Home ခရီးသွားဆောင်းပါး အလင်းအမှောင်၊ မီးရောင်စုံနဲ့ အသံပြပွဲ

အလင်းအမှောင်၊ မီးရောင်စုံနဲ့ အသံပြပွဲ

56
0
ဓာတ်ပုံ - ကျော်ရင်မြင့်

နန်းဆောင်ရှေ့က မြက်ခင်းပြင်မှာ ကုလားထိုင် တွေ စီပြီး ခင်းထားတယ်။ နေဝင်ခဲ့တာ နည်းနည်း ကြာပြီမို့ ကောင်းကင်က ခဲသားအရောင် မှောင် စပြုနေပါပြီ။

တဖွဲဖွဲ ရောက်လာတဲ့ ပရိသတ်တွေကတော့ ထိုင်ခုံတွေမှာ အသီးသီး နေရာယူကြပြီ။ ထိုင်နေ တဲ့ ပရိသတ်တွေဟာ စကား ဟောင်ဖွာဟောင်ဖွာ ပြောသူမရှိဘဲ တိတ်ဆိတ်စွာပဲ ပတ်ဝန်းကျင်ကို ခံစားနေကြတာ သတိပြုမိပါတယ်။

မြက်ခင်းပြင်ကို မီးရောင်တွေ လင်းထိန်နေအောင် ထွန်း မထားပါဘူး။ မလှမ်းမကမ်းက နန်းတော်အဆောက်အအုံကြီးကို အဝါရောင်ဆိုဒီယမ်မီးဝါဝါနဲ့ ပတ်ပြီး ထွန်းထားတဲ့ မီးရောင် မှိန်ပျ ပျပဲရှိတယ်။ နန်းတော်အဆောင် အတွင်းခန်းအချို့က မီးထွန်း ထားလို့ လေသာပြတင်းက လျှံထွက်လာတဲ့ မီးရောင်ကို မြင်ရ တယ်။ ကောင်းကင်ထက်မှာတော့ တိမ်ဖြူတစ်စုကြားက လ တစ်ခြမ်းပဲ့လေးက ဝိုးတဝါးအလင်းရောင်ပေးနေတယ်။ ဝိုးတဝါး လရောင်အောက်မှာ နန်းဆောင်ကြီးက ထီးတည်းကြီး ခန့်ထည် စွာရှိနေပါတယ်။ မှောင်ရိပ်မှာ လေကလည်း ငြိမ်နေတော့ သစ် ပင်ကြီးတွေက မည်းမည်းမတ်မတ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

နေရာက အိန္ဒိယနိုင်ငံ၊ မဒရာပရာဒေ့ရှ်ပြည်နယ်က အိုချား မြို့ပါ။
အိုချားကို မြို့လို့သာ ဆိုရတယ်။ တကယ်တော့ ခုအချိန်မှာ ရွာအဆင့်သာ ရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝဝ ခန့် ၁၇ ရာစုတုန်းက တည်ဆောက်ခဲ့တဲ့ ဂျဟန်ဂါ နန်းတော်ဆောင်ကြီး ရှိတာကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ အရောက် အပေါက်များရာ နေရာ ဖြစ်ပါတယ်။

သုံးထပ်နန်းတော်ကြီးကို သဲကျောက်တွေနဲ့ အခိုင်အခံ့ တည်ဆောက်ထားတာပါ။ ခရစ်နှစ် ၁၆ဝ၅ ခုနှစ်ကနေ ၁၆၂၆ ခုနှစ်အထိ ၂၁ နှစ်ကြာ ဘုရင် ဗီဟာဆင်းဒေ့ဗ်က မောင်းဂွတ် ဧကရာဇ် ဂျဟန်ဂါကို နွေးထွေးစွာ ခရီးဦးကြိုဖို့အတွက်ဆောက်လုပ်ခဲ့တယ်။ တွဲရရဲခိုတဲ့ လသာဆောင်တွေ ဆင်ဝင်တွေကို နန်း တော်ကြီးပတ်ပတ်လည်မှာ ထုတ်ထားတယ်။ နန်းတော်လယ်မှာ ကျယ်ပြန့်တဲ့ကွက်လပ်ရှိပြီး ရေကစားတဲ့ ရေကန်ရှိတယ်။

ဒီနန်းတော်ကြီးထဲကို နေ့လယ်ခင်းက ကျွန်တော် တစ်ဝ ကြီး လှည့်လည်လေ့လာကြည့်ရှုခဲ့ပြီးပါပြီ။ နန်းတော်ကြီးက မြစ် ဝါမြစ်ကမ်းနဖူးထက်မှာ တည်ဆောက်ထားပြီး စိမ်းမြတဲ့ သစ်ပင် တောအုပ်က ဝန်းရံထားတာမို့ သာသာယာယာ ရှိပါတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

နန်းဆောင် အရှေ့မျက်နှာစာ ဝရန်တာကနေ ရှုမျှော်ကြည့် လိုက်တဲ့အခါ စိမ်းစိုတဲ့ တောအုပ်တွေ၊ မြူခြေမှိုင်းမှိုင်း ဆိုင်းနေတဲ့ မြင်ကွင်းတွေကို လွမ်းမောဖွယ် တွေ့ရတယ်။

နန်းဆောင်တစ်ခုလုံးကို ပန်းပုရုပ်တွေ၊ ပန်းဖောက်ပန်းဆွဲ အပြောက်အမွှမ်းတွေနဲ့ အနုပညာမြောက်စွာ ဆောက်လုပ်ထား တယ်။ အိုချားမြို့ခံ ဧည့်လမ်းညွှန် ဆန်ဂျေးက လွမ်းမောဖွယ်ရှုခင်း ကို ငေးမောနေတဲ့ ကျွန်တော့်ကို အတွင်းဆောင်တွေ လှည့်ကြည့် ဖို့ ခေါ်တယ်။

နန်းဆောင်တွေက အခန်းခန်း အဆောင်ဆောင်ပါ။ ခန်း ဆောင်ပေါင်း ၁ဝဝ ကျော်ရှိတယ်လို့ ဆိုတယ်။ ပထမဦးဆုံး တွေ့ရ တာက ဘုရင်မင်းမြတ်က ပြည်သူပြည်သားတွေ အခစားဝင်ရင် တွေ့ဆုံရာ အဆောင်တဲ့။ ကျယ်ဝန်းတယ်။ နောက်အဆောင်ကျယ် တစ်ခုကတော့ ညီလာခံဆောင်တဲ့။ ညီလာခံဆောင်ရဲ့ အတွင်းက အဆောင်ကတော့ အဓိကကျတဲ့ မှူးမတ်တွေနဲ့ တွေ့ဆုံဆွေးနွေး ရာ အထူးဆောင်တဲ့။ ဧည့်လမ်းညွှန်က သူတို့ဘုရင်ရဲ့ အခန်းခန်း အဆောင်ဆောင်ကို ခေါ်ဆောင်ရှင်းပြနေပေမယ့် ကျွန်တော်က တော့ တယ်စိတ်မဝင်စားလှပါဘူး။ အဆောက်အအုံကြီးရဲ့ ပန်းဆွဲ တွေ၊ ပန်းပုလက်ရာတွေကိုသာ ကြည့်နေမိတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

”မိဖုရားတွေရဲ့ အိပ်ဆောင်နဲ့ ဧကရာဇ်မင်းကြီးရဲ့ စက် တော်ဆောင်ကို ပြမယ်။ နံရံဆေးရေးပန်းချီတွေလည်း ရှိတယ်”လို့ ဧည့်လမ်းညွှန်က ပြောတော့ ကျွန်တော့်မျက်စိ နည်းနည်း ကျယ်လာတယ်။ စက်တော်ဆောင်တွေက ၁၅ ပေ x ပေ ၃ဝ လောက် ကျယ်ပါတယ်။ မျက်နှာကျက်မှာ ဆေးရေးပန်းချီတွေ ရေးခြယ်ထားတယ်။ ပန်းချီအများစုက ရာမဇာတ်တော်ပုံတွေပါ။

စက်တော်ဆောင်တွေက ထွက်ခွာပြီး အပေါ်ထပ်ကို ကျွန် တော်တက်ခဲ့တယ်။ စင်္ကြံလမ်းတွေကို အုတ်ဆန်ခါပေါက်က နေ ရောင်ခြည်တန်း ကျနေပုံက အင်မတန် ကြည့်လို့ကောင်းတယ်။ တစ်ချိန်ကတော့ ဒီစင်္ကြံလမ်းတွေမှာ မောင်းမမိဿံတွေ သွား လာခဲ့မှာပဲလို့ တွေးမိချိန်မှာ မိန်းကလေးတွေရဲ့ လက်ကောက်သံ၊ ခြေမှာဆွဲတဲ့ ခြူသံလွင်လွင်တွေကို နားထဲမှာ ကြားယောင် လာတယ်။

အနောက်မျက်နှာ အုတ်ဆန်ခါပြတင်းက လှမ်းမျှော်ကြည့် လိုက်တော့ ဝင်လုလု နေမင်းကို တွေ့ရတယ်။ ရာမာယဏစေတီ တော်ထိပ်မှာ တွဲရရဲခိုနေတဲ့ နေလုံးနီနီကြီးက ပန်းချီဆန်လှ ပါတယ်။

ညနေခင်းတုန်းက ကျွန်တော် လျှောက်သွားရင်း ခံစား ကြည့်ရှုခဲ့တဲ့ အုတ်ဇာပြတင်းတွေက ယခုတော့ မှောင်ကြီးမည်း မည်းထဲမှာပါ။ ရာဇဝင်ထဲက မောင်းမမိဿံတွေ ဟိုဟိုဒီဒီ လှုပ် ရှားသွားလာတဲ့ အရိပ်အရောင်ကို မြင်နိုးနိုး၊ သူတို့လက်ကောက် သံ ခြေချင်းဝတ်မှာ ဆင်မြန်းထားတဲ့ ခြူသံလွင်လွင်လေးကို ကြားရနိုးနိုးနဲ့ နန်းတော်ရှေ့က မြက်ခင်းပြင်အမှောင်ရိပ်မှာ အခြားပရိသတ်တွေနဲ့အတူ ကျွန်တော် ထိုင်ရင်း စိတ်ကူးယဉ်နေ မိတယ်။

ဟိုဝေးဝေး ရာမယဏ စေတီဘက်ဆီက ကြေးမောင်းထိုး သံ၊ ဆုတောင်းပတ္ထနာပြုသံသဲ့သဲ့ကို ကြားရတယ်။
အဲဒီအချိန်မှာပဲ နန်းတော်ခန်းဆောင်တွင်းက ထွန်းထား တဲ့ မီးတွေ ငြိမ်းသွားတယ်။ နန်းတော်ဆောင်ကို အပြင်က ပက် ထားတဲ့ ဆိုဒီယမ်မီးလည်း ငြိမ်းသွားတယ်။ မြင်ကွင်းက မှောင် သွားပြီး ကျွန်တော်တို့ ထိုင်နေကြတဲ့ မြက်ခင်းပြင်ရဲ့ ဘယ်ဘက် ထိပ်မှာ ရှိတဲ့ လုံခြုံရေးအစောင့်တဲလို အုတ်တိုက်ကလေးက မီး ရောင်လင်းလာတယ်။ ‘မင်္ဂလာညချမ်း အချိန်ခါပါ ဂုဏ်သရေရှိ လူကြီး မင်းများနဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီးများ ခင်ဗျာ’၊ ‘ Jahangir Mahal Sound and light show’ ဆိုတဲ့ နှုတ် ဆက်စကားသံ ထွက်ပေါ်လာတယ်။ အလင်းအမှောင်၊ မီးရောင်စုံ နဲ့ အသံပြပွဲ စပြီပဲ။

ဓာတ်ပုံ – ကျော်ရင်မြင့်

အလင်းအမှောင်၊ မီးရောင်စုံနဲ့ အသံပြပွဲက ညစဉ်ပြတယ်။ ဝင်ကြေးအဖြစ် အိန္ဒိယနိုင်ငံသား လူကြီး ရူပီး ၁ဝဝ၊ ကလေး ရူပီး ၅ဝ၊ နိုင်ငံခြားသား လူကြီး ရူပီး ၂၅ဝ၊ ကလေး ရူပီး ၁၅ဝ ယူ ပါတယ်။

ပရိသတ်ရဲ့ နောက်ကျောဘက် တောအုပ်ဆီက မြင်းဟီသံ တွေ၊ အုပ်လိုက် ကဆုန်စိုင်းစီးလာတဲ့ မြင်းခွာသံတွေ ကြားရ တယ်။ အသံက ပတ်ပတ်လည် အသံစနစ် (surrounding system) လုပ်ထားတာမို့ ပရိသတ်ရဲ့ နောက်ကျောဘက်ကနေ ညာဘက်က ပတ်၊ နန်းတော်မုခ်ဦးကနေ မြင်းစီးလာသူ လူအုပ်က ပရိသတ်ရှေ့က ဖြတ်ပြီး နန်းတော်ထဲကို ဝင်သွားသလို ကြားရ တယ်။ ဒီအချိန်မှာပဲ နန်းတော်အဆောင်အချို့ မီးတွေ လင်းလာ တယ်။ အိန္ဒိယရိုးရာပလွေနဲ့ ဗုံတီးသံကို ကြားရတယ်။ အစောင့်တဲလို အုတ်တိုက်ကလေးဆီက ဇာတ် ကြောင်းပြောပြသံ ထွက်ပေါ် လာပါတယ်။

”အက္ကဘာဘုရင်မင်းမြတ်က သူ့ကို တော်လှန် ပုန်ကန်သူတွေရှိတဲ့ အိုချားကို သိမ်းပိုက်ဖို့ သူ့သား တော်တွေက စေလွှတ် လိုက်ပါတယ်”

ဇာတ်ကြောင်းပြောသူရဲ့ အသံကြားရာ အစောင့်အုတ်တိုက်က မီးရောင်မှိတ်သွားပြီး ပရိ သတ်ရဲ့ နောက်ကျောဘက်ဆီမှာ မြင်းဟီသံ၊ ဓားဓား ချင်းခုတ်သံ တချွင်ချွင်၊ လူတွေ ဟစ်အော်သံ၊ တိုက် ခိုက်သံတွေ၊ အဝေးကို ပြန်ဆုတ်ပြေးသံတွေ ကြား ရတယ်။

ဇာတ်ကြောင်းပြောသူရဲ့ အုတ်တိုက်က မီး ရောင်ပြန်လင်းလာပြီး အသံလည်း ပြန်ကြားရတယ်။
”သားတော် ဂျဟန်ဂါက စစ်သည် ၁၂,ဝဝဝ နဲ့အတူ ရောက်ရှိလာပြီးနောက် ပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆင်နွှဲပြီး အို ချားဘုရင်ဗီဟာ ဆင်းဒေ့ဗ်ကို နှိမ်နင်းအောင်မြင်တယ်။ ဘုရင် ဗီ ဟာ ဆင်းဒေ့ဗ်က အက္ကဘာဘုရင်နဲ့ ထာဝရမဟာမိတ်ပြုဖို့ အက္ကဘာဘုရင်ရဲ့ လက်အောက်ခံအဖြစ် နေထိုင်ဖို့ သဘောတူ လိုက်တယ်”

ဓာတ်ပုံ – ကျော်ရင်မြင့်

နန်းတော်အဆောင်တွင်းက ဗုံသံ၊ တီးမှုတ်သံ၊ တေးသီချင်း ဆိုသံတွေ ထွက်ပေါ်လာတယ်။
ဇာတ်ကြောင်းပြောလိုက်၊ မင်း၊ မိဖုရား၊ မှူးမတ်မောင်းမ တွေ အပြန်အလှန် ပြောဆိုတဲ့အသံ၊ သရုပ်ဆောင်သံတွေ၊ တီး မှုတ်သံ၊ တေးသီချင်းသီဆိုသံတွေ ကြားလိုက်နဲ့ စိတ်ဝင်စားစရာ အသံစုံကို ကြားရသလို နန်းတော်ဆောင်ကြီးရဲ့ အခန်းခန်း အဆောင်ဆောင်တွေက ဟိုက လင်းလာလိုက်၊ ဒီက လင်းလာ လိုက်၊ အဝါ၊ အစိမ်း၊ အနီ၊ အပြာ လှပတဲ့ မီးရောင်တွေကို အံ့မခန်း စိတ်ဝင်စားစရာ မြင်တွေ့လိုက်ရနဲ့ ဖြစ်နေပါတယ်။

အိုချားနန်းတော်ရှေ့ မြက်ခင်းပြင်က အလင်းအမှောင်၊ မီး ရောင်စုံနဲ့ အသံပြပွဲကို ခံစားကြည့်ရှုရင်း ကျွန်တော်ရဲ့ စိတ်အာရုံ က မြန်မာနိုင်ငံက သမိုင်းရှိရာ အရပ်ဒေသက နေရာတွေကို ပြန့် လွင့်နေပါတယ်။ နိုင်ငံခြားဧည့်သည်တွေ အရောက်အပေါက်များ ပြီး စိတ်ဝင်တစားရှိကြတဲ့ သီပေါဟော်နန်းမှာ ဒီလိုပြပွဲမျိုးလုပ်ဖို့ ကျွန်တော် စိတ်ကူးနေမိပါတယ်။ နားထဲမှာ သီပေါမဟာဒေဝီရဲ့ ဇာတ်ကြောင်းပြန်ပြောပြတဲ့ မူရင်းအသံကို ကြားယောင်နေ ပါတယ်။

မန္တလေးမြို့ နန်းတွင်းမှာ၊ ပဲခူးမှာ၊ ပုဂံမှာ ကျွန်တော်တို့ လုပ် မယ်ဆိုရင် လုပ်နိုင်တာတွေကို တွေးနေမိပါတယ်။ နိုင်ငံခြားသား တွေဆီက ဒေါ်လာတွေ ချူချဖို့ထက် ကျွန်တော်တို့သမိုင်းကို အဆင့်ရှိရှိ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြချင်နေပါတယ်။ ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ကျော်ရင်မြင့် ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here