားဆင်ယင်မှုကြောင့်) ပစ်မှတ်ထားခံနေရတယ်။ အကြမ်းဖက်သမားလို့ အခေါ်ခံနေရတယ်။ ဒါဟာ အန္တရယ်များတယ်။ တရားလည်း မတရားဘူး။ ပြီးတော့ ဒါဟာအမေရိကန်လမ်းစဉ်လည်း မဟုတ်ဘူး။

မော်ကွန်း။ ။ အဆိုးဆုံး ဘာဖြစ်လာမလဲ။

ဂျက်ဖရီသီးလ်မန်း။ ။ အင်မတန်အစွန်းရောက်တဲ့ လူဝင်မှုဥပဒေကို သမ္မတကလက်မှတ်ထိုးမယ်၊ ကွန်ဂရက်က ပြဋ္ဌာန်းလိုက်မယ်ဆိုရင်တော့ ဒါဟာဘေးဒုက္ခပဲ။ အစွန်းရောက်တဲ့ဥပဒေဆိုတာက တရားဝင်အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တိုင်းပြည်ကနေ ထွက်ခွာခိုင်းမယ့်ကိစ္စပဲ။ တကယ်တော့ ဒီတရားဝင်အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်စီးပွားရေးမှာ အရေးပါတယ်။ သူတို့တစ်တွေဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ချင်နေကြတယ်။ သဘောက လူဝင်မှုကို ကန့်သတ်လိုက်ရင် တိုင်းပြည်ကြီးထွားမလာအောင် လုပ်လိုက်တာနဲ့ အတူတူပဲ။ အခုကိုပဲ နယူးအင်္ဂလန်ဒေသမှာ ကျွမ်းကျင်လုပ်သားရော၊ မကျွမ်းကျင်တဲ့လုပ်သားရောလိုနေတယ်။ ဘော်စတွန်မြို့ (မတ်ဆက်ချူးဆက်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး နယူးအင်္ဂလန်ဒေသမှာအကြီးဆုံးမြို့) မြို့လယ်ကို သွားကြည့်ဦး။ စားဖိုမှူးလိုနေတဲ့စားသောက်ဆိုင်တွေ၊ စားပွဲထိုးလိုနေတဲ့ စားသောက်ဆိုင်တွေ တွေ့ရလိမ့်မယ်။ နယူးဟမ်ရှိုင်းယားပြည်နယ်ကိုလည်း သွားကြည့်ဦး။ အဲဒီမှာ စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်သမားတွေ တစ်ချိန်လုံးလိုနေကြတာ။ အဲဒါကြောင့်ရွှေ့ပြောင်းလုပ်သားတွေဝင်လာမယ့်ဟာကို ကန့်သတ်လိုက်ရင် ထိခိုက်ကုန်မယ်ဆိုတာ အဲဒါတွေကို ပြောတာပေါ့။

Emmanuel Gospel Center ရဲ့ ဒါရိုက်တာ မစ္စတာဂရက်ဒတ်ဝယ်လာရဲ့ အမြင်

မော်ကွန်း။ ။ သမ္မတဒေါနယ်ထရမ့်က ဒုက္ခသည်တွေကို လက်ခံတဲ့အခါမှာ မွတ်စလင်တွေထက် ခရစ်ယာန်တွေကိုပဲ ဦးစားပေးမယ်လို့ ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးတယ်။ ဒီအပေါ် ဘယ်လိုမြင်လဲ။

ဂရက်ဒတ်ဝယ်လာ။ ။ ဒုက္ခသည်တွေကို လက်ခံတဲ့နေရာမှာ ဘာသာရေးပေါ်အခြေခံပြီး လက်ခံတာက တစ်ဖက်မှာ မျှော်လင့်မထားတဲ့ ဆိုးကျိုးတွေဖြစ်လာမယ်။ အခု ကျွန်တော်တို့ ကမ္ဘာကြီးက ဘာသာရေးအရတင်းမာမှုတွေ၊ သည်းမခံနိုင်မှုတွေ ဖြစ်နေတဲ့အခြေအနေ ဖြစ်နေတယ်။ အဲဒီအခြေအနေမျိုးမှာ ဘာသာတစ်ခုကို အခြားဘာသာတစ်ခုထက် ဦးစားပေးပြီး ဝင်ခွင့်ပေးလိုက်ရင် အဆိုးရွားဆုံးအခြေနေတွေ ဖြစ်စေနိုင်တယ်။ အဲဒီတော့ (မွတ်စလင်တွေထက် ခရစ်ယာန်တွေကိုပဲ ဦးစားပေးဝင်ခွင့်ပေးလိုက်ရင်) ISIS အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကွက်ထဲကို ဝင်သွားမှာပေါ့။ သဘောက ‘ကြည့်၊ အနောက်နိုင်ငံ(အမေရိက)က တို့ကို မုန်းတယ်။ အမေရိကန်သမ္မတက တို့ကိုမုန်းတယ်။ သူတို့က ခရစ်ယာန်တွေကို မွတ်စလင်တွေထက် ဦးစားပေးနေတယ်’အဲဒီလိုတွေပြောလာလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့မူဝါဒကို သူတို့က သူတို့အကျိုးအတွက် အသုံးချသွားလိမ့်မယ်။ ဒါကြောင့် ခရစ်ယာန်ဒုက္ခသည်တွေကို မွတ်စလင်ဒုက္ခသည်တွေထက် ဦးစားပေးမယ်ဆိုတဲ့မူဝါဒဟာ အကျိုးမရှိဘူးလို့ ပြောရတာပါ။

မော်ကွန်း။ ။ အကြီးမားဆုံးစိုးရိမ်မှုက ဘာဖြစ်မလဲ။

ဂရက်ဒတ်ဝယ်လာ။ ။ ဒုက္ခသည်တွေကို ဘာသာရေးအရကြည့်ပြီးတော့ ခြိမ်းခြောက်သူတွေအဖြစ် ရှုမြင်တဲ့ဟာကို အစိုးရပိုင်းက တွန်းအားပေးနေရင် ငြိမ်းချမ်းမှာမဟုတ်ဘူး။ ဒီကိုလာကြတဲ့သူတွေမှာ မတူကွဲပြားတဲ့ ဘာသာရေးတွေ၊ ယဉ်ကျေးမှုနောက်ခံတွေ ရှိနေကြတယ်။ အဲဒီတော့ အဲဒီရှုမြင်ချက်ဟာအားကောင်းလာရင် အကြီးမားဆုံးသက်ရောက်မှုက နိုင်ငံတွင်းမှာရော၊ တစ်ကမ္ဘာလုံးမှာပါ ပဋိပက္ခဖြစ်လာမှာကိုပဲ။

မော်ကွန်း။ ။ သမ္မတဒေါနယ်ထရမ့်ကို ဘယ်လိုသတင်းစကားမျိုးပါးချင်လဲ။

ဂရက်ဒတ်ဝယ်လာ။ ။ သမ္မတဒေါနယ်ထရမ့်ကို ဒုက္ခသည်စခန်းတွေဆီ သွားလည်စေချင်တယ်။ ဒုက္ခသည်တွေနဲ့ တွေ့စေချင်တယ်။ ပြီးတော့ ဒုက္ခသည်တွေကို နေရာချထားတဲ့နေရာတွေကို သွားလည်စေချင်တယ်။ အဲဒီမှာ ဒုက္ခသည်တွေရဲ့ အသံတွေ၊ ဖြစ်ကြောင်းကုန်စင်တွေကို နားထောင်စေချင်တယ်။

Worcester Refugee Assistance Project ရဲ့ အင်္ဂလိပ်စာသင်ကြားရေးပူးပေါင်းဆောင်ရွက်သူ ကိုင်လ်တင်ဂလေရဲ့ အမြင်

မော်ကွန်း။ ။ မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဘာများစိုးရိမ်မိလဲ။

ကိုင်လ်တင်ဂလေ။ ။ ဒီမှာရောက်နေတဲ့ ဒုက္ခသည်တွေဟာလာတုန်းက ဗီဇာတွေနဲ့လာကြပြီးတော့ Green Card (အမြဲတမ်းနေထိုင်ခွင့်ကတ်)ကိုင်ထားကြတယ်။ နိုင်ငံသားဖြစ်ဖို့အတွက် လေ့လာသင်ယူနေကြတယ်။ အဲဒီအတွက်တော့ မစိုးရိမ်မိဘူး။ စိုးရိမ်တာက နှစ်ခုရှိတယ်။ နိုင်ငံပြင်ပက လာတဲ့သူတွေကို အမေရိကန်အစိုးရနဲ့ ပြည်သူတချို့ရဲ့ သဘောထားပဲ။ ‘ဒီကိုမလာနဲ့။ ကိုယ့်နိုင်ငံကိုယ်ပြန်ဆိုပြီး’လူတချို့ ပြောဆိုနေသံတွေ ကြားရတယ်။ ကျွန်တော်တို့ ဒီဘက်(ဝူစတာမြို့)မှာ ဒုက္ခသည်တွေ အဲဒီလိုတွေ ကြုံဖူးချင်လည်း ကြုံဖူးကြတယ်။

အစိုးရမူဝါဒတွေက ဒုက္ခသည်တွေအပေါ် အမေရိကန်အချို့ မကောင်းမြင်တဲ့ဟာကို တွန်းအားပေးသလိုဖြစ်သွားနိုင်တယ်။ အဲဒါကို စိုးရိမ်မိတယ်။ နောက်ပြီးသမ္မတကနိုင်ငံတွင်း ဝင်ခွင့်ပြုမယ့် ဒုက္ခသည်အရေအတွက်ကို ကန့်သတ်လိုက်တဲ့ကိစ္စ။ အဲဒီလို ကန့်သတ်တာဟာ ဒုက္ခသည်တွေဟာ အန္တရာယ်ရှိတဲ့သူတွေ မို့လို့ အဲဒီလိုအရေအတွက်ကို လျှော့ချလိုက်တာဆိုတဲ့ မှားယွင်းတဲ့ သတင်းစကားမျိုး လူထုဆီကို ပို့လိုက်သလို ဖြစ်သွားတယ်။

နောက်ပြီး ကမ္ဘာကိုလည်း အမေရိကဟာ အရင်လို ဒုက္ခ သည်တွေကို ဂရုမစိုက်တော့ဘူးဆိုတဲ့ သတင်းစကားမျိုး လှမ်းပို့ လိုက်ရာကျသွားတယ်။ ကျွန်တော်တို့နိုင်ငံဟာ ရွှေ့ပြောင်းနေ ထိုင်သူတွေအတွက် လာရောက်အခြေချနိုင်တဲ့နေရာဖြစ်ခဲ့တာပါ။ အဲဒီတော့ ဘာလို့အရင်ကလက်ခံထားတဲ့(အမေရိကဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ကြိုဆိုတယ်ဆိုတဲ့) သဘောထားတွေကို ပြောင်းပစ်ရမှာလဲ။

မြန်မာနိုင်ငံကနေလာတဲ့ ဒုက္ခသည်အရေအတွက်က အခုနှစ်ပိုင်းတွေမှာ လျော့ကျလာနေတယ်။ အဲဒီတော့သမ္မတထရမ့်မူဝါဒကြောင့်ကြီးကြီးမားမားထိခိုက်စရာမရှိပေမယ့် ထိုင်းတို့်၊ မလေးရှားတို့မှာ ဒုက္ခသည်မိသားစုဝင်တွေ ကျန်နေသေးတယ်။ သူတို့တတွေဟာ(ဒီကိုလာခွင့်ရမယ့် ဒုက္ခသည်စာရင်းထဲမှာ မပါနိုင်သေးရင်တော့) ဒီမှာ ရောက်နေပြီးသားမိသားစုဝင်တွေနဲ့ တကွဲတပြားစီ နေကြရဦးမှာပေါ့။    ။

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ အင်တာဗျူး ဖြစ်ပါသည်။

ဉာဏ်လင်း မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."